
“မစားရတဲ့အမဲ သဲနဲ့ပက်”ဆိုတာ သားကြီးတို့လိုကောင်မျိုးကိုပြောတာဖြစ်မယ်
အခုပဲကြည့် ကိုယ့်ရည်းစားမဟုတ်တိုင်း လုပ်ထားလိုက်တာ ရစရာကိုမရှိတော့ဘူး
မွေးကတည်းကလမ်းကိုအတည့်မလျှောက်တဲ့ကောင် ၊ မျက်နှာမြင်ရိုက်ချင်ပါစေ ဆုတောင်းပြည့်တဲ့ကောင်
ချစ်သူတစ်ယောက်ရှိရင် မုန်းသူက နှစ်ယောက်လောက်ရှိတဲ့ကောင် ။
ဝက်ဝံကလေးက ကိုယ့်ကိုအမြင်ကပ်ရသောအကြောင်းရင်းများတဲ့ ဒီအကြောင်းတွေရေးရင် ပြောမဆုံးပေါင် တောင်သုံးတောင်
ဖြစ်နေလိမ့်မယ် တခါတခါ ကိုယ့်ကိုကိုယ်တောင်အမြင်ကပ်နေပါတယ်ဆို ။
..........................
နောက်တစ်ခုက ကိုသက်တန့်ချိုကစပြီး ဝက်ဝံကလေးကအားလုံးကိုပြန်တဂ်တဲ့ အကြိုက်ဆုံးဘလော့ငါးခုအကြောင်းတဲ့
ဒီအကြောင်းကိုရေးရရင် ရှည်နေပါလိမ့်မယ် ၊ ရှည်တယ်ဆိုတာက မတိုဘူးပေါ့နော် မတိုမှတော့ရှည်ပြီပေါ့လေ။
ဒါပေမယ့် တိုတိုပဲရေးလိုက်ပါ့မယ် အကြိုက်ဆုံးဘလော့က ငါးခုမကရှိပါတယ် တစ်ခုချင်းစီပြောပြဖို့ရာခက်ခဲပါတယ်
ခက်ခဲတယ်ဆိုရင် ခေါင်းကကိုက်ရပါတယ် ခေါင်းကိုက်တယ်ဆိုရင် ဆေးက သောက်ရပါတယ် ဆေးသောက်တယ်ဆိုရင်
ပိုက်ဆံကကုန်ပါတယ် ပိုက်ဆံကုန်ရင် လူလည်းညစ်ပါတယ် လူညစ်ပြီဆိုရင်ခေါင်းကကိုက်ပြန်ပါတယ်။
ဆိုရရင် အနေအထားက မုန့်လုံးစက္ကူကပ်နေပါတယ် သေချာတာကတော့ ဘလော့တစ်ခုကြိုက်ခြင်း၊ မကြိုက်ခြင်းကို ပေးခဲ့တဲ့
ကွန်မန့်တွေအရသိနိုင်ပါတယ် အားလုံးကိုလည်း ရင်ထဲကလာတဲ့စကားနဲ့ပဲ ကျနော်မန့်ခဲ့တာပါပဲ ။
(ဝက်ဝံကလေးရေ ကျေနပ်ရဲ့လားမသိ အခုတလော စာလုံးဝမရေးနိုင်တာကိုနားလည်ပေးပါ ၊တဂ်ကြွေးနှစ်ခုစလုံးကိုဒီစာတိုတိုလေးနဲ့ပဲ ဆပ်လိုက်ပါရစေ g-talkတောင်မဝင်ဖြစ်တာကြာပေါ့ဟာ လူက တစ်ယောက်တည်းရှုပ်နေတယ်ဒီမှာ ချိတ်ချိုးပါနဲ့ဗျိုးးးး)
ပထမအပုံကိုဒီနေရာကယူပါတယ် ၊ ဒုတိယအပုံကတော့ ကိုယ့်ဘာသာကို ပြန်ပြီးလက်ဆော့ထားတာဖြစ်ပါတယ် ၊ mileyရေ မကျေနပ်ရင်လည်း အခန်းလာပြီး ရန်တွေ့လှည့်တော့ :P
ဝက်ဝံကလေးရဲ့တဂ်
ခုတလော(တဂ်)
ခုတလောတဂ်စာတွေချည်းခဏခဏမိနေတယ်၊ ကံကောင်းလို့သွေးတိုးမရှိတာ၊ မဟုတ်ရင်အတက်စာတွေနဲ့ စောစောစီးစီး မာလကီးယားနေလောက်တယ်။ ပြောသာပြောရတာ ခင်လို့မင်လို့ ကိုယ့်ကိုတဂ်ထားတာလေးတွေ့ရင် စိတ်ညစ်သလိုလိုနဲ့ပျော်တော့လည်းပျော်သား စိတ်ညစ်တယ်ဆိုတာက စာသိပ်မရေးတတ်တဲ့အားနည်းချက်
ကြောင့်ပါ။
မြန်မာ့ရုပ်သံအစီအစဉ်ကြေညာသူရဲ့လေသံနဲ့ပြောရရင် “ဒီတစ်ခါ အလှည့်ကျရောက်လာတာ
ကတော့ တစ်ယောက်တည်းအေးအေးဆေးဆေးနေတတ်တဲ့ သူငယ်ချင်းမလေး sweetpeonyရဲ့ ခုတလော ဆိုတဲ့တဂ်ပဲဖြစ်ပါတယ်ခင်ဗျာ
နောက်ပြီး ခင်တဲ့သယ်ရင်းတလနွန်ကလည်း ဒီခေါင်းစဉ်နဲ့ပဲတဂ်ထားပြန်ပါတယ် တစ်ခါတည်းအတူတူရေးလိုက်ပါမယ် ”
မလေးစကားနဲ့တိုက်ရိုက်ဘာသာပြန်ရရင် “ခုတလော”ဆိုတာ“ခေါတလု”လို့တော့ အသံထွက်မယ်မထင်ဘူး
(လျှာကရှည်နေပြန်ပြီ ဟီးး)
လတ်တလောနိုင်ငံခြားမှာနေ နေရတာဆိုတော့ ဘဝက ကိုယ်ထူကိုယ်ထ လမ်းတစ်လမ်းလိုပါပဲ ကိုယ်ထူကိုယ်ထဆိုတာကလည်း ကိုယ်လဲရင်လည်း ကိုယ်ပဲကွဲပါတယ်။ ဒါက မြင်သာအောင်ပြောရတာပါ။
တွေးနေမိတာက…... ဂစ်တာလေးရှိနေသေးရင်သိပ်ကောင်းမယ် ဘာမှန်းမသိတဲ့ဟာတွေကိုလွမ်းသလိုလိုဖြစ်လာတိုင်း ဂစ်တာလေးတီးတီးနေရတာ ဖြေသာတယ်
ခုတော့ တီးစရာဆိုလို့ ကိုယ့်နရင်းပဲကိုယ်ပြန်တီးဖို့ရှိတယ် အဲဒါကြောင့်ဘာကိုမှမလွမ်းရဲတော့အောင်ပဲ။
ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက......လူတွေအကြောင်းအများကြီး လေ့လာရဦးမယ်၊ ဆရာတာရာမင်းဝေရဲ့စာထဲကလိုပေါ့၊ တစ်ချို့ကျ လူတွေအကြောင်း“ကကြီး”ကနေ“အ” အထိသူတို့သိပါတယ်လို့
ကြွေးကြော်ကြတယ်။ ကျနော်ကတော့ လူတွေအကြောင်းကို“ကကြီး”ကနေ“ခခွေး”အထိပဲသိပါတယ်။ ဒါတောင် သိတဲ့တစ်ဝက်က မှားနေသေးတယ်။
ကျန်းမာရေး…….“ကျန်းမာရေး”ဆိုတာဝမ်းနှုတ်ဆေးရဲ့နာမည်ပေါ့နော် ၊ မသောက်ဖြစ်ပါဘူးကွယ်။ တော်ကြာဟိုသီချင်းထဲကလို“ပွမ်ပွမ်မြည်တဲ့အသည်း” မဖြစ်ဘဲ “ဒန် ဒန် မြည်တဲ့ဘဲ”ဖြစ်နေပါဦးမယ်။
ဖတ်ဖြစ်နေတဲ့စာအုပ်တွေ......မဖတ်ရသေးတဲ့စာအုပ်၊ ဖတ်ပြီးလည်း ထပ်ဖတ်ဖို့ဆန္ဒရှိနေသေးတဲ့စာအုပ်။
ရောက်ဖြစ်နေတာက......လက်ရှိနေထိုင်နေတဲ့နေရာကိုရေးရမှာလား? လျှောက်လျှောက်ပြီးသွားနေတဲ့နေရာ
ကိုရေးရမှာလား? လက်ရှိနေထိုင်နေတဲ့နေရာကိုရေးရမယ်ဆိုရင်တော့ ရေးမယ်။ အရင်ကဆို လူတွေကသူ့ကို“ပြား”တယ်လို့ယူဆခဲ့ကြတယ်၊ ခုတော့လည်းသူ့ကို“လုံး”နေမှန်း သိသွားကြပြီ။ဒါတောင်တစ်ချို့က သူ့ကို “လုံး”သလိုလို“ပြား”သလိုလို လုပ်နေတုန်း။ “သူ”ဆိုတာက
“ကမ္ဘာ”ကိုပြောတာပါ။ ကျနော်အဲဒီကမ္ဘာပေါ်မှာနေထိုင်နေပါတယ်၊ ဒီထက်ပိုပြီး သေသေချာချာမသိပါဘူး။
ရေးဖြစ်နေတာက........အခုမိတ်ဆွေဖတ်နေတာပဲပေါ့
နားထောင်ဖြစ်နေတာက.......“ဖိုးကာ”ရဲ့ တစိမ့်စိမ့်ကြည့် သီချင်းကို လေးစားကြည်ညိုစိတ်အပြည့်နဲ့ နားထောင်ဖြစ်နေပါတယ်။ ချစ်သူကို နဖူးကနေခြေဖျားထိ တစ်နေကုန်တစိမ့်စိမ့်ကြည့်ရုံလေးပဲ ကြည့်တယ်ဆိုတာ နည်းနည်းနောနော သမာဓိမှ မဟုတ်ဘဲ၊ မြန်မာပြည်မှာ အထောက်တော်ကျန်ကျောင်းလိုမျိုးဇာတ်လမ်းတွဲရိုက်ရင် ဖိုးကာကို သုခမိန်ကြီးပေါင်ချိန်နေရာထားရမယ်၊
ပေါင်ချိန်ကလည်း ပိန်ချောင်နေတာပဲလို့တော့အဲကျမှ ကွန်ပလိန်းမတက်ကြနဲ့ပေါ့လေ (ဒါကကြိုပြောထားရတာ)
ရွတ်နေမိတာက….... အနိစ္စ၊ဒုက္ခ၊ အနတ္တ ။ ပြီးခဲ့တဲ့ရက်တွေကမှ ကျနော့မျက်စိရှေ့မှာ အကောင်းပကတိကြီးရှိနေသေးတဲ့ ကောင်မလေးတစ်ယောက်၊ တနေ့က သတင်းကြားလိုက်တယ် “လင်ရသွားရှာပြီ”တဲ့ အဲဒီကတည်းက ဘယ်အရာမှမမြဲဘူးဆိုတာသဘောပေါက်သွားတယ်။
ဖြစ်ချင်နေတာက......miley cyrus ရဲ့ရည်းစား။
စားဖြစ်နေတာက.....မနေ့ကထက် ဘာမှပိုမထူးတဲ့အစားအစာတွေ။
သနားနေမိတာက…...ငယ်ငယ်ကဆိုတိရိစ္ဆာန်တွေကို သနားတယ်၊ချစ်တယ်။ ခုတော့မသနားတော့ဘူး မချစ်တော့ဘူး။ တိရိစ္ဆာန်က လူတွေကိုပြန်ပြီး လူပါးဝ အဲ.. အဲ … တိရိစ္ဆာန်ပါးဝနေလို့။ ဝေးဝေးမကြည့်နဲ့ ကိုယ့်တိုင်းပြည်ပဲကိုယ်ပြန်ကြည့် သေသေချာချာကိုကြည့် သတိမမူရင် ဂူတောင်မြင်မှာမဟုတ်ဘူး။ သတိမူရင်တော့ ဂူမကဘူး ပူထွက်နေတဲ့၊ စူထွက်နေတဲ့ တိရိစ္ဆာန်တွေရဲ့ဗိုက်ကိုတောင်မြင်ရလိမ့်မယ်။
လွမ်းနေမိတာက......မလွမ်းရဲဘူး၊ ပြောခဲ့ပြီ ကိုယ့်နရင်းကိုယ်ပြန်တီးနေရမယ်။
မေ့လျှော့ပစ်နေမိတာက.....အယ်... မေ့သွားပြီဗျ၊ ပြောပြမလို့ဟာ ။
