နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း

ကျနော့နာမည်“မူးတူး”မဟုတ်ပါဘူး ၊ ကျနော်ကုလားလည်းမဟုတ်ပါဘူး၊
ဒါပေမယ့်.. ခုလောလောဆည်တော့ ကျနော်အိပ်ချင်မူးတူးဖြစ်နေပါတယ်။
ဗမာစကားကလည်းခက်ပါတယ် ၊ အိပ်ငိုက်တာတောင်
“မူးတူး”နာမည်ဆွဲထည့်နေရသေးတယ်။ အဲလိုဆွဲထည့်ကြေးဆို “အိပ်ချင်ပေါက်ဖေါ်ကြီး”ရော..မဖြစ်ဘူးလား?
“အိပ်ချင်ဖထီး”ရော.. မဖြစ်ဘူးလား? ။ ကြည့်ရတာ အိပ်ငိုက်တဲ့အလုပ်ကို “မူးတူး”နာမည်နဲ့ကုလားက ပထမဆုံးစတင်ခဲ့လို့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်ကိုယူထည့်ထားတာပဲဖြစ်ရမယ်။

ထားတော့…
ခုဖြစ်နေတာက “မူးတူး”မဟုတ်တဲ့သားကြီးကမနက်စောစောစီးစီးအိပ်ချင်မူးတူးဖြစ်နေတာပါပဲ။
ကုလားထိုင်ပေါ်မှာ ဗမာထိုင်ထိုင်ပြီးငိုက်နေတာပါ အိပ်ယာပေါ်မှာတော့မငိုက်ရဲဘူး အိပ်ပျော်သွားရင်ချိန်းထားတာလေးလွဲသွားမှာစိုးလို့။
………………..
ဒီနေ့မိုးသာစင်စင်လင်းသွားတယ် မနက်ခင်းကတော့ပါမလာခဲ့ဘူး
ကျနော်မှမအိပ်ရသေးဘဲလေ ၊ ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ
resident evil 4ကိုမိုးလင်းပေါက်ထိုင်ဆော့တာကိုး..၊ ကိုယ်ဂိမ်းဆော့တာကနည်းနည်းပါ ဂိမ်းကိုယ့်ကိုပြန်ဆော့တာကခပ်များများ တညလုံးငုတ်တုတ်ထိုင်ပြီးဂိမ်းအဆော့ကို
ခံလိုက်ရတယ်ဆိုပါတော့ ။
မိုးလင်းတော့အိပ်မယ်အလုပ်မှာ အပေါ်ထပ်က ကောင်မလေးတွေက စောစောစီးစီး ထတွန်
နေကြတော့အိပ်မရပြန်ဘူး ။

အပြည့်အဝအိပ်စက်ခွင့်ရပြီးမှကျနော့်မနက်ခင်းလေးကသာသာမောမောနဲ့ရောက်လာမှာပါ။
မနက်ခင်းကိုလူတွေကနေ့သစ်တစ်နေ့လို့တင်စားကြတယ် ကျနော့်အဖို့တော့ မနက်ခင်းဆိုတာလည်းနေ့ဟောင်းတစ်နေ့ပါပဲ
ကမ္ဘာဦးကတည်းကတည်ရှိခဲ့တဲ့မနက်ခင်း ကျနော်လူမဖြစ်ခင်(ဘာဖြစ်နေမှန်းမသိခင်)ကတည်းကတည်ရှိခဲ့တဲ့မနက်ခင်း
ဟောင်းလိုက်သမှနွမ်းလို့ရိလို့ပေါ့..၊ လက်နဲ့“ဇတ်”ကနဲတို့ထိကြည့်ရင်တောင် တစစီပဲ့ကြွေကျသွားမလားပဲ..။
ဟောင်းနေတဲ့ဒီမနက်ခင်းမှာပဲ ကျနော့်ဘော်ဒါနှစ်ကောင်ရောက်ချလာပါတယ် ထုံးစံအတိုင်းမျက်နှာအဟောင်းကိုယ်စီနဲ့ပေါ့၊
(မျက်နှာအသစ်လည်းရှိကြပုံမပေါ်ဘူး ။မွေးကတည်းကလည်းဒီမျက်နှာတစ်ခုစီပဲပါလာကြတယ် သေတဲ့အထိလည်းဒီမျက်နှာတစ်ခုတည်းနဲ့ပဲလူလုပ်သွားရမှာ…..ပျင်းစရာကြီး..။
တစ်ယောက်ကိုအနည်းဆုံးမျက်နှာ၈ခုစီလောက်ဘုရားကဖန်ဆင်းပေးခဲ့ဖို့ကောင်းတယ်)

ဘော်ဒါနှစ်ကောင်က အသိတစ်ယောက်ဆီမှာရှိတဲ့အခွေသွားကြည့်မလို့လာအဖေါ်စပ်တာပါ
သူတို့ကြည့်မယ့်အခွေက မြန်မာပြည်မှာလူအင်အားအများဆုံး အကုန်အကျအများဆုံးနဲ့ရိုက်ထားတယ်ဆိုတဲ့ရုပ်ရှင်ကားဟောင်းပါ။
ဘယ်လောက်ပဲကြီးကြီးကျယ်ကျယ်ရိုက်ထားလေ ကျနော်စိတ်မဝင်စားပါဘူး ရိုက်ထားတာကလည်း “ပါတော်မူ”သွားတဲ့ကားကြီးကိုး
“ပါလာတော်မူ”တဲ့ကားကြီးမှမဟုတ်ဘဲကိုး..။
အရင်မြန်မာပြည်မှာကတည်းကအဲဒီရုပ်ရှင်ကျနော်ကြည့်ဖူးပါတယ်
ကျနော်တို့ရဲ့တိုင်းပြည့်ရှင် သူတပါးခေါ်ဆောင်ရာနောက်ကိုလိုက်သွားရတဲ့အခန်းမှာ တစ်ကယ်စိတ်မကောင်းဖြစ်ရတယ်။

ဒါပေမယ့်…ခုဆိုရင်အကောင်းဘက်လှည့်တွေးနေတတ်ပါပြီ။
ထားပါတော့… ဥပမာ ဒီနေ့ဒီအချိန်ထိ ကျနော်တို့ဆီမှာသက်ဦးဆံပိုင်ဘုရင်စနစ်ရှိနေသေးတယ်ဆိုပါစို့…
“သားကြီးစော်က ရေရေလည်လည်လန်းတယ်ကွာ ငါကိုယ်တော်မင်းမြတ်အတွက် တော်ကောက်စေ”လို့ဘုရင်ကမိန့်လိုက်ရင် သားကြီးတို့သေပြီ ။ အဲခါကျရင် ဘုရင်ကော ဘာကောနားလည်မှာမဟုတ်ဘူး အတင်းဝင်ပြီးနပမ်းဖက်လုံးမိမှာပဲ ။
………
ကျနော်မလိုက်ဘူးဆိုလို့ဘော်ဒါနှစ်ကောင်ထွက်သွားကြတယ်
ချိန်းထားတဲ့ဘော်ဒါကလည်းပေါ်မလာသေးတော့ကွန်ပြူတာဖွင့်ပြီးmailစစ်ကြည့်လိုက်တယ် သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့mailတစ်ခုမှာ၂၀၁၂ကျရင်
ကမ္ဘာပျက်တော့မယ်ဆိုတဲ့အကြောင်းကိုခိုင်လုံတဲ့အကြောင်းအရာတွေနဲ့ကိုးကားရေးသားထားတယ်
ကျနော်ဆိုတဲ့ကောင်က ကာတွန်းစာအုပ်ထဲက“ငတက်ဖျား”လည်းမဟုတ်တဲ့အတွက်“ညတ်ချွာဖျား”လို့တော့
ယောင်ပြီးမအော်မိဘူးပေါ့လေ ၊ ဒါပေမယ့်ကျနော်လန့်သွားတယ်…

“ဒုက္ခပဲ.. ငါတော့နေရာအရွေးမှားပြီ”
ကမ္ဘာကြီးကလည်း အင်တင်တင်နဲ့ ၊ ပျက်မယ်ဆိုလည်းစောစောကပြောရောပေါ့ ၊ အဲလိုမှန်းသိရင်အစကတည်းကလူလာမလုပ်ပါဘူး ခုတော့တို့လို့တန်းလန်းတွေ
ဖြစ်တော့မယ်၊ ကျနော့်မှာထိုင်ရတော့မလို ထရတော့မလိုနဲ့၊ အနှစ်၂၀ကျော်ရင်းခဲ့သမျှဒီတစ်ခါတော့အရှုံးကြီးရှုံးတော့မှာပဲ။
………………
တစ်ကယ်ပါပဲ…
တစ်ကယ်ပါပဲ….
ချစ်ရသူအတွက်ကျနော်ရွယ်စူးဖူးတယ်
ကမ္ဘာရဲ့ရင်ဘတ်ကျယ်ကြီးတစ်နေရာမှာသူမနဲ့ကျနော့်အတွက်အိမ်လှလှလေးတစ်လုံး
ဆောက်ဖို့..။ နောက်ပြီးကမ္ဘာ့ရင်ဘတ်ပေါ်မှာပဲ သူမနဲ့ကျနော် သားသားမီးမီးတွေ..
အဲ…အဲ…သားသားမီးမီးတွေလို့ပြောရတာနည်းနည်းတော့ကီးမြင့်လွန်းနေတယ် ခုမှကျနော်တို့ကချစ်သူအဆင့်ပဲရှိသေးတာကိုး၊ ခြစ်သူအဆင့်မှမရောက်သေးတာကိုး..။
ဒါပေမယ့်….တတ်နိုင်ဘူးလေဗျာ တော်ကြာ၂၀၁၂ရောက်မှ“ငါ့နှယ်မပြောလိုက်ရလေခြင်း”ဆိုပြီးနောင်တရနေရရင်မမိုက်ဘူး…
ဟုတ်တယ် …သားသားမီးမီးတွေမွေးဖို့ ၊ သာယာတဲ့မိသားစုလေးတစ်ခုတည်ဆောက်ဖို့
နောက်ပြီး …..
နောက်ပြီး……. အများကြီးဗျာ….အများကြီး
ခုတော့သွားပြီ အားလုံးသွားပြီ….ဂန့်ပြီ…။
………….
လန့်တာကလန့်တာပဲ အိပ်ချင်တာကအိပ်ချင်တာပဲ ပြောရရင်တော့ခုထိ“သားကြီး”က“မူးတူး”ဖြစ်နေတုန်းပါပဲ….
အချိန်အနည်းငယ်ကြာသွားတယ်
ချိန်းထားတဲ့ဘော်ဒါလည်းပေါ်မလာခဲ့ပါဘူး မချိန်းထားတဲ့ဘော်ဒါနှစ်ကောင်ပဲပြန်ပေါ်လာတယ်
စောစောကမျက်နှာအဟောင်းတွေနဲ့ပါပဲ၊ ကျနော့အခန်းထဲဝင်လာပြီး ခုပဲ၂ယောက်စလုံးကြည့်ခဲ့တဲ့ရုပ်ရှင်ကားကို
၂ယောက်စလုံးပဲအပြန်အလှန်ပြန်ပြောပြနေကြတယ်
ကျနော်တောင်ကြောင်သွားတယ် ဘယ့်နှာကြီးပါလိမ့် ။ တစ်ယောက်မကြည့်လိုက်ရလို့တစ်ယောက်ကပြန်ပြောပြတယ်ဆိုရင်တစ်မျိုး…ခုဟာကြီးက..။

ပြောရင်းနဲ့အသံတွေကကျယ်လောင်လာတယ် နောက်ဆုံးအခန်းကိုစိတ်ထိခိုက်ရတဲ့အကြောင်းလည်းပါတယ်
နန်းတွင်းအရှုပ်တော်ပုံတွေလည်းပါတယ် မျိုးချစ်သူရဲကောင်းတွေရဲ့အကြောင်းလည်းပါတယ် မြန်မာပြည်သူ့ကျွန်ဘဝကျခဲ့ရတာ
ရင်နာဖို့ကောင်းတဲ့အကြောင်းလည်းပါတယ် ၂နှစ်ယောက်စလုံးရဲ့ရင်ထဲမှာတော့ သူ့ကျွန်မခံလိုတဲ့စိတ်တွေတစ်ဖွားဖွားထွက်နေမှာပေါ့ ခဏနေတော့ တစ်ယောက်ရဲ့ဖုန်းကအသံမြည်လာတယ်….
ကောက်ကိုင်လိုက်တယ်ဆိုရင်ပဲ…
………………
“……………”
“yes boss!!”
“……………”
“yes boss!!”
“……………”
“yes boss!!”
တစ်ဖက်ကဘာတွေပြောနေမှန်းမသိဘူး ကျနော့်ဘော်ဒါကတော့ “ရက်စ်ဘောစ်”ဆိုတာချည်း။
ဖုန်းပြောလို့ပြီးသွားတော့ ကျနော့ဘက်လှည့်ပြီး..
“သူဋ္ဌေးကစနေနေ့ကြီးဆင်းခိုင်းနေတယ်ကွာ အဲဒါငါတို့သွားလိုက်ဦးမယ် သူဋ္ဌေးကသူခိုင်းရင်ချက်ချင်းမှကြိုက်တယ်ကွ
ခုပဲသူ့ကျွန်မခံပြီဇာတ်ကားကြည့်လာတယ် ခုပဲသူ့ကျွန်သွားခံရဦးတော့မယ်
feelတော့နည်းနည်းငုပ်တာပေါ့ အဟီး”

အဲလိုပြောပြီးနှစ်ကောင်သားသွားဖြဲလေးနဲ့ရယ်တယ် ၊ ရယ်တယ်ဆိုတဲ့နေရာမှာလည်း
ကျမ်းစာထဲမှာပါတဲ့မိန်းမချောလေးတွေရဲ့ရယ်နည်းမျိုးတော့မဟုတ်ဘူးပေါ့လေ
ဘယ်ကျမ်းစာမှာမှမပါတဲ့ အရက်ဆိုင်ထဲက ဘဲနာတွေရဲ့ရယ်နည်းမျိုးပါ ။
“ပြောရမယ်ဆိုရင် ငါတို့ကသူ့ကျွန်ခံတာမဟုတ်ပါဘူးသားကြီးရာ အပေးအယူလုပ်နေတာပါ ငါတို့အမြဲဆောင်ထားတဲ့ဆောင်ပုဒ်တစ်ခုရှိတယ်ကွ
…စားတာကကိုယ့်အတွက်… လုပ်တာကသူဋ္ဌေးအတွက်…. ပြေးနိုင်မှလွတ်မယ်.တဲ့ …ဟဲဟဲ…
သွားပြီဟေ့”
အဲလိုပြောပြီးထလစ်မလို့လုပ်တယ်။

“နေပါဦး…မင်းတို့ကဒီအတိုင်းပြန်မှာလား ဘာမှပါမလာဘူးလား ငါလိုက်ပို့မယ်လေ”
“နေပါစေကွာ ပို့မနေပါနဲ့ ရပါတယ် ဘာမှမပါဘူးဆိုပေမယ့်ငါတို့မှာခြေတောက်တစ်ယောက်၂ချောင်းစီ
ပါကြတယ်လေ အဲဒီခြေတောက်နဲ့ပဲပြန်မှာပေါ့ ဒီနားလေးတင်ကို…ကဲ..နောက်မှတွေ့ကြတာပေါ့”
နှစ်ကောင်သားထွက်သွားတော့မှကျနော့်မှာ ရယ်ချင်ချင်ဖြစ်ရသေး
ကိုယ့်စကားကိုကိုယ်ပြန်ရယ်ချင်တာပါ လိုက်ပို့မယ်လို့သာလျှောက်ပြောတာ ဒီကောင်တွေသိပါတယ် ကျနော့်မှာလည်းစီးစရာဆိုလို့မွေးကတည်းကပါလာတဲ့
ခြေတောက်နှစ်ချောင်းပဲရှိတာ..။
……………
ခဏကြာမှကမ္ဘာပျက်တော့မယ်ဆိုတဲ့အကြောင်းပြောပြဖို့သတိရလိုက်တယ် လှမ်းကြည့်လိုက်တော့ ခပ်ဝေးဝေးကိုရောက်နေကြပြီ
မျိုးချစ်နှစ်ကောင်သား သူ့ကျွန်ခံဖို့(တစ်နည်း)အပေးအယူလုပ်ဖို့ ရင်ဘတ်ကြီးကော့လို့ ခေါင်းကြီးမော့လို့..ခြေလှမ်းကျဲကြီးတွေနဲ့
လျှောက်သွားကြလေရဲ့ ။ ။
.............
သူငယ်ချင်းsweetpeonyနဲ့မနှင်းတို့tagကြွေးခုထိမဆပ်နိုင်သေးပါဘူး
ကျနော်ဆိုတဲ့ကောင်ကလည်းtagထားတဲ့ခေါင်းစဉ်နဲ့အညီပိုစ်တစ်ခုဖန်တီးနိုင်လောက်အောင်
စာမရေးတတ်ပါ ကျနော့်အားနည်းချက်ပါပဲ
ရေးထားသမျှစာတွေကလည်းသိတဲ့အတိုင်းရောက်ရာပေါက်ရာလျှောက်လျှောက်ရေးတာ
တွေချည်းပါ “ရောက်ရာပေါက်ရာ”ဆိုတဲ့စကားကိုလည်း “ရောက်တဲ့နေရာ ပေါက်တဲ့လူ”ဆိုပြီး
အဓိပ္ပါယ်လွဲမကောက်စေချင်ပါဘူး ကျနော်အဲလိုကောင်မျိုးမဟုတ်ရပါဘူး
ခင်လို့tagကြတာမို့ဝမ်းသာရပါတယ် မဆပ်နိုင်သေးတဲ့အတွက်
လည်းအထူးတောင်းပန်ပါတယ်...

ကမ္ဘာကြီး..သို့

“မင်္ဂလာပါကမ္ဘာကြီး ကောင်းသောနေ့/ညပါ”

ခင်ဗျားကိုခြေစုံချနင်းပြီး လူလုပ်လာခဲ့တာပဲ အနှစ်၂၀ကျော်သွားပြီ ခုမှပဲခင်ဗျားကို တခုတ်တရနှုတ်ဆက်ဖြစ်တော့တယ်၊
ကျနော့ကောင်မလေးကိုခင်ဗျားသိပါတယ်နော် ကျနော့ကိုစိတ်ကောက်တိုင်း ကြားက ဘာမဆိုင်ညာမဆိုင်ခင်ဗျားကို ခြေတောက်နဲ့
ဆောင့်ဆောင့်အောင့်အောင့်နင်းတတ်တဲ့ကောင်မလေးလေ၊ အဲဒီအတွက်ကျနော်တောင်းပန်တယ်ဗျာ ကောင်မလေးကိုခွင့်လွှတ်ပေးပါ မလိမ်မိုး မလိမ္မာလေးမို့လို့ပါ။

ကမ္ဘာကြီးရေ…..
ကျနော့ကိုတချို့က“ဆန်ကုန်မြေလေး”တဲ့ဗျာ ၊ ဆန်ကုန်ဆိုတဲ့စကားကိုကျနော်လက်မခံနိုင်ဘူး၊ ကျနော်အခုနောက်ပိုင်းအစားနည်းလာတယ်ဗျ (အစားနည်းလာတယ်ဆိုတော့ အသောက်တော့များလာမှာပေါ့ဆိုပြီးစောဒကမတက်နဲ့လေဗျာ အသောက်ကိုလည်းခုံခုံမင်မင်မရှိလှပါဘူး) တစ်ရက်ကိုထမင်း၂နှပ်စားတယ်ဗျာ စားတိုင်းလည်းတစ်ပန်းကန်ထက်မပိုဘူးဗျာ
အဲဒါနဲ့များတောင်ကျနော့်အတွက်ဆန်က အတော်ကုန်ရသတဲ့လား ..၊ မဖြစ်နိုင်တာနော်..

အခုရှင်းချင်နေတာက “မြေလေး”ဆိုတဲ့စကားပဲ
ကျနော့ကိုကျောပေါ်တင်ပြီးမထမ်းဖူးဘဲနဲ့များ blindကြီး“မြေလေး”လို့ပြောတဲ့လူတွေကိုမကျေနပ်ဘူး
ကျနော်တစ်ကယ်လေး မလေးကိုနှစ်တွေအကြာကြီးကျနော့ကိုထမ်းလာခဲ့တဲ့ ခင်ဗျားပဲအသိဆုံးဖြစ်မှာ
ကဲ…မှန်မှန်ဖြေဗျာ… အားမနာနဲ့ “ကျနော်လေးသလား”??
လေးတယ်ဆိုလည်း ခုကစပြီးကိုယ်ဖေါ့နေတော့မလို့

ကြုံတုန်းလူတစ်ယောက်အကြောင်းခင်ဗျားကိုပြောပြချင်သေးတယ်ဗျ
အဲဒီလူဟာ ကျနော့အရင်ခင်ဗျားဆီကိုနှစ်ပေါင်း၄၀ကျော်ကတည်းကကြိုရောက်နှင့်နေတဲ့
ကမ္ဘာသားအဟောင်းကြီးပါ ၊ အဘိုးကြီးပေါ့ဗျာ။
ဘယ်နေ့အင်္ဂါဂြိုလ်က လာခေါ်မလဲစောင့်နေရတာ ၊ လိန်ဖယ်လိန်ဖယ်နဲ့ပေါ့။
အဘိုးကြီးဆိုပြီးလျှော့တော့မတွက်နဲ့နော် ပေါက်တတ်ကရအရမ်းလုပ်တာ တိုက်ပေါ်မှာလှမ်းထားတဲ့ကောင်မလေးတွေရဲ့
အတွင်းခံဘောင်းဘီကို ခိုးခိုးပြီးအခန်းထဲအမြဲထည့်တယ် ဘာလုပ်တာလဲမသိဘူး

ကျနော်နဲ့ကအခန်းသပ်သပ်စီဆိုတော့ဘယ်သိမှာလဲဗျ ကောင်မလေးတွေပြန်ပြောပြလို့သိရတာ
သူတို့ခဏခဏမိတယ်တဲ့ ဘောင်းဘီခိုးတာ၊ ဒါပေမယ့်ဘာမှမပြောရဲကြဘူး အဲလိုဘောင်းဘီခဏခဏပျောက်လာတော့
ကောင်မလေးတွေခမျာ ရေစိုနေတဲ့ဘောင်းဘီတောင်အခန်းထဲထည့်လှမ်းရရောဗျိုးး အခန်းထဲထည့်လှမ်းတော့ ဘောင်းဘီကမခြောက် ဘောင်းဘီကမခြောက်တော့ဝတ်လို့မရ ဝတ်လို့မရတော့ဒီအတိုင်းကြီးနေရ ဒီအတိုင်းကြီးနေရတော့
အဲ…အဲ… ဘယ်လိုဖြစ်လဲဆိုတာသူတို့ပဲသိမယ် ကျနော်မပြောပြတတ်ဘူး ။

တနေ့တော့ဗျာ
Titanicကားဟောင်းကြီးအလွမ်းပြေကျနော်ထိုင်ကြည့်နေတုန်းအဲဒီအဘိုးကြီး ကျနော့အခန်းထဲဝင်လာတယ်
ပြီးတော့ခပ်တည်တည်နဲ့ထိုင်ကြည့်တယ် (ခပ်တည်တည်ထိုင်မကြည့်လို့ မဲ့ရွဲ့ပြီးထိုင်ကြည့်ရမှာလားဆိုပြီး မမေးနဲ့လေဗျာ ကျနော်လည်းမဖြေတတ်ဘူး)
ခဏကြာတော့ ကျနော့ကိုပြောတယ် အသံနည်းနည်းချဲ့ပါတဲ့ ဇာတ်ကားကြည့်တယ်ဆိုတာ စကားသံကြားရမှနားလည်မှာပေါ့တဲ့ အဲဒီအဘိုးကြီးစာတစ်လုံးမှမတတ်ဘူးနော် ဒါပေမယ့် ကျနော်အသံချဲ့ပေးလိုက်ပါတယ် ။

အခွေကြည့်နေရင်းဘာပြောတယ်မှတ်လဲ အဲဒီတရုတ်မင်းသမီးတော်တော်လှတယ်နော်တဲ့
ကျနော်တောင်ကြောင်သွားတယ် kate winsletကိုဘယ်တရုတ်မနဲ့သွားမှားနေလဲမသိဘူး
ခဏကြာတော့ ကျနော်စုထားတဲ့CDတွေကို တစ်ချပ်ချင်းလိုက်ကြည့်တယ် အဲဒီထဲကတစ်ချပ်ကိုရွေးပြီး “ဒီကားပြပါလား”တဲ့
ကျနော်တော်တော်စိတ်ညစ်သွားတယ် တိုက်တန်းနစ်ကဖြင့် တိုက်နေရင်းတန်းလန်းရှိသေး မနစ်ရသေးဘူး ဒါပေမယ့်အဘိုးကြီးဆိုတော့(ကမ္ဘာ့လူဟောင်းကြီးဆိုတော့)ဦးစားပေးတဲ့အနေနဲ့ ဖွင့်ပေးမလို့ကျနော်လှမ်းယူလိုက်တယ် ...

ဒါပေမယ့် သူရွေးလိုက်တဲ့အခွေက ဇာတ်လမ်းခွေမဟုတ်ဘူး သီချင်းခွေဖြစ်နေတယ်
သိတဲ့အတိုင်းပဲလေ Mariah careyအခွေကာဗာမှာ သရုပ်ဖေါ်ထားတဲ့အပုံကလန်ထွက်နေတယ် အဘိုးကြီးကကော့ကော်လန်ကားအခွေထင်သွားတာပေါ့ တော်တော်ကြီးရှင်းပြလိုက်ရတယ် အဲလိုရှင်းပြတော့ ကျနော့ကိုဘာပြန်ပြောတယ်မှတ်လဲ “သီချင်းဆိုဖွင့်မနေပါနဲ့တော့ အဲလိုသီချင်းမျိုးငါလည်းဆိုတတ်တတ်ပေါ့”တဲ့ အံ့ရောဗျာ။

ပြီးတော့ကျနော့်ကိုမေးတယ် “ဟိုအခွေမရှိဘူးလား”တဲ့
ကျနော်ကလည်းပြန်ပြောတယ် “ဟိုအခွေမရှိဘူး”လို့
“ဟိုအခွေအရင်ကရှိပါတယ်”
“ဟိုအခွေကို ဟိုအရင်ကတည်းက ဟိုကောင်ယူသွားပြီလေ”
ကျနော်အဲလိုပြန်ပြောတော့အဘိုးကြီးနဖူးကြောရှုံ့လာတယ် တစ်လက်စတည်းဆက်မေးတယ်
“ဟိုအခွေကို ဟိုကောင်ကဘာကိစ္စယူသွားတာတုန်း”
“ဟိုကောင်က ဟိုကကောင်တွေနဲ့အတူကြည့်ဖို့ယူသွားတာပေါ့”
“ဘယ်ကိုယူသွားတာလဲ”
“ဟိုကိုယူသွားတာပေါ့”
မေးရတာကိုအဘိုးကြီးမောလာပုံရတယ်ဗျ စကားကလည်းဘယ်မှမရောက်ဘူးကိုး၊ ဒါပေမယ့်မလျှော့သေးဘူးဆက်မေးတယ်
“ဟိုကောင့်ကိုဖုန်းဆက်ပြီးအခွေပြန်ပို့ခိုင်းပါလား”တဲ့..
“ဟိုကောင့်ဖုန်းက ဟိုးအရင်ကတည်းက ဟိုနံပါတ်မဟုတ်တော့ဘူးလေ ပြောင်းသွားပြီ”လို့ကျနော်ပြောလိုက်တော့
အဘိုးကြီးအကြီးအကျယ်စိတ်ညစ်သွားတယ် ။

လာလာချည်သေးနော်.. သူကအဲတော့မှစိတ်ညစ်တာ ကျနော်စိတ်ညစ်တာဖြင့်ကြာလှနေပြီ အခန်းထဲကိုသူဝင်လာကတည်းကပဲ ကျနော့အရင် ကမ္ဘာပေါ်ကိုဦးပြီးရောက်တဲ့လူဟောင်းကြီးမို့လို့သာအလိုက်အထိုက်ဆက်ဆံနေရတာ လူကိုမရိုသေသည့်တိုင်အသက်ကိုတော့ရိုသေရမယ်လေဗျာ ဟုတ်ဘူးလား ကြည့်ရတာစိတ်ညစ်လာရင်ခေါင်းကုတ်တဲ့အကျင့်ကိုလူမျိုးဘာသာမရွေး
လုပ်ကြတယ်နဲ့တူပါတယ် မြန်မာမဟုတ်တဲ့အဘိုးကြီးက စိတ်ညစ်ညစ်နဲ့မယားတဲ့ခေါင်းကိုကုတ်တယ်
ကုတ်တယ်ဆိုတဲ့နေရာမှာလည်းအကြမ်းပတမ်းကြီးတော့မကုတ်ရဲဘူးပေါ့ သူခေါင်းကဆံပင်တွေကအားလုံးပေါင်းမှအချောင်းတစ်ရာမကျော်တော့ဘူးကိုး
အချောင်းတစ်ရာမကျော်တဲ့ဆံပင်ကိုအကြမ်းပတမ်းကုတ်ရင်ကျွတ်ကုန်မှာကိုး
ကျွတ်ကုန်ရင်လည်းနဂိုပြောင်နေတဲ့နဖူးက ထပ်ပြောင်မှာကိုး..။
...................

