လမ်းပျောက်သူများ...


အစကတော့ သူ့အနေအထားက အဲလောက်ကြီးမစုတ်သေးပါ ၊ ကျွန်တော်လည်း ခုလောက်မစုတ်သေးပါ..
မိမွေးတိုင်း ဖမွေးတိုင်းမဟုတ်တော့သည့်တိုင် ဘဝက တစ်ဝက်တစ်ပျက်တော့အကောင်းအတိုင်းကျန်နေသေးသည်။
အချိန်တန်ရင် ပါးစပ်က “တအေ့အေ့”လေသံထွက်တာတွေ၊ အတောမသတ်ဘဲ “တဟွပ်ဟွပ်” ဆိုးတတ်တဲ့ချောင်းတွေက
ကိုယ့်ဘာသာကိုယ် အတတ်စူးပြီး အပိုယူထားသည့် ဒုက္ခများသာဖြစ်သည်။ ခုတော့လည်းဘဝက ပိုးစိုးပက်စက်ကို
စုတ်ပြတ်သတ်နေပြီဖြစ်သည်၊ သူဆိုရင်အစုတ်လွန်ပြီး တမလွန်ကိုပင်မြန်းသွားရှာပြီဖြစ်သည်။
ဘယ်ကဖတ်ထားမှန်းမသိသည့် သူအမြဲရွတ်တတ်သည့် ကဗျာလိုလို စာလိုလို စာသားအချို့ကိုအမှတ်ရမိသည်..
ငါ့နိုင်ငံမှာပေါက်တဲ့ သစ်မြစ်တွေကအစ ငါချစ်တယ်၊ အကြိမ်တစ်ထောင်မွေးလည်း ငါ့နိုင်ငံမှာပဲငါမွေးချင်တယ်…
အကြိမ်တစ်ထောင်သေလည်း ငါ့နိုင်ငံမှာပဲငါသေချင်တယ် တဲ့။
တကယ်တော့.. သူချစ်တဲ့သူ့နိုင်ငံမှာ သူလူလုပ်ခွင့်မရခဲ့ပါ ၊ လူလုပ်လို့မရ၍ဖြစ်သည်။ လူလုပ်မယ်ကြံတိုင်း...
လူးဖြစ်လိုက် လုဖြစ်လိုက်နဲ့ ဘဝကလှိမ့်နေသည် တကယ်တော့ဒီကိစ္စဟာ အဆန်းတကြယ်တော့မဟုတ်ပါ....
သူချစ်တဲ့ သူ့နိုင်ငံဟာ လူထွက်အလွန်နည်းပြီး လုတွေ လူးတွေအထွက်များသောနိုင်ငံသာဖြစ်သည် ဆိုတာသူသိခဲ့ဖို့ကောင်းသည်..။
….ဘယ်သူ့ကိုမှတော့အပြစ်တင်မယ်မကြံလေနဲ့ မကျေနပ်ရင် ကိုယ့်တွင်းကိုယ်တူး ကိုယ့်ဘဝကို ကိုယ်ကျိန်ဆဲပြီး မြေကြီးထဲဝင် သတ်သေလိုက်ကြ၊ ဒါပဲဖြစ်သည်။
…ဒီလိုနဲ့ ဘုရားပေးတဲ့အသက်ကို မဖိတ်မစင်ရအောင် တတ်သလောက်မှတ်သလောက် အစွမ်းအစလေးနဲ့ ကြိုးစားကျားကန်ရင်း လိမ်ဖယ်လိမ်ဖယ်နဲ့ လူလုပ်လာလိုက်တာ နှစ်ပေါင်း(၃၀) ကျော်သွားတော့သည်..
