အလွမ်းနဲ့ပဲပန်းတွေကိုပွင့်စေလိုက်တယ် ၎

ရွာငယ်လေး၏တစ်ခုတည်းသောလက်ဖက်ရည်ဆိုင်တွင်ဖြစ်သည်။ ဝေလင်းနှင့်အပေါင်းအပါတစ်သိုက် စိတ်ကြိုက်လေပေါနေကြသည်။ ဆိုင်ပိုင်ရှင်ကိုကြည်တိုးကလည်းဆိုင်လူရှင်းနေသဖြင့်
သူတို့နှင့်တစ်ဝိုင်းတည်းဝင်ထိုင်နေသည်။ ယခုလူရှင်းသည်ဆိုရာ၌
အခြားအချိန်တွင်လူရှုပ်သည်ဟုမဆိုလိုပါ
သူ့ဆိုင်သည်အစဉ်သဖြင့်လူရှင်းနေသည်သာဖြစ်သည်။

ကိုကြည်တိုးသည်အသက်၃၀ကျော်လူပျိုကြီးဖြစ်ပြီး
ကဗျာရူး စာရူးဖြစ်သည်။ အဖျော်ဆရာ စားပွဲထိုး ပန်းကန်ဆေး ငွေသိမ်း အစရှိသည့်တာဝန်များကို သူတစ်ယောက်တည်းလုပ်သည် ဆိုင်နာမည်ကိုလည်းဘာစိတ်ကူးနဲ့လည်းမသိ
“လူရှင်tea house”ဟုပေးထားသည်။နောက်ပိုင်း ရွာသားတွေနားလည်လိမ့်မည်မဟုတ်ဟုယူဆသဖြင့် မြန်မာလိုပဲအကုန်ရေးလိုက်ရာ“လူရှင်တီးဟောက်စ်” ဟူ၍ ဖြစ်သွားတော့သည်။ “လူရှင်”ဆိုတာ သူကဗျာရေးပြီးအောင်မြင်ခဲ့ရင်ယူမည့်ကလောင်အမည်ဟုလည်းသိရသည်။
အားလုံးကလည်း သူ့ဆိုင်သည် သူပေးသည့်နာမည်နှင့်အလွန်လိုက်သည်ဟုထောက်ခံကြသည်။
လူရှင်ဆိုင်က အမြဲလူရှင်းသည်ကိုး ။

ရွာက ဘာမသိညာမသိ လက်ဖက်ရည်သောက်ချင်သည်ဟု ပူဆာသည့်ကလေးများကို မိဘများကတစ်ခွန်းတည်းပြောသည်...
“အဲဒီလူရှင်ဆိုင်က ကလေးတွေကို တီးလည်းတီးတယ် ဟောက်လည်းဟောက်တယ် အဲဒါကြောင့်လူရှင်တီးဟောက်လို့ခေါ်တာ နင်တို့သွားသောက်ရဲရင် သောက်ကြည့်”ဟုခြိမ်းချောက်လိုက်ရင် ကလေးတွေအားလုံးငြိမ်ကျပြီးသားဖြစ်သည်။ ဆိုရရင် ကဗျာဆန်ဆန် ဆိုင်နာမည်ကြောင့် ကလေးမိဘတွေလည်း ပိုက်ဆံကုန်သက်သာလေသည်။ ဆိုင်ကလည်း စားပွဲဝိုင်းသုံးဝိုင်းသာရှိသည့် ခနော်နီခနော်နဲ့ အင်ဖက်မိုးလက်ဘက်ရည်ဆိုင်ဖြစ်သည်။

