ကူညီပါ့မယ်
ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည်
"အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။"
"မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်"
..........................
မထိုင်နဲ့လေ
အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ၀င်လာပြီး ဆိုင်ရှင်ကို
မကျေမနပ် ပြောသည်။
"မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလာထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။"
"မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ ထင်တယ်။"
.......................
လူစကား
လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ၀ယ်လာသည်။
အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။
"ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့"
ကြက်တူရွေးက အံ့သြတကြီး ပြန်မေးသည်။
"ဘာ ဘာ. ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား"
.......................
ကြိုးစားကြည့်လေ
ဆရာက မေးသည်
"ငါးတွေ ဘာဖြစ်လို့ စကားမပြောသလဲ"
ပီတာက ချက်ချင်းပြန်ဖြေသည်။
"ရေထဲမှာ ဆရာ စကားပြောကြည့်ပါလား"
.....................
ဘယ်အချိန်လာရမလဲ
ဈေးမ၀ယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။
အမျိုးသား - အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ
ဈေးသည် - မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့
အမျိုးသား - အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?
.....................
ဘာမှမရှိဘူး
လူတစ်ယောက် စားသောက်ဆိုင်သို့ ၀င်လာပြီး စားပွဲထိုးကို မေးသည်
"ခင်ဗျားတို့ဆီမှာ ငါးဟင်းရလား"
"မရပါဘူး"
"အမဲနှပ်ရော"
ွှ"မရှိပါဘူး"
"ဟင်းသီးဟင်းရွက်ကြော်ကော"
"အဲဒါလည်း မရှိပါဘူး"
ယောက်ျားကြီး စိတ်ပျက်ပြီး ဆိုင်ထဲမှထွက်လာသည်။ နောက်မှ စားပွဲထိုး
ပြေးလိုက်လာပြီး အော်ပြောသည်။
"ကျွန်တော်တစ်ခု ပြောဖို့ မေ့သွားပါတယ်။ ကျွန်တော်တို့ဆိုင်မှာ
ဝက်သားဟင်းလဲ မရပါဘူး"
..................
မည်သူမပြု မိမိမှု
"အန်ကယ့်သမီး ကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူလိုက်ပြီ ခင်ဗျ။"
ထိုအခါ အဖိုးကြီးက
"အဲဒါကတော့ မည်သူမပြု မိမိမှုပဲ၊ မောင်ရင်သာ အန်ကယ်တို့အိမ်ကို ညနေတိုင်း
မလာခဲ့ဘူးဆိုရင် ဒီလိုဖြစ်လာစရာ အကြောင်းမရှိဘူး"
......................
ပေးစားချင်တာကြာပြီ
သမီးရည်စားနှစ်ယောက် ခိုးပြေးကြသည်။ ခရီးတွင်စေရန် တက်စီတစ်စီငှားကာ
ကောင်လေး သူငယ်ချင်းအိမ်သို့ သွားကြသည်။ အိမ်ရောက်သောအခါ ကောင်လေးက
တက်စီသမားအား ပိုက်ဆံထုတ်ပေးမည် အလုပ်တွင် တက်စီသမားက
"မပေးပါနဲ့တော့။ သတို့သမီးအဖေက ကျွန်တော့်ကို ပေးပြီးပါပြီ။"
............................
ခင်ဗျားတို့ကိုး
ဆေးရုံမှ လင်မယာနှစ်ဦး ထွက်လာသည်။ လမ်းတွင် တက်စီငှားသည်။ မိန်းမက တက်စီသမားအား
"ကျေးဇူးပြုပြီး ဖြေးဖြေးမောင်းပေးပါနော်.ကျွန်မတို့နှစ်ယောက် မနေ့က
အမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့တွေ့တာ ဆေးရုံတက်လိုက်ရတယ်။"
တက်စီသမား။ ။"ဪ....ခင်ဗျားတို့ကိုး။ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး"
....................