ခါးသက်နေမိတာ.......Guinness stout ၊ မယုံရင်သောက်ကြည့်ပါလား တစ်ကယ်ပဲခါးသက်သက်နဲ့။
တမ်းတနေမိတာက...... တစ်ဖက်ကစက္ကူထည့်ရင် တစ်ဖက်က ပိုက်ဆံထွက်တဲ့စက်။
ကြိတ်ပြီးချီးကျူးနေမိတာ.......ယုံကြည်ရာအမှန်တရားကိုရှေ့တန်းတင်ပြီး ဘဝတွေ မှောင်အတိကျခဲ့ကြသူများ။ (အားလုံးရဲ့ရင်ထဲမှာတော့ လင်းတယ်)
ကြိတ်ပြီးအထင်သေးနေမိတာ.......ယုံကြည်ရာ အမှားတရား ကိုရှေ့တန်းတင်ပြီး ဘဝတွေ တောက်စားနေသူများ။ (အားလုံးရဲ့ရင်ထဲမှာတော့ မှောင်တယ်)
ဆန္ဒမရှိတဲ့နေရာ....... သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူးလို့ ကြွေးကြော်တဲ့နေရာ၊ ကျည်ဆန်နှမျောလို့နဲ့တူပါတယ်။ (အသက်ကိုတော့ နှမျောကြပုံမရဘူး တခါတခါစဉ်းစားမိတယ် ဒီလောက်တောင်ကျည်ဆန်နှမျောနေကြရင် အနားမှာဘယ်သူမှမရှိတဲ့အချိန်ဆို ကိုယ့်ဖင်ကိုယ်ပြန်ပစ်နေကြလားမသိဘူး အဲဒါဆိုရင်တော့ပြဿနာပဲ)
ဆန္ဒရှိတဲ့နေရာ..... ကျနော်ရယ်၊ ကျနော့ရဲ့နံရိုးလေးရယ်၊ နောက်ပြီး မိုးတိမ်တွေမငိုတဲ့အပြာရောင်ရပ်ဝန်းတစ်ခုရယ်ပေါ့ (“နံရိုး”ဆိုတာ ပတ္တလားအမှတ်နဲ့ တီးရမယ့်ဟာကိုပြောတာမဟုတ်ပါဘူး “ချစ်သူ”ကိုပြောတာပါ)
မုန်းတီးနေမိတာ.........မုန်းပဲမုန်းနေမိပါတယ်၊တီးတော့တီးမနေမိဘူး။မုန်းတိုင်းလိုက်တီးနေရင် “မီးတုံး”ဖြစ်ပြီးမဲနေလိမ့်မယ်။ အဲကျမှ တွေ့ကရလူကို “ဗြဲ”လို့အော်ပြီးလိုက်ခြောက်နေရရင် မမိုက်ဘူး။
ချစ်နေမိတာက…..... ကွမ်းယာဆိုင်က“အမီနာ” ၊ အဲလေ… ယောင်လို့ ။
စိတ်ပျက်နေမိတာက....... စိတ်တော့မပျက်ဘူး၊ စက်တော့ပျက်တယ် ၊ အောက်စက်ရော ၊ကွန်ပြူတာရောပဲ။
စွဲလမ်းနေမိတာက....... စွဲလမ်းရင်သရဲဖြစ်တတ်တယ်တဲ့၊ ဘာကိုမှမစွဲလမ်းရဲဘူး။
လိုအပ်နေတာ……...“အာရကေ”လိုတယ်။(“အာရကေ”ဆိုတာ “အေရကာ”ရဲ့အစ်ကို ကုလားကြီးလို့တော့ မမှတ်နဲ့နော်၊
“ပိုက် ပိုက်”ကိုပြောတာ ။ “ပိုက်ပိုက်”ဆိုတာလည်း“ဖိုက်ဖိုက်”ရဲ့ယောက်ဖမဟုတ်ဘူးနော် “ပိုက်ဆံ”ကိုပြောတာ အဟီး သားကြီးတို့အလွန်လျှာရှည်၏) အဲဒါကြောင့် ဆံပင်ဆေးဆိုး နားကွင်းတပ်ပြီး VCDကူးခွေတွေ လိုက်ဖြန့်ရင် ကောင်းမလားလို့၊ ဘာပဲပြောပြော VCDရောင်းတာ ရှောက်သီးဆေးပြားရောင်းတာထက်တော့ ဂွမ်မယ်ထင်တယ် ။
တောင်းနေမိတဲ့ဆု......death noteရုပ်ရှင်ထဲက death noteစာအုပ်လေးလိုချင်တယ်၊ အမိမြန်မာပြည်ကိုအထင်ကရဖျက်ဆီးနေတဲ့လူတွေ၊ အမြင်ကပ်တဲ့လူတွေရဲ့နာမည်ကို အကုန်တန်းစီရေးပစ်မယ်။ dieကြရော့လဟယ်…
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက....... “အုံ အွမ် အုံအွမ်” (အဲလိုအော်ရင်လာဘ်ရွှင်တယ်ထင်တယ်၊ လာဘ်မရွှင်လည်း လူရွှင်ရင်ပြီးတယ် လူမရွှင်တောင်တစ်ခုခုရွှင်ရင်ရပြီ)
ဝန်ခံချင်တာက...... ဘာကိုဝန်ခံရမလဲမသိဘူး၊ လုပ်ခဲ့တဲ့အပြစ်တွေကိုလား? ဝန်ခံပြီးရင် ထိုက်သင့်တဲ့အပြစ်ဒဏ်ရော ပေးမှာပဲလား? ဒါဆိုရင် ဝန်မခံတော့ဘူး ပြောချင်တာပဲပြောခဲ့တော့မယ်၊ ဒီစာလာဖတ်ပြီး ကွန်မန့်မပေးသူ ဘော်ဘော်အပေါင်း(အိမ်ထောင်မရှိသေးသူများ) အပ္ပနားနဲ့ညားပါစေ၊ လက်ချမီးနဲ့ ညားပါစေ အဟိ ။
သယ်ရင်းလေးsweetpeonyနဲ့ သယ်ရင်း တလနွန်တို့ရေ ကျေနပ်နိုင်ပါစေ။ ။
ပုံကို photo bucketကယူပါတယ်။
ကလေးဘဝအမှတ်တရ(တဂ်)
ခုတလောလာတဲ့tagတွေကအခြားလူတွေအတွက်တော့မပြောတတ်ဘူး ကျနော်အတွက်တော့နည်းနည်းခက်နေသလိုပဲ
(နည်းနည်းခက်တယ်ဆိုတာကများများမခက်ဘူးလို့လည်းသက်ရောက်ပါတယ်)
ဘလော့ကာလုပ်ရတာလည်းသိပ်တော့မမိုက်ပါ ကိုယ့်အထုပ်ချည်းကိုယ်ဖြည်ဖြည်ပြနေရလို့လေ။
အဖြည်ကောင်းပြီးခါးမှာလံကွတ်တီချည်းကျန်မှာလည်းစိုးရသေးတယ် ၊
ဘလော့ကာရဲ့ချစ်သူရည်းစားတွေဆို သာလို့တောင်မမိုက်သေး အခန့်မသင့်ရင်သူတို့အထုပ်ပါလှမ်းလှမ်းပြီးဖြည်ခံထိတယ်လေ။
အဲဒါကြောင့်ချစ်ခင်ရတဲ့ညီမတွေ အစ်မတွေကိုကြုံရင် ကြုံသလိုသတိပေးဖြစ်ပါတယ် ဘလော့ကာတစ်ဦးဦးကချစ်ရေးဆိုလာရင် တတ်နိုင်သမျှဝေါင်ဝေါင်ရှေးကြပါလို့ ဟီးးး။
“အိမ်လေးကမိုးတွေလည်းယိုလို့ပါလား”ဆိုတဲ့c-boxကနှုတ်ဆက်သံနဲ့အတူမနှင်းကိုကျနော်စသိခဲ့တာပါ။
“အိမ်လေးကနှင်းတွေလည်းဝေလို့ပါလား”ဆိုပြီးမနှင်းc-boxမှာကျနော်သွားပြန်အော်ဖြစ်ခဲ့ပါတယ်။
ခုတော့ကျနော့်အိမ်မိုးမယိုတော့ပါဘူး မနှင်းရဲ့အိမ်ကတော့နာမည်နဲ့လိုက်အောင်ခုထက်ထိ
နှင်းဥတုဖြစ်နေတုန်းပါပဲ။
“ကလေးဘဝအမှတ်တရ”ဆိုပြီးမနှင်းကtagလာတော့တော်တော်လေးစဉ်းစားရ
ကြပ်သွားပါတယ် ကလေးဘဝကအော်ဆိုခဲ့ဖူးတဲ့ကဗျာလိုလိုစာလိုလိုတွေက များသောအားဖြင့်တော်တော်များများတူနေကြပါတယ် tagကြွေးဆပ်ပြီးသားလူတွေရဲ့ပိုစ်ကိုဝင်ဖတ်ပြန်တော့ သူတို့ရေးထားတာတွေက ကိုရေးမယ့်ဟာတွေနဲ့အတူတူပဲဖြစ်နေတယ်..
တောင်ပေါ်ကရှမ်းကလေးတို့
ကုလားကလေးဓါးသွေးတို့ ညောင်ပင်တစ္ဆေတို့ပေါ့လေ ။
ငယ်ငယ်က ကစားရင်းနဲ့အော်ဖူးတာတွေကလည်း
တစ် -နေရာယူ
နှစ် -အသင့်ပြင်
သုံး -ကျည်ဆန်ထည့်
လေး-မောင်းချိန်
ငါး -ဝပ်
ခြောက်-ပစ် ဆိုတဲ့စစ်တိုက်တာတွေပဲများပါတယ်
ကျနော်ငယ်ငယ်ကစစ်တိုက်တမ်းကစားတာအရမ်းဝါသနာပါတယ်လေ သေနတ်ဆိုရင်လည်း အဖေကိုယ်တိုင်လုပ်ပေးထားတဲ့ သစ်သားသေနတ်ကအစ ပွဲဈေးတွေမှာရော စတိုးဆိုင်တွေမှာပါဝယ်လာတဲ့သေနတ်တွေထိအစုံရှိတယ်။
အိမ်ကိုဧည့်သည်တွေလာရင်အဖေအမြဲပြောတယ် “ကျနော့်သား ကြီးလာရင်စစ်ဗိုလ်များဖြစ်မလားမသိဘူး”တဲ့
ဒါပေမယ့်အဖေ့စကားမှားခဲ့ပါတယ် စစ်တိုက်တဲ့ကစားနည်းကို ကျနော်နောက်ပိုင်းမှာစွန့်လွှတ်ခဲ့ပါတယ်
သေနတ်တွေကိုလည်းမခင်တွယ်တတ်တော့ပါဘူး တိတိကျကျပြောရမယ်ဆိုရင် သေနတ်ဆိုတာ“သတ်”ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့
ထုတ်လုပ်ထားတဲ့ပစ္စည်းတစ်ခုသာဖြစ်တယ်ဆိုတာကိုကျနော်သိလိုက်ကတည်းကပေါ့၊ မြင်လိုက်ကတည်းကပေါ့။
(တချို့ကတော့ပြောရော့မယ် “သေနတ်ပါဆိုမှ သတ်ဖို့မဟုတ်ဘဲ အမြင့်မှာထားပြီးရှိခိုးဖို့လား”ဆိုပြီးတော့..
ရပါတယ် အယူအဆတွေကြိုက်သလောက်ကွဲလွဲနိုင်တယ်)
ငယ်ငယ်က ကလေးချင်းမတည့်ရင်အော်ဖူးတာတစ်ခုတော့ရှိတယ်
“သူ့ဘက်ကလည်းမတည့် သောက်ရှက်လည်းမရှိ
အိမ်နောက်ဖေးက ခုံဖိနပ်နဲ့ရိုက် သေလိုက်” ဆိုတာလေ ၊
ဒါပဲမှတ်မိတော့တယ် မနှင်းရေ ရေးတာတွေက မလိုတာတွေပါနေရင် tagထားတာနဲ့လွဲနေရင်ဆောရီးနော်...
ငယ်ငယ်တုန်းက စားခဲ့တယ်(တဂ်)
သားကြီးဆိုသူ၏အမှာ........