အမှန်မှာသူတို့ရွာအနေအထားနဲ့ဆိုင်နာမည်တောင်မလိုအပ်လှပါ၊သူပေးလိုက်သည့်နာမည်ကလည်း ဒီခေတ်ဘန်းစကားနဲ့ဆိုရရင်“နည်းနည်းလန်ထွက်နေသည်” ကဗျာသမား၊ထွက်သက်ဝင်သက်တိုင်းမှာကဗျာပါသူဆိုတော့လည်းဒီလောက်တော့ရှိမှာပေါ့လေ.. အားလုံးထိုသို့ပဲနားလည်လိုက်ကြသည်။ ကိုကြည်တိုးသည် ရုပ်ရည်သန့်ပြန့်သည်၊ ခြေထောက်တစ်ဖက်ဆာနေသည့်အားနည်းချက်တော့ရှိသည်။ အရှိန်နှင့်သွားနေသည့် ကားတစ်စီးအပေါ်တိုးဝှေ့တွယ်စီးရာမှ ပြုတ်ကျ၍ခြေထောက်ဆာရခြင်းဖြစ်သည် တချို့ကလည်းဂရုဏာဒေါသောနှင့်ပြောကြသည် “ကြည်တိုးက ကားပေါ်မှာ
ကြည့်ကျက်ပြီးမတိုးတော့ ပြုတ်ကျပြီပေါ့တဲ့။

သူ့ဆိုင်အမာခံဖောက်သည်သည် အဓိကဝေလင်းတို့အဖွဲ့ပဲဖြစ်သည်။ တချို့တလေလည်းရှိပါသည် မျက်စိလည်လမ်းမှားပြီးရောက် ရောက်လာတတ်သည့် တစ်ခြားရွာသားများ။
သူ့လက်ဖက်ရည်ကို လူတွေသောက်နိုင်ကြသော်လည်း မသောက်နိုင်တာကတော့
သူ့ကဗျာပဲ ဖြစ်သည် ၁၀တန်းထိကျောင်းနေ
ဖူးပြီးမြို့မှာနှစ်ကာလအတော်ကြာအနည်ထိုင်ခဲ့ဖူးသည့် သူ့သည် တစ်ဒန်တည်း ဒန်နေသည့် မော်ဒန်ကဗျာ ပရိသတ်ဖြစ်သည် ။ ဆိုင်လာသောက်သည့်ဖေါက်သည်တွေထဲမှာ ရင်ဘတ်တူသူများရှိရင် ခံစားနိုင်စေရန်သူအကြိုက်ဆုံးကဗျာစာအုပ်များကို စားပွဲပေါ်တင်ပေးထားလေ့ရှိသည်။

ပထမဆုံး သူ့ကဗျာ ကိုဖတ်ပြီး မှတ်ချက်ပေးသူမှာ ဖိုထိုးပြီးထွက်ရပ်ပေါက်ရန်ကြံစည်နေသည့် တစ်ဖက်ရွာက ကပ္ပိယကြီးတစ်ဦးဟု သိရသည်။ တစ်မနက်လုံး သူ့ကဗျာကိုထိုကပ္ပိယကြီးထိုင်ဖတ်နေသည် ဖင်ပြန်ခေါင်းပြန်ဖတ်သည် အလွတ်ရသလောက်နီးပါးဖတ်ပြီး ဆိုင်ရှင်ကိုကြည်တိုးအား တိုးတိုးလေးလှမ်းခေါ်သည် ။ ပြီးနောက် ဆိုင်ပတ်ဝန်းကျင်ကို ကျောမလုံသလို ကျီးကြည့်ကြောင်ကြည့် ကြည့်ပြီး အလွန်အရေးကြီးဟန်ဖြင့် စကားကိုဖြေးလေးစွာ တစ်လုံးချင်းပြောသည်...