ကျနော်အခုလိုစကားတွေအရှည်ကြီးပြောနေရတာအကြောင်းရှိလို့ဗျ
အဲဒီအဘိုးကြီးကရော “ဆန်ကုန်မြေလေး”ပဲလားဆိုတာ ခင်ဗျားကိုမေးချင်လို့
ခင်ဗျားက ကိုယ်တိုင်ကိုယ်ကျထမ်းဖူးသူဆိုတော့ပိုသိမှာပေါ့
ကျေးဇူးပြုပြီးကျနော့ကိုဖြေကြားပေးပါ ဘာမှတော့အရေးမကြီးပါဘူး ဖြေချင်မှလည်းဖြေပါ
အဘိုးကြီးတောင်မှ အင်္ဂါဂြိုလ်ကလာခေါ်လို့လိုက်သွားတာကြာပေါ့ ။

ကမ္ဘာကြီးရေ ခင်ဗျားအခုတလောတော်တော်ချူချာလာတယ်နော်
ဆူနာမီဖြစ်လိုက် ငလျင်လှုပ်လိုက်နဲ့ သေလိုက်တဲ့လူတွေလည်းမနည်းဘူး
၂၀၁၂ရုပ်ရှင်ကြော်ငြာကိုကြည့်ပြီးကျနော်ဖြင့်လန့်သွားတာပဲဗျာ
ကျနော်သိပါတယ် ခင်ဗျားအိုနေပါပြီ ၊
အင်း… oldရခြင်းဒုက္ခ hurtရခြင်းဒုက္ခ dieရခြင်းဒုက္ခ
ကမ္ဘာကြီးဖြစ်တဲ့ခင်ဗျားတောင်မလွတ်ဘူးကိုး အဲ..အဲ.. dieတော့ မdieလိုက်နဲ့ဗျာ ခင်ဗျားမရှိရင် ဟာလာဟင်းလင်းကြီးထဲဘယ်နားခြေသွားချရမှန်းကျနော်တို့သိမှာမဟုတ်ဘူး ဘာပဲပြောပြောကျန်းမာရေးတော့ဂရုစိုက်ဖို့မှာချင်တယ်။
……………………

ကမ္ဘာကြီးရေ!!!
ခင်ဗျားအတွက်သတင်းကောင်းပဲ
ခင်ဗျားမွှန်နေမှာစိုးလို့ ကျနော်ဆေးလိပ်ဖြတ်တော့မယ်
………………
ကမ္ဘာကြီးရေ!!!
ဒါပါပဲ ကျနော်လည်းအိပ်တော့မယ်
Good nightနော်
မက်သောအိပ်မက်လှပါစေနော်..
အဲ..အဲ… ခင်ဗျားအိပ်မက်ကောမက်တတ်လို့လားဗျာ အိပ်ကောအိပ်ရဲ့လား စကြာဝဠာဟာလာဟင်းလင်းကြီးထဲငုတ်တုတ်ပဲအမြဲထိုင်နေတာလား.. ပျင်းစရာကြီးဗျာ ။ ။
..........................

photoshopဖြင့်ဖန်တီးထားခြင်းသာဖြစ်ပါကြောင်း
မူရင်းပုံကိုဤနေရာတွင်ကြည့်နိုင်ပါကြောင်း :)

လမ်းလွဲသူ

အဘိုးကျနော့ကို မှတ်ချက်ပေးဖူးတယ် (commentပေါ့လေ)
onlineက home-pageမှာမဟုတ်ပါဘူး အပြင်ဘဝက home-pageမှာပါ ။
“ဒီကောင် လမ်းမယူဘူး”တဲ့
ဒီကိစ္စကိုအဘိုးနားလည်အောင် ပြန်ရှင်းပြဖို့ခက်ပါတယ်
ပြောရမယ်ဆိုရင် လမ်းကလည်း ဒီကောင့်ကိုမှမယူတာကိုး ။
……………….
ငယ်ငယ်ကပေါ့….
ကျောင်းကအပြန် အိမ်ရောက်တော့ အဘိုးကမေးတယ်
“မိုးဘာကြောင့်ချိမ်းလဲ သိလား”
“ဟုတ်ကဲ့ အဘိုး သိပါတယ်”
အဘိုးက အလွန်အားရကျေနပ်သွားတဲ့အပြုံးမျိုးနဲ့ မိန့်မိန့်ကြီးပြုံးပြီး..
“ကဲ…ဒါဆိုလည်းပြောစမ်းကွာ”
“ဟုတ်ကဲ့.. မိုးပေါ်ကနတ်တွေက တိုင်ကီအလွတ်တွေကို ပတ်လှိမ့်ပြီးကစားနေကြလို့ တဒုန်းဒုန်း တဂျိမ်းဂျိမ်းနဲ့ ကောင်းကင်မှာဆူညံနေရတာပါ”
“ဟေ”
(အဘိုးရဲ့ အဲဒီ“ဟေ”ဆိုတဲ့အသံဟာ တော်တော်ကျယ်ပါတယ်)

“နတ်တွေဟာ ကောင်းကင်မှာနေတော့ နေနဲ့ပိုနီးတယ်လေ ကျနော်တို့ပူတာထက် သူတို့ကပိုပူတာပေါ့
မိုးရာသီလည်းရောက်ရော နတ်တွေအပျော်လွန်ပြီး အဲလိုတိုင်ကီအလွတ်တွေနဲ့ဆော့လို့ မိုးချိမ်းသံဖြစ်လာရတာပါအဘိုး”
“အဲဒါဆိုရင်ကွာ မိုးခြိမ်းသံကြားတာနဲ့ မိုးကြိုးပစ်မှာကြောက်ပြီး မင်းဘာလို့အိမ်ထဲဝင်ဝင်ပြေးရတာလဲ မင်းပြောတော့တိုင်ကီတွေဆို”

“ကျနော် မိုးကြိုးပစ်မှာကြောက်တာမဟုတ်ဘူးအဘိုးရ တိုင်ကီခွံအလွတ်တွေ ခေါင်းပေါ်ပြုတ်ကျလာမှာကြောက်လို့အိမ်ထဲဝင်ပြေးတာ”
“ဟေ”
ဒီ“ဟေ”ကတော့ စောစောက“ဟေ”ထက် အသံအားရော အရှည်အားပါနှစ်ဆတိတိပိုပါတယ်။
အဘိုးမျှော်လင့်ထားတဲ့အဖြေက မိုးတိမ်ထဲကလျှပ်စစ်ဓါတ်တို့ရဲ့ရုန်းကန်မှုတွေ လေထုရဲ့အပူတွေ စိုထိုင်းမှုတွေကိုပါ
ရလာတဲ့အဖြေကဘယ့်နှာကြီးမှန်းမသိ ၊ အံ့သြမှင်သက်စွာနဲ့ ဟထားမိတဲ့ပါးစပ်ကို ကိုယ်တိုင်ပြန်ပိတ်ဖို့အဘိုးမေ့နေ
တုန်းမှာပဲ ကျနော်က အဝတ်အစားလဲပြီး လမ်းပေါ်ထွက်လာခဲ့ပါပြီ ။
…………………
ပြောရမယ်ဆိုရင် ထော်လော်ကန့်လန့်ကြီးတွေနဲ့ ကျနော်လူလားမြောက်ခဲ့ပါတယ်
(“လူလားမြောက်”ဆိုတဲ့စကားကိုသိပ်မကြိုက်ပါ ၊ ဘယ့်နှယ့်လူက လားသွားမြောက်ရမှာတုန်း ကျနော်တွေ့ဖူးတဲ့“လား”တွေက လည်ပင်းခပ်ရှည်ရှည်တွေ ထားတော့)

တနေ့… သူငယ်ချင်းတစ်ယောက်ကညဉ်းတယ် …..
“ခုထိရည်းစားမရသေးဘူး စိတ်ညစ်လိုက်တာကွာ ဟိုတစ်ယောက်ကလည်း ငါ့ကိုမတူသလိုလို မတန်သလိုလိုနဲ့ နောက်တစ်ယောက်ကလည်း ငါ့ကိုလူ့ပေါက်ပန်းတဲ့ ပြန်မကြိုက်ချင်လို့ရမယ်ရှာနေကြတာပါ ကောင်မလေးတွေ မလွယ်ပါဘူးကွာ”
“ဘာမှမပူနဲ့ဟေ့ရောင် ငါ တဘောင်တစ်ခုကြားထားတယ် တဘောင်စကားဆိုတာမျိုးက သိပ်မှန်တာနော်”
“လုပ်စမ်းပါဦး မင်းရဲ့တဘောင်က ငါ့ကိုစော်တွေဘယ်တော့ကြည်မယ်ဆိုတာမျိုးပါလား”

ကျနော်က ဆရာကြီးအသံနဲ့ဆက်ပြောတယ်….
“ဒီလိုကွ…တနေ့ကျရင် ဟောဒီကမ္ဘာမှာ ယောင်္ကျားတွေဟာ အလွန်ရှားသွားလိမ့်မယ်တဲ့ ကမ္ဘာ့လူဦးရေရဲ့ ငါးပုံလေးပုံဟာ မိန်းမတွေတဲ့ အဲဒီအချိန်ကျရင်
ယောင်္ကျားတွေဟာ မိန်းမတွေကိုမြင်တာနဲ့ပုန်းနေရရောတဲ့။ တချို့ကလည်းထွက်ပြေးကြတယ်
မိန်းမတွေက အုပ်နဲ့သင်းနဲ့အနောက်ကလိုက်ပေါ့

ယောင်္ကျားဆိုတဲ့ကောင်က ကြောက်ကြောက်လန့်လန့်နဲ့သစ်ပင်ပေါ်တက်ပြေး
တော့ မိန်းမအုပ်ကြီးက အောက်ကနေ ဝါးလုံးနဲ့လှမ်းထိုးတယ် အဲဒီဝါးလုံးက ယောင်္ကျားကိုလှမ်းထိတယ်ဆိုရင်တောင် အဲဒီဝါးလုံးကို ဝမ်းပန်းတသာနဲ့ မိန်းမတွေက ကရမက်နံ့သာအမှတ်နဲ့ မက်မက်စက်စက်ကြီးရှိုက်နမ်းကြရတော့တာ ယောင်္ကျားတစ်ယောက်ကို ကာမပိုင်လင်အဖြစ်ပေါင်းသင်းချင်ရင်လည်း မိန်းမတွေအချင်းချင်း သတ်ကြရတယ်တဲ့”

“အဟေးဟေးဟေး”
ကျနော့စကားတောင်မဆုံးသေးဘူး ၊ သူငယ်ချင်းကသဘောတွေခွေ့ပြီးရယ်နေတယ်။ တစ်ဆက်တည်းမှာပဲ..
“ငါ့ကိုမတူသလိုလို မတန်သလိုလိုလုပ်တဲ့ကောင်မနဲ့ လူ့ပေါက်ပန်းလို့ပြောတဲ့ကောင်မတွေ ငါ့ကိုလိုချင်လွန်းလို့ မိုက်တိုင်စန်လို
နားရွက်တွေကိုက် ရွေဓူဝံလိုလက်သီးတွေထိုး၊ ဒေါ်ဘုမလို ဆံပင်တွေဆွဲ ပါးတွေရိုက်ပြီး ဖက်သတ်ကြမှာမြင်ယောင်သေး အဟေးဟေး ကောင်းရောကွာ ဒါနဲ့ မင်းရဲ့တဘောင်က ဘယ်တော့လောက်ဖြစ်မှာလဲ”

“မကြာပါဘူး မသကာရှိလှ မင်းရဲ့နောက်တစ်ဘဝပေါ့”
“အာ.... မင်းဟာကြီးကလည်းကွာ”
“ငါ့ဟာကြီးမဟုတ်ဘူးကွ သူများဟာကြီး သူများဆီကကြားလာတာ”
အားမလိုအားမရသံနဲ့ကျနော့သူငယ်ချင်းစိတ်ညစ်သွားပါတယ်၊ စိတ်ညစ်တော့လည်းမြန်မာဗွီဒီယိုတွေထဲကလို မယားတဲ့ခေါင်းကိုကုတ်ပါတယ်၊ နောက်ဘဝကျ မိန်းမဖြစ်နေရင်ပြဿနာပဲလို့လည်း တွေးနေမှာပေါ့

တဘောင်စကားမှန်တာနောက်မှထား လောလောဆည်တော့ ကျနော့စကားက တော်တော်လေးပျံ့သွားလို့ ကောင်မလေးတွေတော်တော်များများ ကျနော့ကိုမခေါ်ကြတော့ဘူး တစ်ယောက်ကပြောတော့ “သောက်ညင်ကပ်သွားလို့”တဲ့။
…………………..
ကလေးတွေပုံပြင်ကြိုက်တာတော့လက်ခံပါတယ် ဘယ့်နှယ့်လူကြီးကပုံပြင်ကြိုက်နေရတာတုန်း
ကျနော်တို့ရပ်ကွက်ကလူပျိုကြီးပေါ့ ၊ အလှူတစ်ခုမှာဝိုင်းလုပ်နေတုန်း ကျနော်တို့လူငယ်တွေ
ဝိုင်းထဲဝင်ထိုင်ပြီး ပုံပြင်တစ်ပုဒ်စီပြောခိုင်းနေတယ် ဒီလူပျိုကြီးက ကျနော်တို့လိုလူငယ်တွေနဲ့လည်း ပနံသင့်တာပါပဲ။

ကောင်မလေးတွေရှိနေတာကိုအခွင့်ကောင်းယူပြီး ဝက်ခြံများများ နှာခေါင်းနီနီနဲ့အကောင်တစ်ကောင်က လွမ်းမောဖွယ်ရာရှေးဟောင်း အချစ်ပုံပြင်တစ်ပုဒ်ကို အားရပါးရပြောပြတယ် အချစ်သူရဲကောင်းကြီးစတိုင်နဲ့ပေါ့လေ။ ဒီနေရာမှာဝိုင်းကူလုပ်စရာတွေကလည်းပြီးကုန်ပြီဆိုတော့ အားလုံးပဲ ရေနွေးကြမ်းသောက် လက်ဖက်လေးစားပြီးအေးအေးဆေးဆေးနားထောင်နေကြတာပေါ့ ၊ အချစ်ပုံပြင်ပြီးတော့ လူပျိုကြီးက “အင်း….အလွမ်းရသတစ်ခုကိုငါရလိုက်တယ်”တဲ့၊

အဲဒီနောက် ပိန်စုတ်စုတ် အကောင်တစ်ကောင်က သူငယ်ငယ်က စွဲလမ်းခဲ့ဖူးတဲ့ နဂါးကြီးနဲ့ယှဉ်ပြိုင်တိုက်ခိုက်တဲ့သူရဲကောင်းကြီးတစ်ဦးရဲ့ပုံပြင်ကိုပြောပြပြန်တယ် ရင်ဘတ်ကြီးကော့ပြီး ဟန်ပါပါနဲ့ပြောတာပေါ့။ ဇာတ်လမ်းပြီးတော့ လူပျိုကြီးက commentပေးပြန်တယ်
“ဒါဟာဝီရ ရသဆိုတာပဲ”တဲ့။

ကျနော့်အလှည့်ရောက်လာပါတယ် ။ အရင်ဆုံးလည်ချောင်းရှင်းဟန်နဲ့
“အဟမ်း အဟမ်း”လို့အသံပြုလိုက်တယ်
ကျနော့ရဲ့တဘောင်စကားကြောင့် ကျနော့ကိုမကျေမနပ်ဖြစ်နေကြတဲ့ ကောင်မလေးအချို့ မျက်စောင်းလေးတွေကို လှမ်းပစ်ကြပါတယ်၊ ပစ်တိုင်းလည်းကျနော့ကိုထိပါတယ်။

“…..ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာအလွန်ချောမောလှပတဲ့လုံမပျိုလေးတစ်ယောက်ရှိသတဲ့ ၊ အဲဒီလုံမပျိုဟာခဏခဏလည်းလေလည်တယ်တဲ့။ အတောမသတ်လေလည်တတ်လွန်းလို့ ညညဆိုရင် အိမ်ကို ကာလသားတွေလာလည်ရင် အမြဲစိတ်ညစ်ရပါတယ် အောင့်ထားရတာကိုး မအောင့်ရင်လည်းနံတော့မှာကိုး ၊ သူလည်တဲ့လေက ပါးစပ်နဲ့လည်တဲ့
“အေ့ အေ့”ဆိုတဲ့လေကိုပြောတာမဟုတ်ဘူးနော် ပါးစပ်မဟုတ်တဲ့ဟာနဲ့လည်တဲ့
“ဘူ ဘူ”ဆိုတဲ့လေကိုပြောတာ”

ပြောပြီးကျနော့ဘာသာကျနော်ပဲရှက်သလိုလိုဖြစ်လိုက်သေးတယ် ဘယ့်နှယ့် ဟိုကထွက်တဲ့အသံကို ငါ့ပါးစပ်ကနေအသံတူလိုက်လုပ်ပြနေမိပါလိမ့်။
ကျနော့ပုံပြင်အပျိုးက သိပ်မဟန်လောက်ဘူးလို့ကောင်မလေးတွေရိပ်မိကြမှာပါ ဒါပေမယ့် ထမသွားဘဲဆက်နားထောင်နေကြတယ် (သောက်ညင်ကပ်ကပ်နဲ့ပေါ့)

“တနေ့ကျတော့တဲ့ သူ့ဆီကို ရွာက လုလင်ပျိုလေးတစ်ဦးက အလည်လာမယ့်အကြောင်းသတင်းကောင်းပါးသတဲ့ လုလင်ပျိုက
ယောင်္ကျားတို့တတ်အပ်တဲ့အဋ္ဌာရသ ၁၈ရပ်ကို ထုံးလိုကြေ ရေလိုနှောက်တတ်ကျွမ်းတဲ့အပြင်
မကြာခင်မှာပဲ မင်းနေပြည်တော်ကြီးကိုသွားပြီး ရာထူးကြီးကြီးနဲ့ အမှုတော်ထမ်းဦးမယ့်လူပျိုပေါ့။ ယောင်္ကျားပီပီသသနဲ့ရုပ်ကလည်းချော ပညာကလည်းတတ်ဆိုတော့ အဲဒီလုလင်ပျိုရဲ့နာမည်ကို သားကြီးလို့ပဲဆိုပါစို့”

ကောင်မလေးများ သောက်ညင်ကပ်ပြီးရင်းထပ်ကပ်ရပြန်ပါတယ် ။(သူတို့မို့မမောနိုင်မပန်းနိုင်)
“အဲဒါနဲ့ လုလင်ပျိုလာလည်မှာကို ဝမ်းသာလုံးဆို့ပြီးလုံမပျိုလေးကပျော်နေလေသတဲ့ကွယ်”
“အဲဒီလုံမပျိုနာမည်ကရော အိုဂွက်ထော်လား”
“အိုဂွက်ထော်တော့မဟုတ်လောက်ဘူး မယ်လေဖြန်း ပဲဖြစ်ရမယ်”
ကောင်မလေးနှစ်ယောက်ကဝင်နောက်တော့ အားလုံး“ဝါးကနဲ”ဝိုင်းရယ်ကြတယ်။

ကျနော်ကတော့ခပ်တည်တည်ပဲ…
“လုံမပျိုလေးပျော်တာကနောက်မှ လေလည်တာကိုလည်းမအောင့်နိုင်ရှာဘူးတဲ့ အဲဒါနဲ့ကြံရာမရတဲ့အဆုံး သူ့မောင်လေးကိုခေါ်ပြီးလုံမပျိုလေးကပြောသတဲ့ မောင်လေးပေါ့ ဒီည သားကြီးလာလည်ရင်အစ်မအနားမှာနေပေးပါ အစ်မလေလည်ရင် မောင်လေး လေလည်တယ်ဆိုပြီးအပြစ်တင်သလိုနဲ့ပြောမလို့ အစ်မအဲလိုပြောရင်မောင်လေးဘာမှပြန်မပြောဘဲငြိမ်ငြိမ်နေ၊ အဲလိုနေပေးရင် နက်ဖြန်မောင်လေးကို မုန့်စိမ်းပေါင်းတစ်ဝ ဝယ်ကျွေးမယ်လို့စည်းရုံးတယ်

အဲဒါနဲ့လုံမပျိုရဲ့မောင်လေးကလည်းသဘောတူလိုက်တယ်
ညရောက်တော့ ကိုယ်ရောင်ကိုယ်ဝါတောက်ပြောင်လွန်းလှတဲ့ သားကြီးက ကျောက်စီဓါးကိုလွယ်ပြီးစီးတော်မြင်းနဲ့အတူ
ရောက်လာခဲ့သတဲ့ ပြီးလည်းပြီးရော အိမ်ပေါ်တက်ပြီး အပျိုလူပျိုစကားလေးတွေဖလှယ်ကြတာပေါ့ကွယ် အလယ်မှာရေနံဆီမီးခွက်ကြီးထွန်းလို့ပေါ့ စကားကောင်းနေလိုက်ကြတာ ညဉ့်တော်တော်နက်သွားတယ် လုံမပျိုလေးက လေမလည်ဘဲစကားကောင်းနေသတဲ့ ..

မောင်လေးဖြစ်သူကလည်းအစ်မအနားမှာထိုင်ပြီးအရမ်းငိုက်နေပြီ နောက်ဆုံးလုံးဝမအောင့်နိုင်တော့တာနဲ့ အစ်မဖြစ်သူကို ကလေးပီပီ ပြောလိုက်သတဲ့..
အစ်မ…အစ်မအီးပေါက်မယ်ဆို မြန်မြန်ပေါက်လေဗျာ ကျနော်အိပ်ငိုက်နေပြီတဲ့ ကဲ ပုံပြင်လေးကတော့ ဒါပါပဲ”
ကျနော်ထွက်လာတော့ ရယ်သံတွေက အတော်မစဲဘူး အနောက်မှာကျန်ရစ်တယ် လူပျိုကြီးလည်း ဘာရသ ရသွားမလဲမသိဘူး သူရလိုက်တဲ့“ရသ”ကရော နည်းနည်းနံနေမလားမသိဘူး ။
………….
အဘိုးပြောသလိုပဲ…
လူကသာကြီးပြင်းသွားတာ (“ကြီးပြင်း”နော် “ကြီးပျင်း”မဟုတ်ဘူး စာလုံးပေါင်းမှားမှာစိုးလို့)
လမ်းရယ် ကျနော်ရယ်က ခုထိမယူဖြစ်ကြသေးဘူး
လမ်းကလည်းကျနော့ကို “ဟင့်အင်း”ပဲ ။
ကျနော်ကလည်းလမ်းကို “yes, I do”လို့ပြောဖို့ငြင်းဆန်နေတုန်း ။

ဝက်ဝံကလေးရဲ့တဂ်



“မစားရတဲ့အမဲ သဲနဲ့ပက်”ဆိုတာ သားကြီးတို့လိုကောင်မျိုးကိုပြောတာဖြစ်မယ်
အခုပဲကြည့် ကိုယ့်ရည်းစားမဟုတ်တိုင်း လုပ်ထားလိုက်တာ ရစရာကိုမရှိတော့ဘူး


မွေးကတည်းကလမ်းကိုအတည့်မလျှောက်တဲ့ကောင် ၊ မျက်နှာမြင်ရိုက်ချင်ပါစေ ဆုတောင်းပြည့်တဲ့ကောင်
ချစ်သူတစ်ယောက်ရှိရင် မုန်းသူက နှစ်ယောက်လောက်ရှိတဲ့ကောင် ။
ဝက်ဝံကလေးက ကိုယ့်ကိုအမြင်ကပ်ရသောအကြောင်းရင်းများတဲ့ ဒီအကြောင်းတွေရေးရင် ပြောမဆုံးပေါင် တောင်သုံးတောင်
ဖြစ်နေလိမ့်မယ် တခါတခါ ကိုယ့်ကိုကိုယ်တောင်အမြင်ကပ်နေပါတယ်ဆို ။
..........................
နောက်တစ်ခုက ကိုသက်တန့်ချိုကစပြီး ဝက်ဝံကလေးကအားလုံးကိုပြန်တဂ်တဲ့ အကြိုက်ဆုံးဘလော့ငါးခုအကြောင်းတဲ့
ဒီအကြောင်းကိုရေးရရင် ရှည်နေပါလိမ့်မယ် ၊ ရှည်တယ်ဆိုတာက မတိုဘူးပေါ့နော် မတိုမှတော့ရှည်ပြီပေါ့လေ။
ဒါပေမယ့် တိုတိုပဲရေးလိုက်ပါ့မယ် အကြိုက်ဆုံးဘလော့က ငါးခုမကရှိပါတယ် တစ်ခုချင်းစီပြောပြဖို့ရာခက်ခဲပါတယ်
ခက်ခဲတယ်ဆိုရင် ခေါင်းကကိုက်ရပါတယ် ခေါင်းကိုက်တယ်ဆိုရင် ဆေးက သောက်ရပါတယ် ဆေးသောက်တယ်ဆိုရင်
ပိုက်ဆံကကုန်ပါတယ် ပိုက်ဆံကုန်ရင် လူလည်းညစ်ပါတယ် လူညစ်ပြီဆိုရင်ခေါင်းကကိုက်ပြန်ပါတယ်။
ဆိုရရင် အနေအထားက မုန့်လုံးစက္ကူကပ်နေပါတယ် သေချာတာကတော့ ဘလော့တစ်ခုကြိုက်ခြင်း၊ မကြိုက်ခြင်းကို ပေးခဲ့တဲ့
ကွန်မန့်တွေအရသိနိုင်ပါတယ် အားလုံးကိုလည်း ရင်ထဲကလာတဲ့စကားနဲ့ပဲ ကျနော်မန့်ခဲ့တာပါပဲ ။

(ဝက်ဝံကလေးရေ ကျေနပ်ရဲ့လားမသိ အခုတလော စာလုံးဝမရေးနိုင်တာကိုနားလည်ပေးပါ ၊တဂ်ကြွေးနှစ်ခုစလုံးကိုဒီစာတိုတိုလေးနဲ့ပဲ ဆပ်လိုက်ပါရစေ g-talkတောင်မဝင်ဖြစ်တာကြာပေါ့ဟာ လူက တစ်ယောက်တည်းရှုပ်နေတယ်ဒီမှာ ချိတ်ချိုးပါနဲ့ဗျိုးးးး)

ပထမအပုံကိုဒီနေရာကယူပါတယ် ၊ ဒုတိယအပုံကတော့ ကိုယ့်ဘာသာကို ပြန်ပြီးလက်ဆော့ထားတာဖြစ်ပါတယ် ၊ mileyရေ မကျေနပ်ရင်လည်း အခန်းလာပြီး ရန်တွေ့လှည့်တော့ :P

အလွမ်းနက္ခတ်ငြိတဲ့နေ့

“ကောင်မလေးရေ”
“ကောင်မလေးရေ”
“အခုဆိုရင် ကောင်မကြီးဖြစ်နေပြီဖြစ်တဲ့ တခါက ကောင်မလေးရေးးးး”
...............................
ဒီနေ့ဘာနက္ခတ်နဲ့ငြိတဲ့နေ့လဲတော့မသိဘူး အိပ်ယာက ထလာကတည်းက လူကလွမ်းချင်သလိုလို ဆွေးချင်သလိုလိုကြီး
မျက်နှာသစ် သွားတိုက် အိမ်သာတက်တောင် စိတ်က ဟိုယိမ်း ဒီယိမ်းနဲ့
ဒီလောက်တောင်လွမ်းနေမှတော့ ငယ်သူငယ်ချင်းစာဥပဲဖြစ်ရမယ်လို့တော့မတွေးကြပါနဲ့ ကျနော့မှာ စာဥဆိုတဲ့သူငယ်ချင်းမရှိသလို “စာအု”နာမည်နဲ့သူငယ်ချင်းလည်းမရှိပါဘူး
အင်းး…..ပြန်ပြောရမယ်ဆိုရင်တော့..။.
……………………….
လမင်းလေးရယ် ကျနော်ရယ် ရပ်ကွက်တစ်ခုမှာအတူကြီးပြင်းခဲ့ကြပါတယ် ကျနော်ကြီးလာတာက ရိုးရိုးတန်းတန်းပါ လမင်းကတော့အဲလိုမဟုတ်ဘူး ကြီးလေ လှလေ လုပ်နေတယ်၊ အဲဒါပြဿနာပဲ မတော်ကျနော်ကချစ်မိသွားရင်တော့ ကျနော့ကို
ချည်းအပြစ်တင်လို့ရမှာမဟုတ်ဘူး အေးအေးဆေးဆေးမနေဘဲ လှသထက်လှလာနေတဲ့လမင်းကိုလည်းအပြစ်တင်ရလိမ့်မယ်
ဒီလိုကိစ္စမျိုးမဖြစ်ရအောင် အစကတည်းက မလှပါနဲ့တော့လား…။
…………
ကျနော့မှာ“တင်အောင်”ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ် ကျနော်သိထားတာက “တင်”ဆိုတာ“ဖင်”ကိုလည်းရည်ညွှန်း
ခေါ်ဝေါ်ကြတာပါပဲ အဲဒီတော့ “တင်အောင်”ဆိုတဲ့နာမည်ဟာ “ဖင်အောင်”လို့လည်းသက်ရောက်တယ်
နာမည်ကသာ တင်အောင် သူ့တင်ကဖြင့် လှလည်းမလှဘူး အောင်လည်းအောင်မယ့်ပုံမပေါ်ပါဘူး။ ထားပါတော့“တင်”ဆိုတဲ့
စကားကိုချည်းဇာချဲ့နေရင်“နှာဘူး”လို့ထင်ကုန်ကြလိမ့်မယ်..။

