ရွာငယ်လေး၏တစ်ခုတည်းသောလက်ဖက်ရည်ဆိုင်တွင်ဖြစ်သည်။ ဝေလင်းနှင့်အပေါင်းအပါတစ်သိုက် စိတ်ကြိုက်လေပေါနေကြသည်။ ဆိုင်ပိုင်ရှင်ကိုကြည်တိုးကလည်းဆိုင်လူရှင်းနေသဖြင့်
သူတို့နှင့်တစ်ဝိုင်းတည်းဝင်ထိုင်နေသည်။ ယခုလူရှင်းသည်ဆိုရာ၌
အခြားအချိန်တွင်လူရှုပ်သည်ဟုမဆိုလိုပါ
သူ့ဆိုင်သည်အစဉ်သဖြင့်လူရှင်းနေသည်သာဖြစ်သည်။
ကိုကြည်တိုးသည်အသက်၃၀ကျော်လူပျိုကြီးဖြစ်ပြီး
ကဗျာရူး စာရူးဖြစ်သည်။ အဖျော်ဆရာ စားပွဲထိုး ပန်းကန်ဆေး ငွေသိမ်း အစရှိသည့်တာဝန်များကို သူတစ်ယောက်တည်းလုပ်သည် ဆိုင်နာမည်ကိုလည်းဘာစိတ်ကူးနဲ့လည်းမသိ
“လူရှင်tea house”ဟုပေးထားသည်။နောက်ပိုင်း ရွာသားတွေနားလည်လိမ့်မည်မဟုတ်ဟုယူဆသဖြင့် မြန်မာလိုပဲအကုန်ရေးလိုက်ရာ“လူရှင်တီးဟောက်စ်” ဟူ၍ ဖြစ်သွားတော့သည်။ “လူရှင်”ဆိုတာ သူကဗျာရေးပြီးအောင်မြင်ခဲ့ရင်ယူမည့်ကလောင်အမည်ဟုလည်းသိရသည်။
အားလုံးကလည်း သူ့ဆိုင်သည် သူပေးသည့်နာမည်နှင့်အလွန်လိုက်သည်ဟုထောက်ခံကြသည်။
လူရှင်ဆိုင်က အမြဲလူရှင်းသည်ကိုး ။
ရွာက ဘာမသိညာမသိ လက်ဖက်ရည်သောက်ချင်သည်ဟု ပူဆာသည့်ကလေးများကို မိဘများကတစ်ခွန်းတည်းပြောသည်...
“အဲဒီလူရှင်ဆိုင်က ကလေးတွေကို တီးလည်းတီးတယ် ဟောက်လည်းဟောက်တယ် အဲဒါကြောင့်လူရှင်တီးဟောက်လို့ခေါ်တာ နင်တို့သွားသောက်ရဲရင် သောက်ကြည့်”ဟုခြိမ်းချောက်လိုက်ရင် ကလေးတွေအားလုံးငြိမ်ကျပြီးသားဖြစ်သည်။ ဆိုရရင် ကဗျာဆန်ဆန် ဆိုင်နာမည်ကြောင့် ကလေးမိဘတွေလည်း ပိုက်ဆံကုန်သက်သာလေသည်။ ဆိုင်ကလည်း စားပွဲဝိုင်းသုံးဝိုင်းသာရှိသည့် ခနော်နီခနော်နဲ့ အင်ဖက်မိုးလက်ဘက်ရည်ဆိုင်ဖြစ်သည်။
အမှန်မှာသူတို့ရွာအနေအထားနဲ့ဆိုင်နာမည်တောင်မလိုအပ်လှပါ၊သူပေးလိုက်သည့်နာမည်ကလည်း ဒီခေတ်ဘန်းစကားနဲ့ဆိုရရင်“နည်းနည်းလန်ထွက်နေသည်” ကဗျာသမား၊ထွက်သက်ဝင်သက်တိုင်းမှာကဗျာပါသူဆိုတော့လည်းဒီလောက်တော့ရှိမှာပေါ့လေ.. အားလုံးထိုသို့ပဲနားလည်လိုက်ကြသည်။ ကိုကြည်တိုးသည် ရုပ်ရည်သန့်ပြန့်သည်၊ ခြေထောက်တစ်ဖက်ဆာနေသည့်အားနည်းချက်တော့ရှိသည်။ အရှိန်နှင့်သွားနေသည့် ကားတစ်စီးအပေါ်တိုးဝှေ့တွယ်စီးရာမှ ပြုတ်ကျ၍ခြေထောက်ဆာရခြင်းဖြစ်သည် တချို့ကလည်းဂရုဏာဒေါသောနှင့်ပြောကြသည် “ကြည်တိုးက ကားပေါ်မှာ
ကြည့်ကျက်ပြီးမတိုးတော့ ပြုတ်ကျပြီပေါ့တဲ့။
သူ့ဆိုင်အမာခံဖောက်သည်သည် အဓိကဝေလင်းတို့အဖွဲ့ပဲဖြစ်သည်။ တချို့တလေလည်းရှိပါသည် မျက်စိလည်လမ်းမှားပြီးရောက် ရောက်လာတတ်သည့် တစ်ခြားရွာသားများ။
သူ့လက်ဖက်ရည်ကို လူတွေသောက်နိုင်ကြသော်လည်း မသောက်နိုင်တာကတော့
သူ့ကဗျာပဲ ဖြစ်သည် ၁၀တန်းထိကျောင်းနေ
ဖူးပြီးမြို့မှာနှစ်ကာလအတော်ကြာအနည်ထိုင်ခဲ့ဖူးသည့် သူ့သည် တစ်ဒန်တည်း ဒန်နေသည့် မော်ဒန်ကဗျာ ပရိသတ်ဖြစ်သည် ။ ဆိုင်လာသောက်သည့်ဖေါက်သည်တွေထဲမှာ ရင်ဘတ်တူသူများရှိရင် ခံစားနိုင်စေရန်သူအကြိုက်ဆုံးကဗျာစာအုပ်များကို စားပွဲပေါ်တင်ပေးထားလေ့ရှိသည်။
ပထမဆုံး သူ့ကဗျာ ကိုဖတ်ပြီး မှတ်ချက်ပေးသူမှာ ဖိုထိုးပြီးထွက်ရပ်ပေါက်ရန်ကြံစည်နေသည့် တစ်ဖက်ရွာက ကပ္ပိယကြီးတစ်ဦးဟု သိရသည်။ တစ်မနက်လုံး သူ့ကဗျာကိုထိုကပ္ပိယကြီးထိုင်ဖတ်နေသည် ဖင်ပြန်ခေါင်းပြန်ဖတ်သည် အလွတ်ရသလောက်နီးပါးဖတ်ပြီး ဆိုင်ရှင်ကိုကြည်တိုးအား တိုးတိုးလေးလှမ်းခေါ်သည် ။ ပြီးနောက် ဆိုင်ပတ်ဝန်းကျင်ကို ကျောမလုံသလို ကျီးကြည့်ကြောင်ကြည့် ကြည့်ပြီး အလွန်အရေးကြီးဟန်ဖြင့် စကားကိုဖြေးလေးစွာ တစ်လုံးချင်းပြောသည်...
“ရှေးပညာရှိတွေဟာ အရမ်းလျှို့ဝှက်တယ်ကွ သူတို့ရဲ့ အတတ်ပညာတွေကို တဘောင်ဆန်ဆန် နိမိတ်ဆန်ဆန် ပဟေဠိစကားလေးတွေနဲ့ဖွက်ပြီး ဝှက်ထားလေ့ရှိတယ် ဥာဏ်တူရင်ယူစေဆိုပြီး နောင်လာနောက်သားတွေအတွက်ပေါ့ကွာ အဲဒီမှာပဲသိသူဖေါ်စား မသိသူကျော်သွားကြပေါ့ အဓိကကတော့ လျှို့ဝှက်ချက်ကိုမြင်အောင်ကြည့်တတ်ဖို့ပဲ ဆိုရိုးတောင်ရှိသေးတယ်ကွာ “ကြည့်သောသူမြင်၏”တဲ့။
ကိုကြည်တိုးနားထဲမှာတော့ “ပြသောသူပေါ်၏”လို့ပဲကြားလိုက်မိသည်။
စကားနည်းနည်းပဲပြောရသေးသည်ကပ္ပိယကြီးပေါနေမှန်းပေါ်နေပြီလေ..
အလိုက်သင့်အလျားသင့်ခေါင်းလေးတညိတ်ညိတ်လုပ်ပေးနေလိုက်သည်။ ကဗျာရေးရင်ဒီအကြောင်းထည့်စပ်ဦးမှ ဟုလည်းတွေးနေပုံရလေသည်။
“ခုမင်းစာအုပ်ကိုငါဖတ်ရသလောက်တော့ တစ်ဝက်လောက်နီးနီး သဘောပေါက်နေပြီ ဒါပေမယ့် မရှင်းတာရှိသေးတယ် အဲဒါလည်းအချိန်ပေးလေ့လာလိုက်ရင်ဖြစ်တာပဲ ရှေးဘဝက
ထူးခြားတဲ့ပဋ္ဌာန်းဆက်တစ်ခု ကြောင့် ခုဒီစာအုပ်ကို ငါဒီမှာဖတ်ဖို့ကံကြုံရတာပဲ အဲဒီတော့ ငါပြောမယ် မင်းဒီစာအုပ်ကိုအခြားဘယ်သူမှ မပြပါနဲ့ အထူးလျှို့ဝှက်ထားပါ ပညာကို ပညာမှန်းမသိဘဲအလွဲသုံးစားလုပ်
တဲ့လူတွေရဲ့လက်ထဲရောက်ရင် ဒီစာမျိုးကအရမ်းအန္တာရာယ်ကြီးတာကွ ငါနောက်တစ်ခေါက်ထပ်ပြန်လာဖတ်မယ်ကွာ ငါထွက်ရပ်ပေါက်ရင် အရင်ဆုံးမင်းရဲ့ လူသေလိုဖြစ်နေတဲ့ လူရှင်ဆိုင်ကိုကယ်တင်မှာပါ ခုတော့ဆရာတစ်ဦးနဲ့ချိန်းထားသေးတယ် နောက်မှထပ်ပြန်လာဖတ်မယ် ငါပြောတာတွေ သေသေချာချာစဉ်းစားနော် ကဲ ငါသွားပြီ”
ကပ္ပိယကြီးထွက်သွားတော့ကိုကြည်တိုးမှာ ကပ္ပိယကြီးကိုကြည့်လိုက် သူ့မော်ဒန်ကဗျာစာအုပ်ကိုကြည့်လိုက်ဖြင့်မျက်ကလူးဆန်ပြာ ဖြစ်ကျန်ခဲ့လေသည်။
မျက်ကလူးဆန်ပြာဆိုတာ မျက်လုံးက ကလူး… ကလူး ဟုအော်ပြီးစကောထဲကဆန်ကိုထွက်ပြာနေခြင်းမဟုတ်ပါ၊ ပြူးတူးပြဲတဲဖြစ်နေခြင်းကိုဆိုလိုပါသည်။ (ဤကားစကားချပ်(သို့) ဘလော့ပိုင်ရှင်မောင်သားကြီး၏ အပိုသက်သက်လျှာရှည်ခြင်းတည်း)
နောက်ပိုင်းတွင်ကပ္ပိယကြီးဆိုသူလည်းပြန်ပေါ်မလာတော့ပါ ဖိုထိုးရင်း“ပလုံ”သွားသည်ဟုသိရသည်။
ဝိဇ္ဇာလေးသောင်းဆရာအပေါင်းလည်း မကယ်နိုင်ကြတော့ဘူးထင်သည်။
(ပလုံ=စုံးစုံးမြှုပ်)
ထိုအကြောင်းကိုပြန်ပြောတိုင်းရယ်ဖြစ်ကြသည် ။
“လူရှင်တီးဟောက်စ်”ရဲ့ရောင်းရေးဝယ်တာက အလဲလဲအကွဲကွဲဖြစ်သော်လည်း တစ်ကိုယ်တည်းသမားကိုကြည်တိုးအတွက်တော့ ဖူလုံပါလေသည်။ သူ့ဆိုင်လူမရှိတိုင်းသူပြောတတ်တာတစ်ခုရှိသည်။ “ရွာသားတွေကခက်တယ် ပေးကားပေး၏ မရ ဆိုသလိုပေါ့ကွာ ငါ့လက်ဖက်ရည်ယဉ်ကျေးမှုကိုသူတို့နားမလည်ဘူး ငါ့ကဗျာရဲ့အနှစ်သာရကိုသူတို့ဆွဲယူစားသုံးမတတ်ဘူး”ဟူသတည်း။
………………..
ဆိုင်ထဲထိုင်နေကြရင်းမှ တင်ထွန်းက စကားစသည်။
“ညကဗွီဒီယိုရုံမှာ လူသတ်သမားကားပြတယ် အိလေးနဲ့သွားကြည့်တာပေါ့ ကောင်းလိုက်တာ”
အိလေးဆိုသူမှာ တင်ထွန်း၏ရည်းစား အိအိခိုင်ဖြစ်သည်။
“လူသတ်ကားကိုကောင်မလေးနဲ့ကြည့်တာကောင်းရလားဟ”
အားလုံးကဘုတွေထွက်နေတဲ့အကြည့်နဲ့ပြန်အော်တော့တင်တွန်းက တဟွင်းဟွင်းမြည်သံပြုလျှက် ပါးရိုက်ချင်စဖွယ်ပြုံးသည်..
“အိလေးကကြောက်လေလေ ကိုယ့်နားကပ်လေလေ လေကွာ မင်းတို့ဒါလေးတောင်မသိဘူးလား”
“မင်းကတော့မကြောက်ဘူးပေါ့”
တချိန်လုံးငြိမ်နေသည့်ကိုကြည်တိုးက မေးလိုက်ခြင်းဖြစ်သည်။
“မကြောက်ပါဘူး ဘာကြောက်စရာရှိလို့လဲ”
“မင်းကရုပ်ရှင်မှန်းသိလို့မကြောက်ဘူးနေတာပါ အပြင်မှာအဲလိုသွေးထွက်သံယိုမြင်ကွင်းမျိုးတစ်ကယ်မြင်ရရင်တော့လား”
ကိုကြည်တိုးအသံကစိန်ခေါ်သံပါနေသဖြင့်တင်ထွန်းမရိုးမရွဖြစ်သွားသည် ချက်ချင်းပဲပြန်ပက်သည်။
(ဆိုင်ကရေနွေးနှင့်မဟုတ်ပါ စကားကို စကားဖြင့်ပက်ချင်းသာဖြစ်သည်)
“ရုပ်ရှင်နဲ့အပြင်ဘာမှမကွာပါဘူးဗျ ဒီခေတ်ရုပ်ရှင်ပညာတွေက အံ့မခန်းပဲ အားလုံးသဏ္ဍာန်လုပ် သရုပ်တူအောင်ရိုက်ထားတာ အပြင်မှာလည်းဒီလိုပဲနေမှာပဲ မကြောက်ပါဘူး”
တင်ထွန်းစကားဆုံးတော့ ကိုကြည်တိုးက ခြောက်ကပ်ကပ်ရယ်သည်။ တဆက်တည်းမှာပဲ..