မှားပါတယ်
ကိုအူ တစ်ယောက် ရုပ်ရှင်ကြည့်ရန် လက်မှတ်ရုံတွင် လက်မှတ်ဖြတ်နေသည်။ တခဏာ
အကြာတွင် ကိုအူ တစ်ယောက် လက်မှတ်လာ ဖြတ်ပြန်သည်။ သိပ်မကြာလိုက်
လက်မှတ်ရုံသို့ ကိုအူ ပြန်ရောက်လာကာ လက်မှတ် ဖြတ်ပြန်သည်။
လက်မှတ်ရောင်းသူ- (အံသြ စွာဖြင့်) စောစောတုန်းက လက်မှတ်နှစ်ခါ လာဝယ်တာ
နောင်ကြီးပဲ မဟုတ်လား၊ ဒါကောဆို သုံး ခါရှိသွားပြီနော်။ ဘာလို့လဲဗျ။
ကိုအူ- ဘာဖြစ်ရမှာလဲဗျ။ ရုံပေါက်က လူပေါ့၊ တော်တော်ဆိုးတယ်ဗျာ
ကျုပ်လက်မှတ်ကို တောင်းပြီး စုတ်ဖြဲပစ်လိုက်တယ်။
.......................
mailထဲကရတာလေးနဲ့ ငါးပိချက်နေတာပါ :P
ဒီတစ်ခါငပိချက်ဗျို့ :P
အချစ်ညဝတ်အင်္ကျီ
အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီးမကြာသေးတဲ့ ချွေးမကိုကြည့်ဖို့ သားအိမ်ကိုရောက်သွားခဲ့တယ်
လူခေါ်ဘဲလ်တီးပြီးတံခါးပွင့်လာတော့ ဘာအဝတ်အစားမှဝတ်မထားတဲ့ ချွေးမကိုတွေ့လိုက်တယ် ။ ချွေးမကိုကြည့်ပြီး
အဘွားအိုကအလန့်တကြားမေးတယ်။
“ဒါဘာလုပ်တာလဲ”
“ယောင်္ကျားအပြန်ကိုစောင့်နေတာလေ”
“ဘာမှမဝတ်ဘဲစောင့်နေရသလား”
“ဒါကို ညဝတ်အိပ် အချစ်အင်္ကျီလို့ခေါ်တယ်”
“လုံးဝဝတ်မထားတာကို ဘာညဝတ်အင်္ကျီလို့ခေါ်တာလဲ”
“ဒါပေမယ့် ကျမယောင်္ကျားက ဒီညဝတ်အင်္ကျီကိုကြိုက်တယ်ရှင့်”
ချွေးမကိုဘာမှဆက်မပြောတော့ဘဲ အဘွားအိုလှည့်ပြန်လာခဲ့တယ်။
အိမ်ရောက်တာနဲ့အဘွားအိုဟာ ရေမိုးချိုး အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအဝတ်အစားမှမဝတ်ဘဲ တံခါးဝနားမှာ သွားရပ်နေခဲ့တယ်။ တအောင့်ကြာတော့ အဘိုးအိုပြန်ရောက်လာတယ်။ အဝတ်ဗလာနဲ့ရပ်နေတဲ့အဘွားအိုကိုမြင်တော့
လန့်ပြီး
“ဒါဘာလုပ်တာလဲ”လို့အော်လိုက်တယ်။
“ဒါညဝတ်အချစ်အင်္ကျီလေ”လို့ပြန်ဖြေလိုက်တော့ အဘိုးအိုက
“ဟာ… မင်းညဝတ်အင်္ကျီက မီးပူထိုးသင့်နေပြီ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလည်းပြုတ်ထွက်တော့မယ်”လို့ပြန်ပြောလိုက်သတဲ့။
(အတုမြင်အတတ်သင်မမှားကြစေဖို့)
mailထဲကရတာပါခင်ည :P
ကြိုက်တာဝယ်စား
အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် "
" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် "
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ "
" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် "
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "
" တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "
တစ်ယောက်တစ်လှည့်
" ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ် ဟန်းနီးမွန်းထွက်ချင်လို့ ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ "
" အင်း ..... ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက် မရှိရင်လည်းမဖြစ်ပြန်ဘူး။ နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြ၀န်ထမ်းတွေဆိုတော့ ခွင့်မပေးနိုင်ဘူးလို့လည်း မပြောရက်ပြန်ဘူး။ ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့ မေတ္တာရပ်ခံပါရစေကွာ "
မေးမှသိတယ်
" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "
စနစ်တကျအသုံးပြုနည်း
" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား "
အထင်နဲ့အမြင်
" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "
တလွဲမထင်ပါနဲ့
" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ "
သေပြီဆရာ
ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့
ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။
ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။
တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။
လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။
ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။
ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။
ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။
အဖေ...သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက
သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း
ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့
ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက
ကျွန်တော်က " သုံးဆယ် " ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က ဟေ...................