ငတ်ပြတ်မှုအပေါင်း သရဖူလည်း ဆောင်းဖူးသွားတော့သည် သည်းမခံနိုင်တော့တဲ့အဆုံး ဒီနိုင်ငံကိုအလုပ်လုပ်ဖို့ သူရောက်လာရတော့သည်။
ပြောစရာတစ်ခုကျန်ခဲ့သည်.... အဲဒါကတော့ ကံဆိုးမိုးမှောင်ကျပြီးသူရည်းစားတစ်ယောက်ရခဲ့ခြင်း ကံဆိုးမိုးမှောင်ကျပြီး
ထိုရည်းစားနှင့်လက်ထပ်ဖြစ်ခဲ့ခြင်း၊ ကံဆိုးမိုးမှောင်ကျပြီး သားလေးတစ်ယောက်ရခဲ့ခြင်း ၊ ကံဆိုးမိုးမှောင်ကျပြီးသူတို့အားလုံး
ထိုနိုင်ငံတွင် ကျန်နေရစ်ခြင်းတို့ဖြစ်သည်။

ဘုံဆိုင်မှာ ရူးကြောင်မူးကြောင်မျက်လုံးနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့သူဋ္ဌေးတွေအားလုံးရဲ့နာမည်ကို တခုချင်းထုတ်ရွတ်ပြီး အသံပြဲကြီးနဲ့ အော်အော်ဆဲနေသူကိုသတိထားမိသည်။ သူနဲ့စတွေ့ချင်းအစဖြစ်သည် မြေမညီရေနဲ့ညှိ လူမညီအရက်နဲ့ညှိ
သူတော်ချင်းချင်းသီတင်းလွေ့လွေ့ဆိုတာဒီလိုနေရာမျိုးမှာပိုမှန်သလိုပဲ စတွေ့ချင်းအစကနေ စသောက်ခြင်းအစဖြစ်သွားသည်
သိပ်တော့မကြာလိုက်ပါဘူး သူ့ပါးစပ်ကရော ကျွန်တော့်ပါးစပ်ကပါ ဝူးဝါးအသံတွေနာရီဝက်လောက်ထွက်ပြီး နှစ်ယောက်စလုံး မှောက်သွားသည် (ဘဝကလိုတာထက်ကိုပိုခါးတယ်ကွယ် တခါတလေတော့လည်းဒါတွေကလိုအပ်တယ်)
အဲဒီကစပြီး အခင်ကြီး ခင်သွားကြတော့သည် ဆိုခဲ့သလိုပဲ အစက အကောင်းကြီးပါ သိပ်မစုတ်သေးပါ သူအလုပ်ကြိုးစားသည် အချိန်မှန်သည် မခိုမကပ်တတ် ဆိုရရင်…
သူဋ္ဌေးတွေကြိုက်သည်ပေါ့ ဝင်ငွေလည်းကောင်းပါတယ်ပေါ့ သူများနိုင်ငံရောက်မှ ကိုယ့်နိုင်ငံမှာတုန်းက တာဝန်မကျေ ပြွန်
တာဝန်လစ်ဟင်းခဲ့ရတဲ့ အိမ်ထောင်ဦးစီးရဲ့အလုပ်ကိုသူ ပြန်ပြီးတာဝန်ဖြည့်ဆည်းနိုင်ခဲ့သည် အချိန်မှန်အိမ်ကိုပိုက်ဆံပို့နိုင်လို့လေ
သူပိုက်ဆံသွားလွှဲပြီးပြန်ရောက်လာတိုင်း အပျော်ကြီးပျော်နေလေ့ရှိသည် သားနဲ့ဖုန်းပြောရကြောင်း သားကကျောင်းတက်နေကြောင်း စကားလည်းအလွန်တတ်ကြောင်း အမြဲပြောတတ်သည်။ ကဲ …မင်းမိန်းကရောလို့မေးလိုက်ရင်...အို သိပ်ရှိ သူနဲ့အကြာကြီးပြောတာပေါ့ ငါ့ကိုလွမ်းလွန်းလို့တဲ့ကွာ ဖုန်းထဲမှာငိုလိုက်တာ တကျည်ကျည်ပဲ တတ်နိုင်ဘူး အိမ်ရှင်မကြီးရေ ခုချိန်မှာတော့ဝေးနေရဦးမှာပဲ ပြန်လာမှအတိုးချချစ်တော့မယ်လို့မှာလိုက်ပါကြောင်းကအစ မယားအကြောင်းကိုမပြီးနိုင်မစီးနိုင် ပြောတော့သည်
ပျားအုံကိုတုတ်နဲ့ထိုးတာကမှတော်ဦးမယ် သူ့ပါးစပ်ထဲကို မယားဆိုတဲ့စကားတစ်လုံးပစ်ထည့်လိုက်လို့ကတော့ အဲဒီမှာ မယား မယား မယား ဆိုတဲ့စကားလုံးတွေ သူ့ပါးစပ်ကနေမကုန်နိုင်မခန်းနိုင် ဒလဟော ထွက်ကျလာပါလိမ့်မယ်...
အကြောင်းသိတွေကတော့ရှောင်သည် အကြောင်းမသိတသိကျွန်တော်ကလည်းရှောင်သည် ရှောင်နေပါလျှက်တိုးလာရင်လည်း “အော်….ငါ့ဝဋ္ဋ်ကြွေးပါပဲလား”လို့သဘောထားပြီး အစအဆုံးနားထောင်ပေးလိုက်သည်
အများအားဖြင့်သူပြောတတ်တာတွေက သူမိန်းမရကံကောင်းကြောင်း ပါရမီဖြည့်ဘက်ပီသကြောင်း သူ့ကိုအလွန်ချစ်ကြောင်း သူများနိုင်ငံမှာအလုပ်လာလုပ်တာတောင်မိန်းမကခွင့်ပြုချင်တာမဟုတ်ကြောင်း မတတ်သာ၍ဖြစ်ကြောင်း.....
