ရွှေသုန္ဒရီ-၂


“ရှင်…ရှင်…ဘာစကားပြောတာလဲ”
တယ်ရီယာပေါက်စနလေး တခွီးခွီးဖြစ်နေသလိုပန်းနုရှက်သွေးမျက်နှာနှင့်ကောင်မလေးသည်ရန်ရှာတော့မလိုအသံပြုလာသည်
“ဟိုဟိုဒီဒီတော့လျှောက်မတွေးနဲ့လေ ကျုပ်ဆိုလိုတာကတမျိုးပါ မင်းမြင်တဲ့အတိုင်းပဲလေ ဒီအခန်းကဂျပိုးများတယ် ဂျပိုးဆိုတဲ့ကောင်တွေက တွေ့တဲ့လူကိုတွေ့တဲ့နေရာမှာ ကုပ်ကပ်ပြီးတော့ကို လူမမြင်အောင်တွယ်တတ်တာမျိုး တော်ကြာကျုပ်အခန်းလာမိလို့ကောင်မလေးအခန်းဂျပိုးရောက်သွားတယ်ဆိုရင်ကျုပ်လည်းမကောင်းဘူးလေ အရင်ကလည်း ပြောခံထိဖူးတယ် သူတို့ဘာသာသူတို့ဖင်ယားပြီးလာတာပါ သူတို့ဘာသာသူတို့ဖင်ယားပြီးပဲထပြန်သွားတယ် ဂျပိုးလည်းကိုက်ရောကျုပ်ကြောင့်တဲ့ အဲဒါကြောင့်ပါ”

“သြော်..သြော်...ဂလိုကိုး...တော်ပါသေးရဲ့”
တယ်ရီယာလေးချက်ချင်းပင်စိတ်ပြန်ပြေသွားသည်စောစောက စတင်လာနေသည့်ရန်ရှာမည့်အရိပ်အယောင်များပျောက်ကုန်ပြီး လူလည်းကြည်ကြည်လင်လင်ပြန်ဖြစ်လာသည် ထို့နောက်အသံကလေးအုပ်အုပ်ဖြင့်ပြောသည်..
“ဒါဆိုလည်းဝင်မထိုင်တော့ပါဘူးရှင်”
ထိုသို့ပြောပြီးနောက်
သက်ပြင်းရှည်ကြီးကိုချလျှက်မှသူ့အားရွန်းရွန်းစားစားကြည့်လေသည်။

သူကလည်းအားကျမခံရွန်းရွန်းစားစားကြီးပြန်ကြည့်ပစ်လေသည် ။ မျက်လုံးနှစ်စုံတို့သည် ဘာသာစကားတစ်ခုကိုအသံတိတ်ပြောနေဘိသကဲ့သို့ရှိသည် ထိုအသံတိတ်ဘာသာစကားကို တိုက်ရိုက်ဘာသာပြန်ရသော် ကောင်မလေး၏အကြည့်က
“ကျမအတွင်းခံကအစလျှော်ဖို့ပျင်းလို့တော့မဟုတ်ပါဘူး ဂျပိုးဆိုရင်ရွံလွန်းလို့ပါရှင်”ဟုအဓိပ္ပါယ်ရမည်ဖြစ်ပြီး
သူ့အကြည့်ကတော့ “သြော်…ကောင်မလေးနှယ် အတွင်းခံကအစလျှော်ရမှာပျင်းလို့ ဝင်မထိုင်ရဲတော့ဘူးကိုး”ဟုအဓိပ္ပါယ်ထွက်မည်ဖြစ်သည်။
တဒင်္ဂတိတ်ဆိတ်မှုကိုကောင်မလေးကစတင်ဖြိုခွဲသည် ထုံးစံအတိုင်းလျှာနဲ့ပဲဖြစ်သည်။

“ဟိုလေ..ဒီနေ့ ကိုထူးတို့ဆီမှာ မုန့်ဟင်းခါးချက်တယ်လေ အဲဒါရှင့်အတွက်လာပို့တာ ကျမကိုယ်တိုင်ချက်ထားတာနော်”
ကောင်မလေးသည် သူ့ကိုသူ“ကျမ”ဟုသုံးနှုန်းတတ်ပြီး သူတို့ကိုတော့“ရှင့်”ဟုနာမ်စားသုံးပြောဆိုတတ်သည်။
သူ့အဖို့တော့“ရှဥ့်”ပဲခေါ်ခေါ်“မျောက်”ပဲခေါ်ခေါ် သိပ်တော့လည်းကိစ္စမရှိပါ။
ကောင်မလေးသည်အချိန်ပြည့်ကိုထူးအခန်းထဲအလည်ရောက်နေသည်ကများသည် ကိုထူးသည်အားလုံးထဲတွင်ဝင်ငွေအမြင့်ဆုံးအလုပ်သမားခေါင်းဆောင်တစ်ယောက်လည်းဖြစ်သည်။
ကောင်မလေးယူလာသည့်ချိုင့်ထဲကဟင်းရည်နှင့်မုန့်ဖတ်များကိုသူလှယ်ယူလိုက်သည်။ ချိုင့်အလွတ်ကိုကောင်မလေးအားပြန်ပေးပြီးနောက် ထုံးစံအတိုင်းအခန်းထဲက ဂျပိုးထိုးစစ်ဆက်လက်ဆင်နွဲနေပြန်သည်။