ခုတစ်လောကျနော်စာတွေမရေးနိုင်ဖြစ်နေပါတယ် ဘီယာလည်းကောင်းကောင်းမသောက်နိုင်ဖြစ်နေပါတယ် ။ စာမရေးနိုင်တာက ကမ္ဘာပျက်တော့မယ်ဆိုတဲ့သတင်းကြားပြီး လူက ထိုင်ရမလို ထရမလိုဖြစ်နေလို့ပါ (မျက်လုံးထဲမြင်သာထင်သာအောင်ပြောရရင် အနေအထားက ကုန်းကုန်းကွကွကြီးပါ) ။
ဘီယာမသောက်နိုင်တာကတော့ ရှင်းပါတယ်၊ ဖွတ်ကလိဒင်္ဂါးမထွက်လို့ပါ။
ပြောသာပြောရတာပါ ကမ္ဘာကြီးတစ်ကယ်ပျက်ခဲ့မယ်ဆိုရင်တောင် ကျနော့်လိုအနာဂတ်တိတိပပ မရှိတဲ့ကောင်အဖို့ လွမ်းလောက်စရာတော့မရှိပါဘူး ၊
ဒါပေမယ့် ၂၀၁၀ခုနှစ်မှာ တရားအမျှတဆုံးသောရွေးကောက်ပွဲကြီးလုပ်ပြီး ပြည်သူ့မေတ္တာတော်ကိုခံယူမယ့် ဘဘကြီးနဲ့နောက်လိုက်တစ်စုအတွက်တော့ တယ်လည်းဟန်လှမယ်မထင်ဘူး။
မဲ၉၉.၉၉ရာခိုင်နှုန်းနဲ့နိုင်လာပြီးမှ ကမ္ဘာကြီးက ကောက်ကာငင်ကာပျက်သွားရင် သူတို့မှာ နိုင်ငံကိုအစိုးရဖို့မပြောနဲ့ ၊သူတို့ဖင်တောင်သူတို့စိုးလို့ရတော့မှာမဟုတ်ပါဘူး တွေးကြည့်ရုံနဲ့ပဲ ပိုးစိုးပက်စက်ကြီးကိုကြေကွဲပစ်ဖို့ကောင်းနေပါပြီ။
ကျနော်ကလေးဘဝတုန်းကလည်း ကြယ်နီကြီးတစ်လုံးကမ္ဘာကြီးကို ဝင်တိုက်တော့မယ်ဆိုပြီး ဟိုးလေးတစ်ကျော်ဖြစ်ဖူးပါတယ်၊ အဲဒီသတင်းလည်းကြားရော ကျနော့သူငယ်ချင်းတွေဘယ်လိုဖြစ်ကုန်လဲတော့ကျနော်မသိဘူး၊ ကျနော်ကတော့အိမ်ကိုအမြန်ပြန်ပြေးပြီး အိမ်နောက်ဖေးက တောင်းအစုတ်ထဲမှာ ကောက်ရိုးတွေနဲ့အမှည့်ခံထားတဲ့သရက်သီးအစိမ်းနှစ်လုံးကို အကုန်စားပစ်လိုက်ပါတယ်။ ပထမတော့ မှည့်အောင်စောင့်ပြီးမှစားမလို့ဖွက်ထားတာပါ ၊ ဒါပေမယ့် ကြယ်နီကြီးက ဘယ်အချိန်လာပြီး ကမ္ဘာကိုဖျက်မလဲမသိဘူးလေ
“မစားလိုက်ရလေခြင်း”ဆိုပြီးနောင်တမရချင်လို့ကြိုပြီးစားလိုက်တာပါ။ ပါးစပ်ကသာစားနေရတာ မျက်လုံးက ကောင်းကင်ကိုလည်း ကွက်ကြည့်ကွက်ကြည့်လုပ်နေရသေးတယ် မလွတ်နိုင်မှန်းသိတာတောင် ဘာပဲဖြစ်ဖြစ်ကြယ်နီကြီးကျလာရင် ရှောင်ကြည့်ချင်သေးတယ် အဲဒီတုန်းက ရှောင်လင်သိုင်းကားလည်းကြည့်နေကျဆိုတော့လေ ဒါပေမယ့်တစ်ကယ့်တစ်ကယ်မှာတော့ကြယ်နီကြီးလည်းရောက်မလာပါဘူး၊ ကမ္ဘာကြီးလည်းမပျက်ပါဘူး ပျက်သွားတာက ကျနော့်ဝမ်းပါ၊ ဝမ်းလျှောပြီးကျောင်းနှစ်ရက်မတက်နိုင်တော့ဘူးလေ။
မဟာဆန်tagကြွေးကိုမဆပ်နိုင်တာကြာတော့မျက်နှာပူရပါတယ် မနှင်းtagကြွေးလည်းရှိပါသေးတယ်။
ကိုယ်တိုင်စာမရေးနိုင်သေးတော့ ရဲရင့်သွေး ဆိုတဲ့(ကျနော့်အခေါ်“ရဲရင့်ပေါ”ပေါ့လေ)သူငယ်ချင်းတစ်ယောက်ကိုအကူအညီတောင်းရပါတယ်။ သူ့ခမျာ မအားမလပ်တဲ့ကြားကကြိုးစားပြီးရေးပေးရှာပါတယ် သူမအားဘူးဆိုတာက onlineမှာတက်ပြီးဖွံကြောင်ရတာရယ် အပြင်မှာပတ်ပြီးဖွံကြောင်ရတာရယ်နဲ့ လက်မလည်ဘူးဖြစ်နေလို့ပါ။
တစ်နေ့ကျရင်“ကျွန်ုပ်၏ဖွံအရှုပ်တော်ပုံ”ဆိုပြီး ကျမ်းတစ်စောင် ပေတစ်တဖွဲ့ရေးသားလိမ့်ဦးမယ်လို့မျှော်လင့်ရပါတယ် အဲဒီအချိန်ကျသူ့စာအုပ်ထွက်လာရင် ကျနော့်ဘလော့ကနေအခမဲ့ကြေညာပေးဦးမှာပါ ဘာပဲပြောပြောဒီသူငယ်ချင်းကတော်တော်အားကိုးရတဲ့သူငယ်ချင်းပါ လိုအပ်ရင် ကျနော်နဲ့ခွါပြဲခဲ့ကြကုန်သော ချစ်သဲလေးတွေရဲ့ပြဿနာကိုလည်း သူဝင်ပြီးရှင်းပေးတတ်ပါသေးတယ်။
ဥပမာ “ကိုသားကြီးဘယ်ရောက်နေလဲဟင်” လို့လွမ်းလွမ်းဆွတ်ဆွတ်မေးလာတဲ့ကောင်မလေးတွေကို
“သားကြီးသေပြီဟေ့”ဆိုပြီးအသံပြတ်ကြီးနဲ့ ပြန်ဖြေပေးတတ်တာမျိုးပါ ပြောပါတယ်တော်တော်အားကိုးရပါတယ်ဆို။
အစ်မ မဟာဆန်ခင်ဗျား သူငယ်ချင်းရေးပေးတဲ့postလေးနဲ့ပဲ အစ်မရဲ့tagကြွေးကိုဆပ်လိုက်ပါရစေခင်ဗျာ
ကျနော်ကတော့ခုတစ်လောတစ်ကယ်ပဲ ထိုင်ရမလို ထရမလိုဖြစ်နေလို့ စာမရေးနိုင်ပါသေးကြောင်းခင်ဗျာ..။
………………………..
ရဲရင့်သွေး(ခ)ရဲရင့်ပေါဆိုသူ၏စာ.........
မြန်မာ့ရိုးရာအစားအစာတွေနဲ့ပတ်သက်လို့ရေးရမယ်ဆိုရင်တော့အများကြီးပေါ့ခင်ဗျာ
ကိုယ်တွေ့ကြုံပြီးကိုယ်တိုင်ချက်စားခဲ့တာလေးတွေပြောပြမယ်ဗျာ။မြို့သားတွေစားတဲ့မြို့စာတော့မဟုတ်ဘူးပေါ့ဗျာ ကျုပ်ကတောသားဆိုတော့ ကျုပ်တို့တောသူတောင်သားတွေစားနေကျ အစားအစာလေးတွေပေါ့..
ကျုပ်တို့ရွာလေးကအရမ်းသာယာတယ်ဗျ ရွာထိပ်မှာရေကန်ကြီးနဲ့ စေတီလေးနဲ့အရမ်းကိုကြည်နူးဖို့ကောင်းတယ်။ ကန်ဘောင်ပတ်ပတ်လည်မှာကထန်းပင်တွေ၊ သရက်ပင်တွေ၊စကားဝါပင်တွေနဲ့ဗျ။ကန်ဘောင်ပေါ်ကကြည့်လိုက်ရင် ပဲခူးရိုးမတောင်တန်းကြီးကိုလှမ်းမြင်နေရတယ်လေ၊ ပဲခူးရိုးမတောင်တန်းကြီးမြူတွေဆိုင်းနေတာကိုမြင်ရရင် လွမ်းသလိုလို ဆွေးသလိုလိုဖြစ်ရအောင်ကို ရှုခင်းတွေကဖမ်းစားနေတယ်။
ကျုပ်တို့ဆီမှာ တစ်နှစ်ပေါ့ဗျာ မိုးတွင်းမှာမိုးတွေအရမ်းရွာတော့ ဧရာဝတီမြစ်ရေကအရမ်းကြီးတာပေါ့။ ရေကအရမ်းကြမ်းတော့“ကွမ်းသီးတပင်ဆည်မြောင်း”လည်းမခံနိုင်တော့ ဆည်ကျိုးပါလေရော။ ကြီးလိုက်တဲ့ရေများ လူတွေလည်းသေ၊ အိမ်တွေလည်းမျောပေါ့ဗျာ။ ကျုပ်တို့ရွာပတ်ပတ်လည်မှာဆိုရေတွေဖွေးနေတာပဲဗျို့၊ ပေါလိုက်တဲ့ငါးဆိုတာတော့ပြောမနေနဲ့တော့ဗျို့၊ ကျုပ်ကမြို့ကျောင်းတက်နေတာဆိုတော့ ရွာကိုတော်တော်ကြာမှတစ်ခေါက်ရောက်ဖြစ်တယ်။
ကျုပ်တို့လယ်တွေကရွာနဲ့အရမ်းအလှမ်းဝေးတော့ လယ်ထဲမှာပဲအိမ်ဆောက်ထားရတယ်၊လယ်တဲကြီးပေါ့ဗျာ
အဲဒါရေတွေအရမ်းကြီးတော့ အဖေကလယ်တဲစောင့်ဖို့လှမ်းခေါ်တာနဲ့ရွာကိုရောက်လာရတာပေါ့။ လယ်တဲမှာကပစ္စည်းတွေကများတော့မသယ်နိုင်ဘူးလေ၊ လူခိုးမှာစိုးတော့သွားစောင့်ပေးရတာပေါ့ဗျာ။
အဲဒါနဲ့ကျုပ်လည်းရောက်ရော လှေတစ်စီးနဲ့ စားနပ်ရိက္ခာအပြည့်နဲ့ ညီဝမ်းကွဲတစ်ယောက်နဲ့ လယ်တဲစောင့်ဖို့သွားပါလေရော၊ ရေဒီယိုတစ်လုံးကလည်းပါသေးတယ်ဗျ “လှေကလေးကိုလှော်မည် ဘေးမသမ်းဘဲအေးချမ်းတော့သည်”ဆိုတဲ့သီချင်းလေးလိုပဲဗျို့ ၊
ညီအစ်ကိုနှစ်ယောက် လှေလေးလှော်ပြီးသွားကြတာလယ်တဲကိုရောက်ပါလေရော၊ ရေကအတက်ကြမ်းတော့ ကျုပ်တို့အိပ်မယ့်အဆင့်နဲ့ရေကထိလုမတတ်ပဲဗျို့၊ရောက်တာနဲ့ရေဒီယိုလေးဖွင့် တရေးတမောအိပ်တော့တာပဲ၊ရေစီးသံလေးတွေက လူကိုချော့သိပ်နေသလိုပဲ၊အိပ်လို့ကကောင်းမှကောင်းပဲ။
ညနေစောင်းတော့ ရွာက ငါးဖမ်းကြမယ့်တံငါသမားတွေရောက်လာကြပါလေရော သူတို့ကကျုပ်တို့တဲနဲ့မနီးမဝေးမှာငါးဖမ်းနေကြတာလေ။ သူတို့လုပ်စရာရှိတာတွေလုပ်ကြ၊ပြင်ဆင်ကြပေါ့ဗျာ
ကျုပ်လည်းအိပ်ယာနိုးတာနဲ့ညစာစားဖို့ထမင်းတစ်အိုးတည်လိုက်တယ်၊ ပြီးတော့လှေတစ်စီးနဲ့ဟင်းရွက်ခူးထွက်တော့တာပဲ။ ပေါလိုက်တဲ့ကန်စွန်းရွက်များ
မြို့မှာဆိုကန်စွန်းတစ်စည်းဆိုဈေးကြီးသလောက် ကျုပ်တို့ရွာမှာပေါလိုက်တဲ့ကန်စွန်း၊ရေပေါ်မှာအညွှန့်နီနီရဲရဲလေးတွေဖြာနေတာပဲ၊ကျုပ်လည်းကန်စွန်း
တစ်ပွေ့လောက်ခူးပြီးပြန်လာတော့ တံငါသည်တွေကသူတို့လုပ်ငန်းပြီးလို့ကျုပ်တို့တဲမှာအနားယူနေကြပြီဗျို့၊သူတို့ငါးဖမ်းပုံဖမ်းနည်းကတော့
အများကြီးဗျ ငါးမျှားတန်းချတဲ့နည်းရယ်၊ ပိုက်ချတဲ့နည်းရယ်ပေါ့ဗျာ၊ နောက်ကြုံမှငါးဖမ်းပုံဖမ်းနည်းတွေပြောပြမယ်ဗျို့။