လေယာဉ်ကွင်းဆင်းမယ့်နေ့ကပေါ့ ငါအတင်းခေါ်တာကို မလိုက်ဘူး ဘယ်လိုခေါ်ခေါ်မလိုက်ဘူး ငါစိတ်ညစ်ညစ်နဲ့ဘာဖြစ်တာလဲမေးတော့ မိန်းမက မျက်ရည်အဝိုင်းသားနဲ့ မောင့်ကို လိုက်မပို့နိုင်ဘူး မေ့ရင်ခွင်ထဲကနေမောင့်ကို ဟိုးအဝေးကြီး သယ်ဆောင်သွားမယ့် အဲဒီလေယာဉ်ပျံကိုမမြင်ချင်ဘူး မုန်းတယ်… စိတ်မထိန်းနိုင်ရင် ခဲနဲ့ပေါက်မိလိမ့်မယ်လေယာဉ်ကို...တဲ့) အောင်မယ်လေးဗျာ... အဲလောက်တောင်ချစ်ရသလား? နည်းနည်းလောက်လျှော့လို့မဖြစ်ဘူးလား? ကျွန်တော်က စ တော့ သူကရယ်သည် အဲဒီတုန်းကသူ့အရယ်ကအရောင်တွေတောက်လို့မျှော်လင့်ချက်တွေနဲ့ပြည့်လျှမ်းလို့ ဘာရယ်မဟုတ် ကျွန်တော်က အိပ်ချင်စိတ်လည်းမရှိသေး သူလည်းစိတ်ချမ်းသာပါစေဆိုပြီးသူပြောသမျှကို အစအဆုံးလိုက်နားထောင်ပေးနေခြင်းဖြစ်သည်။
သူ့ရင်ထဲကအပျော်တွေ ပီတိတွေဟာ ကျွန်တော့်ကိုသာမက အဲဒီညကောင်းကင်ကိုပါကူးစက်သွားသည်...
ဟုတ်သည် အဲဒီည ကြယ်ကြွေတော်တော်များများကိုမြင်လိုက်မိသည်ထင်သည်...အားလုံးတောင်းဆုပြည့်မယ့်ကြယ်တွေဖြစ်သည်
သို့သော် ကျွန်တော်ဘာမှဆုမတောင်းဖြစ်ခဲ့ ကျွန်တော့်ဘဝသည် စတင်ကတည်းကဆုတောင်းကန်းခဲ့သည့်ဘဝ.....
ဆုတောင်းခြင်းအလုပ်ကိုကျွန်တော်မလုပ်ခဲ့တာကြာပြီ ဆုတောင်းကိုအယုံအကြည်မဲ့ခဲ့တာကြာပြီ ဆုတောင်းနဲ့ကျွန်တော် အခေါ်အပြောမလုပ်ခဲ့တာကြာပြီ...။
ဘာပဲဖြစ်ဖြစ်ပေါ့လေ....သိမှီသလောက်ကိုယ့်အနေအထားကိုယ်ပြန်ရှာကြည့်တော့မြှုပ်လုမြှုပ်ခင်ဖြစ်နေတာတွေ့ရတဲ့အချိန်မှာ
သူ့ကို လက်လက် လက်လက်နဲ့တွေ့ရတော့ ဝမ်းသာမိသည် ။

သို့သော် ကြာရှည်မခံခဲ့..... အရောင်လက်လက်သူ့ဘဝကို “ပလုံ”ကနဲအသံမြည်သွားစေမည့် သတင်းဆိုးကြီးတစ်ခုသည်
ကြည်လင်သည့်နံနက်ခင်းထဲ ဝရုန်းသုန်းကားဝင်ရောက်လာခဲ့သည် ထိုသတင်းစကားကို သူ့အပေါင်းအသင်းများမယုံနိုင်ကြ
ကျွန်တော်လည်းမယုံနိုင် သူဆိုရင်ပို၍ပင်ယုံဖို့ခဲယဉ်းနေလိမ့်မည်။ ယုံတာ မယုံတာက ကျွန်တော်တို့ဘက်ကအပိုင်းဖြစ်ပြီး ဖြစ်ချင်သလိုဖြစ်သွားခဲ့တာက သူ့မယားဘက်ကအပိုင်းဖြစ်သည်
သူ့ခမျာ ချစ်ကြောင်းတောင်ပြောလို့မဝသေး မုန်းကြောင်းတွေပြောရတော့မည်ဖြစ်၍နုတ်ကဆွံ့အနေသည်၊
ကျွန်တော်တို့ကိုလည်းပြစရာမျက်နှာမရှိတော့ အစားထိုးပြစရာမျက်နှာအပိုလည်းမရှိတော့ ဒီမျက်နှာအဟောင်းကိုပဲ ခပ်တည်တည်နဲ့ပြန်ပြနေလိုက်ရသည် ရင်ထဲမှာတော့ “တိန်...တိန်...တိန်”ပေါ့လေ..