တနေ့ကပေါ့ ကျောင်းကားစောင့်နေတဲ့အချိန်မှာ ကျနော့သူငယ်ချင်းတင်အောင် မကောင်းတဲ့အကြောင်းကို
လမင်းလေးနဲ့သူ့သူငယ်ချင်းမနှစ်ယောက်ကျနော့ရှေ့မှာပဲ စွာကျယ်စွာကျယ်လုပ်ပြီးပြောနေတယ် ။
“အဲဒီတင်အောင် ကောင်းကိုမကောင်းဘူးသိလား လမ်းမှာတွေ့ရင်မခေါ်နဲ့ တအားညစ်ပတ်တဲ့ကောင် စကားပြောရင်လည်း သူ့စကားက ဘယ်လိုကြီးမှန်းမသိဘူး အနှောင့်အသွားမလွတ်နဲ့”
ကျနော်မနေနိုင်ပါဘူး ကိုယ့်ကိုရှေ့ထားပြီးကိုယ့်သူငယ်ချင်းမကောင်းကြောင်းပြောတဲ့ကိစ္စကြီး.. မနေနိုင်တော့လည်းဝင်ပါရတာပေါ့ (စကားထဲမှာဝင်ပါလိုက်တာကိုပြောတာပါ toiletလို့ရေးထားတဲ့ အခန်းကျဉ်းကျဉ်းလေးထဲဝင်“ပါ”တာမျိုးကိုပြောတာမဟုတ်ပါဘူး)

“တင်အောင့်စကားက အနှောင့်တွေ အသွားတွေနဲ့ဟုတ်လား အရိုးတွေ လက်ကိုင်တွေရောပါလား အဖျားကရော တော်တော်ရှည်ရှည်ပဲလား ငါတော့ စကားကိုအသံအနေနဲ့ပဲကြားဖူးတယ် နင်မို့လို့စကားကိုအနှောင့်တွေအသွားတွေနဲ့မြင်တယ်”
ကျနော့စကားဆုံးတော့ ကျနော့ကိုသုံးယောက်စလုံးဘုကြည့်ကြည့်ပါတယ် အဲဒီဘုကြည့်သုံးကြည့်ထဲက တစ်ဘုကိုကျနော်
တော်တော်စွဲသွားတယ် အကြည့်ကဖုနေတာတောင် ကျနော့လမင်းလေးလှနေတုန်းပဲကွယ်။
……………………….
ကျနော်တို့ရပ်ကွက်မှာ ဆိုက္ကားဆရာ ကိုတွတ်နီဆိုတာရှိပါတယ် ပုလင်းဖင်လောက်ထူတဲ့မျက်မှန်နဲ့ စာလည်းအရမ်းဖတ်တယ်
ခက်တာက သူဖတ်တဲ့စာတွေက တရုတ်သိုင်းဝတ္ထုအများစု ၊ ကျနော်ငယ်ငယ်ကဆို သူဖတ်တဲ့စာအုပ်တွေကြည့်ပြီး ဒီလူကြီး သိုင်းတော့တတ်မှာပဲလို့ထင်ခဲ့တယ်။ ခက်တာက သူ့ပုံစံက သိုင်းလောကသားရုပ်မပေါက်ဘူး သိုင်းလောကသားတွေ ပုလင်းဖင်လောက်မျက်မှန်ကြီးတွေတပ်ပြီး ဆိုက္ကားနင်းကြတယ်လို့လည်းမကြားမိဘူး…။
ဒါပေမယ့် …တနေ့မှာတော့ ကိုတွတ်နီ သိုင်းတစ်ကယ်တတ်တယ်ဆိုတာကိုကျနော်သိခွင့်ရလိုက်တယ်။
သိုင်းတောင်မှရိုးရိုးသိုင်းမဟုတ်ဘူး အရက်မူးသိုင်းကြီး။

“မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့”ဆိုတဲ့ဆောင်ပုဒ်ပဲရှိတယ်
“မူးရင်မနင်းနဲ့ နင်းရင်မမူးနဲ့”ဆိုတဲ့ဆောင်ပုဒ်မကြားဖူးဘူးလေ မူးမူးနဲ့သူဆိုက္ကားထွက်တဲ့နေ့ပေါ့ ကြောင်တောင်တောင်နဲ့ သူ့ဆိုက္ကားကို ကျနော်ငှားတဲ့နေ့ပေါ့ ကိုးကွယ်တဲ့ဆရာတော်ကျောင်းကခင်တဲ့ကိုရင်လေးတစ်ပါးပါ အရှေ့ထိုင်ခုံမှာ လမ်းကြုံလို့
ဝင်လိုက်လာတဲ့နေ့ကပေါ့။
လူအစည်ဆုံးဆိုတဲ့ လက္ဘက်ရည်ဆိုင်တစ်ဆိုင်ရှေ့အရောက်မှာကိုတွတ်နီ မူးမူးနဲ့ဘာသိုင်းကွက်သုံးလိုက်လဲမသိဘူး ဆိုက္ကားမှောက်ပါလေရော

လမ်းကခပ်မြင့်မြင့်အနေအထား လက်ဖက်ရည်ဆိုင်ကအနိမ့်ပိုင်းမှာ ဆိုက္ကားလည်းမှောက်ရော
ကိုရင်လေးက သင်္ကန်းတစ်လွှားလွှားနဲ့ပြုတ်ကျတယ် ကျနော်ကလည်းပုဆိုးတကားကားနဲ့ပေါ့ သိုင်းလောကသားဖြစ်တဲ့ကိုတွတ်နီကတော့ ကိုယ်ကိုဖေါ့ပြီးကျတယ် ဒါပေမယ့်ကံဆိုးသွားတယ် လူဘာမှမဖြစ်ပေမယ့် မျက်မှန်တော့ကျွတ်ကျသွားတယ် လူနှစ်ယောက်နဲ့ကိုရင်လေးတစ်ပါး ညီညီညာညာပဲ လက်ဖက်ရည်ဆိုင်ရှေ့တည့်တည့်ကြီးလှိမ့်ဆင်းသွားပါတယ် ။

အလှိမ့်ရပ်တော့ကိုတွတ်နီလည်း ချက်ချင်းပဲပြန်ထလာပြီး လဲကျနေတဲ့ကိုရင်လေးကိုသွားပြေးထူလိုက်တယ် အဲဒီမှာကံထပ်ဆိုးပါတယ် မျက်မှန်ကျွတ်သွားတော့ ဘာမှမသဲကွဲတော့ဘူးလေ မူးကလည်းမူးနေတယ် သူထူလိုက်တာက ခွေးခြေပုခုံလေးမှာထိုင်ပြီးလက်ဘက်ရည်သောက်နေတဲ့
အပျိုကြီးဒေါ်သင်းသင်းကို၊ အပျိုကြီးကလည်းအဲဒီနေ့မှ အဝါရောင်ပါတိတ်ဝမ်းဆက်ဝတ်ထားတာကိုး ဆိုက္ကားပေါ်ကပြုတ်ကျတဲ့
ကိုရင်လေးအမှတ်နဲ့ ချိုင်းနှစ်ဖက်ကနေဆွဲထူမလိုက်တာ အပျိုကြီးလက်ဖက်ရည်တွေ သီးပြီး “အောင်မယ်လေးတော့”ဖြစ်ပါရော။တော်သေးတယ် မျက်နှာသိတွေမို့လို့။

ဆိုင်ထဲကလူတွေတဝါးဝါးတဟားဟားပေါ့ အထူမခံလိုက်ရတဲ့ကိုရင်လေးကတော့ သူ့ဘာသာသူပဲထလာပါတယ်
ကိုတွတ်န်ီကြီးကိုကြည့်ပြီး ငိုမဲ့မဲ့နဲ့ပြောတယ် …
“ဒီဒကာကြီးတော့ ဝက်ပဲ”
…ဆိုက္ကားမှောက်ပြီး ကျနော်ပြန်အထမှာ ဆိုင်ထဲကိုထူပူနေတဲ့မျက်နှာနဲ့ လှမ်းကြည့်လိုက်တော့
ဘုရား…ဘုရား… ကျနော့ရဲ့ စာအု အဲလေ.. ကျနော့ရဲ့လမင်းလေးက ကျနော့အဖြစ်ကိုကြည့်ပြီးခွက်ထိုးခွက်လန်ရယ်နေပါပေါ့လား ကျမ်းစာထဲကအတိုင်းဆိုရင်တော့ ဒီရယ်နည်းဟာ ကောင်းမြတ်သောမိန်းမရဲ့ရယ်နည်းမဟုတ်ဘူး ဒါပေမယ့်…..ဒါပေမယ့်….. ကျနော်ခွင့်လွတ်ပါတယ် ။
……………..
ကျောင်းပိတ်တဲ့တစ်ရက်မှာပေါ့
အကျအနဝတ်စားပြီးမြို့ထဲထွက်လာခဲ့တယ် စာအုပ်ဆိုင်တစ်ဆိုင်ရှေ့မှာ ကျနော့လမင်းလေးနဲ့တွေ့တယ်
အရင်ကဆိုသူကျနော့ကိုသိပ်ပြီးဟက်ဟက်ပက်ပက်မရှိလှပါဘူး ဒီနေ့တော့ ကျနော့ကိုကြည့်တဲ့သူ့အကြည့်က အရောင်တွေလက်နေတယ်

ဘာရမလဲ အပီအပြင် သ လာတာပဲ သူ့ရှေ့မှာအပြုံးလေးနဲ့ကျနော်သွားရပ်တော့ သူကစကားစပြောပါတယ်
“တော်တော်ကြည့်ကောင်းတယ်”
“အဟီး ဟုတ်လား ဘာပဲပြောပြောနဂိုရှိမှ နဂိုင်းထွက်တာပါဟာ ဒီလုံချည်က ငါ့အမေမန္တလေးသွားတုန်းက ဝယ်ခဲ့တာလေ ဒီပိုလိုစပို့ရှပ်က..”
“နင် ဘာတွေလျှောက်ပြောနေတာလဲ ငါပြောတာက လက်ဖက်ရည်ဆိုင်ရှေ့မှာ နင်ဆိုက္ကားမှောက်တာ တော်တော်ကြည့်ကောင်းတယ်လို့ ရယ်လိုက်ရတာ ဗိုက်တောင်နာတယ် ပြောရင်းနဲ့တောင်ရယ်ချင်လာပြီ အဟိ”
ပေါသွပ်ကာတွန်းထဲကလိုသာဆိုရင် အဲဒီအချိန်မှာ လူစင်စစ်ကနေ ကျနော်“ဂိန်”လို့အသံထွက်မိမှာပါပဲ
ရက်စက်လိုက်ပါပေ့ လမင်းရယ်။
…………………………
ဘာပဲပြောပြောအဲဒီလမင်းကို ရင်ခွင်မှာသာနိုင်အောင် ကျနောကြိုးစားရတော့မယ်
ကျောင်းကနေအပြန်လမ်းတစ်ခုမှာပေါ့ ခါတိုင်းတစ်ယောက်တည်းကျောင်းကပြန်လာလေ့မရှိတဲ့ လမင်းလေးဒီနေ့တော့တစ်ယောက်တည်းရယ် အဖေါ်တွေပါမလာကြဘူး..။
သိုင်းဝတ္ထုမဖတ်လည်း ဒီနေရာမှာတော့ ကိုယ်ဖေါ့သိုင်းကိုကျနော်တတ်သွားတယ်ထင်တယ် အနားရောက်သွားတာတောင်
လမင်းလေးမသိလိုက်ရှာဘူး ခြေသံလုံလိုက်ပုံများ။

“ဟိ ယား”ဆိုပြီးတရုတ်သိုင်းကားတွေထဲကလိုတွေ့တာနဲ့ဓါးထုတ်ဖို့ကျနော်မပြင်ပါဘူး ဓါးလည်းရှိမနေပါဘူး
“အဟမ်း အဟမ်း”လို့ပဲ ကျောင်းကမြန်မာစာဆရာကြီးရဲ့လေသံနဲ့ အသံပေးလိုက်တယ်။ ပထမတော့ သူလန့်သွားမလားပဲ
ဒါပေမယ့်မလန့်ပါဘူး ကျနော့ကိုခပ်တည်တည်ပဲပြန်ကြည့်နေလိုက်တယ် လမ်းလျှောက်နေရင်းကပေါ့
ပြီးတော့ အသံဆတ်ဆတ်လေးနဲ့မေးတယ်
“ဘာလဲ”

အသံကျွတ်ကျွတ်လေးနဲ့ပဲကျနော်ပြန်ဖြေလိုက်တယ်။
“ဘာရယ်မဟုတ်ပါဘူး ဒီနေ့တစ်နေ့လုံးနေတော်တော်ပူတယ်နော်”
“အင်းလေ…အဲဒါဘာဖြစ်လဲ”
“ဘာမှတော့မဖြစ်ဘူးပေါ့ဟာ ငါကတော့နင့်ကိုချစ်နေပြီ”
“အမ်”
လမင်းလေးအံ့သြသွားပါတယ် စကားကလည်းဘာမှမဆိုင်ဘူးကိုး
ပေါရဲလိုက်လေခြင်းလို့လည်းတွေးမိသွားပုံရတယ်။
“လုပ်ဦးဟာ နင်ကလည်း အဖြေကလေးပေးလိုက်ပါတော့ စောင့်ရတာမောလှပြီ”
“အမ်”
ကောင်မလေးထပ်ပြီးအံ့သြပြန်ပါတယ်

အသံစွာစွာလေးနဲ့ပြန်ပြောတယ်…
“နင်ကလည်းဇွတ်ကြီးပါပဲလား”
“သြော်.ဆန္ဒစောရကောင်းလားဆိုပြီးလည်း ငါ့ကိုအပြစ်မတင်ပါနဲ့ဟာ ငုံးဆူလူမသိဆိုသလို ငါ့အပူငါပဲသိပါတယ်ဟာ”
“နင် ပူနေတယ် ဟုတ်လား”
“အေးလေ”
“တော်တော်ကြာပလား”
“အချစ်စိတ်တွေ မျိုမသိပ်နိုင်တော့လို့ ပွင့်အံ့ချလိုက်မိကတည်းကပေါ့”
“နင်ကလည်းဟယ် ယောင်္ကျားဖြစ်ပြီးပူရတယ်လို့”
“ချစ်မိတော့လည်း ပူရတာပေါ့ဟာ”
“ဒါဆိုရင် ဒီလိုလုပ် အချိန်တွေမနှောင်းခင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရမယ် နင်အခုပဲ ဒေါက်တာဋ္ဌေးဋ္ဌးမြင့်ကိုသွားတွေ့လိုက်နော် အကောင်းဆုံးအကြံဥာဏ်သူပေးနိုင်ပါတယ်”
“ဟိုက်”
သွားပြီ ကိုယ့်စကားကိုယ်ပြန်ပတ်ပြီ ဒေါက်တာဋ္ဌေးဋ္ဌးမြင့်ဆိုတာက ကျနော်တို့မြို့က သားဖွားမီးယပ်အထူးကုဆရာဝန်မကြီး ။ လမင်းလေးကတော့ ခပ်တည်တည်ပါပဲ သူ့စိတ်ထဲမှာတော့ ရယ်ချင်နေမှာပေါ့ ။

“ငါပြောတဲ့ ပူတယ်ဆိုတာက နင်ပူသလိုမဟုတ်ဘူးလေ”
“ဘာ ဘာပြောတယ်”
လမင်းလေးစွေ့စွေ့ခုန်သွားပါတယ်။
“အာ…ဆောရီး စကားမှားသွားလို့ ငါ့အပူက နင်တို့မိန်းကလေးတွေပူသလိုမဟုတ်ဘူးလို့ အဲ..အဲဒါလည်းမဟုတ်သေးဘူး
နင်တို့မိန်းကလေးတွေ အိမ်ထောင်ရက်သားကျပြီး“ပူ”ရတဲ့အပူကိုပြောတာမဟုတ်ဘူးလေ ရင်ထဲကလာတဲ့ အပူကိုပြောတာပါဟာ နင်နားလည်ပါတယ် စကားမကပ်ပါနဲ့”
“လာလာချည်သေး နင်ပဲစကားလိုက်ကပ်နေတာ”
“လုပ်ဦးလေဟာ နင်ကလည်း တကတည်း ချစ်နေပါပြီဆိုနေမှ”

ခဏကြာတော့ ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်
နိုင်နိုင်ချလိုက်ပုံနဲ့လမင်းလေး ကျနော့ကိုမျက်နှာချင်းဆိုင်လိုက်ပါတယ်။ အဲလိုမျက်နှာချင်းဆိုင်ပြီး…
“ မမှီနိုင်တဲ့ မြင့်လွန်းလှလွန်း တင့်လွန်း မွှေးလွန်းတဲ့ ပန်းကိုမှ မရ ရအောင်ဆွတ်ယူလှမ်းချင်တယ်ဆိုရင်တော့ မောရုံ ပန်းရုံပဲ
ရှိတော့မပေါ့ ကိုသိန်းတန်ရယ်”လို့မပြောပါဘူး ကျနော်ကလည်းတွံတေးသိန်းတန်မဟုတ်ပါဘူး တွံတေးဥမ္မာထွေးလည်းမဟုတ်ရပါဘူး။

လမင်းလေးကျနော့ကိုပြောလိုက်တာကတော့ စကားလေးသုံးလုံးတည်းပါ
အင်္ဂလိပ်လို “I love u” မဟုတ်ပါဘူး
မြန်မာလိုပဲပြောတာပါ .....

လဲ သေ လိုက်” တဲ့ ။
.........................
(ဇာတ်မနာအောင် ဇာတ်သိမ်းရရင် လမင်းရယ် ကနော်ရယ် နောက်ပိုင်းအချစ်ဆုံးချစ်သူတွေဖြစ်ခဲ့ကြပါတယ် မယုံရင် ဘလော့လို့သာမှတ်လိုက်ပါတော့ ဘလော့လုပ်တဲ့လူကိုယ်တိုင်က ရေးချင်တာလျှောက်ရေးနေမှကိုး :P)

ဒီစာလေးပြန်တင်ဖြစ်တာလည်း ဝက်ဝံကလေးရဲ့ကျေးဇူးကြောင့်ပါပဲ ကျေးဇူးကိုယ့်ညီမလေးရေးးးး

လျှာနှစ်ခွ

အဲဒီနေ့က…သူလိုကိုယ်လိုနေ့တစ်နေ့ပါပဲ.. နေကအရှေ့အရပ်ကထွက်တယ်..
အနောက်ကိုဝင်တယ်။
တစ်ခုပဲရှိတယ် အဲဒီနေ့မှာအဘိုးကြီးတစ်ယောက် အသက်ရှုရပ်သွားတယ်။
အဲဒီနေ့မနက်ကတောင် သူ့အသက်ရှုသံကို ကျနော်နားနဲ့ဆတ်ဆတ်ကြားခဲ့သေးတယ်၊ ခုတော့လည်း သူမဟုတ်တော့တဲ့
အတိုင်း ခြေပစ်လက်ပစ်သေနေလိုက်တာများ သိုးလို့၊ အသံလေးတောင်ထွက်မလာတော့ဘူး ။

ကျနော့်မှာ တစ်ကောင်တည်းဖြစ်နေရတဲ့အထဲ ဘေးအခန်းက လူသေတော့ ထခုန်မိမတတ်လန့်တာပေါ့။
စိတ်ညစ်ညစ်နဲ့ပဲ မတွေ့တာကြာတဲ့ သူငယ်ချင်းတစ်ယောက်ဆီ ထွက်လာလိုက်တယ်။
ကျနော့ကိုတွေ့တော့ သူငယ်ချင်းကဆီးပြောတယ်…
(ဘာမှန်းမသိ ပါးစပ်ကနေ “ဆီး”လို့အော်ပြီးပြောတာမဟုတ်ပါဘူ ခရီးရောက်မဆိုက်စကားလှမ်းပြောတာမျိုးပါ)

“မိန်းမတွေမကောင်းဘူးကွာ”
“ဟုတ်လား..မိန်းမတွေလည်းပြောကြတယ်ကွ…ယောင်္ကျားတွေမကောင်းဘူးတဲ့”
ကျနော့်စကားကြောင့် သူနည်းနည်းလေသွားပါတယ်။ ဒါပေမယ့်သူ့ဝသီအတိုင်းပြောချင်တာဆက်ပြောတယ်..
“နွားဝယ်ရင် သွားဖြဲကြည့်လို့ရသလို ကောင်မလေးတွေကိုလည်း ကိုယ်နဲ့မငြိခင်အရင်ဆုံးသွားဖြဲကြည့်လို့ရရင်မိုက်မယ်”
“ဘာလဲ ugly bettyဇာတ်လမ်းတွဲထဲကလို သွားကိုခြံစည်းရိုးကာပေးထားမလို့လား”
“တောက်တီးတောက်တဲ့ကွာ…ငါက “သွား”ကိုကြည့်မှာမဟုတ်ဘူးဟေ့.. လျှာကိုကြည့်မှာ နှစ်ခွများဖြစ်နေသလားလို့ ငါ့အရင်
ကောင်မလေး မင်းသိပါတယ် အစတုန်းကအကောင်းကြီး ပြီးမှ လျှာနှစ်ခွနဲ့ဖြစ်နေပါရောလား”

သူပြောတာက သူ့ရဲ့စံပယ်တင်မှဲ့ကလေးကိုပါ အဲဒီတုန်းကသူ့မှာအရူးအမူးပေါ့…
“ငါ့ကောင်မလေးသိပ်လှတယ်ကွာ ပါးမှလည်းစံပယ်တင်မှဲ့ကလေးနဲ့ လှမှလှ”
“အမှန်မှာအဲဒီမှဲ့ကလှတာမဟုတ်ဘူးကွ နေရာကောင်းလေးရထားလို့လှသလိုလိုဖြစ်နေတာ အဲဒီမှဲ့ပဲ ခြေတောက်မှာဖြစ်ဖြစ်
ဖင်မှာဖြစ်ဖြစ် ပေါက်ကြည့်ပါလား ဘယ်သူမှလှတယ်လို့ပြောမှာမဟုတ်တော့ဘူး”
ကျနော့်ရဲ့အဆီအငေါမတည့်တဲ့စကားကြောင့် အဲတုန်းက သူ့ဒေါသက အချွန်နဲ့ထိတဲ့လေပူဖေါင်းလေးလို“ရှူး”ကနဲထပေါက်တယ်၊ အမှန်မှာဗုံးတစ်လုံးလိုဝုန်းကနဲပေါက်ဖို့ပါပဲ ၊ဒါပေမယ့်ပေါက်လို့မရဘူးလေ၊ “ပေါက်သောသူနံ၏”ဆိုတာသူသိမှာပေါ့ ။

အမှန်မှာ ကျနော်က လေပြီးသူ့ဆီရောက်လာတဲ့ကောင်ပါ သူကကျနော့်ထက်ပိုလေပြနေတော့ အတတ်နိုင်ဆုံးသူ့အတွက်
ဖြေသိမ့်စရာစကားတွေရှာကြံပြောရတာပေါ့..
“လျှာနှစ်ခွဖြစ်တာများစိတ်ညစ်စရာလားဟ “ထူးဆန်းသောလျှာနှစ်ခွနှင့်လူ”ဆိုပြီးပြတိုက်ထဲတောင်ထည့်ထားသင့်တယ်
မင်းကပြတိုက်အပေါက်ဝကနေပိုက်ဆံကောက် မင်းကောင်မလေးက လာသမျှလူတွေကိုလျှာထုတ်ပြ ခဏလေးချမ်းသာမှာ”
“အာ..စိတ်ညစ်နေပါတယ်ဆိုမှမင်းကလဲ..ငါပြောတဲ့လျှာနှစ်ခွက အဲလိုမဟုတ်ဘူးကွ စကားနှစ်မျိုးပြောတာကိုပြောတာ”
“ဘာလဲ.. အင်္ဂလိပ်ရယ် မြန်မာရယ်လား”
ကျနော့်သူငယ်ချင်းညစ်ပြီးရင်းဆက်ညစ်ရပြန်ပါတယ်..။

“နင့်ကြီးတော် အင်္ဂလိပ်မြန်မာ စကားကိုဘလောင်းဘလဲပြောတာကိုပြောတာကွ လျှာနှစ်ခွဆိုတော့ စကားကိုနှစ်မျိုးပြောတယ်
သစ္စာကနှစ်ခု အသဲနှလုံးကနှစ်ခု ချစ်တာကလည်းနှစ်ခု နောက်ပြီး…နောက်ပြီးး..အားလုံးနှစ်ခုချည်းကွာသူ့ဆီမှာ မင်းပဲစဉ်းစားကြည့် ရည်းစားငုတ်တုတ်ငါက ဘယ်လိုဖြေရတော့မှာလဲ”
…မင်းကရည်းစားငုတ်တုတ်လုပ်တာကိုး ရည်းစားတက်ထိုင်မှမလုပ်တာကိုးလို့ ကျနော်ပြန်မပြောဖြစ်ပါ။

“တရားနဲ့သာဖြေပါကွာ အရှိကိုအရှိတိုင်းလက်ခံနိုင်ခြင်းဟာလည်းတရားပဲကွ.. နှစ်ခုသည်တစ်ခုထက်တော့များ၏ ဆိုပြီးနှလုံးသွင်းပေးပေါ့ မင်းအေးချမ်းလာလိမ့်မယ်”
“သြော်…အင်း..ဟုတ်တယ်နော်…ဟာကွာ မင်းကလည်း စကားကိုတော်တော်ကပ်တီးကပ်ဖဲ့ပြောတဲ့ကောင် မင်းလိုကောင်မျိုးရေးတဲ့ဘလော့ကို ဖတ်တဲ့လူတွေရှိတာတော့ ငါတစ်ကယ်အံ့သြတယ်”
ဘာမှပြန်မပြောဘဲ ကျနော်ပြုံးစိစိပဲလုပ်နေလိုက်တယ် အဲဒါကိုပဲသူက စကားထဲထည့်ပြောပြန်တယ်

“တွေ့လား မင်းပြုံးတာကြီးက ဘွတ်အဲကိုပြုံးတဲ့အပြုံးမျိုး”
“မင်းမို့ပြောတတ်တယ် ကျိန်ဆိုလည်းကျိန်ပါ့မယ် ငါ့တစ်သက်မှာ ဘွတ်အဲဆိုတဲ့နွားကို တစ်ခါမှမပြုံးပြဖူးပါလားကွာ”
..................
နောက်တော့ နှစ်ကောင်သား စားသောက်ဆိုင်တစ်ဆိုင်ကိုရောက်သွားတယ်၊ ဇာတ်ပွဲတွေထဲကလို ရွာစားရေ ပို့တော်မူစမ်းကွယ်ဆိုပြီး ဆိုင်းတီး ကန့်လန့်ကာချ၊ ကန့်လန့်ကာလည်းဖွင့်ရော ရောက်နှင့်နေတာမျိုးမဟုတ်ပါဘူး၊
ဖိနပ်ရယ် ခြေတောက်ရယ်၊ လမ်းရယ် အကျိုးတူပူးပေါင်းပြီးရောက်သွားကြတာပါ
( လမ်းလျှောက်သွားတာပေါ့လေ)
ဆိုင်ရောက်တော့ ဥင်္ီးဆောင်ခေါ်လာခဲ့တဲ့သူကပဲ အစားအသောက်မှာပါတယ်၊ မှာသမျှကိုသူပဲရှင်းရလိမ့်မယ်ဆိုတာလည်း သိမယ်ထင်ပါတယ် ။

အစားအသောက်တွေရောက်လာတော့ကျနော့ဘက်ပဲကျနော်ဆွဲထားလိုက်တယ်၊ သူကခံစားချက်တွေကိုပွင့်အန်မယ့်လူကိုး စကားများများပြောရမယ်လေ အဲဒါကြောင့်ပါးစပ်က အားနေမှဖြစ်မှာ ကျနော်ကနားထောင်ဖို့ချည်းသက်သက်လိုက်လာတဲ့ကောင်ဆိုတော့“နား”အားရင်ရပြီ ပါးစပ်အားဖို့မလိုဘူး မအားရအောင်လည်း နှစ်ယောက်စာကိုတစ်ယောက်တည်း ပလုတ်ပလောင်းစားပေးနေရပါတယ် သူ့ပါးစပ်အားပါစေတော့ဆိုတဲ့စေတနာသန့်သန့်နဲ့ပေါ့လေ။

သူကတော့ ကြေကြေကွဲကွဲကြီးရင်ဖွင့်လို့ ကျနော်ကတော့မြိန်မြိန်ယှက်ယှက်ကြီးနားစွင့်လို့..။
အဲလိုနဲ့ အဲဒီနေ့မိုးချုပ်သွားပါတယ် ကျနော်အိမ်ပြန်လာခဲ့တယ် သရဲခြောက်မလားတော့မသိသေးဘူး….။
ကျနော့်သူငယ်ချင်းရဲ့ဇာတ်လမ်းကိုရေးပြရမှာနည်းနည်းပျင်းပါတယ်
သီချင်းတစ်ပုဒ်ပဲတင်လိုက်တော့မယ် ဒီသီချင်းတစ်ပုဒ်ဟာ ကျနော့သူငယ်ချင်းရဲ့ဇာတ်လမ်းတစ်ခုလုံးကို ကိုယ်စားပြုတယ် ။
ဒီသီချင်းထဲမှာ သူ့ရဲ့စံပယ်တင်မှဲ့ကလေးကိုရှာတွေ့နိုင်ပါတယ်..