လယ်တဲရောက်တာနဲ့ညီငယ်တည်ထားတဲ့ရေနွေးကြမ်းနဲ့ထန်းလျှက်နဲ့မြည်းပြီးတော့အလ္လာပ သလ္လာပတွေပြောကြတာပေါ့ဗျာ၊ တံငါသည်တွေကလည်းတစ်ရွာတည်းနေကြသူတွေဆိုတော့ အားလုံးရင်းရင်းနှီးနှီးပြောကြဆိုကြ ရယ်မောကြပေါ့ဗျာ။ ရေဒီယိုက“တိမ်တမာန်”သီချင်းလေးကလည်းပျံ့လွှင့်လို့ပေါ့။
အဲဒါနဲ့တစ်အောင့်လောက်ကြာတော့ ညစာချက်ဖို့ငါးသွားဖြုတ်ကြတာ၊ ပေါလိုက်တဲ့ငါးတွေဗျာ ပိုက်မှာတစ်သီကြီးပဲ။ ငါးဖယ်အောင်းကြီးတွေ လက်ငါးလုံးလောက်ကြီးတွေ ငါးဖားမလို့လည်းခေါ်တယ်ဗျ
ငါးဖယ်အောင်းလို့လည်းခေါ်တယ်။ အဆီတွေကလည်းဆူဖြိုးနေတာပဲ၊အရှင်တွေဆိုတော့လတ်လတ်ဆတ်ဆတ်ပါပဲ၊ ကျုပ်တို့လည်းတစ်နပ်စာလောက်ဖြုတ်ယူပြီးတော့ပြန်လာကြတယ်။
တဲရောက်တာနဲ့ငါးဖယ်အောင်းကြီးတွေကိုဗိုက်ခွဲ ရေစင်အောင်ဆေးပြီးတော့ရေစစ်ထားလိုက်တယ် ပြီးတော့ငရုပ်သီးစိမ်းရယ်၊ကြက်သွန်ဖြူ၊ နီ၊ ဂျင်းရောထောင်း ၊မန်ကျည်းသီးမှည့်ကိုရေစိမ်ထားလိုက်တယ်။
ဒယ်အိုးထဲကိုဆီနည်းနည်းထည့်၊နနွင်းမှုန့်လေးနည်းနည်းထည့်ပြီးတော့ ခုနကငရုပ်သီး ကြက်သွန်ထောင်းတာလေးထည့် ငရုပ်သီးကြက်သွန်လေးနွမ်းတော့၊ပုဇွန်ငပိလေးနည်းနည်းထည့်၊ငြုပ်သီးအရောင်တင်မှုန့်လေးနည်းနည်း
ထည့်၊ခဏနေတော့ငရုပ်သီးကြက်သွန်လေးတွေနွမ်းပြီဆိုရင် ရေစစ်ထားတဲ့ငါးဖယ်အောင်းကြီးတွေထည့်
မွှေပြီးတော့အဖုံးအုပ်ထားရတယ်။
ငါးမိနစ်လောကြာတော့ ခုနကရေစိမ်ထားတဲ့ မန်ကျည်းမှည့်ရေလေးကိုစစ်ပြီးတော့ထည့်၊ ရေလေးပါနည်းနည်းထည့်ပြီးရင်မွှေပြီးတော့ အဖုံးပြန်အုပ်ထားရတယ် ချက်နည်းကနှစ်မျိုးရှိတယ်ဗျ၊ ကျုပ်တို့အရပ်အခေါ်ကတော့“သောက်ဆမ်းဖက်”ရယ်
“လိပ်မျက်ရည်”ရယ်ဗျ။ သောက်ဆမ်းဖက်ကတော့ သောက်လို့လဲရ၊ ဆမ်းစားလို့လည်းရတယ်၊ လိပ်မျက်ရည်ကတော့ဆီကျန်ရေကျန်လေးပေါ့ဗျာ၊ လူကများတော့ သောက်ဆမ်းဖက်လေးပဲချက်လိုက်တယ်
ငါးတွေနှုးလောက်ပြီဆိုတော့မှ အချိုမှုန့်နဲ့ဆားသင့်တော်ရုံလေးထည့်ပြီးတော့၊ “တောပင်စိမ်း”လို့ခေါ်သဗျ၊
ကျုပ်တို့ဆီမှာပေါက်တဲ့ပင်စိမ်းအရိုင်းတွေပေါ့၊ မွှေးမှမွှေးပဲ၊ အဲဒီတောပင်စိမ်းလေးတွေခူးပြီးတော့ထည့်ပြီး
အုပ်ထားလိုက်တယ်၊ အသင့်စားလို့ရပြီပေါ့ဗျာ။ ငပိချက်ကတော့ကျုပ်တို့တောသားတွေအတွက်တော့
ပင်တိုင်အစားအစာပေါ့။ ငပိလေးကလည်းမွှေးနေတာပဲ၊ကိုယ်တိုင်လုပ်တဲ့ငါးငပိပေါ့ဗျာ။ ကြက်သွန်ဖြူ၊နီလေး
ကိုမီးဖုတ်ပြီးတော့ထောင်း ငြုပ်သီးစိမ်းလေးကိုရေနည်းနည်းနဲ့ပြုတ် ရေခမ်းပြီဆိုဆီနည်းနည်းထည့်လှော်၊
ပြီးရင်ထောင်း၊ငပိအဖျော်ပေါ့ဗျာ၊ ပြီးရင်ငပိရည်ကိုခုနကငြုပ်သီးစိမ်းရယ်၊ ကြက်သွန်ဖြူ၊နီထောင်းရယ်ထည့်မွှေ၊ ငါးဖယ်အောင်းအသားလေးတွေနွင်ပြီးတော့ထည့်၊အချိုမှုန့်လေးထည့်၊ ရပြီပေါ့ဗျာ။ တို့စရာကတော့ ခုနက ကန်စွန်းရွက်တွေကိုထည့်ပြုတ်၊ မန်ကျည်းမှည့်လေးနည်းနည်းပါထည့်ပြီးပြုတ်ရတယ်၊ ကန်စွန်းရွက်တွေနွမ်းပြီဆိုရင်ရပြီ၊ အသင့်စားလို့ရပြီပေါ့ဗျာ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ စားဖို့ပြင်ကြ ဆင်ကြတော့တာပဲ၊ဟင်းနံ့တွေကလည်းတဲထဲမှာကြိုင်လှိုင်နေတော့ဗိုက်ကလည်းဆာပေါ့၊ အားလုံးဝိုင်းထိုင်ပြီးတော့ ခုနက ငါးဖယ်အောင်း“သောက်ဆမ်းဖက်”ရယ်၊ ငပိရည်တို့စရာနဲ့လွေးလိုက်ကြတာခေါင်းတောင်မဖေါ်နိုင်ကြဘူးဗျို့၊ငါးဖယ်အောင်းကြီးတွေက လတ်ဆတ်တော့ချိုဆိမ့်နေတာပဲ၊ ငရုပ်သီးစိမ်းကလည်းစပ်မှစပ်၊ ချဉ်ငံစပ်လေးပေါ့ဗျာ။ ငပိရည်နဲ့တို့စရာ
လေးကလည်းကောင်းမှကောင်း၊ စားလိုက်ကြတာ ထမင်းတစ်အိုးလည်းပြောင်ပါလေရောလား။
ကောင်းချက်ကတော့ ထောင်းချက်ထားတဲ့အတိုင်းပါပဲ။
နောက်ကြုံရင် တောင်းဆိုတဲ့သူတွေရှိရင်တော့ ကျုပ်တို့တောသူတောင်သားတွေရဲ့လူနေမှုအကြောင်းတွေ၊
ငါးဖမ်းပုံဖမ်းနည်းတွေ အများကြီးပေါ့ဗျာ၊ရေးချင်ပါသေးတယ်၊ တောသူတောင်သားတွေရဲ့ဘဝဟာ
အင်မတန်မှရိုးသားဖြူစင်ကြပါတယ်၊ သူတို့မှာဟန်ဆောင်မှုဆိုတာမရှိအောင်ရိုးသားကြပါတယ်
ခင်ဖို့လည်းကောင်းကြပါတယ်ဗျာ။
နောင်လမ်းကြုံရင်တော့ကျုပ်တို့ရွာလေးကိုအလည်လာဖို့ဖိတ်ခေါ်ပါတယ်ဗျာ...
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။ ။
ရဲရင့်သွေး(ခ)ရဲရင့်ပေါ(ခေတ္တ မလေးရှော) ဟီး ဟီး ဟီး
ဆုနဲ့စူး ကျောင်းနဲ့ကြိမ်(တဂ်)
“မင်းတို့ဗမာစကားနဲ့ ချစ်တယ် ကိုဘယ်လိုပြောလဲ”
supervisorက မေးလိုက်တာပါ
“မြန်မာဆိုင်ကကောင်မလေးကိုငါရည်းစားစကားပြောချင်လို့ကွ သင်ပေးဦး”
သြော်…ဒင်းကငါတို့လုပ်အားခကိုလည်းခေါင်းပုံဖြတ်သေး ငါတို့အမျိုးကောင်းသမီးကိုလည်းအမြတ်ထုတ်ချင်နေသေးတယ်ပေါ့ ရတယ် ဒါမျိုးဆိုသိပ်ကူညီပေါ့
ကျနော်လည်း ဗမာလိုရည်းစားစကားပြောတာကိုသင်ပေးလိုက်တယ် ရှည်နေရင်မမှတ်မိမှာစိုးလို့တိုတိုပဲသင်ပေးလိုက်တယ်
supervisorလည်းအသံအနေအသံထားပီအောင်လေ့ကျင့်ပြီးအလွတ်ကျက်လိုက်တယ်
နောက်နေ့ကျတော့ ဆိုင်ကိုမယောင်မလည်နဲ့ရောက်သွားတယ် သူ့အခန်းနဲ့နီးနီးလေးကိုး
ဆိုင်ရောက်တော့အခန့်သင့်ပဲငရုပ်သီးထုပ်တွေကြားမှာအလုပ်ရှုပ်နေတဲ့ကောင်မလေးကိုတွေ့တယ်
ကံကောင်းချင်တော့ ဆိုင်ကလူရှင်းနေတယ် သူ့အတွက်အကွက်ပဲ အရင်ကလည်းကောင်မလေးနဲ့သူနဲ့မျက်မှန်းတန်းနေကျ၊ မေးထူးခေါ်ပြောတွေရှိနေကျပါ အနီးဆုံးဆိုတဲ့နေရာကိုသူတိုးကပ်သွားတယ်
မျက်နှာချင်းဆိုင်ပြီးကောင်မလေးကိုချစ်ရည်လဲ့နေတဲ့မျက်လုံးတွေနဲ့ကြည့်နေလိုက်တယ်
အသိမ်မွေ့ဆုံးအပြုံးတစ်ခုကိုပြုံးပြပြီး ကျနော်သင်ထားတဲ့အတိုင်း supervisorက ဗမာသံပီပီသသကြီးနဲ့တလုံးချင်းပြောချလိုက်တယ်....
“ဖေ -ိုး မ” တဲ့
supervisorရဲ့ရည်းစားစကားကိုကြားတော့ဇတ်ဇတ်ကြဲကောင်မလေးက“ဇွတ်ကြီးပါပဲလားရှင် စဉ်းစားပါရစေဦးလား ဒီကမိန်းမသားမို့ပါ”ဆိုပြီးမမူပါဘူး လုပ်စရာရှိတာပဲလုပ်ထည့်လိုက်တယ်
မြန်မာ့အားကစားကမ္ဘာကိုလွှမ်း မလွှမ်းတော့မသိဘူး မြန်မာ့အမျိုးသမီးလက်ဝါးကတော့ မလေးရှားကဘဲကြီးရဲ့ပါးကိုအဲဒီနေ့က ပိုးစိုးပက်စက်ကိုလွှမ်းသွားတယ်
supervisorမျက်နှာရဲပတောင်းခတ်ကုန်တယ် ကောင်မလေးကမြန်မာပြည်ကမှာထားတဲ့ငရုပ်သီးအနီမှုန့်တွေကိုထုပ်နေရင်းတန်းလန်းကိုး ကြည့်ရတာပါးရိုက်ချင်စိတ်က လက်အဆေးကိုတောင်မစောင့်နိုင်ရှာဘူး တန်းပြီးတွယ်ထည့်လိုက်တာ
(ကောင်မလေးရေ so sorryပါကွယ် မင်းကိုတကယ်ပြောရဲတယ်မထင်လို့ပါ)
အဲဒီနောက်ပိုင်း supervisorလည်းအခန်းပြောင်းသွားပါရော ရှက်လို့တဲ့
အဲဒီနောက်ပိုင်း ကျနော်လည်းအလုပ်ပြောင်းရပါရော ချွန်တွန်းလုပ်လို့တဲ့
ဒီလိုပါပဲ ကျနော်ဆိုတဲ့ကောင်ကအများကြီးလည်းမဆိုးသလို အများကြီးလည်းမကောင်းပါဘူး
ကိုကြီးရီနိုကဆုနဲ့စူးဆိုပြီးကျောင်းတုန်းကအမှတ်တရဖြစ်ခဲ့တာတွေရေးဖို့တဂ်လာတယ်
ကျောင်းအကြောင်းပြောမယ်ဆိုရင် နားရွက်ဆွဲထိုင်ထလုပ်ရတာ၊ ခုံပေါ်မတ်တတ်ရပ်ရတာ ကြိမ်လုံးစာမိတာတွေပဲ ထပ်နေလိမ့်မယ်ထင်တယ် ဒါပေမယ့် ရေးလိုက်ပါမယ် ..
………......
