ငါးမျောက်ကြီး

သူ့နာမည်မျောက်ကြီးပါ ဓါတ်သိတွေကတော့ငါးမျောက်ကြီးလို့ပဲခေါ်ကြပါတယ် (ငါးအလွန်ဖဲ့သည်ဆိုကိုး) ပိန်ပိန်ရှည်ရှည်အသားမဲမဲ အမြဲတမ်းမှေးစင်းနေတဲ့မျက်လုံးတွေနဲ့ စကားပြောရင်တော့အလွန်ချိုတယ် ပြီးမှနောက်ကျောဓါးနဲ့ထိုးဆိုတဲ့လူစား ပဲခူးကပါ သူဒီရောက်စဘဝ ဘယ်လိုနေမယ်ကျွန်တော်မသိပေမယ့် ကျွန်တော်ဒီရောက်တော့သူတော်တော်လေးအရောင်တောက်နေပါပြီ အရောင်တောက်ရအောင်ဘာအလုပ်လုပ်သလဲဆိုရင် ဘာအလုပ်မှမလုပ်ပါ အင်း...ငိုသားရယ်သားစားတဲ့စာရင်းထဲ ရှေ့နေတွေအပြင် ပွဲစားတွေကိုပါထည့်မယ်ဆိုရင် ဟုတ်ကဲ့...မျောက်ကြီးငိုသားရယ်သားစားတဲ့အလုပ်လုပ်ပါတယ်။ နိုင်ငံခြားလောကထဲရောက်လာတဲ့လူတော်တော်များများဟာ ရောက်စဆိုရင်မျက်စိသူငယ်နားသူငယ်နဲ့ပွဲစားကိုအထင်ကြီးအားကိုးတတ်ကြပါတယ် ဒါကိုပဲသူတို့ကအခွင့်ကောင်းယူပါတယ် အားလုံးသောပွဲစားကိုမဆိုလိုပေမယ့် အားလုံးသောပွဲစားကိုပဲဆိုလိုလိုက်ပါတယ်“ဒီတွင်းထဲကဒီချီး.. ဒီပုတ်ထဲက ဒီပဲတွေပါပဲ”

