အလွမ်းနဲ့ပဲ ပန်းတွေကိုပွင့်စေလိုက်တယ် ၂

ထိုည အိပ်မက်တွင်ကောင်လေးသည် မြားနတ်မောင်ဆိုသူနှင့်တွေ့လေသည်၊ မြားနတ်မောင်က ကလေးမဟုတ်ဘဲ လူကြီးဖြစ်နေသည် နှုတ်ခမ်းမွှေးကလည်းပါလိုက်သေးသည် ဗမာကြီးမို့လို့လားမသိ ခေါင်းတောင်းကျိုက်ကြီးနှင့်ဖြစ်သည်။ အတောင်ပံလည်းမပါပါချေ။ ခုန်ဆွ ခုန်ဆွလုပ်ပြီး တွေ့ကရလူကိုလက်ထဲကမြားဖြင့်လျှောက်ပစ်နေ၏။
“ဒီမှာ ဒီမှာ”
လူတွေကြားထဲ ဟိုခုန် ဒီခုန်လုပ်နေသော မြားနတ်မောင်ကို ကောင်လေးက လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။

“ဘာကိစ္စတုန်းမောင်ရင်လေးရဲ့”
“ကိစ္စကတော့ ခင်ဗျားကျနော့ကို ဘာတွေလုပ်ထားတယ်ဆိုတာပဲ”
ကောင်လေးသည်ပြောလည်းပြော ဒဏ်ရာရထားသည့်သူ့ဘယ်ဘက်ရင်အုံကိုလည်းမကျေမချမ်းဖြင့်လက်ညှိုးထိုးပြလိုက်၏။
“ဒီမှာမောင်ရင်လေး အဲဒီမြားလေးတစ်ချောင်းပစ်ဖို့ ဆယ့်ကိုးနှစ်တိတိ ကျုပ်စောင့်လာခဲ့ရတယ်ကွယ့်
မလွန်တန်ပါဘူးနော်”
မြားနတ်မောင်ကြီးကအသံပြေပြေကလေးဖြင့်ပြန်ပြောသည်။
“နေစမ်းပါဦး ကျနော့်ကိုမှဘာကိစ္စအရင်ပစ်ရတာလဲ ကောင်မလေးကိုပဲအရင်ပစ်လိုက်ပါတော့လား”
သူ့စကားကြားတော့ မြားနတ်မောင်က ဟက်ခနဲ တစ်ချက်ရယ်သည်...

“ဒါကတော့ကောင်လေးရေ lady firstဆိုတဲ့ဥပဒေသဘောအရပေါ့ကွာ အရာရာမှာ မိန်းကလေးတွေကိုဦးစားပေးရတယ်ကွ အထူးသဖြင့်ဒီချစ်ရေး ချစ်ရာပေါ့ကွာ ကောင်မလေးအများကြီးမူလို့ရအောင် အများကြီးရွေးခွင့်ရှိအောင်ပေါ့ ကောင်မလေးကစချစ်ရင် မင်းငပျင်းကြီးဖြစ်နေလိမ့်မယ်ကွဲ့ အဲဒါကြောင့် မင်းကိုပဲစချစ်ခိုင်းလိုက်တယ် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်ကြိုးစားပေတော့ ဟိုက ယောင်္ကျားတွေကို ခေါင်းခေါက်ယူမယ်ဆိုရင် မျက်နှာငယ်လေးနဲ့ ကျနော့ခေါင်းကိုခေါက်လှည့်ပါခင်ဗျဆိုပြီးမင်းခေါင်းသွားထိုးပေးလိုက်ပေါ့ ငိုပြသင့်လည်းငိုပြပလိုက် လိုအပ်ရင်ဒူးထောက်သင့်လည်း ထောက်ပလိုက်၊ ဟားဟားဟား”

ကောင်လေးစိတ်တိုလာပြီဖြစ်သည်။ တိုလာသည့်စိတ်နှင့်ပဲဆက်ပြီးလျှာရှည်သည်....
“ကျနော်မသိလိုက်တာရှိတယ် မြားကဘယ်ချိန်ကျနော့်ရင်ဝကိုလာမှန်ခဲ့တာလဲ”
“အေး ပြောပြမယ် မင်းကိုထိတဲ့မြားကတော့ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီးရမ်းသမ်းပြီးငါပစ်တင်လိုက်တာ မင်းကပက်လက်ကြီးအိပ်နေချိန်နဲ့တိုးသွားတော့ မြားအကျမှာ မင်းရင်ဝကိုတန်းထိတာပဲ”
“ဘာ”
တော်တော်ပစ်စလက်ခတ်နိုင်သည့် မြားနတ်မောင်ကြီးပဲဖြစ်သည် …တော်သေးတယ် အအိပ်ဆော့ပြီးဖင်ထောင်မအိပ်မိလို့ ။
…………………….....