............

အဲဒီနေ့က အားပေးဖေါ်ရခဲ့တဲ့ ကျနော့အစ်မကောင်းကင်ပြာနဲ့ ညီမမေလေး(ဆုံနိုင်ခွင့်)တို့ကို ကျေးဇူး
အထူးတင်ရှိပါကြောင်း....။

ရင်ဝဖနှောင့်နဲ့ဆောင့်ကန်သလို နောက်ပြန်ကို လဲကျပြီးတော့မှမှောက်ရန်အလို

“အဲကောင်က ဘယ်သူ့ကိုစိတ်ဆိုးနေတာလဲ”
အဘိုးက အဲလိုထမေးတော့ ကိုလူပျိုကြောင်တောင်တောင်ဖြစ်သွားတယ်
“ဘယ်သူ့ကိုပြောတာလဲအဘိုးရဲ့”
“နင့်ကက်ဆက်ထဲက ကောင်ကိုပြောတာလေ”
ဟိုက်…ကိုယ့်နဖူးကိုပြန်ရိုက်ပြီး လဲပဲသေလိုက်ရတော့မလို။

“အဲဒါစိတ်ဆိုးနေတာမဟုတ်ဘူး သီချင်းဆိုနေတာလေအဘိုးရဲ့ ဟဲဗီးမက်တယ်လို့ခေါ်တယ်”
“ဟဲဗီးမက်တယ်? ဟဲဗီးက လူနာမည်လား ဟဲဗီးဆိုတဲ့လူကိုမှမက်တယ် ဟုတ်လား”
ဒီအဘိုးတော့ ပြဿနာပဲ ၊ ကိုလူပျိုစိတ်ညစ်သွားတယ်။
“ရောခ်အပြင်းစားကိုပြောတာဗျ အဘိုးကလဲ”
“ရောခ်အပြင်းစားဟုတ်လား တော်တော်ပဲပြင်းသလား အပင်တွေစိုက်ရင်ထည့်တဲ့ပုလဲဝဲထက်ပြင်းသေးလား”

တော်ပြီ ကိုလူပျိုညစ်သွားပြီ အဘိုးကိုဖြေရှင်းချက်ပေးမနေတော့ဘူး အကြိုက်ဆုံးrockerကြီးတစ်ယောက်ရဲ့ အသံနဲ့ဆူညံပေါက်ကွဲနေတဲ့ကက်ဆက်ကိုပဲသွားပြေးပိတ်လိုက်တယ်။
အဘိုးကလည်း“ပင်လယ်အော်သံ”ကို ရပ်ကွက်ထဲက“တုတ်ကြီးအော်သံ”နဲ့လာမှားနေတယ်။ တုတ်ကြီးဆိုတဲ့ကောင်ကလည်း စိတ်ဆိုးလာရင် အမြဲတမ်းအော်ကြီးဟစ်ကျယ်ကိုး ။

ဒီနေရာမှာ ရှင်းစရာတစ်ခုပေါ်လာတယ်၊ ကိုလူပျိုဆိုတာက
ဂျာအေးခြေထောက်ကိုသွားဆွဲတဲ့ကိုလူပျိုမဟုတ်ဘူးနော်၊ ရှုပ်ရှုပ်ယှက်ယှက် သူများခြေတောက်ကိုမှလိုက်လိုက်ဆွဲတဲ့စာအုပ်ထဲက ကောင်နဲ့မှားမှာစိုးလို့ပါ။ အဲကောင်ကလည်း
ဆွဲစရာရှားလို့ ဘာကိစ္စခြေတောက်ကိုမှသွားဆွဲရတာလဲမသိဘူး ၊ ကိုက်စားလို့ရတာလဲမဟုတ်ဘဲနဲ့ ။ ထားပါတော့လေ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့နော့။ အဲကောင်ကံကောင်းသွားတာက ဂျာအေး မယောင်တတ်တာပဲ၊ ယောင်တတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့ခြေထောက်ကို
အမှောင်မိုက်မှာသွားဆွဲလို့ ကတော့လား ၊ “တိန်”ကနဲအသံမည်ပြီးနဖူးဖုသွားမှာပေါ့ကွယ်။

ခုခေတ်အနေအထားမျိုးနဲ့သာဆို အဲကောင်ကိုပုဒ်မ အများကြီးတပ်လို့ရတယ်
မှောင်ရိပ်ခိုမှု၊ နယ်မြေကျူးကျော်မှု၊ အထိတ်တလန့်ဖြစ်စေမှု၊ ကိုယ်ထိလက်ရောက်ပြုမူမှု စသဖြင့်ပေါ့လေ ကြည့်ရတာ ဂျာအေးတို့ခေတ်က အမျိုးသမီးရေးရာလည်းမရှိလောက်ဘူးထင်ပါတယ် ထားတော့ ထားတော့။
ကိုလူပျိုလည်းကက်စက်ပိတ် အိမ်ကထွက်ပြီး အပျိုမလေးတစ်ယောက်လို လန်းလတ်သစ်လွင်နေတဲ့နံနက်ခင်းကြီးကို
သာသာမောမောကြီးကြည့်ပစ်လိုက်တယ် ပြီးလည်းပြီးရော (အချိန်ယားလည်းရှိတယ်ဆိုတော့)သမိုင်းပေးတဲ့ လူပျိုတို့ရဲ့တာဝန်ကို ဦးဆွေးဆံမြည့် စတင်ထမ်းဆောင်ပါတော့တယ်။

သမိုင်းပေးတဲ့ လူပျိုတာဝန်ဆိုတာကိုလည်း ရှည်ရှည်ဝေးဝေးမတွေးကြပါနဲ့ ကောင်မလေးလှလှမြင်ရင်ငမ်းပေးရတာတို့၊ တော်တော်လေးလှတယ်ထင်ရင်
နောက်က လိုက်ပေးရတာတို့၊ ကံမကောင်းအကြောင်းမလှရင် “ရှင်ပါးကွဲသွားချင်သလား”ဆိုတဲ့ရန်တွေ့သံ
ကို သဘောထားကြီးကြီးနဲ့ နာခံပေးရတာတို့ပါပဲ။
“အလုပ်ဟူသမျှဂုဏ်ရှိစွ”တဲ့၊ တစ်ကယ်တော့ မေတ္တာကို လှည့်လည်တောင်းခံရတာဟာလည်း အလုပ်ပါပဲ။
ဂုဏ်ယူချင်ရင် ဒါကိုလည်းဂုဏ်ယူတတ်ရမယ်။

ဒီနေရာမှာ ကြုံလို့တစ်ခုဖြတ်ပြောချင်ပါတယ် (မကြုံရင်လည်းပြောမှာပါပဲ)
သင့်အနေနဲ့ရည်းစားစကားလိုက်ပြောလို့ “ရှင်ပါးကွဲသွားချင်လား”ဆိုပြီး ကောင်မလေးကလှည့်ပြောရင် အဲဒီကောင်မလေးကို လူယဉ်ကျေးမကြီးအဖြစ်လေးလေးစားစားဆက်ဆံပစ်လိုက်ပါ။ သင့်ကြောင့်သူအနှောင့်အယှက်ဖြစ်နေရတယ် သင့်ကိုလည်းလက်မခံနိုင်တဲ့အနေအထားဖြစ်နေတယ် လက်ဝါးကလည်း တစ်အားယားပြီး သင့်ပါးကိုလှမ်းရိုက်ချင်နေတယ် ဒါနဲ့များတောင်
“ပါးကွဲချင်ပါသလား” ဆိုပြီး သင့်သဘောထားကိုသူအရင်မေးသေးတယ်

မေးခွန်းမေးသလိုနဲ့ သင့်ကိုသတိပေးခြင်းလည်းဖြစ်တယ် သင့်အနေနဲ့ပါးကွဲခံနိုင်ရင် ဆက်လုပ် ၊ ပါးအကွဲမခံနိုင်ရင်တော့နောက်ဆုတ် ဒါမျိုးသတိပေးတော။
ဒါဟာ တစ်ကယ့်ယဉ်ကျေးတဲ့နိုင်ငံကြီးသူ ပီသမှန်း ပြတာပါပဲ။ တချို့တလေများ အဲလိုမေးဖေါ်လေးတောင်မရဘူးလေ ၊ တန်းပြီးတော့ကို တွယ်ပစ်တာ
“ဖြန်း” ကနဲပဲ ။

ဇာတ်လမ်းပြန်ဆက်ရမယ်ဆိုရင်....
ဒီလိုနဲ့ ပဲကိုလူပျိုချစ်တတ်လာခဲ့ပါတယ်
ဒီလိုနဲ့ ပဲကိုလူပျိုမုန်းတတ်လာခဲ့ပါတယ်
နှလုံးသားရေးရာသမိုင်းတစ်လျှောက် ကွဲလိုက် စေ့လိုက်ဖြစ်နေတဲ့အသည်းကိုလည်း ခပ်တည်တည်နဲ့ ပတ္တာရိုက်ပေးထားလိုက်တယ် အဖွင့်အပိတ်လုပ်လို့ရအောင်ပေါ့လေ၊ ဖွင့်လို့ပိတ်လို့ရနေပါပြီဆိုမှ အသည်းက ဘယ်လိုကွဲတတ်တော့မှာတုန်းနော် မပိုင်ဘူးလား ။
ဒီလိုနဲ့ပဲ…နေဝင်နေထွက်တွေများသွားတယ်
ဒီလိုနဲ့ပဲ…. လူပျိုဆိုတဲ့စာသားရဲ့နောက်ကနေ ကကြီးယယစ်လုံးကြီးတင်ဆံခတ်နဲ့ ဝစ္စနှစ်လုံးပေါက်တို့တိုးလာပါတယ်...

“လူပျိုကြီး” ပေါ့လေ..။ လူပျိုကြီးဆိုတော့လည်း ထုံးစံအတိုင်း အပျိုကြီးတွေကို သိပ်စိတ်မဝင်စားဘူးပေါ့
(စတာပါလေ…အပျိုအကြီးကြီးတွေကိုရော အပျိုအသေးသေးတွေကိုရော တန်းတူရည်တူ “ချစ်သောမျက်စိ”ဖြင့်သာကြည့်ပါ၏၊ အဲလိုအကြည့်ကောင်းလို့ပဲ “မုန်းသောမျက်စိ” ဖြင့် ပြန်အကြည့်ခံရပါ၏)
တစ်ညမှာပေါ့…
အဲဒီတစ်ညဟာ နိုင်ငံခြားလောကထဲ လူပျိုကြီးနေသားကျနေတာ ကြာသွားပြီဖြစ်တဲ့တစ်ညပေါ့။

လူပျိုကြီးရဲ့ဖုန်းကအသံမည်လာပါတယ် အချိန်မတော်ထမြည်တဲ့ဖုန်းကို လူပျိုကြီးအရမ်းမုန်းပါတယ်
အတွေ့အကြုံရ အဲလိုအချိန်မှထမြည်တဲ့ဖုန်းတွေဟာ များသောအားဖြင့် သတင်းကောင်းတွေပါးလေ့မရှိဘူး
မတတ်သာလို့ခေါ်ရတဲ့ဖုန်းတွေ မဖြစ်မနေခေါ်ရတဲ့ဖုန်းတွေ ။
ကောက်ကိုင်လိုက်တော့ တစ်ရပ်တစ်ကျေးက ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အသံကဝင်လာတယ်
စလာကတည်းကိုက အခြေအနေက မကောင်းဘူး
“မင်း…စိတ်ခိုင်ခိုင်ထားပါ”တဲ့..။

လူပျိုကြီးရင်ထဲထိတ်သွားပါတယ် စိတ်ခိုင်ခိုင်ထားပါလို့စကားဦးသမ်းပြီး စိတ်မခိုင်လောက်တဲ့ စကားတွေချည်း လှိမ့်ပြောပစ်တာ မြန်မာရုပ်ရှင်ကားတွေကြည့်ဖူးတဲ့အတွေ့အကြုံအရ သိနေတယ်လေ။ ဖြစ်နိုင်ရင် နောင်နှစ်ဒီအချိန်လောက်ကျမှဆက်ပါတော့လားဖုန်းကို...
“စိတ်တော့မကောင်းဘူးကွာ...မပြောမပြီး မတီးမမြည်ဆိုသလိုပဲ”
အသံလေးလေးကြီးနဲ့တစ်ဘက်က စကားပလ္လင်ခံနေလိုက်သေးတယ် ဖြစ်နိုင်မယ်ဆိုရင် မပြောနဲ့ မတီးနဲ့ မြည်လည်းမမြည်နဲ့ … ဒါပေမယ့်..အဆိုးဆုံးကိုရင်ဆိုင်ဖို့လည်းလူပျိုကြီး ပြင်ရတယ် ဘယ်လိုမှမဟုတ်ပါဘူး ဖုန်းနဲ့နားကိုကပ်ပြီး လက်နဲ့ရင်ဘတ်ကိုဖိထားရတာရယ်ပါ။

“မင်းရဲ့ အရိုင်းစံပယ်လေးလေကွာ”
အဲဒီနာမည်ကြားတော့ လူပျိုကြီးရင်ထဲ တဒင်္ဂ အုံ့လှိုက်လာတယ် ။
တချိန်ကအဖြစ်တွေဟာလည်း အတွေးပုံရိပ်ထဲ ရစ်သီခိုကပ်လာတယ် ကြာတော့လည်းကြာခဲ့ပါပြီ။
…အရိုင်းစံပယ်....ငါ့ရဲ့အရိုင်းစံပယ်.... သူ…သူ…ဘာဖြစ်တာပါလိမ့်..?
“အရိုင်းစံပယ်”ဆိုတာက စံပယ်ပန်းတွေပန်ထားတဲ့ လူရိုင်းမကြီးကိုပြောတာမဟုတ်ပါဘူး
လူရိုင်းမကြီးနဲ့လည်း လူပျိုကြီးရည်းစားမဖြစ်ရဲပါဘူး ။တော်ကြာ“မောင်”လို့မခေါ်ဘဲ
“ဝေါင်း”လို့အော်ပြီး ကိုက်စားနေမှဖြင့်..။

အရိုင်းစံပယ်ဆိုတာ တချိန်က လူပျိုကြီးရဲ့နှလုံးသားကို ဆွတ်ပျံ့အုံ့သင်းစေခဲ့သူလေးပါ
အရိုင်းစံပယ်လို့ခေါ်ရခြင်းအကြောင်းကတော့ ဘာမှမဟုတ်ပါဘူး၊ ခေါ်ချင်လို့ကိုခေါ်တာပါပဲ ။
အရိုင်းစံပယ်လို့ခေါ်တာ “ရှင်ဂွမ်းဂွိ”လို့ခေါ်တာမှမဟုတ်ဘဲနော့ …။

“တရားနဲ့သာ ဖြေပါတော့ကွာ...မင်း...မင်း...ရဲ့ အရိုင်းစံပယ်လေး...မနေ့ကပဲ...မနေ့ကပဲ”

တစ်ဖက်အသံကလေးသထက်လေးလာတယ် ဝေးသထက်လည်းဝေးသွားသလိုပဲ...။
တရားနဲ့မဖြေနိုင်ရင် တစ်ရာနဲ့ပဲဖြေရလိမ့်မယ်လို့လူပျိုကြီးတွေးနေမိတယ် တစ်ရာတန်တစ်ရွက်နဲ့ ဘီယာဆိုင်ထဲဝင်သင့်လည်းဝင်ရလိမ့်မယ်လေ။
ဒါကနောက်မှပါ ခုဘာမှန်းတောင်သေသေချာချာမသိရသေးဘူး
လောလောဆည်တော့50 centနဲ့ eminemတို့ပေါင်းပြီးလူပျိုကြီးရဲ့ရင်ဘတ်ထဲကို
live showလာလုပ်နေသလို တဂျိမ်းဂျိမ်း တဂျိမ့်ဂျိမ့်ဖြစ်နေပါပြီ။

“အရိုင်းစံပယ်လေး မနေ့ကပဲ .. သားယောင်္ကျားလေးမွေးသွားလို့ကွ..မိခင်ရော ကလေးရော ကျန်းမာတယ် အဲ အဲ..သူ့ယောင်္ကျားလည်းကျန်းမာပါတယ် အဲဒါလှမ်းအကြောင်းတာပါ ဟီးးးး မင်းသိသင့်တယ်ထင်လို့လေ.. အဟိ..”
ဖုန်းထဲက သူငယ်ချင်းရဲ့စကားသံဆုံးတော့ လူပျိုကြီးမျက်နှာ က ရှိသမျှခေါက်ချိုးတွေ တွန့်ထွက်ကုန်တယ်
ခေါင်းကလည်း ၄၈ဒီဂရီလောက်စောင်းထွက်သွားတယ်..
အဲဒီသူငယ်ချင်းကိုလည်း ဘာသာစကား၅မျိုးတိတိနဲ့ ပီပီသသကြီးကော်ဆဲပစ်လိုက်တယ်။
………………..

(နိုင်ငံခြားတွင် တမေ့တမောကြီးနေမိသဖြင့် “သိုး”သွားကြရရှာသော “လူပျို”အပေါင်းအား ရည်ရွယ်ရေးသားပါ၏ ။ 50centနှင့်နင်လားငါလားအပြိုင်ဟဲတတ်သည့် “ဂျောက်ဂျက်”၏ သီချင်းစာသားကို ခေါင်းစဉ်အဖြစ်ယူထားပါသည် ဤပိုစ်အားတင်ပြီးသကာလ ကျွန်ုပ်သည် တွတ်ပီကိုင်သည့် သေနတ်အား
ပခုံးထက်ထမ်းလျှက် ဝက်ဝံကလေးအလာကိုစောင့်စားနေ၏ ။ဝက်ဝံကလေးသည် ကျွန်ုပ်တင်သမျှ အပိုင်းဆက်
ပိုစ်များအားမပြီးမချင်းလုံးဝမဖတ်ဟု ရာဇသံပေးထားသူလေးဖြစ်သည်။
face book acountအားဖွင့်ပေးခဲ့သည့်
ဝက်ဝံကလေး၏ ကြီးမားလှသည့်ကျေးဇူးတော်ကို
ထောက်ထားသဖြင့် အပိုင်းများကိုခေတ္တရပ်လိုက်ပါသည် သူ့အကြိုက်အစအဆုံးပိုစ်ကိုသာ
တင်လိုက်ပါသည်။
ဒါတောင် “နောက်မှဖတ်မယ် ခုတော့ပျံပြီ ..ဖလပ်…ဖလပ်”ဟု ကွန်မန့်တွင်
ရေးထားသည်ကိုတွေ့ရှိရပါက
တွတ်ပီသေနတ်ဖြင့်ပစ်ရတော့မည်ဖြစ်သည် ။
သိပ်တော့လည်းစိုးရိမ်စရာမရှိပါလေ.. တွတ်ပီသေနတ်သည် မရှောင်ရင် လွတ်ပေသည် ခွီး ခွီး ခွီးး :P)

အလွမ်းနဲ့ပဲပန်းတွေကိုပွင့်စေလိုက်တယ် ၎

ရွာငယ်လေး၏တစ်ခုတည်းသောလက်ဖက်ရည်ဆိုင်တွင်ဖြစ်သည်။ ဝေလင်းနှင့်အပေါင်းအပါတစ်သိုက် စိတ်ကြိုက်လေပေါနေကြသည်။ ဆိုင်ပိုင်ရှင်ကိုကြည်တိုးကလည်းဆိုင်လူရှင်းနေသဖြင့်
သူတို့နှင့်တစ်ဝိုင်းတည်းဝင်ထိုင်နေသည်။ ယခုလူရှင်းသည်ဆိုရာ၌
အခြားအချိန်တွင်လူရှုပ်သည်ဟုမဆိုလိုပါ
သူ့ဆိုင်သည်အစဉ်သဖြင့်လူရှင်းနေသည်သာဖြစ်သည်။

ကိုကြည်တိုးသည်အသက်၃၀ကျော်လူပျိုကြီးဖြစ်ပြီး
ကဗျာရူး စာရူးဖြစ်သည်။ အဖျော်ဆရာ စားပွဲထိုး ပန်းကန်ဆေး ငွေသိမ်း အစရှိသည့်တာဝန်များကို သူတစ်ယောက်တည်းလုပ်သည် ဆိုင်နာမည်ကိုလည်းဘာစိတ်ကူးနဲ့လည်းမသိ
“လူရှင်tea house”ဟုပေးထားသည်။နောက်ပိုင်း ရွာသားတွေနားလည်လိမ့်မည်မဟုတ်ဟုယူဆသဖြင့် မြန်မာလိုပဲအကုန်ရေးလိုက်ရာ“လူရှင်တီးဟောက်စ်” ဟူ၍ ဖြစ်သွားတော့သည်။ “လူရှင်”ဆိုတာ သူကဗျာရေးပြီးအောင်မြင်ခဲ့ရင်ယူမည့်ကလောင်အမည်ဟုလည်းသိရသည်။
အားလုံးကလည်း သူ့ဆိုင်သည် သူပေးသည့်နာမည်နှင့်အလွန်လိုက်သည်ဟုထောက်ခံကြသည်။
လူရှင်ဆိုင်က အမြဲလူရှင်းသည်ကိုး ။

ရွာက ဘာမသိညာမသိ လက်ဖက်ရည်သောက်ချင်သည်ဟု ပူဆာသည့်ကလေးများကို မိဘများကတစ်ခွန်းတည်းပြောသည်...
“အဲဒီလူရှင်ဆိုင်က ကလေးတွေကို တီးလည်းတီးတယ် ဟောက်လည်းဟောက်တယ် အဲဒါကြောင့်လူရှင်တီးဟောက်လို့ခေါ်တာ နင်တို့သွားသောက်ရဲရင် သောက်ကြည့်”ဟုခြိမ်းချောက်လိုက်ရင် ကလေးတွေအားလုံးငြိမ်ကျပြီးသားဖြစ်သည်။ ဆိုရရင် ကဗျာဆန်ဆန် ဆိုင်နာမည်ကြောင့် ကလေးမိဘတွေလည်း ပိုက်ဆံကုန်သက်သာလေသည်။ ဆိုင်ကလည်း စားပွဲဝိုင်းသုံးဝိုင်းသာရှိသည့် ခနော်နီခနော်နဲ့ အင်ဖက်မိုးလက်ဘက်ရည်ဆိုင်ဖြစ်သည်။

အမှန်မှာသူတို့ရွာအနေအထားနဲ့ဆိုင်နာမည်တောင်မလိုအပ်လှပါ၊သူပေးလိုက်သည့်နာမည်ကလည်း ဒီခေတ်ဘန်းစကားနဲ့ဆိုရရင်“နည်းနည်းလန်ထွက်နေသည်” ကဗျာသမား၊ထွက်သက်ဝင်သက်တိုင်းမှာကဗျာပါသူဆိုတော့လည်းဒီလောက်တော့ရှိမှာပေါ့လေ.. အားလုံးထိုသို့ပဲနားလည်လိုက်ကြသည်။ ကိုကြည်တိုးသည် ရုပ်ရည်သန့်ပြန့်သည်၊ ခြေထောက်တစ်ဖက်ဆာနေသည့်အားနည်းချက်တော့ရှိသည်။ အရှိန်နှင့်သွားနေသည့် ကားတစ်စီးအပေါ်တိုးဝှေ့တွယ်စီးရာမှ ပြုတ်ကျ၍ခြေထောက်ဆာရခြင်းဖြစ်သည် တချို့ကလည်းဂရုဏာဒေါသောနှင့်ပြောကြသည် “ကြည်တိုးက ကားပေါ်မှာ
ကြည့်ကျက်ပြီးမတိုးတော့ ပြုတ်ကျပြီပေါ့တဲ့။

သူ့ဆိုင်အမာခံဖောက်သည်သည် အဓိကဝေလင်းတို့အဖွဲ့ပဲဖြစ်သည်။ တချို့တလေလည်းရှိပါသည် မျက်စိလည်လမ်းမှားပြီးရောက် ရောက်လာတတ်သည့် တစ်ခြားရွာသားများ။
သူ့လက်ဖက်ရည်ကို လူတွေသောက်နိုင်ကြသော်လည်း မသောက်နိုင်တာကတော့
သူ့ကဗျာပဲ ဖြစ်သည် ၁၀တန်းထိကျောင်းနေ
ဖူးပြီးမြို့မှာနှစ်ကာလအတော်ကြာအနည်ထိုင်ခဲ့ဖူးသည့် သူ့သည် တစ်ဒန်တည်း ဒန်နေသည့် မော်ဒန်ကဗျာ ပရိသတ်ဖြစ်သည် ။ ဆိုင်လာသောက်သည့်ဖေါက်သည်တွေထဲမှာ ရင်ဘတ်တူသူများရှိရင် ခံစားနိုင်စေရန်သူအကြိုက်ဆုံးကဗျာစာအုပ်များကို စားပွဲပေါ်တင်ပေးထားလေ့ရှိသည်။

ပထမဆုံး သူ့ကဗျာ ကိုဖတ်ပြီး မှတ်ချက်ပေးသူမှာ ဖိုထိုးပြီးထွက်ရပ်ပေါက်ရန်ကြံစည်နေသည့် တစ်ဖက်ရွာက ကပ္ပိယကြီးတစ်ဦးဟု သိရသည်။ တစ်မနက်လုံး သူ့ကဗျာကိုထိုကပ္ပိယကြီးထိုင်ဖတ်နေသည် ဖင်ပြန်ခေါင်းပြန်ဖတ်သည် အလွတ်ရသလောက်နီးပါးဖတ်ပြီး ဆိုင်ရှင်ကိုကြည်တိုးအား တိုးတိုးလေးလှမ်းခေါ်သည် ။ ပြီးနောက် ဆိုင်ပတ်ဝန်းကျင်ကို ကျောမလုံသလို ကျီးကြည့်ကြောင်ကြည့် ကြည့်ပြီး အလွန်အရေးကြီးဟန်ဖြင့် စကားကိုဖြေးလေးစွာ တစ်လုံးချင်းပြောသည်...

“ရှေးပညာရှိတွေဟာ အရမ်းလျှို့ဝှက်တယ်ကွ သူတို့ရဲ့ အတတ်ပညာတွေကို တဘောင်ဆန်ဆန် နိမိတ်ဆန်ဆန် ပဟေဠိစကားလေးတွေနဲ့ဖွက်ပြီး ဝှက်ထားလေ့ရှိတယ် ဥာဏ်တူရင်ယူစေဆိုပြီး နောင်လာနောက်သားတွေအတွက်ပေါ့ကွာ အဲဒီမှာပဲသိသူဖေါ်စား မသိသူကျော်သွားကြပေါ့ အဓိကကတော့ လျှို့ဝှက်ချက်ကိုမြင်အောင်ကြည့်တတ်ဖို့ပဲ ဆိုရိုးတောင်ရှိသေးတယ်ကွာ “ကြည့်သောသူမြင်၏”တဲ့။
ကိုကြည်တိုးနားထဲမှာတော့ “ပြသောသူပေါ်၏”လို့ပဲကြားလိုက်မိသည်။
စကားနည်းနည်းပဲပြောရသေးသည်ကပ္ပိယကြီးပေါနေမှန်းပေါ်နေပြီလေ..