“ရှေးပညာရှိတွေဟာ အရမ်းလျှို့ဝှက်တယ်ကွ သူတို့ရဲ့ အတတ်ပညာတွေကို တဘောင်ဆန်ဆန် နိမိတ်ဆန်ဆန် ပဟေဠိစကားလေးတွေနဲ့ဖွက်ပြီး ဝှက်ထားလေ့ရှိတယ် ဥာဏ်တူရင်ယူစေဆိုပြီး နောင်လာနောက်သားတွေအတွက်ပေါ့ကွာ အဲဒီမှာပဲသိသူဖေါ်စား မသိသူကျော်သွားကြပေါ့ အဓိကကတော့ လျှို့ဝှက်ချက်ကိုမြင်အောင်ကြည့်တတ်ဖို့ပဲ ဆိုရိုးတောင်ရှိသေးတယ်ကွာ “ကြည့်သောသူမြင်၏”တဲ့။
ကိုကြည်တိုးနားထဲမှာတော့ “ပြသောသူပေါ်၏”လို့ပဲကြားလိုက်မိသည်။
စကားနည်းနည်းပဲပြောရသေးသည်ကပ္ပိယကြီးပေါနေမှန်းပေါ်နေပြီလေ..

အလိုက်သင့်အလျားသင့်ခေါင်းလေးတညိတ်ညိတ်လုပ်ပေးနေလိုက်သည်။ ကဗျာရေးရင်ဒီအကြောင်းထည့်စပ်ဦးမှ ဟုလည်းတွေးနေပုံရလေသည်။
“ခုမင်းစာအုပ်ကိုငါဖတ်ရသလောက်တော့ တစ်ဝက်လောက်နီးနီး သဘောပေါက်နေပြီ ဒါပေမယ့် မရှင်းတာရှိသေးတယ် အဲဒါလည်းအချိန်ပေးလေ့လာလိုက်ရင်ဖြစ်တာပဲ ရှေးဘဝက
ထူးခြားတဲ့ပဋ္ဌာန်းဆက်တစ်ခု ကြောင့် ခုဒီစာအုပ်ကို ငါဒီမှာဖတ်ဖို့ကံကြုံရတာပဲ အဲဒီတော့ ငါပြောမယ် မင်းဒီစာအုပ်ကိုအခြားဘယ်သူမှ မပြပါနဲ့ အထူးလျှို့ဝှက်ထားပါ ပညာကို ပညာမှန်းမသိဘဲအလွဲသုံးစားလုပ်
တဲ့လူတွေရဲ့လက်ထဲရောက်ရင် ဒီစာမျိုးကအရမ်းအန္တာရာယ်ကြီးတာကွ ငါနောက်တစ်ခေါက်ထပ်ပြန်လာဖတ်မယ်ကွာ ငါထွက်ရပ်ပေါက်ရင် အရင်ဆုံးမင်းရဲ့ လူသေလိုဖြစ်နေတဲ့ လူရှင်ဆိုင်ကိုကယ်တင်မှာပါ ခုတော့ဆရာတစ်ဦးနဲ့ချိန်းထားသေးတယ် နောက်မှထပ်ပြန်လာဖတ်မယ် ငါပြောတာတွေ သေသေချာချာစဉ်းစားနော် ကဲ ငါသွားပြီ”

ကပ္ပိယကြီးထွက်သွားတော့ကိုကြည်တိုးမှာ ကပ္ပိယကြီးကိုကြည့်လိုက် သူ့မော်ဒန်ကဗျာစာအုပ်ကိုကြည့်လိုက်ဖြင့်မျက်ကလူးဆန်ပြာ ဖြစ်ကျန်ခဲ့လေသည်။
မျက်ကလူးဆန်ပြာဆိုတာ မျက်လုံးက ကလူး… ကလူး ဟုအော်ပြီးစကောထဲကဆန်ကိုထွက်ပြာနေခြင်းမဟုတ်ပါ၊ ပြူးတူးပြဲတဲဖြစ်နေခြင်းကိုဆိုလိုပါသည်။ (ဤကားစကားချပ်(သို့) ဘလော့ပိုင်ရှင်မောင်သားကြီး၏ အပိုသက်သက်လျှာရှည်ခြင်းတည်း)