သူ့လက်ရှိသောကသည် တစ်ကယ့်သောကအစစ်အမှန်ဖြစ်ပါကြောင်း တရားဝင်အသိအမှတ်ပြုသောအားဖြင့်ထိုည အားလုံးဝိုင်းမူးပေးကြသည် စေတနာထားသောအားဖြင့်လည်း သူ့မိန်းမနာမည်ကို ဝိုင်းပြီးထုတ်ဆဲပေးကြသည် မိန်းမ မကောင်းကြောင်းကိုဥပမာ အကိုးအကားမြောက်များစွာဖြင့်ဝိုင်းလှော်ပေးကြသည် ။
တယောက်ကစဖေါက်သည်... ငါ့သူငယ်ချင်းတစ်ယောက်ရှိတယ်ကွ ဒီမှာအလုပ်လာလုပ်တာ အိမ်ကိုပိုက်ဆံမပို့ဘူး သူ့ကောင်မလေးဆီပဲပို့တယ်.. တစ်နှစ်လောက်လည်းကြာတော့ ဟိုက လင်ရသွားပါလေရော.. အဲဒါတောင်သူ့ဆီဖုန်းဆက်ပြီးပိုက်ဆံပို့ခိုင်းနေတုန်း... သေရော.... ၊နောက်တစ်ယောက်ကလည်းသူ့အတွေ့အကြုံကိုပြောပြသည် ....ငါ့အရင်အလုပ်တုန်းက ငါနဲ့ခင်တဲ့လင်မယားနှစ်ယောက်ရှိတယ် သားသမီးတွေရဲ့ရှေ့ရေးအတွက် လင်မယားနှစ်ယောက်လုံးတက်ညီလက်ညီနဲ့ဒီမှာအလုပ်လာလုပ်တာ ဘာကြာလိုက်လို့လဲ မယားလုပ်သူက အခန်းချင်းကပ်လျှက်က ဘင်္ဂလားလူမျိုးနဲ့လိုက်ပြေးသွားပါလေရော ယောကျာင်္းလုပ်သူက ကိုယ့်ကိုကိုယ် သတ်သေမယ်လုပ်လို့ မနည်းဝိုင်းထိန်းပေးလိုက်ရတယ်
"အဲဒီမိန်းမဖုန်းနံပါတ်မင်းသိလား? ငါဖုန်းဆက်ပြီးဆဲမလို့ ဗမာမက ဗမာထီးကိုသစ္စာဖောက်ပြီး ခွေးဘကုန်းနဲ့မှလိုက်ပြေးရတယ်လို့ အသည်းနာလှသကွာ ထွီ...”အရေးထဲအမျိုးချစ်တဲ့လူကတစ်မှောက်....၊ မင်းကအသည်းပဲနာတာကွ ဟိုက ဟိုဟာပါနာမှာ"လို့တစ်ယောက်ကထကော်တော့ အားလုံးဝိုင်းရယ်ကြသည်..မျိုးချစ်သမားလည်းရှုးရှုးရှားရှားဖြစ်သွားသည်။ ဤသို့ပင်မတစ်ထောင်သားတို့သည် မ မကောင်းကြောင်းကို ကိုယ့်ကိုမွေးခဲ့တဲ့ကိုယ့်အမေကို ခဏမေ့ ကိုယ့်ညီမ အစ်မတွေကိုခဏမေ့ပြီးဋ္ဋီကာချဲ့နေလိုက်ကြတာမိုးစင်စင်လင်းသည် အကယ်၍ထိုစကားဝိုင်းရဲ့ဘေးမှာမိန်းကလေးတစ်ယောက်ယောက်များရှိနေခဲ့ရင် ကိုယ့်ကိုကိုယ်သတ်သေ သွားလောက်သည် ဒါမှမဟုတ် စိတ်မထိန်းနိုင်ဘဲ သူတို့အုပ်စုကိုဓါးနဲ့ဝင်ခုတ်လောက်သည်။
အဲဒီမနက်လည်းလင်းရော သူ့ကိုသူအချစ်သမားကြီးအဖြစ်မှ မချစ်သမားကြီးအဖြစ်အတိအလင်းခံယူလိုက်တော့သည်
တသက်လုံးယုံကြည်လာခဲ့တဲ့အရာက ခုမှအမှားမှန်းသိလိုက်ရသူလိုတော်တော်လေးလည်းသူတုန်လှုပ်သွားခဲ့ပြီ
..ငါ့ကိုတစ်သက်လုံးမကောင်းကြံခဲ့တဲ့ လောကကြီး ငါ့ကိုတစ်သက်လုံး အမှားတွေချည်းသင်ပေးခဲ့တဲ့လောကကြီး....ခွေးမ
ဖာသယ်မ သားလေးမျက်နှာမှမထောက်သစ္စာမဲ့တယ် ငါ့တစ်ဝမ်းကွဲညီနဲ့မှဖြစ်ရတယ်လို့... သူ့စကားတွေက တောင်စဉ်ရေမရ....တောစဉ်ရေလည်းမရ အမုန်းတွေနှင့်ရောပြီး “ဖုန်းဖုန်း ဒိုင်းဒိုင်း”ဖြစ်နေသည်။ သူ့ဘဝကိုလည်းသူလက်လှမ်းမမှီနိုင်လောက်သည့် ခပ်ဝေးဝေးတစ်နေရာဆီပစ်တင်ထားလိုက်တော့သည် ဘဝဟာဘဝ သူဟာသူပဲဖြစ်သည် မဆိုင်ရေးချမဆိုင်တော့ပေ ။