မလွဲသောအမှား
အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။
ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် " ဆရာ " ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ " ဆရာမောင်လှ "
ပါတော့ ပါသွားတယ်
ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။
ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက
ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ
မှတ်ပြီလား
တစ်နေ့ လူတစ်ယောက်နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ......
ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ
လူနာ - ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။
ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စားဗျာ၊ အဆီအဆိမ့်ကိုလျှော့စား
အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ
အခွံတွေကိုချန်မထားနဲ့ဗျ၊ အခွံတွေကလဲအားရှိတယ်
ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။
ထိုအခါ လူနာဖြေလိုက်သောအဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား....
လူနာ - အုန်းသီး။
သူဘယ်မှာလဲ....
ကိုလှ - ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။
ကိုမြ - သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်းတစ်ယောက်လောက်ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။
ကိုလှ - ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။
ကိုမြ - ဟာ...အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ။
ဗေဒင်

တနင်္ဂနွေ
နှစ်သစ်သို့ ကူးပြောင်းလာခဲ့ပြီ ဖြစ်သည့်အလျောက် တနင်္ဂနွေ သားသမီများ၏
အဆိုးအညံ့များသည်လည်း ကုန်ခဲ့ပြီဟုဆိုရမည်။ သို့သော်လည်း မမျှော်လင့်ပါဘဲ
အိမ်ထောင်ကျကိန်း၊ အီးပါချကိန်း၊ အောက်တန်းစားဖြစ်သွားခြင်း စသည့်
နံတူအကျိုးပေးများ ဖြစ်ပေါ်လာတတ်သည်။ အိပ်မက်ထဲတွင် ဥစ္စာစောင့်နှင့်
ရည်ငံတတ်သဖြင့် မအိပ်ဘဲနေရန် အကြံပေးလိုသည်။ ကျန်းမာရေးအနေဖြင့်
အကောင်းကြီး မဟုတ်သော်လည်း မဆိုးလှပေ။ အိပ်ယာထဲတွင် အောက်ပိုင်း
သေသွားခြင်း၊ ဦးနှောက်ထဲ အပ်စိုက်သွားခြင်း၊ အော်ဟစ်
အကူအညီတောင်းသော်လည်း "အရူး" ဟု အထင်ခံရခြင်း စသည်တို့တော့
ဖြစ်လာနိုင်သည်။ နှလုံးသားရေးရာတွင် "အချစ်ကိုဦးစားပေးခဲ့သူ"
တွေ့တတ်သဖြင့် သင်ကိုယ်တိုင်ပင် "အိမ်ပြန်ချိန်ကိုတောင် မသိတော့သူ"
ဖြစ်သွားတတ်သည်။ "အချစ်ဟာမီးလား" ဟု ပြန်မေးချိန်တွင် သင်သည်
"ဘင်္ဂလားပင်လယ်အော်" သို့ ရောက်နေလောက်ပြီ ဖြစ်သည်။ အစစအရာရာ အဆင်ပြေစေရန်
စနေနေ့မနက်တွင် တနင်္ဂနွေနံ၏ အစားအသောက်ဖြစ်သည့် အီကြာကွေး သုံးချောင်းကို
ဖြတ်ပိုင်းခြင်း၊ ဝါးစားခြင်းမပြုလုပ်ဘဲ အချောင်းလိုက် ဆက်တိုက်ဆိုသလို
မြိုချပါ။
..................................