နောက်ပိုင်းတွင်ကပ္ပိယကြီးဆိုသူလည်းပြန်ပေါ်မလာတော့ပါ ဖိုထိုးရင်း“ပလုံ”သွားသည်ဟုသိရသည်။
ဝိဇ္ဇာလေးသောင်းဆရာအပေါင်းလည်း မကယ်နိုင်ကြတော့ဘူးထင်သည်။
(ပလုံ=စုံးစုံးမြှုပ်)
ထိုအကြောင်းကိုပြန်ပြောတိုင်းရယ်ဖြစ်ကြသည် ။
“လူရှင်တီးဟောက်စ်”ရဲ့ရောင်းရေးဝယ်တာက အလဲလဲအကွဲကွဲဖြစ်သော်လည်း တစ်ကိုယ်တည်းသမားကိုကြည်တိုးအတွက်တော့ ဖူလုံပါလေသည်။ သူ့ဆိုင်လူမရှိတိုင်းသူပြောတတ်တာတစ်ခုရှိသည်။ “ရွာသားတွေကခက်တယ် ပေးကားပေး၏ မရ ဆိုသလိုပေါ့ကွာ ငါ့လက်ဖက်ရည်ယဉ်ကျေးမှုကိုသူတို့နားမလည်ဘူး ငါ့ကဗျာရဲ့အနှစ်သာရကိုသူတို့ဆွဲယူစားသုံးမတတ်ဘူး”ဟူသတည်း။
………………..
ဆိုင်ထဲထိုင်နေကြရင်းမှ တင်ထွန်းက စကားစသည်။
“ညကဗွီဒီယိုရုံမှာ လူသတ်သမားကားပြတယ် အိလေးနဲ့သွားကြည့်တာပေါ့ ကောင်းလိုက်တာ”
အိလေးဆိုသူမှာ တင်ထွန်း၏ရည်းစား အိအိခိုင်ဖြစ်သည်။
“လူသတ်ကားကိုကောင်မလေးနဲ့ကြည့်တာကောင်းရလားဟ”
အားလုံးကဘုတွေထွက်နေတဲ့အကြည့်နဲ့ပြန်အော်တော့တင်တွန်းက တဟွင်းဟွင်းမြည်သံပြုလျှက် ပါးရိုက်ချင်စဖွယ်ပြုံးသည်..
“အိလေးကကြောက်လေလေ ကိုယ့်နားကပ်လေလေ လေကွာ မင်းတို့ဒါလေးတောင်မသိဘူးလား”
“မင်းကတော့မကြောက်ဘူးပေါ့”
တချိန်လုံးငြိမ်နေသည့်ကိုကြည်တိုးက မေးလိုက်ခြင်းဖြစ်သည်။

“မကြောက်ပါဘူး ဘာကြောက်စရာရှိလို့လဲ”
“မင်းကရုပ်ရှင်မှန်းသိလို့မကြောက်ဘူးနေတာပါ အပြင်မှာအဲလိုသွေးထွက်သံယိုမြင်ကွင်းမျိုးတစ်ကယ်မြင်ရရင်တော့လား”
ကိုကြည်တိုးအသံကစိန်ခေါ်သံပါနေသဖြင့်တင်ထွန်းမရိုးမရွဖြစ်သွားသည် ချက်ချင်းပဲပြန်ပက်သည်။
(ဆိုင်ကရေနွေးနှင့်မဟုတ်ပါ စကားကို စကားဖြင့်ပက်ချင်းသာဖြစ်သည်)
“ရုပ်ရှင်နဲ့အပြင်ဘာမှမကွာပါဘူးဗျ ဒီခေတ်ရုပ်ရှင်ပညာတွေက အံ့မခန်းပဲ အားလုံးသဏ္ဍာန်လုပ် သရုပ်တူအောင်ရိုက်ထားတာ အပြင်မှာလည်းဒီလိုပဲနေမှာပဲ မကြောက်ပါဘူး”