..."ဘဝရေ….ငါလုပ်သလိုမင်းဖြစ်မလာဘူး အဲဒီတော့ မင်းလုပ်သလိုပဲငါဖြစ်လိုက်တော့မယ် ” ဆိုပြီး ဖခင်ကောင်းတစ်ယောက်ရဲ့အရေခွံတွေချွတ် အိမ်ဦးနတ်ရဲ့အရေခွံတွေချွတ်ပြီး ရှပ်သမားအဖြစ်ကို ကျေကျေနပ်နပ်ကြီးခံယူလိုက်တော့သည် ။ နဂိုကလည်းရှပ်ပါပဲ ခုမှပိုရှပ်လာတာပါ နဂိုရှပ်နဲ့ အပိုရှပ်တို့ပေါင်းပြီး နေ့ရှိသ၍ ဝီခေါ်နေတော့ သူဋ္ဌေးတွေလည်းမကြိုက်ချင်တော့ ဤသို့ဖြင့် ကျွန်တော်အလုပ်တစ်ခုပြောင်း သူအလုပ်ဆယ်ခုပြောင်း ကျွန်တော်အလုပ်တစ်ခုပြောင်း သူအလုပ်နှစ်ဆယ်ခုပြောင်းဖြင့် သူ့အနေအထားသည် တစ်ဖြေးဖြေးနှင့်ရွေ့လျှားလာလိုက်ရာ နောက်ဆုံးကိုယ့်နှုတ်ခမ်း ကိုယ်ပြန်ကိုက်စားရမည့်အနေအထားဆိုက်သွားတော့သည်။
သူငယ်ချင်းတွေလည်းမနေသာပါလေတော့ ဝိုင်းရဝန်းရတော့သည် အိမ်ပြန်ချင်လျှင် ပိုက်ဆံဝိုင်းစုပြီးပို့ပေးမည်ဆိုတာမရ
.."ဟိုကောင်မကိုမြင်ရင် ငါသတ်မိလိမ့်မယ် ဒါမှမဟုတ်ငါ့ကိုငါပြန်သတ်သေမိလိမ့်မယ်” ဆိုပြီးတင်းခံသည် “သတ်သေတာမကောင်းဘူးဟ သောက်သေတာကောင်းတယ်” ၊ အရေးထဲ နောက်နေတဲ့လူကရှိသေးသည်။
သူ့အဖို အလုပ်မလုပ်ဘဲနဲ့တောင်နေထိုင်စားသောက်ဖို့ပူပန်စရာမရှိပါ သူငယ်ချင်းအားလုံးတာဝန်ယူနိုင်သည်.. တာဝန်မယူနိုင်တာကသူ့အမူးဖြစ်သည် သူ့ကိုမသောက်စေချင်ကြတော့ သူ့ရုပ်ရည်လည်း တဖြည်းဖြည်းပျက်စီးလာနေလေပြီ
အရက်ကိုအစာမစားဘဲရက်ဆက်သောက်တတ်မှုက ကောင်းကောင်းဒုက္ခပေးနေပြီ ပိုဆိုးတာက မရှိ ရှိတာနှင့်ရအောင်မူးခြင်းဖြစ်သည် အယ်လကိုဟောပါရင်ဘယ်အရည်ဖြစ်ဖြစ် သောက်ဖို့သင့်တော်မသင့်တော် ရွေးမနေတော့
မူးဖို့ကအဓိကဖြစ်သွားသည် တရုတ်ဟင်းလျာတွေထဲထည့်ချက်သည့်အရက်တစ်မျိုးရှိသည် သောက်ဖို့မဟုတ် ဟင်းချက်ဖို့
အဲဒါလည်းဈေးသက်သာတယ်ဆိုပြီး “သောက် သည်
ကျန်းမာရေးကိုတော့ဂရုစိုက်ဦးဟ အဲဒီအရည်တွေ တအားပြင်းတာ ဟင်းထဲအသားအမြန်နူးဖို့ချက်စားကြတာ ဘယ်သူမှမသောက်ဘူး ဆိုလည်း “သောက်သည်”

အဲဒီအရည်တွေသောက်ရအောင်မင်းမှာဦးနှာက်မရှိဘူးလားဆိုလည်း “သောက်သည်”

သေမှာနော် သတိထား... “သောက်သည်”

ဟေ့ရောင်အဲဒီအရည်တွေသောက်နေရင်မင်းကိုဒီအိမ်မှာပေးမနေတော့ဘူးဒါပဲ “သောက်သည်”


မင်းအတွက်စိုးရိမ်လို့ပြောတာပါကွာ ဒီအိမ်မှာမင်းကြိုက်သလောက်နေနိုင်တယ်မသောက်နဲ့တော့နော်... “သောက်သည်”
“သောက်သည် ”
..“သောက်သည်”....