တိမ်ဖြူတွေ အဆုပ်လိုက်ပွင့်သည့် နံနက်ခင်းတစ်ခုတွင်ကောင်လေးအိပ်ယာမှနိုးလာခဲ့သည်။
နုနုနွေးနွေးနေခြည်သည် ကောင်လေးတို့ရွာငယ်တစ်ခုလုံးကို ရွှေရည်ဖြင့်သုတ်လိမ်းထား၏ ။
အတန်းလိုက်ပစ်ချထားသည့်နေရောင်ခြည်အောက်တွင် နွေဦးပန်းပွင့်များ ဟိုမှ သည်မှ အပြိုင်းအရိုင်းပွင့်သစ်ကုန်ချေပြီ ။ နွေတေးသီငှက်တို့နှင့်အတူ လေထုထဲရစ်သီဖွဲ့ကာထုံမွှန်းနေသည့်နွေပန်းရနံ့များက ရွာငယ်လေးကို ပနံတင့်စေလျှက်ရှိသည်။

“မင်္ဂလာပါ ကောင်းသောနံနက်ခင်းလေးပါ ဖေါအဲရေ”
သူ့ကောင်းကင်တစ်ခုတည်းကိုသာ ကွက်ကွက်ကလေးသာပေးသည့် ညကလမင်းလေးကိုတိုင်တည်နှုတ်ခွန်းဆက်မိသည် ခက်တော့လည်းခက်ပါသည် ဘယ်မှာနေမှန်းပင်မသိရ
“ငါလည်းရူးလိုက်တာလေ”
တစ်ယောက်တည်းပြောပြီးပြုံးမိပြန်သည်။
ကောင်လေးအဖေဖြစ်သူက သားအိပ်ရေးပျက်မှာစိုး၍မနှိုးတော့ဘဲစောစောစီးစီးခြံထဲဆင်းသွားပြီ ဖြစ်သည်။အမေကတော့မီးဖိုချောင်မှာထုံးစံအတိုင်းအလုပ်ရှုပ်နေသည် တစ်ဦးတည်းသောသားမို့မိဘများကအလိုလိုက်သည် မချမ်းသာသော်လည်း လူလိုသူလို
တော့ နေနိုင်ကြလေသည်။ အဓိကအလုပ်မှာ ခြံအလုပ်ဖြစ်သည်။ ဒီနေ့လည်းတဘက်ရွာမှယူစရာအကြွေးများရှိသည်ဆို၍ ရေမိုးချိုးအဝတ်အစားလဲကာ အမေ့လက်ရာဟင်းနှင့်ထမင်းစားပြီးတက်သုတ်ရိုက်ထွက်လာခဲ့သည်။

တနာရီကျော်ကျော်မျှစက်ဘီးနင်းရသည် ရောက်တော့ ယူစရာရှိတာယူပြီး အမေမှာထားသည့်အတိုင်း ခြံထွက်အသီးအနှံအချို့လိုက်ဝယ်သည်။ အားလုံးပြီးတော့ လမ်းဘေးအကြော်ဆိုင်တစ်ခုမှာအဆာပြေဝင်စားနေလိုက်သည်။
ဆိုင်ရှင်အဒေါ်ကြီးက တဖက်ကစက်ဘီးကိုကလိနေသူအားစကားလှမ်းလှမ်းပြောနေသည်။
“ဒုက္ခပါပဲအေ.. အချိန်မှီပြန်ရောက်မှဖြစ်မှာ ဒီနားမှာစက်ဘီးပြင်ဆိုင်ကလည်းမရှိ”
ပြောလည်းပြော အကြော်စားနေသူ ကောင်လေးကိုလည်းကြည့်ပြီး..
“ကောင်လေးနင်ဘယ်ရွာကလဲ ဟိုတစ်ယောက်စက်ဘီးပျက်သွားလို့ နင်လမ်းကြုံရင်တင်သွားပါလားတခါတည်း”
အကြော်သည်အဒေါ်ကြီးစကားကြောင့်ကောင်လေးစိတ်ညစ်သွားသည်