အလိုက်သင့်အလျားသင့်ခေါင်းလေးတညိတ်ညိတ်လုပ်ပေးနေလိုက်သည်။ ကဗျာရေးရင်ဒီအကြောင်းထည့်စပ်ဦးမှ ဟုလည်းတွေးနေပုံရလေသည်။
“ခုမင်းစာအုပ်ကိုငါဖတ်ရသလောက်တော့ တစ်ဝက်လောက်နီးနီး သဘောပေါက်နေပြီ ဒါပေမယ့် မရှင်းတာရှိသေးတယ် အဲဒါလည်းအချိန်ပေးလေ့လာလိုက်ရင်ဖြစ်တာပဲ ရှေးဘဝက
ထူးခြားတဲ့ပဋ္ဌာန်းဆက်တစ်ခု ကြောင့် ခုဒီစာအုပ်ကို ငါဒီမှာဖတ်ဖို့ကံကြုံရတာပဲ အဲဒီတော့ ငါပြောမယ် မင်းဒီစာအုပ်ကိုအခြားဘယ်သူမှ မပြပါနဲ့ အထူးလျှို့ဝှက်ထားပါ ပညာကို ပညာမှန်းမသိဘဲအလွဲသုံးစားလုပ်
တဲ့လူတွေရဲ့လက်ထဲရောက်ရင် ဒီစာမျိုးကအရမ်းအန္တာရာယ်ကြီးတာကွ ငါနောက်တစ်ခေါက်ထပ်ပြန်လာဖတ်မယ်ကွာ ငါထွက်ရပ်ပေါက်ရင် အရင်ဆုံးမင်းရဲ့ လူသေလိုဖြစ်နေတဲ့ လူရှင်ဆိုင်ကိုကယ်တင်မှာပါ ခုတော့ဆရာတစ်ဦးနဲ့ချိန်းထားသေးတယ် နောက်မှထပ်ပြန်လာဖတ်မယ် ငါပြောတာတွေ သေသေချာချာစဉ်းစားနော် ကဲ ငါသွားပြီ”

ကပ္ပိယကြီးထွက်သွားတော့ကိုကြည်တိုးမှာ ကပ္ပိယကြီးကိုကြည့်လိုက် သူ့မော်ဒန်ကဗျာစာအုပ်ကိုကြည့်လိုက်ဖြင့်မျက်ကလူးဆန်ပြာ ဖြစ်ကျန်ခဲ့လေသည်။
မျက်ကလူးဆန်ပြာဆိုတာ မျက်လုံးက ကလူး… ကလူး ဟုအော်ပြီးစကောထဲကဆန်ကိုထွက်ပြာနေခြင်းမဟုတ်ပါ၊ ပြူးတူးပြဲတဲဖြစ်နေခြင်းကိုဆိုလိုပါသည်။ (ဤကားစကားချပ်(သို့) ဘလော့ပိုင်ရှင်မောင်သားကြီး၏ အပိုသက်သက်လျှာရှည်ခြင်းတည်း)

နောက်ပိုင်းတွင်ကပ္ပိယကြီးဆိုသူလည်းပြန်ပေါ်မလာတော့ပါ ဖိုထိုးရင်း“ပလုံ”သွားသည်ဟုသိရသည်။
ဝိဇ္ဇာလေးသောင်းဆရာအပေါင်းလည်း မကယ်နိုင်ကြတော့ဘူးထင်သည်။
(ပလုံ=စုံးစုံးမြှုပ်)
ထိုအကြောင်းကိုပြန်ပြောတိုင်းရယ်ဖြစ်ကြသည် ။
“လူရှင်တီးဟောက်စ်”ရဲ့ရောင်းရေးဝယ်တာက အလဲလဲအကွဲကွဲဖြစ်သော်လည်း တစ်ကိုယ်တည်းသမားကိုကြည်တိုးအတွက်တော့ ဖူလုံပါလေသည်။ သူ့ဆိုင်လူမရှိတိုင်းသူပြောတတ်တာတစ်ခုရှိသည်။ “ရွာသားတွေကခက်တယ် ပေးကားပေး၏ မရ ဆိုသလိုပေါ့ကွာ ငါ့လက်ဖက်ရည်ယဉ်ကျေးမှုကိုသူတို့နားမလည်ဘူး ငါ့ကဗျာရဲ့အနှစ်သာရကိုသူတို့ဆွဲယူစားသုံးမတတ်ဘူး”ဟူသတည်း။
………………..
ဆိုင်ထဲထိုင်နေကြရင်းမှ တင်ထွန်းက စကားစသည်။
“ညကဗွီဒီယိုရုံမှာ လူသတ်သမားကားပြတယ် အိလေးနဲ့သွားကြည့်တာပေါ့ ကောင်းလိုက်တာ”
အိလေးဆိုသူမှာ တင်ထွန်း၏ရည်းစား အိအိခိုင်ဖြစ်သည်။
“လူသတ်ကားကိုကောင်မလေးနဲ့ကြည့်တာကောင်းရလားဟ”
အားလုံးကဘုတွေထွက်နေတဲ့အကြည့်နဲ့ပြန်အော်တော့တင်တွန်းက တဟွင်းဟွင်းမြည်သံပြုလျှက် ပါးရိုက်ချင်စဖွယ်ပြုံးသည်..
“အိလေးကကြောက်လေလေ ကိုယ့်နားကပ်လေလေ လေကွာ မင်းတို့ဒါလေးတောင်မသိဘူးလား”
“မင်းကတော့မကြောက်ဘူးပေါ့”
တချိန်လုံးငြိမ်နေသည့်ကိုကြည်တိုးက မေးလိုက်ခြင်းဖြစ်သည်။

“မကြောက်ပါဘူး ဘာကြောက်စရာရှိလို့လဲ”
“မင်းကရုပ်ရှင်မှန်းသိလို့မကြောက်ဘူးနေတာပါ အပြင်မှာအဲလိုသွေးထွက်သံယိုမြင်ကွင်းမျိုးတစ်ကယ်မြင်ရရင်တော့လား”
ကိုကြည်တိုးအသံကစိန်ခေါ်သံပါနေသဖြင့်တင်ထွန်းမရိုးမရွဖြစ်သွားသည် ချက်ချင်းပဲပြန်ပက်သည်။
(ဆိုင်ကရေနွေးနှင့်မဟုတ်ပါ စကားကို စကားဖြင့်ပက်ချင်းသာဖြစ်သည်)
“ရုပ်ရှင်နဲ့အပြင်ဘာမှမကွာပါဘူးဗျ ဒီခေတ်ရုပ်ရှင်ပညာတွေက အံ့မခန်းပဲ အားလုံးသဏ္ဍာန်လုပ် သရုပ်တူအောင်ရိုက်ထားတာ အပြင်မှာလည်းဒီလိုပဲနေမှာပဲ မကြောက်ပါဘူး”

တင်ထွန်းစကားဆုံးတော့ ကိုကြည်တိုးက ခြောက်ကပ်ကပ်ရယ်သည်။ တဆက်တည်းမှာပဲ..
“ငါငယ်ငယ်ကပေါ့ကွာ.. ငါ့ဆိုင်ရဲ့မျက်နှာချင်းဆိုင်ဟိုကုက္ကိုပင်ရိပ်အောက်မှာ စက်ဘီးပြင်ဆိုင်ဖွင့်တဲ့ ကိုမြတ်ဦးဆိုတဲ့ ကုလားတစ်ယောက်ရှိတယ် ဆိုင်ဆိုပေမယ့် ခနော်နီခနော်နဲ့ ဖြစ်ကတတ်ဆန်း စက်ဘီးပြင်ဆိုင်ပါကွာ အမိုးလေးပဲရှိတယ် ဘာအကာမှမပါဘူး ပစ္စည်းကိရိယာလည်းဘာမှဟုတ်တိပတ်တိမရှိဘူး မရှိတာပဲရှိတယ်ဆိုတဲ့ဒသနလေးအတိုင်းပေါ့ကွာ”
ငါ့ဆိုင်လိုပဲပေါ့ကွာဟုပြောလိုက်ရင်ပဲရပြီဟု ဝေလင်းတို့အားလုံးတွေးနေကြသည်။

“အဲဒီတုန်းက ငါခြောက်တန်းလောက်ပဲရှိဦးမယ်ကွ တနေ့တော့ကွာ ဘာရယ်မဟုတ် သူစက်ဘီးပြင်နေတာကိုငါခပ်လှမ်းလှမ်းက ကုက္ကိုအမြစ်ကြီးတစ်ခုပေါ်တက်ထိုင်ရင်းငေးကြည့်နေတယ်ကွ
တစ်အောင့်လောက်ကြာတော့ အဝတ်အစားခပ်နွမ်းနွမ်းနဲ့ရှမ်းဘောင်းဘီရှည်ဝတ်ထားတဲ့ ထောင်ထောင်မောင်းမောင်းလူကြီးတစ်ယောက်ရောက်လာတယ် ပခုံးပေါ်မှာထင်းအစည်းသေးသေးလေးတစ်စည်းလည်း
ထမ်းထားသေးတယ် အဲဒီလူကြီးက ကိုမြတ်ဦးအနားလည်းရောက်ရော သူ့ထင်းစည်းကိုအသာကလေးချလိုက်တယ် ပြီးလည်းပြီးရော ထင်းစည်းတွေကြားထဲကနေ ရှည်ရှည်မျောမျောတစ်ခုကိုဆွဲထုတ်လိုက်တယ် သူဆွဲထုတ်လိုက်တာ ဘာလဲသိလား”

“ရှည်ရှည်မျောမျောဆိုတော့ တရုတ်ကြီးလက်ဖက်ရည်ဆိုင်ကအီကြာကွေးပေါ့”ဟုဘယ်သူမှပြန်မဖြေပါ၊ ခေါင်းတစ်ခါခါ၊ လည်တစ်ခါခါပဲလုပ်ပြလိုက်ကြသည်။
“သူဆွဲထုတ်လိုက်တာက အမဲလိုက်တဲ့လက်လုပ်သေနတ်ကွ ကိုမြတ်ဦးက စက်ဘီးကိုပဲငုံ့ပြင်နေတော့ သတိမထားမိလိုက်ဘူးပေါ့ ငါကလည်းကြောင်ပြီးကြည့်နေမိတယ်ကွ ဘာလုပ်မယ်မှန်းမသိဘူးလေ ပြီးလည်းပြီးရော ကိုမြတ်ဦးရဲ့ နောက်စေ့တည့်တည့်ကိုချိန်ပြီးအဲဒီလူက အနီးကပ်ပစ်ထည့်လိုက်ယ်။ လှုပ်ရှားမှုကသိပ်မြန်တယ်ကွ။ ဒိုင်းဆိုတဲ့အသံကျယ်ကြီးနဲ့ပဲကိုမြတ်ဦးရဲ့ခေါင်းတစ်ခုလုံးပွင့်ထွက်သွားတယ် သွေးတွေဆိုတာ ငါထိုင်နေတဲ့ ကုက္ကိုမြစ်ကိုတောင်လာစင်တယ် ။

စက်ဘီးငုံ့ပြင်နေတဲ့အချိန်အနီးကပ်ဆော်ထည့်လိုက်တာဆိုတော့ကွာ ကိုမြတ်ဦးခေါင်းရှေ့တည့်တည့်ကစက်ဘီးစပုတ်တံတွေပါ တစစီလွင့်ပြီး ဆိုင်ဘေးကဝါးတိုင်တွေကို တဒေါက်ဒေါက်နဲ့ဖေါက်ပြီးစိုက်ကုန်တယ် ရှမ်းဘောင်းဘီနဲ့လူကတော့ ပစ်ပြီးတာနဲ့လစ်ပြေးသွားတယ်
အဲဒီမြင်ကွင်းမြင်ပြီးမိန်းမတစ်ယောက် ကိုယ်ဝန်ပျက်ကျသွားတယ်”
“စိတ်မကောင်းစရာပဲဗျာ ကိုကြည်တိုးရော ဘာတွေပျက်ကျသေးလဲ”
“အေး..ငါ့မှာပျက်ကျစရာဘာမှမရှိတော့ ဘာမှပျက်မကျလိုက်ဘူး လူကတော့ အဲဒီအချိန်မှာတအားလန့်ပြီးဂေါက်တောက်တောက်ဖြစ်သွားတယ်”

“ခုရောဂေါက်တောက်တောက်ပဲလား”ဟုဆက်မေးချင်သေးသော်လည်းဝေလင်းမမေးဖြစ်တော့။
စကားကိုအဆုံးသတ်ပြီးကိုကြည်တိုးက တင်ထွန်းကို ဘယ်နှယ့်ရှိစဆိုသည့်အကြည့်မျိုးနဲ့ကြည့်သည်။
တင်ထွန်းမျက်နှာပေါ်က သူလိုချင်သည့်အရိပ်အယောင်အချို့ရှာတွေ့သွား၍လည်း ကျေနပ်သွားသည်
“ကြောက်စရာကြီးပါလားဗျာ ဘယ်လိုရန်ညှိုးတွေများရှိလို့ပါလိမ့်”
ဝေလင်းမေးခွန်းက အားလုံးသိချင်နေကြသည့်မေးခွန်းဖြစ်သည်
စားပွဲပေါ်က ရေနွေးကြမ်းကို တစ်ကျိုက်ကောက်မော့ပြီး ကိုကြည်တိုးစကားဆက်သည်။

“ထူးဆန်းတယ်ကွ ပစ်သွားတဲ့လူရဲ့နာမည်က သေသူနာမည်နဲ့ပြောင်းပြန် “ဦးမြတ်ကို”တဲ့ ဗမာလူမျိုးပါ အဲဒီကာလက နာမည်ကြီးဒမြတစ်ယောက်ပေါ့ သေသူက သူ့ကိုသက်ဆိုင်ရာနဲ့လက်ထောက်ချလို့ဆိုပဲကွ”
“သြော်…”
“အဲဒီကိစ္စဖြစ်ပြီးမကြာဘူး ဦးမြတ်ကိုတို့ဒမြတစ်ဖွဲ့လုံးသေကုန်ကြပြန်တယ်”
“သက်ဆိုင်ရာက သတင်းရပြီး ချေမှုန်းပစ်လိုက်တာလား”
“မဟုတ်ဘူးကွ သူတို့တစ်ဖွဲ့လုံးတောထဲမှာသေကုန်ကြတာ သေပုံကလည်းတော်တော်ဆန်းတယ်”
“ဘယ်လို ဘယ်လိုဆန်းတာလဲဗျ”
အားလုံးကသိချင်ဇောဖြင့်ဝိုင်းမေးကြပြန်တော့...

“အေးကွ တောထဲမှာသမင်တစ်ကောင်ကိုတွေ့လို့လိုက်ကြတာတဲ့”
“ဟင်…တော်တော်ဆိုးတဲ့ဒမြတွေပဲ သမင်ကိုတောင်ချမ်းသာမပေးဘူး ဒမြတိုက်မယ်တဲ့လား”
“နင့်ကြီးတော် ဒမြတိုက် သတ်စားမလို့လိုက်တာပေါ့ဟ အဲဒီသမင်ကိုလိုက်ရင်းနဲ့ပဲသေကုန်ကြတာ ဒီထက်ပိုထူးဆန်းတာက အဲဒီသမင်ဟာ သူတို့ဒမြအဖွဲ့ပဲမြင်ရတဲ့သမင်တဲ့ သူတို့လည်းသေကုန်ရော အဲဒီသမင်လည်းပျောက်သွားရောတဲ့”
“ဗျာ”
တစ်မအေကမွေးထားတာမဟုတ်သော်လည်း “ဗျာ”တစ်ခွန်းကိုတော့ ဝေလင်းတို့တစ်ဖွဲ့လုံး တစ်သံတည်းညီညီညာညာထွက်ကျသွားသည်။ ။
.............................

ထုံးစံအတိုင်း...ဆက်ရန် ... :P

အလွမ်းနဲ့ပဲ ပန်းတွေကိုပွင့်စေလိုက်တယ် ၃

လမ်းတစ်လျှောက်လုံးဖေါအဲငြိမ်ချက်သားကောင်းလှသည်
ကောင်လေးလည်းဘာစကားစပြောရမည်မသိသဖြင့်စက်ဘီးကိုပဲဖိနင်းနေသည်။
စိုင်းထီးဆိုင်သီချင်းထဲကလို“မောရဲ့လား”ဟုလှမ်းမေးရင်ကောင်းမည်ဟု စိတ်ကူးယဉ်မိသည်။
အဲလိုမေးလာခဲ့ရင်“မောတော့မောတာပေါ့ ဒါပေမယ့်”ဆိုပြီးသီချင်းထဲကအတိုင်းပြန်ဖြေချင်နေသည်။
သို့သော်လည်း အသံသည်ပြုပါများရင်
ကုန်တတ်သည်အမှတ်ဖြင့်ခြွေတာနေပုံရသောကောင်မလေးဆီက ဘာအသံမှထွက်မလာပါချေ။
ယုတ်စွအဆုံးသူ့နာမည်ကိုပင်မမေး လုံးဝတုံဏိဘာဝေ ထို့ကြောင့်သူ့ကိုသူပဲအရင်စမိတ်ဆက်လိုက်ရသည်။

“ကျနော့်နာမည် ဝေလင်းပါ”
“သြော် အင်း”
အနောက်ကဖေါအဲ အသံကဝတ်ကျေတန်းကျေအသံမျိုး။
“နင်ကဖေါအဲနော်”
“အင်း”
“ဖေါအဲဆိုတော့ ပန်းတွေချစ်တတ်မှာပေါ့နော်”
“မချစ်ဘူး လွှင့်ကိုပစ်တာ”
“ဟောဗျာ”
ဝေလင်းဆိုတဲ့ကောင်လေးဘာသာပြန်လွဲသွားပြီထင်သည်။

တအောင့်လောက်ကြာတော့ ဖေါအဲဆီမှရယ်သံတိုးတိုးလေးထွက်လာသည် ။
“ဘာရယ်တာလဲဟ”
“သြော်…နင့်နာမည်က ဝေလင်းဆိုတော့ ဝေလီဆိုတဲ့အစ်ကိုတစ်ယောက်ရှိဦးမှာပေါ့နော် နင်တို့နှစ်ယောက်ကို မနက်စောစောကြီးမှာမွေးခဲ့တာဖြစ်မယ် ခစ် ခစ်”
ဒီလိုကျတော့လည်းကောင်မလေးပျော်တတ်သား ပေါ့ပေါ့ပါးပါးရယ်သံကြောင့် ဝေလင်းပျော်သွားသည် ။
ရေမြေအဆုံးကိုဖေါအဲသွားစေချင်ဦးတော့ ရောက်အောင်ပို့မည်ဟုလည်းစိတ်ပိုင်းဖြတ်မိလေသည်။
…………………
အပြုံးငွေ့ငွေ့လေးဖြင့်ကျေးဇူးတင်ကြောင်းပြောခဲ့တာတွေ အိမ်လာလည်ဖို့ဖတ်ခေါ်ခဲ့တာတွေ ပြန်တွေးတိုင်းဝေလင်းကြည်နူးရသည်။
“ကောင်မလေးရေ ငါဘာမှမသိသေးတဲ့မင်းရဲ့အကြောင်းကို စဉ်းစားလိုက်ရုံပဲ ငါ့ရင်ငွေ့တွေက အရောင်တဖိတ်ဖိတ်လက်တဲ့ ကောင်းကင်ကြီးတစ်ခုလိုသာလို့မောလို့ပေါ့ဟာ နင်ကတော့ငါ့ကောင်းကင်မှာ လမင်းလာလုပ်နော် သာလိုကသာနိုင်တယ် မိုက်လိုက မိုက်နိုင်တယ် နင်မကြိုက်ဘူးဆိုရင် ကြယ်တွေအားလုံးကိုတောင်ငါခြွေချပစ်လိုက်ပါ့မယ် ငါ့ရဲ့ရင်ဘတ်ကောင်းကင်မှာ နေ့ဆိုတာလည်းမရှိစေရဘူး လမင်းကလေး မင်းအတွက် ညချည်းသက်သက်ဖြစ်ပေးပါ့မယ်ကွယ်”
…………………
ခြံထွက်အသီးအနှံများအားဖေါအဲတို့ရွာဘက်သို့ပို့ပေးရသည့်နေ့တွင်ဝေလင်းပျော်နေသည် ။
ထုံးစံအတိုင်းအားလုံးပြီးတော့ သေသေချာချာမှတ်ထားသည့်ဖေါအဲတို့အိမ်ဘက်လှည့်သည်။ အိမ်နားနီးလာလေလေ သူ့ရင်ခုန်သံတွေကစဥ့်ကလျားဖြစ်လေဖြစ်သည် ။ အိမ်နားရောက်လာတော့ ပထမဆုံးတွေ့လိုက်ရသူက ဖေါအဲမဟုတ်ပါ ဖေါအဲတို့နှင့်ဘယ်လိုတော်စပ်သည်မသိရသည့်အဒေါ်ကြီး
တစ်ယောက်ဖြစ်သည်။ သူဘာမှမမေးရခင်မှာပဲ ထိုအဒေါ်ကြီးက ကရင်သံဝဲဝဲနှင့်ဆီးမေးသည်..

“နင် အရင်တစ်ခေါက်ဖေါအဲကိုလိုက်ပို့တဲ့ “ဝေလီ”ဆိုတာလား”
“အယ်…ဝေလင်းပါဗျ”
“သြော်….ဟုတ်လား မသိပါဘူးကွယ် ဖေါအောပြောတာငါနားကြားလွဲသွားတာဖြစ်မယ် နင်ကချောသားပဲနော်”
“သြော် အဟီးး ဟုတ်လား”
“သေသွားတဲ့စောအောင်နိုင်နဲ့တောင်တူသေးတော့”
“ဗျာ”
“သူကနင့်လိုပဲဖြူဖြူချောချော ဒါပေမယ့်ရည်းစားတစ်အားရှုပ်တယ်”
ဝေလင်းစက်ဘီးတစ်စီးနှင့်မိုးတိုးမတ်တတ်အနေအထားမှနားထောင်နေရခြင်းဖြစ်သည် အဒေါ်ကြီးဆိုသူက သူ့အား အိမ်ထဲဝင်ထိုင်ရန်ခေါ်ဖို့မေ့နေပုံရသည် စကားကိုပဲ အသံဝဲဝဲဖြင့်ဆက်ပြောသည်...

“သူကအဲလိုပဲရုပ်ချော အပြောကောင်း မိန်းကလေးတွေကျတာပေါ့ ရည်းစားဆိုတာကလည်း ဟိုနားတစ်ယောက် ဒီနားတစ်ယောက် ရှိသမျှရွာတွေပတ်ပြီးထားနေတာ တနေ့ကျတော့ ငါတို့ရွာနဲ့တော်တော်လေးလှမ်းတဲ့အထက်ရွာဘက်က ကောင်မလေးတစ်ယောက်နဲ့ရည်းစားဖြစ်တယ် ပြောကြတာတော့ ကောင်မလေးရဲ့အဖိုးက ပညာသည်ဆိုပဲ တစ်အားစွမ်းတာ တစ်ရွာလုံးလည်းကြောက်ကြတယ် စောအောင်နိုင်ကသူ့ထုံးစံအတိုင်း အဲဒီကောင်မလေးကိုမကြာခင်မှာပဲ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့အဆက်အသွယ်ဖြတ်လိုက်တယ် ကောင်မလေးက ရည်းစားဦးဆိုတော့ အသဲကွဲပြီးရူးမတတ်ခံစားရတာပေါ့”

“အဲဒီမှာမြေးကိုတစ်အားချစ်တဲ့ ကောင်မလေးရဲ့အဖိုးက ဘယ်လိုလုပ်လိုက်လဲမသိဘူး စောအောင်နိုင်တစ်ယောက်သွက်သွက်ခါအောင်ရူးသွားတယ် ကိုယ်ပေါ်မှာအဝတ်မကပ်ဘဲရွာတွေထဲလျှောက်သွားတယ် သူ့အဖေအမေတွေဆိုဆရာအမျိုးမျိုးခေါ်ပြီးကုတာပဲပေါ့ ဟိုအဖိုးကြီးကိုလည်းသွားတောင်းပန်ကြတယ် ဒါပေမယ့်အဖိုးကြီးက ဒီကိစ္စသူနဲ့မဆိုင်ဘူး သူဘာမှလည်းလုပ်မထားဘူးဆိုပြီးငြင်းလွှတ်တယ် အဲလိုဖြစ်ပြီးမကြာဘူး ရေတွင်းပျက်တစ်ခုထဲကျပြီးဂုတ်ကျိုးသေနေတဲ့ စောအောင်နိုင်ရဲ့အလောင်းကိုတွေ့ရ
တော့တာပဲ ညဘက်အိမ်သားတွေမသိလိုက်ဘဲရူးပြီးလျှောက်သွားတာကနေ ပြုတ်ကျတာတဲ့ သတိထားစရာပဲပေါ့ ငါတော့ နင့်လိုကောင်လေးတွေတွေ့ရင်အဲဒီအကြောင်းဥပမာထားပြီးဆုံးမ
ရတာပဲ ပြောရဦးမယ် ဖေါ်အဲက ငါ့တူမလေ နင်အခုဘာလာလုပ်တာလဲ”

စကားကိုရှည်လျှားထွေပြားစွာပြောပြီးနောက် သူ့ကိုယ်သူ ဖေါအဲ၏အဒေါ်မှန်းသိစေရန်မိတ်ဆက်ပြီး
တစ်ဆက်တည်းဘာလာလုပ်တာလဲဟုမေးသည်။ “အဒေါ့်တူမကိုလာကြောင်မလို့ပါဗျ”ဟုဖြေရန်မသင့်တော်မှန်းဝေလင်းသိပါသည်။ အဲလိုဖြေလိုက်မှပဲ “ငါကလည်းပညာသည်ပဲ”ဟုအဒေါ်ကြီးဆိုသူက ပြန်အော်ပြောလျှင်ပြေးပေါက်မှားကိန်းဖြစ်သည်။ ထို့ကြောင့်ပဲစကားကိုစကားနှင့်တူအောင်ကြည့်ကျက်ပြောရလေသည်။
“ကျနော်ဟိုဘက်ထိပ်အိမ်ကိုအသီးအနှံတွေလာပို့တာဗျ အဲဒါ သတိရလာတာနဲ့ ဖေါအဲများရှိမလားဆိုပြီး”
“ရှိပါတယ်ရှင်....ရှိပါတယ်..အိမ်ထဲကြွပါဦး”

သူ့စကားပင်မဆုံးလိုက် ၊ အိမ်ပေါက်ဝလှေကားမှရုတ်တရက်ထွက်ပေါ်ဘာသည့်အသံတစ်ခုကြောင့် ဝေလင်းရင်ထဲနှင်းအစင်းစင်းပြိုကျလာသလိုချမ်းမြလင်းမြေ့သွားရသည်. ။
မော့ကြည့်လိုက်တော့နှုတ်ခမ်းထက်မှာအပြုံးတစ်စကိုအလှပဆုံးထွန်းညှိလျှက်သူ့အားမျက်ဝန်း
တောက်တောက်များဖြင့်လှမ်းကြည့်နေသည့်ဖေါအဲ။ အဒေါ်ကြီးဆိုသူကစိတ်ကြိုက်လေပေါလိုက်ရပြီဖြစ်သဖြင့်အိမ်နောက်ဘက်သို့ဝင်ရောက်
ပျောက်ကွယ်သွားပြီဖြစ်သည်။

အိမ်ပေါ်သူတက်သွားတော့ ဖေါ်အဲက အိမ်ကြမ်းခင်းကိုကြက်တောင်မွှေးတစ်မြက်စည်းဖြင့်ကောက်ကာငင်ကာထလှည်းသည် အိမ်ခင်းပျဉ်ပြားများသည် အကြိမ်ကြိမ်အခါခါဖယောင်းတိုက်ထားမှုကြောင့်မဲနက်တောက်ပြောင်ကာ ကိုယ့်အရိပ်တောင် ကိုယ်ပြန်မြင်ရသလောက်ဖြစ်သည်။
တံမြက်လှည်းနေရင်းမှထိုင်နေသည့်ဝေလင်းကိုစကားလှည့်ပြောသည်
“နင်လာလို့ တံမြက်စည်းထလှဲတာဟ”
“အေးလေ နင့်အိမ်ကြမ်းခင်းကဒီလောက်တောင်ပြောင်လက်နေတာ လှည်းစရာလိုသေးလို့လား”

“ငါအမေငါ့ကိုပြောဖူးတယ်ဟ သူတို့ငယ်ငယ်ကပေါ့ အိမ်ကိုဧည့်သည်လာရင် ဆံပင်မဖြီးရဲဘူးတဲ့ အိမ်ကြမ်းပြင်ကိုလည်းဆံပင်အစတွေတစ်စက်မှမရှိအောင်လှည်းကျင်းရတယ်တဲ့ လာတဲ့ဧည့်သည်တွေထဲက ကိုယ့်ကိုမကျေနပ်တဲ့လူတွေရှိနေရင် မတော်ကိုယ့်ရဲ့ဆံပင်တစ်ချောင်းသူတို့ရသွားရင် ကိုယ်ဒုက္ခရောက်ပြီတဲ့”
ဖေါအဲစကားကအဆန်းဖြစ်သည် ဝေလင်းလည်းစိတ်ဝင်စားသွားရသည် သို့သော် သူသည် ရင်ဘတ်နောက်ကွယ်ကနှလုံးသားတစ်ခုကိုအရင်းပြုပြီးအလည်လာသည့်ဧည့်သည်တစ်ယောက်သာ
ဖြစ်ကြောင်းကိုတော့ နောက်မှဖေါအဲသိအောင်ပြောပြရပေဦးမည်။

ဖေါအဲကဖြောင့်စင်းသွယ်လျသည့်သူ့ဆံပင်များအား လက်တစ်ဘက်ဖြင့်သပ်တင်လျှက်စကားဆက်သည်..
“အဲဒီဆံပင်တစ်ချောင်းကိုယူပြီး ညောင်ပင်တစ်ပင်ရဲ့ အရွက်မှာထုတ်ချင်းဖေါက်ပြီး ချည်လိုက်တယ် နောက်ပြီး သူတို့တတ်ကျွမ်းတဲ့မန္တာန်တစ်ပုဒ်နဲ့ရွတ်လိုက်တယ်ဆိုရင် အဲဒီဆံပင်ပိုင်ရှင်မိန်းကလေးကဒုက္ခရောက်ရောတဲ့ ဆံပင်နဲ့သပ်လျှိုထားတဲ့ညောင်ရွက်ကိုလေတိုက်လို့လှုပ်
တာနဲ့ အဲဒီမိန်းကလေး နဂိုစိတ်တွေပျောက်ပြီးရူးတော့တာပဲ”
“ကြောက်စရာကြီးပါလားဟာ”
ဝေလင်းကတအံ့တသြပြန်ပြောသည်။ တစ်ကယ်လည်းပဲအံ့သြနေသည် ယခုလိုကိစ္စမျိုးသူမကြားဖူးသေးချေ။

“ထူးဆန်းတာက လေတိုက်တာရပ်သွားလို့ညောင်ရွက်ကလေးမလှုပ်တော့ရင် လူကနဂိုစိတ်ပြန်ဝင်ပြန်ရောတဲ့ စောစောကဘာတွေဖြစ်ခဲ့လဲဆိုတာလည်းမသိတော့ဘူးတဲ့ ဆိုတော့ဟာ အဲဒီညောင်ရွက်မကြွေမချင်းကို လေတိုက်တာနဲ့ဆံပင်ပိုင်ရှင်ကရူးရမယ့်သဘောပဲ နောက်ပြီးအဲဒီညောင်ရွက်မကြွေခင်ပဲ တစ်ချို့တွေကသေသွားကြတယ်”
စကားကိုအဆုံးသတ်ပြီးနောက် တအံ့တသြဖြစ်နေသည့်ဝေလင်းအားနက်နဲသည့်အပြုံးတစ်စဖြင့်
ဖေါအဲလှမ်းကြည့်လိုက်သည်။
………………
ထိုည လမင်းကိုမော့ကြည့်ရသည်မှာ အေးတိအေးစက်နိုင်လှသည်ဟု ဝေလင်းထင်သည်၊လမင်းကိုတစ်စုံတစ်ဦးက
မန္တာန်ဖြင့်ရွတ်ဖတ်ကာ ထုတ်ချင်းဖေါက်ပြီး ဆံပင်တစ်ချောင်း သပ်လျှိုထားသလိုခံစားရသည်။ ထိုဆံပင်သည် ဘယ်သူ့ဆံပင်လည်းတော့ အတိအကျမသိနိုင်သေးပါ ဘာပဲဖြစ်ဖြစ် လမင်းကိုလေမတိုက်ဖို့တော့ ဝေလင်းဆုတောင်းမိလေသည်။ ။
...........................