ကောင်မလေးမှာချိုင့်အလွတ်ကြီးလက်ထဲဆွဲလျှက်မတင်မကျကြီးဖြစ်နေသည်။ (တင်လိုက် ကျလာလိုက်မဖြစ်တာကိုဆိုလိုပါသည်)
“ရှင်တစ်ခုခုပြောဖို့မေ့နေတယ်လို့မထင်ဘူးလား”
“သြော်…အင်းး...ဟုတ်သားပဲ မေ့နေတယ် ကျေးဇူးပါပဲ”
“ဟွန်းးး”
ကောင်မလေးမျက်နှာအနည်းငယ် မဲ့ရွဲ့သွားသည်။
“ဒီလိုရှင့် ကိုထူးက 012သုံးတယ်လေ ကျမက 016သုံးတာ အဲဒါသူမလုပ်တတ်လို့ရှင့်ကိုအကူအညီတောင်းချင်လို့ ဟိုလေ MMS GPRS ဖွင့်ပေးပါလား နောက်ပြီး camera settingလည်းချိန်ပေးပါဦး သိပ်မကြည်ဘူးဖြစ်နေတယ်
နောက်ပြီး friend and family နံပါတ်လေးပါထည့်ပေးနော်
နောက်ပြီး ဟို walkmanထဲကplaylistလုပ်တာလေ
နောက်ပြီး………..
နောက်ပြီး……….. ”

သြော်…သင်းကအကျိုးလိုလို့ညောင်ရေလာလောင်းနေတာကိုး.. ရပါ၏ ။
ကောင်မလေးလက်ထဲကမနေ့ကမှကိုထူးဝယ်ပေးထားသောအသစ်စက်စက်sony ericsson w910iအားယူလိုက်ပြီးသူလည်းတတ်သလောက်မှတ်သလောက်ကလိပေးလိုက်သည်။
ရပြီဆိုတော့ကောင်မလေးကpicture message ပို့ကြည့် friend and family noတွေခေါ်ကြည့်နဲ့
အားလုံးအိုကေသွားသဖြင့်အလွန်ပျော်သွားသည်။ ကောင်မလေးသည် ထက်ထက်မိုးဦးလည်းမဟုတ်လေသဖြင့်“ဒါမှကျုပ်မောင်ကြီးတော့”ဟုသူ့ကိုကြည့်ပြီးထမအော်ပါ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားပြောပြီးတော့သာပျော်ရွှင်မြူးထူးစွာထွက်ခွာသွားခဲ့သည်။

အပေးအကမ်းရက်ရောသူကိုထူးနှင့်ရွှေသုန္ဒရီမည်သော အလှဘုရင်မလေးတို့နောက်ပိုင်းတွင် အိုကေမှာစိုပြေသွားကြသည်။ ကောင်လေးတွေအားလုံးစွေ့စွေ့ခုန်ကျန်ခဲ့သည်။ ဥပဒေကလည်းရှိနှင့်ပြီးဖြစ်သဖြင့် ကောင်လေးတွေအားလုံး မြင်သာမြင်မကြင်ရ ငေးကြည့်ရုံပဲတတ်နိုင်ကြရလေတော့သည်။
တချို့ကောင်လေးတွေလည်းသောကဗျာပါတွေဝေပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်ကုန်ကြကာနောက်ဆုံး ဘာကို ကိုင်လိုက်မိသည်မသိ မူးရစ်ရီဝေနွေညနေဖြစ်သွားတော့သည် (မဟုတ်မှလွဲရော vol 40%စာတန်းကပ်ထားသော ပုလင်းကို ကိုင်လိုက်မိကြပြီထင်သည်)
နောက်ပိုင်းတွင်ကောင်မလေးသည် ဖုန်းကိုအကြောင်းပြ၍တစ်မျိုး၊ သီချင်းကိုအကြောင်းပြ၍တစ်ဖုံ သူ့ဆီအလည်ရောက်သည့်အခေါက်တွေစိပ်လာခဲ့သလို နှစ်ဦးသား၏ခင်မင်မှုသည်လည်းအတိုင်းအတာတစ်ခုထိရှိသွားကြသည်။

ထိုအတိုင်းအတာကိုပေတံနဲ့တိုင်းရင် ၁၂လက်မရဲ့ဟိုမှာဘက်လောက်မရှည်သော်လည်းပေရှည်အောင်ချဲ့ကားပြောဆိုတတ်သောပတ်ဝန်းကျင်
ကြောင့် သူနှင့်သုန္ဒရီတို့၏သတင်းသည်ဟိုလိုလိုဒီလိုလိုဖြစ်ခဲ့ရသည်။
ကိုထူးသည်နဂိုကတည်းကသဘောထားပြည့်ဝသူဖြစ်ပြီးသူ့ကိုလည်းညီတစ်ယောက်လိုချစ်ခင်သူဖြစ်သည် ပတ်ဝန်းကျင်၏အတင်းအဖျင်းကိုအစဉ်သဖြင့်ကိုထူးလျစ်လျှူရှုခဲ့လေသည်။
ဂျပိုးများအားလုံးသူ့အားဆလံပေးပြီးထွက်ပြေးကုန်ပြီဖြစ်သဖြင့်လည်းကောင်မလေးသည်စိတ်ရှိတိုင်း
လာလည်နေတတ်ပြီဖြစ်သည်။