“ငါငယ်ငယ်ကပေါ့ကွာ.. ငါ့ဆိုင်ရဲ့မျက်နှာချင်းဆိုင်ဟိုကုက္ကိုပင်ရိပ်အောက်မှာ စက်ဘီးပြင်ဆိုင်ဖွင့်တဲ့ ကိုမြတ်ဦးဆိုတဲ့ ကုလားတစ်ယောက်ရှိတယ် ဆိုင်ဆိုပေမယ့် ခနော်နီခနော်နဲ့ ဖြစ်ကတတ်ဆန်း စက်ဘီးပြင်ဆိုင်ပါကွာ အမိုးလေးပဲရှိတယ် ဘာအကာမှမပါဘူး ပစ္စည်းကိရိယာလည်းဘာမှဟုတ်တိပတ်တိမရှိဘူး မရှိတာပဲရှိတယ်ဆိုတဲ့ဒသနလေးအတိုင်းပေါ့ကွာ”
ငါ့ဆိုင်လိုပဲပေါ့ကွာဟုပြောလိုက်ရင်ပဲရပြီဟု ဝေလင်းတို့အားလုံးတွေးနေကြသည်။
“အဲဒီတုန်းက ငါခြောက်တန်းလောက်ပဲရှိဦးမယ်ကွ တနေ့တော့ကွာ ဘာရယ်မဟုတ် သူစက်ဘီးပြင်နေတာကိုငါခပ်လှမ်းလှမ်းက ကုက္ကိုအမြစ်ကြီးတစ်ခုပေါ်တက်ထိုင်ရင်းငေးကြည့်နေတယ်ကွ
တစ်အောင့်လောက်ကြာတော့ အဝတ်အစားခပ်နွမ်းနွမ်းနဲ့ရှမ်းဘောင်းဘီရှည်ဝတ်ထားတဲ့ ထောင်ထောင်မောင်းမောင်းလူကြီးတစ်ယောက်ရောက်လာတယ် ပခုံးပေါ်မှာထင်းအစည်းသေးသေးလေးတစ်စည်းလည်း
ထမ်းထားသေးတယ် အဲဒီလူကြီးက ကိုမြတ်ဦးအနားလည်းရောက်ရော သူ့ထင်းစည်းကိုအသာကလေးချလိုက်တယ် ပြီးလည်းပြီးရော ထင်းစည်းတွေကြားထဲကနေ ရှည်ရှည်မျောမျောတစ်ခုကိုဆွဲထုတ်လိုက်တယ် သူဆွဲထုတ်လိုက်တာ ဘာလဲသိလား”
“ရှည်ရှည်မျောမျောဆိုတော့ တရုတ်ကြီးလက်ဖက်ရည်ဆိုင်ကအီကြာကွေးပေါ့”ဟုဘယ်သူမှပြန်မဖြေပါ၊ ခေါင်းတစ်ခါခါ၊ လည်တစ်ခါခါပဲလုပ်ပြလိုက်ကြသည်။
“သူဆွဲထုတ်လိုက်တာက အမဲလိုက်တဲ့လက်လုပ်သေနတ်ကွ ကိုမြတ်ဦးက စက်ဘီးကိုပဲငုံ့ပြင်နေတော့ သတိမထားမိလိုက်ဘူးပေါ့ ငါကလည်းကြောင်ပြီးကြည့်နေမိတယ်ကွ ဘာလုပ်မယ်မှန်းမသိဘူးလေ ပြီးလည်းပြီးရော ကိုမြတ်ဦးရဲ့ နောက်စေ့တည့်တည့်ကိုချိန်ပြီးအဲဒီလူက အနီးကပ်ပစ်ထည့်လိုက်ယ်။ လှုပ်ရှားမှုကသိပ်မြန်တယ်ကွ။ ဒိုင်းဆိုတဲ့အသံကျယ်ကြီးနဲ့ပဲကိုမြတ်ဦးရဲ့ခေါင်းတစ်ခုလုံးပွင့်ထွက်သွားတယ် သွေးတွေဆိုတာ ငါထိုင်နေတဲ့ ကုက္ကိုမြစ်ကိုတောင်လာစင်တယ် ။
စက်ဘီးငုံ့ပြင်နေတဲ့အချိန်အနီးကပ်ဆော်ထည့်လိုက်တာဆိုတော့ကွာ ကိုမြတ်ဦးခေါင်းရှေ့တည့်တည့်ကစက်ဘီးစပုတ်တံတွေပါ တစစီလွင့်ပြီး ဆိုင်ဘေးကဝါးတိုင်တွေကို တဒေါက်ဒေါက်နဲ့ဖေါက်ပြီးစိုက်ကုန်တယ် ရှမ်းဘောင်းဘီနဲ့လူကတော့ ပစ်ပြီးတာနဲ့လစ်ပြေးသွားတယ်
အဲဒီမြင်ကွင်းမြင်ပြီးမိန်းမတစ်ယောက် ကိုယ်ဝန်ပျက်ကျသွားတယ်”
“စိတ်မကောင်းစရာပဲဗျာ ကိုကြည်တိုးရော ဘာတွေပျက်ကျသေးလဲ”
“အေး..ငါ့မှာပျက်ကျစရာဘာမှမရှိတော့ ဘာမှပျက်မကျလိုက်ဘူး လူကတော့ အဲဒီအချိန်မှာတအားလန့်ပြီးဂေါက်တောက်တောက်ဖြစ်သွားတယ်”
“ခုရောဂေါက်တောက်တောက်ပဲလား”ဟုဆက်မေးချင်သေးသော်လည်းဝေလင်းမမေးဖြစ်တော့။
စကားကိုအဆုံးသတ်ပြီးကိုကြည်တိုးက တင်ထွန်းကို ဘယ်နှယ့်ရှိစဆိုသည့်အကြည့်မျိုးနဲ့ကြည့်သည်။
တင်ထွန်းမျက်နှာပေါ်က သူလိုချင်သည့်အရိပ်အယောင်အချို့ရှာတွေ့သွား၍လည်း ကျေနပ်သွားသည်
“ကြောက်စရာကြီးပါလားဗျာ ဘယ်လိုရန်ညှိုးတွေများရှိလို့ပါလိမ့်”
ဝေလင်းမေးခွန်းက အားလုံးသိချင်နေကြသည့်မေးခွန်းဖြစ်သည်
စားပွဲပေါ်က ရေနွေးကြမ်းကို တစ်ကျိုက်ကောက်မော့ပြီး ကိုကြည်တိုးစကားဆက်သည်။
“ထူးဆန်းတယ်ကွ ပစ်သွားတဲ့လူရဲ့နာမည်က သေသူနာမည်နဲ့ပြောင်းပြန် “ဦးမြတ်ကို”တဲ့ ဗမာလူမျိုးပါ အဲဒီကာလက နာမည်ကြီးဒမြတစ်ယောက်ပေါ့ သေသူက သူ့ကိုသက်ဆိုင်ရာနဲ့လက်ထောက်ချလို့ဆိုပဲကွ”
“သြော်…”
“အဲဒီကိစ္စဖြစ်ပြီးမကြာဘူး ဦးမြတ်ကိုတို့ဒမြတစ်ဖွဲ့လုံးသေကုန်ကြပြန်တယ်”
“သက်ဆိုင်ရာက သတင်းရပြီး ချေမှုန်းပစ်လိုက်တာလား”
“မဟုတ်ဘူးကွ သူတို့တစ်ဖွဲ့လုံးတောထဲမှာသေကုန်ကြတာ သေပုံကလည်းတော်တော်ဆန်းတယ်”
“ဘယ်လို ဘယ်လိုဆန်းတာလဲဗျ”
အားလုံးကသိချင်ဇောဖြင့်ဝိုင်းမေးကြပြန်တော့...
“အေးကွ တောထဲမှာသမင်တစ်ကောင်ကိုတွေ့လို့လိုက်ကြတာတဲ့”
“ဟင်…တော်တော်ဆိုးတဲ့ဒမြတွေပဲ သမင်ကိုတောင်ချမ်းသာမပေးဘူး ဒမြတိုက်မယ်တဲ့လား”
“နင့်ကြီးတော် ဒမြတိုက် သတ်စားမလို့လိုက်တာပေါ့ဟ အဲဒီသမင်ကိုလိုက်ရင်းနဲ့ပဲသေကုန်ကြတာ ဒီထက်ပိုထူးဆန်းတာက အဲဒီသမင်ဟာ သူတို့ဒမြအဖွဲ့ပဲမြင်ရတဲ့သမင်တဲ့ သူတို့လည်းသေကုန်ရော အဲဒီသမင်လည်းပျောက်သွားရောတဲ့”
“ဗျာ”
တစ်မအေကမွေးထားတာမဟုတ်သော်လည်း “ဗျာ”တစ်ခွန်းကိုတော့ ဝေလင်းတို့တစ်ဖွဲ့လုံး တစ်သံတည်းညီညီညာညာထွက်ကျသွားသည်။ ။
.............................
ထုံးစံအတိုင်း...ဆက်ရန် ... :P
အလွမ်းနဲ့ပဲပန်းတွေကိုပွင့်စေလိုက်တယ် ၎
အလွမ်းနဲ့ပဲ ပန်းတွေကိုပွင့်စေလိုက်တယ် ၃
လမ်းတစ်လျှောက်လုံးဖေါအဲငြိမ်ချက်သားကောင်းလှသည်
ကောင်လေးလည်းဘာစကားစပြောရမည်မသိသဖြင့်စက်ဘီးကိုပဲဖိနင်းနေသည်။
စိုင်းထီးဆိုင်သီချင်းထဲကလို“မောရဲ့လား”ဟုလှမ်းမေးရင်ကောင်းမည်ဟု စိတ်ကူးယဉ်မိသည်။
အဲလိုမေးလာခဲ့ရင်“မောတော့မောတာပေါ့ ဒါပေမယ့်”ဆိုပြီးသီချင်းထဲကအတိုင်းပြန်ဖြေချင်နေသည်။
သို့သော်လည်း အသံသည်ပြုပါများရင်
ကုန်တတ်သည်အမှတ်ဖြင့်ခြွေတာနေပုံရသောကောင်မလေးဆီက ဘာအသံမှထွက်မလာပါချေ။
ယုတ်စွအဆုံးသူ့နာမည်ကိုပင်မမေး လုံးဝတုံဏိဘာဝေ ထို့ကြောင့်သူ့ကိုသူပဲအရင်စမိတ်ဆက်လိုက်ရသည်။
“ကျနော့်နာမည် ဝေလင်းပါ”
“သြော် အင်း”
အနောက်ကဖေါအဲ အသံကဝတ်ကျေတန်းကျေအသံမျိုး။
“နင်ကဖေါအဲနော်”
“အင်း”
“ဖေါအဲဆိုတော့ ပန်းတွေချစ်တတ်မှာပေါ့နော်”
“မချစ်ဘူး လွှင့်ကိုပစ်တာ”
“ဟောဗျာ”
ဝေလင်းဆိုတဲ့ကောင်လေးဘာသာပြန်လွဲသွားပြီထင်သည်။
တအောင့်လောက်ကြာတော့ ဖေါအဲဆီမှရယ်သံတိုးတိုးလေးထွက်လာသည် ။
“ဘာရယ်တာလဲဟ”
“သြော်…နင့်နာမည်က ဝေလင်းဆိုတော့ ဝေလီဆိုတဲ့အစ်ကိုတစ်ယောက်ရှိဦးမှာပေါ့နော် နင်တို့နှစ်ယောက်ကို မနက်စောစောကြီးမှာမွေးခဲ့တာဖြစ်မယ် ခစ် ခစ်”
ဒီလိုကျတော့လည်းကောင်မလေးပျော်တတ်သား ပေါ့ပေါ့ပါးပါးရယ်သံကြောင့် ဝေလင်းပျော်သွားသည် ။
ရေမြေအဆုံးကိုဖေါအဲသွားစေချင်ဦးတော့ ရောက်အောင်ပို့မည်ဟုလည်းစိတ်ပိုင်းဖြတ်မိလေသည်။
…………………
အပြုံးငွေ့ငွေ့လေးဖြင့်ကျေးဇူးတင်ကြောင်းပြောခဲ့တာတွေ အိမ်လာလည်ဖို့ဖတ်ခေါ်ခဲ့တာတွေ ပြန်တွေးတိုင်းဝေလင်းကြည်နူးရသည်။
“ကောင်မလေးရေ ငါဘာမှမသိသေးတဲ့မင်းရဲ့အကြောင်းကို စဉ်းစားလိုက်ရုံပဲ ငါ့ရင်ငွေ့တွေက အရောင်တဖိတ်ဖိတ်လက်တဲ့ ကောင်းကင်ကြီးတစ်ခုလိုသာလို့မောလို့ပေါ့ဟာ နင်ကတော့ငါ့ကောင်းကင်မှာ လမင်းလာလုပ်နော် သာလိုကသာနိုင်တယ် မိုက်လိုက မိုက်နိုင်တယ် နင်မကြိုက်ဘူးဆိုရင် ကြယ်တွေအားလုံးကိုတောင်ငါခြွေချပစ်လိုက်ပါ့မယ် ငါ့ရဲ့ရင်ဘတ်ကောင်းကင်မှာ နေ့ဆိုတာလည်းမရှိစေရဘူး လမင်းကလေး မင်းအတွက် ညချည်းသက်သက်ဖြစ်ပေးပါ့မယ်ကွယ်”
…………………
ခြံထွက်အသီးအနှံများအားဖေါအဲတို့ရွာဘက်သို့ပို့ပေးရသည့်နေ့တွင်ဝေလင်းပျော်နေသည် ။
ထုံးစံအတိုင်းအားလုံးပြီးတော့ သေသေချာချာမှတ်ထားသည့်ဖေါအဲတို့အိမ်ဘက်လှည့်သည်။ အိမ်နားနီးလာလေလေ သူ့ရင်ခုန်သံတွေကစဥ့်ကလျားဖြစ်လေဖြစ်သည် ။ အိမ်နားရောက်လာတော့ ပထမဆုံးတွေ့လိုက်ရသူက ဖေါအဲမဟုတ်ပါ ဖေါအဲတို့နှင့်ဘယ်လိုတော်စပ်သည်မသိရသည့်အဒေါ်ကြီး
တစ်ယောက်ဖြစ်သည်။ သူဘာမှမမေးရခင်မှာပဲ ထိုအဒေါ်ကြီးက ကရင်သံဝဲဝဲနှင့်ဆီးမေးသည်..
“နင် အရင်တစ်ခေါက်ဖေါအဲကိုလိုက်ပို့တဲ့ “ဝေလီ”ဆိုတာလား”
“အယ်…ဝေလင်းပါဗျ”
“သြော်….ဟုတ်လား မသိပါဘူးကွယ် ဖေါအောပြောတာငါနားကြားလွဲသွားတာဖြစ်မယ် နင်ကချောသားပဲနော်”
“သြော် အဟီးး ဟုတ်လား”
“သေသွားတဲ့စောအောင်နိုင်နဲ့တောင်တူသေးတော့”
“ဗျာ”
“သူကနင့်လိုပဲဖြူဖြူချောချော ဒါပေမယ့်ရည်းစားတစ်အားရှုပ်တယ်”
ဝေလင်းစက်ဘီးတစ်စီးနှင့်မိုးတိုးမတ်တတ်အနေအထားမှနားထောင်နေရခြင်းဖြစ်သည် အဒေါ်ကြီးဆိုသူက သူ့အား အိမ်ထဲဝင်ထိုင်ရန်ခေါ်ဖို့မေ့နေပုံရသည် စကားကိုပဲ အသံဝဲဝဲဖြင့်ဆက်ပြောသည်...
“သူကအဲလိုပဲရုပ်ချော အပြောကောင်း မိန်းကလေးတွေကျတာပေါ့ ရည်းစားဆိုတာကလည်း ဟိုနားတစ်ယောက် ဒီနားတစ်ယောက် ရှိသမျှရွာတွေပတ်ပြီးထားနေတာ တနေ့ကျတော့ ငါတို့ရွာနဲ့တော်တော်လေးလှမ်းတဲ့အထက်ရွာဘက်က ကောင်မလေးတစ်ယောက်နဲ့ရည်းစားဖြစ်တယ် ပြောကြတာတော့ ကောင်မလေးရဲ့အဖိုးက ပညာသည်ဆိုပဲ တစ်အားစွမ်းတာ တစ်ရွာလုံးလည်းကြောက်ကြတယ် စောအောင်နိုင်ကသူ့ထုံးစံအတိုင်း အဲဒီကောင်မလေးကိုမကြာခင်မှာပဲ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့အဆက်အသွယ်ဖြတ်လိုက်တယ် ကောင်မလေးက ရည်းစားဦးဆိုတော့ အသဲကွဲပြီးရူးမတတ်ခံစားရတာပေါ့”
“အဲဒီမှာမြေးကိုတစ်အားချစ်တဲ့ ကောင်မလေးရဲ့အဖိုးက ဘယ်လိုလုပ်လိုက်လဲမသိဘူး စောအောင်နိုင်တစ်ယောက်သွက်သွက်ခါအောင်ရူးသွားတယ် ကိုယ်ပေါ်မှာအဝတ်မကပ်ဘဲရွာတွေထဲလျှောက်သွားတယ် သူ့အဖေအမေတွေဆိုဆရာအမျိုးမျိုးခေါ်ပြီးကုတာပဲပေါ့ ဟိုအဖိုးကြီးကိုလည်းသွားတောင်းပန်ကြတယ် ဒါပေမယ့်အဖိုးကြီးက ဒီကိစ္စသူနဲ့မဆိုင်ဘူး သူဘာမှလည်းလုပ်မထားဘူးဆိုပြီးငြင်းလွှတ်တယ် အဲလိုဖြစ်ပြီးမကြာဘူး ရေတွင်းပျက်တစ်ခုထဲကျပြီးဂုတ်ကျိုးသေနေတဲ့ စောအောင်နိုင်ရဲ့အလောင်းကိုတွေ့ရ
တော့တာပဲ ညဘက်အိမ်သားတွေမသိလိုက်ဘဲရူးပြီးလျှောက်သွားတာကနေ ပြုတ်ကျတာတဲ့ သတိထားစရာပဲပေါ့ ငါတော့ နင့်လိုကောင်လေးတွေတွေ့ရင်အဲဒီအကြောင်းဥပမာထားပြီးဆုံးမ
ရတာပဲ ပြောရဦးမယ် ဖေါ်အဲက ငါ့တူမလေ နင်အခုဘာလာလုပ်တာလဲ”
စကားကိုရှည်လျှားထွေပြားစွာပြောပြီးနောက် သူ့ကိုယ်သူ ဖေါအဲ၏အဒေါ်မှန်းသိစေရန်မိတ်ဆက်ပြီး
တစ်ဆက်တည်းဘာလာလုပ်တာလဲဟုမေးသည်။ “အဒေါ့်တူမကိုလာကြောင်မလို့ပါဗျ”ဟုဖြေရန်မသင့်တော်မှန်းဝေလင်းသိပါသည်။ အဲလိုဖြေလိုက်မှပဲ “ငါကလည်းပညာသည်ပဲ”ဟုအဒေါ်ကြီးဆိုသူက ပြန်အော်ပြောလျှင်ပြေးပေါက်မှားကိန်းဖြစ်သည်။ ထို့ကြောင့်ပဲစကားကိုစကားနှင့်တူအောင်ကြည့်ကျက်ပြောရလေသည်။
“ကျနော်ဟိုဘက်ထိပ်အိမ်ကိုအသီးအနှံတွေလာပို့တာဗျ အဲဒါ သတိရလာတာနဲ့ ဖေါအဲများရှိမလားဆိုပြီး”
“ရှိပါတယ်ရှင်....ရှိပါတယ်..အိမ်ထဲကြွပါဦး”
သူ့စကားပင်မဆုံးလိုက် ၊ အိမ်ပေါက်ဝလှေကားမှရုတ်တရက်ထွက်ပေါ်ဘာသည့်အသံတစ်ခုကြောင့် ဝေလင်းရင်ထဲနှင်းအစင်းစင်းပြိုကျလာသလိုချမ်းမြလင်းမြေ့သွားရသည်. ။
မော့ကြည့်လိုက်တော့နှုတ်ခမ်းထက်မှာအပြုံးတစ်စကိုအလှပဆုံးထွန်းညှိလျှက်သူ့အားမျက်ဝန်း
တောက်တောက်များဖြင့်လှမ်းကြည့်နေသည့်ဖေါအဲ။ အဒေါ်ကြီးဆိုသူကစိတ်ကြိုက်လေပေါလိုက်ရပြီဖြစ်သဖြင့်အိမ်နောက်ဘက်သို့ဝင်ရောက်
ပျောက်ကွယ်သွားပြီဖြစ်သည်။
အိမ်ပေါ်သူတက်သွားတော့ ဖေါ်အဲက အိမ်ကြမ်းခင်းကိုကြက်တောင်မွှေးတစ်မြက်စည်းဖြင့်ကောက်ကာငင်ကာထလှည်းသည် အိမ်ခင်းပျဉ်ပြားများသည် အကြိမ်ကြိမ်အခါခါဖယောင်းတိုက်ထားမှုကြောင့်မဲနက်တောက်ပြောင်ကာ ကိုယ့်အရိပ်တောင် ကိုယ်ပြန်မြင်ရသလောက်ဖြစ်သည်။
တံမြက်လှည်းနေရင်းမှထိုင်နေသည့်ဝေလင်းကိုစကားလှည့်ပြောသည်
“နင်လာလို့ တံမြက်စည်းထလှဲတာဟ”
“အေးလေ နင့်အိမ်ကြမ်းခင်းကဒီလောက်တောင်ပြောင်လက်နေတာ လှည်းစရာလိုသေးလို့လား”
“ငါအမေငါ့ကိုပြောဖူးတယ်ဟ သူတို့ငယ်ငယ်ကပေါ့ အိမ်ကိုဧည့်သည်လာရင် ဆံပင်မဖြီးရဲဘူးတဲ့ အိမ်ကြမ်းပြင်ကိုလည်းဆံပင်အစတွေတစ်စက်မှမရှိအောင်လှည်းကျင်းရတယ်တဲ့ လာတဲ့ဧည့်သည်တွေထဲက ကိုယ့်ကိုမကျေနပ်တဲ့လူတွေရှိနေရင် မတော်ကိုယ့်ရဲ့ဆံပင်တစ်ချောင်းသူတို့ရသွားရင် ကိုယ်ဒုက္ခရောက်ပြီတဲ့”
ဖေါအဲစကားကအဆန်းဖြစ်သည် ဝေလင်းလည်းစိတ်ဝင်စားသွားရသည် သို့သော် သူသည် ရင်ဘတ်နောက်ကွယ်ကနှလုံးသားတစ်ခုကိုအရင်းပြုပြီးအလည်လာသည့်ဧည့်သည်တစ်ယောက်သာ
ဖြစ်ကြောင်းကိုတော့ နောက်မှဖေါအဲသိအောင်ပြောပြရပေဦးမည်။
ဖေါအဲကဖြောင့်စင်းသွယ်လျသည့်သူ့ဆံပင်များအား လက်တစ်ဘက်ဖြင့်သပ်တင်လျှက်စကားဆက်သည်..