စက်ဘီးကလိနေသူကားသူ့ထက်အသက်နည်းနည်းပိုကြီးသည့်လူငယ်တစ်ယောက်ပဲဖြစ်သည်။
ဝတ်စားထားတာ ပွဲမင်းသားစတိုင်နှင့် မျက်နှာကလည်းပြောင်ချောချော်နိုင်လှသည်။
“ဘယ်ရွာကတုန်းဗျ”
“တောင်ပိုင်းရွာကလေ”
“အာ.. ကျနော့်ရွာနဲ့တခြားစီကိုဗျ”
ရွာအနေအထားကဆန့်ကျင်ဘက်ကြီးဖြစ်သည် အများကြီးမဝေးသော်လည်း အများကြီးလည်းမနီးပါ။
ရှင်းရှင်းပြောရရင် ဒီကောင့်ကိုတင်ချင်စိတ်လည်းမရှိ။
အကြော်သည်ကဆက်လက်လျှာရှည်သည်..
“ဒါမှမဟုတ် လမ်းကြုံသလောက်ပဲခေါ်သွားပေါ့အေ လမ်းခွဲရောက်ရင်သူ့ဘာသာသူဆက်လျှောက်ပါစေပေါ့”
“အာ..မဖြစ်ဘူးဗျ ဒီမှာခြံထွက်ပစ္စည်းတွေဝယ်လာတယ် နောက်ခုံကမလွတ်ဘူး”
အပြတ်အသားပဲငြင်းလွတ်လိုက်သည်။
“အင်းပေါ့လေ …ဒါဆိုလည်းဘယ်တတ်နိုင်မလဲ မောင်စိုးရေ သူ့စက်ဘီးဒီတိုင်းသာထားလိုက် နင်ကိုတိုင်ပဲလိုက်ပို့လိုက်တော့”

ထိုစကားကိုကြားတော့ မောင်စိုးဟုအခေါ်ခံရသော စက်ဘီးကိုတတ်သလိုလို နှပ်သလိုလိုနှင့်လျှောက်လုပ်နေသူသည် ဝမ်းသာအားရဖြစ်သွားပုံရသည်။ကောင်လေးနည်းနည်းကြောင်သွားသည် သူ့ကိုပို့ရမှာမဟုတ်ဘူးကိုး ဘယ်သူများပါလိမ့်စက်ဘီးပေါက်နေတာ... ဟိုဒီဝေ့ဝဲကြည့်လိုက်တော့...တွေ့ရပါပြီကော....
လမင်းက ညအခင်းမှာမသာဘဲ နေ့ခင်းကြောင်တောင်ကြီးသာနေသည်...
ကောင်မလေးးး
ဖေါအဲဆိုတဲ့ကောင်မလေးရယ်လေ...
တွေ့မယ့်တွေ့တော့လည်းဒီနေရာမှာလာတွေ့ရတယ် ကောင်လေးဝမ်းသာလိုက်သည်မှာဆိုဖွယ်မရှိတော့ ကောင်မလေးအားမွတ်သိပ်စွာစိုက်ကြည့်နေမိသည် ကြော့ကြော့ရှင်းရှင်းကိုယ်နေဟန်၊ ဖြူစင်ဝင်းပသည့်အသားအရည်နှင့်ပခုံးထက်နဲနဲကျော်ရှည်သောနက်မှောင်ဖြောင့်စင်းသည့်ဆံပင်၊
မထူလွန်းမပါးလွန်းသောမျက်ခုံး၊ဖြောင့်စင်းသည့်နှာတံ၊ညှို့အားပြင်းပြင်းမျက်ဝန်း၊နီနီထွေးထွေးနှုတ်ခမ်းအစုံနှင့် ရင်ဘတ်နောက်မှာအသဲနှလုံးပါသူပုရိသတိုင်းကို ခေါက်ခနဲ ပစ်ခွေလဲကျသွားအောင် ဖမ်းစားနိုင်လွန်းသည့်အလှပဲဖြစ်သည်။