ဂစ်တာအိုတစ်လက် စီဒီကက်စက်အစုတ်တစ်လုံးနှင့် အလုပ်အကိုင်မယ်မယ်ရရမရှိသည့်ကောင်လေးတစ်ယောက်တို့သာ စုပေါင်းနေထိုင်သည့်အခန်းကျဉ်းလေးကို ကောင်မလေးသည်အလုပ်သမားခေါင်းဆောင်ကိုထူး၏ခေတ်ပေါ်ဇိမ်ခံပစ္စည်းအပြည့်နှင့်ခမ်းနားထည်ဝါသည့်
အခန်းထက်ပိုနှစ်သက်ပုံရသည်။ အလည်လာတိုင်းလည်းသူစားဖို့တစ်ခုခုယူလာတတ်သည်။
“ရှင်နဲ့ကျမ”သုံးနှုန်းရာမှ “နင်နဲ့ငါ”ဖြစ်သွားသည်။

တခါတခါကောင်မလေးသည် အစ်မတွေရှိသည်ဆိုသည့်ခပ်ဝေးဝေးမြို့လေးတစ်မြို့သို့ အချိန်ကာလ အတိုင်းအတာတစ်ခုထိကြာအောင်တစ်ယောက်တည်းသွားရောက်လည်ပတ်လေ့ရှိသည်။ ထိုသို့သော အခါမျိုးတွင် ကိုထူးသည်“ရွှေသုန္ဒရီ”သီချင်းကိုအာပေါက်အောင်ဆိုကာအလွမ်းဖြေလျှက်ရှိသည်။
သူကတော့ထုံးစံအတိုင်းနဖူးပေါ်လက်တင်ပြီးအရောင်လျော့လျော့သူ့မနက်ဖြန်များအား စိုစိုထိုင်းထိုင်းစိတ်ကူးတို့ဖြင့်ကြိုတင်ရင်မောနေတတ်မြဲဖြစ်သည်။

တစ်နေ့… သုန္ဒရီဆိုသူလေးသူ့အားဖုန်းဆက်ခေါ်သည် အခန်းချင်းနီးနီးလေးဆိုသော်လည်း ဖုန်းလှမ်းလှမ်းဆက်တတ်တာ ကောင်မလေးအကျင့်ပဲဖြစ်သည်။
“ခုပဲအစ်မတို့ဆီကပြန်ရောက်တာ နင်ကြိုက်လောက်မယ်ထင်တဲ့သီချင်းတစ်ခွေဝယ်လာပေးတယ် လာယူနော်”တဲ့
သူတော်တော်ပျော်သွားသည် ဘာသီချင်းခွေမှန်းတော့မသိရသေး ဘာသီချင်းဖြစ်ဖြစ်လေ အောင်ခြင်းရှစ်ပါးအခွေတော့မဟုတ်လောက်ဟုသူထင်သည် ဟုတ်လည်းဘာဖြစ်လဲ ဝမ်းတောင်သာရဦးမှာ

သီချင်းခွေကိုသူသွားယူတော့ အဖုံးကာဗာမှာသူမလက်ရေးနှင့် “ငါ့ကိုဘယ်တော့မှမမေ့ပါနဲ့”ဟုအဓိပ္ပါယ်ရသည့်အင်္ဂလိပ်စာဖြင့်ရေးထားပြီး အောက်နားလေးတွင်သူမနာမည်အရင်းကိုဆိုင်းထိုးထားတာတွေ့ရသည် ။
ကောင်မလေးအတွက်ကျေးဇူးဆိုသောစကားကိုအထပ်ထပ်ပြောရလွန်းလို့ထပ်ပြောရမှာတောင်သူ့အနေနှင့်ရှက်လှပြီဖြစ်သည် အစစအရာရာသူ့အပေါ်ကောင်းခဲ့တဲ့ကောင်မလေးအတွက် လောလောဆည်တွင်အဖိုးအခအနေနှင့်သူတုံ့ပြန်နိုင်ခဲ့တာဆိုလို့ ဂစ်တာတီးပြီးသီချင်းဆိုပြခြင်းပဲရှိသည် ကောင်မလေးလည်းထိုတစ်ခုတည်းကိုသာတောင်းဆိုမြဲဖြစ်ခဲ့သည်။

နေဖင်ထိုးအောင်အိပ်လိုက်ဦးမည်ဟုသူစိတ်ကူးထားသည့်စနေနေ့တစ်ရက်တွင်ဖြစ်သည်။(စကားအဖြစ်ပြောရတာပါ နေက ဖင်ကိုလာမထိုးပါ ဘယ်နေရာကိုမှလည်းမထိုးပါ အခန်းကနေရောင်တောင်သိပ်မဝင်ပါ) စောစောစီးစီးတံခါးခေါက်သံကြောင့်အိပ်ယာမှလူးလဲထကာသွားဖွင့်ပေးလိုက်သည်။ အခန်းရှေ့မှာရောက်နေတာက မတွေ့ဖြစ်တာကြာပြီဖြစ်သည့်သူငယ်ချင်းတစ်ယောက် သူ့မျက်နှာက မတင်မကျကြီး တစ်စုံတစ်ခုကိုအပြင်းအထန်စဉ်းစားနေပုံရသည် အချိန်တွေကြာနေပြီးမှ ခုလိုတစ်ခေါက်ပြန်တွေ့ရတာတောင် သာကြောင်းမာကြောင်းတွေမမေးမိကြ(သာကြောင်းမာကြောင်းမမေးကြသလို ဘယ်လိုလဲ မဟန်တော့ဘူးလား ရှောတော့မလားဟုလည်းမမေးမိကြပါ)