“အဲဒီဆံပင်တစ်ချောင်းကိုယူပြီး ညောင်ပင်တစ်ပင်ရဲ့ အရွက်မှာထုတ်ချင်းဖေါက်ပြီး ချည်လိုက်တယ် နောက်ပြီး သူတို့တတ်ကျွမ်းတဲ့မန္တာန်တစ်ပုဒ်နဲ့ရွတ်လိုက်တယ်ဆိုရင် အဲဒီဆံပင်ပိုင်ရှင်မိန်းကလေးကဒုက္ခရောက်ရောတဲ့ ဆံပင်နဲ့သပ်လျှိုထားတဲ့ညောင်ရွက်ကိုလေတိုက်လို့လှုပ်
တာနဲ့ အဲဒီမိန်းကလေး နဂိုစိတ်တွေပျောက်ပြီးရူးတော့တာပဲ”
“ကြောက်စရာကြီးပါလားဟာ”
ဝေလင်းကတအံ့တသြပြန်ပြောသည်။ တစ်ကယ်လည်းပဲအံ့သြနေသည် ယခုလိုကိစ္စမျိုးသူမကြားဖူးသေးချေ။
“ထူးဆန်းတာက လေတိုက်တာရပ်သွားလို့ညောင်ရွက်ကလေးမလှုပ်တော့ရင် လူကနဂိုစိတ်ပြန်ဝင်ပြန်ရောတဲ့ စောစောကဘာတွေဖြစ်ခဲ့လဲဆိုတာလည်းမသိတော့ဘူးတဲ့ ဆိုတော့ဟာ အဲဒီညောင်ရွက်မကြွေမချင်းကို လေတိုက်တာနဲ့ဆံပင်ပိုင်ရှင်ကရူးရမယ့်သဘောပဲ နောက်ပြီးအဲဒီညောင်ရွက်မကြွေခင်ပဲ တစ်ချို့တွေကသေသွားကြတယ်”
စကားကိုအဆုံးသတ်ပြီးနောက် တအံ့တသြဖြစ်နေသည့်ဝေလင်းအားနက်နဲသည့်အပြုံးတစ်စဖြင့်
ဖေါအဲလှမ်းကြည့်လိုက်သည်။
………………
ထိုည လမင်းကိုမော့ကြည့်ရသည်မှာ အေးတိအေးစက်နိုင်လှသည်ဟု ဝေလင်းထင်သည်၊လမင်းကိုတစ်စုံတစ်ဦးက
မန္တာန်ဖြင့်ရွတ်ဖတ်ကာ ထုတ်ချင်းဖေါက်ပြီး ဆံပင်တစ်ချောင်း သပ်လျှိုထားသလိုခံစားရသည်။ ထိုဆံပင်သည် ဘယ်သူ့ဆံပင်လည်းတော့ အတိအကျမသိနိုင်သေးပါ ဘာပဲဖြစ်ဖြစ် လမင်းကိုလေမတိုက်ဖို့တော့ ဝေလင်းဆုတောင်းမိလေသည်။ ။
...........................
ဆက်ရန်...............
အလွမ်းနဲ့ပဲ ပန်းတွေကိုပွင့်စေလိုက်တယ် ၂
ထိုည အိပ်မက်တွင်ကောင်လေးသည် မြားနတ်မောင်ဆိုသူနှင့်တွေ့လေသည်၊ မြားနတ်မောင်က ကလေးမဟုတ်ဘဲ လူကြီးဖြစ်နေသည် နှုတ်ခမ်းမွှေးကလည်းပါလိုက်သေးသည် ဗမာကြီးမို့လို့လားမသိ ခေါင်းတောင်းကျိုက်ကြီးနှင့်ဖြစ်သည်။ အတောင်ပံလည်းမပါပါချေ။ ခုန်ဆွ ခုန်ဆွလုပ်ပြီး တွေ့ကရလူကိုလက်ထဲကမြားဖြင့်လျှောက်ပစ်နေ၏။
“ဒီမှာ ဒီမှာ”
လူတွေကြားထဲ ဟိုခုန် ဒီခုန်လုပ်နေသော မြားနတ်မောင်ကို ကောင်လေးက လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။
“ဘာကိစ္စတုန်းမောင်ရင်လေးရဲ့”
“ကိစ္စကတော့ ခင်ဗျားကျနော့ကို ဘာတွေလုပ်ထားတယ်ဆိုတာပဲ”
ကောင်လေးသည်ပြောလည်းပြော ဒဏ်ရာရထားသည့်သူ့ဘယ်ဘက်ရင်အုံကိုလည်းမကျေမချမ်းဖြင့်လက်ညှိုးထိုးပြလိုက်၏။
“ဒီမှာမောင်ရင်လေး အဲဒီမြားလေးတစ်ချောင်းပစ်ဖို့ ဆယ့်ကိုးနှစ်တိတိ ကျုပ်စောင့်လာခဲ့ရတယ်ကွယ့်
မလွန်တန်ပါဘူးနော်”
မြားနတ်မောင်ကြီးကအသံပြေပြေကလေးဖြင့်ပြန်ပြောသည်။
“နေစမ်းပါဦး ကျနော့်ကိုမှဘာကိစ္စအရင်ပစ်ရတာလဲ ကောင်မလေးကိုပဲအရင်ပစ်လိုက်ပါတော့လား”
သူ့စကားကြားတော့ မြားနတ်မောင်က ဟက်ခနဲ တစ်ချက်ရယ်သည်...
“ဒါကတော့ကောင်လေးရေ lady firstဆိုတဲ့ဥပဒေသဘောအရပေါ့ကွာ အရာရာမှာ မိန်းကလေးတွေကိုဦးစားပေးရတယ်ကွ အထူးသဖြင့်ဒီချစ်ရေး ချစ်ရာပေါ့ကွာ ကောင်မလေးအများကြီးမူလို့ရအောင် အများကြီးရွေးခွင့်ရှိအောင်ပေါ့ ကောင်မလေးကစချစ်ရင် မင်းငပျင်းကြီးဖြစ်နေလိမ့်မယ်ကွဲ့ အဲဒါကြောင့် မင်းကိုပဲစချစ်ခိုင်းလိုက်တယ် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်ကြိုးစားပေတော့ ဟိုက ယောင်္ကျားတွေကို ခေါင်းခေါက်ယူမယ်ဆိုရင် မျက်နှာငယ်လေးနဲ့ ကျနော့ခေါင်းကိုခေါက်လှည့်ပါခင်ဗျဆိုပြီးမင်းခေါင်းသွားထိုးပေးလိုက်ပေါ့ ငိုပြသင့်လည်းငိုပြပလိုက် လိုအပ်ရင်ဒူးထောက်သင့်လည်း ထောက်ပလိုက်၊ ဟားဟားဟား”
ကောင်လေးစိတ်တိုလာပြီဖြစ်သည်။ တိုလာသည့်စိတ်နှင့်ပဲဆက်ပြီးလျှာရှည်သည်....
“ကျနော်မသိလိုက်တာရှိတယ် မြားကဘယ်ချိန်ကျနော့်ရင်ဝကိုလာမှန်ခဲ့တာလဲ”
“အေး ပြောပြမယ် မင်းကိုထိတဲ့မြားကတော့ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီးရမ်းသမ်းပြီးငါပစ်တင်လိုက်တာ မင်းကပက်လက်ကြီးအိပ်နေချိန်နဲ့တိုးသွားတော့ မြားအကျမှာ မင်းရင်ဝကိုတန်းထိတာပဲ”
“ဘာ”
တော်တော်ပစ်စလက်ခတ်နိုင်သည့် မြားနတ်မောင်ကြီးပဲဖြစ်သည် …တော်သေးတယ် အအိပ်ဆော့ပြီးဖင်ထောင်မအိပ်မိလို့ ။
…………………….....
တိမ်ဖြူတွေ အဆုပ်လိုက်ပွင့်သည့် နံနက်ခင်းတစ်ခုတွင်ကောင်လေးအိပ်ယာမှနိုးလာခဲ့သည်။
နုနုနွေးနွေးနေခြည်သည် ကောင်လေးတို့ရွာငယ်တစ်ခုလုံးကို ရွှေရည်ဖြင့်သုတ်လိမ်းထား၏ ။
အတန်းလိုက်ပစ်ချထားသည့်နေရောင်ခြည်အောက်တွင် နွေဦးပန်းပွင့်များ ဟိုမှ သည်မှ အပြိုင်းအရိုင်းပွင့်သစ်ကုန်ချေပြီ ။ နွေတေးသီငှက်တို့နှင့်အတူ လေထုထဲရစ်သီဖွဲ့ကာထုံမွှန်းနေသည့်နွေပန်းရနံ့များက ရွာငယ်လေးကို ပနံတင့်စေလျှက်ရှိသည်။
“မင်္ဂလာပါ ကောင်းသောနံနက်ခင်းလေးပါ ဖေါအဲရေ”
သူ့ကောင်းကင်တစ်ခုတည်းကိုသာ ကွက်ကွက်ကလေးသာပေးသည့် ညကလမင်းလေးကိုတိုင်တည်နှုတ်ခွန်းဆက်မိသည် ခက်တော့လည်းခက်ပါသည် ဘယ်မှာနေမှန်းပင်မသိရ
“ငါလည်းရူးလိုက်တာလေ”
တစ်ယောက်တည်းပြောပြီးပြုံးမိပြန်သည်။
ကောင်လေးအဖေဖြစ်သူက သားအိပ်ရေးပျက်မှာစိုး၍မနှိုးတော့ဘဲစောစောစီးစီးခြံထဲဆင်းသွားပြီ ဖြစ်သည်။အမေကတော့မီးဖိုချောင်မှာထုံးစံအတိုင်းအလုပ်ရှုပ်နေသည် တစ်ဦးတည်းသောသားမို့မိဘများကအလိုလိုက်သည် မချမ်းသာသော်လည်း လူလိုသူလို
တော့ နေနိုင်ကြလေသည်။ အဓိကအလုပ်မှာ ခြံအလုပ်ဖြစ်သည်။ ဒီနေ့လည်းတဘက်ရွာမှယူစရာအကြွေးများရှိသည်ဆို၍ ရေမိုးချိုးအဝတ်အစားလဲကာ အမေ့လက်ရာဟင်းနှင့်ထမင်းစားပြီးတက်သုတ်ရိုက်ထွက်လာခဲ့သည်။
တနာရီကျော်ကျော်မျှစက်ဘီးနင်းရသည် ရောက်တော့ ယူစရာရှိတာယူပြီး အမေမှာထားသည့်အတိုင်း ခြံထွက်အသီးအနှံအချို့လိုက်ဝယ်သည်။ အားလုံးပြီးတော့ လမ်းဘေးအကြော်ဆိုင်တစ်ခုမှာအဆာပြေဝင်စားနေလိုက်သည်။
ဆိုင်ရှင်အဒေါ်ကြီးက တဖက်ကစက်ဘီးကိုကလိနေသူအားစကားလှမ်းလှမ်းပြောနေသည်။
“ဒုက္ခပါပဲအေ.. အချိန်မှီပြန်ရောက်မှဖြစ်မှာ ဒီနားမှာစက်ဘီးပြင်ဆိုင်ကလည်းမရှိ”
ပြောလည်းပြော အကြော်စားနေသူ ကောင်လေးကိုလည်းကြည့်ပြီး..
“ကောင်လေးနင်ဘယ်ရွာကလဲ ဟိုတစ်ယောက်စက်ဘီးပျက်သွားလို့ နင်လမ်းကြုံရင်တင်သွားပါလားတခါတည်း”
အကြော်သည်အဒေါ်ကြီးစကားကြောင့်ကောင်လေးစိတ်ညစ်သွားသည်
စက်ဘီးကလိနေသူကားသူ့ထက်အသက်နည်းနည်းပိုကြီးသည့်လူငယ်တစ်ယောက်ပဲဖြစ်သည်။
ဝတ်စားထားတာ ပွဲမင်းသားစတိုင်နှင့် မျက်နှာကလည်းပြောင်ချောချော်နိုင်လှသည်။
“ဘယ်ရွာကတုန်းဗျ”
“တောင်ပိုင်းရွာကလေ”
“အာ.. ကျနော့်ရွာနဲ့တခြားစီကိုဗျ”
ရွာအနေအထားကဆန့်ကျင်ဘက်ကြီးဖြစ်သည် အများကြီးမဝေးသော်လည်း အများကြီးလည်းမနီးပါ။
ရှင်းရှင်းပြောရရင် ဒီကောင့်ကိုတင်ချင်စိတ်လည်းမရှိ။
အကြော်သည်ကဆက်လက်လျှာရှည်သည်..
“ဒါမှမဟုတ် လမ်းကြုံသလောက်ပဲခေါ်သွားပေါ့အေ လမ်းခွဲရောက်ရင်သူ့ဘာသာသူဆက်လျှောက်ပါစေပေါ့”
“အာ..မဖြစ်ဘူးဗျ ဒီမှာခြံထွက်ပစ္စည်းတွေဝယ်လာတယ် နောက်ခုံကမလွတ်ဘူး”
အပြတ်အသားပဲငြင်းလွတ်လိုက်သည်။
“အင်းပေါ့လေ …ဒါဆိုလည်းဘယ်တတ်နိုင်မလဲ မောင်စိုးရေ သူ့စက်ဘီးဒီတိုင်းသာထားလိုက် နင်ကိုတိုင်ပဲလိုက်ပို့လိုက်တော့”
ထိုစကားကိုကြားတော့ မောင်စိုးဟုအခေါ်ခံရသော စက်ဘီးကိုတတ်သလိုလို နှပ်သလိုလိုနှင့်လျှောက်လုပ်နေသူသည် ဝမ်းသာအားရဖြစ်သွားပုံရသည်။ကောင်လေးနည်းနည်းကြောင်သွားသည် သူ့ကိုပို့ရမှာမဟုတ်ဘူးကိုး ဘယ်သူများပါလိမ့်စက်ဘီးပေါက်နေတာ... ဟိုဒီဝေ့ဝဲကြည့်လိုက်တော့...တွေ့ရပါပြီကော....
လမင်းက ညအခင်းမှာမသာဘဲ နေ့ခင်းကြောင်တောင်ကြီးသာနေသည်...
ကောင်မလေးးး
ဖေါအဲဆိုတဲ့ကောင်မလေးရယ်လေ...