တင်ထွန်းစကားဆုံးတော့ ကိုကြည်တိုးက ခြောက်ကပ်ကပ်ရယ်သည်။ တဆက်တည်းမှာပဲ..
“ငါငယ်ငယ်ကပေါ့ကွာ.. ငါ့ဆိုင်ရဲ့မျက်နှာချင်းဆိုင်ဟိုကုက္ကိုပင်ရိပ်အောက်မှာ စက်ဘီးပြင်ဆိုင်ဖွင့်တဲ့ ကိုမြတ်ဦးဆိုတဲ့ ကုလားတစ်ယောက်ရှိတယ် ဆိုင်ဆိုပေမယ့် ခနော်နီခနော်နဲ့ ဖြစ်ကတတ်ဆန်း စက်ဘီးပြင်ဆိုင်ပါကွာ အမိုးလေးပဲရှိတယ် ဘာအကာမှမပါဘူး ပစ္စည်းကိရိယာလည်းဘာမှဟုတ်တိပတ်တိမရှိဘူး မရှိတာပဲရှိတယ်ဆိုတဲ့ဒသနလေးအတိုင်းပေါ့ကွာ”
ငါ့ဆိုင်လိုပဲပေါ့ကွာဟုပြောလိုက်ရင်ပဲရပြီဟု ဝေလင်းတို့အားလုံးတွေးနေကြသည်။

“အဲဒီတုန်းက ငါခြောက်တန်းလောက်ပဲရှိဦးမယ်ကွ တနေ့တော့ကွာ ဘာရယ်မဟုတ် သူစက်ဘီးပြင်နေတာကိုငါခပ်လှမ်းလှမ်းက ကုက္ကိုအမြစ်ကြီးတစ်ခုပေါ်တက်ထိုင်ရင်းငေးကြည့်နေတယ်ကွ
တစ်အောင့်လောက်ကြာတော့ အဝတ်အစားခပ်နွမ်းနွမ်းနဲ့ရှမ်းဘောင်းဘီရှည်ဝတ်ထားတဲ့ ထောင်ထောင်မောင်းမောင်းလူကြီးတစ်ယောက်ရောက်လာတယ် ပခုံးပေါ်မှာထင်းအစည်းသေးသေးလေးတစ်စည်းလည်း
ထမ်းထားသေးတယ် အဲဒီလူကြီးက ကိုမြတ်ဦးအနားလည်းရောက်ရော သူ့ထင်းစည်းကိုအသာကလေးချလိုက်တယ် ပြီးလည်းပြီးရော ထင်းစည်းတွေကြားထဲကနေ ရှည်ရှည်မျောမျောတစ်ခုကိုဆွဲထုတ်လိုက်တယ် သူဆွဲထုတ်လိုက်တာ ဘာလဲသိလား”

“ရှည်ရှည်မျောမျောဆိုတော့ တရုတ်ကြီးလက်ဖက်ရည်ဆိုင်ကအီကြာကွေးပေါ့”ဟုဘယ်သူမှပြန်မဖြေပါ၊ ခေါင်းတစ်ခါခါ၊ လည်တစ်ခါခါပဲလုပ်ပြလိုက်ကြသည်။
“သူဆွဲထုတ်လိုက်တာက အမဲလိုက်တဲ့လက်လုပ်သေနတ်ကွ ကိုမြတ်ဦးက စက်ဘီးကိုပဲငုံ့ပြင်နေတော့ သတိမထားမိလိုက်ဘူးပေါ့ ငါကလည်းကြောင်ပြီးကြည့်နေမိတယ်ကွ ဘာလုပ်မယ်မှန်းမသိဘူးလေ ပြီးလည်းပြီးရော ကိုမြတ်ဦးရဲ့ နောက်စေ့တည့်တည့်ကိုချိန်ပြီးအဲဒီလူက အနီးကပ်ပစ်ထည့်လိုက်ယ်။ လှုပ်ရှားမှုကသိပ်မြန်တယ်ကွ။ ဒိုင်းဆိုတဲ့အသံကျယ်ကြီးနဲ့ပဲကိုမြတ်ဦးရဲ့ခေါင်းတစ်ခုလုံးပွင့်ထွက်သွားတယ် သွေးတွေဆိုတာ ငါထိုင်နေတဲ့ ကုက္ကိုမြစ်ကိုတောင်လာစင်တယ် ။