တနင်္လာ
ယုံကြည်မှု အားနည်းနေသဖြင့် ကိုးကွယ်သူ မှားတတ်သည်။ ယခုသုံးလအတွင်း
တနင်္လာသားသမီးများသည် လွဲချော်မှုများကို ရင်ဝယ်ပိုက်ထားကြသူများ ဖြစ်သည်။
ကျား၊မ အိမ်သာမှားဝင်မိခြင်း၊ ကိုရီးယားမင်းသမီးထင်၍ ကြိုက်မိကာမှ
ကြံရည်သည်ဖြစ်နေခြင်း၊ ငါးရှဥ့်ထင်၍ ကိုင်မိကာမှ ငန်းမြွေဖြစ်နေခြင်း
စသည်တို့ ကြုံတွေ့ရနိုင်သည်။ စီးပွားရေးလုပ်ငန်းများတွင်
ချွတ်ချုံ့ကျကိန်း၊ ငတ်သေကိန်း၊ ကြွေးထူခြင်းများရှိနေတတ်၍ ချဲထိုးခြင်း၊
ချက်အရက်ရောင်းခြင်းများသာ အကျိုးပေးမည်။ ကျန်းမာရေးတွင်လည်း
လွဲချော်မှုများရှိနေတတ်သဖြင့် ဂေါက်ရောဂါကို ကင်ဆာထင်၍
ခြေထောက်အဖြတ်ခံရခြင်း၊ ကားတိုက်ခံရသည်ကို ခွေးကိုက်ခံရသည်ထင်၍
ကာကွယ်ဆေးထိုးပေးခံရခြင်း၊ ခွေခွေလေးအိပ်နေသည်ကို ကံကုန်ပြီအထင်ဖြင့်
အခေါင်းသွင်းလိုက်ခြင်း စသည်တို့ ကြုံတတ်သည်။ အချစ်ရေးတွင်တော့
အထူးပင်စန်းပွင့်ကာ ငါးစိမ်းသည်၊ ကားဒရိုင်ဘာ၊ ဂိတ်စောင့်တို့၏ မယားငယ်၊
လင်ငယ်ဖြစ်တတ်သည်။ ယတြာအနေဖြင့် ကုက္ကိုပင်အောက်သို့သွား၍ ခေါင်းပေါ်သို့
ကျီး(ငှက်) တစ်ကောင်မှ ချေး(ချီး)ပါချသည်အထိ မော့ကြည့်နေပါ။
အင်္ဂါ
စာမေးပွဲရာသီဖြစ်သည့်အလျောက် ဆရာ၊ ဆရာမများ အလုပ်ရှုပ်ပြီး
ဝင်ငွေကောင်းမည့် ကာလဖြစ်သည်။ ဆေးရုံအနီးတွင် ဆိုက်ကားနင်း သူများ၊
ဈေးရောင်းသူများ စည်ပင်သာယာနှင့် ပြဿနာတက်ကိန်းရှိသဖြင့် ညဘက်တွင်မှ
အလုပ်လုပ်သင့်သည်။ စီးပွားရေးအနေဖြင့် ဆံသဆိုင်ဖွင့်ခြင်း၊
စစ်ထဲဝင်ခြင်း၊ ညကင်းစောင့်ခြင်းများ အကျိုးပေးအံ့။ ဆန္ဒပြသူများအတွက်
အချိန်ကောင်း မဟုတ်သဖြင့် ဆန္ဒကိုမပြဘဲ သိမ်းထားပါ။ အချစ်ရေးတွင်တော့
အတက်အကျမရှိဘဲ လုပ်သည့်အကျိုးကို လက်ငင်းခံစားရကိန်းရှိသည်။
စာလိုက်ပေးသဖြင့် ရဲစခန်းရောက်ကိန်း၊ ပါးချခံရခြင်းများသည်
လက်ငင်းအကျိုးများပင်ဖြစ်လတ္တံ့။ အောင်မြင်မှုကို ဆောင်ကျဉ်းလာမည့် ယတြာမှာ
စိတ္တဇဆေးရုံကို ဆိတ်ငြိမ်ရပ်ကွက်ဟု သတ်မှတ်၍ ဆယ်ရက်တရားစခန်းဝင်ပါ။
................................