တွေ့မယ့်တွေ့တော့လည်းဒီနေရာမှာလာတွေ့ရတယ် ကောင်လေးဝမ်းသာလိုက်သည်မှာဆိုဖွယ်မရှိတော့ ကောင်မလေးအားမွတ်သိပ်စွာစိုက်ကြည့်နေမိသည် ကြော့ကြော့ရှင်းရှင်းကိုယ်နေဟန်၊ ဖြူစင်ဝင်းပသည့်အသားအရည်နှင့်ပခုံးထက်နဲနဲကျော်ရှည်သောနက်မှောင်ဖြောင့်စင်းသည့်ဆံပင်၊
မထူလွန်းမပါးလွန်းသောမျက်ခုံး၊ဖြောင့်စင်းသည့်နှာတံ၊ညှို့အားပြင်းပြင်းမျက်ဝန်း၊နီနီထွေးထွေးနှုတ်ခမ်းအစုံနှင့် ရင်ဘတ်နောက်မှာအသဲနှလုံးပါသူပုရိသတိုင်းကို ခေါက်ခနဲ ပစ်ခွေလဲကျသွားအောင် ဖမ်းစားနိုင်လွန်းသည့်အလှပဲဖြစ်သည်။
သူနဲ့မလှမ်းမကမ်းက သစ်မြစ်ဆုံကြီးတစ်ခုပေါ်မှာ အစကတည်းကကောင်မလေးထိုင်နေခြင်းဖြစ်သည် သူကမမြင်တာပဲဖြစ်သည် မြင်လည်းမြင်ရော မျက်တောင်လေးတချက်ခတ်ဖို့ကိုပင်နှမျောလာမိသည်
ပြူးပြဲကြည့်နေသူကောင်လေးနှင့်ဖေါအဲတို့တချက်အကြည့်ချင်းဆုံသွားသည် သို့သော်လည်းဖေါအဲကချက်ချင်းပင်မျက်နှာပြန်လွဲလိုက်ပြီးခပ်ဝေးဝေးတနေရာသို့သာမမှိတ်မသုန်ပြန်ငေး
ကာ လက်ထဲကကွာစေ့ကိုတဂျောက်ဂျောက်မြည်အောင်ကိုက်လိုက်ထွေးလိုက်လုပ်နေပြန်သည်
“ကောင်မလေးငါ့ကိုမမှတ်မိဘူးထင်တယ် အကြည့်ကလည်းအေးတိအေးစက်နိုင်လိုက်တာ ချက်ချင်းကြီးမျက်နှာလွှဲပစ်ရက်တယ်....ကောင်မလေးရေ...ကောင်မလေးရေ”
......................
“ကဲဒါဆိုလည်း ကျနော်အဝတ်အစားလဲလိုက်မယ် သူ့စက်ဘီးကိုတော့လောလောဆည်ဒီမှာပဲထားထားရမယ်”
မောင်စိုးဆိုသူသည်ပြောလည်းပြောပြီးအိမ်ပြန်အဝတ်အစားလဲရန်ထိုနေရာမှဝှီးကနဲပျောက်ထွက်သွားသည်။
ကောင်လေးအကြီးအကျယ်နောင်တရနေချေပြီ အစကတည်းကတင်ခေါ်ခွင့်ရမယ့်ကိစ္စကြီး ကိုယ်တိုင်ကအသုံးမကျတာ ဘာပဲဖြစ်ဖြစ်ဖေါအဲကိုဒီကောင့်စက်ဘီးနောက်တော့အပါမခံနိုင်...
ဘာကောင်မှန်းလည်းမသိ အငြိမ့်တွေထဲကလူပြက်ကြီးရုပ်နှင့်
“ဟိုလေ..ဘယ်လိုပြောရမလဲ အပန်းမကြီးဘူးလို့ထင်တယ် ကျနော်ပဲလိုက်ပို့လိုက်မယ်လေ”
အဒေါ်ကြီးကိုမျက်နှာချိုပြန်သွေးနေလိုက်ရသည်
အဒေါ်ကြီးသည်ချက်ချင်းကြီးပြောင်းလဲသွားသူကောင်လေးအားထူးဆန်းသလိုကြည့်ပြီး....
“ဘယ်ဖြစ်မှာလဲ နင်တို့ရွာနဲ့ဆန့်ကျင်ဘက်ကြီးလေ ကောင်လေးရဲ့”
“အာ ရပါတယ် ကူညီလိုက်ပါ့မယ် အချင်းချင်းတွေပဲ”
“အချင်းချင်း ဟုတ်လား ဖေါအဲနဲ့နင်နဲ့ခင်လို့လား”
အဒေါ်ကြီးသည် ခုကျမှလျှာကရှည်နေပြန်ပြီ
“ခင်တာ မခင်တာထက် ကိုယ့်လူမျိုးအချင်းချင်း ကူညီတဲ့သဘောပါဗျ”
“လူမျိုးအချင်းချင်း ဟုတ်လား နင်က ကရင်လည်းမဟုတ်ဘဲနဲ့”
ခက်ပြီဒီအဒေါ်ကြီးနဲ့ အခက်ကြီးခက်ပြီ စောစောကအကောင်းကြီး ခုမှမကောင်းကြီးဖြစ်ပြီ သံညှပ်ကြီးနဲ့သာ အကြော်သည်အဒေါ်ကြီးရဲ့ဗိုက်ခေါက်ကိုဖမ်းလိမ်ပြီး မှတ်ပလားဟ မှတ်ပလားဟ ဟုအော်ကာရန်တွေ့လိုက်ချင်နေတော့သည်။
“အဒေါ်ရယ် လူမျိုးတူတာ မတူတာကအရေးမကြီးပါဘူး တစ်ကယ်တော့ ကျနော်တို့ဟာ တစ်မိုးအောက်တည်းကလူတွေပါဗျာ”
“တစ်မိုးအောက် ဟုတ်လား နင်တို့တစ်အိမ်တည်းနေနေကြလို့လား မကြားမိပါဘူး ဖေါအဲတို့အမေနဲ့ငါနဲ့ခင်သားပဲ တခါမှမပြောပါလား”
ကဗျာဆန်ဆန်ပြောလိုက်မိကာမှပိုဆိုးပြီ
“မေ့နေလို့ဗျ ကျနော်လည်းသူတို့ရွာဘက်သွားဖို့ရှိသေးတယ် စောစောကမေ့နေတာ ခုမှပြန်သတိရတာ ကျနော်ပဲအိမ်အရောက်ပို့လိုက်ပါ့မယ်”
“သြော် ကောင်လေးကလည်း နင့်နောက်ထိုင်ခုံကမလွတ်ဘူးလေ ဝယ်ထားတာတွေဘယ်နားသွားချိတ်မတုန်း”
ဒီအဒေါ်ကြီးတော့ပြဿနာပဲဟုကောင်လေးတွေးနေမိသည်
ရာဇဝင်ထဲက ပန်းပဲမောင်တင့်တယ်ကိုင်သည့်တူကြီးကိုသာခဏငှားပြီး အကြော်သည်အဒေါ်ကြီးကို မှတ်ပလားဟ မှတ်ပလားဟ ဟုအော်ပြီး ပုထွက်သွားအောင်ထုချင်နေတော့သည်။
ကောင်မလေးကိုလှမ်းကြည့်လိုက်တော့သူ့ထုံးစံအတိုင်း ကွာစေ့ကိုတဂျောက်ဂျောက်ကိုက်လျှက် ဘာမှစိတ်မဝင်စားသလိုနဲ့တနေရာရာကိုငေးနေဆဲ။
ထိုစဉ်အခိုက် စက်ဘီးအသစ် အဝတ်အစားအသစ်နှင့်မောင်စိုးပြန်ရောက်လာသည် ။
ရုတ်တရက် အဒေါ်ကြီးကဘာစိတ်ကူးပေါက်သွားသည်မသိ
မောင်စိုးဘက်လှည့်ပြီး “နင်မအားရင်လည်းမပို့နဲ့တော့”ဟုပြောသည်
ပြီးနောက်ဖေါအဲဘက်ကိုလှမ်းပြီးအသံအကျယ်ကြီးဖြင့်...
“ဖေါအဲရေ ဒီမှာကောင်လေးတစ်ယောက်နင့်ကိုလိုက်ပို့ချင်နေလို့တဲ့”
ကောင်လေးနည်းနည်းညစ်သွားသည် တော်တော်စကားမတတ်တဲ့အဒေါ်ကြီးပဲဖြစ်သည်
သူပြောစေချင်တာကတမျိုး လမ်းကြုံလို့လိုက်ပို့မှာဖြစ်ဖြစ်၊ အခက်အခဲဖြစ်နေသည်ကိုကူညီသည့်သဘောမျိုးပဲဖြစ်ဖြစ် ပြောစေချင်သည် ခုပြောလိုက်ပုံက သူက မရမက အတင်းပို့မယ်မှန်းသိသာနေသည်။ ဒီတစ်ခါဘာမှမစဉ်းစားချင်တော့ ရမ်ဘိုကြီးရဲ့လောင်ချာကိုသာယူပြီး အဒေါ်ကြီးကိုရော သူ့အကြော်တဲလေးကိုပါ ပျောက်ထွက်သွားအောင်“အုန်း”ကနဲပစ်ထည့်လိုက်ချင်နေတော့သည်။
ဒေါ်ကြီးစကားကြောင့်ဖေါအဲကသူ့ကိုတစ်ချက်လှည့်ကြည့်သည် သို့သော် ချက်ချင်းပင်မျက်နှာပြန်လွှဲသွားပြန်သည်။ ကောင်လေးရင်ထဲဟာတာတာကြီးဖြစ်ကျန်ခဲ့သည်
“ကောင်မလေးငါ့ကိုလုံးဝအသိအမှတ်မပြုပါလား” တစ်ယောက်တည်းအသံတိတ်ရေရွတ်ရင်းအလိုလိုဝမ်းနည်းနေမိသည်။
မောင်စိုးက ကောင်လေးအား မကျေနပ်သည့်ပုံစံဖြင့် ရှုတင်းတင်းမျက်လုံးစွေကြည့်သည် ကောင်လေးကလည်းမောင်စိုးအား ဂရုမစိုက်သည့်ပုံစံဖြင့်ရှုတည်တည်မျက်လုံးစောင်းကြည့်သည် (အကြည့်နှစ်ခုကိုပေါင်းသော် ငစွေနှင့်ငစောင်းဟုအမည်ထွက်မည်ဖြစ်သည်)
“ရပါတယ်ဒေါ်ဒေါ်ရဲ့ဖေါအဲအတွက်ပဲ အားပေးရမှာပေါ့ ကျနော့အလုပ်ကအရေးမကြီးပါဘူး
လာဖေါအဲ ငါလိုက်ပို့မယ်”
မောင်စိုးကနာမည်နှင့်လိုက်အောင်ပိုင်စိုးပိုင်နင်းနှင့်လှမ်းခေါ်လိုက်သည်။ ကောင်မလေးကလည်းမတ်ထတ်ထပ်ရပ်လိုက်သည် သွားပြီ ကောင်မလေးလိုက်သွားတော့မည်
ကောင်လေးပို့ခွင့်မရှိတော့ လိုက်မပို့နိုင်တော့
မောင်စိုးဆိုတဲ့ကောင် လိုက်ပို့ရတာကိုအခွင့်အရေးယူပြီးဖေါအဲကိုလမ်းမှာရည်းစားစကားပြောမလားမသိ
ဖေါအဲကလည်းအားနာနာနှင့်ဘာတွေပြန်ပြောလိမ့်မလဲမသိ၊ ဘာမှန်းမသိ စဉ်းစားရုံနှင့်ပင်အစိပ်စိပ်အမွှာမွှာဖြစ်အောင်ကြေကွဲပစ်ဖို့ကောင်းနေပြီ ။ သေစမ်းဆိုပြီးအကြော်တဲတိုင်နှင့်သာ ကိုယ့်နဖူးကိုယ်ပြေးဆောင့်လိုက်ချင်တော့သည်။
စိတ်လက်မကြည်သာစွာဖြင့်ကောင်လေးအကြော်ဖိုးပိုက်ဆံရှင်းသည်
စိတ်လက်မကြည်သာစွာဖြင့်အကြော်ဆိုင်မှထွက်လာခဲ့သည်
စိတ်လက်မကြည်သာစွာပဲရပ်ထားတဲ့စက်ဘီးထောင့်ကိုဖြုတ်သည် မောင်စိုးနောက်ဖေါအဲလေးပါသွားမယ့်မြင်ကွင်းကိုတော့သူမကြည့်ချင်တော့ ခေါင်းကြီးငိုက်စိုက်နှင့်ပဲ စက်ဘီးကိုထနင်းသည် ။
ထိုစဉ်မှာပဲအဒေါ်ကြီးကိုလှမ်းပြောလိုက်သော ချစ်စရာအသံလေးတစ်ခု
“မောင်စိုးနောက်မလိုက်တော့ပါဘူးအဒေါ်ရေ ရွာမှာသူရည်းစားစကားမပြောဖူးတာဆိုလို့သမီးတစ်ယောက်တည်းကျန်တော့တယ် ခုလိုက်ပို့ရင်းမပြောပါဘူးလို့ဘယ်သူအာမခံရဲလဲ”
အသံကတိုးညှင်းသော်လည်းပြတ်သားသည် လှောင်သံတစ်ဝက်စွက်လျှက်ချစ်ဖို့လည်းအလွန်ကောင်းနေသည်။
ကရဝိတ်ငှက်အသံသာတာ မိုးစွေငှက်အသံသာတာ စာတွေထဲဖတ်ဖူးသည် ဖေါအဲအသံကိုဘယ်စာရင်းထဲထည့်ရလေမည်မသိ
သူ့ကိုရှေ့ထားပြီးပြောချလိုက်သည့်ဖေါအဲ၏စကားကြောင့် မောင်စိုးမှာမျက်နှာမထားတတ်အောင်ဖြစ်သွားသည် စက်ဘီးပြင်ပေးသည့်မျက်နှာမှမထောက်ဟုလည်းတွေးနေပုံရသည် (သူပြင်သော်လည်းပေါက်နေသည့်စက်ဘီးကပြန်မကောင်းပါ)
မောင်စိုးကနာမည်နှင့်လိုက်အောင်ပိုးစိုးပက်စက်ဖြစ်ကျန်တော့မည်ဖြစ်သည်။
မောင်စိုးနောက်မလိုက်ဘူးဆိုတော့သူ့နောက်လိုက်မယ်ပေါ့ ကောင်လေးအလွန်ပျော်သွားသည်
စက်ဘီးကိုလည်းရပ်လိုက်သည်။ စက်ဘီးနောက်ခုံကတိုလီမုတ်စတွေကိုရှေ့ခြင်းသို့အမြန်ပြောင်းထည့်လိုက်သည် ။
အနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့သူ့စက်ဘီးဆီသို့တစ်လှမ်းခြင်းလှမ်းလာနေသည့်
ခြေလှမ်းလှလှလေးများ
(တနည်း) သူ့နှလုံးအိမ်သို့တစ်လှမ်းခြင်းလှမ်းလာနေသည့်ခြေလှမ်းလှလှလေးများအား ဝမ်းမြောက်ဖွယ်တွေ့လိုက်ရတော့သည်။
ဆက်ရန်....ခုလောလောဆည်တော့ သောက်ရန်.. :P
အလွမ်းနဲ့ပဲ ပန်းတွေကိုပွင့်စေလိုက်တယ်
ညသည်နှင်းဝတ်ရုံဖြင့်စိုလဲ့နေ၏ ၊ အရပ်ရှစ်ခွင်လုံးကိုဇာပုဝါအဖြူပါးပါးလေးတစ်ထည်ကလွှမ်းခြုံထားသလို ကြည့်လေမြင်လေရာတိုင်းတွင်နှင်းတွေချည်းအုပ်နှင့်သင်းနှင့်မင်းမူနေကြသည်။
မသိရင်တော့ နွေရာသီဆိုတာ ဒီကမ္ဘာပေါ်မှာ ဘယ်တုန်းကမှမရှိခဲ့ဖူးသလိုပုံစံနှင့်။
ထုံအီသောပန်းရနံ့တချို့လည်းတသုန်သုန်ဖြူးနေသည့်အေးစိမ့်စိမ့်လေထုတွေထဲတွဲခိုကပ်ပါလာ
နေကြသည် ။ချမ်းလွန်းလှသဖြင့်ကောင်လေးအိပ်မပျော်နိုင်ရှာပေ စိတ်ပျက်လက်ပျက်ဖြင့်ကောင်းကင်ကိုမော့ကြည့်မိတော့ ခပ်ဝါးဝါးသာနေသည့်လမင်းကြီးက “ဒါတော့ ငါလည်းမတတ်နိုင်ဘူး”ဆိုသည့်သဘောဖြင့်ကောင်လေးကိုပခုံးနှစ်ဖက်ပြန်တွန့်ပြသည်။
ကောင်လေးနားလည်ပါသည် လမင်းကြီးခမျာ ချမ်းလို့တောင်မှခြုံစရာစောင်မရှိပါ ဝတ်လစ်စလစ်ခန္ဓာကိုယ်နဲ့ပဲ ကောင်းကင်ထောင့်ချိုးတနေရာမှာ ငုတ်တုတ်ကြီး ကပ်နေတာသာကြည့်တော့။
ဒီကြားထဲလူအင်အားတောင့်တင်းသည့်ကြယ်စင်အစုအဝေးက တစ်ကောင်ထီးတည်းလမင်းကြီးကို
စိုးစိုးစီစီမြည်သံပေးပြီးလှောင်နေကြသေးသဖြင့် လမင်းကြီးခမျာ အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရပြန်လေရာသူ့အဖြစ်က ကောင်လေးထက်ဆိုးနေပေသည်။ ဤသို့ဖြင့်…အိပ်မပျော်သောကောင်လေးနှင့် အိပ်မပျော်သောလမင်းတို့သည် ဆောင်းနှင်းပွင့်တွေကို ဘဝဘဝက ငြိုးဘက်ကြီးတွေလို စိမ်းစိမ်းကြီးကြည့်ကာငုတ်တုတ်မိုးလင်းရတော့သည်။
မိုးစင်စင်လင်းတော့ လမင်းကြီးကနှုတ်ဆက်သည်..