ဆက်ရန်...............

ခုတလော(တဂ်)

ခုတလောတဂ်စာတွေချည်းခဏခဏမိနေတယ်၊ ကံကောင်းလို့သွေးတိုးမရှိတာ၊ မဟုတ်ရင်အတက်စာတွေနဲ့ စောစောစီးစီး မာလကီးယားနေလောက်တယ်။ ပြောသာပြောရတာ ခင်လို့မင်လို့ ကိုယ့်ကိုတဂ်ထားတာလေးတွေ့ရင် စိတ်ညစ်သလိုလိုနဲ့ပျော်တော့လည်းပျော်သား စိတ်ညစ်တယ်ဆိုတာက စာသိပ်မရေးတတ်တဲ့အားနည်းချက်
ကြောင့်ပါ။

မြန်မာ့ရုပ်သံအစီအစဉ်ကြေညာသူရဲ့လေသံနဲ့ပြောရရင် “ဒီတစ်ခါ အလှည့်ကျရောက်လာတာ
ကတော့ တစ်ယောက်တည်းအေးအေးဆေးဆေးနေတတ်တဲ့ သူငယ်ချင်းမလေး sweetpeonyရဲ့ ခုတလော ဆိုတဲ့တဂ်ပဲဖြစ်ပါတယ်ခင်ဗျာ
နောက်ပြီး ခင်တဲ့သယ်ရင်းတလနွန်ကလည်း ဒီခေါင်းစဉ်နဲ့ပဲတဂ်ထားပြန်ပါတယ် တစ်ခါတည်းအတူတူရေးလိုက်ပါမယ် ”
မလေးစကားနဲ့တိုက်ရိုက်ဘာသာပြန်ရရင် “ခုတလော”ဆိုတာ“ခေါတလု”လို့တော့ အသံထွက်မယ်မထင်ဘူး
(လျှာကရှည်နေပြန်ပြီ ဟီးး)
လတ်တလောနိုင်ငံခြားမှာနေ နေရတာဆိုတော့ ဘဝက ကိုယ်ထူကိုယ်ထ လမ်းတစ်လမ်းလိုပါပဲ ကိုယ်ထူကိုယ်ထဆိုတာကလည်း ကိုယ်လဲရင်လည်း ကိုယ်ပဲကွဲပါတယ်။ ဒါက မြင်သာအောင်ပြောရတာပါ။

တွေးနေမိတာက…... ဂစ်တာလေးရှိနေသေးရင်သိပ်ကောင်းမယ် ဘာမှန်းမသိတဲ့ဟာတွေကိုလွမ်းသလိုလိုဖြစ်လာတိုင်း ဂစ်တာလေးတီးတီးနေရတာ ဖြေသာတယ်
ခုတော့ တီးစရာဆိုလို့ ကိုယ့်နရင်းပဲကိုယ်ပြန်တီးဖို့ရှိတယ် အဲဒါကြောင့်ဘာကိုမှမလွမ်းရဲတော့အောင်ပဲ။

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက......လူတွေအကြောင်းအများကြီး လေ့လာရဦးမယ်၊ ဆရာတာရာမင်းဝေရဲ့စာထဲကလိုပေါ့၊ တစ်ချို့ကျ လူတွေအကြောင်း“ကကြီး”ကနေ“အ” အထိသူတို့သိပါတယ်လို့
ကြွေးကြော်ကြတယ်။ ကျနော်ကတော့ လူတွေအကြောင်းကို“ကကြီး”ကနေ“ခခွေး”အထိပဲသိပါတယ်။ ဒါတောင် သိတဲ့တစ်ဝက်က မှားနေသေးတယ်။

ကျန်းမာရေး…….“ကျန်းမာရေး”ဆိုတာဝမ်းနှုတ်ဆေးရဲ့နာမည်ပေါ့နော် ၊ မသောက်ဖြစ်ပါဘူးကွယ်။ တော်ကြာဟိုသီချင်းထဲကလို“ပွမ်ပွမ်မြည်တဲ့အသည်း” မဖြစ်ဘဲ “ဒန် ဒန် မြည်တဲ့ဘဲ”ဖြစ်နေပါဦးမယ်။

ဖတ်ဖြစ်နေတဲ့စာအုပ်တွေ......မဖတ်ရသေးတဲ့စာအုပ်၊ ဖတ်ပြီးလည်း ထပ်ဖတ်ဖို့ဆန္ဒရှိနေသေးတဲ့စာအုပ်။

ရောက်ဖြစ်နေတာက......လက်ရှိနေထိုင်နေတဲ့နေရာကိုရေးရမှာလား? လျှောက်လျှောက်ပြီးသွားနေတဲ့နေရာ
ကိုရေးရမှာလား? လက်ရှိနေထိုင်နေတဲ့နေရာကိုရေးရမယ်ဆိုရင်တော့ ရေးမယ်။ အရင်ကဆို လူတွေကသူ့ကို“ပြား”တယ်လို့ယူဆခဲ့ကြတယ်၊ ခုတော့လည်းသူ့ကို“လုံး”နေမှန်း သိသွားကြပြီ။ဒါတောင်တစ်ချို့က သူ့ကို “လုံး”သလိုလို“ပြား”သလိုလို လုပ်နေတုန်း။ “သူ”ဆိုတာက
“ကမ္ဘာ”ကိုပြောတာပါ။ ကျနော်အဲဒီကမ္ဘာပေါ်မှာနေထိုင်နေပါတယ်၊ ဒီထက်ပိုပြီး သေသေချာချာမသိပါဘူး။

ရေးဖြစ်နေတာက........အခုမိတ်ဆွေဖတ်နေတာပဲပေါ့

နားထောင်ဖြစ်နေတာက.......“ဖိုးကာ”ရဲ့ တစိမ့်စိမ့်ကြည့် သီချင်းကို လေးစားကြည်ညိုစိတ်အပြည့်နဲ့ နားထောင်ဖြစ်နေပါတယ်။ ချစ်သူကို နဖူးကနေခြေဖျားထိ တစ်နေကုန်တစိမ့်စိမ့်ကြည့်ရုံလေးပဲ ကြည့်တယ်ဆိုတာ နည်းနည်းနောနော သမာဓိမှ မဟုတ်ဘဲ၊ မြန်မာပြည်မှာ အထောက်တော်ကျန်ကျောင်းလိုမျိုးဇာတ်လမ်းတွဲရိုက်ရင် ဖိုးကာကို သုခမိန်ကြီးပေါင်ချိန်နေရာထားရမယ်၊
ပေါင်ချိန်ကလည်း ပိန်ချောင်နေတာပဲလို့တော့အဲကျမှ ကွန်ပလိန်းမတက်ကြနဲ့ပေါ့လေ (ဒါကကြိုပြောထားရတာ)

ရွတ်နေမိတာက….... အနိစ္စ၊ဒုက္ခ၊ အနတ္တ ။ ပြီးခဲ့တဲ့ရက်တွေကမှ ကျနော့မျက်စိရှေ့မှာ အကောင်းပကတိကြီးရှိနေသေးတဲ့ ကောင်မလေးတစ်ယောက်၊ တနေ့က သတင်းကြားလိုက်တယ် “လင်ရသွားရှာပြီ”တဲ့ အဲဒီကတည်းက ဘယ်အရာမှမမြဲဘူးဆိုတာသဘောပေါက်သွားတယ်။

ဖြစ်ချင်နေတာက......miley cyrus ရဲ့ရည်းစား။

စားဖြစ်နေတာက.....မနေ့ကထက် ဘာမှပိုမထူးတဲ့အစားအစာတွေ။

သနားနေမိတာက…...ငယ်ငယ်ကဆိုတိရိစ္ဆာန်တွေကို သနားတယ်၊ချစ်တယ်။ ခုတော့မသနားတော့ဘူး မချစ်တော့ဘူး။ တိရိစ္ဆာန်က လူတွေကိုပြန်ပြီး လူပါးဝ အဲ.. အဲ … တိရိစ္ဆာန်ပါးဝနေလို့။ ဝေးဝေးမကြည့်နဲ့ ကိုယ့်တိုင်းပြည်ပဲကိုယ်ပြန်ကြည့် သေသေချာချာကိုကြည့် သတိမမူရင် ဂူတောင်မြင်မှာမဟုတ်ဘူး။ သတိမူရင်တော့ ဂူမကဘူး ပူထွက်နေတဲ့၊ စူထွက်နေတဲ့ တိရိစ္ဆာန်တွေရဲ့ဗိုက်ကိုတောင်မြင်ရလိမ့်မယ်။

လွမ်းနေမိတာက......မလွမ်းရဲဘူး၊ ပြောခဲ့ပြီ ကိုယ့်နရင်းကိုယ်ပြန်တီးနေရမယ်။

မေ့လျှော့ပစ်နေမိတာက.....အယ်... မေ့သွားပြီဗျ၊ ပြောပြမလို့ဟာ ။

ခါးသက်နေမိတာ.......Guinness stout ၊ မယုံရင်သောက်ကြည့်ပါလား တစ်ကယ်ပဲခါးသက်သက်နဲ့။

တမ်းတနေမိတာက...... တစ်ဖက်ကစက္ကူထည့်ရင် တစ်ဖက်က ပိုက်ဆံထွက်တဲ့စက်။

ကြိတ်ပြီးချီးကျူးနေမိတာ.......ယုံကြည်ရာအမှန်တရားကိုရှေ့တန်းတင်ပြီး ဘဝတွေ မှောင်အတိကျခဲ့ကြသူများ။ (အားလုံးရဲ့ရင်ထဲမှာတော့ လင်းတယ်)

ကြိတ်ပြီးအထင်သေးနေမိတာ.......ယုံကြည်ရာ အမှားတရား ကိုရှေ့တန်းတင်ပြီး ဘဝတွေ တောက်စားနေသူများ။ (အားလုံးရဲ့ရင်ထဲမှာတော့ မှောင်တယ်)

ဆန္ဒမရှိတဲ့နေရာ....... သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူးလို့ ကြွေးကြော်တဲ့နေရာ၊ ကျည်ဆန်နှမျောလို့နဲ့တူပါတယ်။ (အသက်ကိုတော့ နှမျောကြပုံမရဘူး တခါတခါစဉ်းစားမိတယ် ဒီလောက်တောင်ကျည်ဆန်နှမျောနေကြရင် အနားမှာဘယ်သူမှမရှိတဲ့အချိန်ဆို ကိုယ့်ဖင်ကိုယ်ပြန်ပစ်နေကြလားမသိဘူး အဲဒါဆိုရင်တော့ပြဿနာပဲ)

ဆန္ဒရှိတဲ့နေရာ..... ကျနော်ရယ်၊ ကျနော့ရဲ့နံရိုးလေးရယ်၊ နောက်ပြီး မိုးတိမ်တွေမငိုတဲ့အပြာရောင်ရပ်ဝန်းတစ်ခုရယ်ပေါ့ (“နံရိုး”ဆိုတာ ပတ္တလားအမှတ်နဲ့ တီးရမယ့်ဟာကိုပြောတာမဟုတ်ပါဘူး “ချစ်သူ”ကိုပြောတာပါ)

မုန်းတီးနေမိတာ
.........မုန်းပဲမုန်းနေမိပါတယ်၊တီးတော့တီးမနေမိဘူး။မုန်းတိုင်းလိုက်တီးနေရင် “မီးတုံး”ဖြစ်ပြီးမဲနေလိမ့်မယ်။ အဲကျမှ တွေ့ကရလူကို “ဗြဲ”လို့အော်ပြီးလိုက်ခြောက်နေရရင် မမိုက်ဘူး။

ချစ်နေမိတာက
…..... ကွမ်းယာဆိုင်က“အမီနာ” ၊ အဲလေ… ယောင်လို့ ။

စိတ်ပျက်နေမိတာက
....... စိတ်တော့မပျက်ဘူး၊ စက်တော့ပျက်တယ် ၊ အောက်စက်ရော ၊ကွန်ပြူတာရောပဲ။

စွဲလမ်းနေမိတာက
....... စွဲလမ်းရင်သရဲဖြစ်တတ်တယ်တဲ့၊ ဘာကိုမှမစွဲလမ်းရဲဘူး။

လိုအပ်နေတာ
……...“အာရကေ”လိုတယ်။(“အာရကေ”ဆိုတာ “အေရကာ”ရဲ့အစ်ကို ကုလားကြီးလို့တော့ မမှတ်နဲ့နော်၊
“ပိုက် ပိုက်”ကိုပြောတာ ။ “ပိုက်ပိုက်”ဆိုတာလည်း“ဖိုက်ဖိုက်”ရဲ့ယောက်ဖမဟုတ်ဘူးနော် “ပိုက်ဆံ”ကိုပြောတာ အဟီး သားကြီးတို့အလွန်လျှာရှည်၏) အဲဒါကြောင့် ဆံပင်ဆေးဆိုး နားကွင်းတပ်ပြီး VCDကူးခွေတွေ လိုက်ဖြန့်ရင် ကောင်းမလားလို့၊ ဘာပဲပြောပြော VCDရောင်းတာ ရှောက်သီးဆေးပြားရောင်းတာထက်တော့ ဂွမ်မယ်ထင်တယ် ။

တောင်းနေမိတဲ့ဆု......death noteရုပ်ရှင်ထဲက death noteစာအုပ်လေးလိုချင်တယ်၊ အမိမြန်မာပြည်ကိုအထင်ကရဖျက်ဆီးနေတဲ့လူတွေ၊ အမြင်ကပ်တဲ့လူတွေရဲ့နာမည်ကို အကုန်တန်းစီရေးပစ်မယ်။ dieကြရော့လဟယ်…

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက....... “အုံ အွမ် အုံအွမ်” (အဲလိုအော်ရင်လာဘ်ရွှင်တယ်ထင်တယ်၊ လာဘ်မရွှင်လည်း လူရွှင်ရင်ပြီးတယ် လူမရွှင်တောင်တစ်ခုခုရွှင်ရင်ရပြီ)

ဝန်ခံချင်တာက...... ဘာကိုဝန်ခံရမလဲမသိဘူး၊ လုပ်ခဲ့တဲ့အပြစ်တွေကိုလား? ဝန်ခံပြီးရင် ထိုက်သင့်တဲ့အပြစ်ဒဏ်ရော ပေးမှာပဲလား? ဒါဆိုရင် ဝန်မခံတော့ဘူး ပြောချင်တာပဲပြောခဲ့တော့မယ်၊ ဒီစာလာဖတ်ပြီး ကွန်မန့်မပေးသူ ဘော်ဘော်အပေါင်း(အိမ်ထောင်မရှိသေးသူများ) အပ္ပနားနဲ့ညားပါစေ၊ လက်ချမီးနဲ့ ညားပါစေ အဟိ ။

သယ်ရင်းလေးsweetpeonyနဲ့ သယ်ရင်း တလနွန်တို့ရေ ကျေနပ်နိုင်ပါစေ။ ။
ပုံကို photo bucketကယူပါတယ်။

ကိုယ်ရောင်ကိုယ်ဝါတောက်လွန်းသူ


သူများနိုင်ငံမှာတော့ဒီလိုကားမျိုးပြတိုက်တွေမှာပဲရှာကြည့်ရတော့မယ်ထင်တယ် ကိုယ်တို့ဆီမှာတော့ တဖုန်းဖုန်း တဒိုင်းဒိုင်းအသံပေးပြီးပြေးနေတုန်းပဲ ကားစပယ်ယာတွေများ ကားအင်ဂျင်ကိုသံကောက်နဲ့လှည့်ပြီးနှိုးရလွန်းလို့ လက်မောင်းကကြွက်သားတွေတက်ပြီး
ဗလမောင်တောင်လုပ်စားလို့ရလောက်တယ် ကားခေါင်မိုးမှာရော ကားဝမ်းထဲမှာပါ တင်ချင်သလိုတင်ထားတဲ့လူတွေ ကုန်စည်တွေကြားမှာ ကားတန်ချိန်ဆိုတဲ့စာကပျောက်နေတယ် တခါခါကားတွေကြည့်ရတာ ခရီးသည်တင်ကားနဲ့မတူတော့ဘူး ဆပ်ကပ်ပွဲတစ်ခုက လူပဒေသာပြပွဲနဲ့ပိုတူနေတယ် ။

မတော်တဆမှောက်လို့ကတော့ ပေါသွပ်ကာတွန်းထဲကလို“မွေးမေလေ့”လို့တောင်အော်နိုင်မှာမဟုတ်တော့ဘူး။ တခါကဆိုကားခေါင်မိုးပေါ်အိပ်ငိုက်ပြီးလိုက်လာတဲ့ဇာတ်မင်းသားတစ်ယောက် နိမ့်ကျနေတဲ့အပေါ်ကသရက်ကိုင်းနဲ့ရိုက်မိပြီးအောက်ကိုနောက်လန်ကျတာ
“အောင်မြတ်လေးလေး နှမငယ် ဖြစ်သမျှရယ် လှစ်ဟမယ် မောင်ကြီးအီစလံဝေရတယ်”လို့တောင်အော်ချိန်မရလိုက်ဘူးကတ္တာရာလမ်းနဲ့ခေါင်းနဲ့မိတ်ဆက်ပြီး
အနိစ္စသဘောနဲ့ကိစ္စလျှောပါလေရော။တခါတခါလည်းကားစီးရတာ ကုသိုလ်ရတယ်လို့တစ်ဖက်လှည့်တွေးမိတယ်၊ ဘုရားတရလွန်းလို့လေ။

မိန်းကလေးတွေဟာအရှက်နဲ့လူလုပ်သတဲ့ ၊ လက်ခံပါတယ် ခြွင်းချက်အနေနဲ့ပြောချင်တာက ယောင်္ကျားလေးတွေလည်းအရှက်နဲ့လူလုပ်ချင်ပါတယ် ခက်တာက ကားအနောက်ဘက်မှာတွယ်စီးနေရတဲ့ယောင်္ကျားလေးတွေရဲ့အရှက်ကို တရကြမ်းမောင်းနေတဲ့ကားကြီးက တဖုန်းဖုန်းနဲ့ခါချနေတယ် ဒီလောက်ရှည်တဲ့ခရီးကိုတိုးဝှေ့ဖက်တွယ်စီးနေရမှတော့ ပုဆိုးဆိုတာအခန့်မသင့်ရင် ကျွတ်တာပါပဲ၊ လက်တစ်ဘက်ကလျှောကျနေတဲ့ပုဆိုးကိုဖမ်းထားရတယ် အရှက်ကွဲမှာစိုးလို့၊ နောက်လက်တစ်ဖက်က ကားအတွယ်သံတိုင်ကိုဖမ်းထားရတယ် အသက်အိုးလေးကွဲမှာစိုးလို့။

ပြောရမယ်ဆိုရင် ကားစီးဖို့ဆိုတာပိုက်ဆံရှိရုံနဲ့ဘယ်ရပါ့မလဲ လက်ကလည်းမြဲဦးမှကိုး တစ်ချို့တွေကားတွယ်စီးတာများပြီးလက်က မျောက်လက်ဖြစ်သွားကြပါလေရော
(ကောင်မလေးများသိစေရန်= အကယ်၍ သင့်ချစ်သူ၏လက်သည် မျောက်လက်ဖြစ်နေပါက ကားတွယ်စီးရလွန်း၍ သာဖြစ်ကြောင်းသဘောပိုက်ကာ ခွင့်လွတ်ပေးကြပါရန် ၊ အကယ်၍ကားတွယ်မစီးဖူးဘဲမျောက်လက်ဖြစ်နေသည်ကိုတွေ့ရှိရပါက “ဝသီ”ကြောင့်သာဖြစ်သည်ဟု သဘောပိုက်ကာ “အထူး”ဆင်ခြင်ကြရန်)

တချို့တွယ်စီးနေရတဲ့ကောင်လေးတွေများ ကားထဲမှာချစ်သူကောင်မလေးပါလာခဲ့ရင် “ကောင်မလေးရေ တစ်ဖက်လှည့်နေလိုက်ပါ မမြင်သလိုနေလိုက်ပါ”လို့အသံတိတ်ပြောနေမိမလားပဲ။
တစ်ချို့အကြံကြီးတဲ့ခရီးသည်တွေကတော့လုံချည်ပေါ်မှခါးပတ်ပြန်ပတ်ထားလေရဲ့ ရှေးဟောင်းရုပ်ရှင်မင်းသားကြီးရွှေဘတို့ခေတ်က စတိုင်နဲ့တူတယ်။

တနေ့ကပေါ့…..
ဂိတ်တစ်ခုမှာ နယ်ကဆင်းလာတဲ့ကားတစ်စီးရပ်တော့ ဘယ်ကတည်းကအဲဒီ ကားနောက်ကိုစက်ဘီးနဲ့လိုက်လာတဲ့အကောင်လည်းမသိဘူး(အကောင်လို့သုံးနှုန်းလိုက်တာရိုင်းရာကျပါ
တယ် ရိုင်းတယ်ထင်ရိုင်းတယ်ပဲပေါ့လေ) ဟောဟဲလှိုက်နေရင်းကနေကားခေါင်မိုးပေါ်ကိုမော့ပြီးဒေါသတကြီးနဲ့
“ဟိုဝါးခမောက်နဲ့ဦးကြီးခုဆင်းခဲ့”လို့လှမ်းအော်တယ်
သူ့ပခုံးကအရစ်တွေအပွင့်တွေရယ် သူ့ဗိုက်ကအရစ်တွေ အညစ်တွေရယ်ကိုကြည့်ပြီးသူဘာကောင်မှန်းခရီးသည်တွေအကုန်သိလိုက်ကြတယ်။

အခေါ်ခံရတဲ့ဦးကြီးကလည်းချက်ချင်းဆင်းလာပါတယ် ပြီးတော့ ဘီလူးရဲ့ချပ်ဝတ်တန်ဆာတွေနဲ့တောက်ပနေတဲ့အဲဒီအကောင်ရှေ့မှာခပ်ရို့ရို့လေးရပ်တယ်။
“ဘာများလဲတူလေးရယ်”
“ဘာများလဲ ဟုတ်လားခင်ဗျားကျုပ်ပေါ်ကွမ်းတံတွေးထွေးချတယ် အဲဒါဘာသဘောလဲ”
မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးအစုံနဲ့ခရီးသည်ဦးကြီးကိုကြည့်ပြီးအဲကောင်ပြန်အော်တယ်။
သူ့အော်သံကိုကြားရကုန်တဲ့ကားပေါ်ကခရီးသွားတွေရော ဦးကြီးကပါတအံ့တသြဖြစ်သွားတယ်။
ဦးကြီးကတောသားကြီးတစ်ယောက်ဖြစ်ပုံရပါတယ် ကားခေါင်မိုးပေါ်လိုက်လာရင်းကွမ်းတမြုံ့မြုံ့ဝါးနေတာ
ကားသွားနေတုန်းအောက်ကိုကွမ်းသွေးလှမ်းထွေးတော့ ကားလမ်းဘေးက စက်ဘီးနဲ့အဲဒီအကောင်ကိုနည်းနည်စင်သွားတယ်နဲ့တူတယ်

ဗုံးပေါက်သလိုအဲကောင့်ဒေါသက“ဝုန်း”ကနဲထပေါက်ပြီးကားနောက်ကိုအမှီလိုက်ပြီးစက်ဘီးပြေးနင်းလာတာ
ပြောမယ့်သာပြောတာ သူ့ဝတ်စုံပေါ်မှာဘာကွမ်းသွေးအရောင်မှမတွေ့ရဘူး နည်းနည်းစင်သွားတာကိုတမင်ပြဿနာလာရှာမှန်းခရီးသည်တွေသိလိုက်ကြတယ် မာနကိုထိခိုက်သွားလို့နဲ့တူပါတယ်။ ပခုံးကအပွင့်ကိုထိခိုက်သွားတာလည်းဖြစ်နိုင်တယ်။ ဦးကြီးက ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့သူ့တူသားအရွယ်အဲကောင်ကိုညှိုးညှိုးငယ်ငယ်လေးပြန်ကြည့်ပြီး
“မဟုတ်ရပါဘူးတူလေးရယ် ဦးကြီးမလုပ်ရဲပါဘူး မတော်စင်သွားတာလားမသိဘူး ဦးတောင်းပန်ပါတယ်”
“ဘာတောင်းပန်တာလဲ ခင်ဗျားစောက်ခွက်ကို ကျုပ်ခုတံတွေးပြန်ထွေးမယ် ကျေနပ်လား ကျုပ်ကိုဘာအကောင်မှတ်နေလဲ”

ကြားရကုန်တဲ့ခရီးသွားအပေါင်းရဲ့နားထဲမှာ တမာတောကြီးတစ်တောလုံးဖြုန်းခနဲပွင့်ချသွားသလို“ခါး”ကုန်တယ်။
တဆက်ထဲမှာပဲ ဒေါသကိုထိန်းမရတော့ဟန်နဲ့အဲကောင်က ဦးကြီးအင်္ကျီကော်လံစနှစ်ဖက်ကိုလှမ်းဆွဲလိုက်တယ်
တော်တော်မလှတဲ့မြင်ကွင်းပါ အဖေအရွယ်လောက်ရှိမယ့်လူကြီးကို သားအရွယ်လောက်ရှိမယ့်ကောင်က ပြဿနာရှာနေတာ။ ကြည့်နေသူအပေါင်းရဲ့ပါးစပ်တွေထဲကို ဆေးခါးကြီးတစ်လုံးစီလိုက်ပစ်ထည့်နေသလိုပါပဲ မြင်ရတာ မျက်လုံးတောင်ခါးတယ်။

အရမ်းကြောက်လန့်နေပုံရတဲ့ဦးကြီးက “တစ်ကယ်မတော်လို့ပါ တူလေးရယ် မကျေနပ်လို့ရှိခိုးဆို ခိုးပါ့မယ် ဦးလည်းခရီးသိပ်သွားတာမဟုတ်ပါဘူး ခုတောင်အိမ်ကသမီးကြီးက တအားနေမကောင်းဖြစ်လို့ရွာကဆေးဆရာရေးပေးလိုက်တဲ့ဆေးတွေလာဝယ်တာပါ ဦးလည်းကောင်းကောင်းမကျန်းမာပါဘူးကွယ် ဦးတောင်းပန်ပါတယ်”ဆိုပြီးတုန်တုန်ရီရီနဲ့ပြောရှာတယ်။
ဦးကြီးရဲ့စကားကိုကြားတော့ခရီးသည်တွေဂရုဏာသက်သွားကြတယ် ဟိုကောင့်ဖင်ကိုလည်းဆောင့်ကန်ချင်စိတ်တွေပေါက်သွားတယ် ဒါပေမယ့်စိတ်ထဲပဲဖြစ်တာပါ အပြင်မှာမဖြစ်ရဲကြပါဘူး။