“သောက်သည်”


ဤသို့ဖြင့်အသောက်တွေတင်းကြမ်းထပ်သွားသည်

ကျွန်တော်လည်းအလုပ်သစ်နဲ့နေသားကျသွားချိန်သူတို့အိမ်နဲ့လည်းအဆက်အသွယ်ပြတ်သွားချိန် တစ်မနက်မှာ ကျွန်တော့်ဖုန်းထဲက အသံမြည်လာပါတယ် အလွန်ကျက်သရေရှိသည့် သီချင်းသံလေးနဲ့ပါ answer ခလုတ်ကိုလည်းနှိပ်လိုက်ရော အသံတစ်သံကထွက်လာသည် အလွန်ကျက်သရေမရှိသည့်စကားသံလေးနဲ့ပါ ...ဟိုကောင်တွေအိမ် ညကလူသေတယ် အဲဒါမေးကြည့်ဦး ဒါပဲဖြစ်သည် တဖက်ကဖုန်းချသွားပြီ ကျွန်တော့်ရင်ထဲမှာတော့စာပို့ရထားကြီး တအိအိနဲ့ဝင်လာနေပါပြီ "ဟိုအိမ်တဲ့ ငါ့သူငယ်ချင်းတွေအိမ် မဟုတ်ဘူးမဟုတ်ဘူး သူတို့အိမ်မဟုတ်ဘူး သူတို့ကငှားနေတာ ဘေးအခန်းမှာလည်းငှားနေတဲ့ကုလားတွေရှိသေးတယ် ဟိုကလူသေတယ်ပဲပြောသွားတာ ကုလားလည်းလူပဲ ကုလားတွေသေတာများလား..? ငါ့သူငယ်ချင်းတွေကအဲဒီမှာ ငါးယောက်တိတိတောင်ရှိတယ် ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ငါ့သူငယ်ချင်းတွေထဲက မဖြစ်ပါစေနဲ့ ကုလားထဲကပဲဖြစ်ပါစေ ဟိုတစ်ခါ မူးပြီးရန်ထဖြစ်တဲ့ အရပ်ပုပုဆံပင်တိုတိုနဲ့ ကုလားကသေတာများလား အင်း…ရတယ် သူသေလို့ဘာမှမဖြစ်ဘူး ဒါမှမဟုတ် လုံခြုံရေးဂိတ်စောင့်အလုပ်လုပ်တဲ့ အသက်နည်းနည်းကြီးကြီးနဲ့ကုလားသေတာလား? အင်း ရတယ် သေလိုက် ဘာမှမဖြစ်ဘူး ဒီလိုမှမဟုတ် တစ်အိမ်လုံးက ကုလားတွေ သေကုန်တာလား? အဲ….အဲဒါလည်းရသေးတယ် သေလိုက်ကြ ဘာမှမဖြစ်ဘူး ငါ့သူငယ်ချင်းထဲက မဖြစ်ရင်ပြီးတယ်...”။ ကိုယ့်ဘာသာကိုတစ်ယောက်တည်းစိတ်သက်သာရာရအောင်ဖြေတွေးနေမိသည် ဖုန်းဆက်တာလည်းတစ်ယောက်မှမကိုင် မှားနေပြီ တစ်ခုခုတော့အကြီးအကျယ်ကိုမှားနေပြီ နှစ်နာရီလောက်လည်းကြာတော့ ကျွန်တော့်ဆီကို သူငယ်ချင်းတစ်ယောက် အမောတကောနဲ့ရောက်လာသည်၊ သူ့ပုံစံက သောကတွေကိုတင်ဆောင်နိုင်တဲ့ တန်ချိန်ထက် ပိုမိုကျော်လွန်တင်ဆောင်ထားပြီး ဟိုးကမ္ဘာတစ်ဖက်ခြမ်းကနေမရပ်မနားခုတ်မောင်းလာခဲ့ရတဲ့ ရထားအိုကြီးလို ဖုတ်လှိုက် ဖုတ်လှုက် ဖြစ်နေသည် သူ့အသက်ရှုသံတွေကလည်း “ဂျုန်းဂျုန်း ဂျက်ဂျက်”....သိလိုက်ပါပြီ အခြေအနေမကောင်းဘူးဆိုတာ... “ဟေ့ရောင် ဟေ့ရောင် ဟေ့ရောင် ဘာတွေဖြစ်ကုန်တာလဲ” ကျွန်တော်ကပြူးတာရောပျာတာရောပေါင်းပြီးမေးတော့ ငနဲက တရားရသွားတဲ့လေသံနဲ့ “တောက် မိုက်တယ်ကွာ တော်တော်ကိုမိုက်တာပဲ ဒို့အတန်တန်ပြောရဲ့နဲ့ ဟိုကောင်ကြီးလေ ကြီးမိုက်ကြီးလေ ရှောပြီ”
ဟေ” ကျွန်တော့်အသံအနည်းငယ်ကျယ်သွားလို့ထင်သည် မလှမ်းမကမ်းမှာထိုင်နေတဲ့ သူဋ္ဌေးမကြီးက ဘာဖြစ်တာလဲလှမ်းမေးသည်
ကျွန်တော်လည်းတတ်သလောက်မှတ်သလောက်တရုတ်စကားအကျိုးအပဲ့တွေနဲ့ကြိုးစားရှင်းပြလိုက်သည် စစချင်းကျွန်တော်ပြောတာသူဋ္ဌေးမနားမလည် နောက်မှသဘောပေါက်သွားပြီး ...