ဗုဒ္ဓဟူး
လမ်းမှားပေါ်ရောက်နေသည့် ဗုဒ္ဓဟူးသားသမီးများ ကံကြမ္မာ ဖေးမမှုကြောင့်
လမ်းမှန်ပေါ်ရောက်ပြီးကာမှ ရဲကား အတိုက်ခံရတတ်သည်။ ယမကာမှီဝဲခြင်း၊
လောင်းကစားလုပ်ခြင်းများတွင် ရောင့်ရဲတင်းတိမ်တတ်ပါစေ။ ရန်ဖြစ်ခြင်း၊
ရည်းစားနှင့်ကွဲခြင်း၊ လုယက်ခံရခြင်းများ ကြုံနိုင်သည်။
စီးပွားရေးအနေဖြင့် ရင်းတိုင်းကုန်၊ လုပ်တိုင်းရှုံး၊
လှုပ်တိုင်းမြုပ်တတ်သဖြင့် လုပ်ချင်ရာကိုလုပ်ပါ။ ပညာရေးကံကောင်းတတ်သည့်
ဗုဒ္ဓဟူးသားသမီးများသည် စာမေးပွဲနီးကာမှ ရေနစ်ခြင်း၊ လည်ချောင်းနာခြင်း၊
ယားနာများပေါက်ခြင်း စသည့် အနှောင့်အယှက်လေးများ တွေ့ရတတ်သဖြင့်
ရေချိုးခြင်း၊ ရေသောက်ခြင်း လုံးဝ မပြုလုပ်သင့်ပေ။ ယတြာအနေဖြင့်
လမ်းဆုံလမ်းခွ တစ်ခုတွင် လေးဘက်ထောက်ပြီး "လွတ်လပ်ရေးအတွက်
လမ်းပေါ်ထွက်လာတာ" ဟု လေးဆယ့်ငါးခါအော်ပါ။
............................
ကြာသာပတေး
ပေါက်ကရလေးဆယ် ပြောတတ်သူများ ပြဿနာတက်တတ်သည့်ကာလဖြစ်သည်။ ပင်ပင်ပန်းပန်း
လုပ်နေရသည့်တိုင် ပေါကြောင်ကြောင် နိုင်မှုကြောင့် ကြာသပတေးသားသမီးများ
ဗိုက်ဟောင်းလောင်းဖြစ်ကိန်း မြင်နေသည်။ ၂၀၁၂ တွင် ကမ္ဘာပျက်မည်အထင်ဖြင့်
အကြွေးယူထား သူများ ကမ္ဘာမပျက်ခင် ဘဝပျက်နိုင်သည်။ ဗိုလ်ကတော်များ
ဘုရားမေ့ကာ ဖဲဝိုင်းထိုင်နေတတ်သည်။ ကျန်းမာရေးတွင် ပန်းနာရင်ကျပ်ထခြင်း၊
မျက်စိကွယ်ခြင်း၊ ပါးစပ်ရွဲ့ခြင်းများဖြစ်တတ်ပြီး မဖြစ်ပါက
တစ်ခုခုလွဲနေပြီဟု ယူဆနိုင်သည်။ ပညာရေးတွင် ရှေ့ဆုံးရောက်နေသော ကြာသပတေး
သားသမီးများသည် စာမေးပွဲခန်းထဲတွင် ရှေ့ဆုံးခုံတွင် ထိုင်ရသဖြင့်
ခိုးချမရခြင်း၊ ရှေ့လူက သင့်ကိုမပြခြင်းတို့ကြောင့် စာမေးပွဲကို
ရှေ့ဆုံးမှကျနိုင်သည်။ အစစအရာရာ အောင်မြင်စေရန် တစ်ခုသော ကြာသပတေးနေ့တွင်
ပဲပြုတ်သည်တစ်ယောက်ကို ဖန်ပုလင်း တစ်လုံးဖြင့် ပက်ပက်စက်စက်ရိုက်ရင်း
"ဗိုင်းတာမ - ပဲများချင်ဦး" ဟု အော်ဟစ်ပါ။
................................