နေ့လည်ကျောင်းဆင်းချိန်တစ်ခုမှာပါ ကျနော်တို့ဘော်လုံးကန်ကြတယ် နာမည်နဲ့လိုက်အောင်အီးပေါလောတွေများတဲ့
E အခန်းကကောင်တွေနဲ့ကန်ကြတာပါ
အဲလိုနဲ့တစ်ချက်မှာကျနော့်သူငယ်ချင်းကန်ထည့်လိုက်တဲ့ဘောလုံးက Eအခန်းက ကောင်တစ်ကောင်ရဲ့ဖင်ကိုဒိုင်းကနဲသွားထိတယ် အဲကောင်လည်း စိတ်ဆိုးဆိုးနဲ့ပြန်လှည့်လာပြီး
သူ့နောက်တည့်တည့်မှာရှိနေတဲ့ကျနော့်ကို ဆောင့်တွန်းပါတော့တယ် ကျနော်ယိုင်ထွက်သွားတယ်
“ဟေ့ရောင်..ငါကန်တာမဟုတ်ဘူး မင်းလူမှားနေပြီ”
စကားတောင်ဆုံးအောင်မပြောရဘူး ဒေါသအရမ်းထွက်နေတဲ့အဲကောင်က ကျနော့်မျက်ခွက်ကိုလက်သီးတွေအတွဲလိုက်ပစ်သွင်းလိုက်ပါတယ် နေ့ခင်းကြောင်တောင်ကြီး ကျနော့်မျက်လုံးထဲမှာ twinkle twinkle little starတွေအလျားလိုက်လက်သွားပါတယ်။
စက်သေနတ်ပစ်သလိုသူ့လက်သီးချက်တွေကတော်တော်မြန်ပါတယ် ကျနော့်ဘက်ကအခံကြီးသက်သက်
ဒီလိုနဲ့တစ်ချက်မှာ ကျနော့်ကိုထိုးနေရင်းကနေလှမ်းကန်တော့ သူ့ခြေတောက်ကိုကျနော်မိသွားတယ် လက်ကျန်ရပ်နေတဲ့အခြားတစ်ဖက်ကို ကျနော်လှမ်းကန်ထည့်လိုက်တော့ အဲကောင် သဲတွေကြားထဲပုံကနဲလေးဘက်ထောက်ကျတယ်
ကျနော်လည်းရတဲ့အခွင့်အရေးကိုလက်လွတ်မခံဘဲ သူ့ဇက်ပိုးကို ဖနှောင့်နဲ့ ခုန်ပြီးအားကုန်ဆောင့်နင်းချလိုက်တယ် အသံတောင်မထွက်ဘူး သူ့မျက်ခွက်က သဲထဲမှာနစ်သွားတာ
တစ်ချက်ထဲနဲ့ပွဲပြီးသွားတယ် ကျနော့်သူငယ်ချင်းကပြန်ပြောပြတယ် အဲကောင့်အဖေက ကရာတေးဆရာကြီးတဲ့ သင်တန်းတောင်ဖွင့်ထားတာတဲ့ အဲကောင်ဆိုလည်း ခါးပတ် အနီလား အစိမ်းလားမသိဘူး ရထားတာတဲ့ ကျနော်ပြန်ပြောလိုက်တယ် ငါ့အဖေက ဘာကရာတေးမှမတတ်ဘူး
ဒါပေမယ့် ငါကအမြဲတမ်း ဗန်ဒိန်း(jean-claude Van Damme)ကားကြည့်တယ်လို့
fighterနှစ်ကောင်ကိုယ့်အခန်းကိုယ်ပြန်ရောက်တော့ကိုယ့်ခုံပေါ်ကိုယ်မတ်တတ်ရပ်ရတယ်
တစ်ယောက်ကိုကြိမ်သုံးချက်မိတယ် ဒါပေမယ့်ကျနော်ကျေနပ်တယ် ကျနော့်အတန်းပိုင်က လူပိန်သလိုဒေါသပိန်တယ် ကိုင်တဲ့ကြိမ်လုံးကလည်း လူနဲ့လိုက်အောင်သေးတယ်(အဲ..စပ်တော့စပ်တယ်) ဟိုကောင့်အတန်းပိုင်က လူကြီးသလိုဒေါသလည်းကြီးတယ် ကိုင်ထားတဲ့ကြိမ်လုံးကလည်း နှစ်လုံးပူး အယ်နေတာပဲ
“ကရာတေးဆရာကြီးရဲ့သားကို ငါတို့အခန်းကသားကြီးတွယ်ထည့်လိုက်တာ အသံတောင်မထွက်တော့ဘူးဟေ့” ဆိုပြီး အတန်းဖေါ်တွေကလိုက်ကြော်ညာတော့ ကျနော်heroကြီးဖြစ်လို့ပေါ့ အိမ်ပြန်ရောက်မှ မှန်ကြည့်လိုက်တော့
“ဟိုက်..heroကြီးအခွက်ဖူးယောင်နေပါပေါ့ စောစောကတော့သွေးပူနေလို့နာရကောင်းမှန်းမသိဘူး ခုမှဘုတွေရော ညိုမဲတာတွေရောပေါင်းထွက်လာတာ အိးးး တော်သေးတယ် အတန်းဖေါ်တွေမတွေ့လိုက်တာ” အဲလိုနဲ့နောက်နေ့ကျောင်းပျက်တယ် heroရဲ့ဘုထွက်နေတဲ့အခွက်ကိုသူများမြင်လို့မဖြစ်ဘူးလေ...။
………………..
“နက်ဖြန်နေ့တစ်ဝက်ပဲတက်ရမှာ ကျောင်းပြေးရအောင်ကွာ မင်းအိမ်ကဂစ်တာရောသီချင်းစာအုပ်ရော မခဲ့ ငါလည်း မခဲ့မယ်”
သူငယ်ချင်းကျနော့်ကိုနှစ်ခါမညှိရပါ အဲဒီစကား သူမပြောရင်တောင်ကျနော်ပြောတော့မလို့ပါ
နောက်နေ့ကျောင်းတက်ခေါင်းလောင်းလည်းထိုးရော ကျနော်တို့လည်း
ရှုခင်းသာကိုတန်းရောက်ပါလေရောပေါ့ သူငယ်ချင်းက အအေးဆိုင်ဘက်ပြေးပြီး အဆာပြေစားဖို့သွားဝယ်တယ် ကျနော်ကတော့ အေးအေးဆေးဆေး ဆိုလို့တီးလို့ကောင်းမယ့်နေရာတစ်ခုရှာတယ်
ဒီလိုနဲ့ခြုံတစ်ခုကိုအရောက်မှာကျောင်းစိမ်းဝတ်စုံနဲ့ မြက်ပင်တွေကြားဝမ်းလျားမှောက်နေတဲ့ကျောင်းသားတစ်ယောက်ကိုတွေ့လိုက်တယ် သူ့ပုံစံက ပစ်ကွင်းကောင်းကောင်းရဖို့ ရန်သူဆီကိုနီးသထက်နီးအောင်ကြိုးစားချဉ်းကပ်နေတဲ့ ကွန်မန်ဒိုတစ်ယောက်လို ကျနော်အနားကပ်လာတာလည်းသိရော ကျနော့်ဘက်လှည့်ပြီး အသံမထွက်ဖို့ပါးစပ်ကိုလက်ညှိုးနဲ့ထောက်ပြတယ် ပြီးလည်းပြီးရောရှေးတူရှုကို မျက်စပစ်ပြတယ်
သူမျက်စပစ်ပြတဲ့နေရာကိုကျနော်ကြည့်လိုက်တော့ အားပါးပါး….
သမ္မာကျမ်းစာတွေထဲမှာပဲဖတ်ဖူးတဲ့ ဧဒင်ဥယျာဉ်ကြီးတစ်ခုဖြစ်တည်နေပါပေါ့လား
အားတော့နာတယ် ဒါပေမယ့် အစအဆုံးထိုင်ကြည့်ပေးလိုက်တယ် အဟိ
မြင်ကွင်းက အသက်၁၈နှစ်အောက်မကြည့်သင့်တဲ့မြင်ကွင်းမဟုတ်ပါဘူး အတွေ့အကြုံသိပ်ရှိပုံမရတဲ့ စုံတွဲက အနမ်းနည်းနည်း စကားများများနဲ့ပဲချိန်းဆိုခြင်းအမှုပြီးနေတာပါ
ပြီးလည်းပြီးရော ကွန်မန်ဒို ကျောင်းသားကကြုံးဝါးတယ် (မချိတင်ကဲ ရင်ခေါင်းသံကြီးနဲ့ အားမလိုအားမရပြောတာပါ ခြုံထဲကမြက်တွေကိုလက်နဲ့ကြုံးပြီး ပါးစပ်ထဲထည့်ဝါးတာမဟုတ်ပါဘူး)
“တော်တော်ညံ့တဲ့ကောင် ငါသာဆိုရင်တော့လား”တဲ့
အံ့တကြိတ်ကြိတ်သူ့ကိုကြည့်ပြီးကျနော်လန့်လာတယ် ဒီကိစ္စမျိုးကအန္တရာယ်ကြီးတယ်လေ တရှိန်ရှိန်နဲ့အလျံညီးညီးမီးထတောက်နေတဲ့သူ့နှာခေါင်းကမီးကိုဘယ်ရေပိုက်ကမှငြိမ်းသတ်နိုင်မယ်မထင်
ဘူး အဲဒါနဲ့ အမြန်ဆုံးပဲထွက်လာလိုက်တယ်
စားစရာသွားဝယ်တဲ့သူငယ်ချင်းရောက်လာတော့ အရိပ်အေးအေးခုံတန်းတစ်ခုမှာထိုင်လိုက်တယ် သီချင်းစာအုပ်ကိုအကျအနနေရာချပြီး ဂစ်တာစတီးမယ်အလုပ်မှာ ကျနော်တို့နဲ့မလှမ်းမကမ်းနေရာတစ်ခုကနေ ကျယ်ကျယ်လောင်လောင်နဲ့အသံကြီးတစ်သံထွက်လာတယ်
“ဦးဘကောင်းသည် အအိပ်ကြမ်းသော အပျိုစင်လေး အညို၏ ဖွံ့ဖွံ့ထွားထွားအသားအစိုင်အခဲများကို မြင်တွေ့ရသည့်ခဏ၌ ရင်ထဲတွင် ခြောက်ကပ်လာကာရေဆာသလိုပင်ဖြစ်လာသည် နောက်ဆုံး စိတ်မထိန်းနိုင်တော့ဘဲ ရာဂဘူလီးစီးနေသည့် ဦးဘကောင်းသည် အညို၏အခန်းတွင်းသို့ဝုန်းကနဲဝင်ရောက်သွားလေသည်
ထို့နောက်…….
ထို့နောက်…….
ကျနော်နဲ့ကျနော့်သူငယ်ချင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်(နေ့တိုင်းပျင်းဖို့ကောင်း
အောင်မြင်နေကြရတဲ့မျက်နှာနှစ်ခုကိုပဲ ထပ်ပြီး ထူးသလိုဆန်းသလိုကြည့်မိကြတယ်) ဒီအသံကိုနှစ်ယောက်စလုံးမှတ်မိတယ် ကျနော်ဆော်ပလော်တီးထားတဲ့(ကျနော့်ကိုလည်းဆော်ပလော်တီးထားတဲ့) ကရာတေးကျော်ကြီးရဲ့အသံ
ဒီကောင်ဘယ်ကအပြာစာအုပ်တွေရလာလဲမသိဘူး အသံအကျယ်ကြီးနဲ့အော်ဖတ်နေတယ် ကျနော်တို့လှမ်းကြည့်လိုက်တော့ သူ့ဘေးပတ်ပတ်လည်မှာ သူ့သူငယ်ချင်းနှစ်ယောက်ပါတယ် တစ်ယောက်က သူအော်ကျယ် အော်ကျယ်အော်ဖတ်တာကိုသဘောအကျကြီးကျပြီး တဝါးဝါး တဟားဟားနဲ့ရယ်နေတယ် နောက်တစ်ကောင်ကတော့feelတက်နေလေရဲ့
“မဖြစ်ဘူး ဒီကောင့်ပါးစပ်ကို ခြေမနဲ့သွားဆို့ပေးရမယ်”
သူတို့ဆီကျနော်လျှောက်သွားတယ်
“ဒီမှာဟေ့ရောင် မင်းစောက်သံနဲ့ ပတ်ဝန်းကျင်ကိုဒုက္ခမပေးနဲ့ ငါတို့ဒီမှာသီချင်းဆိုလို့မရဘူး”
“မင်းဘာသာမင်း ဝေးဝေးသွားဆိုပါလား ဒါမင်းအဖေပိုင်တဲ့မြေလား”
ကျနော့်ကိုဘုကြည့်ကြည့်ပြီးငနဲကပြန်အော်တယ် (ဘုကြည့်ကြည့်တယ်ဆိုတဲ့စကားကလည်းရှင်းရခက်ပါတယ် အကြည့်မှာဘုကြီးတစ်ခုပါနေတာမဟုတ်သလို ကြည့်တဲ့လူကလည်း ကျောကုန်းမှာဘုကြီးပေါက်နေတဲ့လူမဟုတ်ပါဘူး ထားတော့ ထားတော့)
ဒီတစ်ခါတော့ကျနော်စတင်ခြင်းအလှည့်ပါ ထိုင်နေတဲ့သူ့ကိုပြေးပြီးထိုးထည့်လိုက်တယ်
စာအုပ်ရောလူရောနောက်ကိုလန်ကျတယ် ဒေါသတကြီးနဲ့ပြန်ထတယ် အဲဒီနောက်မှာတော့ ခါးပတ်အနီလား အစိမ်းလားမသိတဲ့ကောင်နဲ့ ဗန်ဒိန်းရဲ့အမာခံပရိတ်သတ် အကြိတ်အနယ် တဖုန်းဖုန်းတဒိုင်းဒိုင်းပေါ့
ဘေးကသူ့သူငယ်ချင်းရော ကျနော့်သူငယ်ချင်းရောဝင်မပါဘူး ဘဘောထားကြီးမားစွာနဲ့ပဲထိုင်ကြည့်နေကြတယ်
ပွဲလည်းပြီးရောထုံးစံအတိုင်းဟိုကောင်မှောက်တယ်
ထုံးစံအတိုင်း အဲဒီသတင်းက အတန်းပိုင်နားကိုပေါက်တယ်
ထုံးစံအတိုင်း တယောက်ကြိမ်သုံးချက် မိတယ်
ထုံးစံအတိုင်း သားကြီးက heroဖြစ်ပြန်တယ်
ထုံးစံအတိုင်းheroကြီးအခွက် ဖူးလို့ယောင်လို့ပေါ့ခင်ဗျာ..