ဒါကိုပဲသူတို့ကအရှက်မရှိ “ပွဲစားအလုပ်ဟာဘယ်လောက်ခက်ခဲကြောင်း အပင်ပန်းခံ စေတနာထားရကြောင်း စိတ်ရှည်ရကြောင်း အန္တရာယ်များကြောင်း ရင်းရကြောင်း(ဘာကိုရင်းသလဲမသိ? အနာရင်းတာဖြစ်မည်) အကျိုးအမြတ်မရှိကြောင်း စသည်စသည်ဖြင့်ပွဲစားအလုပ်ကိုတကယ့်ပါရမီဓာတ်ခံကောင်းမှလုပ်စားလို့ရတော့မယ့်ပုံ ၊ တကယ်တော့ဘဝပေးစုတ်လို့သာသူများနိုင်ငံမှာ သူများမလုပ်နိုင်တဲ့အလုပ်မျိုးကိုသူများမယူနိုင်တဲ့လစာပေါပေါနဲ့လာလုပ်နေကြရတာ မိတစ်ကွဲ ဖတစ်ကွဲနဲ့ ဘယ်သူမှမပျော်ဘူး(တချို့စုန်းပြူးတွေကလွဲရင်) ဒီကြားထဲဒီလိုပွဲစားတွေကတမှောက် အဲလိုအဲလို..ကောင်းသတင်းတွေသင်းတဲ့ပွဲစားတွေထဲကမှကျွန်တော်သိတဲ့ပွဲစားမျောက်ကြီးအကြောင်းပြောချင်ပါတယ်....
အဲဒီနေ့က ကျွန်တော်နဲ့သူငယ်ချင်းကိုဦးနှစ်ယောက်သားအလုပ်စောစောပြီးလို့ နားနေကြတယ် ညနေခုနှစ်နာရီရှိပါပြီ အဲဒီချိန်မှာမျောက်ကြီးဆိုတဲ့ကောင် ဆိုင်ကယ်စီးပြီးရောက်လာတယ် ဆိုင်ကယ်ပေါ်မှာကောင်မလေးတစ်ယောက်ပါတယ် “ဟေ့ရောင် တချက်ထားခဲ့မယ်ကွာ ခဏနေပြန်လာမယ်” လို့ကျွန်တော့်ကိုအော်ပြောပြီးကောင်မလေးကိုထားခဲ့တယ် ကိုယ့်လူကဆိုင်ကယ်နဲ့ပြန်ထွက်သွားတယ် ကောင်မလေးကြည့်ရတာ အဝတ်အစားတွေကအရောင်လွင့်လွင့် ဆံပင်တွေကအရောင်လွင့်လွင့် မျက်လုံးတွေကလည်းလွင့်လွင့် ဘဝကလည်းဒီလိုပဲလွင့်နေရှာမှာပဲ ကုလားဆင်ရုပ်လေးနဲ့ပါ အရောင်နည်းနည်းမှိန်တာကလွဲရင် ကောင်မလေးချောပါတယ် “လာ..ဒီမှာလာထိုင်” ကျွန်တော်ကအထဲဝင်ဖို့ခေါ်ပြီးအပြင်တံခါးကိုပိတ်ချလိုက်ပါတယ် ဒီတံခါးကအမြဲပိတ်နေကျပါ လူဝင်လူထွက်ချိန်၊စက်ရုံပစ္စည်းအတင်အချလုပ်ချိန်လောက်ပဲဖွင့်ပါတယ် အဲလိုကျွန်တော်ကအပြင်တံခါးကိုပိတ်ချလိုက်တော့ကောင်မလေးတော်တော်လေးလန့်သွားပါတယ် မဝံ့မရဲလေးဝင်ထိုင်ပြီးကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းကိုတလှည့်စီကြည့်ပြီးမသိမသာလေးတုန်နေပါတယ် သူငယ်ချင်းကိုဦးရဲ့အနေအထားကိုကြည့်ပါ အသားမဲမဲ ပိန်ပိန် အရပ်အလွန်ရှည်အပေါ်ပိုင်းဗလာကျင်း ရှေ့သွားနှစ်ချောင်းကမရှိ ရယ်လိုက်တိုင်းအခွက်ကအလွန်ကျက်သရေတုံး၏ (သို့သော် ခဏခဏရယ်၏) ကျွန်တော့်အနေအထားကိုလည်းကြည့်ပါ ကျွန်တော်လား? ကျွန်တော်ကားပြောစရာမရှိ ကိုယ့်ကိုကိုယ်ထိုသို့ပင်ထင်၏(ဤကား စကားချပ်)။
ဒါပေမယ့်ကောင်မလေးအားမငယ်ရအောင် ကျွန်တော်တို့ကကိုယ့်ကိုကိုယ်မိတ်ဆက်ပြီးစကားစပြောပါတယ် ကျွန်တော့်သူငယ်ချင်းကလည်းပါးစပ်ကလေသံတွေတဟူးဟူးထွက်သလောက် အပြောကလည်းအလွန်ကောင်းသူပါ(ရှေ့ shellနှစ်ချောင်းပြုတ်ထားလို့ပါးစပ်ကလေသံထွက်နေတာပါ) ဒီလိုနဲ့မကြာပါဘူး ကျွန်တော်တို့နဲ့စကားပြောရတာ ကောင်မလေးပျော်လာတယ် ရယ်ရယ်မောမောရှိလာတယ် နဂိုကညှိုးငယ်နေတဲ့အသွင်အပြင်တွေပျောက်ကုန်တယ် ကောင်မလေးကရန်ကုန်ကပါ မိသားစုထဲမှာအကြီးဆုံးဆိုပဲ မိသားစုရဲ့စားဝတ်နေရေးအတွက်မိန်းကလေးတန်မဲ့အခုလိုစွန့်စားပြီးအောက်လမ်းကနေခိုးဝင်လာရတာ ကံဆိုးချင်တော့ ဒီထဲရောက်လာမှရဲဖမ်းခံထိတယ် “အဲဒါကိုဟိုအစ်ကို(ငါးမျောက်ကြီး)ကကယ်လိုက်လို့သာပေါ့ သူကရဲလက်ကနေညီမကိုခေါ်လာတာလေအဲဒါဘုရားမတာပဲ သူကယ်ပေလို့သာပေါ့ သူတော်ကောင်းကြီးပါတော် ရဲကိုလည်းပိုင်လိုက်တာများ စကားကလည်းမွှတ်ထွှတ်နေတာပဲပြောလိုက်တာ” ....သြော်..ကောင်မလေးသကောင့်သားကိုအထင်ကြီးနေရှာမှာပေါ့ သူမျက်စိရှေ့မှာပဲ heroကြီးဖြစ်နေတာကိုး တကယ်တော့ဒီကောင်ကြီးကရဲတွေနဲ့လည်းဝေစားမျှစားလုပ်တာပဲ ဒါကိုကောင်မလေးမသိပါ သိအောင်လည်းပြောမနေတော့ပါ ပြောလည်းပဲဘာမှထူးလာမှာမဟုတ်တော့ပါ ခဏနေကြာတော့ကောင်မလေးက ဆိုင်းမဆင့်ဗုံမဆင့်နဲ့ “အစ်ကိုတို့ဗိုက်မဆာဘူးလား”တဲ့