အခန်းထဲဝင်ထိုင်တော့ထုံးစံအတိုင်းရေမွှေးနံ့ကတထောင်းထောင်းထသည်။ ထိုသူငယ်ချင်းသည်ရေမွှေးအလွန်ဆွတ်သူဖြစ်ပြီး ရေမွှေးမဆွတ်တတ်သူ သူ့အားလည်းမကြာခဏအပြစ်တင်တတ်သူဖြစ်သည် ။
“လူရှေ့သူရှေ့သွားတာ မွှေးမွှေးကြိုင်ကြိုင်လေးနေမှပေါ့”ဟု မကြာခဏသူ့အားပြောတတ်သည်။
“မွှေးမွှေးကြိုင်ကြိုင်မလိုပါဘူး နံနံစော်စော်မဖြစ်ရင်ပဲရပါတယ်”ဟုသူကပြန်ပြောတတ်သည်။

သူကလူတစ်မျိုးဖြစ်သည်(နှစ်မျိုးဖြစ်ချင်၍လည်းမရပါ)
လှတပတမိန်းကလေးများအမွှေးနံ့တစ်သင်းသင်းနှင့်သူ့ရှေ့ဖြတ်လျှောက်သွားရင် ပန်းတွေအပြည့်တင်လာသည့် လှော်သူမပါသောလှေလေးတစ်စင်း သူ့ရှေ့တင်ငြိမ့်ငြိမ့်ညင်ညင်လေးစီးမျောသွားသလိုကြည်နူးပီတိ ဂွမ်းဆီထိဖြစ်နေတတ်သူဖြစ်ပြီး
ရေမွှေးနံ့တထောင်းထောင်းနှင့်ယောင်္ကျားကြီးတစ်ယောက်ယောက် သူ့ရှေ့ကဖြတ်သွားရင်တော့ နတ်ကတော်ကြီးစိတ်ဖေါက်ပြီး သူ့ရှေ့ကဂျွမ်းထိုးချသွားသလို ဝေါ့…ဝေါ့…ထွီး ဟုအသံထွက်အော်ချင်နေသူဖြစ်သည်။

ထိုသူငယ်ချင်းက အသန့်အပြန့်ကြိုက်လွန်းသူဖြစ်၍ ပိုက်ဆံပေးဝယ်ရသည့်ရေမွှေးကိုဆွတ်ပြီး မသိရင် ဘဝဘဝက ပါရမီတွေကြောင့်ထွက်လာရတဲ့ မွေးရာပါကိုယ်သင်းရနံ့အလားဂုဏ်ယူနေတတ်ခြင်းကိုသူအပြစ်မတင်တော့ပါ။
ထိုရေမွှေးသည် လူကိုသာမက ခွေးကိုသွားဆွတ်ရင်တောင် မွှေးလိမ့်ဦးမည်ဆိုတာကိုလည်း အကျယ်အကျယ်ချဲ့ပြောမနေတော့ပါ ။ စကားနည်းရင်ရန်လည်းစဲလေသည်။

“ရော့ လောလောဆည်ဒါပဲဧည့်ခံစရာရှိတယ်”
ရေတစ်ဗူးနှင့်ဖန်ခွက်နှစ်လုံးယူလာပြီး ခွက်ထဲရေအပြည့်လောင်းထည့်ကာ သူငယ်ချင်းအားကမ်းပေးလိုက်သည် သူလည်းတစ်ခွက်ယူသည် ။
“ဟေ့ရောင် ဒီလမ်းထဲအဝင်ကွာ ဟိုထိပ်ဆုံးကအိမ်မှာဖြူဖြူချောချောအလန်းလေးတစ်ဗွေလေ မင်းသိလား”
“ရွှေသုန္ဒရီနဲ့တွေ့ခဲ့ပြီနဲ့တူတယ် ယောင်လို့တောင်စိတ်ကူးနဲ့မပစ်မှားလေနဲ့ကိုယ့်လူ ပိုင်ရှင်ရှိပြီးသားကွ တော်ကြာ အလုပ်ပိတ်လို့ငါ့ဆီခဏလာလည်မိပါတယ် နေရင်းထိုင်ရင်းဒုသနသောဖြစ်ရတယ်လို့တော့အပြောမခံပါနဲ့”