ကဲ …ဆိုင်သလားတော့မသိဘူး ရေးတော့ရေးလိုက်ပြီကိုရီနိုရေ အများကြီးမဆိုးသလိုအများကြီးလည်း မကောင်းတဲ့ကျနော့်လိုကျောင်းသားအဖို့“ဆု”ဆိုတာချို(ဂျို)နဲ့လားပေါ့ခင်ဗျာ ကျောင်းလို့ပြောလိုက်ရင်ကျနော့်မှာကြိမ်လုံးချည်းပြေးမြင်နေရတယ်လေ ကျေနပ်နိုင်ပါစေ။ ။
နောက်နေ့တွေကျရင်မဟာဆန်တဂ်ကြွေးဆပ်ရဦးမယ်
ရင်နှင့်ရင်း၍ (တဂ်ပိုစ်)
ဘလော့စစလုပ်ချင်းရခဲ့တဲ့ကွန်မန့်တွေကတော့ ကျနော့်ကိုဘလော့လုပ်နည်းသင်ပေးခဲ့တဲ့ကိုသားငယ်ဆီကရယ် photo shopသင်ပေးတဲ့ကိုငြမ်းလို့သူ့ကိုသူအမည်ခံယူထားတဲ့ဆရာတစ်ယောက်ဆီကရယ်ပဲရှိပါတယ်။ အဲဒီကစလို့တစ်နှစ်ကျော်ကြာသွားပါတယ် ဘယ်သူမှယောင်ပြီး(လမ်းမှားပြီး)ရောက်မလာကြပါဘူး ဆိုတော့…ကွန်မန့်လည်းမရှိဘူးပေါ့။
နောက်ပြီးကျနော်ကစာရေးတာကိုဝါသနာမပါပါဘူး ကိုရေးတဲ့စာကိုကိုယ်တိုင်ဖတ်ရတာတောင်အဆင်မပြေရင် အခြားလူတွေအတွက်ပိုဆိုးပြီလို့ယူဆထားလို့ပါ အဲဒါကြောင့် ရေးတာထက် ဖတ်တာကိုပဲပိုကြိုက်တယ်
မမျှော်လင့်တဲ့တစ်ရက်မှာ c-boxမှာcommentတစ်ခုတိုးလာတာတွေ့ရတယ် ကြယ်ပြာဆိုတဲ့အစ်မဆီကပါ
ကျနော်ရေးတဲ့ခြောက်အိပ်မက်ဆိုတဲ့ပိုစ်နဲ့ပတ်သက်ပြီးဖတ်လို့ကောင်းတဲ့အကြောင်းဝင်ရေးထားတာပါ
တော်တော်ပျော်သွားပါတယ် ခက်တာကအစ်မက အဲ့တုန်းကလင့်မပေးခဲ့ဘူး ကြယ်ပြာဆိုတာပဲသိလိုက်တယ် ။
နောက်ဟိုဒီလျှောက်သွားရင်းအစ်မနိုင်းနိုင်းစနေဘလော့ကိုရောက်သွားတယ် ပထမဆုံးရောက်ဖူးခြင်းပါ forward mailတွေထဲကနေနိုင်းနိုင်းစနေဆိုတဲ့နာမည်ကိုတော့ရင်းနှီးနေတာတော်တော်ကြာပါပြီ အစကတော့ယောင်္ကျားတစ်ယောက်လို့ပဲထင်ခဲ့တယ် ဘလော့ရောက်မှမဟုတ်မှန်းသိတယ် အဲဒီမှာကျနော်ပထမဆုံးcommentပေးဖြစ်သွားတယ် အစ်မစာတွေအမြဲဖတ်ဖူးပေမယ့်ဘလော့ကိုတော့ခုမှရောက်ဖူးတဲ့အကြောင်းပေါ့ နောက်တစ်နေ့လည်းကျရော အစ်မဘလော့ကိုသွားထပ်လည်တော့ ကျနော့်ဘလော့လင့်ကို “ဖတ်စရာလေးတွေ”ဆိုတဲ့နေရာမှာချိတ်ထားတာတွေ့လိုက်ရတယ် တော်တော်ပျော်သွားပါတယ် ကိုယ့်ဘလော့ကို သူများဘလော့မှာလင့်ချိတ်ထားတာကို ပထမဆုံးတွေ့ဖူးခြင်းပါပဲ အဲဒီကစပြီးလာလည်တဲ့လူတွေသိသိသာသာတိုးလာပါတယ် အဲဒီကမှတဆင့်ဘလော့ကာညီအစ်ကိုမောင်နှမတွေလည်းတိုးလာခဲ့ပါတယ်
အစားအသောက်ဘလော့၊နည်းပညာဘလော့၊ ရသတွေပေးစွမ်းတဲ့ဘလော့၊ ဘာသာရေးဘလော့အစရှိသဖြင့်ပေါ့ အများကြီးရှိကြပါတယ် အဲဒီထဲကမှ ကျနော့်ဘလော့ဟာ ဘာဘလော့လို့ပြောရမှန်းတောင်မသိပါဘူး အဲဒါကြောင့်ပဲရေးချင်တာလျှောက်ရေးတယ်ဆိုပြီးခေါင်းစီးမှာ တင်ထားလိုက်တော့တယ် နောက်ပြီး ဘာကြောင့်မှန်းမသိ ကောင်းကောင်းရေးပါမယ်ဆိုမှ ကျနော့်စာတွေက နေရင်းထိုင်ရင်း ပေါ ပေါသွားတယ် ဖတ်ဖူးသူတွေသိပါတယ် ကျနော်လည်းမတတ်နိုင်ပါ။
ခုနောက်ပိုင်းစာတွေစိုက်လိုက်မတ်တတ်ပြန်ရေးဖြစ်နေတာလည်း အစ်မခင်ဦးမေရဲ့ “ရဲရဲသာရေး မင်းရေးတတ်တယ်ဆိုတာအစ်မသိတယ်”ဆိုတဲ့ကွန်မန့်တစ်ခုကြောင့်လို့ပြောရမယ် စာတွေဆက်ရေးနေဖို့အကောင်းဆုံးသောတွန်းအားတစ်ခုပေါ့ နောက်ပြီးအစ်မကောင်းကင်ပြာရဲ့ “မင်းဘာရေးရေး ဒို့တော့လာဖတ်တယ် ဗိုလ်အောင်ဒင်ရေ့”ဆိုတဲ့ကွန်မန့်တစ်ခုကြောင့်လည်းဖြစ်ပါတယ်
ကွန်မန့်မှာဝင်ဖဲ့တာတော့မကြုံဖူးသေးပါဘူး c-boxမှာတော့နှစ်ယောက်က ဝင်သမသွားဖူးတယ် ဘယ်သူမှန်းလည်းမသိတဲ့လူတွေကို ပြန်ပြောရမှာနည်းနည်းပျင်းတာနဲ့ ဘာမှတော့မတုံ့ပြန်ဖြစ်ဘူး
ကွန်မန့်ပေးတဲ့နေရာမှာဘယ်သူအကောင်းဆုံးလဲတော့ကျနော်လည်းမပြောတတ်ပါ ကိုတင်တဲ့ပိုစ်မှာကွန်မန့်တစ်ခုတိုးရင်ဘယ်သူမဆိုပျော်တာပါပဲ တခါတခါကျတော့ ကိုကိုယ်တိုင်တောင် အရမ်းဖတ်လို့ကောင်းတဲ့သူများပိုစ်တစ်ခုကိုဖတ်ပြီး နောက်ဆုံးဘာမှတ်ချက်ပေးရင်ကောင်းမလဲမစဉ်းစားနိုင်တာတွေကြုံဖူးပါတယ် အဲဒါကြောင့်တစ်ချို့တွေရဲ့ “လာဖတ်တယ်” “ကြိုက်တယ်”ဆိုတဲ့တိုတိုတုတ်တုတ်ကွန်မန့်တွေရရင်လည်း သူတို့ခမျာငါ့လိုပဲ ရုတ်တရက် ဘာမှတ်ချက်ပေးရင်ကောင်းမလဲ မစဉ်းစားနိုင်လို့နေမှာပါလေလို့ပဲတွေးတယ်။
ကိုနေဒေးသစ်ရေးတဲ့ကွန်မန့်တော်တော်များများကိုတော့ အတော်သဘောကျမိတယ် တွေ့ဖူးသလောက်ပေါ့
အကြောင်းရာအချက်အလက်တော်တော်များများကိုပြန်ကောက်ပြီး ပိုစ်တစ်ခုရဲ့ဆိုလိုရင်းအနှစ်ကိုသေသေချာချာသိပြီးတော့မှကွန်မန့်ပြန်တာမျိုးပါ ကျနော်အားကျပါတယ် ။
ညီတဂ်ထားတာနဲ့ဆိုင်ရဲ့လားတောင်မသိ ကျေနပ်နိုင်ပါစေညီလေး ရာတမေ(အစ်မကိကိခေါ်သလို)ရေးးး။
အဟမ်း…အဟမ်း….!!!!
တစ်ဆက်ထဲမှာပဲ … အောက်ပါပုဂ္ဂိုလ်များကို ကျွန်ုပ်သည် tag ရပေလတ္တံ :P
ရဖူးတဲ့အထဲကအကြိုက်ဆုံးကွန်မန့် ၊ဒါမှမဟုတ် ကွန်မန့်တွေကိုပိုစ်အနေနဲ့ပေါ့
ရေးတော်မူကြစမ်းကွယ် ငှဲ ငှဲ ငှဲ…
ငှက်ကလေး
မြူးသျှရီ
မေလေး
ချစ်ပါးလေး
တလနွန်
မေဇင်
ဖြူစင်ကြယ်
မီးမီးချစ်
ရေးပေးကြပါခင်ည ။
အဖြစ်ချင်ဆုံးဆန္ဒ(tag)
ငယ်ငယ်ကတော့ စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့တယ် ယောင်္ကျားတစ်ယောက်ရဲ့ရဲစွမ်းသတ္တိကိုပြသတဲ့နေရာမှာ စစ်တိုက်ခြင်းဟာ အကောင်းဆုံးပဲထင်ခဲ့လို့၊
ခုတော့လည်း သူပုန်တစ်ယောက်ဖြစ်ချင်နေပြန်တယ် လောကဟာမာယာများမှန်းတစ်ဖြေးဖြေးနဲ့သိလာလို့။
အဆိုတော်တစ်ယောက်ဖြစ်ချင်ခဲ့တယ် အိမ်မှာ လေးဖြူသီချင်းပဲဖွင့်ဖွင့် အငဲသီချင်းပဲဖွင့်ဖွင့် အဘိုးကကျနော်သီချင်းဆိုနေတဲ့အသံပဲထင်နေတယ် ကျနော့်အသံနဲ့အဲဒီအဆိုတော်တွေရဲ့အသံကိုအဘိုးမကွဲဘူး အတူတူပဲထင်နေတယ်(မှတ်ချက်=ကျနော့်အဘိုး နားနည်းနည်းလေးသည်)
ဝါသနာဟူသည်တားဆီး၍မရစကောင်းတဲ့... ကြုံရင်ကြုံသလို ကျနော့်အနုပညာ ကျနော့်ဗီဇကိုကျနော့်ရဲ့ပတ်ဝန်းကျင်မှာပြသခဲ့တယ် ဥပမာ လမ်းဘေးအုတ်ခုံ၊ သင်္ကြန်မဏ္ဍ၊ ကောင်မလေးအိမ်ရှေ့၊ အရက်ဝိုင်း။
အဲဒီကနေအတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်..။
သင်္ကြန်ကာလ သင်္ကြန်သီချင်းမဆိုဘဲဟဲဗီးမက်တယ်ထလုပ်လို့ “ဆင်းပါတော့ဗျို့”လို့ဝိုင်းအော်တာမျိုး၊ မြန်မာ့ဂန္တဝင်ဂီတပရိသတ်အဘိုးကြီးက ကျနော့်ဂီတကို လမ်းသရဲဂီတ မကောင်းဆိုးဝါးဂီတအဖြစ်မြင်ပြီး ကောင်မလေးကိုဖြတ်စာပေးခိုင်းတာမျိုး ၊
“သားကြီးအသံကတော့တစ်ကယ့်ROCKပဲကွာ”ဆိုပြီး “ဒီညဝိုင်းဖိုးမင်းရှင်းနော်”ဆိုတဲ့သူငယ်ချင်းတွေရဲ့အားပေးမှုမျိုး ။
ညီမလေးအတွက်အနွေးထွေးဆုံးသောအစ်ကိုကြီးတစ်ယောက်ဖြစ်ချင်ခဲ့တယ်...၊
အငိုသန်တဲ့ညီမကိုငယ်ငယ်ကတည်းက သနားပြီးချစ်ခဲ့လို့။
လူမချမ်းသာရင်တောင် စိတ်မဆင်းရဲရတဲ့ဘဝမျိုးလိုချင်တယ်
ကျနော်ချစ်တဲ့ဂီတကိုလမ်းသရဲဂီတလို့မပြောတဲ့အဘိုးကြီးတစ်ယောက်ရဲ့သားမက်တော်ချင်တယ်..