သူနဲ့မလှမ်းမကမ်းက သစ်မြစ်ဆုံကြီးတစ်ခုပေါ်မှာ အစကတည်းကကောင်မလေးထိုင်နေခြင်းဖြစ်သည် သူကမမြင်တာပဲဖြစ်သည် မြင်လည်းမြင်ရော မျက်တောင်လေးတချက်ခတ်ဖို့ကိုပင်နှမျောလာမိသည်
ပြူးပြဲကြည့်နေသူကောင်လေးနှင့်ဖေါအဲတို့တချက်အကြည့်ချင်းဆုံသွားသည် သို့သော်လည်းဖေါအဲကချက်ချင်းပင်မျက်နှာပြန်လွဲလိုက်ပြီးခပ်ဝေးဝေးတနေရာသို့သာမမှိတ်မသုန်ပြန်ငေး
ကာ လက်ထဲကကွာစေ့ကိုတဂျောက်ဂျောက်မြည်အောင်ကိုက်လိုက်ထွေးလိုက်လုပ်နေပြန်သည်
“ကောင်မလေးငါ့ကိုမမှတ်မိဘူးထင်တယ် အကြည့်ကလည်းအေးတိအေးစက်နိုင်လိုက်တာ ချက်ချင်းကြီးမျက်နှာလွှဲပစ်ရက်တယ်....ကောင်မလေးရေ...ကောင်မလေးရေ”
......................
“ကဲဒါဆိုလည်း ကျနော်အဝတ်အစားလဲလိုက်မယ် သူ့စက်ဘီးကိုတော့လောလောဆည်ဒီမှာပဲထားထားရမယ်”
မောင်စိုးဆိုသူသည်ပြောလည်းပြောပြီးအိမ်ပြန်အဝတ်အစားလဲရန်ထိုနေရာမှဝှီးကနဲပျောက်ထွက်သွားသည်။
ကောင်လေးအကြီးအကျယ်နောင်တရနေချေပြီ အစကတည်းကတင်ခေါ်ခွင့်ရမယ့်ကိစ္စကြီး ကိုယ်တိုင်ကအသုံးမကျတာ ဘာပဲဖြစ်ဖြစ်ဖေါအဲကိုဒီကောင့်စက်ဘီးနောက်တော့အပါမခံနိုင်...
ဘာကောင်မှန်းလည်းမသိ အငြိမ့်တွေထဲကလူပြက်ကြီးရုပ်နှင့်
“ဟိုလေ..ဘယ်လိုပြောရမလဲ အပန်းမကြီးဘူးလို့ထင်တယ် ကျနော်ပဲလိုက်ပို့လိုက်မယ်လေ”
အဒေါ်ကြီးကိုမျက်နှာချိုပြန်သွေးနေလိုက်ရသည်

အဒေါ်ကြီးသည်ချက်ချင်းကြီးပြောင်းလဲသွားသူကောင်လေးအားထူးဆန်းသလိုကြည့်ပြီး....
“ဘယ်ဖြစ်မှာလဲ နင်တို့ရွာနဲ့ဆန့်ကျင်ဘက်ကြီးလေ ကောင်လေးရဲ့”
“အာ ရပါတယ် ကူညီလိုက်ပါ့မယ် အချင်းချင်းတွေပဲ”
“အချင်းချင်း ဟုတ်လား ဖေါအဲနဲ့နင်နဲ့ခင်လို့လား”
အဒေါ်ကြီးသည် ခုကျမှလျှာကရှည်နေပြန်ပြီ
“ခင်တာ မခင်တာထက် ကိုယ့်လူမျိုးအချင်းချင်း ကူညီတဲ့သဘောပါဗျ”
“လူမျိုးအချင်းချင်း ဟုတ်လား နင်က ကရင်လည်းမဟုတ်ဘဲနဲ့”
ခက်ပြီဒီအဒေါ်ကြီးနဲ့ အခက်ကြီးခက်ပြီ စောစောကအကောင်းကြီး ခုမှမကောင်းကြီးဖြစ်ပြီ သံညှပ်ကြီးနဲ့သာ အကြော်သည်အဒေါ်ကြီးရဲ့ဗိုက်ခေါက်ကိုဖမ်းလိမ်ပြီး မှတ်ပလားဟ မှတ်ပလားဟ ဟုအော်ကာရန်တွေ့လိုက်ချင်နေတော့သည်။