“ဟာ…ငါသိပါတယ်ကွ မင်းကလည်း ငါပြောချင်တာကတခြား ဒီလိုကွ ငါနေတဲ့မြို့ဘက်ကို တစ်ပတ်တန်သည် နှစ်ပတ်တန်သည် အဲကောင်မလေးအမြဲလာတယ်ကွ တွေ့ဖူးနေကျပဲ သိတာပေါ့ သူကတော့ငါ့ကိုဘယ်သိမှာလဲ အမှုမဲ့အမှတ်မဲ့နေမှာပေါ့ သူတည်းတဲ့အိမ်ကဘာလဲသိလား”
“အင်း သူ့အစ်မတွေအိမ်ဖြစ်မှာပေါ့ သူသွားနေကျပဲလေ”
“ဘယ်ကလာသူ့အစ်မအိမ်ဖြစ်ရမှာလဲ အဲဒီအိမ်ကနာမည်ကြီးအိမ်ကွ ငါရောက်တော့မရောက်ဖူးဘူး...ဒီလိုဟေ့....ဒီလို....”
သူ့သူငယ်ချင်းသည် အပီအပြင်ဖွတော့မည်ဆိုသည့်အထာဖြစ်ရေလေးတစ်ငုံသောက် ခွက်ကိုစားပွဲပေါ်ပြန်တင်ပြီး လျှာကိုအကျအနနေရာယူကာ(ပါးစပ်ထဲမှာပါပဲ) အသံကိုအတတ်နိုင်ဆုံးနှိမ့်ချလျှက် သူ့အားခရေစေ့တွင်းကျ ပြောပြလေတော့သည်...


နားထောင်ရင်း နားထောင်ရင်းဖြင့်….တဖြည်းဖြည်းနှင့်အနီးကပ်ကြားရသည့်သူငယ်ချင်းဖြစ်သူ၏စကားသံထဲတွင်သံမှုန်
သံစတွေကပ်ပါလာသလို နားထဲကြမ်းရှရှဖြစ်လာတာ သူခံစားရသည် အသံကလည်းနေရာတနေရာတည်းကထွက်ပေါ်လာခြင်းဖြစ်သော်လည်း တခါတခါဝေးသွားလိုက် တခါတခါနီးလာလိုက်....
သူ့နှလုံးခုန်သံတို့သည်လည်းတစ်ဒုန်းဒုန်းနှင့်ဆူညံလာနေကြသည်
ခေါင်းကလည်းတဖြည်းဖြည်းနောက်ကျိလာသည်.....
တစ်တွတ်တွက်နှင့်အသံထွက်ပြောဆိုနေသောသူငယ်ချင်းဖြစ်သူ၏ပါးစပ်ကို လူသေတစ်ကောင်အား ဖုတ်သွင်းနေသည့် အောက်လမ်းဆရာ၏ မန္တာန်ရွတ်နေသည့်ပါးစပ်အလားထင်မှတ်လာသည်
နောက်ဆုံးးးး
နောက်ဆုံးးးး
..................
....................
သူမှတ်မိလိုက်တာကတော့ သူ့လက်ထဲကရေထည့်ထားသည့်ဖန်ခွက်သည် သူ့လက်မှလွတ်ကျပြီးကြမ်းပြင်ပေါ်သို့အရှိန်ပြင်းပြင်းဖြင့်ကျကာတစစီလွင့်စင်ကုန်ခြင်းဖြစ်ပြီး ထိုလွင့်စင်လေသော ဖန်ခွက်ကွဲအစအနတွေနှင့်အညီအံ့သြထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ ဝေခွဲရခက်ခြင်းအစရှိသည့်စိတ်စေတသိက်တို့သည်လည်း သူ့နှလုံးသွေးကြောတစ်ဝိုက်ကိုဝုန်းဒိုင်းကြဲကာစီးနင်းလိုက်ကြခြင်းဖြစ်သည်။
“သုန္ဒရီရယ်…..မင်း..မင်း ဘာတွေဖြစ်နေတာလဲကွယ်....
အားလုံးကတော့...မင်းကို ဘုရင်မတစ်ပါးအလားပဲ....ခုတော့...ခုတော့.....မင်းး....က......
ဘယ်သူ့ကိုမှမငဲ့ချင်နေပါ ကိုထူးကိုတော့ငဲ့သင့်ပါတယ်...”

ဤသို့ဖြင့် ထိုစနေနေ့မနက်ခင်းလေးသည် မှောင်အတိကျသွားခဲ့သည်။
.............
“မင်းကိုအမွှေးနံ့ကြိုက်တယ်လို့ပဲငါထင်ခဲ့တာ လက်စသတ်တော့မင်းက အပုပ်နံ့ကိုလည်းဝတ်ရုံတစ်ခုလို မြတ်မြတ်နိုးနိုး ဆင်မြန်းတတ်သေးတာပဲကိုး”

“ဘာ!!! ဘာရယ်?? မင်းဘာပြောတာလဲ”
………………

……………….
“လာပါညီရ လိုက်ခဲ့ပါ ဒီမှာနှစ်ယောက်တည်းမို့လို့”
“လာပါဟ နင်ကလည်း အဖေါ်ရအောင်ပါဆို အပေါ်ရောက်ရင်ဝတ်ဖို့အနွေးထည်မရှိလို့လား ကိုထူးထဲကတစ်စုံပိုယူလာခဲ့မယ်လေ ဓါတ်ပုံလည်းအတူရိုက်ကြရအောင်”
အလှဆုံးဝတ်စားထားကြသည့်ရွှေသုန္ဒရီနှင့် ကိုထူးတို့ganting highlandတက်ရန်သူ့အားမရမကခေါ်နေကြခြင်းဖြစ်သည်။
“ဘာဖြစ်တာလဲညီရ ငေးငေးငိုင်ငိုင်နဲ့ အိပ်ရေးပျက်ပြန်ပြီလား”
“နင်နေမကောင်းဘူးလား အဲလိုမလုပ်နဲ့လေဟာ ငါ့အသိဆရာဝန်ကိုဖုန်းဆက်လိုက်မယ်နော် OK?”