“ကောင်လေးရေ မင်းနေခဲ့ပါ ငါတော့အခြားကမ္ဘာတစ်ဖက်ခြမ်းကိုအလင်းပေးဖို့ခရီးနှင်ရဦးတော့မယ် အဲဒီမှာဆောင်းဥတုမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းမိတယ် သွားပြီဟေ့”
လမင်းကြီးထွက်ခွါသွားတော့ ကောင်လေးတစ်ယောက်တည်းငူငူငိုင်ငိုင်ကြီးကျန်ရစ်သည် ထို့နောက် အိမ်နံရံကပြက္ခဒိန်ဆီသို့အကြည့်ရောက်သွားသည် ။
ထို့နောက်သူ့နှုတ်ဖျားမှအသံတိုးတိုးလေးထွက်လာသည်....
“ကောင်မလေးရယ်....မင်းငါ့ကိုခွဲသွားခဲ့တာပဲ ဘာလိုလိုနဲ့သုံးနှစ်ပြည့်တော့မယ်နော်”
………………………….....
ကောင်လေးနဲ့ကောင်မလေးတို့နွေဦးညတစ်ညတွင်ဆုံတွေ့ခဲ့ကြသည်
တစ်နှစ်မှာတစ်ခါကျင်းပမြဲဖြစ်သည့်ကောင်လေးတို့ရွာဘုရားပွဲတွင် ကျောင်းရန်ပုံငွေအတွက် ကာရာအိုကေကိုကောင်လေးစောင့်ပေးရသည့်ညတွင်ဖြစ်သည်။မြို့ပေါ်ကငှားလာသည့်
နာမည်အတန်အသင့်ရှိသည့်ဇာတ်ပွဲဖြင့်ဘုရားပွဲကလူစည်သော်လည်း ကာရာအိုကေဆိုမည့်သူတော့မပေါ်သေး
ဝါသနာရှင်တွေထိုင်ရန်ချပေးထားသည့်စက်ရှေ့ကခုံတန်းတွေကြား ညဦးကတည်းက
ကောင်လေးငုတ်တုတ်ထိုင်နေသည်။
လာမယ့်လာတော့ ပထဦးဆုံးဖောက်သည်က ကုလားကြီးဖြစ်နေသည်
ဒစ်စကိုဒန့်ဆာများဖွင့်ခိုင်းလေမလားဆိုပြီးကောင်လေးနည်းနည်းညစ်သွားသည်။ သို့သော် ကုလားကြီးက
ထွန်းအိန္ဒြာဗိုသီချင်းဖွင့်ခိုင်းပြီး “အား..ယာ…ယာ… အား..ယာ..ယာ…မောင်ဘာကိုငြင်းမလဲ”ဆိုပြီးကုလားသံဝဲဝဲဖြင့် ခေါင်းတလှုပ်လှုပ်ဆိုသွားသောအခါ ကောင်လေးမှပြုံးမိသေးတော့၏။
ပိုက်ဆံငါးဆယ်ပေးပြီးကုလားကြီးထွက်သွားတော့ ကောင်လေးထိုင်နေသည့်ခုံတန်းအနောက်ကနေ ခိုးခိုးခစ်ခစ်ရယ်သံတွေထွက်လာသည်
လှည့်ကြည့်လိုက်တော့ကောင်မလေးနှစ်ယောက် လူကြီးတွေပြောလေ့ရှိသည့်ဥစ္စာစောင့်မတွေများလူယောင်ဖန်ဆင်းပြီးပွဲခင်းထဲဝင်လာသလားမှတ်ရအောင် နှစ်ယောက်ထဲကတစ်ယောက်က လှလွန်းနေသည် ။
“ငါ ဇူလိုင်မိုးသီချင်းဆိုမလို့”
မလှလွန်းသည့်တစ်ယောက်ကပြောလိုက်ခြင်းဖြစ်သည် လှလွန်းသည့်တစ်ယောက်ကတော့နေကြာစေ့တွေကိုတစ်ဖျောက်ဖျောက်မည်အောင်ကိုက်လျှက်သူ့အား
တွေတွေကြီးကြည့်နေသည်
ဥစ္စာစောင့်မလေးတွေမဟုတ်လောက်မှန်းကောင်လေးသေချာသွားသည် ဥစ္စာစောင့်သာဆို ရင်ဂိုသီချင်းကိုဆိုလိမ့်မည်မဟုတ်ဟုထင်သည်။
“ဟုတ် ဟုတ်ကဲ့ အခွေရှာလိုက်မယ်”
“ဒါပေမယ့် ငါအခုဆိုမှာမဟုတ်ဘူး ခဏနေမှဆိုမှာ”
“ဟောဗျာ”
သူ့ကိုကြည့်ပြီးဘာမှန်းမသိ တခစ်ခစ်ရယ်နေကြပြန်သည်။
ထိုအခိုက်မှာပဲ အရက်နံ့တစ်ထောင်းထောင်းထလျှက် ကျောပြင်ဗလာနှင့်လုံချည်တိုတိုဝတ်ထားသည့် ဦးကြီးတစ်ယောက်ကောင်လေးနားသို့ပုံကျလာသည် ၊ကောင်လေးတို့ရွာထဲကပဲဖြစ်သည် ။ ပြီးနောက် ဗလုံးဗထွေးလေသံဖြင့်..
“ငါ့တူကြီးရယ် သီချင်းဖွင့်ပါကွ မင့်ဦးလေးခံစားချက်တွေဖွင့်ချင်လို့ပါ”
“ဟုတ်ကဲ့ ဘာသီချင်းဆိုမလို့လဲခင်ဗျ”
“ဟို သီချင်းလေကွာ ကောင်းချက်တော့ တစ်ကမ္ဘာလုံးကျော်ပါတယ်ဆို ဘယ်တော့နားထောင်ထောင်မရိုးဘူး”
“ဟုတ်ကဲ့ဦး သီချင်းနာမည်လေး”
“ဦးကြီးက စာမှမတတ်တာတူလေးရ နာမည်ဘယ်သိမှာတုန်း
ထွန်းရင်လေကွာ သူဆိုထားတာပေါ့...တစ်ကယ်တော်တဲ့ပါရမီရှင်ပါကွာ ဦးကြီးငယ်ငယ်ကဆိုမင်းအဒေါ်ကို အဲဒီသီချင်းနဲ့ပဲ ဂေါ်ခဲ့တာပေါ့ကွယ် အေ့”
အရေးထဲ လေကပြိုနေသေးသည် ကောင်လေးနည်းနည်းညစ်နေပြီ
နောက်ကငနဲမနှစ်ကောင်ကတော့ ကောင်လေးကိုကြည့်ပြီးပြုံးစိစိဖြစ်နေကြသည်။
“ဟို…သီချင်းစာသားရွတ်ပြပါလား”
“အေး…ရွတ်ပြမယ် နေညိုချိန်တိမ်တောက်တဲ့အခါ”
“ရပြီ ရပြီ သိပြီ ငယ်သူငယ်ချင်းစာဥသီချင်း ကျနော်အခွေရှာလိုက်မယ်”
ကောင်လေးလည်းအခွေကိုကမန်းကတန်းရှာသည် ခံစားချက်ကို တစစီဖေါက်ခွဲလွင့်စင်နေချင်သည့်ဦးကြီးက သူ့ခွေအရှာကိုမစောင့်နိုင် ချထားသည့်မိုက်ခွက်ကိုယူပြီး အသံပြဲကြီးဖြင့် စည်းလွတ်အော်ဆိုလေတော့သည်။ ပါးစပ်တီးလုံးပင်ပါလိုက်သေး
“တန် တန့် တန်… တန် တန့် တန် ….ဒူတိုင် ဒူတိုင် ဗျောင် ဗျောင်…”
“ဟာ..ဦးကြီး နေဦးလေ”
“နေညိုချိန် တိမ်တောက်တဲ့အခါရွာလမ်းကလေးမှာ.....”
“ဟာ…ဒုက္ခပဲ နေပါဦးခဏ”
“စာဥတို့သူငယ်ချင်းမတွေရေခပ် ဆင်းလို့လာ ဒန့် ဒန့် ဒန်”
“ဒုက္ခပါပဲဗျာ အခွေကလည်း ရှာမရသေးဘူး”
နောက်ကကောင်မလေးနှစ်ကောင်ကတော့ ကောင်လေးနဲ့ဦးကြီးအဖြစ်ကိုကြည့်ပြီး တစ်ကိုယ်လုံးသိမ့်သိမ့်ခါအောင်ရယ်နေကြလေတော့သည်။ ပွဲခင်းပရိတ်သတ်အပေါင်းလည်းရယ်သွားကြကုန်သည်။
သူအခွေရှာတွေ့သွားချိန်မှာတော့ ဦးကြီးဆိုသူက နိုင်ငံကျော်အဆိုတော်ကြီးစတိုင်ဖြင့်မရှိသည့်ပရိတ်သတ်ကို ကျေးဇူးတင်စကားပြောကြားနေပြီဖြစ်သည်။
“ခုလိုနားထောင်ပေးတဲ့တေးချစ်ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ် သီချင်းကတော့ပြီးသွားပါပြီ အေ့ ”
ထိုသို့ပြောပြီးမိုက်ကိုချလျှက်ပုဆိုးခါးပုံစမှတစ်ဆယ်တန်အနွမ်းသုံးရွက်ကိုကောင်လေးအားပေးကာ
“ဒါပဲရှိတယ် တူလေးရေ ယူထားလိုက်”ဟုပြောပြီးဒယိမ်းဒယိုင်ဖြင့်ပွဲခင်းဘက်လှည့်ထွက်သွားသည်။
“ကဲ နင့်ကာရာအိုကေကြီးကစွံမယ့်ပုံမပေါ်ဘူး လူလည်းမရှိဘူး ခုဖွင့်ပေးငါ့ဇူလိုင်မိုးသီချင်း”
ထုံးစံအတိုင်းမလှလွန်းသည့်ကောင်မလေးတစ်ယောက်၏အသံပဲဖြစ်သည် ရယ်ရတာဝသွားပြီထင် လှလွန်းသည့်တစ်ယောက်ကတော့ နေကြာစေ့ကိုပင်ဆက်လက်စားသုံးနေပြီဖြစ်သည်။ စကားလည်းနည်းပုံရသည်
ခုထက်ထိကောင်မလေးသိပ်လှတာပဲသိသေးသည် အသံတော့မကြားဖူးသေး လူလှသလိုအသံလေးလည်း လွင်လွင်ကလေးဖြစ်နေမှာပဲလားမသိ စဉ်းစားရင်းနှင့်ပင်ကောင်လေးရင်ဖိုရသည် စကားလေးတစ်ခွန်းလောက်တော့ပြောသင့်သည်ဟုလည်းကောင်လေးထင်နေမိသည်
သို့သော်... အသံချွေတာပုံရသည့်ကောင်မလေးပါးစပ်မှ နေကြာစေ့ကိုက်ခွါသံ တဖျောက်ဖျောက်ကလွဲပြီး အခြားဘာသံမှထွက်မလာခဲ့။
မိုးအတွက်မိုး သီချင်းခွေကိုရှာသည် မတွေ့ အခွေထည့်သည့်သေတ္တာကိုဖင်ပြန်ခေါင်းပြန်လှန်သည် မတွေ့
ကောင်လေးစိတ်ညစ်ရပြန်သည် ။ စက်ပိုင်ရှင်သည်အခွေများကိုအရောရောအနှောနှောထည့်ထားသဖြင့်အရှာခက်ရခြင်းဖြစ်သည်
“ဟို ဇူလိုင်မိုးအခွေတော့မရှိဘူးဗျ မိုးဒေဝါသီချင်းဆိုပါလား အဲဒါတော့ရှိတယ် အဲဒါလည်းမိုးသီချင်းပဲလေ”
“ဟာ..တောက်တီးတောက်တဲ့ ဇူလိုင်မိုးဆိုမယ့်ဟာကို”
“အေးဗျာ အခွေကကျန်သွားလားမသိဘူး ဒီမှာမရှိဘူး ဒါမှမဟုတ် တိမ်တမာန်ရော မဖြစ်ဘူးလား”
“ဟောတော်…နင်နဲ့တော့ခက်နေပြီ မိုးသီချင်းဆိုပါမယ်ဆိုမှ ဘယ်က တိမ်သီချင်းဆိုခိုင်းနေတာတုန်း မရှိရင်လည်းမရှာနဲ့တော့ မဆိုတော့ဘူး လာ ဖေါအဲ ပွဲဘက်ပဲလှည့်တော့မယ်”
.................
ကောင်မလေးနှစ်ယောက်ထွက်သွားတော့သူ့ရင်ထဲဟာတာတာကြီးဖြစ်ကျန်ခဲ့သည်
“နာမည်ကဖေါအဲတဲ့လားကွယ် ဒါဆိုရင်ပန်းချစ်သူလေးပေါ့နော်”
အသံရယ် နေတဲ့ရွာရယ် သူမရင်ဘတ်ထဲကနှလုံးသားရယ်ကိုပဲမသိသေးတာ နာမည်လေးတော့သိလိုက်ရပြီ လူကိုလည်းသိလိုက်ရပြီ ။ ဘာပဲဖြစ်ဖြစ်ကောင်လေးပျော်ခဲ့ပါသည်
ထိုညကောင်းကင်တွင်ကောင်လေးအတွက် လနှစ်စင်းသာခဲ့သည်
တစ်စင်းက စန္ဒာမည်သော ရှိရင်းစွဲလမင်းကြီးဖြစ်ပြီး နောက်တစ်စင်းကတော့ ဖေါအဲဟုခေါ်သော အသံဖျောက်ဖျောက်သာထွက်သည့် နောက်မှ ကောက်ကာငင်ကာသာသည့် လမင်းကလေးပင်ဖြစ်တော့သည်။
ဆက်ရန်.... ခုလောလောဆည်တော့ထုံးစံအတိုင်း zzZzZzzzzZ
..........................
သီချင်းတင်ပါဆိုတဲ့ညီလေးရာတမေနဲ့ နဒီမိုးညိုတို့အတွက်...
ဇူလိုင်မိုး
တိမ်တမာန်
ကျားကလေးတို့ရွာ-၂

“တစ်တောဝင်…ထွက်....တစ်ကုန်းတက်၍ တစ်တောင်ကိုကျော်....တစ်ပင်မှာနားသော်....အားငယ်ဖြေမချိ...တွေ့လိမ့်နိုးနိုး...မျှော်ကိုးလို့နော်......”
………………………..
ခုလည်းဒီသီချင်းထဲကအတိုင်းဖြစ်နေပေပြီ ကျနော်တို့လျှောက်ခဲ့သည့်ခြေလှမ်းအရေအတွက်အတိုင်းသာ မိုးပေါ်တည့်တည့်ထောင်ပြီးလျှောက်ရင်ခုလောက်ဆို နတ်ပြည်ဝင်သည့် ဂိတ်ဝကြီးသို့တန်းတန်းမတ်မတ်ကြီးရောက်နေလောက်ပြီ.....။
ကျောင်းပိတ်တုန်းအေးဆေးမနေချင်တဲ့ကောင်....လျှောက်စမ်း...လျှောက်စမ်း.....လျှောက်စမ်း.....။
ကျနော့်ဆီက အထုပ်အပိုးတွေရော ဂစ်တာကိုရောအကုန်ယူပြီးဝိုင်းကူသယ်ပေးတာတောင် အမောခံနိုင်သူဝင်းကျော်ကရှေ့မှ မတ်မတ် မတ်မတ်နှင့်လျှောက်နေဆဲ ကျနော်က နောက်မှ ယိုင်တိ ယိုင်တိုင်ဖြင့် လဲကျလိုက် ဆက်လျှောက်လိုက် ဖြစ်နေဆဲ….
ဒီလိုနဲ့ နေလုံးကြီးစုံးစုံးမြှုပ်မှ သစ်သားပြားဖြင့် ဖြစ်ကတတ်ဆန်းရိုက်ပြီးစိုက်ထူထားသော သူတို့ရွာအဝင်ဆိုင်းဘုတ်ကြီးအား ဝမ်းမြောက်ဖွယ်တွေ့ရတော့သည်။
“မရင်းကုန်းကျေးရွာမှ လှိုက်လှဲစွာကြိုဆိုပါသည်” ဟူ့ရေးသားထားသည့် ဆိုင်းဘုတ်ကြီးသည် ကျနော့်အဖို့တော့...
“တာဝတိ`သာနတ်နန်းမှလှိုက်လှဲစွာ ကြိုဆိုပါသည် နတ်သမီးအပါးခုနှစ်ထောင်တို့သည်လည်း နှုတ်ခမ်းနီဆိုးလျှက် သင့်တစ်ယောက်တည်းအားစောင့်ဆိုင်းနေကြကုန်သည်” ဟူ့ရေးထားသည့်ဆိုင်းဘုတ်ကြီးအား မြင်တွေ့ရဘိအလား ဝမ်းသာအယ်လဲဖြစ်ရလေတော့သည်။
(ယခုစာရေးနေချိန်တွင်အနားမှာထိုင်နေသည့်သူငယ်ချင်းက မင်းဟာက အပါးခုနှစ်ထောင်ဆိုတော့ မလွန်လွန်းဘူးလား နတ်သမီးငါးရာဆိုတော်ပြီပေါ့တဲ့ သူ့နှယ်နော်.ကပ်သီးကပ်သပ်စိတ်ကူးနဲ့ရေးတဲ့စာကိုတောင်ကြံဖန်ပြီးကပ်စေးနဲနေခိုင်းသေးတယ် ကျနော်ကပြန်ပြောလိုက်ပါတယ် ငါက ငါးရာနဲ့မလောက်ဘူးဟေ့ အပါးခုနှစ်ထောင်တိတိ တစ်ပြားသားမှမလျှော့လို့ :P)
“ကဲသားကြီးရေ....အိမ်ရောက်ပြီကွ...အိမ်ရောက်ပြီ...ဟားဟား...”