“အဒေါ်ရယ် လူမျိုးတူတာ မတူတာကအရေးမကြီးပါဘူး တစ်ကယ်တော့ ကျနော်တို့ဟာ တစ်မိုးအောက်တည်းကလူတွေပါဗျာ”
“တစ်မိုးအောက် ဟုတ်လား နင်တို့တစ်အိမ်တည်းနေနေကြလို့လား မကြားမိပါဘူး ဖေါအဲတို့အမေနဲ့ငါနဲ့ခင်သားပဲ တခါမှမပြောပါလား”
ကဗျာဆန်ဆန်ပြောလိုက်မိကာမှပိုဆိုးပြီ
“မေ့နေလို့ဗျ ကျနော်လည်းသူတို့ရွာဘက်သွားဖို့ရှိသေးတယ် စောစောကမေ့နေတာ ခုမှပြန်သတိရတာ ကျနော်ပဲအိမ်အရောက်ပို့လိုက်ပါ့မယ်”
“သြော် ကောင်လေးကလည်း နင့်နောက်ထိုင်ခုံကမလွတ်ဘူးလေ ဝယ်ထားတာတွေဘယ်နားသွားချိတ်မတုန်း”
ဒီအဒေါ်ကြီးတော့ပြဿနာပဲဟုကောင်လေးတွေးနေမိသည်
ရာဇဝင်ထဲက ပန်းပဲမောင်တင့်တယ်ကိုင်သည့်တူကြီးကိုသာခဏငှားပြီး အကြော်သည်အဒေါ်ကြီးကို မှတ်ပလားဟ မှတ်ပလားဟ ဟုအော်ပြီး ပုထွက်သွားအောင်ထုချင်နေတော့သည်။

ကောင်မလေးကိုလှမ်းကြည့်လိုက်တော့သူ့ထုံးစံအတိုင်း ကွာစေ့ကိုတဂျောက်ဂျောက်ကိုက်လျှက် ဘာမှစိတ်မဝင်စားသလိုနဲ့တနေရာရာကိုငေးနေဆဲ။
ထိုစဉ်အခိုက် စက်ဘီးအသစ် အဝတ်အစားအသစ်နှင့်မောင်စိုးပြန်ရောက်လာသည် ။
ရုတ်တရက် အဒေါ်ကြီးကဘာစိတ်ကူးပေါက်သွားသည်မသိ
မောင်စိုးဘက်လှည့်ပြီး “နင်မအားရင်လည်းမပို့နဲ့တော့”ဟုပြောသည်
ပြီးနောက်ဖေါအဲဘက်ကိုလှမ်းပြီးအသံအကျယ်ကြီးဖြင့်...
“ဖေါအဲရေ ဒီမှာကောင်လေးတစ်ယောက်နင့်ကိုလိုက်ပို့ချင်နေလို့တဲ့”

ကောင်လေးနည်းနည်းညစ်သွားသည် တော်တော်စကားမတတ်တဲ့အဒေါ်ကြီးပဲဖြစ်သည်
သူပြောစေချင်တာကတမျိုး လမ်းကြုံလို့လိုက်ပို့မှာဖြစ်ဖြစ်၊ အခက်အခဲဖြစ်နေသည်ကိုကူညီသည့်သဘောမျိုးပဲဖြစ်ဖြစ် ပြောစေချင်သည် ခုပြောလိုက်ပုံက သူက မရမက အတင်းပို့မယ်မှန်းသိသာနေသည်။ ဒီတစ်ခါဘာမှမစဉ်းစားချင်တော့ ရမ်ဘိုကြီးရဲ့လောင်ချာကိုသာယူပြီး အဒေါ်ကြီးကိုရော သူ့အကြော်တဲလေးကိုပါ ပျောက်ထွက်သွားအောင်“အုန်း”ကနဲပစ်ထည့်လိုက်ချင်နေတော့သည်။
ဒေါ်ကြီးစကားကြောင့်ဖေါအဲကသူ့ကိုတစ်ချက်လှည့်ကြည့်သည် သို့သော် ချက်ချင်းပင်မျက်နှာပြန်လွှဲသွားပြန်သည်။ ကောင်လေးရင်ထဲဟာတာတာကြီးဖြစ်ကျန်ခဲ့သည်
“ကောင်မလေးငါ့ကိုလုံးဝအသိအမှတ်မပြုပါလား” တစ်ယောက်တည်းအသံတိတ်ရေရွတ်ရင်းအလိုလိုဝမ်းနည်းနေမိသည်။