သူသည်အင်းမလုပ် အဲမလုပ်ဘဲ ကြောင်တက်တက်နှင့်နှစ်ယောက်စလုံးကိုငေးကြည့်နေဆဲဖြစ်သည်....
သေသေချာချာကြည့်မှပဲကိုထူးဘယ်ဘက်ရင်အုံက နီစွေးနေသည့်သွေးတစ်ကွက်ကိုသူလှမ်းမြင်ရသည်
မြားနတ်မောင်၏လက်ချက်လော ? ရွှေသုန္ဒရီ၏လက်ချက်လော ? သူမဝေခွဲနိုင်ခဲ့။
သုန္ဒရီ့ကိုကြည့်လိုက်ပြန်တော့နှုတ်ခမ်းထောင့်စွန်းက ယန္တရားအတတ်ဖြင့်ဆင်ယင်ထားသည့်ကွေးကွေးညွှန့်ညွှန့်အပြုံးတစ်စုံနှင့်အတူသူမရင်ဘတ်က သံပါတ်ပေးထားသည့်စက်ရုပ်နှလုံးသားတစ်ခု
ခေတ်ပယောဂကြောင့်လော ၊ သူမ၏ဘဝပေးလော? သူလုံးဝမသိနိုင်ခဲ့ပါလေတော့
……………….
ရွှေသုန္ဒရီ

ထိုညနေတွင်အလင်းမှုန်သဲ့သဲ့ကောင်းကင်ပေါ်က ပထမဆုံးထွန်းတောက်လာသည့်ကြယ်လေးတစ်ပွင့်ကို ငေးငေးရီရီလုပ်ရင်း သူတိုးတိုးလေးညဉ်းမိသည်
“သုန္ဒရီရယ် မင်းကကြိုးတွေ တစ်ကယ်ပဲပျောက်ခဲ့ပြီလားကွယ်”
ဝမ်းနည်းစရာကောင်းလောက်အောင်ကြယ်ကလေးသည် သူ့ညဉ်းသံကိုမကြားခဲ့ပါလေတော့။ ။

23 comments:

မီးမီးချစ် said...

တို့  ၁ ဟိဟိ..
ကောင်မလေး က မထင်ရဘူးနော်..
ရည်းစား က ဒီလောက် အလို လိုက်နေတာ တောင်မှပဲ.. ဟူး

ကြယ်ပြာ said...

တော်လိုက်တာ သားကြီးရယ် ... စာရေးတာ ဖတ်လို့ ကောင်းမှကောင်း ... မေးလ်ရတာချင်းတူနေတာ သူငယ်ချင်းတူနေလားသိဘူးနော် ....

kiki said...

ကိုထူး က နွားမ ရွှံ့ ပိတ်တာ ခံလိုက်ရတာလား ???
ရင် ဘတ် ပွင့် ပြီး ရှော ခါ နီး တာလားးး ??
နောက်ဆုံး ဇာတ် သိမ်း ခန်း လေးကို ရှင်းအောင်ရိုက်ပြ ပါ ဒါရိုက်တာ ကြီးရေ ...

ဟွန်းးး .. သူနဲ့ ကျမှ တိုက် တိုက် ဆိုင် ဆိုင်... ပလပ်ပေါက် ကို ကိုင်..

ဟားဟား ။။ ကောင်းတယ် ဗျိုးးးး

ခင်တဲ့ 
မကိ

kaungkinpyar said...

အင်း ဘယ်သူ့ကို ဘယ်လို ပြောရမှန်းတောင် မသိတော့ပါ၊ သီချင်းထဲကလိုပဲ ရင်မောလှပါသည်ပေါ့လေ၊ စာရေးဆရာကို တော့ ချီးကျူးပါတယ်၊ တခုခု ရင်ထဲရောက်အောင် ရေးနိုင်တယ်

လူရိုင်းလေး said...

အရေးအသားကတော့ ကောင်းမှ ကောင်းပဲကိုသားကြီးရေ ဒါနဲ့ စကားမစပ် ကိုသားကြီး အခန်းမှာရော ဂျပိုးရှိလားဟင်

mae said...

ရယ်ရသလိုနဲ့ ဇာတ်လေးက လေးလေးနက်နက် ရှိတယ်၊ ဖတ်လို့ ကောင်းတယ်

genting highlands ပါ.. ;P

မဟာဆန် said...

အရေးအသားကတော့ ညွန့်နေတာပဲ။ မြန်မာပြည်ပြန်ရင် စာရေးစားလို့ ရပြီ။ စိတ်ကူးယဉ်ပြီး ရေးထားတယ်ဆိုပေမဲ့ စိတ်ကူးယဉ်မှုဟာ ကိုယ်တွေ့ခံစားချက်ကို ချဲ့ထွင်တွေးတာသာ ဖြစ်နိုင်တယ်။ အနည်းငယ်မျှ လက်တွေ့ မရှိဘဲ တစ်ပုဒ်လုံးကို စိတ်ကူး မယဉ်နိုင်ရာ။ ထို့ကြောင့် ကိုသားကြီး၏ ဘ၀တွင် ကြမ်းပိုးနှင့်ပတ်သတ်၍ ကိုယ်တွေ့ ခံစားချက်များ ရှိသည်ဟု ယူဆနိုင်ပေသည် (ဟီး)။ ဇာတ်လမ်းကလည်းဗျာ အချီကြီးချီလာပြီး နောက်ဆုံးကျမှ ကျွန်တော့်မှာ ဟင် ခနဲဖြစ်သွားတယ်။ လုပ်ရက်ပါ့။

kyalkalay said...