အမ်??....ကျွန်တော်တို့ဘာပြန်ပြောရမယ်မှန်းမသိပါ...ကောင်မလေးကတဟဲဟဲရယ်ပြီး “ခင်ကြပြီဆိုတော့လည်း အမှတ်တရအနေနဲ့တခုခုကျွေးသွားချင်လို့ဆိုပြီးသူ့ဘောင်းဘီရှည်အိတ်ထဲကကျွတ်ကျွတ်အိတ်နဲ့လုံးထည့်ထားတဲ့
ကိတ်မုန့်လေးတစ်လုံးထွက်လာတယ် ပြီးတော့တဝက်ခွဲပြီးကျွန်တော်တို့နှစ်ယောက်ကိုကျွေးတယ် ကျွန်တော်တော်တော်စိတ်ညစ်သွားတယ် မစားဘူးငြင်းလည်းမရ သူငယ်ချင်းကိုကြည့်လိုက်တော့ အခွက်ကြီးရှုံ့မဲ့ပြီးဝါးနေလေရဲ့ ကျွန်တော့်လက်ထဲကပေါင်မုန့်ကတော့ဒီအတိုင်း “မင်းစေတနာကိုငါလေးစားပါတယ် ကောင်မလေးရေ ..ဒါပေမယ့်ငါမစားချင်ဘူးကွယ်”
တအောင့်လောက်ကြာတော့ မျောက်ကြီးပြန်ရောက်လာတယ် “ကဲအစ်ကိုတို့ရေ ပြန်လိုက်ဦးမယ် နောက်မှပြန်ဆုံကြတာပေါ့” ကောင်မလေးက ကျွန်တော်တို့ကိုနှုတ်ဆက်ပြီးဆိုင်ကယ်နောက်ပြန်ပါသွားတယ် မျောက်ကြီးဘာကောင်လည်းကျွန်တော်သိတယ် ကျွန်တော်တကယ်စိတ်မကောင်းပါ ဘာမှလည်းမတတ်နိုင်ပါ ငေးကြည့်ရုံပဲတတ်နိုင်ပါသည်။ အဖြစ်အပျက်တွေကသိပ်မြန်တယ်...နောက်တနေ့မနက်ရောက်တော့မျောက်ကြီးဆိုင်ကယ်နဲ့ပြန်ပေါက်ချလာတယ် သူ့နောက်ကကောင်မလေးကသူ့ခါးကိုဖက်ပြီးခါတိုင်းထက်တောင်ပျော်လို့မြူးလို့ ကျွန်တော့်သူငယ်ချင်းကိုတောင်လှမ်းပြီးစလိုက်သေးတယ် မျောက်ကြီးမသာကောင်ကိုလက်နဲ့ပုတ်ပြပြီး “သူထောင်ကျသွားပြီ”တဲ့
ဟ ဘာလဲဟ? ကျွန်တော်တောင်ရွာလည်သွားတယ် ဘာကိုပြောတာလဲ? နောက်မှပြန်တွေးယူရတယ် အော် ဒင်းကထောင်ကျသွားပြီကိုး အင်း....ထောင်ကျသွားတယ်ပဲပေါ့ ။ နောက်တရက်ပြီးနောက်တရက်ရောက်တော့ဆိုင်ကယ်ပေါ်မှာ ကောင်မလေးပါမလာတော့ပါ မေးကြည့်တော့ငနဲကဘာမှမပြောပါ နောက်မှသိရတာက ရဲလက်ထဲပြန်အပ်လိုက်တယ်ဆိုပဲ တော်တော်ယုတ်ပက်တဲ့ကောင် အမျိုးကိုကန်းရော အဲလိုပဲ မြန်မာမလေးတွေကိုအလုပ်ရှာပေးမယ် ဘာညာသာရကာတွေနဲ့မက်လုံးတွေပေး တဖက်သားယုံအောင်လျှောက်ပြော ပြီးတော့နှမချင်းမစာနာ ခွေးဇာတ်ခင်းတော့တာပဲ ကျွန်တော်သိရသလောက်ဆိုသူ့ကြောင့်ဘဝပျက်သွားရရှာတဲ့မြန်မာမလေးတွေမနည်းတော့ပါ ယောင်္ကျားလေးတွေဆိုရင်လည်း...အလုပ်ကောင်းတယ် OTခိုင်တယ်နဲ့လျှောက်ပြော ပွဲစားခအတင်းယူ ပြီးးတော့ပေါက်တတ်ကရအလုပ်တွေလျှောက်သွင်း မလုပ်ချင်တော့လို့ပြန်လာရင် ပွဲစားခရှုံး လုပ်အားခလည်းဆုံး ဒီလိုနဲ့ပဲလူတွေကိုလျှောက်ပတ်ပေါက်ဆံလျှောက်ယူနောက်ကျတော့သူနဲ့ဘာမှမဆိုင်တော့သလိုနဲ့ ဒီမှာကရဲနဲ့နားလည်မှုတွေလုပ်ပြီး တစ်လကိုတစ်ယောက်ဘယ်လောက်နှုန်းနဲ့လစဉ်ကြေးပေးဆောင်ရတာရှိတယ် သူပဲနည်းနည်းပေါက်ပေါက်မြောက်မြောက်ရှိတော့ သူ့ကိုပဲအပ်ကြရတယ် အဲဒါကိုသူတောင်းစားက ရဲလက်မအပ်ဘဲငါးတွေချည်းသောက်ပစ်လို့ ကြားကမအူမလည်တွေ ရဲနဲ့တိုးတော့ဒုက္ခရောက်ကုန်ရော မကြာဘူး ပြဿနာတက်တယ် သူ့ဒဏ်ခံရတာကြာတော့ ပေါက်ကွဲကုန်ကြတယ် သတ်မယ်ဖြတ်မယ်တွေဖြစ်ကုန်ရော အဲဒါနဲ့ဒီမှာမနေရဲတော့ဘဲ မြန်မာပြည်ကိုအပြီးပြန်သွားတော့တယ် ဒီမြေမှာမိစ္ဆာတစ်ကောင်လျှော့သွားလို့တော့နတ်လူသာဓုခေါ်ကြမှာပါ ခုလောက်ဆိုမြန်မာပြည်ရဲ့တစ်ထောင့်တနေရာမှာ ငါးမျောက်ကြီးတစ်ကောင်ချီးအပေကြီးပေနေရှာရော့မယ် ကွယ် ။ ။ အမည်နာမလွဲပြောင်းရေးသားထားသည် မဟာအရှက်တော်ကွဲတော်မူမှာစိုး၍ဖြစ်သည်