“ဟာ” သူသေပြီလား?
သူဋ္ဌေးမအသံအနည်းငယ်ကျယ်သွားပြန်သည်ထင်သည် မလှမ်းမကမ်းမှာထိုင်နေတဲ့ သူဋ္ဌေးသမီးကသူ့အမေကို ဘာဖြစ်တာလဲလှမ်းမေးသည် ။ အမေလုပ်သူလည်းသမီးကိုပြောပြလိုက်လိုက်သည် စစချင်းသူ့အမေပြောတာဘယ်တစ်ယောက်မှန်းကောင်မလေးစဉ်းစားမရ နောက်မှအချိန်ပိုင်းအလုပ်ဝင်လုပ်ဖူးသွားသည့်သူ့ကို
ပြန်သတိရပြီး
“ဟာ..သူသေပြီလား?”
သူဋ္ဌေးသမီးအသံအနည်းငယ်ကျယ်သွားပြန်ပြီထင်သည် မလှမ်းမကမ်းကလူတွေ ဘာဖြစ်တာလဲဆိုပြီးလှမ်းကြည့်ကြသည် ဘာမှမမေး၍ပဲတော်တော့သည်။
ကျွန်တော့်သူငယ်ချင်းကိုလှမ်းကြည့်လိုက်တော့ နေ့ခင်းကြောင်တောင်ကြီးမှာ ပိန်းပိတ်မှောင်အောင်ကြေကွဲနေလေသည်
အင်းပေါ့လေ သူတို့နှစ်ယောက်ဟာ လက်တွဲအညီခဲ့ဆုံးသော ဝေဖေါ် ဝေဖက်တွေကိုး
"ဟေ့ရောင်ရာ မင်းသိပါတယ်ကွာ ငါဒီမှာနေလာတာနှစ်တွေသာကြာတာ စကားလည်းဟုတ်တိပတ်တိပြောတတ်တာမဟုတ်ဘူး အဲဒါကိုကွာ ရဲကအလိုက်ကန်းဆိုးမသိ တောမေးလိုက် တောင်မေးလိုက်နဲ့၊ ငါကလည်း တောဖြေလိုက် တောင်ဖြေလိုက်နဲ့ ၊စကားကလည်းတောရောက်လိုက် တောင်ရောက်လိုက်နဲ့ နောက်ဆုံးငါဘာပြောလိုက်မိတယ်မသိဘူး ရဲကလည်းဘာကိုပေါက်သွားတယ်မသိဘူး ဆေးရုံကားခေါ်ပြီး အလောင်းကိုသယ်သွားတယ် ..(တော်သေးတယ် စကားက မြိုင်တို့ ဂနိုင်တို့ရောက်ပြီး မြိုင်ထတို့ နှစ်ပါးတို့ကမနေရလို့) ငါတော်တော်နောင်တရနေပြီ တကယ်ပြောတာ ငါလေးလေးနက်ကိုပြောနေတာ တော်ပြီကွာ ခုကစပြီးမသောက်တော့ဘူး” …..