နောက်ပြီး…မြန်မာပြည်ကိုမြန်မြန်ပြန်နေကောင်းစေချင်တယ် ဒါပါပဲ။
ကဲ…ညီမလေးမြူးရေ... ကျေနပ်နိုင်ပါစေ။
ထို့ကြောင့်...သားကြီးဟုခေါ်လေသည် (အမှတ်တရnick name tag)
သူမဆီကချစ်အဖြေရသည့်နေ့တုန်းက တစ်ခုခုလုပ်ပြလိုက်ဖို့စိတ်ကူးမိသေးသည်၊
ဖတ်ဖူးသည့်ဝတ္ထုတွေထဲကလို အပျော်လွန်ပြီး “ဟေး”ကနဲအော်ကာ မျောက်ကဲ့သို့ခုန်ဆွခုန်ဆွလုပ်ခြင်းမျိုး၊
စိတ်မထိန်းနိုင်ဘဲအတင်းဖက်ပြီးပါးတစ်ဖက်စီကို အခါနှစ်ဆယ်တိတိနမ်းပစ်ခြင်းမျိုး၊ ဝမ်းသာလုံးဆို့ပြီးကြွက်တက်သွားခြင်းမျိုး ။
လက်တွေ့မှာတော့ဘာမှမလုပ်နိုင်ခဲ့ လုပ်ခွင့်မရှိခဲ့ ။ “thank u for lovin me” ဟုသာပြန်ပြောဖြစ်ခဲ့သည်။
ချစ်မိပြီဆိုတော့လည်း ကောင်မလေးအတွက်ကဗျာဆရာတစ်ယောက်ဖြစ်ချင်နေပြန်သည် ခက်တာကကျနော်ကဗျာမရေးတတ်၊
ကိစ္စတော့သိပ်မရှိ နှလုံးသားပေါင်းမြောက်များစွာကဖူးပွင့်ကုန်ပြီးသောကဗျာအမြောက်အများဖြင့်အငှားခံစားလို့ရသည် ရင်ဘတ်ချင်းတူဖို့အရေးကြီးသည်။ ဤသို့ဖြင့်ကဗျာဘလော့တစ်ခုလုပ်ဖြစ်သည် ၊ဘလော့မှာသီချင်းရှိသည်၊ ကဗျာရှိသည်၊ c-boxထဲက ကောင်မလေးနဲ့ကျနော့်ရဲ့ အပြန်အလှန်သံယောဇဉ်တွေရှိသည်၊ ကဗျာဆရာနာမည်ထည့်ဖို့မေ့မေ့နေသဖြင့်ဝင်ဆဲထားကြသူတွေ၏အသံရှိသည်။
Blogger helpdesk မှတွေ့ဖူးသည့်စာသားတစ်ချို့ကိုသဘောကျသဖြင့်Gtalkတွင်တင်ဖူးသည်၊
“we are great blogger
We never give up
We row till we die”
နောက်ပိုင်းတွင်ကျနော့်သူငယ်ချင်းကအောက်ပါအတိုင်းပြောင်းလဲဖြည့်စွက်ခဲ့သည်။
“we are great blogger
We always ဖွံကြောင်
We Q till we die”
(မည်သည့်ဘလော့ဂါကိုမှမရည်ရွယ်ပါ ကျနော့်အားအမြင်ကပ်သဖြင့်ရေးခြင်းသာဖြစ်သည်)
“onlineမှာအချိန်ကုန်ခံပြီးကောင်မလေးအတွက်ဘလော့လုပ်ရတယ်လို့ကွာ ငါတို့လိုonlineကိုအကျိုးရှိရှိ
အသုံးချစမ်းဘာ!!
အသုံးချစမ်းဘာ!!”
“မင်းတို့ကonlineမှာဘာလုပ်”
“အဟိ… pawthwutထဲကမြန်မာlove storyတွေဖတ်တယ်လေကွာ လွှတ်ကောင်းပဲ”
“သြော်…ဒီလိုလား”
ကောင်မလေးနဲ့ကျနော်ရိုမီယိုနဲ့ဂျူးလိယက်ဖြစ်လိုက် တိုက်တန်းနစ်ထဲက jackနဲ့ roseဖြစ်လိုက် ကိန္ဒာရီကိန္ဒာရာလိုလွမ်းလိုက်၊ တခါတခါလည်းရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့..။
တစ်နှစ်သာပြည့်သွားသည် ပါးမနမ်းဖူး လက်ကလေးတောင်မကိုင်ဖူး သူ့ကိုယ်သင်းရနံ့လေးမရဖူး ကောင်မလေးရဲ့အသက်ရှုသံကိုကျနော်နားမထောင်ဖူးဘူး၊
ကောင်မလေးလမ်းလျှောက်တာကို ကျနော်ထိုင်ပြီးငေးရီကြည့်မနေဖူးဘူး ကျနော်လေ…ဘာဆိုဘာမှကို မဖူးဘူး…ဖူးဘူး ..။
အလွန်ပဲ့သည့်မေတ္တာဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်တော့သည် တနေ့နေ့ရှာလိုက်ရသည့် love comment
Search enginesတွေ crawlerတွေဆိုကျနော့ကိုအမြင်ကပ်နေလောက်သည် “ဒီကောင်တစ်ခါလာလည်းlove u comment,kiss u commentဆိုပြီး..။
“လုပ်ပေါ့ကွာ Onlineမှာအပျင်းပြေတာပေါ့”
သူငယ်ချင်းပြောသလိုတော့အပျင်းပြေဟုကျနော်သဘောမထားရက်ခဲ့ပါ အယားပြေခြင်းသာဖြစ်သည်ဟုလည်းမဆိုလိုပါ ယားလည်းယားမနေပါ။
တကယ်တော့သူ့အကြောင်းလည်းကိုယ်မသိ ကိုယ့်အကြောင်းလည်းသူမသိ Onlineပေါ်မှာတွေ့ပြီးကျနော်တို့ကြိုက်ခဲ့ကြခြင်းသာ စကားလေးပြောဖူးရုံ ဓါတ်ပုံလေးမြင်ဖူးကြရုံနဲ့တစ်ကယ်ချစ်သွားရောလား? အဓိပ္ပါယ်ရောရှိရဲ့လား?
“ဒီမှာကောင်မလေး မင်းအတွက်နဲ့ကိုယ်သေရဲတယ်သိလား”
“ဒီမှာကောင်မလေး မင်းကိုချစ်ခဲ့ရတာတွေကလေ ရေတံခွန်လောက်ကြီးတယ်ကွယ်”
“ဒီမှာကောင်မလေး..............”
“ဒီမှာကောင်မလေး..............”
တစ်နေ့နေ့ပြောလိုက်ရသည့်စကား.... ပေးလိုက်ရသည့်ဂတိ.... တစ်ကြိမ်တစ်ခါမှမနီးဖူးကြတာတောင် တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ်မခွဲရက်နိုင်ကြတော့ဘူးတဲ့လေ....။
onlineမှာအချစ်စစ်ရှိသလား?
တော်တော်အဖြေရကြပ်သည့်မေးခွန်းဖြစ်သည် onlineမှာကြိုက်ပြီးညားသွားကြသူတွေရှိသည် onlineမှာကြိုက်ပြီးအသည်းဟက်တက်ကွဲသွားကြသူတွေရှိသည် onlineမှာအထီးအမ မသေချာဘဲအရှက်ကွဲရသူတွေရှိသည် ကျနော်နဲ့ကောင်မလေးရော...?
ဘာပဲပြောပြောပါးစပ်နဲ့ချစ်နေရတာကိုကျနော်အလွန်ပျင်းနေပြီဖြစ်သည်...
ကျနော်လမ်းစခွဲတော့ကောင်မလေးငိုသည်ဟုဆိုသည် မမြင်ရသဖြင့် ဟုတ် မဟုတ်မသိနိုင်ပေ
တစ်ကယ်တော့ကောင်မလေးကိုကျနော်သစ္စာဖောက်သွားခြင်းမဟုတ် မချစ်တော့တာလည်းမဟုတ် ချစ်နေရင်းတန်းလန်းပျင်းသွားခြင်းသာဖြစ်သည်..။
c-boxတွင်ကောင်မလေးအလွမ်းတွေဖွေးဖွေးလှုပ်သွားသည် ပြန်ကြည့်မိတိုင်းစိတ်မကောင်းဖြစ်ရသဖြင့်နောက်ပိုင်းလုံးဝမသွားတော့
“Q ခြင်းအမှုကိုရက်အကန့်အသန့်မရှိရပ်နားလိုက်ပြီ”ဟုကျနော်ကြေငြာသည့်နေ့က ကျနော့ရဲ့ချစ်လှစွာသောသူငယ်ချင်းက “မင်း ချီးငုံပြီးပြောရင်တောင်မယုံဘူး ဟေ့” ဟုခွန်းတုံ့ပြန်ရှာသည်..။
ဘာပဲပြောပြောကဗျာဘလော့ကိုကျနော်ရပ်ပစ်ခဲ့သည် ထို့နောက် သားကြီးဘလော့ကိုစလုပ်ဖြစ်သည်။
လုပ်ခါစကဝင်ကြည့်သူမရှိ၍စိတ်ကြိုက်သောင်းကျန်းထားရာ နောက်ပိုင်းတော်တော်ပြန်ပြင်ယူခဲ့ရသည်
သားကြီးနာမည်ယူရခြင်းသည် အဆန်းတော့မဟုတ် အိမ်မှာအကြီးဆုံးသား လမ်းကတည့်တည့်မလျှောက်
ဂဏန်းလိုဘေးတိုက်လျှောက်သည် ခေါင်းမာသည် ပြန်မပြောနားမထောင်
တစ်ခါသော်.. ဝိပဿနာရက်ရှည်တရားစခန်းမှပြန်လာသူအဘိုးက ရေချိုးချင်၍ စဥ့်အိုးထဲလည်းရေမရှိသဖြင့်...
“ငါ့မြေးရေ စဥ့်အိုးထဲမှာရေကရှိမနေပါလားကွ” ကျနော့်အားရေခပ်စေချင်၍ပြောခြင်းဖြစ်သည်။
“အဘိုးကလည်းဗျာ တရားသဘောနဲ့ကြည့်ပါဗျ အရာရာကိုဝိပဿနာနဲ့ရှုပါ မရှိရင်မရှိဘူးလို့မှတ်”
ကျနော့်စကားကြောင့်အဘိုးပက်လက်လန်သွားတော့သည်။(မှတ်ချက်=ပက်လက်တစ်ကယ်မလန်ပါ အတိဿယဝုတ္တိအလင်္ကာသာဖြစ်ပါသည်)
ကျနော့်အဘိုးသည်စကားကိုအလွန်ရွဲ့ပြောတတ်သူဖြစ်သည် ကျနော်လည်းအလွန်ရွဲ့သူဖြစ်သည် သို့သော် မြေးအဘိုးနှစ်ယောက်အလွန်တည့်ကြသည်။
“ခေါင်ကမိုးယိုရင်ပြင်ရခက်တယ်ကွ ရှေ့ကနွားကဖြောင့်ဖြောင့်မသွားရင် နောက်ကနွားတွေလည်းမဖြောင့်ဘူး”
အမြင်မတော်ကြသူပတ်ဝန်းကျင်၏စကား.....။
ပြော…ပြော…ပြော ကြိုက်တာပြော... ပြောချင်တဲ့လူပြော..ပြောချင်သလောက်ပြော. သားကြီးတို့ အေးဆေး အေးဆေး အေးဆေး..။
နောက်ပိုင်းတွင်... သားကြီးကိုဆုံးမစကားပြောခြင်းသည် ကိုယ့်ထမင်းကိုယ်စားပြီးကြီးတော်နွားအလကားလိုက်ကျောင်းခြင်းသာဖြစ်ကြောင်း ကျွဲပါး DJပွတ်ခြင်းသာဖြစ်ကြောင်းသဘောပိုက်မိကြပြီးသကာလ အားလုံးလက်လျှော့သွားကြတော့သည်
ပါးစပ်လည်းညောင်းသွားကြကုန်ပြီ သားကြီးကတော့ ဂဏန်းလိုဘေးတိုက်လမ်းလျှောက်နေဆဲ..။
ဘလော့မှာရေးချင်တာလျှောက်ရေးနေဆဲ..။
(ကဲ …ညီမလေးငှက်ကလေးရေ... ညီမtagထားတာနဲ့ ဆိုင်ရဲ့လားတောင်မသိဘူး ရေးတတ်သလိုတော့ရေးလိုက်တာပဲ
ဖတ်လို့အဆင်မပြေရင်လည်း အပေါ်ကခေါင်းစီးစာကိုဖတ်ပြီးတော့ပဲ နားလည်ပေးပါတော့..“သားကြီးရေးချင်သလိုရေးသည်”လေ:P
အဲ့…ဟိုကောင်မလေးအတွက်လုပ်ထားတဲ့ကဗျာဘလော့လိပ်စာမေးဦးမလို့လား? မမေးနဲ့ဗျို့ ဖြေမယ့်အစီအစဉ်လုံးဝမရှိဘူး
မကျေနပ်ရင် အသေသာသတ် :P:P:P )
ထားခဲ့ဖူးသောရည်းစားများ(tag)
၁. လဲ့လဲ့ဝင်း
အဲဒီတုန်းကသူမရယ် ကျနော်ရယ် နောက်ပြီး နှလုံးသားအသစ်ကိုယ်စီရယ်ပေါ့
အမုန်းဆိုတာကိုမရဖူးကြသေးဘူး
ဒဏ်ရာအနာတရလည်းမဖြစ်ဖူးကြသေးဘူး
နေ့ရက်တိုင်းဟာ သိပ်သစ်လွင်နေခဲ့တယ်။
“လဲ့လဲ့ဝင်းကိုကျနော်ချစ်တယ်”
အဲဒီစာကိုရေးပြီး ပေးသင့်မပေးသင့်ကျနော့်စိတ်တွေက ချီတုံချတုံ… ဘာဆက်ရေးရမှန်းလည်းမသိ..
ကျနော့ရဲ့ဖြစ်အင်ကိုကြည့်ပြီးစိတ်မရှည်နိုင်တော့တဲ့သူငယ်ချင်းက..“ပေးစမ်းကွာ မင်းစာ…ဒီလောက်တောင်ဖြစ်နေတဲ့ဟာ.. ငါအခုချက်ခြင်းသွားပေးမယ်”
ကျနော်တားလည်းမမှီတော့ဘူး သူငယ်ချင်းကစာကိုယူပြီးလှစ်ကနဲပျောက်သွားပြီ
အဲလိုနဲ့ပဲကျနော့စာကောင်မလေးဆီရောက်
အဲလိုနဲ့ပဲကောင်မလေးမေတ္တာကျနော့ဆီရောက်..