မောင်စိုးက ကောင်လေးအား မကျေနပ်သည့်ပုံစံဖြင့် ရှုတင်းတင်းမျက်လုံးစွေကြည့်သည် ကောင်လေးကလည်းမောင်စိုးအား ဂရုမစိုက်သည့်ပုံစံဖြင့်ရှုတည်တည်မျက်လုံးစောင်းကြည့်သည် (အကြည့်နှစ်ခုကိုပေါင်းသော် ငစွေနှင့်ငစောင်းဟုအမည်ထွက်မည်ဖြစ်သည်)
“ရပါတယ်ဒေါ်ဒေါ်ရဲ့ဖေါအဲအတွက်ပဲ အားပေးရမှာပေါ့ ကျနော့အလုပ်ကအရေးမကြီးပါဘူး
လာဖေါအဲ ငါလိုက်ပို့မယ်”
မောင်စိုးကနာမည်နှင့်လိုက်အောင်ပိုင်စိုးပိုင်နင်းနှင့်လှမ်းခေါ်လိုက်သည်။ ကောင်မလေးကလည်းမတ်ထတ်ထပ်ရပ်လိုက်သည် သွားပြီ ကောင်မလေးလိုက်သွားတော့မည်
ကောင်လေးပို့ခွင့်မရှိတော့ လိုက်မပို့နိုင်တော့

မောင်စိုးဆိုတဲ့ကောင် လိုက်ပို့ရတာကိုအခွင့်အရေးယူပြီးဖေါအဲကိုလမ်းမှာရည်းစားစကားပြောမလားမသိ
ဖေါအဲကလည်းအားနာနာနှင့်ဘာတွေပြန်ပြောလိမ့်မလဲမသိ၊ ဘာမှန်းမသိ စဉ်းစားရုံနှင့်ပင်အစိပ်စိပ်အမွှာမွှာဖြစ်အောင်ကြေကွဲပစ်ဖို့ကောင်းနေပြီ ။ သေစမ်းဆိုပြီးအကြော်တဲတိုင်နှင့်သာ ကိုယ့်နဖူးကိုယ်ပြေးဆောင့်လိုက်ချင်တော့သည်။
စိတ်လက်မကြည်သာစွာဖြင့်ကောင်လေးအကြော်ဖိုးပိုက်ဆံရှင်းသည်
စိတ်လက်မကြည်သာစွာဖြင့်အကြော်ဆိုင်မှထွက်လာခဲ့သည်
စိတ်လက်မကြည်သာစွာပဲရပ်ထားတဲ့စက်ဘီးထောင့်ကိုဖြုတ်သည် မောင်စိုးနောက်ဖေါအဲလေးပါသွားမယ့်မြင်ကွင်းကိုတော့သူမကြည့်ချင်တော့ ခေါင်းကြီးငိုက်စိုက်နှင့်ပဲ စက်ဘီးကိုထနင်းသည် ။

ထိုစဉ်မှာပဲအဒေါ်ကြီးကိုလှမ်းပြောလိုက်သော ချစ်စရာအသံလေးတစ်ခု
“မောင်စိုးနောက်မလိုက်တော့ပါဘူးအဒေါ်ရေ ရွာမှာသူရည်းစားစကားမပြောဖူးတာဆိုလို့သမီးတစ်ယောက်တည်းကျန်တော့တယ် ခုလိုက်ပို့ရင်းမပြောပါဘူးလို့ဘယ်သူအာမခံရဲလဲ”
အသံကတိုးညှင်းသော်လည်းပြတ်သားသည် လှောင်သံတစ်ဝက်စွက်လျှက်ချစ်ဖို့လည်းအလွန်ကောင်းနေသည်။
ကရဝိတ်ငှက်အသံသာတာ မိုးစွေငှက်အသံသာတာ စာတွေထဲဖတ်ဖူးသည် ဖေါအဲအသံကိုဘယ်စာရင်းထဲထည့်ရလေမည်မသိ
သူ့ကိုရှေ့ထားပြီးပြောချလိုက်သည့်ဖေါအဲ၏စကားကြောင့် မောင်စိုးမှာမျက်နှာမထားတတ်အောင်ဖြစ်သွားသည် စက်ဘီးပြင်ပေးသည့်မျက်နှာမှမထောက်ဟုလည်းတွေးနေပုံရသည် (သူပြင်သော်လည်းပေါက်နေသည့်စက်ဘီးကပြန်မကောင်းပါ)