အကို့ စာတွေဖတ်ရတာ အားရတယ်

တော်သေးတယ် ပီးသွားလို့
အကို ငြီးတာကြယ်လေးကြားပါတယ်းPးး

မင်းကိုမတွေ.ချင်လောက်အောင်မုန်းတယ်
သတ်ပြစ်ချင်လောက်အောင်မုန်းတယ်
မတွေ. ရင်လဲ လိုက်ရှာမိရော
တွေ.တွေ.ခြင်းပဲ သတ်ပြစ်လိုက်တယ်
သတ်ပီးရင်လဲ မနမ်း မိရင်မနေနိုင်ဘူး

သိလား ဘာလဲ?

Angel Shaper said...

ပေါက်တဲ့ထီကသိန်း၁၀၀၀၊ ထီလက်မှတ်ကအတုကြီးဖြစ်နေတာလား။။။။ ရယ်စရာကောင်းလိုက်တာလို့ ဖတ်မိပါတယ်။ ဇာတ်သိမ်းခန်းမှ ဟင်..ဟယ်...ဟာ..ဖြစ်သွားတယ်နော်။
ဖတ်လို့ကောင်းလိုက်တာ။ ဆက်ရန်ရှိသေးလားဟင်။.....
ပြန်ခါနီး မောင်ကြီးကိုလဲ မှာလိုက်မယ်...ဂျပိုးသတ်ဆေးလည်းဆောင်ထားဦး။
ဆောင်ထားဦးလို့ ........

ရေတမာ said...

ကဗျာရေးမလို့ အကိုကဦးသွားပြီ... ဖတ်ရတာ အလေးအပင်မညီမျှသလိုပဲ..တန်ပိုက ဇွတ်ကြီးမြင့်ပြီး ဇာတ်သိမ်းပြစ်လိုက်တယ်.ဖတ်ရတာတော့ ဆွဲဆောင်မှုရှိတယ်.. အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ခဏခဏမထည့်ပါနဲ့ ပေါ့သလိုပဲ..ပိုစ့်တခုလုံးခြုံကြည့်ရင် ကောင်းတယ်...ခံစားမိသလောက်ပြောပြတာပါ...
အဲဒီထဲက ကောင်လေးစိတ်ဓါတ်ကိုကြိုက်တယ်..
အားပေးလျက်ပါ

မေဇင် said...

စာဖတ်သူနဲနဲပိန်းလို့ပါရှင်.... ကောင်မလေး ကမကောင်းတဲ့ ကောင်မလေးလား... ? ဒါဆိုရင်တော့ ကိုထူးဆိုတဲ့လူကြီး သနားပါတယ်...။ ဘာဖြစ်ဖြစ်... ...ဂျပိုးတွေကို နှိမ်နှင်းနိုင်တယ်ဆိုလို့ ဂုဏ်ယူပါတယ်... အဟဲ...။။ စာရေးတာတော်တော်ကောင်းတယ်...တစ်ချို့စကားလုံးတွေက တော်တော်ပြုံးရတယ်.... ဥပမာ...ခွေးကို ရေမွှေးဆွတ်ပေးရင်တောင် မွှေးမှာပဲ ဆိုတာလေး ကြိုက်တယ်....

တလနွန် said...

ကိုသားကြီး ရောက်တယ်ဗျာ.တမေ့တမော ဖတ်ပြစ်လိုက်တယ်.. ရွေသုန္ဒရီ ကောင်မလေး တစ်ယောက် ကကြိုးတွေ ရှုပ်နေတော့ ကိုထူးအတွက် စိတ်မကောင်းစရာပါ..ကောင်းလိုက်တဲ့ ရေးချက်ပဲ :)

ခင်မင်ခြင်းများစွာနှင့်
တလနွန်

ရွက်လွင့်ခြင်း said...

ကိုသားကြီး
တော်တော်ထိမိပါတယ်၊ အဲဒီအဖြစ်အပျက်က တကယ်ဖြစ်ခဲ့တာဆိုရင်တော့ ကိုထူးအတွက် စိတ်မကောင်းပါဘူး။
ဒါပေမယ့် မိန်းကလေးတော်တော်များများလည်း တိုင်းတပါးမှာ ဒုက္ခရောက်တဲ့အခါ ကြံရာမရတဲ့အဆုံး ဘဝကို အရှုံးပေးလိုက်ကြပါတယ်။
ဒါကြောင့် ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားရှိတယ်...
ပိုက်ဆံချမ်းသာတဲ့ ဒဏ်ကို ယောက်ျားတွေ မခံနိုင်ဘူး....ထိုအတူ
ပိုက်ဆံ ဆင်းရဲတဲ့ ဒဏ်ကို မိန်းမတွေ မခံနိုင်ဘူး

နဒီမိုးညို said...

ဖတ်လို့ ကောင်းလိုက်တာ..
ရသစုံတယ်နော်..များများရေး..
အားပေးနေမယ်..ကိုသားကြီးရေ..
သီချင်း..အသစ်တင်ထားတယ်..လာအားပေးအုံးနော်.း)

မေလေး said...