ညကျတော့မရောက်တာကြာတဲ့သူတို့အိမ်ကိုကျွန်တော်ပြန်ရောက်သွားသည် “ဟိုက် ရှာလပတ်ရည်” ဒီနေ့ပဲ မသောက်တော့ဘူးလို့လေးလေးနက်နက်ပြောသွားသူက အာလေးလျှာလေးဖြစ်နေပြီ....ဟိုကောင်ကြီးကိုသတိရလွန်းလို့ပါကွာတဲ့
"အဲဒီညကငါတို့အခန်းထဲမှာတီဗီထိုင်ကြည့်နေတာ သူကဘေးမှာလှဲအိပ်နေပြီး ဗိုက်အောင့်တယ် ဗိုက်အောင့်တယ် နဲ့ညဉ်းနေတယ် မင်းသိပါတယ်ကွာ သူကတချိန်လုံးအရက်နာကျပြီး ဖင်နာသလိုလို ခေါင်းနာသလိုလိုအမြဲလုပ်နေတာ
ဘာမှမဟုတ်ဘူး အရက်သောက်ချင်လို့ အဲဒါ ကိုလည်းငါတို့သိတယ် အဲဒီညကလည်း အရက်သောက်ချင်နေလို့တမင်ဂျီကျတာထင်ပြီး ငါတို့လည်း အမှုမဲ့အမှတ်မဲ့ပဲ နောက်သိပ်မကြာဘူး ရေချိုးခန်းထဲဝင်မယ်ဆိုပြီး ထသွားတယ် တော်တော်နဲ့ပြန်မလာဘူး အဲဒီမှာ ဘေးအခန်းက ဟိုကောင့်မိန်းမက “ရှင်တို့သူငယ်ချင်းဘာတွေဖြစ်နေလဲမသိဘူး လာကြည့်ကြပါဦးဆိုတော့မှ အပြေးအလွားငါတို့ရောက်သွားတယ်
သူကကြမ်းပြင်မှာလူးလှိမ့် နေတယ် “ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ?ဆိုတော့ စကားမေးလည်းမရဘူး ငါတို့လည်းတတ်သလောက်မှတ်သလောက်လေးနဲ့ ခြေမဝိုင်းချိုးပေး အကြောတွေနှိပ်ပေးလုပ်သေးတယ် ကြည့်လိုက်တော့သူက လက်တွေခြေတွေ ကောက်ကွေးပြီး သတိလစ်နေပြီ အဲဒီကနေအသက်ပါသွားတာပဲ....သိပ်မြန်တယ် သိပ်အံ့သြဖို့ကောင်းတယ်” သူကအဲဒီညကအဖြစ်အပျက်ကိုမူးသံကြီးနှင့် ကြေကွဲစွာပြန်ပြောသည်
"ကဲ…ခုလို သူ့အတွက်ဝမ်းနည်းနေမယ့်အစား အကောင်းဆုံးဖြစ်အောင်ပဲ ဝိုင်းလုပ်ပေးလိုက်ကြရအောင်ကွာ” ..အိမ်ထဲမှာအသက်အကြီးဆုံးတစ်ယောက်ကဝင်ပြောသည်....သို့ဖြင့်နီးစပ်ရာအပေါင်းအဖော်များအားဖိတ်ကြားပြီး သူ့နောက်ဆုံးခရီးစဉ်အတွက် တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြသည် ။
ဤသို့ဖြင့် မထင်မရှားသူ့ဘဝသည် မထင်မရှားဖြင့်လွင့်စင်သွားခဲ့ရပြီဖြစ်သည် သူအကြိမ်တစ်ထောင်မွေးချင်ခဲ့သော သူအကြိမ်တစ်ထောင်သေချင်ခဲ့သော သူ့တိုင်းပြည်တွင်တော့မဟုတ်ခဲ့ပေ ……
(……နှုတ်ဆက်ခဲ့တယ် သူငယ်ချင်းရေ မင်းရဲ့ဖြစ်လေရာနောင်ဘဝတွေတိုင်းမှာ စနစ်ဆိုးခေတ်ဆိုးကဝေးပြီးလာခြင်းကောင်းသောဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေ မိန်းမဆိုးနဲ့ပေါင်းဖေါ်ရခြင်းမှကင်းဝေးပါစေ
ငါ့မျက်စိရှေ့မှာ မင်းလုပ်ပြခဲ့တဲ့ကောင်းမှုကုသိုလ်တွေ တစ်ခါမှမရှိခဲ့ဖူးပေမယ့် ...မင်းကောင်းရာမွန်ရာရောက်ဖို့“ငါဆုတောင်းမယ်”..
ငါ့ဆုတောင်းဟာတစ်ဖက်သတ်ဆန်ချင်ဆန်နေနိုင်ပေမယ့် .....မင်းအတွက်ငါဆုတောင်းမယ်.....
မင်းမှာအသောက်ကလွဲပြီးဘာကောင်းမှုမှမရှိခဲ့ဘူးဆိုရင်တောင်. . ..မင်းအတွက်ငါဆုတောင်းမယ် ...
ငါနဲ့ဘယ်တော့မှလမိုင်းမကပ်ခဲ့တဲ့ ဆုတောင်းကို ငါပြန်မျက်နှာချိုသွေးပြီး ...မင်းအတွက်ငါဆုတောင်းမယ်....
.. ငါတို့ကတော့ငါတို့ရဲ့လက်ကျန်နေ့ရက်လေးတွေမှာ ဆက်လက်ရှင်သန်ရင်း (သို့မဟုတ်) ဆက်လက်သေဆုံးရင်း မိဝေး ဖဝေးနဲ့ ဋ္ဌာနေမနီးတဲ့ တိုင်းတစ်ပါးပြည်မှာ ငါတို့တွေ “စမ်းရေသောက်ရင်း.... လမ်းတွေပျောက်ရင်း..... လမ်းတွေပျောက်ရင်း … စမ်းရေသောက်ရင်းနဲ့.....။ ။ ကွယ်လွန်သွားခဲ့ပြီဖြစ်သော တစ်ခါကသူငယ်ချင်းသို့...

0 comments:

 
©2009 ♬သားကြီး♪ | by TNB