သောကြာ
"သ" နှင့် "ဟ" ပါသော သောကြာသားသမီးများ "သိပ်ဟန်" နေပြီဟု ထင်လျှင်
လုံးဝမှားသွားလိမ့်မည်။ "သေဟဲ့" ဟု အော်ကာ ကိုယ့်နဖူးကိုယ်
ပြန်ရိုက်ရမည့် ကိန်းများသာ စီတန်း တွေ့နေရမည်။ သမိန်ပေါသွပ်ဖတ်ပြီး
သူရဲကောင်းဟု ထင်နေသူကို သမက်ဖမ်းမိသဖြင့် သမီးဖြစ်သူ ဒုက္ခရောက်တတ်သည်။
သံဝေဂရစရာများ ဆက်တိုက်ကြုံနေတတ်သဖြင့် သံဃာတော်များကို
ဆည်းကပ်သည့်တိုင်အောင် သိပ်နောက်ကျသွားပြီ ဖြစ်သည်။ ကျန်းမာရေးတွင်
သွေးထွက်သံယိုဖြစ်စရာ မရှိသော်လည်း သေးထွက်သံစူးဖြစ်တတ်သည်။ စီးပွားရေး
လုပ်ငန်းများတွင် ဟိတ်ဟန်နှင့် နေနိုင်ရန်ကြိုးစားသော်လည်း
သေချင်စော်နံအောင် သိက္ခာကျကိန်းများ ထင်ရှားစွာ မြင်နေရသဖြင့် သတိထားပါ။
ပညာရေးတွင်လည်း သောကများစရာများသာရှိနေသဖြင့် သိပ်မကြိုးစားပါနှင့်။
ယတြာအနေဖြင့် သဲကို သံပုရာရည်စမ်းပြီး သုံးရက်ဆက်တိုက် သုတ်စားပါ။
.....................................
စနေ
စနေသားသမီးများ ကံဇာတာ စန်းထချိန်ပင် ဖြစ်သည်။ နိုင်ငံရေးသမားများ
ထောင်ကကျွေးထားသဖြင့် ထမင်းစရိတ်သက်သာနိုင်သည်။ တပ်မတော်၏ စေတနာအမှန်ကို
နားလည်သူများ တော်လှန်ရေး လုပ်ကြလတ္တံ့။ ဇာတာကောင်းချိန်ကြောင့်
ဓါတ်လိုက်သော်လည်း မသေဘဲ ရူးသွားနိုင်ရုံလောက်သာ ရှိသည်။ စီးပွားရေးတွင်
ဓားပြတိုက်စားခြင်း၊ ဒရဝမ်လုပ်ခြင်း၊ တောင်းစားခြင်းများ
အထူးပင်ဖြစ်ထွန်းမည်။ ကျန်းမာရေးတွင် နူရုံထက်ပိုမဖြစ်လောက်ပေ။
ပညာရေးတွင်မူ အနည်းငယ်အားနည်းနေပြီး ထက်မြက်သူများပင် ထင်သလောက် မဖြစ်ဘဲ
တဖုံးဖုံးကျနေဦးမည်ဖြစ်သည်။ နှလုံးသားရေးရာတွင် လှေနံ
နှစ်ဘက်နင်းမှုကြောင့် နှစ်လောင်းပြိုင် အသတ်ခံရနိုင်သဖြင့် သတိပြုပါ။
ယတြာချေလိုသူများ အနေဖြင့် နားရွက်နှစ်ဘက်တွင် နာရီတစ်လုံးစီချိတ်ပြီး
နတ်စင်အနီးတွင် နှစ်ရက်ခန့် မအိပ်ဘဲ မတ်မတ်ရပ်နေပါ။
................................