ဖစ်မှ ဖစ်ရတယ် နာ့အကိုရယ်။
အရေးအသားကတော့ လန်ထွက်နေတာဘဲ။
တကယ်ကောင်းတယ်။
(မန့်ချင်လို့သာ မန့်နေတာ။နောက်ကျောကမလုံ)

sweetpeony said...

ကို ဂျစ်ပစီ ကြွေမောက်
မျက်မြင်လား
ကိုယ်တွေ့လား
ရှင်းပါ
ရှင်းပါ
း)

MAYY said...

ကောင်းနေရောပဲ ကိုသားကြီး အဟားး ဘာတဲ့ အရောင်လျော့လျော့မနက်ဖြန်။ စိုစိုထိုင်းထိုင်းစိတ်ကူး ကြိုက်တယ် ဒီစကားလုံး။ ရသစုံ ပေးတတ်၊ရေးတတ်တယ်နော်။ (ဂျပိုးနှိမ်နင်းနည်း ဘယ်သင်တန်းမှာ တက်ထားတာပါလဲ။ ဟိ) ရွှေသုန္ဒရီက ကကြိုးပျောက်သီချင်းလိုပဲလားး။

မြစ်ကျိုးအင်း said...

တကယ်ကောင်းတယ် ရသပါတယ့်စာတပုဒ်ပါဗျာ
စာတပုဒ်ရဲ့အတင်အချတွေကို သိမ်သိမ်မွေ့မွေ့လေး ရေးသွားတာပဲ..
ဒါမျိုးတွေက ဖြစ်တတ်ပါတယ်...ကောင်းတဲ့သူက ကောင်းတဲ့သူနဲ့ တွေ့ဘို့
အခွင့်အရေးနည်တယ်ဗျ..ဒါလူ့သဘာဝပဲ...။
တချို့က အပျော်တခုနဲ့တန်ဘိုးဆိုတာကို လဲတတ်ကြတယ်
ဒီအထဲက အမျိုးသမီးလေးရဲ့စရိုက်ကတော့ အဲလိုပုံစံမျိုးပဲ
ခြံခုန်ဘို့အတွက် အလွယ်တကူဖြစ်အောင် ခြံစည်းရိုးပေါ်မှာ ထိုင်နေပုံပဲ

ငှက်ကလေး said...

ဝေးးး ဖေသားကြီးးး များလေ နဲနဲပိန်းတယ်သိလား ဘာလဲ ဘာလဲ နဲ့ ၂ ခေါက်လောက်ဖတ်လိုက်ရတယ် အဟက် ဒါတောင်ရေးတေးတေးနဲ့ ဒါနဲ့ comment တွေဖတ်လိုက်တော့မှ အော်.... ဆိုပြီးး သိတယ် ဘာ ဟိုတယောက် (ဘယ်တယောက်လဲမသိဘူး ) ပြောသလို ဂလိုဆိုရင် ကောင်မလေး က မကောင်းတာ လုပ်စားတာလား ဟုတ်လား အဲ သနားတယ် အဲဒီလိုဆိုရင်လဲ ဘာပဲဖြစ်ဖြစ်ပါ ကိုသားကြီးရေ ဖတ်ရတာ ကောင်းတယ် အဟက် ဘိုင် ဘိုင်နော် တာ့တာ

ဂျာမုန်းဒန် said...

ကောင်းတယ်ကောင်းတယ်အရမ်းပဲ။
စာဓါးတွေနဲ့ဖမ်းစားတတ်တဲ့သားကြီးရေ။
ဂီတာတီးတာလည်းတော်မယ်ထင်တယ်။
ဆက်ပြီအားပေးနေမယ်နော်။
ခင်တဲ့အစ်မ
ဂျာမုန်း

ဇော် said...

ကိုသားကြီးက စာရေးအတော်ကောင်းတာပဲ။ =)

မေသစ္စာမောင် said...

ဖတ်လို့ကောင်းပါတယ်...
စာဖတ်သူတွေ စိတ်ဝင်စားစရာကောင်းအောင်ရေးတတ်တယ်နော်။
ရယ်စရာလေးတွေလည်း ထည့်ရေးထားတာမို့ ပြုံးမိပါတယ်။
Bravo!!!!

khin oo may said...

ဖတ်တာကတော့ဖတ်ပြီးသွားပြီ. အချိန်မရသေးလို့မရေးခဲ့ရတာပါ

ပထမပိုင်းဖတ်တုံးကတော ဇတ်အပျိုးကိုကြည့်ပြိးစိတ်ငြစ်သွားတယ။် ဖန်တရာတေ ဇတ်လမ်း.ကောင်မလေးက ကိုထူးကို ပြစ်ပြီးကောင်လေးကိုကြုကိသွားလိမ့်မယ်လို့ထင်မိတယ် အရေးအသားကောင်းလွန်းလို့သာသည်းခံပြီးဖတ်သွားရတယ်.။

အခုလိုသိမ်းလိုက်တာ သဘောကျတယ်။
ဒီလိုကောင်လေးမျိုးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို အလွယ်တကူပျော်ဝင်သွားမယ်ဆိုတာ ကိုလက်မခံချင်ဘူး။

 
©2009 ♬သားကြီး♪ | by TNB