ဘယ်လိုတောင်းပန်ပန်ကျေနပ်ပုံမပေါ်တဲ့အဲကောင်က ဦးကြီးကိုဆွဲထိုးဖို့လုပ်ပါလေရော မနေသာတဲ့ကားဆရာနဲ့ဒရိုင်ဘာကဆင်းလာပြီးဝိုင်းတောင်းပန်ပေးရတယ် “ဆရာလေးရယ်တကယ်မတော်လို့ဖြစ်ရတာပါ ဒီဦးကြီးကောင်းကောင်းမကျန်းမာပါဘူး သနားပါဗျာ ကျနော်တို့တောင်အစကမတင်ဘူး ကားဝမ်းထဲမှာလူပြည့်နေပြီလေ သူကတုန်ချိ တုန်ချိနဲ့ ခေါင်မိုးကိုမပေးတက်ဘူးဆိုတော့ သူကသမီးအတွက်အရမ်းအရေးကြီးနေလို့ပါတဲ့ အဲဒါနဲ့ခေါင်မိုးအလယ်လောက်မှာပေးထိုင်လိုက်ရတယ် မမြင်မစမ်းနဲ့အောက်ကိုလှမ်းထွေးလိုက်တာ စင်သွားတာနေမှာ လူကြုံလည်းမရှိတာနဲ့ကိုယ်တိုင်လာရတာတဲ့ နောက်ပြီးဒီကားတစ်စီးပဲပြေးတယ်လေသူတို့ရွာဘက်မှာ
တမင်လုပ်တာမဟုတ်ရပါဘူး ခွင့်လွတ်လိုက်ပါဆရာလေးရယ်”

အဲကောင့်ကိုဆရာလေးလို့ခေါ်တော့ခရီးသည်တွေရဲ့မျက်လုံးထဲမှာ ကတုံးပြောင်ကြီးနဲ့သီလရှင်ကိုမြင်ယောင်မိကုန်တယ် ။
နာရီဝက်လောက်တောင်းပန်မှမကျေမချမ်းနဲ့ဦးကြီးဘက်ကိုလှည့်ပြီးမိုးကြိုးပစ်သလိုအသံကြီးနဲ့ “ခင်ဗျားကြပ်ကြပ်သတိထား”တဲ့
သူ့ခါးကပစ္စတိုကြီးကိုလူမြင်အောင်လှည့်ပြရင်းကားပေါ်ကခရီးသည်တွေကိုလည်းလူကြမ်းကြီးအံ့ကျော်
အကြည့်နဲ့ကြည့်သွားသေးတယ် ။ (ဒီလိုနှိုင်းရတာ အံ့ကျော်ကြီးကိုတောင်အားနာပါတယ်)
ကားထွက်မှပဲခရီးသည်တွေမှာဟင်းကနဲသက်ပြင်းချနိုင်တော့တယ်။

ဦးကြီးကတော့သူ့နေရာသူပြန်ထိုင်ပြီးတစ်ယောက်တည်းတိတ်ဆိတ်လို့ ကြေကွဲလို့။
တူ သားအရွယ်ကစော်ကားရက်လိုက်လေခြင်းဆိုပြီးဝမ်းနည်းနေတာထက်
အသည်းအသန်မာမကျန်းဖြစ်နေတဲ့အိမ်ကသမီးကြီးဆိုသူအတွက် အချိန်တွေနှောင်းကုန်မှာစိုးတာနေမှာပါ
ဆေးရုံဆိုတာသူလိုအရောင်အဆင်းမဲ့တဲ့တောသားကြီးတစ်ယောက်အတွက် လက်လှမ်းမမှီလောက်တဲ့နေရာတစ်ခုဖြစ်နေမှာပေါ့လေ။ ဒီလိုနဲ့မြို့ထဲကိုဝင်လာပါရော တစ်နေရာရောက်တော့ အနီရောင်အောက်ခံပေါ်မှာအဖြူရောင်စာလုံးနဲ့ရေးထားတဲ့လမ်းဘေးကဆိုင်းဘုတ်ကြီးကြီးတစ်ခုကို
ကားပေါ်ကခရီးသည်တွေအကုန်လိုလိုကြည့်မိလိုက်ကြတယ်။

ရေးထားတဲ့စာက ….
“တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖ”တဲ့
အဲဒီစာတန်းကြည့်ပြီးခရီးသည်တွေအားလုံးရဲ့ပါးစပ်ကနေအသံတစ်ခုပြိုင်တူထွက်သွားကြတယ်။

“ထွီ”
…………………

ဖြစ်ရပ်မှန်ပါ အပုံကိုတော့googleကနေယူပါတယ်။

အလွမ်းနဲ့ပဲ ပန်းတွေကိုပွင့်စေလိုက်တယ် ၂

ထိုည အိပ်မက်တွင်ကောင်လေးသည် မြားနတ်မောင်ဆိုသူနှင့်တွေ့လေသည်၊ မြားနတ်မောင်က ကလေးမဟုတ်ဘဲ လူကြီးဖြစ်နေသည် နှုတ်ခမ်းမွှေးကလည်းပါလိုက်သေးသည် ဗမာကြီးမို့လို့လားမသိ ခေါင်းတောင်းကျိုက်ကြီးနှင့်ဖြစ်သည်။ အတောင်ပံလည်းမပါပါချေ။ ခုန်ဆွ ခုန်ဆွလုပ်ပြီး တွေ့ကရလူကိုလက်ထဲကမြားဖြင့်လျှောက်ပစ်နေ၏။
“ဒီမှာ ဒီမှာ”
လူတွေကြားထဲ ဟိုခုန် ဒီခုန်လုပ်နေသော မြားနတ်မောင်ကို ကောင်လေးက လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။

“ဘာကိစ္စတုန်းမောင်ရင်လေးရဲ့”
“ကိစ္စကတော့ ခင်ဗျားကျနော့ကို ဘာတွေလုပ်ထားတယ်ဆိုတာပဲ”
ကောင်လေးသည်ပြောလည်းပြော ဒဏ်ရာရထားသည့်သူ့ဘယ်ဘက်ရင်အုံကိုလည်းမကျေမချမ်းဖြင့်လက်ညှိုးထိုးပြလိုက်၏။
“ဒီမှာမောင်ရင်လေး အဲဒီမြားလေးတစ်ချောင်းပစ်ဖို့ ဆယ့်ကိုးနှစ်တိတိ ကျုပ်စောင့်လာခဲ့ရတယ်ကွယ့်
မလွန်တန်ပါဘူးနော်”
မြားနတ်မောင်ကြီးကအသံပြေပြေကလေးဖြင့်ပြန်ပြောသည်။
“နေစမ်းပါဦး ကျနော့်ကိုမှဘာကိစ္စအရင်ပစ်ရတာလဲ ကောင်မလေးကိုပဲအရင်ပစ်လိုက်ပါတော့လား”
သူ့စကားကြားတော့ မြားနတ်မောင်က ဟက်ခနဲ တစ်ချက်ရယ်သည်...

“ဒါကတော့ကောင်လေးရေ lady firstဆိုတဲ့ဥပဒေသဘောအရပေါ့ကွာ အရာရာမှာ မိန်းကလေးတွေကိုဦးစားပေးရတယ်ကွ အထူးသဖြင့်ဒီချစ်ရေး ချစ်ရာပေါ့ကွာ ကောင်မလေးအများကြီးမူလို့ရအောင် အများကြီးရွေးခွင့်ရှိအောင်ပေါ့ ကောင်မလေးကစချစ်ရင် မင်းငပျင်းကြီးဖြစ်နေလိမ့်မယ်ကွဲ့ အဲဒါကြောင့် မင်းကိုပဲစချစ်ခိုင်းလိုက်တယ် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်ကြိုးစားပေတော့ ဟိုက ယောင်္ကျားတွေကို ခေါင်းခေါက်ယူမယ်ဆိုရင် မျက်နှာငယ်လေးနဲ့ ကျနော့ခေါင်းကိုခေါက်လှည့်ပါခင်ဗျဆိုပြီးမင်းခေါင်းသွားထိုးပေးလိုက်ပေါ့ ငိုပြသင့်လည်းငိုပြပလိုက် လိုအပ်ရင်ဒူးထောက်သင့်လည်း ထောက်ပလိုက်၊ ဟားဟားဟား”

ကောင်လေးစိတ်တိုလာပြီဖြစ်သည်။ တိုလာသည့်စိတ်နှင့်ပဲဆက်ပြီးလျှာရှည်သည်....
“ကျနော်မသိလိုက်တာရှိတယ် မြားကဘယ်ချိန်ကျနော့်ရင်ဝကိုလာမှန်ခဲ့တာလဲ”
“အေး ပြောပြမယ် မင်းကိုထိတဲ့မြားကတော့ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီးရမ်းသမ်းပြီးငါပစ်တင်လိုက်တာ မင်းကပက်လက်ကြီးအိပ်နေချိန်နဲ့တိုးသွားတော့ မြားအကျမှာ မင်းရင်ဝကိုတန်းထိတာပဲ”
“ဘာ”
တော်တော်ပစ်စလက်ခတ်နိုင်သည့် မြားနတ်မောင်ကြီးပဲဖြစ်သည် …တော်သေးတယ် အအိပ်ဆော့ပြီးဖင်ထောင်မအိပ်မိလို့ ။
…………………….....


တိမ်ဖြူတွေ အဆုပ်လိုက်ပွင့်သည့် နံနက်ခင်းတစ်ခုတွင်ကောင်လေးအိပ်ယာမှနိုးလာခဲ့သည်။
နုနုနွေးနွေးနေခြည်သည် ကောင်လေးတို့ရွာငယ်တစ်ခုလုံးကို ရွှေရည်ဖြင့်သုတ်လိမ်းထား၏ ။
အတန်းလိုက်ပစ်ချထားသည့်နေရောင်ခြည်အောက်တွင် နွေဦးပန်းပွင့်များ ဟိုမှ သည်မှ အပြိုင်းအရိုင်းပွင့်သစ်ကုန်ချေပြီ ။ နွေတေးသီငှက်တို့နှင့်အတူ လေထုထဲရစ်သီဖွဲ့ကာထုံမွှန်းနေသည့်နွေပန်းရနံ့များက ရွာငယ်လေးကို ပနံတင့်စေလျှက်ရှိသည်။

“မင်္ဂလာပါ ကောင်းသောနံနက်ခင်းလေးပါ ဖေါအဲရေ”
သူ့ကောင်းကင်တစ်ခုတည်းကိုသာ ကွက်ကွက်ကလေးသာပေးသည့် ညကလမင်းလေးကိုတိုင်တည်နှုတ်ခွန်းဆက်မိသည် ခက်တော့လည်းခက်ပါသည် ဘယ်မှာနေမှန်းပင်မသိရ
“ငါလည်းရူးလိုက်တာလေ”
တစ်ယောက်တည်းပြောပြီးပြုံးမိပြန်သည်။
ကောင်လေးအဖေဖြစ်သူက သားအိပ်ရေးပျက်မှာစိုး၍မနှိုးတော့ဘဲစောစောစီးစီးခြံထဲဆင်းသွားပြီ ဖြစ်သည်။အမေကတော့မီးဖိုချောင်မှာထုံးစံအတိုင်းအလုပ်ရှုပ်နေသည် တစ်ဦးတည်းသောသားမို့မိဘများကအလိုလိုက်သည် မချမ်းသာသော်လည်း လူလိုသူလို
တော့ နေနိုင်ကြလေသည်။ အဓိကအလုပ်မှာ ခြံအလုပ်ဖြစ်သည်။ ဒီနေ့လည်းတဘက်ရွာမှယူစရာအကြွေးများရှိသည်ဆို၍ ရေမိုးချိုးအဝတ်အစားလဲကာ အမေ့လက်ရာဟင်းနှင့်ထမင်းစားပြီးတက်သုတ်ရိုက်ထွက်လာခဲ့သည်။

တနာရီကျော်ကျော်မျှစက်ဘီးနင်းရသည် ရောက်တော့ ယူစရာရှိတာယူပြီး အမေမှာထားသည့်အတိုင်း ခြံထွက်အသီးအနှံအချို့လိုက်ဝယ်သည်။ အားလုံးပြီးတော့ လမ်းဘေးအကြော်ဆိုင်တစ်ခုမှာအဆာပြေဝင်စားနေလိုက်သည်။
ဆိုင်ရှင်အဒေါ်ကြီးက တဖက်ကစက်ဘီးကိုကလိနေသူအားစကားလှမ်းလှမ်းပြောနေသည်။
“ဒုက္ခပါပဲအေ.. အချိန်မှီပြန်ရောက်မှဖြစ်မှာ ဒီနားမှာစက်ဘီးပြင်ဆိုင်ကလည်းမရှိ”
ပြောလည်းပြော အကြော်စားနေသူ ကောင်လေးကိုလည်းကြည့်ပြီး..
“ကောင်လေးနင်ဘယ်ရွာကလဲ ဟိုတစ်ယောက်စက်ဘီးပျက်သွားလို့ နင်လမ်းကြုံရင်တင်သွားပါလားတခါတည်း”
အကြော်သည်အဒေါ်ကြီးစကားကြောင့်ကောင်လေးစိတ်ညစ်သွားသည်

စက်ဘီးကလိနေသူကားသူ့ထက်အသက်နည်းနည်းပိုကြီးသည့်လူငယ်တစ်ယောက်ပဲဖြစ်သည်။
ဝတ်စားထားတာ ပွဲမင်းသားစတိုင်နှင့် မျက်နှာကလည်းပြောင်ချောချော်နိုင်လှသည်။
“ဘယ်ရွာကတုန်းဗျ”
“တောင်ပိုင်းရွာကလေ”
“အာ.. ကျနော့်ရွာနဲ့တခြားစီကိုဗျ”
ရွာအနေအထားကဆန့်ကျင်ဘက်ကြီးဖြစ်သည် အများကြီးမဝေးသော်လည်း အများကြီးလည်းမနီးပါ။
ရှင်းရှင်းပြောရရင် ဒီကောင့်ကိုတင်ချင်စိတ်လည်းမရှိ။
အကြော်သည်ကဆက်လက်လျှာရှည်သည်..
“ဒါမှမဟုတ် လမ်းကြုံသလောက်ပဲခေါ်သွားပေါ့အေ လမ်းခွဲရောက်ရင်သူ့ဘာသာသူဆက်လျှောက်ပါစေပေါ့”
“အာ..မဖြစ်ဘူးဗျ ဒီမှာခြံထွက်ပစ္စည်းတွေဝယ်လာတယ် နောက်ခုံကမလွတ်ဘူး”
အပြတ်အသားပဲငြင်းလွတ်လိုက်သည်။
“အင်းပေါ့လေ …ဒါဆိုလည်းဘယ်တတ်နိုင်မလဲ မောင်စိုးရေ သူ့စက်ဘီးဒီတိုင်းသာထားလိုက် နင်ကိုတိုင်ပဲလိုက်ပို့လိုက်တော့”

ထိုစကားကိုကြားတော့ မောင်စိုးဟုအခေါ်ခံရသော စက်ဘီးကိုတတ်သလိုလို နှပ်သလိုလိုနှင့်လျှောက်လုပ်နေသူသည် ဝမ်းသာအားရဖြစ်သွားပုံရသည်။ကောင်လေးနည်းနည်းကြောင်သွားသည် သူ့ကိုပို့ရမှာမဟုတ်ဘူးကိုး ဘယ်သူများပါလိမ့်စက်ဘီးပေါက်နေတာ... ဟိုဒီဝေ့ဝဲကြည့်လိုက်တော့...တွေ့ရပါပြီကော....
လမင်းက ညအခင်းမှာမသာဘဲ နေ့ခင်းကြောင်တောင်ကြီးသာနေသည်...
ကောင်မလေးးး
ဖေါအဲဆိုတဲ့ကောင်မလေးရယ်လေ...
တွေ့မယ့်တွေ့တော့လည်းဒီနေရာမှာလာတွေ့ရတယ် ကောင်လေးဝမ်းသာလိုက်သည်မှာဆိုဖွယ်မရှိတော့ ကောင်မလေးအားမွတ်သိပ်စွာစိုက်ကြည့်နေမိသည် ကြော့ကြော့ရှင်းရှင်းကိုယ်နေဟန်၊ ဖြူစင်ဝင်းပသည့်အသားအရည်နှင့်ပခုံးထက်နဲနဲကျော်ရှည်သောနက်မှောင်ဖြောင့်စင်းသည့်ဆံပင်၊
မထူလွန်းမပါးလွန်းသောမျက်ခုံး၊ဖြောင့်စင်းသည့်နှာတံ၊ညှို့အားပြင်းပြင်းမျက်ဝန်း၊နီနီထွေးထွေးနှုတ်ခမ်းအစုံနှင့် ရင်ဘတ်နောက်မှာအသဲနှလုံးပါသူပုရိသတိုင်းကို ခေါက်ခနဲ ပစ်ခွေလဲကျသွားအောင် ဖမ်းစားနိုင်လွန်းသည့်အလှပဲဖြစ်သည်။

သူနဲ့မလှမ်းမကမ်းက သစ်မြစ်ဆုံကြီးတစ်ခုပေါ်မှာ အစကတည်းကကောင်မလေးထိုင်နေခြင်းဖြစ်သည် သူကမမြင်တာပဲဖြစ်သည် မြင်လည်းမြင်ရော မျက်တောင်လေးတချက်ခတ်ဖို့ကိုပင်နှမျောလာမိသည်
ပြူးပြဲကြည့်နေသူကောင်လေးနှင့်ဖေါအဲတို့တချက်အကြည့်ချင်းဆုံသွားသည် သို့သော်လည်းဖေါအဲကချက်ချင်းပင်မျက်နှာပြန်လွဲလိုက်ပြီးခပ်ဝေးဝေးတနေရာသို့သာမမှိတ်မသုန်ပြန်ငေး
ကာ လက်ထဲကကွာစေ့ကိုတဂျောက်ဂျောက်မြည်အောင်ကိုက်လိုက်ထွေးလိုက်လုပ်နေပြန်သည်
“ကောင်မလေးငါ့ကိုမမှတ်မိဘူးထင်တယ် အကြည့်ကလည်းအေးတိအေးစက်နိုင်လိုက်တာ ချက်ချင်းကြီးမျက်နှာလွှဲပစ်ရက်တယ်....ကောင်မလေးရေ...ကောင်မလေးရေ”
......................
“ကဲဒါဆိုလည်း ကျနော်အဝတ်အစားလဲလိုက်မယ် သူ့စက်ဘီးကိုတော့လောလောဆည်ဒီမှာပဲထားထားရမယ်”
မောင်စိုးဆိုသူသည်ပြောလည်းပြောပြီးအိမ်ပြန်အဝတ်အစားလဲရန်ထိုနေရာမှဝှီးကနဲပျောက်ထွက်သွားသည်။
ကောင်လေးအကြီးအကျယ်နောင်တရနေချေပြီ အစကတည်းကတင်ခေါ်ခွင့်ရမယ့်ကိစ္စကြီး ကိုယ်တိုင်ကအသုံးမကျတာ ဘာပဲဖြစ်ဖြစ်ဖေါအဲကိုဒီကောင့်စက်ဘီးနောက်တော့အပါမခံနိုင်...
ဘာကောင်မှန်းလည်းမသိ အငြိမ့်တွေထဲကလူပြက်ကြီးရုပ်နှင့်
“ဟိုလေ..ဘယ်လိုပြောရမလဲ အပန်းမကြီးဘူးလို့ထင်တယ် ကျနော်ပဲလိုက်ပို့လိုက်မယ်လေ”
အဒေါ်ကြီးကိုမျက်နှာချိုပြန်သွေးနေလိုက်ရသည်

အဒေါ်ကြီးသည်ချက်ချင်းကြီးပြောင်းလဲသွားသူကောင်လေးအားထူးဆန်းသလိုကြည့်ပြီး....
“ဘယ်ဖြစ်မှာလဲ နင်တို့ရွာနဲ့ဆန့်ကျင်ဘက်ကြီးလေ ကောင်လေးရဲ့”
“အာ ရပါတယ် ကူညီလိုက်ပါ့မယ် အချင်းချင်းတွေပဲ”
“အချင်းချင်း ဟုတ်လား ဖေါအဲနဲ့နင်နဲ့ခင်လို့လား”
အဒေါ်ကြီးသည် ခုကျမှလျှာကရှည်နေပြန်ပြီ
“ခင်တာ မခင်တာထက် ကိုယ့်လူမျိုးအချင်းချင်း ကူညီတဲ့သဘောပါဗျ”
“လူမျိုးအချင်းချင်း ဟုတ်လား နင်က ကရင်လည်းမဟုတ်ဘဲနဲ့”
ခက်ပြီဒီအဒေါ်ကြီးနဲ့ အခက်ကြီးခက်ပြီ စောစောကအကောင်းကြီး ခုမှမကောင်းကြီးဖြစ်ပြီ သံညှပ်ကြီးနဲ့သာ အကြော်သည်အဒေါ်ကြီးရဲ့ဗိုက်ခေါက်ကိုဖမ်းလိမ်ပြီး မှတ်ပလားဟ မှတ်ပလားဟ ဟုအော်ကာရန်တွေ့လိုက်ချင်နေတော့သည်။

“အဒေါ်ရယ် လူမျိုးတူတာ မတူတာကအရေးမကြီးပါဘူး တစ်ကယ်တော့ ကျနော်တို့ဟာ တစ်မိုးအောက်တည်းကလူတွေပါဗျာ”
“တစ်မိုးအောက် ဟုတ်လား နင်တို့တစ်အိမ်တည်းနေနေကြလို့လား မကြားမိပါဘူး ဖေါအဲတို့အမေနဲ့ငါနဲ့ခင်သားပဲ တခါမှမပြောပါလား”
ကဗျာဆန်ဆန်ပြောလိုက်မိကာမှပိုဆိုးပြီ
“မေ့နေလို့ဗျ ကျနော်လည်းသူတို့ရွာဘက်သွားဖို့ရှိသေးတယ် စောစောကမေ့နေတာ ခုမှပြန်သတိရတာ ကျနော်ပဲအိမ်အရောက်ပို့လိုက်ပါ့မယ်”
“သြော် ကောင်လေးကလည်း နင့်နောက်ထိုင်ခုံကမလွတ်ဘူးလေ ဝယ်ထားတာတွေဘယ်နားသွားချိတ်မတုန်း”
ဒီအဒေါ်ကြီးတော့ပြဿနာပဲဟုကောင်လေးတွေးနေမိသည်
ရာဇဝင်ထဲက ပန်းပဲမောင်တင့်တယ်ကိုင်သည့်တူကြီးကိုသာခဏငှားပြီး အကြော်သည်အဒေါ်ကြီးကို မှတ်ပလားဟ မှတ်ပလားဟ ဟုအော်ပြီး ပုထွက်သွားအောင်ထုချင်နေတော့သည်။

ကောင်မလေးကိုလှမ်းကြည့်လိုက်တော့သူ့ထုံးစံအတိုင်း ကွာစေ့ကိုတဂျောက်ဂျောက်ကိုက်လျှက် ဘာမှစိတ်မဝင်စားသလိုနဲ့တနေရာရာကိုငေးနေဆဲ။
ထိုစဉ်အခိုက် စက်ဘီးအသစ် အဝတ်အစားအသစ်နှင့်မောင်စိုးပြန်ရောက်လာသည် ။
ရုတ်တရက် အဒေါ်ကြီးကဘာစိတ်ကူးပေါက်သွားသည်မသိ
မောင်စိုးဘက်လှည့်ပြီး “နင်မအားရင်လည်းမပို့နဲ့တော့”ဟုပြောသည်
ပြီးနောက်ဖေါအဲဘက်ကိုလှမ်းပြီးအသံအကျယ်ကြီးဖြင့်...
“ဖေါအဲရေ ဒီမှာကောင်လေးတစ်ယောက်နင့်ကိုလိုက်ပို့ချင်နေလို့တဲ့”

ကောင်လေးနည်းနည်းညစ်သွားသည် တော်တော်စကားမတတ်တဲ့အဒေါ်ကြီးပဲဖြစ်သည်
သူပြောစေချင်တာကတမျိုး လမ်းကြုံလို့လိုက်ပို့မှာဖြစ်ဖြစ်၊ အခက်အခဲဖြစ်နေသည်ကိုကူညီသည့်သဘောမျိုးပဲဖြစ်ဖြစ် ပြောစေချင်သည် ခုပြောလိုက်ပုံက သူက မရမက အတင်းပို့မယ်မှန်းသိသာနေသည်။ ဒီတစ်ခါဘာမှမစဉ်းစားချင်တော့ ရမ်ဘိုကြီးရဲ့လောင်ချာကိုသာယူပြီး အဒေါ်ကြီးကိုရော သူ့အကြော်တဲလေးကိုပါ ပျောက်ထွက်သွားအောင်“အုန်း”ကနဲပစ်ထည့်လိုက်ချင်နေတော့သည်။
ဒေါ်ကြီးစကားကြောင့်ဖေါအဲကသူ့ကိုတစ်ချက်လှည့်ကြည့်သည် သို့သော် ချက်ချင်းပင်မျက်နှာပြန်လွှဲသွားပြန်သည်။ ကောင်လေးရင်ထဲဟာတာတာကြီးဖြစ်ကျန်ခဲ့သည်
“ကောင်မလေးငါ့ကိုလုံးဝအသိအမှတ်မပြုပါလား” တစ်ယောက်တည်းအသံတိတ်ရေရွတ်ရင်းအလိုလိုဝမ်းနည်းနေမိသည်။

မောင်စိုးက ကောင်လေးအား မကျေနပ်သည့်ပုံစံဖြင့် ရှုတင်းတင်းမျက်လုံးစွေကြည့်သည် ကောင်လေးကလည်းမောင်စိုးအား ဂရုမစိုက်သည့်ပုံစံဖြင့်ရှုတည်တည်မျက်လုံးစောင်းကြည့်သည် (အကြည့်နှစ်ခုကိုပေါင်းသော် ငစွေနှင့်ငစောင်းဟုအမည်ထွက်မည်ဖြစ်သည်)
“ရပါတယ်ဒေါ်ဒေါ်ရဲ့ဖေါအဲအတွက်ပဲ အားပေးရမှာပေါ့ ကျနော့အလုပ်ကအရေးမကြီးပါဘူး
လာဖေါအဲ ငါလိုက်ပို့မယ်”
မောင်စိုးကနာမည်နှင့်လိုက်အောင်ပိုင်စိုးပိုင်နင်းနှင့်လှမ်းခေါ်လိုက်သည်။ ကောင်မလေးကလည်းမတ်ထတ်ထပ်ရပ်လိုက်သည် သွားပြီ ကောင်မလေးလိုက်သွားတော့မည်
ကောင်လေးပို့ခွင့်မရှိတော့ လိုက်မပို့နိုင်တော့

မောင်စိုးဆိုတဲ့ကောင် လိုက်ပို့ရတာကိုအခွင့်အရေးယူပြီးဖေါအဲကိုလမ်းမှာရည်းစားစကားပြောမလားမသိ
ဖေါအဲကလည်းအားနာနာနှင့်ဘာတွေပြန်ပြောလိမ့်မလဲမသိ၊ ဘာမှန်းမသိ စဉ်းစားရုံနှင့်ပင်အစိပ်စိပ်အမွှာမွှာဖြစ်အောင်ကြေကွဲပစ်ဖို့ကောင်းနေပြီ ။ သေစမ်းဆိုပြီးအကြော်တဲတိုင်နှင့်သာ ကိုယ့်နဖူးကိုယ်ပြေးဆောင့်လိုက်ချင်တော့သည်။
စိတ်လက်မကြည်သာစွာဖြင့်ကောင်လေးအကြော်ဖိုးပိုက်ဆံရှင်းသည်
စိတ်လက်မကြည်သာစွာဖြင့်အကြော်ဆိုင်မှထွက်လာခဲ့သည်
စိတ်လက်မကြည်သာစွာပဲရပ်ထားတဲ့စက်ဘီးထောင့်ကိုဖြုတ်သည် မောင်စိုးနောက်ဖေါအဲလေးပါသွားမယ့်မြင်ကွင်းကိုတော့သူမကြည့်ချင်တော့ ခေါင်းကြီးငိုက်စိုက်နှင့်ပဲ စက်ဘီးကိုထနင်းသည် ။

ထိုစဉ်မှာပဲအဒေါ်ကြီးကိုလှမ်းပြောလိုက်သော ချစ်စရာအသံလေးတစ်ခု
“မောင်စိုးနောက်မလိုက်တော့ပါဘူးအဒေါ်ရေ ရွာမှာသူရည်းစားစကားမပြောဖူးတာဆိုလို့သမီးတစ်ယောက်တည်းကျန်တော့တယ် ခုလိုက်ပို့ရင်းမပြောပါဘူးလို့ဘယ်သူအာမခံရဲလဲ”
အသံကတိုးညှင်းသော်လည်းပြတ်သားသည် လှောင်သံတစ်ဝက်စွက်လျှက်ချစ်ဖို့လည်းအလွန်ကောင်းနေသည်။
ကရဝိတ်ငှက်အသံသာတာ မိုးစွေငှက်အသံသာတာ စာတွေထဲဖတ်ဖူးသည် ဖေါအဲအသံကိုဘယ်စာရင်းထဲထည့်ရလေမည်မသိ
သူ့ကိုရှေ့ထားပြီးပြောချလိုက်သည့်ဖေါအဲ၏စကားကြောင့် မောင်စိုးမှာမျက်နှာမထားတတ်အောင်ဖြစ်သွားသည် စက်ဘီးပြင်ပေးသည့်မျက်နှာမှမထောက်ဟုလည်းတွေးနေပုံရသည် (သူပြင်သော်လည်းပေါက်နေသည့်စက်ဘီးကပြန်မကောင်းပါ)