စက်ဘီးငုံ့ပြင်နေတဲ့အချိန်အနီးကပ်ဆော်ထည့်လိုက်တာဆိုတော့ကွာ ကိုမြတ်ဦးခေါင်းရှေ့တည့်တည့်ကစက်ဘီးစပုတ်တံတွေပါ တစစီလွင့်ပြီး ဆိုင်ဘေးကဝါးတိုင်တွေကို တဒေါက်ဒေါက်နဲ့ဖေါက်ပြီးစိုက်ကုန်တယ် ရှမ်းဘောင်းဘီနဲ့လူကတော့ ပစ်ပြီးတာနဲ့လစ်ပြေးသွားတယ်
အဲဒီမြင်ကွင်းမြင်ပြီးမိန်းမတစ်ယောက် ကိုယ်ဝန်ပျက်ကျသွားတယ်”
“စိတ်မကောင်းစရာပဲဗျာ ကိုကြည်တိုးရော ဘာတွေပျက်ကျသေးလဲ”
“အေး..ငါ့မှာပျက်ကျစရာဘာမှမရှိတော့ ဘာမှပျက်မကျလိုက်ဘူး လူကတော့ အဲဒီအချိန်မှာတအားလန့်ပြီးဂေါက်တောက်တောက်ဖြစ်သွားတယ်”

“ခုရောဂေါက်တောက်တောက်ပဲလား”ဟုဆက်မေးချင်သေးသော်လည်းဝေလင်းမမေးဖြစ်တော့။
စကားကိုအဆုံးသတ်ပြီးကိုကြည်တိုးက တင်ထွန်းကို ဘယ်နှယ့်ရှိစဆိုသည့်အကြည့်မျိုးနဲ့ကြည့်သည်။
တင်ထွန်းမျက်နှာပေါ်က သူလိုချင်သည့်အရိပ်အယောင်အချို့ရှာတွေ့သွား၍လည်း ကျေနပ်သွားသည်
“ကြောက်စရာကြီးပါလားဗျာ ဘယ်လိုရန်ညှိုးတွေများရှိလို့ပါလိမ့်”
ဝေလင်းမေးခွန်းက အားလုံးသိချင်နေကြသည့်မေးခွန်းဖြစ်သည်
စားပွဲပေါ်က ရေနွေးကြမ်းကို တစ်ကျိုက်ကောက်မော့ပြီး ကိုကြည်တိုးစကားဆက်သည်။

“ထူးဆန်းတယ်ကွ ပစ်သွားတဲ့လူရဲ့နာမည်က သေသူနာမည်နဲ့ပြောင်းပြန် “ဦးမြတ်ကို”တဲ့ ဗမာလူမျိုးပါ အဲဒီကာလက နာမည်ကြီးဒမြတစ်ယောက်ပေါ့ သေသူက သူ့ကိုသက်ဆိုင်ရာနဲ့လက်ထောက်ချလို့ဆိုပဲကွ”
“သြော်…”
“အဲဒီကိစ္စဖြစ်ပြီးမကြာဘူး ဦးမြတ်ကိုတို့ဒမြတစ်ဖွဲ့လုံးသေကုန်ကြပြန်တယ်”
“သက်ဆိုင်ရာက သတင်းရပြီး ချေမှုန်းပစ်လိုက်တာလား”
“မဟုတ်ဘူးကွ သူတို့တစ်ဖွဲ့လုံးတောထဲမှာသေကုန်ကြတာ သေပုံကလည်းတော်တော်ဆန်းတယ်”
“ဘယ်လို ဘယ်လိုဆန်းတာလဲဗျ”
အားလုံးကသိချင်ဇောဖြင့်ဝိုင်းမေးကြပြန်တော့...