….ငယ်ကချစ်အနှစ်တရာ မမေ့သာ…
….ငယ်ကပေါင်းအနှစ်တသောင်း မမေ့ကောင်း.. တဲ့
အဲဒီစကားသာမှန်ခဲ့ရင် သူမဟာ ကျနော့ရင်ထဲမှာ ခုထိရှိနေပါဦးမယ်
ကျနော်ကိုယ်တိုင်အမှုမဲ့ အမှတ်မဲ့ဖြစ်နေသည့်တိုင်ပေါ့
နောက်ဆုံး…နောက်ဆုံး... ဘဝတွေကခြားသွားပြီဆိုသည့်တိုင်ပေါ့...။
………………………
၂ သင်းသင်းဋ္ဌေး
“မင်းတို့အဒေါ်ဆီမှာ မနေ့ကမှစက်ချုပ်လာသင်တဲ့ကောင်မလေးက ရေရေလည်လည်မိုက်တယ်ကွာ.. မင်းမတွေ့သေးဘူးဟုတ်.? အသားလေးကဥနေတာပဲ... ဟဲဟဲ..ညနေကျရင်မင်းတို့အဒေါ်ဆီသွားလည်ရအောင်ကွာ...မင်းမျက်နှာနဲ့လေ.. ငါ့ကိုပြောပေးနော်... ဟီးဟီး”
မစားရဝခမန်းပြောနေတဲ့သူငယ်ချင်းကို ကျနော်သနားနေမိတယ်။
“အ လိုက်ပါဘိသူငယ်ချင်းရယ်...ငါကဗြမ္မာပြည်ကလာတဲ့ကောင်မှမဟုတ်တာ ကိလေသာကုန်ခမ်းနေတဲ့ အရိယာသူတော်စင်မှမဟုတ်ဘဲ.... လှတာမြင်ရင်ငါလည်းချစ်ချင်တာပဲပေါ့ ညနေကျရင်ငါသွားကြည့်လိုက်မယ် ငါ့မျက်လုံးထဲမှာလှတယ်ထင်ရင်တော့ မင်းအသဲကွဲဖို့သာပြင်”
ညနေကျတော့အဒေါ့်အိမ်ကိုကျနော်ရောက်သွားတယ် love at first sightဆိုတဲ့စကားဟာဒီနေရာမှာမှန်ကြောင်းကျနော်သိလိုက်တယ်။ ကောင်မလေးသိပ်လှနိုင်လွန်းတယ် မြင်မြင်ချင်းပဲ စွဲသွားတယ်
အဲဒီနေ့ကစပြီးအဒေါ်အိမ်ကိုအကြောင်းမရှိအကြောင်းရှာပြီး ကျနော်နေ့တိုင်းသွားနေတော့တယ် တဖြေးဖြေးနဲ့လူပြောစရာဖြစ်လာပေမယ့် ကျနော် .. ရှက်လဲမရှက်နိုင်တော့ပါဘူး ယောင်္ကျားတို့ဖွံသေခါမှလျှော့၏ထုံးနှလုံးမူထားတယ်လေ..။
တစ်လကျော်ကျော်အကြာမှာကောင်မလေးရဲ့ တုံ့ပြန်မေတ္တာကိုကျနော်ရခဲ့တယ်...
“ပါးစပ်ကနေချစ်နေရုံနဲ့မပြီးဘူးကွ... ကောင်မလေးကို ချိန်းတွေ့ ဖက်နမ်းပစ်”
အတွေ့အကြုံများတဲ့သူငယ်ချင်းကအဲလိုအားပေးအားမြှောက်လုပ်တော့ ကောင်မလေးကိုနှစ်ယောက်ချင်းတွေ့ချင်တယ်လို့ချိန်းမိတယ်။
ညကျတော့ကောင်မလေးဆင်းမလာခဲ့ပါဘူး ကြောက်လို့တဲ့လေ...:P
နောက်တစ်ရက်မိုးလင်းတော့ကျနော်စာတစ်စောင်ရေးပြီးပေးလိုက်တယ် “ညကတစ်ညလုံးမိုးလင်းပေါက်ထိုင်စောင့်ခဲ့ကြောင်း ခြင်တွေကလည်းကိုက်ကြောင်း မှောင်ကလည်းမှောင်၊ချမ်းကလည်းချမ်း၊ ခွေးကလည်းအူ(ဆိုင်သလားမသိ)နဲ့တစ်ယောက်တည်း အသည်းငယ်ရကြောင်း ၊ နောက်ဆုံးဆင်းမလာတော့ဘူးဆိုတာသေချာတော့မှဝမ်းနည်းပက်လက်လှည့်ပြန်ခဲ့ရကြောင်း လမ်းတွင်မှောင်နေသဖြင့်ခလုတ်လည်းတိုက်သေးကြောင်း” အကုန်လျှောက်ရေးတယ်။ အဲဒါနဲ့ကောင်မလေးကျနော့ကိုသနားသွားတယ် နောက်ညထပ်ချိန်းတော့ အိမ်သားတွေအအိပ်မှာကောင်မလေးတိတ်တဆိတ်ဆင်းလာခဲ့တယ်.....
အဲဒီည…… အဲဒီညလေ….
ခြင်မကိုက်တဲ့ည မမှောင်တဲ့ည မချမ်းတဲ့ည ခွေးတွေမအူတဲ့ည ခလုတ်လည်းမတိုက်တဲ့ညပေါ့ ။
လောကကြီးဟာအတိုင်းထက်အလွန်ကိုသာယာနေခဲ့တာပေါ့...
ကောင်မလေးနဲ့ကျနော်သုံးနှစ်ကျော်ကျော်ချစ်ခဲ့ကြတယ် မမျှော်လင့်တဲ့ဘဝအချိုးအကွေ့လေးတစ်ခုမှာကျနော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေချုပ်ငြိမ်းခဲ့ရတယ်။
………………
၃ သူဇာ
ကိုးကွယ်တဲ့ဆရာတော်ရဲ့ကျောင်းကထိန်အလှူတစ်ခုမှာကျနော်သွားဝိုင်းလုပ်တုန်းကပေါ့ အလှူဒါယကာတွေနဲ့ပါလာတဲ့ကောင်မလေးကိုကျနော်သတိထားမိတယ် အသားညိုညိုလေးနဲ့ ရယ်ရင်သွားတက်ကလေးနဲ့ စကားပြောရင်အသံစာစာလေးနဲ့ ချစ်ဖို့ကောင်းတဲ့အထဲမှာပါတယ် ဝိုင်းလုပ်စရာတွေပြီးတော့ကျနော်တို့လူငယ်တွေကျောင်းဝင်းအပြင်မှာထိုင်ပြီးစကားပြောကြတယ် … ကောင်မလေးလည်းပါတယ် ညနည်နည်းနက်လာတော့အားလုံးပင်ပန်းပြီးပြန်အိပ်သွားပြီ အစောကြီးလည်းထရဦးမှာကို
ကောင်မလေးရယ် ကျနော်ရယ်ပဲကျန်ခဲ့တယ် ကျနော်လည်းဒီနေ့ပင်ပန်းလို့အိပ်ချင်နေပြီဖြစ်တဲ့အကြောင်းပြောတော့ ကောင်မလေးက “နေပါဦးအစ်ကိုရယ်တဲ့ အစ်ကိုနဲ့စကားပြောနေရရင်ပျော်တယ် အိပ်ပါနဲ့ဦး”တဲ့ အဲဒါနဲ့ဆက်နေလိုက်ရတယ်
၁နာရီလောက်ကျတော့လူကမနိုင်တော့ဘူး အရမ်းအိပ်ချင်လာတယ် ပြန်အိပ်တော့မယ်ကွာဆိုတော့ကောင်မလေးကနေပါဦးလားပဲ အဲဒါနဲ့ကျနော်လည်းစိတ်အချဉ်ပေါက်ပေါက်နဲ့ ဒီလောက်တောင်ဖြစ်လှတာဆိုပြီးရည်းစားစကားပြောပစ်ပလိုက်တယ် ကျနော်စိတ်ကူးထားတာကတမျိုးပါ ကျနော်ရည်းစားစကားပြောရင်ကောင်မလေးစိတ်ဆိုးပြီးထွက်သွားမယ်ပေါ့ ဒါပေမယ့်ကျနော်မှားပါတယ် ကောင်မလေးကစိတ်မဆိုးတဲ့အပြင် ကျနော့်ကိုလည်းမြင်မြင်ချင်းချစ်နေပါတဲ့အကြောင်း တန်းပြောတယ်…
အဲ…အဲ…. ကျနော်လည်းအိပ်မှုံစုန်မွှားနဲ့ ကောင်မလေးကိုနမ်းလိုက်မိလား...?ဘာလုပ်လိုက်မိလဲ..?မမှတ်မိတော့ဘူး....
ရယ်စရာတော့ကောင်းတယ် အဲဒီညပြီးတော့နောက်တစ်ရက်လင်းတော့အလှူကိစ္စဝိုင်းလုပ်ပြီးကိုယ့်အိမ်ကိုယ်ပြန်ကြတယ် အဲဒီကတည်းကစပြီးကောင်မလေးကိုထပ်မတွေ့ရတော့ဘူး ရှာဖို့လည်းကျနော်မကြိုးစားမိဘူး
ကောင်မလေးကိုတစ်ကယ်ချစ်မိသွားလား ကျနော်ကိုယ်တိုင်လည်းခုထိမသေချာသေးပါဘူး..။
…………………………..
၎ မိုးမိုး
ဒီတခါကျနော်လူကြမ်းမင်းသားလုပ်တဲ့အလှည့်ပါ ကျနော့်ရဲ့“မမိုး”က ကျနော့ထက်၂နှစ်ကြီးပါတယ်
ချစ်မေတ္တာကိုအသနားခံတောင်းရတဲ့အလုပ်ကိုကျနော်ပျင်းသွားလို့ပဲလားမသိဘူး... “ချစ်ပါရစေ…ကြိုက်ပါရစေ”ဆိုပြီးကျနော်မပြောတော့ပါ...
“ကျနော့ကိုအသာတစ်ကြည်ပြန်ချစ်ပါ ဒီလိုမှမဟုတ်ရင်တော့ မ တို့တစ်ရွာလုံးကိုမီးရှို့ပစ်ရပါလိမ့်မယ်”ဆိုတဲ့ ဓါးပြဗိုလ်ကြီးရဲ့အသံမျိုးနဲ့ပါ
အဲဒါကြောင့်ပဲ မ ကျနော့်ကိုချစ်တယ်လို့မပြောခဲ့ပါ ကျနော့်ရဲ့ ဂျစ်ကန်ကန် ပေစောင်းစောင်းစရိုက်တွေဟာ မ နဲ့မအပ်စပ်ခဲ့ဘူးလေ။ ကျနော့်ရဲ့ ပြောချင်တာဇွတ်ပြောပြီး လိုချင်တာဇွတ်ယူတတ်တဲ့ဥာည်ကြောင့်တခါတခါ မ ကိုသနားနေမိတယ်.......
ဒါပေမယ့် မ ကျနော့်ကိုချစ်နေပါတယ်ဆိုတာ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းကပြောပြတော့မှကျနော်သိခဲ့ရတယ်...
ကောင်လေးကဆိုးတယ် ဒါပေမယ့်ချစ်ဖို့ကောင်းတယ်တဲ့...
ဒါပေမယ့်… ဒါပေမယ့်ပေါ့လေ… အားလုံးပြီးသွားခဲ့ပြီလေ..။
……………………….
၅ နော်အဲ
ထားဖူးသမျှရည်းစားထဲမှာအရှက်အကြောက်အကြီးဆုံး ဣနြေ္ဒအရှိဆုံး မိန်းကလေးပါ တခါတခါသူမရဲ့တည်ကြည်လွန်းတဲ့အနေအထိုင်ကြောင့် ချစ်ရတဲ့ကျနော့်မှာအောင့်သက်သက်..
ဖက်နမ်းမိရင်ငရဲပဲကြီးတော့မလိုလို...။ ဘုရားရှိခိုးရင်လည်းအရမ်းကြာတယ် ရှိသမျှဘုရားစာအကုန်ရွတ်ပြီး ရှိသမျှဆုကိုအကုန်တောင်းလားမသိ အပေါင်းအသင်းတွေကြားမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးလေးလိုဖြစ်နေတယ် “တောင်းတဲ့ဆုတွေထဲမှာ ကိုယ်နဲ့သေတပန်သက်တဆုံးပေါင်းရပါစေဆိုတဲ့ဆုမပါဘူးလား”လို့မေးကြည့်တော့ “ဟိဟိ အဲဒါတော့ဆုမတောင်းမိဘူး ဘုရားကြိုက်မှာမဟုတ်ဘူးထင်တယ်”တဲ့
ကိုယ့်ကိုဘယ်လောက်ချစ်လဲမေးရင်လည်း မသိဘူးတဲ့
ချစ်လားဆိုရင်တော့ ချစ်ပါတယ်တဲ့
ပတ်ဝန်းကျင်ကတော့ သူလိုမိန်းကလေးမျိုးကိုရအောင်လိုက်နိုင်လို့ကျနော့်ကိုသြချနေကြတယ်
ကျနော်လေ… ကိုယ့်ကိုကိုယ်လည်းကံကောင်းတယ်လို့ထင်ခဲ့တယ် ဒါနောက်ဆုံးအချစ်ပဲလို့လည်းထင်ခဲ့တယ်
အများကြီးလည်းမျှော်လင့်ခဲ့တယ်.... ဒါပေမယ့်…. ဒါပေမယ့်ပေါ့ဗျာ..... ကံကြမ္မာကိုကြိုမမြင်ခဲ့ဘူးလေ....။ ။
(နာမည်တူနေရင်ခွင့်လွတ်စေချင်တယ် အားလုံးနာမည်အမှန်တွေပဲဖြစ်တယ် သူတို့ပြန်ဖတ်မိမှာကိုကျနော်မစိုးရိမ်ပါ.... ပြီးခဲ့တာတွေလဲပြီးခဲ့ပြီလေ..)
broကြီး ree noe mannရေ..ကျေနပ်နိုင်ပါစေ... :)