2 comments:

maylay said...

ကိုသားကြီး ဒီပိုစ့်က အရင်ဆုံးရေးတာလား ။ ဒါ မြေခြားရောက်စ ပေါ့နော်။ ဒီမလဲ အဲလို ကယ်ရီတွေ ပေါပ့ါ။ လတ်လျား ဖြတ်စားတွေ။ ခုတော့ လူကုန်ကူးမှုတွေ တားဆီးရေး လုပ်နေတယ်ဆိုလား။ ဘာပဲလုပ်လုပ် အဲလိုလူတွေတော့ ရှိနေသေးတာပဲ ကိုသားကြီးရေ။ ဟာသပဲ ရေးခဲ့တယ်ထင်တာ ။ဒီလိုလေးလည်း ရေးတတ်တာပဲကိုး။ ရွှေတွေ ဘယ်တော့များမှ အလင်းရောင်နဲ့ ငြိမ်းချမ်းရေး ရမလဲ။ လူချင်းစာနာမှုတွေ ကိန်းအောင်းမလဲနော်။

linn said...

"ကျွန်တော်ကအထဲဝင်ဖို့ခေါ်ပြီးအပြင်တံခါးကိုပိတ်ချလိုက်ပါတယ် " အဲဒါဖတ်ပြီး လင်းက ဟာသမင်းသားကြီး ဗီလိန်များလုပ်တော့မှာလားလို့ တထိတ်ထိတ်နဲ့ ဆက်ဖတ်ကြည့်တာ တော်သေးတာပေါ့ ..ဟာသမင်းသားက ဟာသမင်းသား ၊ဗီလိန်က ငါးမြောက်ကြီး ဖြစ်နေလို့ .. (စတာနော်)

 
©2009 ♬သားကြီး♪ | by TNB