မောင်စိုးကနာမည်နှင့်လိုက်အောင်ပိုးစိုးပက်စက်ဖြစ်ကျန်တော့မည်ဖြစ်သည်။
မောင်စိုးနောက်မလိုက်ဘူးဆိုတော့သူ့နောက်လိုက်မယ်ပေါ့ ကောင်လေးအလွန်ပျော်သွားသည်
စက်ဘီးကိုလည်းရပ်လိုက်သည်။ စက်ဘီးနောက်ခုံကတိုလီမုတ်စတွေကိုရှေ့ခြင်းသို့အမြန်ပြောင်းထည့်လိုက်သည် ။
အနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့သူ့စက်ဘီးဆီသို့တစ်လှမ်းခြင်းလှမ်းလာနေသည့်
ခြေလှမ်းလှလှလေးများ
(တနည်း) သူ့နှလုံးအိမ်သို့တစ်လှမ်းခြင်းလှမ်းလာနေသည့်ခြေလှမ်းလှလှလေးများအား ဝမ်းမြောက်ဖွယ်တွေ့လိုက်ရတော့သည်။

ဆက်ရန်....ခုလောလောဆည်တော့ သောက်ရန်.. :P

24 comments:

khin oo may said...

ူ.............

khin oo may said...

အဖွဲ့များတယ။် ဇတ်လမ်းအားနည်းတယ် ။ but ပိရသတ်က ဘာဘဲလုပ်လုပ်ကြိုက်မှာပါ။

ကောင်းကင်ပြာ said...

အင်းးး ကောင်လေးးးးးကောင်လေးးးး

Angel Shaper said...

ကောင်လေး....အဲ လာဖောသွားတယ်နော်။ အဟိ.... မြန်မြန်သောက်ပြီး ဆက်ရေးပါ...
ဒါပဲ.....

ဇော် said...

ဖတ်လို့ကောင်းနေတာ ဆန့်ငင် ဆန့်ငင်ကို ဖြစ်လို့။ =)

မယ်ကိုး said...

သားကြီးအဖွဲ့ လေးတွေ တစ်နေ့ တစ်ခြားညက်လာတယ်လို့  ထင်တယ်။
အစ်မကတော့ ဇာတ်အိမ်ထက် စာအဖွဲ့ ကို ပိုနှစ်သက်တတ်သူမို့  ဒီစာလေးကို တခြားစာတွေထက်ပိုကြိုက်မိတယ်။

မေဇင် said...

ဝေး....ပထမပိုင်းကို သွားပြန်ဖတ်လိုက်ပြီးမှ ဒီတစ်ပိုင်းကိုဆက်တယ်...ခု လဲ မပြီးသေးဘူး...ဟင်းး.... မောင်စိုး သနားပါတယ်..ဟိဟိ... ယောင်္ကျားတွေ များ အမျိုးမျိုး... ခုပဲ လမ်းမကြုံ ဘူး...ခုပဲ လမ်းမကြုံလဲ တမင်တဲ့.... ဟဟဟ ရီရတယ်... ကိုသားကြီး စာတွေ ဖတ်ရင် မရီပဲ မနေရဘူး...
နောက်တစ်ပိုင်း မျှော်နေသည်။

တလနွန် said...

“မောတော့မောတာပေါ့ ဒါပေမဲ့မမောဘူး” စိုင်းထီးဆိုင် သီချင်းကို ကြိုဆိုထားတော့မယ် :)
စက်ဘီးဆီ တရွေ့ ရွေ့ လှမ်းလာသော ခြေလှမ်းပြီးနောက် ???????????????
မြန်မြန်ဆက်ပါ ကိုသားကြီး
တဖြည်းဖြည်း နှင့် စာတွေကောင်းလာတယ်

:) :)

**Winnie Pooh Gallery** said...

ဟင်း ... ကောင်းခန်းရောက်မှ

rose of sharon said...

ဟဲ့..ကောင်းခန်းရောက်မှဆက်ရန်တဲ့လား... သားကြီးလူဆိုး...

ရွက်လွင့်ခြင်း said...

ဘရာသာရေ
နောက်ကျတဲ့အတွက် ခွင့်လွှတ်ပါဗျိုး
သောက်ရင်လည်းခေါ်လေ...း))
မြန်မြန်လေးလည်းဆက်ပါဦး

MAYY said...