ချွေးအလုံးလုံးကြားမှ ဝင်းကျော်က ကျနော့်ဘက်လှည့်ပြီး အော်ပြောသည်…။
“အင်း….ရောက်ဦးမှပဲ....နို့မို့ရင် ငှက်တွေက ပျံရင်းသေတယ် မင်းနဲ့ငါက လမ်းလျှောက်ရင်းသေတယ်
ဆိုပြီးစကားပုံအသစ်ထွက်နေဦးမယ်”
ကျနော့်စကားကြောင့်ဝင်းကျော်တစ်ဟားဟားအော်ရယ်သည်။
ညီအစ်ကိုမသိတသိအချိန်ဟုခေါ်နိုင်သော်လည်းကိုယ့်ရွာသားကိုကိုယ်တိတိကျကျသိပုံရသောရွာသားမျာက
“စောဝင်းကျော်ပြန်လာပြီဟေ့....
စောဝင်းကျော်ပြန်လာပြီ.....သူ့အဖေါ်မြို့သားတစ်ယောက်လည်းပါလာတယ်ဟေ့”
ဟုတစ်အိမ်မှတစ်အိမ်အော်ပြီး ပြေးထွက်ကြည့်ကြကုန်သည်။
ဝင်းကျော်၏သူငယ်ချင်းများကအပြေးအလွားရောက်လာကြပြီးအထုပ်ကိုကူသယ်သူသယ်ဂစ်တာကြီးကို
ယူပြီး အသံကြောင်ဖြင့် တစ်ဂျောင်ဂျောင်တီးသူတီးနှင့်ကျနော်တို့ဝန်းကျင်လေးရှုပ်ယှက်ခက်သွားသည်
သူတို့ကျနော့်ကိုကြည့်တဲ့အကြည့်က ကျနော်မြင်နေကျ မြို့ထဲကလူတွေရဲ့အကြည့်မျိုးမဟုတ် နှစ်လိုဖွယ်အပြည့်ရှိပြီး ပကတိသန့်စင်သည်။
တခဏအတွင်းမှာပင်ကျနော်တို့အားလုံးငယ်ပေါင်းကြီးများသဖွယ် ရင်းနှီးသွားကြတော့သည်။
ဝင်းကျော်တို့အိမ်ရောက်တော့အထုပ်အပိုးတွေပြစ်ချပြီးအနားယူကြသည် ။
ထိုညထမင်းဝိုင်းသည် ကျနော့်တစ်သက်တွင်အမြိန်ဆုံးထမင်းဝိုင်းတစ်ခုဖြစ်ခဲ့သည်။ဝင်းကျော်မိဘများသည် ရိုးရိုးတောင်ယာ လယ်လုပ်စားသူများဖြစ်သည် စိတ်သဘောထားရိုးသားဖြူစင်ကြသည်။
“နင်ကမြို့သားဆိုတော့ အတွဲတော့ချောင်းဖူးမှာပေါ့နော် အဟိ”
ရုတ်တရက်ကြီးထွက်ပေါ်လာသည့်အဒေါ်ကြီးတစ်ယောက်၏အမေးကြောင့်ပါးစပ်ထဲရောက်လုရောက်ခင်ထမင်းတစ်လုတ်
လေထဲရပ်တန့်သွားသည် ဘာပြန်ပြောရမယ်မှန်းမသိ
“ဒေါ်လေးကလဲဘာတွေလျှောက်မေးနေတာလဲ ကျနော့်သူငယ်ချင်းအနေခက်အောင်လုပ်နေပြန်ပြီ ”
ဝင်းကျော်ကထမင်းဝိုင်းဘေးတွင်ထိုင်နေသော အဒေါ်ကြီးဆိုသူကိုအပြစ်တင်စကားဆိုလိုက်သည်
“သူငယ်ချင်းရေ....ဗိုက်တင်းအောင်မစားနဲ့ဦးဟ ငါတို့အစီအစဉ်ရှိသေးတယ် ” ညနေကမှခင်ခဲ့ကြသည့်သူငယ်ချင်းတစ်ယောက်က ကျနော့်နားကပ်ပြီးတိုးတိုးလေးပြောလိုက်ခြင်းဖြစ်သည်။
ထမင်းများစားသောက်ပြီး အစီအစဉ်ရှိတယ်ဆိုသည့်သူငယ်ချင်းဆီသို့ကျနော်တို့ချီတက်ခဲ့ကြသည်။
ရွာလယ်ကိုရောက်တော့အလှူအိမ်တစ်ခုက ဗွီဒီယိုဗလာပွဲပြနေသည်။ရွာ၏တစ်ခုတည်းသောဗွီဒီယိုရုံက ငှားလာကြခြင်းဖြစ်သည်။
“ညီလေး မင်းဝင်းကျော်မဟုတ်လား လာပါဦးကွာ သူကြီးငါ့ကို ဒုက္ခပေးသွားပြီ”
တော်တော်လေးထွေနေပုံရသည့်အလှူအိမ်မှလူတစ်ယောက်က ဝင်းကျော်ကိုမြင်သွားကာ လှမ်းခေါ်လိုက်သဖြင့်ကျနော်လည်းလိုက်သွားရသည် ။ သူကဗွီဒီယိုပိုင်ရှင်ကိုဖိုးစောဟုသိရသည်
“ငါစာမတတ်ပါဘူးဆိုမှ သူကြီးက ငါ့ကိုဒီစာဖတ်ပြီးကြေညာခိုင်းနေတယ် ရော့ဒီမှာမိုက် ဒီမှာစာရွက် မင်းပဲကြေညာလိုက်တော့”
ကိုဖိုးစောကမ်းပေးသည့်စာရွက်ထဲကပဲပင်ပေါက်လက်ရေးနှင့်ရေးထားသည့်စာများကိုဖတ်ပြီး
ကျနော်ရယ်ချင်ချင်ဖြစ်နေသည်။ စာထဲတွင်ယခုကဲ့သို့ရွာအလှူတွင်ကာလသားများသောက်သောက်စားစားမလုပ်ရန်နှင့်တွေ့ရှိပါက ပြင်းပြင်းထန်ထန်အရေးယူမည့်အကြောင်းရေးထားသည်။ ကာလသားတွေဘယ်လိုနေမည်မသိသော်လည်း ကာလဘဲကြီး ကိုဖိုးစောတော့စောစောစီးစီးဝီနေပြီဖြစ်သည်။.....(ဆက်ရန်)
ကျားကလေးတို့ရွာ-၁

“မရောက်သေးဘူးလား.....”
“ရောက်တော့မှာပါဟ.. ရှေ့နားလေးတင်.....”
……………………………….....
ကျနော်မှတ်မိသလောက်ဆို“ရှေ့နားလေးတင်”ဆိုသည့်စကားတစ်ခွန်းသည်ကျနော့်သူငယ်ချင်းပါးစပ်ကနေထွက်ထွက်လာ
နေတာ ဒါပါနဲ့ဆို အခွန်းနှစ်ဆယ်တိတိပြည့်ပြီဖြစ်သည်။ သူပြောသည့်ရွာ၏အရိပ်အယောင်ကိုမှ မမြင်ရသေး လူလည်းဖတ်ဖတ်မောနေပြီ၊သူငယ်ချင်းဝင်းကျော်တို့ရွာကိုလာခဲ့ရသည့်ခရီးကမနည်းပါချေ၊ သင်္ဘောကို ဖင်စုတ်နေအောင်စီးရသည် လမ်းကိုလည်း ဖိနပ်စုတ်အောင်လျှောက်ရသည်။
ထုံးစံအတိုင်း တောအုပ်တွေ ရွာတွေ လယ်ကွင်းတွေသာ တစ်ခုပြီးတစ်ခု ဖြတ်သွားသည်
သူပြောသည့်“ရှေ့နားလေးတင်”သည် ရှေ့နားလေးနေရာမှတစ်လက်မမှလျှော့မသွားသေး ။
နေကလည်းအလွန်ပူသည် ဆက်လျှောက်ကြရင်း တောစပ်တစ်ခုအရောက်တွင် အရိပ်အာဝါသကောင်းသည့်ဇရပ်ငယ်လေးတစ်လုံးအားတွေ့၍နှစ်ဦးသား ခြေပစ်လက်ပစ်ထိုင်ချလိုက်ကြသည် ဒီခရီးကိုသွားလာနေကျ ဝင်းကျော်က ဘာမှမဖြစ်သော်လည်း ကျနော့်မှာတော်တော်ပင်ပန်းနေပြီ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကားအရောက်အပေါက်အလွန်နည်းသည့် သူတို့ရွာကို အလည်လာခဲ့မိခြင်းသည် မှားလေပြီဟုလည်းနောင်တရနေသည်။
“ကျဉ်းကျဉ်းကြပ်ကြပ် မြို့ထဲက လမ်းတွေ အုတ်ခုံတွေမှာ သီချင်းလိုက်ဆိုရတာ မမိုက်ဘူးကွ ဟောဒီမှာကြည့်စမ်း လတ်လတ်ဆတ်ဆတ်လေပြေတွေ တောပန်းရနံ့တွေအဆုံးမဲ့မိုးကောင်းကင်တွေ နဲ့ဝန်းရံနေတဲ့ အေးချမ်းတဲ့ ဒီလိုဇရပ်လေးထဲမှာ သီချင်းဆိုရတာ ဘယ်လောက်ကဗျာဆန်လဲ”
ဝင်းကျော်က ပြောလည်းပြော ပါလာသည့်ဂစ်တာကိုလည်းကြိုးညှိအသံစမ်းပြီးသီချင်းဆိုရန်ပြင်သည်။
“ဒီနေရာသီချင်းမဆိုကောင်းဘူးကွဲ့ နတ်ကြမ်းတယ်”
ဝဲတဲတဲအသံတစ်ခုကြောင့်လှည့်လိုက်ရာ ဘယ်တုန်းကဇရပ်ထဲဝင်လာသည်မသိသော ကရင်အဖိုးကြီးတစ်ယောက်ကိုတွေ့ရလေသည်။
“ငါလူပျိုတုန်းကပေါ့ မယ်ဒလင်တီးအရမ်းတော်တဲ့ သန်းစိန်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် တနေ့တော့ တောတက်လာတာ အားတဲ့အချိန်အပျင်းပြေတီးဖို့ဆိုပြီး သူ့မယ်ဒလင်လေးပါယူလာပြီး အားအားရှိတိုင်း တီးလိုက်ဆိုလိုက်လုပ်နေတာတဲ့ အလုပ်တွေပြီးလို့ရွာလည်းပြန်ရောက်ရော အကြောင်းရှာမရဘဲ သွက်သွက်ခါအောင်ရူးတော့တယ် ဘယ်ဆရာမှ မကုနိုင်ဘူး အဲဒါမင်းတို့ကလေးတွေ သတိထားကြ ဒီတောကနာမည်ကြီးတယ် ကြမ်းတယ်”
အဖိုးကြီးကစကားအရှည်ကြီးပြောပြီးနောက်ခါးကြားထဲက ကြွပ်ကြွပ်အိတ်နှင့်ထုပ်ထားသောဆေးရွက်ကြီးကိုထုတ်ကာအဆုပ်သေးသေးလေးလုပ်ပြီး ပါးစောင်တွင်ထိုးထည့်လိုက်သည် ထို့နောက် မျက်လုံးလေးမှိန်းကာဆေးရွက်ကြီး၏အရသာကို တမြုံ့မြုံ့ခံစားနေလေတော့သည်။
ဝင်းကျော်က သိပ်ကျေနပ်ပုံမပေါ် ။ အဖိုးကြီးဘက်လှည့်ပြီး.....
“အဲဒီလူက မယ်ဒလင်တီးပြီးရူးသွားတာဘကြီးရ ခုကျနော်တို့ကဂစ်တာတီးမှာ မရူးလောက်ဘူးထင်ပါတယ်၊
ကျနော့်အထင်ပြောရရင် ဒီတောကိုစောင့်တယ်ဆိုတဲ့နတ်က နတ်မဖြစ်ခင် လူအရင်ဖြစ်ခဲ့လိမ့်မယ် ရည်းစားလည်းထားဖူးပြီး အသည်းလည်းကွဲဖူးလိမ့်မယ်ဗျ အဲဒါဟိုမယ်ဒလင်ဆရာက လွမ်းလွမ်းဆွေးဆွေးသီချင်းတွေလာလုပ်တော့ သူ့အရင်ဘဝကငယ်ချစ်ကိုလွမ်းပြီးခံစားရတာပေါ့ဗျာ အဲဒါနဲ့သူ့ကို စိတ်ထိခိုက်ကြေကွဲအောင်လုပ်ရပါ့မလားဆိုပြီး မယ်ဒလင်ဆရာကိုဒဏ်ခတ်တဲ့အနေနဲ့ရူးအောင်လုပ်လိုက်တာနေမှာ ဒါပေမယ့်ခုကျနော်ဆိုမယ့်သီချင်းကအလွမ်းသီချင်းမဟုတ်ဘူးဗျ တောစောင့်ကြီးလည်းစိတ်ဝင်စားလောက်မယ်မထင်ဘူး ဘကြီး“လေးဖြူ”ဆိုတာကိုကြားဖူးလား”
“အင်း….လေးဖြူတော့မပြောတတ်ဘူးကွဲ့ “ဂျိုးဖြူ”တော့သိတယ် ရွေဂျိုးဖြူ မူလခဲ ဇာတ်ထုပ်ကြီးလေ ကြားဖူးတာပေါ့”
အဖိုးကြီးစကားကြောင့်ကျနော်တို့နှစ်ယောက်သားရယ်မိကြသည် ဘယ်လိုပင်ပြောပြောအယူသီးသူအဖိုးကြီးကလက်မခံ သီချင်းမဆိုရန်သာအတန်တန်တားလေသည် ဝင်းကျော်လည်းစိတ်လျှော့လိုက်တော့သည်
ကျနော်တို့နှစ်ယောက်ဂစ်တာကြီးလွယ်ပြီးဇရပ်ထဲကထွက်လာတော့ ကရင်အဖိုးကြီးမှာ တရှူးရှူးဟောက်လျှက်အိပ်ပျော်နှင့်ပြီဖြစ်သည်။
လယ်ကွင်းတစ်ခုကိုဖြတ်လျှောက်ကြရင်း ဟိုးအဝေးဆီမှခပ်ပျပျလေးလှမ်းမြင်နေရသော တောအုပ်သေးသေးလေးတစ်ခုကိုဝင်းကျော်က လက်ညိုးထိုးပြီး..။
“အဲဒီတောအုပ်ဆိုနေ့ခင်းကြီးတောင်ဘယ်သူမှမဝင်ရဲဘူးကွ နွားပျောက်ရင်တောင် ဘယ်နွားပိုင်ရှင်မှအဲဒီထဲဝင်ပြီးမရှာကြဘူး အရမ်းကြမ်းတယ် နွားကျောင်းသားတွေလည်းရှောင်တယ် အရင်ငါတို့ရွာမှာ“ငှက်ထီး”ဆိုတဲ့လူတစ်ယောက်ရှိတယ်ကွ....”
……………………
(“ငှက်ထီး”ဆိုသဖြင့် ရွာထဲမှ“ချက်ကြီး”၏ အစ်ကိုဟုမထင်မှတ်စေလိုပါ သူတို့ရွာတွင် ချက်ကြီးဆိုတာလည်းရှိမနေပါ
“ဝိုင်းစိန်မ”ဆိုသူလည်းရှိမနေပါ မြန်မာရုပ်ရှင်နှင့် ဝတ္ထုစာအုပ်များတွင်သာ တောနှင့်ပတ်သက်လာတိုင်းထိုအမည်နာမများအားဖောဖောသီသုံးထားသည်ကိုတွေ့ရမည်ဖြစ်သည်
ကြုံတုန်းပြောရပါဦးမည်...
“ငှက်ထီး”ဆိုတာနာမည်အရင်းမဟုတ်ဟုသိရသည် နာမည်အရင်းက“ထွန်းနောင်”
ဖြစ်ပုံကဒီလို ထွန်းနောင်တို့လူပျိုဘဝက စိတ်တူကိုယ်တူသူငယ်ချင်းများအားလုံး ကိုယ့်ဘာသာကို နာမည်ဆန်းဆန်းလေးတွေခေါ်ပြီး ရွာနီးချုပ်စပ်က ဖြစ်သမျှဘုရားပွဲတိုင်းတွင် လက်စွမ်းပြ လက်ဝှေ့ဝင်ထိုးသည်ဆို၏ ။ သူတို့ထဲတွင်အာလူးစိန်၊ အရိုင်းလေး၊ ရွေဒူးပျံ အစရှိသဖြင့်အမည်ဆန်းဆန်းများထွက်ပေါ်လာကြသည်။
“ရွေဒူးပျံ”ဆိုသူသည် ဒူးပျံ မပျံမပြောတတ်သော်လည်း ဒူးတော့ခဏခဏလန်သည်ဆို၏ မူးတိုင်းမှောက်မှောက်လဲကျနိုင်လွန်းသည်ဆိုကိုး ။
သူငယ်ချင်းများကိုအားကျမခံလိုသဖြင့် ထွန်းနောင်လည်း“ငှက်ထီး”ဆိုသည့်နာမည်အား သူ့ဘာသာသူ စိတ်ကြိုက်ရွေးချယ်ကာ လက်ဝှေ့ပွဲတွင်ဝင်ထိုးသည်။
ပထမအချီစစဖွင့်ချင်းငှက်ထီးနဖူးကွဲသည် ။
“ဘာမထီဇာနည်ဖွားတဲ့ကွ” ဟုအော်ပြီးနဖူးထက်သွေးချင်းချင်းနီလျှက်အပြုံးမပျက်ပြန်ထွက်လာသည်။
ပွဲကြည့်ပရိတ်သတ်အပေါင်းက ဟေးကနဲအော်ကာသူ့သတ္တိကိုချီးကျူးကြသည်။
ဒုတိယအချီစစဖွင့်ချင်းငှက်ထီးရှေ့သွားနှစ်ချောင်းပြုတ်ပြန်သည် ။
“ဘာမရှီ ရှာနည်ဖွားတဲ့ကွ” ဟုအော်ပြီးပါးစပ်ကသွေးများယိုစီးလျှက်အပြုံးမပျက်ပြန်ထွက်လာသည်။
(ရှေ့သွားကျိုးသွားသဖြင့်အသံမပီခြင်းသာဖြစ်ပါသည်)
ပွဲကြည့်ပရိတ်သတ်အပေါင်းက ဟေးကနဲအော်ကာသူ့သတ္တိကိုချီးကျူးကြပြန်သည်။
တတိယအချီစမယ်လုပ်တော့ငှက်ထီးကိုရှာမတွေ့ကြတော့ ပျောက်ခြင်းမလှပျောက်နေလေပြီ ပွဲဒိုင်လူကြီးလည်းလော်စပီကာမှတစ်ဆင့် “ဘာမထီဇာနည်ဖွားငှက်ထီး ရောက်ရာအရပ်ကပြန်လာပါ”ဟုအော်ခေါ်ရ၏..