ဗေဒင် (သံလွင်ကဝိ)
ဒီလိုပါ ဒီလိုပါ
ခြံထဲတွင် ကစားနေသော ကျွန်တော့်မိတ်ဆွေ၏ လေးနှစ်အရွယ်သားငယ်လေးက သူ၏နားထဲသို့ ကျောက်ခဲဝင်သွားကြောင်း ပြောလေရာ မိတ်ဆွေသည် ထိုကျောက်ခဲကို ပြန်လည်ထုတ်ယူရန် ကလေးအား ဆေးရုံသို့ အပြေးအလွှား ခေါ်သွားရလေသည်။ ဆရာဝန်က ထိုကျောက်ခဲအား ညင်သာချောမွေ့စွာ ထုတ်ယူပေးလိုက်ရာ "" ဘယ်လိုများ ဒီကျောက်ခဲ နားထဲ ၀င်သွားရတာလဲ "" ဟု ဆရာဝန်က ကလေးကို မေးလိုက်သည်။ "" ဒီလိုပါ "" ဆိုပြီး ကလေးငယ်က ကျောက်ခဲကို သူ၏ နားထဲသို့ ပြန်ပြီး ထိုးသွင်းပြလိုက်သည်။ သူသည် ဒုတိယအကြိမ်မြောက် မေ့ဆေးပေးခံရပြန်တော့သည်။
နောက်ဆုံးတစ်ခုတည်း ကျန်လို့ပါ
အမြန်ရထားဖြစ်သည့် အတွက် ဘူတာတိုင်းတွင် အချိန်ကြာကြာ မရပ်ပါ။ ကျွန်မသည် ပလက်ဖောင်းပေါ်မှ ကလေးငယ်တစ်ဦးအား "" အန်တီ့ကို ကူညီပြီး သကြားပလာတာနှစ်ချပ် ၀ယ်ပေးပါ၊ တစ်ချပ်က သားစာ၊ တစ်ချပ်ကို အနှ်တီ့ကို ပေးပါ "" ဟုပြောပြီး ငွေတစ်ဆယ်ပေးကာ ၀ယ်ခိုင်းလိုက်သည်။ ကလေးငယ်သည် ပလာတာတစ်ချပ်ကို ကိုက်စားပြီး ကျွန်မအား ငွေငါးကျပ်ပြန်ပေးရင်း "" နောက်ဆုံးတစ်ချပ်တည်း ကျန်တယ် အန်တီရယ်"" ဟု ပြန်ပြောခဲ့သည်။
မှတ်ကရော
အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။
"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။ အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ … ဒါမှမဟုတ် …"
စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။
"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"
ဧည့်သည်
လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။
အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။
"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"
ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။
"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"
ချီးကျူးထိုက်သူ
ငွေစက္ကူ အတုလုပ်သောယောကျာ်းက မိန်းမကို ချီးကျူးစကားပြောသည်။
``ငါ့ မိန်းမ အင်မတန်တော်ပါလားဟေ့၊ဒီနေ့လည်းနောက်တပ် ငွေနှစ်သောင်းသုံးလိုက်နိုင်ပါလား။´´
စာနာစိတ်
စိတ်ကျန်းမာရေးဆေးရုံတွင်ဖြစ်သည်။ လူနာသုံးယောက် ခုတင်တစ်ခုတည်းတွင် ကြပ်ကြပ်တည်းတည်း
အိပ်နေကြသည်။ ၎င်းတို့အထဲကတစ်ယောက်သည် မလှည့်သာ မလှုပ်သာ သဖြင့်
အိပ်မပျော်နိုင်။ကြာသော် သည်းမခံနိုင်တော့သဖြင့် ခေါင်းအုံးကိုဆွဲကာ ကြမ်းပေါ်ဆင်းအိပ်သည်။
အိပ်ပျော်နေသော လူနာတစ်ယောက် မျက်လုံးပွင့်လာပြီး မိမိဘေးတွင် နေရာလွတ်သွားသည်ကိုတွေ့သည်။
သို့နှင့် ကြမ်းပေါ်က လူနာကို လှမ်းပြောသည်။
``ဟေ့...နေရာချောင်သွားပြီ၊လာ..တက်အိပ်လှည့်။´´