ခြေလှမ်းလှလှလေးများက ဆက်မလျှောက်တော့လို့လား အစ်ကို ။ ဒီတခါလည်း ကြာအုံးမှာပဲထင်တယ်နော်။ စာအဖွဲ့တွေကို ကြိုက်တယ်။ မြန်မြန်ရေးပါ။ နောက်မှရောက်ပေမယ့် ပြန်တော့ ကောက်ကောက်ဖြစ်သွားတယ် ။ ဆက်ရန် ဆိုလို့ ...အစ်ကို ကျန်းမာပျော်ရွှင်ပါစေ

ငှက်ကလေး said...

လူဇိုးကြီးရေ ဆက်ရန်ဆိုလို့ ဖတ်မသွားသေးဘူးနော် သိလား နောက်အကုန်တင်ပြီးမှ အေးဆေးဖတ်မယ် သောက်သေက် ဒီကလဲ ပြန်အိပ်လိုက်ဦးမယ် ဘိုင်

နဒီမိုးညို said...

ဆက်ရန်.တဲ့..ဟွန်းးး
တစ်ခါတည်းရေးရင်..ကျားကိုက်မှာ..ကြနေတာပဲ.
ဆန့် ငင်ဆန့် ငင်နဲ့ ..း(..

သားကြီး said...
This comment has been removed by a blog administrator.
သားကြီး said...
This comment has been removed by a blog administrator.
sin dan lar said...

ကောမန့်အောက်မှာ အမှိုပ်ပုံးပုံလေး၇ှိတယ်။ အဲဒါလေးကိုနှိပ်လိုက်၊ ကောမန့် ဒလိလုပ်မှာလားလို့ မေးလိမ့်မယ်.. ဒလိဆိုတာလေးကို ရဲရဲကြီး နှိပ်လိုက်ပါ။ ပျောက်သွားပါလိမ့်မယ်..။

sin dan lar said...

ဟိဟိ... ကောမန့် အ၇ှည်ကြီးရေးတဲ့လူနာမည်ကလည်း သားကြီးပဲ ဆိုပြီးစဉ်းစားနေသေးတာ...

လက်တက်လာပြီ.. အကြည်တော်နဲ့တူလာသလိုပဲ...။

ဂျာမုန်းဒန် said...

ကောင်းတယ်၊ကောင်းတယ်၊ဖတ်လို့တကယ်ကောင်းတယ်။
အားကျတယ်သားကြီးရေ။အရေးအသားတော့တော်တော
ဂွတ်တယ်။ မီကိုကွေကာဂွတ်ကောင်းဗျို့။
ဆက်ဖတ်ဖို့မျော်နေအုံးမယ်။
ခင်မင်စွာဖြင့်အစ်မ
ဂျာမုန်း

ဂျာမုန်းဒန် said...

ကောင်းတယ်၊ကောင်းတယ်၊ဖတ်လို့တကယ်ကောင်းတယ်။
အားကျတယ်သားကြီးရေ။အရေးအသားတော့တော်တော
ဂွတ်တယ်။ မီကိုကွေကာဂွတ်ကောင်းဗျို့။
ဆက်ဖတ်ဖို့မျော်နေအုံးမယ်။
ခင်မင်စွာဖြင့်အစ်မ
ဂျာမုန်း

kyalkalay said...

ရှိစုမဲ့စု အချိန်လေး
လာဖတ်ပါတယ်
ဆက်ရန်နဲ့တိုးရော
အင်း~ဘယ်တတ်နိုင်မလဲ
သူခေတ်ကိုး

ငှက်ကလေး said...

ဖေသားကြီး ဆက်မရေးသေးလို့ မနေနိုင်လို့ မဖတ်ရသေးတာ လာပြန်ဖတ်တယ် သောက်လို့မဝသေးဘူးလား ဗျာ မြန်မြန်ဆက်ရေး ကွာ ဘိုင်

shadowfullmoon said...

သောက်ပြီး မှောက်မသွားနဲ့ဦး ........... ဆက်ရန်ရှိသေးတယ်နှော် ကိုသားကြီး ..........

yangonthar said...

တတိယပိုင်းဖတ်ပြီတော့ဘာပြောရမယ် မသိတော့ဘူး အဟဲ .... ကောင်းတယ်ဗျို့  :D

 
©2009 ♬သားကြီး♪ | by TNB