“ဘာမထီလား ဘာလားတော့မသိဘူးဗျ ကိုထွန်းနောင်တစ်ယောက်တော့အိမ်ပြန်ပြေးတာတွေ့လိုက်တယ်ဗျ”
ခုမှရွာထဲကလာခဲ့ပုံရသော နွားကျောင်းသားလေးတစ်ယောက်၏စကားကြောင့်လူတချို့လည်း ဘုရားဝင်း၏အနိမ့်ပိုင်းဘက်ကျသည့် သူတို့ရွာလမ်းမကြီးအားလှမ်းကြည့်လိုက်ကြရာ ဖုန်လုံးကြီးများတစ်ထောင်းထောင်းထလျှက် တန်းနေအောင်ထွက်ပြေးသွားသူ ဘာမရှီ ရှာနည်ဖွားအားတွေ့လိုက်ကြရာ လက်ညှိုးကြီးတစ်ထိုးထိုးဖြင့်ခွက်ထိုးခွက်လန်ရယ်ကြလေတော့သည်။
ထွန်းနောင်တို့ထိုးသည်မှာစိန်ခေါ်ပွဲ အထူးပွဲ ကျားပွဲမဟုတ်ပါ ကိုယ့်အလှည့်နှင့်ကိုယ်နားနားနေနေထိုးရသောရိုးရိုးပွဲသာဖြစ်ပါသည်
ယခုဖြစ်ရပ်များကိုနောင်မှကျနော်သိခဲ့ရခြင်းဖြစ်သည်)
……………….
…“အဲဒါနဲ့ တစ်နေ့ကျတော့ ငှက်ထီးနဲ့သူ့အဖေါ်တစ်ယောက်ဟိုဘက်ရွာကိုမြေပဲမျိုးတွေသွားယူတယ်ကွ
ပြန်လာတော့တော်တော်နောက်ကျနေပြီ လပြည့်ညလည်းဖြစ်ဆိုတော့ ပတ်ဝန်းကျင်ကနေ့ခင်းနဲ့မခြားလင်းချင်းနေတယ်ဆိုပဲ အဲဒါ ငါပြောတဲ့အရမ်းကြမ်းတယ်ဆိုတဲ့ တောစပ်နားလည်းရောက်ရော ငှက်ထီးကဗိုက်နာလာပြီး အလေးသွားချင်နေတယ် အဲဒါနဲ့အတူပါလာတဲ့သူ့သူငယ်ချင်းကိုစောင့်ခိုင်းပြီး သူကချုံပုတ်တစ်ခုထဲ ဝင်ပြီးသူ့ကိစ္စကိုရှင်းပါရော
ခဏနေကြာတော့ သူ့အနောက်ဘက်နားကနေခြိုးခြိုးချွတ်ချွတ်အသံကြားလို့လှည့်ကြည့်လိုက်တော့ သူနဲ့သိပ်မဝေးတဲ့ အနောက်ဘက်မြေကွက်လပ်ကြီးတစ်ခုမှာလူတစ်ယောက်ကိုတွေ့လိုက်ရတယ်တဲ့ ထူးခြားတာက အဲဒီလူက ကတုံးပြောင်ကြီးနဲ့ အကျီင်္လည်းမပါဘူး ခါးတောင်းကျိုက်ထားပြီး ကိုယ်လုံးကလည်း သာမန်လူတွေရဲ့နှစ်ဆလောက်ကြီးတယ်ဆိုပဲ သူ့ရှေ့မှာလည်းအရမ်းကြီးတဲ့ ရာဝင်စဥ့်အိုးကြီးတစ်လုံးရှိနေတယ် လရဲ့အလင်းနဲ့ အိုးထဲကဟာတွေကအရောင်ဖိတ်ဖိတ်တောက်နေတယ်
စိန်တွေ ပတ္တမြားတွေဖြစ်လိမ့်မယ်ထင်တာပဲတဲ့ ချုံပုတ်ထဲကသူ့ကိုတော့ အဲဒီကတုံးကြီးက မမြင်ဘူးဆိုပဲ
တစ်အောင့်လောက်ကြာတော့ ရာဝင်စဥ့်အိုးကြီးထမ်းလာတဲ့ အဝတ်ဗလာ ခေါင်းတောင်းကျိုက်ကြီးနဲ့ကတုံးကြီးတစ်ယောက်ထပ်ရောက်လာပြန်တယ် .. ။စဥ့်အိုးကြီးကိုအသာအယာချပြီး စောစောက ကတုံးကြီးလိုပဲ မလှုပ်မယှက်ရပ်နေပြန်တယ် နောက်ခဏကြာတော့နောက်ကတုံးကြီးတစ်ယာက်နဲ့ မိန်းမချောလေးတစ်ယောက် အားလုံးပေါင်းလေးယောက်ဖြစ်သွားတယ်”
“မိန်းမချောလေးလည်းခေါင်းတောင်းကျိုက်ထားတာပဲလား ဆံပင်မပါဘူးလား”
သိချင်စိတ်ဖြင့်ကျနော်မေးလိုက်မိသည်။
“နင့်ကြီးတော်ခါးတောင်းကျိုက်လား...ဆံပင်လည်းပါတာပေါ့ဟ အကျီင်္နဲ့ ထမီနဲ့ ရှင်းပလား
အိုးကလည်းသုံးလုံး အိုးထဲကအရောင်တွေကလည်းတစ်လက်လက်နဲ့
သူ့ကိုတော့လေးယောက်စလုံးမမြင်ကြဘူးဆိုပဲ လေးယောက်လည်းဖြစ်သွားရော ကတုံးကြီးတွေတစ်ယောက်လက်တစ်ယောက်ကိုင်ပြီးတော့စဥ့်အိုးသုံးလုံးကိုဝိုင်းပြီး သူတို့ရင်ဘတ်ကျယ်ကြီးတွေနဲ့အုပ်မိုးလိုက်ကြတယ် ပြီးလည်းပြီးရော ရုတ်ခနဲပျောက်ကုန်ရောတဲ့ကတုံးတွေရော အိုးတွေရောပဲ ဟို မိန်းမချောလေးရော ဘာဆိုဘာမှမရှိတော့ဘူး မြေကွက်လပ်ကြီးပဲကျန်ခဲ့တယ်
ငှက်ထီးဆိုအားကနဲအော်ပြီးရွာထဲတန်းပြေးတာ စိုက်ဖို့ယူလာတဲ့မျိုးတွေတောင်မသယ်နိုင်တော့ဘူး
သူ့သူငယ်ချင်းလည်း ဘုမသိ ဘမသိလိုက်ပြေးတာပေါ့ ငှက်ထီးလည်းသူတို့အိမ်ထဲရောက်မှ သူ့အဖြစ်ကိုသူပြန်သတိရတယ်”
“ဘာတဲ့လဲ”
“ကြောက်ကြောက်နဲ့ပြေးလာတာ ချီးကုန်းဖို့မေ့သွားတယ်လေ တစ်လမ်းလုံးနံဟောင်နေပါရောလားကွယ်”
ကျနော်တို့နှစ်ယောက်သားရယ်မိကြသည်။
ဒီလိုနဲ့စကားတွေဖေါင်အောင်ပြောပြီးလျှောက်လာလိုက်ကြရာ နေပင်အတော်စောင်းသွားပြီ လူလည်းတစ်ကိုယ်လုံးရိုက်ချေထားသလို နွမ်းနယ်နေလေပြီ တောစပ်တစ်ခုလွန်လာပြန်သည်...
“ဘာမှမပူနဲ့သားကြီး ဟိုမှာလေငါတို့ရွာ မြင်နေရပြီ”
ဝင်းကျော်၏စကားကြောင့်ကျနော်အလွန်အမင်းဝမ်းသာသွားသည်
သူညွှန်ရာသို့ကြည့်လိုက်တော့ ဟိုးမိုးကုပ်စက်ဝိုင်းကြီးအောက်က မှုံပျပျသာလှမ်းမြင်နေရသေးသည့်သူတို့ရွာငယ်လေး....
လွယ်လာသည့်အိတ်ကိုရော ထမ်းလာသည့်ဂစ်တာကိုပါ ဂလုံကနဲအသံမည်အောင်ကျနော်ပစ်ချလိုက်မိလေတော့သည်။
ငယ်ငယ်ကကြားဖူးသည့် ဟင်္သာတထွန်းရင်၏သီချင်းတစ်ပုဒ်ကိုလည်းနားထဲပြန်လည်ကြားယောင်လာသည်
…..သားမှားပြီ....မှားပြီ မေမေရဲ့……… ချစ်ဇောတွေကြွယ်........(ဆက်ရန် ....)
ကျားကလေးရဲ့ပုံပြင် ၂

ယခင်ပိုစ့်အဆက်........
နောက်တစ်ရက်လင်းပြန်တော့သတင်းဆိုးတစ်ခုကရွာငယ်လေးကိုလှုပ်နိုးသွားပြန်သည်
မောင်ကျော်လှအားသင်္ချိုင်းကုန်းထဲရှိညောင်ပင်ကြီးပေါ်တွင်ကြိုးတွဲလောင်းနှင့်လည်လိမ်ပြီး
သေနေသည်ကိုတွေ့ကြရသည့်သတင်းပင်။
“သန္ဓေယုတ် ခွေးစုတ် ဖိုးဇံအစုတ်ပလုတ် ဒီကောင့်ကို၎ရက်တိတိထိတ်တုံးခတ်ပလိုက်”
သူကြီးအသံဟိန်းထွက်သွားရပြန်သည်။
ယခုဖြစ်ရပ်သည်ရွာငယ်လေးအဖို့အလွန်ဆိုးရွားအကျဉ်းတန်သည့်ဖြစ်ရပ်ကြီးဖြစ်သလို နားလည်ရခက်သည့်ပဟေဠိပုစ္စာတစ်ပုဒ်လည်းဖြစ်ပြန်နေသည် ယဉ်မှုံနှင့်ကျော်လှတို့သည်လူငယ်ဘာဝတိုးတိုးလေးကြိုက်နေကြတာတစ်ရွာလုံးအသိ ခက်သည်ကနှစ်ဖက်လူကြီးများဖြစ်သည် မုဆိုးမသားကျော်လှအားယဉ်မှုံတို့အသိုင်းအဝိုင်းကလက်သင့်မခံနိုင် ဟုဆိုသည်
ကျော်လှအစားခွေးကိုအမြီးဖြတ်ပြီးပေးစားပစ်မည်ဟုယဉ်မှုံအသိုင်းအဝိုင်းကမကြာခဏကြွေးကျော်သည် ဟုလည်းသတင်းသဲ့သဲ့ထွက်ဖူးသည်။
လူကြီးမကြိုက်လည်းခိုးပြေးလို့မရဘူးလား? ဒီလိုဘာသာတရားကခွင့်မလွတ်နိုင်တဲ့လုပ်ရပ်မျိုးကို
ဘာကြောင့်လုပ်ခဲ့ကြရတာလဲ?
ရှေးအထုံရေစက်ကြောင့်ပဲလား? ရွာလေးအဖို့ မေးခွန်းပေါင်းမြောက်များစွာဖြင့်ကျန်ရစ်သည်။
“ဒီလိုမှန်းသိရင်ပေးစားပါ့မယ်တော်” ယဉ်မှုံအမေကားမျက်ရည်လေးစမ်းစမ်းနှင့်ပြောရှာသည်။
ကျော်လှအမေလည်းသားစိတ်ဖြင့်အိပ်ယာကမထနိုင်တော့။
ဤသို့ဖြင့်ထိုနှစ်ရွာဘုရားပွဲသည်ပျော်စရာသိပ်မကောင်းတော့ပေ အားလုံး၏စိတ်ထဲတွင်တအုံနွေးနွေးနှင့်လူငယ်နှစ်ယောက်၏အဖြစ်ဆိုးအားမမေ့ရက်နိုင်ကြတော့...
အတန်အသင့်နာမည်ကြီးသည့်မြို့မှဇာတ်အဖွဲ့ကိုငှားရမ်းခဲ့သော်လည်းခါတိုင်းနှစ်လောက်လူမစည်ဟု
ရွာသားများထင်နေကြသည် ညဥ့်အမှောင်ပျိုးတော့ရွာနီးချုပ်စဟိုမှသည်မှတဖွဲဖွဲရောက်လာကြသော်လည်းအရင်နှစ်အားမမှီ လူသည်လျှော့မြဲလျှော့နေလေသည် တိတ်ဆိတ်မှုတစ်ခုသည်ကြီးစိုးမြဲကြီးစိုးနေလေသည်။
ဇာတ်ကန့်လန့်ကာဖွင့်အပြီးနာရီဝက်အကြာတွင်ခေါင်းဆောင်မင်းသမီးလေးသည်ရှေ့ထွက်ပြီးသီချင်းတစ်ပုဒ်ကို
အလွမ်းအသောဖြင့်ဆိုလေသည် ပြိုးပြိုးပြက်ပြက်မီးရောင်အောက်က အလှကြီးလှနေသည့်ဇာတ်မင်းသမီးလေး၏တေးအသောတွင်ရွေပွဲလာအကုန်လုံးစီးမျောနစ်ဝင်လျှက်...။
ထိုစဉ်အခိုက်ဝယ်မမျှော်လင့်သောအဖြစ်အပျက်တစ်ခုဖြစ်လာလေသည်။
အလွန်ကျယ်လောင်သည့်မြည်ဟီးသံနှင့်အတူဇာတ်စင်ကြီးတစ်ခုလုံးပြိုကျသွားခြင်းပင် အပေါ်မှမီးဆလိုက်တန်းနှင့်ဘေးမှဇာတ်စင်ဆောက်သည့်သစ်လုံးသည်စင်အပြိုတွင်ဇာတ်မင်းသမီးအား
ရိုက်မိရက်သားဖြစ်သွားသည်...
ပွဲခင်းတခုလုံးထဆူကာ တာဝန်ရှိသူများအပြေးအလွားဖြင့်ရောက်လာကြသည် မင်းသမီးသည် မိုက် ကိုလက်ထဲတွင်ကိုင်ရက်ကြီးလဲကျသွားခြင်းဖြစ်ပြီးသစ်လုံးရိုက်မိသည့်ဝေဒနာကြောင့်
“အား”ကနဲဟုအသံနက်ကြီးဖြင့်နာကျင်စွာအော်လိုက်သည့်အသံသည် အသံချဲ့စက်မှတစ်ဆင့်
တစ်ရွာလုံးသို့ဟိန်းထွက်သွားတော့သည်
အနှစ်ချုပ်သော် လူရွင်တော်တစ်ဦးနှင့်လိပ်ကာဆွဲတစ်ဦးခြေတောက်သွင်သွင်ကျိုးသည် မင်းသမီးမှာကားသစ်လုံးအရှိန်နှင့်ရိုက်မိသည့်ဒဏ်ဖြင့်ဦးခေါင်းတစ်ခြမ်းစိစိညက်ညက်ကြေပြီးမျက်လုံးတစ်ဖက်လည်း
ကျွတ်ထွက်ကာ အသက်ထွက်သည်…။
“သန္ဓေယုတ် ခွေးစုတ် ဖိုးဇံအစုတ်ပလုတ် ဒီကောင့်ကိုတစ်ပတ်တိတိထိတ်တုံးခတ်ပလိုက်”
သူကြီးအသံဟိန်းထွက်သွားရပြန်သည်။
သို့သော် ဖိုးဇံသည်အခြေအနေကိုကြိုသိလေရကားအတန်ငယ်ဝေးသည့်အမျိုးတစ်ယောက်ရှိသည့်ရွာသို့လစ်လေပြီ..
မလစ်ခင်ပြောသွားသေးသည်
“မင်းတို့ရွာဘက်ကိုချီးပါရင်တောင် ဖင်မလှည့်တော့ဘူးဟေ့”တဲ့။ ရွာငယ်လေး၏ကံဆိုးမိုးမှောင်ကျမှုကို
သူ့အပေါ်ပဲအပြစ်ပုံကြသည် ယဉ်မှုံအလောင်းကိုသူမထိန်းနိုင်ဘဲလွတ်ကျသွား၍သာရွာခိုက်နေရသည်ဟ
ုအားလုံးတစ်ညီတစ်ညွတ်တည်းယူဆကြသည်။
စင်ပြိုရခြင်းအကြောင်းရင်းကိုရှာမတွေ့ခဲ့ကြ ခါတိုင်းနှစ်များဆောက်သကဲ့သို့ပင် ဆောက်ခဲ့ကြသည် ပွဲစင်တစ်ခုလုံးတစ်မဟုတ်ချင်းပြားပြားဝပ်ပြိုကျသွားရခြင်းမှာနည်းနည်းတော့ထူးဆန်းသည် ရွာရှိသက်ကြီးရွယ်အိုများကား သိုက်လမ်းကြောင်းနှင့်တိုက်နေသည်ကတစ်မျိုး ကန်တော့ပွဲကောင်းကောင်းမပေး၍တစ်မျိုးထင်ကြေးပေးကြကုန်သည်
ဇာတ်ဆရာကိုလည်းမနည်းလျှော်လိုက်ကြရသည် မင်းသမီးကိုတော့ထိုရွာသုသာန်တွင်ပင်မြှုပ်နှံခဲ့ကြသည်
အသံချဲ့စက်မှနောက်ဆုံးထွက်လာခဲ့သည့်မင်းသမီးလေး၏မချိမဆန့်အော်လိုက်သည့်
အသံကြီးသည်ရွာသားများနားတွင်စွဲလျှက်ရှိတော့သည်။ ။
………………………………..