မောင်စိုးကနာမည်နှင့်လိုက်အောင်ပိုးစိုးပက်စက်ဖြစ်ကျန်တော့မည်ဖြစ်သည်။
မောင်စိုးနောက်မလိုက်ဘူးဆိုတော့သူ့နောက်လိုက်မယ်ပေါ့ ကောင်လေးအလွန်ပျော်သွားသည်
စက်ဘီးကိုလည်းရပ်လိုက်သည်။ စက်ဘီးနောက်ခုံကတိုလီမုတ်စတွေကိုရှေ့ခြင်းသို့အမြန်ပြောင်းထည့်လိုက်သည် ။
အနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့သူ့စက်ဘီးဆီသို့တစ်လှမ်းခြင်းလှမ်းလာနေသည့်
ခြေလှမ်းလှလှလေးများ
(တနည်း) သူ့နှလုံးအိမ်သို့တစ်လှမ်းခြင်းလှမ်းလာနေသည့်ခြေလှမ်းလှလှလေးများအား ဝမ်းမြောက်ဖွယ်တွေ့လိုက်ရတော့သည်။

ဆက်ရန်....ခုလောလောဆည်တော့ သောက်ရန်.. :P

ကလေးဘဝအမှတ်တရ(တဂ်)

ခုတလောလာတဲ့tagတွေကအခြားလူတွေအတွက်တော့မပြောတတ်ဘူး ကျနော်အတွက်တော့နည်းနည်းခက်နေသလိုပဲ
(နည်းနည်းခက်တယ်ဆိုတာကများများမခက်ဘူးလို့လည်းသက်ရောက်ပါတယ်)

ဘလော့ကာလုပ်ရတာလည်းသိပ်တော့မမိုက်ပါ ကိုယ့်အထုပ်ချည်းကိုယ်ဖြည်ဖြည်ပြနေရလို့လေ။
အဖြည်ကောင်းပြီးခါးမှာလံကွတ်တီချည်းကျန်မှာလည်းစိုးရသေးတယ် ၊
ဘလော့ကာရဲ့ချစ်သူရည်းစားတွေဆို သာလို့တောင်မမိုက်သေး အခန့်မသင့်ရင်သူတို့အထုပ်ပါလှမ်းလှမ်းပြီးဖြည်ခံထိတယ်လေ။
အဲဒါကြောင့်ချစ်ခင်ရတဲ့ညီမတွေ အစ်မတွေကိုကြုံရင် ကြုံသလိုသတိပေးဖြစ်ပါတယ် ဘလော့ကာတစ်ဦးဦးကချစ်ရေးဆိုလာရင် တတ်နိုင်သမျှဝေါင်ဝေါင်ရှေးကြပါလို့ ဟီးးး။

“အိမ်လေးကမိုးတွေလည်းယိုလို့ပါလား”ဆိုတဲ့c-boxကနှုတ်ဆက်သံနဲ့အတူမနှင်းကိုကျနော်စသိခဲ့တာပါ။
“အိမ်လေးကနှင်းတွေလည်းဝေလို့ပါလား”ဆိုပြီးမနှင်းc-boxမှာကျနော်သွားပြန်အော်ဖြစ်ခဲ့ပါတယ်။
ခုတော့ကျနော့်အိမ်မိုးမယိုတော့ပါဘူး မနှင်းရဲ့အိမ်ကတော့နာမည်နဲ့လိုက်အောင်ခုထက်ထိ
နှင်းဥတုဖြစ်နေတုန်းပါပဲ။

“ကလေးဘဝအမှတ်တရ”ဆိုပြီးမနှင်းကtagလာတော့တော်တော်လေးစဉ်းစားရ
ကြပ်သွားပါတယ် ကလေးဘဝကအော်ဆိုခဲ့ဖူးတဲ့ကဗျာလိုလိုစာလိုလိုတွေက များသောအားဖြင့်တော်တော်များများတူနေကြပါတယ် tagကြွေးဆပ်ပြီးသားလူတွေရဲ့ပိုစ်ကိုဝင်ဖတ်ပြန်တော့ သူတို့ရေးထားတာတွေက ကိုရေးမယ့်ဟာတွေနဲ့အတူတူပဲဖြစ်နေတယ်..
တောင်ပေါ်ကရှမ်းကလေးတို့
ကုလားကလေးဓါးသွေးတို့ ညောင်ပင်တစ္ဆေတို့ပေါ့လေ ။

ငယ်ငယ်က ကစားရင်းနဲ့အော်ဖူးတာတွေကလည်း
တစ် -နေရာယူ
နှစ် -အသင့်ပြင်
သုံး -ကျည်ဆန်ထည့်
လေး-မောင်းချိန်
ငါး -ဝပ်
ခြောက်-ပစ် ဆိုတဲ့စစ်တိုက်တာတွေပဲများပါတယ်
ကျနော်ငယ်ငယ်ကစစ်တိုက်တမ်းကစားတာအရမ်းဝါသနာပါတယ်လေ သေနတ်ဆိုရင်လည်း အဖေကိုယ်တိုင်လုပ်ပေးထားတဲ့ သစ်သားသေနတ်ကအစ ပွဲဈေးတွေမှာရော စတိုးဆိုင်တွေမှာပါဝယ်လာတဲ့သေနတ်တွေထိအစုံရှိတယ်။

အိမ်ကိုဧည့်သည်တွေလာရင်အဖေအမြဲပြောတယ် “ကျနော့်သား ကြီးလာရင်စစ်ဗိုလ်များဖြစ်မလားမသိဘူး”တဲ့
ဒါပေမယ့်အဖေ့စကားမှားခဲ့ပါတယ် စစ်တိုက်တဲ့ကစားနည်းကို ကျနော်နောက်ပိုင်းမှာစွန့်လွှတ်ခဲ့ပါတယ်
သေနတ်တွေကိုလည်းမခင်တွယ်တတ်တော့ပါဘူး တိတိကျကျပြောရမယ်ဆိုရင် သေနတ်ဆိုတာ“သတ်”ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့
ထုတ်လုပ်ထားတဲ့ပစ္စည်းတစ်ခုသာဖြစ်တယ်ဆိုတာကိုကျနော်သိလိုက်ကတည်းကပေါ့၊ မြင်လိုက်ကတည်းကပေါ့။
(တချို့ကတော့ပြောရော့မယ် “သေနတ်ပါဆိုမှ သတ်ဖို့မဟုတ်ဘဲ အမြင့်မှာထားပြီးရှိခိုးဖို့လား”ဆိုပြီးတော့..
ရပါတယ် အယူအဆတွေကြိုက်သလောက်ကွဲလွဲနိုင်တယ်)

ငယ်ငယ်က ကလေးချင်းမတည့်ရင်အော်ဖူးတာတစ်ခုတော့ရှိတယ်
“သူ့ဘက်ကလည်းမတည့် သောက်ရှက်လည်းမရှိ
အိမ်နောက်ဖေးက ခုံဖိနပ်နဲ့ရိုက် သေလိုက်” ဆိုတာလေ ၊

ဒါပဲမှတ်မိတော့တယ် မနှင်းရေ ရေးတာတွေက မလိုတာတွေပါနေရင် tagထားတာနဲ့လွဲနေရင်ဆောရီးနော်...

ငယ်ငယ်တုန်းက စားခဲ့တယ်(တဂ်)

သားကြီးဆိုသူ၏အမှာ........

ခုတစ်လောကျနော်စာတွေမရေးနိုင်ဖြစ်နေပါတယ် ဘီယာလည်းကောင်းကောင်းမသောက်နိုင်ဖြစ်နေပါတယ် ။ စာမရေးနိုင်တာက ကမ္ဘာပျက်တော့မယ်ဆိုတဲ့သတင်းကြားပြီး လူက ထိုင်ရမလို ထရမလိုဖြစ်နေလို့ပါ (မျက်လုံးထဲမြင်သာထင်သာအောင်ပြောရရင် အနေအထားက ကုန်းကုန်းကွကွကြီးပါ) ။
ဘီယာမသောက်နိုင်တာကတော့ ရှင်းပါတယ်၊ ဖွတ်ကလိဒင်္ဂါးမထွက်လို့ပါ။
ပြောသာပြောရတာပါ ကမ္ဘာကြီးတစ်ကယ်ပျက်ခဲ့မယ်ဆိုရင်တောင် ကျနော့်လိုအနာဂတ်တိတိပပ မရှိတဲ့ကောင်အဖို့ လွမ်းလောက်စရာတော့မရှိပါဘူး ၊

ဒါပေမယ့် ၂၀၁၀ခုနှစ်မှာ တရားအမျှတဆုံးသောရွေးကောက်ပွဲကြီးလုပ်ပြီး ပြည်သူ့မေတ္တာတော်ကိုခံယူမယ့် ဘဘကြီးနဲ့နောက်လိုက်တစ်စုအတွက်တော့ တယ်လည်းဟန်လှမယ်မထင်ဘူး။
မဲ၉၉.၉၉ရာခိုင်နှုန်းနဲ့နိုင်လာပြီးမှ ကမ္ဘာကြီးက ကောက်ကာငင်ကာပျက်သွားရင် သူတို့မှာ နိုင်ငံကိုအစိုးရဖို့မပြောနဲ့ ၊သူတို့ဖင်တောင်သူတို့စိုးလို့ရတော့မှာမဟုတ်ပါဘူး တွေးကြည့်ရုံနဲ့ပဲ ပိုးစိုးပက်စက်ကြီးကိုကြေကွဲပစ်ဖို့ကောင်းနေပါပြီ။

ကျနော်ကလေးဘဝတုန်းကလည်း ကြယ်နီကြီးတစ်လုံးကမ္ဘာကြီးကို ဝင်တိုက်တော့မယ်ဆိုပြီး ဟိုးလေးတစ်ကျော်ဖြစ်ဖူးပါတယ်၊ အဲဒီသတင်းလည်းကြားရော ကျနော့သူငယ်ချင်းတွေဘယ်လိုဖြစ်ကုန်လဲတော့ကျနော်မသိဘူး၊ ကျနော်ကတော့အိမ်ကိုအမြန်ပြန်ပြေးပြီး အိမ်နောက်ဖေးက တောင်းအစုတ်ထဲမှာ ကောက်ရိုးတွေနဲ့အမှည့်ခံထားတဲ့သရက်သီးအစိမ်းနှစ်လုံးကို အကုန်စားပစ်လိုက်ပါတယ်။ ပထမတော့ မှည့်အောင်စောင့်ပြီးမှစားမလို့ဖွက်ထားတာပါ ၊ ဒါပေမယ့် ကြယ်နီကြီးက ဘယ်အချိန်လာပြီး ကမ္ဘာကိုဖျက်မလဲမသိဘူးလေ

“မစားလိုက်ရလေခြင်း”ဆိုပြီးနောင်တမရချင်လို့ကြိုပြီးစားလိုက်တာပါ။ ပါးစပ်ကသာစားနေရတာ မျက်လုံးက ကောင်းကင်ကိုလည်း ကွက်ကြည့်ကွက်ကြည့်လုပ်နေရသေးတယ် မလွတ်နိုင်မှန်းသိတာတောင် ဘာပဲဖြစ်ဖြစ်ကြယ်နီကြီးကျလာရင် ရှောင်ကြည့်ချင်သေးတယ် အဲဒီတုန်းက ရှောင်လင်သိုင်းကားလည်းကြည့်နေကျဆိုတော့လေ ဒါပေမယ့်တစ်ကယ့်တစ်ကယ်မှာတော့ကြယ်နီကြီးလည်းရောက်မလာပါဘူး၊ ကမ္ဘာကြီးလည်းမပျက်ပါဘူး ပျက်သွားတာက ကျနော့်ဝမ်းပါ၊ ဝမ်းလျှောပြီးကျောင်းနှစ်ရက်မတက်နိုင်တော့ဘူးလေ။

မဟာဆန်tagကြွေးကိုမဆပ်နိုင်တာကြာတော့မျက်နှာပူရပါတယ် မနှင်းtagကြွေးလည်းရှိပါသေးတယ်။
ကိုယ်တိုင်စာမရေးနိုင်သေးတော့ ရဲရင့်သွေး ဆိုတဲ့(ကျနော့်အခေါ်“ရဲရင့်ပေါ”ပေါ့လေ)သူငယ်ချင်းတစ်ယောက်ကိုအကူအညီတောင်းရပါတယ်။ သူ့ခမျာ မအားမလပ်တဲ့ကြားကကြိုးစားပြီးရေးပေးရှာပါတယ် သူမအားဘူးဆိုတာက onlineမှာတက်ပြီးဖွံကြောင်ရတာရယ် အပြင်မှာပတ်ပြီးဖွံကြောင်ရတာရယ်နဲ့ လက်မလည်ဘူးဖြစ်နေလို့ပါ။

တစ်နေ့ကျရင်“ကျွန်ုပ်၏ဖွံအရှုပ်တော်ပုံ”ဆိုပြီး ကျမ်းတစ်စောင် ပေတစ်တဖွဲ့ရေးသားလိမ့်ဦးမယ်လို့မျှော်လင့်ရပါတယ် အဲဒီအချိန်ကျသူ့စာအုပ်ထွက်လာရင် ကျနော့်ဘလော့ကနေအခမဲ့ကြေညာပေးဦးမှာပါ ဘာပဲပြောပြောဒီသူငယ်ချင်းကတော်တော်အားကိုးရတဲ့သူငယ်ချင်းပါ လိုအပ်ရင် ကျနော်နဲ့ခွါပြဲခဲ့ကြကုန်သော ချစ်သဲလေးတွေရဲ့ပြဿနာကိုလည်း သူဝင်ပြီးရှင်းပေးတတ်ပါသေးတယ်။

ဥပမာ “ကိုသားကြီးဘယ်ရောက်နေလဲဟင်” လို့လွမ်းလွမ်းဆွတ်ဆွတ်မေးလာတဲ့ကောင်မလေးတွေကို
“သားကြီးသေပြီဟေ့”ဆိုပြီးအသံပြတ်ကြီးနဲ့ ပြန်ဖြေပေးတတ်တာမျိုးပါ ပြောပါတယ်တော်တော်အားကိုးရပါတယ်ဆို။
အစ်မ မဟာဆန်ခင်ဗျား သူငယ်ချင်းရေးပေးတဲ့postလေးနဲ့ပဲ အစ်မရဲ့tagကြွေးကိုဆပ်လိုက်ပါရစေခင်ဗျာ
ကျနော်ကတော့ခုတစ်လောတစ်ကယ်ပဲ ထိုင်ရမလို ထရမလိုဖြစ်နေလို့ စာမရေးနိုင်ပါသေးကြောင်းခင်ဗျာ..။
………………………..

ရဲရင့်သွေး(ခ)ရဲရင့်ပေါဆိုသူ၏စာ.........

မြန်မာ့ရိုးရာအစားအစာတွေနဲ့ပတ်သက်လို့ရေးရမယ်ဆိုရင်တော့အများကြီးပေါ့ခင်ဗျာ
ကိုယ်တွေ့ကြုံပြီးကိုယ်တိုင်ချက်စားခဲ့တာလေးတွေပြောပြမယ်ဗျာ။မြို့သားတွေစားတဲ့မြို့စာတော့မဟုတ်ဘူးပေါ့ဗျာ ကျုပ်ကတောသားဆိုတော့ ကျုပ်တို့တောသူတောင်သားတွေစားနေကျ အစားအစာလေးတွေပေါ့..

ကျုပ်တို့ရွာလေးကအရမ်းသာယာတယ်ဗျ ရွာထိပ်မှာရေကန်ကြီးနဲ့ စေတီလေးနဲ့အရမ်းကိုကြည်နူးဖို့ကောင်းတယ်။ ကန်ဘောင်ပတ်ပတ်လည်မှာကထန်းပင်တွေ၊ သရက်ပင်တွေ၊စကားဝါပင်တွေနဲ့ဗျ။ကန်ဘောင်ပေါ်ကကြည့်လိုက်ရင် ပဲခူးရိုးမတောင်တန်းကြီးကိုလှမ်းမြင်နေရတယ်လေ၊ ပဲခူးရိုးမတောင်တန်းကြီးမြူတွေဆိုင်းနေတာကိုမြင်ရရင် လွမ်းသလိုလို ဆွေးသလိုလိုဖြစ်ရအောင်ကို ရှုခင်းတွေကဖမ်းစားနေတယ်။

ကျုပ်တို့ဆီမှာ တစ်နှစ်ပေါ့ဗျာ မိုးတွင်းမှာမိုးတွေအရမ်းရွာတော့ ဧရာဝတီမြစ်ရေကအရမ်းကြီးတာပေါ့။ ရေကအရမ်းကြမ်းတော့“ကွမ်းသီးတပင်ဆည်မြောင်း”လည်းမခံနိုင်တော့ ဆည်ကျိုးပါလေရော။ ကြီးလိုက်တဲ့ရေများ လူတွေလည်းသေ၊ အိမ်တွေလည်းမျောပေါ့ဗျာ။ ကျုပ်တို့ရွာပတ်ပတ်လည်မှာဆိုရေတွေဖွေးနေတာပဲဗျို့၊ ပေါလိုက်တဲ့ငါးဆိုတာတော့ပြောမနေနဲ့တော့ဗျို့၊ ကျုပ်ကမြို့ကျောင်းတက်နေတာဆိုတော့ ရွာကိုတော်တော်ကြာမှတစ်ခေါက်ရောက်ဖြစ်တယ်။

ကျုပ်တို့လယ်တွေကရွာနဲ့အရမ်းအလှမ်းဝေးတော့ လယ်ထဲမှာပဲအိမ်ဆောက်ထားရတယ်၊လယ်တဲကြီးပေါ့ဗျာ
အဲဒါရေတွေအရမ်းကြီးတော့ အဖေကလယ်တဲစောင့်ဖို့လှမ်းခေါ်တာနဲ့ရွာကိုရောက်လာရတာပေါ့။ လယ်တဲမှာကပစ္စည်းတွေကများတော့မသယ်နိုင်ဘူးလေ၊ လူခိုးမှာစိုးတော့သွားစောင့်ပေးရတာပေါ့ဗျာ။
အဲဒါနဲ့ကျုပ်လည်းရောက်ရော လှေတစ်စီးနဲ့ စားနပ်ရိက္ခာအပြည့်နဲ့ ညီဝမ်းကွဲတစ်ယောက်နဲ့ လယ်တဲစောင့်ဖို့သွားပါလေရော၊ ရေဒီယိုတစ်လုံးကလည်းပါသေးတယ်ဗျ “လှေကလေးကိုလှော်မည် ဘေးမသမ်းဘဲအေးချမ်းတော့သည်”ဆိုတဲ့သီချင်းလေးလိုပဲဗျို့ ၊

ညီအစ်ကိုနှစ်ယောက် လှေလေးလှော်ပြီးသွားကြတာလယ်တဲကိုရောက်ပါလေရော၊ ရေကအတက်ကြမ်းတော့ ကျုပ်တို့အိပ်မယ့်အဆင့်နဲ့ရေကထိလုမတတ်ပဲဗျို့၊ရောက်တာနဲ့ရေဒီယိုလေးဖွင့် တရေးတမောအိပ်တော့တာပဲ၊ရေစီးသံလေးတွေက လူကိုချော့သိပ်နေသလိုပဲ၊အိပ်လို့ကကောင်းမှကောင်းပဲ။


ညနေစောင်းတော့ ရွာက ငါးဖမ်းကြမယ့်တံငါသမားတွေရောက်လာကြပါလေရော သူတို့ကကျုပ်တို့တဲနဲ့မနီးမဝေးမှာငါးဖမ်းနေကြတာလေ။ သူတို့လုပ်စရာရှိတာတွေလုပ်ကြ၊ပြင်ဆင်ကြပေါ့ဗျာ
ကျုပ်လည်းအိပ်ယာနိုးတာနဲ့ညစာစားဖို့ထမင်းတစ်အိုးတည်လိုက်တယ်၊ ပြီးတော့လှေတစ်စီးနဲ့ဟင်းရွက်ခူးထွက်တော့တာပဲ။ ပေါလိုက်တဲ့ကန်စွန်းရွက်များ

မြို့မှာဆိုကန်စွန်းတစ်စည်းဆိုဈေးကြီးသလောက် ကျုပ်တို့ရွာမှာပေါလိုက်တဲ့ကန်စွန်း၊ရေပေါ်မှာအညွှန့်နီနီရဲရဲလေးတွေဖြာနေတာပဲ၊ကျုပ်လည်းကန်စွန်း
တစ်ပွေ့လောက်ခူးပြီးပြန်လာတော့ တံငါသည်တွေကသူတို့လုပ်ငန်းပြီးလို့ကျုပ်တို့တဲမှာအနားယူနေကြပြီဗျို့၊သူတို့ငါးဖမ်းပုံဖမ်းနည်းကတော့
အများကြီးဗျ ငါးမျှားတန်းချတဲ့နည်းရယ်၊ ပိုက်ချတဲ့နည်းရယ်ပေါ့ဗျာ၊ နောက်ကြုံမှငါးဖမ်းပုံဖမ်းနည်းတွေပြောပြမယ်ဗျို့။

လယ်တဲရောက်တာနဲ့ညီငယ်တည်ထားတဲ့ရေနွေးကြမ်းနဲ့ထန်းလျှက်နဲ့မြည်းပြီးတော့အလ္လာပ သလ္လာပတွေပြောကြတာပေါ့ဗျာ၊ တံငါသည်တွေကလည်းတစ်ရွာတည်းနေကြသူတွေဆိုတော့ အားလုံးရင်းရင်းနှီးနှီးပြောကြဆိုကြ ရယ်မောကြပေါ့ဗျာ။ ရေဒီယိုက“တိမ်တမာန်”သီချင်းလေးကလည်းပျံ့လွှင့်လို့ပေါ့။

အဲဒါနဲ့တစ်အောင့်လောက်ကြာတော့ ညစာချက်ဖို့ငါးသွားဖြုတ်ကြတာ၊ ပေါလိုက်တဲ့ငါးတွေဗျာ ပိုက်မှာတစ်သီကြီးပဲ။ ငါးဖယ်အောင်းကြီးတွေ လက်ငါးလုံးလောက်ကြီးတွေ ငါးဖားမလို့လည်းခေါ်တယ်ဗျ
ငါးဖယ်အောင်းလို့လည်းခေါ်တယ်။ အဆီတွေကလည်းဆူဖြိုးနေတာပဲ၊အရှင်တွေဆိုတော့လတ်လတ်ဆတ်ဆတ်ပါပဲ၊ ကျုပ်တို့လည်းတစ်နပ်စာလောက်ဖြုတ်ယူပြီးတော့ပြန်လာကြတယ်။

တဲရောက်တာနဲ့ငါးဖယ်အောင်းကြီးတွေကိုဗိုက်ခွဲ ရေစင်အောင်ဆေးပြီးတော့ရေစစ်ထားလိုက်တယ် ပြီးတော့ငရုပ်သီးစိမ်းရယ်၊ကြက်သွန်ဖြူ၊ နီ၊ ဂျင်းရောထောင်း ၊မန်ကျည်းသီးမှည့်ကိုရေစိမ်ထားလိုက်တယ်။
ဒယ်အိုးထဲကိုဆီနည်းနည်းထည့်၊နနွင်းမှုန့်လေးနည်းနည်းထည့်ပြီးတော့ ခုနကငရုပ်သီး ကြက်သွန်ထောင်းတာလေးထည့် ငရုပ်သီးကြက်သွန်လေးနွမ်းတော့၊ပုဇွန်ငပိလေးနည်းနည်းထည့်၊ငြုပ်သီးအရောင်တင်မှုန့်လေးနည်းနည်း
ထည့်၊ခဏနေတော့ငရုပ်သီးကြက်သွန်လေးတွေနွမ်းပြီဆိုရင် ရေစစ်ထားတဲ့ငါးဖယ်အောင်းကြီးတွေထည့်
မွှေပြီးတော့အဖုံးအုပ်ထားရတယ်။

ငါးမိနစ်လောကြာတော့ ခုနကရေစိမ်ထားတဲ့ မန်ကျည်းမှည့်ရေလေးကိုစစ်ပြီးတော့ထည့်၊ ရေလေးပါနည်းနည်းထည့်ပြီးရင်မွှေပြီးတော့ အဖုံးပြန်အုပ်ထားရတယ် ချက်နည်းကနှစ်မျိုးရှိတယ်ဗျ၊ ကျုပ်တို့အရပ်အခေါ်ကတော့“သောက်ဆမ်းဖက်”ရယ်
“လိပ်မျက်ရည်”ရယ်ဗျ။ သောက်ဆမ်းဖက်ကတော့ သောက်လို့လဲရ၊ ဆမ်းစားလို့လည်းရတယ်၊ လိပ်မျက်ရည်ကတော့ဆီကျန်ရေကျန်လေးပေါ့ဗျာ၊ လူကများတော့ သောက်ဆမ်းဖက်လေးပဲချက်လိုက်တယ်
ငါးတွေနှုးလောက်ပြီဆိုတော့မှ အချိုမှုန့်နဲ့ဆားသင့်တော်ရုံလေးထည့်ပြီးတော့၊ “တောပင်စိမ်း”လို့ခေါ်သဗျ၊

ကျုပ်တို့ဆီမှာပေါက်တဲ့ပင်စိမ်းအရိုင်းတွေပေါ့၊ မွှေးမှမွှေးပဲ၊ အဲဒီတောပင်စိမ်းလေးတွေခူးပြီးတော့ထည့်ပြီး
အုပ်ထားလိုက်တယ်၊ အသင့်စားလို့ရပြီပေါ့ဗျာ။ ငပိချက်ကတော့ကျုပ်တို့တောသားတွေအတွက်တော့
ပင်တိုင်အစားအစာပေါ့။ ငပိလေးကလည်းမွှေးနေတာပဲ၊ကိုယ်တိုင်လုပ်တဲ့ငါးငပိပေါ့ဗျာ။ ကြက်သွန်ဖြူ၊နီလေး
ကိုမီးဖုတ်ပြီးတော့ထောင်း ငြုပ်သီးစိမ်းလေးကိုရေနည်းနည်းနဲ့ပြုတ် ရေခမ်းပြီဆိုဆီနည်းနည်းထည့်လှော်၊

ပြီးရင်ထောင်း၊ငပိအဖျော်ပေါ့ဗျာ၊ ပြီးရင်ငပိရည်ကိုခုနကငြုပ်သီးစိမ်းရယ်၊ ကြက်သွန်ဖြူ၊နီထောင်းရယ်ထည့်မွှေ၊ ငါးဖယ်အောင်းအသားလေးတွေနွင်ပြီးတော့ထည့်၊အချိုမှုန့်လေးထည့်၊ ရပြီပေါ့ဗျာ။ တို့စရာကတော့ ခုနက ကန်စွန်းရွက်တွေကိုထည့်ပြုတ်၊ မန်ကျည်းမှည့်လေးနည်းနည်းပါထည့်ပြီးပြုတ်ရတယ်၊ ကန်စွန်းရွက်တွေနွမ်းပြီဆိုရင်ရပြီ၊ အသင့်စားလို့ရပြီပေါ့ဗျာ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ စားဖို့ပြင်ကြ ဆင်ကြတော့တာပဲ၊ဟင်းနံ့တွေကလည်းတဲထဲမှာကြိုင်လှိုင်နေတော့ဗိုက်ကလည်းဆာပေါ့၊ အားလုံးဝိုင်းထိုင်ပြီးတော့ ခုနက ငါးဖယ်အောင်း“သောက်ဆမ်းဖက်”ရယ်၊ ငပိရည်တို့စရာနဲ့လွေးလိုက်ကြတာခေါင်းတောင်မဖေါ်နိုင်ကြဘူးဗျို့၊ငါးဖယ်အောင်းကြီးတွေက လတ်ဆတ်တော့ချိုဆိမ့်နေတာပဲ၊ ငရုပ်သီးစိမ်းကလည်းစပ်မှစပ်၊ ချဉ်ငံစပ်လေးပေါ့ဗျာ။ ငပိရည်နဲ့တို့စရာ
လေးကလည်းကောင်းမှကောင်း၊ စားလိုက်ကြတာ ထမင်းတစ်အိုးလည်းပြောင်ပါလေရောလား။
ကောင်းချက်ကတော့ ထောင်းချက်ထားတဲ့အတိုင်းပါပဲ။

နောက်ကြုံရင် တောင်းဆိုတဲ့သူတွေရှိရင်တော့ ကျုပ်တို့တောသူတောင်သားတွေရဲ့လူနေမှုအကြောင်းတွေ၊
ငါးဖမ်းပုံဖမ်းနည်းတွေ အများကြီးပေါ့ဗျာ၊ရေးချင်ပါသေးတယ်၊ တောသူတောင်သားတွေရဲ့ဘဝဟာ
အင်မတန်မှရိုးသားဖြူစင်ကြပါတယ်၊ သူတို့မှာဟန်ဆောင်မှုဆိုတာမရှိအောင်ရိုးသားကြပါတယ်
ခင်ဖို့လည်းကောင်းကြပါတယ်ဗျာ။

နောင်လမ်းကြုံရင်တော့ကျုပ်တို့ရွာလေးကိုအလည်လာဖို့ဖိတ်ခေါ်ပါတယ်ဗျာ...
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။ ။

ရဲရင့်သွေး(ခ)ရဲရင့်ပေါ(ခေတ္တ မလေးရှော) ဟီး ဟီး ဟီး

 
©2009 ♬သားကြီး♪ | by TNB