“အေးကွ တောထဲမှာသမင်တစ်ကောင်ကိုတွေ့လို့လိုက်ကြတာတဲ့”
“ဟင်…တော်တော်ဆိုးတဲ့ဒမြတွေပဲ သမင်ကိုတောင်ချမ်းသာမပေးဘူး ဒမြတိုက်မယ်တဲ့လား”
“နင့်ကြီးတော် ဒမြတိုက် သတ်စားမလို့လိုက်တာပေါ့ဟ အဲဒီသမင်ကိုလိုက်ရင်းနဲ့ပဲသေကုန်ကြတာ ဒီထက်ပိုထူးဆန်းတာက အဲဒီသမင်ဟာ သူတို့ဒမြအဖွဲ့ပဲမြင်ရတဲ့သမင်တဲ့ သူတို့လည်းသေကုန်ရော အဲဒီသမင်လည်းပျောက်သွားရောတဲ့”
“ဗျာ”
တစ်မအေကမွေးထားတာမဟုတ်သော်လည်း “ဗျာ”တစ်ခွန်းကိုတော့ ဝေလင်းတို့တစ်ဖွဲ့လုံး တစ်သံတည်းညီညီညာညာထွက်ကျသွားသည်။ ။
.............................

ထုံးစံအတိုင်း...ဆက်ရန် ... :P

21 comments:

maylay said...

ကိုကြဲီးသားကြိး အရင်မန့်တာ ဆက်ရန်ဆိုလို့ ပြန်သွားပြီနော်။ ကျန်းမာပျော်ရွှင်ပါစေ

Yu Ya said...

ထုံးစံအတိုင်း ဆက်ရန်ကို ... ထုံးစံအတိုင်း ဆောင့်နေပါတယ်ဗျာ...

yu ya

Yu Ya said...

ဟောဗျာ..၂ ဖြစ်နေပါလား...

yangonthar said...

ကိုသားကြီး စကားပဲပြန်ပြေတော့မယ် ဆက်ရန်ဆိုတော့ မျှော်ရန်ပေါ့ဗျာ .... :D အဆင်ပြေပါစေ ခင်မင်လျှက် (ရန်ကုန်သား)

kaungkinpyar said...

သမင် သမင် သမင် ဘာ သမင်ပါလိမ့်နော်....ခု ဆက်မှာလား တော်ကြာဆက်မှာလား နက်ဖြန်မှ ဆက်မှာလားးးးမြန်မြန် ဆက်ပါ ဆြာကြီး

kyalkalay said...

ဟား ဘယ်တော့ပြီးမှာလဲ

ပြီးမှပေါင်းဖတ်မလို့

ဇာတ်သိမ်းရောက်တော့

အစကိုမေ့လောက်ပြီ

လူဇိုး

ဆုံနိုင်ခွင့်(မေလေး) said...

ဟင် သမင် ပျောက်ရော ဆိုတော့ တောခြောက်တာလားဟင်.

မြန်မြန်ဆက်ပါဗျိုးးးးးးးးးး

မေဇင် said...

သမင်က သေသွားတဲ့ စက်ဘီးပြင်သမား ပဲဖြစ်ရမယ် ငှဲငှဲ....... မြန်မြန် ဆက် ဒါပဲ..။

ဇင် said...

hooon that is so long ..tol tol lel write bar aone ...long ko ma read nine lol kyaw read tel ;;;;hehe ....all time set yan kyi bel naw ...let ma nyown buu lar hinnnn ..hehehe \m/<.>\m/ ^o^

ကာရံဆူး said...

ကိုသားကြီးရေ...ရွှေသမင် အလိုက်မှားသွားတာနေမှာပေါ့နော်...ဆက်ရန်ကို မျှော်ဆဲ...

rose of sharon said...

ဇာတ်လိုက်မင်းသားနဲ့မင်းသမီးထက် သမင်ကိုစိတ်ဝင်စားသွားပြီ...

အနော် said...

တိချင်တာကလေ
အမဲလိုက်လက်လုပ်သေနတ်ဆိုတာ ဦးတွတ်ပီကိုင်သလိုမျိုး နှစ်လုံးပြူးသေနတ်ကြီးလားလို့ပါ ဟိဟိ ဒါ့ထက် ခေါင်းကိုပစ်တာ ဘာလို့ စက်ဘီးစပုတ်တံတွေက လွင့်ကုန်ရတာလဲ
အနော်တို့လဲ တစ်မအေတည်းက မမွေးပေမဲ့
ဆက်ရန်ကို မျှော်နေကြောင်းကိုတော့ တညီတညွတ်တည်း ပြောတွားပါရစေ
မျှော်နေသည် :P

မယ်ကိုး said...

စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်။ မြန်မြန်ဆက်ရေးပါဦး။

ballonlay said...

ဆက်ရန်ကို စောင့်နေတယ်ဗျို့

ငှက်ကလေး said...

ဒီမယ် ဖေသားကြီး အောက်ကိုဆွဲချကြည့်တာ ထုံးစံအတိုင်းဆက်ရန်တဲ့ အားကြီးအညင်ကတ်တယ် ဒီတော့လဲ အီဖေကိုလဲ ထုံးစံအတိုင်း မဖတ်ဘူးဟာ နောက်မှ လာပြန်ဖတ်မယ် ဟွန်းးးးးး သိတယ် ဂိမ်းဆော့နေတာမလား ဟွန်းးး ဘယ်အားမလဲ

kiki said...

ဟယ်တော် .. ဂယ်ဘဲ ..ဂယ်ဘဲ
နောက်ဖတ်တော့ ရှေ့ မေ့ ။။
ရှေ့ကဟာ တွေ နဲ့ ဘယ်လိုဆက်စပ်ရမလဲတောင် သိတော့ဘူး ။
summary ပြန်ရေးပေး ။
အမိန့် ချလိုက်၏ ။ဒါဘဲ .

ငှက်ကလေး said...

ဖေသားကြီး ဖွားကိ ဆဲသွားတယ် တွေ့လား ဒါဘဲတဲ့ ဟွန်းးး တရားစွဲ လေ ဘာလုပ်နေတာတုံး (ဟိဟိ မြှောက်ပေးမှ လှောပေးမှ ဟဟ )

Angel Shaper said...

ကဲ...သားကြီး သမီးကြီး စိတ်မရှည်တော့ဘူးနော်။
ဘယ်တော့ပြီးမှာလဲ ဒါပဲမေးမယ်။
ဖောအဲလဲ ပျောက်နေတယ်။
ဝေလင်းကလဲ လိုင်းကြောင်နေပြီလား။
ဘာမှတောင် မမှတ်မိတော့ဘူး။
ငါ တကယ်စိတ်တိုလာပြီနော်။
တရားစွဲလိုက်မယ်နော်..ဟွန်းးးးး
တီတီကိ နဲ့ ဂျီးတော် ငှက်စုတ်လို။ဟိဟိ
စကားးမစပ်။ ကိုသားကြီး လယ်တောထဲ အမှိုက်ရှင်းကူခ ပေးဦး။ မေ့ချင်ယောင်ဆောင်မနေနဲ့...ဟိဟိ
မပေးရင် နောက်လာမကူဘူးနော်။ ဒါပဲ

တလနွန် said...

ဆက်ရန်မျှော်တဲ့ :( ရုပ်ရှင်ကောင်းတုန်း မီးပျက်သွားသလိုပဲ။
စိတ်ဝင်စားတယ်။ ဆက်ပါအုံး

ငှက်ကလေး said...

ဘာမှမဟုတ် ဘူး ဖေသားကြီး က ဆွဲဆန့်ထားတာ ဇာတ်လမ်းကို ပြောပါတယ် ဟွန်းးး ဆက်ရေးကွာဆက်ရေး ရမ်းရမ်းစိတ်ဝင်စားလာပြီနော်

ဒါပါနဲ့ဆိုရင် မန့်တာ ၃ ခါရှိပြီနော် ဟွင်းးးး လူဇိုးးးးးးးးးးး

ရေတမာ said...

ကွန့်မန်အရင်ဖတ်တယ် ပြီးမှ ပိုစ့်ဖတ်မယ် အခြေအနေကြည့်ရသေးတယ်

 
©2009 ♬သားကြီး♪ | by TNB