ကျနော်မော်လမြိုင်တွင်ကျောင်းတက်စဉ်က စောဝင်းကျော်ဆိုသည့်သူငယ်ချင်းတစ်ယောက်ရှိခဲ့သည်
သူသည်နယ်မှကျောင်းလာတက်သူဖြစ်ပြီးယခုဖြစ်ရပ်သည် သူငယ်ငယ်က သူတို့ရွာတွင်အမှန်တစ်ကယ်
ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ဟုဆိုသည်
သူပြောသလိုပင်သူတို့ရွာငယ်လေးသည် ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ရခြင်းလော...
မတော်တဆတိုက်ဆိုင်မှုလော...? ဘယ်သူမှသေသေချာချာမသိနိုင်ပေ။
အယူသီးသူရွာသားများသည် မယဉ်မှုံကိုမထိန်းနိုင်ဘဲ ရောထွေးလဲပြိုကျသူဖိုးဇံအားတရားခံအဖြစ်မြင်လျှက်ရှိခဲ့သည်
တိုက်ဆိုင်၍ပဲလားမသိပေ.. ထိုနှစ်၌လည်းသူတို့ရွာတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လူအသေအပျောက်
များလွန်းသည့်နှစ်ဖြစ်ခဲ့ရသည် တချို့ဆိုကြောက်လန့်ပြီးရွာပင်ပြောင်းပြေးကြသည်။
နောက်ပိုင်း လူပြောများသည့်အဖြစ်အပျက်တစ်ခုလည်းရှိသေးသည် သူတို့ရွာအထက်ဘက်တစ်ခေါ်သာသာလောက်
ဝေးသည့်နေရာတွင် လေးအိမ်စု ဟူသည့်ရွာတစ်ရွာရှိသည် လေးအိမ်စုဟုခေါ်ရခြင်းမှာ တစ်ရွာလုံးမှအိမ်ခြေ လေးအိမ်သာရှိသောကြာင့်ဖြစ်သည် (နောက်ပိုင်းတွင်ငါးအိမ်စုအဖြစ်ပြောင်းလဲခေါ်ဝေါ်ခဲ့သည် အိမ်သစ်တစ်လုံး
တိုးလာ၍ဖြစ်သည် သို့သော်….မကြာလိုက် “လေးအိမ်စု” ဟုပြန်ခေါ်ကြပြန်သည် အသစ်ဆောက်သည့်အိမ်မီးလောင်
သွား၍ဖြစ်သည်)
စောဝင်းကျော်၏ဦးလေးသည်ထိုအချိန်က လူပျိုသာရှိသေးသည်
ညညတွင်ကာလသားတို့ထုံးစံအဖေါ်တစ်ယောက်နှင့်မယ်ဒလင်တစ်လက်ဆွဲပြီးလေးအိမ်စုရွာသို့
ဂေါ်ရေးပြထွက်လေ့ရှိသည်ဆို၏။
အိမ်ခြေလေးလုံးသာရှိသောထိုလေးအိမ်စုရွာတွင်လက်မထပ်ရသေးသူမိန်းမပျိုဟူ၍နှစ်ယောက်သာရှိသည်၊
တစ်ယောက်ကလှသော်လည်း ရှေ့သွားနှစ်ချောင်းကျိုးနေသဖြင့် ရုပ်ကပေါတောတောကြီးဖြစ်နေသည်။
ထို့ကြောင့် လက်ကျန်တစ်ယောက်ကိုသာ ပတ်ပြီးဂေါ်ရေးဖွင့်နေကြရသည်။
တစ်ခါသော်… လေးအိမ်စုတွင် ညနက်အထိစကားကောင်းနေလိုက်ကြရာ အိမ်အပြန်နောက်ကျကြလေသည်
ထိုညသည်လပြည့်ညဖြစ်သဖြင့် လောကဓာတ်တစ်ခွင်လုံးလင်းချင်းနေသည် မင်ဒလင်တစ်အေးအေး သီချင်းတစ်ညဉ်းညဉ်း
ဖြင့်ပြန်လာရာ သူတို့ရွာမရောက်ခင်စပ်ကြားသင်္ကျိုင်းကုန်းအဖြတ်တွင်အလွန်ဆိုးဝါးသည့်အပုပ်နံ့တစ်ခုကိုရသည်ဆို၏
ဝင်းကျော်၏ဦးလေးသည်ဘာမှမဖြစ်သလိုမှင်နှင့်မောင်းနှင့်သီချင်းဆိုနေနိုင်သေးသော်လည်းအဖေါ်လိုက်လာ
သူမှာကြောက်ဒူးတုန်လျှက်ရှိနေလေပြီ အနောက်ဘက်မှလည်းတစ်ယောက်ယောက်က
ကပ်ပါလာသလိုလိုခြေသံတရှပ်ရှပ်ကြားရသည်
“မင်း….မင်း…အခု.ဆိုတဲ့..သီ..သီချင်းက..ဇာတ်မင်းသမီးမသေခင်...နောက်..ဆုံးဆို...ဆို...သွားတဲ့သီချင်းကွ...”
အဖေါ်ဖြစ်သူမှာအသံပင်မပီတော့....ကြောက်စိတ်ကလူကိုဖုံးလွှမ်းလျှက်ရှိနေပြီ..။ထိုနေရာသည်ဇာတ်စင်ပြိုရာတွင်
မရှုမလှသေဆုံးခဲ့ရသူ
ဇာတ်မင်းသမီးလေး၏အလောင်းကိုမြေမြှုပ်ခဲ့ရာနေရာလည်းဖြစ်တော့သည်။
နောက်မှနေ၍ရှပ်ရှပ်ကပ်ပါလာသည့်ခြေသံကိုအဖေါ်ဖြစ်သူကစိတ်မထိန်းနိုင်ဘဲ
ကြောက်ကြောက်နှင့်လှည့်ကြည့်လိုက်ရာ
မြင်လိုက်ရသောမြင်ကွင်းကြောင့်သွေးပျက်မတတ်ထိန့်လန့်သွားပြီး ပေါသွပ်ကာတွန်းထဲကလို
“မွေးမေလေ့”ဟုမအော်နိုင်ဘဲ အော်ချင်သလိုအော်ပြီးရွာထဲတန်းပြေးတော့သည်။
သူငယ်ချင်း၏ဦးလေးလည်းလိုက်ပြေးသည် အနောက်ကိုတော့လှည့်မကြည့်ရဲ...လှည့်မကြည့်၍ဘာမှမမြင်ခဲ့
ဘာမှမမြင်၍ဘာမှလည်းမဖြစ်ခဲ့ မြင်လိုက်ရသည့်အဖေါ်မှာ တစ်ပတ်တိတိကြောက်ဖျားဖျားသည်
နည်းနည်းပြန်နေကောင်းလာတော့သူမြင်ခဲ့ရသည်ကိုရွာသားများအားကြောက်ကြောက်နှင့်ပြန်လည်ပြောပြသည်
“မသင်္ကာလို့လှည့်ကြည့်လိုက်တာ ဇာတ်မင်းသမီးရယ်လေ..ငါတို့အနောက်ကနေထပ်ကြပ်မကွာလိုက်လာပြီးဟိုကောင့်သီချင်းအသွားတိုင်း
လိုက်ကနေတာ
ခေါင်းတစ်ခြမ်းကပျောက်နေပြီး မျက်လုံးလည်းမရှိဘူး ငါဟိုကောင့်ကိုပြောသားပဲ အဲဒီသီချင်းမဆိုပါနဲ့လို့ ကံကောင်းလို့
လိပ်ပြာလွင့်ပြီးမသေတာ... တော်ပြီ…လေးအိမ်စုရွာမသွားတော့ဘူး”..။ ။
……………………………….........
(ယခုဖြစ်ရပ်ကိုယုံပါလို့ကျနော်မပြောလိုပါ ကျနော့်သူငယ်ချင်းပြောပြသည်များကိုပြန်လည်ရေးပြခြင်းသာဖြစ်သည်
စောဝင်းကျော်ကိုကျနော်တို့က small tigerဟုနာမည်ပြောင်ခေါ်ကြသည်
သူ့အဖေနာမည်က ဦးကျားကြီးကိုး :P
ဒါကြောင့်ဒီပိုစ်လေးကိုလည်းကျားကလေးရဲ့ပုံပြင်ဆိုပြီးအမည်ပေးလိုက်ရပါကြောင်း...။ ။)
ကျားကလေးရဲ့ပုံပြင်

“အဲဒီမသာမကို ငါမဖမ်းလို့ဘယ်သူဖမ်းရဲလို့လဲ ကျေးဇူးမတင်ဖင်လှန်ပြတဲ့ဟာတွေ သတ္တိရှိတဲ့ကောင်ထွက်ခဲ့ကွာ နှုတ်ခမ်းမွှေးချင်းချည်ပြီးဆောင့်ပြိုင်ရုန်းပစ်မယ် ထွီ”
တခုသောနေ့လည်ခင်းတွင်ဖြစ်သည် မြန်မာပြည်အလယ်ပိုင်း အတန်အသင့်ခေါင်သည့် ရွာတစ်ရွာရှိသူကြီး၏အိမ်ဝင်းထဲကတလင်းပြင်ပေါ်တွင်ထိတ်တုံးခတ်ခံထိထားသောဖိုးဇံဆိုသူသည် ဒေါသအမျက်ချောင်းချောင်းထွက်လျှက်ဆဲရေးတိုင်းထွာနေ၏ ။
ဖြစ်စဉ်ကဒီလို...
မနေ့ကသူတို့ရွာတွင် မယဉ်မှုံဆိုသူသည်အိမ်သားများမရှိခိုက်ကြိုးဆွဲချသတ်သေသွားသည် ရွာပတ်ပြီးအတင်းတုတ်သန်းရှာလုပ်နေသောအမေဖြစ်သူကညနေစောင်းအိမ်ပြန်ရောက်မှတွေ့ရာ ခုနှစ်သံချီအော်ပြီးတက်သွားတော့သည် ရွာသားများလည်းရောက်လာကြကုန်ပြီးအမေဖြစ်သူကိုခြေချိုးလက်ချိုးလုပ်သူလုပ် နှာနှပ်ပေးသူပေးနှင့်ပျာယာခတ်သွားသည် သမီးဖြစ်သူကိုတော့တစ်ယောက်မှမထိရဲကြပါချေ မယဉ်မှုံသည်အသက်၂၄နှစ် အတန်အသင့်ရုပ်ရည်ရှိပြီး စကားနည်းကာ အေးအေးနေတတ်သူလေးဖြစ်သည် အဖေ အမေ အစ်ကိုအကြီးနှင့်မောင်ငယ်တစ်ယောက်ရှိပြီး စီးပွားရေးလည်းအတန်အသင့်ပြေလည်ကြသည်။
မိသားစုမှာရော ရွာထဲမှာပါပြဿနာအကျယ်အကျယ်မဖြစ်စဖူး
ဘယ်လိုကံကြမ္မာဆိုးကများသူမကိုဒီလိုလုပ်ပစ်ဖို့တွန်းအားတွေပေးပစ်ခဲ့သည်မသိ.. ကြမ်းပြင်မှတစ်ပေကျော်ကျော်အထိခြေတောက်ကလွတ်နေသည် မျက်နှာကပြာနှမ်းဖောင်းအစ်နေပြီးမျက်လုံးများကအဆမတန်ပြူးကျယ်နေကာ လျှာကလည်းအပြင်သို့အစ်ထွက်နေသည် သူမအသက်ရှင်စဉ်ကအပေါင်းအသင်းများပင်ထိုဖြစ်စဉ်အားတွေ့ပြီးအလွန်တရာထိတ်လန့်ကုန်ကြရာ ဘယ်သူမှအနားမကပ်ရဲတော့ ရွာသူကြီးလည်းရောက်လာပြီးအခြေအနေကိုကြည့်ရှုပြီးနောက်ရွာသားနှစ်ယောက်အားတာဝန်ပေးသည် တစ်ယောက်ကအပေါ်တက်ပြီးကြိုးကိုခုတ်ဖြတ်ရန်နှင့် တစ်ယောက်ကအောက်မှနေ၍ဆီးဖမ်းထားရန်ဖြစ်သည် တာဝန်ပေးခံရသောရွာသားနှစ်ယောက်လည်းခါးတောင်းကိုမြောင်နေအောင်ကျိုက်ကာသေသူအနားသွားပြီး
တစ်ချက်စီမော့ကြည့်ကြပြီးနောက် ရွာထဲသို့တစ်ဟုန်ထိုးပြေးဝင်ကာပျောက်ကွယ်သွားတော့သည် ။ ရုတ်တရက်သူကြီးတောင်ကြောင်သွားသည်
“ခွေးမသားတွေ ဘယ်ပြေးတာလဲ”
“ကြောက်ပြီးပြေးသွားတာဗျ” ဆယ်အိမ်မှူးကထအော်သည်
“နက်ဖြန်မှပဲအဲဒီနှစ်ကောင်ကိုရွာထိပ်ကဇရပ်အမိုးကိုပြင်ဖို့တာဝန်ပေးလိုက်မယ် ဒဏ်ခတ်တဲ့အနေနဲ့ ကဲဒီကိစ္စဘယ်သူတာဝန်ယူမလဲ လူနှစ်ယောက်လိုတယ်”
ထိုအခါသေသူမယဉ်မှုံ၏အစ်ကိုသည်မျက်ရည်တွေတွေကျနေရင်းမှ
“ကျနော်ကြိုးတက်ဖြတ်ပါ့မယ်ဗျာ ညီမကိုဒီအတိုင်းကြီးကြည့်မနေရက်ဘူး တစ်ယောက်ယောက်ကအောက်ကနေဖမ်းပြီးထိန်းထားပေးပါ”
ရွာသားအားလုံးသူလိုလိုကိုယ်လိုလိုဖြင့်တစ်ယောက်မှတော့ထွက်မလာ
“ဆီးဖမ်းတာတော့ဟုတ်တယ် ပြိုလဲမကျသွားဖို့အရေးကြီးတယ် ဖမ်းတဲ့လူရော သေတဲ့လူရော ရောထွေးပြီးပြုတ်ကျရင်ရွာနာတယ်ဗျ နိမိတ်မကောင်းဘူး”
အယူသည်းကြသူရွာသားများထဲမှထွက်လာသည့်အသံဖြစ်သည် ။
“လုပ်ပါဗျာ ကျနော့်ညီမလေးကိုဒီအတိုင်းကြည့်မနေကြပါနဲ့ အဖေကလည်းအမျိုးတွေရွာရောက်နေတယ် အီးဟီးဟီး”
ပြောရင်းမှအစ်ကိုဖြစ်သူငိုပြန်ပါလေပြီ ။
ထိုအခိုက် “ငါဖမ်းပါ့မယ်ကွာ” ဆိုသည့်အသံနှင့်အတူဖိုးဇံရောက်ချလာသည်။
သူကြီးကဖိုးဇံအားရှုတည်တည်နှင့်ကြည့်ပြီးနောက်
“မင်းမူးနေလား အရက်နံ့ကထွက်နေတယ် ကြည့်လုပ်နော် စောစောကရွာသားပြောသလိုလူရောမသာရောအလဲလဲအပြိုပြိုဖြစ်လို့ကတော့ မင်းမလွယ်ဘူး”
ဖိုးဇံလည်းဘာမှမဖြစ်စေရကြောင်းအာမခံပြီးသေသူအားအောက်မှသေသေချာချာပွေ့ထားပြီး
အစ်ကိုလုပ်သူအားကြိုးဖြတ်ချခိုင်းလိုက်သည် အစ်ကိုလုပ်သူလည်းကြိုးကိုတိကနဲခုတ်ချလိုက်ရာ
ကြိုးလည်းအပြတ် သေသူလည်းကျအလာ ဆီးဖမ်းတဲ့လူကလည်းအမူးနဲ့ဆိုတော့ သေသူနဲ့ဖိုးဇံကြမ်းပြင်မှာလုံးထွေးသွားတော့သည်။
ရွာသားများ၏ဟာကနဲ ဟင်ကနဲအာမေဋ္ဋိတ်သံနှင့်အတူ ရွာသူကြီး၏ကျယ်လောင်လှသောအသံကြီးလည်းဟိန်းထွက်လာလေသည်။
“သန္ဓေယုတ် ခွေးစုတ် ဖိုးဇံအစုတ်ပလုတ် ဒီကောင့်ကို၂ရက်တိတိထိတ်တုံးခတ်ပလိုက်”
ထိုသတင်းဆိုးသည်တစ်ရွာလုံးသို့ပျံ့သွားသည် ။
ထိုနေ့ညနေတွင် မောင်ကျော်လှဆိုသူသည်အိမ်သို့အလွန်သုန်မှုံခက်ထန်နေသည့်မျက်နှာဖြင့်ပြန်ရောက်လာသည် ရောက်ရောက်ချင်းအမေဖြစ်သူအားခြံသွင်းနွားတစ်ကောင်လွတ်နေ၍ပြန်ထွက်ရှာရန်နွားချည်ကြိုးတစ်ချောင်းအား
တောင်းပြီးရွာအပြင်ဘက်သို့ထွက်လာခဲ့သည်၊
ထို့နောက်သုသာန်အတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားတော့သည် ညသည်နက်သထက်နက်လာနေခဲ့သည်။
(ဆက်ရန်......)


