ရွှေပြည်တော်မျှော်လေတိုင်းဝေး


“ထွန်းဦး”သည် “မျက်နှာမြင် ကန်ချင်ပါစေ”ဆုတောင်းပြည့်သူဖြစ်သည်။
ရှေးဘဝကဘယ်လိုအထုံရေစက်ကြောင့်မသိ ဘုရားပေးသည့်သူ့ရုပ်သည် အလွန်ပဲ့လေသည်။
ထူးဆန်းတာကသူသည် လူချစ်လူခင်အလွန်ပေါခြင်းဖြစ်သည် ။ကျနော်တို့ကိုတွေ့တိုင်း“ငါပြန်တော့မယ်ကွ”ဟု ပြောလေ့ရှိသည်
သူထိုသို့ပြောတိုင်း “ဝက်ရူးလားဟေ့”ဟု ကျနော်တို့အားလုံးက တညီတညွတ်တည်းပြန်အော်လေ့ရှိကြသည်။ ခုတော့ “မိုးကြိုးပစ် ဘုရားစူး” သူတစ်ကယ်ပြန်တော့မည်ဖြစ်သည် ။
ကိုယ့်မိသားစု ကိုယ့်အသိုက်အမြုံဆီပြန်ရတော့မည့်သူ့အတွက် ဝမ်းသာမိသလို နောက်ရက်တွေကျရင်သူမရှိတော့ဘူးဆိုတဲ့အသိနဲ့လည်းကျနော်တို့မှာစိတ်မကောင်းဖြစ်ရပြန်ပါသည်
ဆိုရရင် ဝမ်းလည်းသာပါတယ် ဝမ်းလည်းနည်းပါတယ် မိသိန်းကြည်အနေအထားမျိုးပါ။


ဒီမှာစားအတူ နွားအတူနှစ်တွေအကြာကြီးရှိခဲ့ကြပေမယ့် ဟိုရောက်ရင် တစ်သက်လုံးထပ်မတွေ့ရတော့ဘူးလည်းဖြစ်ချင်ဖြစ်သွားနိုင်သည်လေ...
(စားအတူ သွားအတူလို့ရေးချင်တာပါ စာလုံးပေါင်းမှားသွားပါတယ်)
ကျနော်တို့ဘော်ဘော်တွေ သူ့အတွက် အိမ်အပြန်လက်ဆောင်တွေပေးကြ အမှတ်တရပစ္စည်းတွေ ပေးကြ နှင့် သူ့အပြန်လမ်းသည် ဘာပဲပြောပြော လှနေခဲ့ပါသည်
ထိုနောက်ဆုံးတစ်ရက်ကို အလုပ်မှခွင့်ယူပြီးသူ့ကို KLအထိလိုက်ပို့ကြသည် ။
လူရှင်းသည့်တရုတ်စားသောက်ဆိုင်တစ်ဆိုင်တွင် နှုတ်ဆက်ပွဲလေးလုပ်ဖြစ်ကြသည် ။
စားသောက်ဆိုင်ကလူအလွန်ရှင်းနေပြီး ကျနော်တို့တစ်ဝိုင်းနှင့် မလှမ်းမကမ်းက မြေးအဘိုးတစ်ဝိုင်းသာရှိကြသည်။


မြေးအဘိုးဟုထင်ရခြင်းမှာကွာခြားလွန်းသည့်အသက်အရွယ်ကြောင့်ဖြစ်ပြီး မြေးအဘိုးမဟုတ်မှန်းကို သူတို့၏အမူအရာကြောင့်တစ်ဖြေးဖြေးချင်းသိလာရသည်။
စာထဲကအတိုင်းပြောရရင် ဒင်းတို့နှစ်ဦးသည် ကလူအိသို့ မြူအိသို့ဖြစ်နေကြသည် ကျနော်တို့အဖွဲ့ကို“ဖုတ်လေသည့်ငပိ ရှိတယ်လို့မထင်”အနေအထားမျိုးနှင့် ကဲချင်တိုင်းကဲနေကြလေသည်။
အဘိုးကြီးသည် အားလုံးပေါင်းမှခြောက်ဆယ့်လေးပင်သာရှိတော့မည့် သူ့ဆံပင်ကိုအရောင်တောက်နေအောင်ဂျယ်လိမ်းထားပြီးအကျအနဖီးသင်ထားသည် ကောင်မလေးကားမျက်နှာသွယ်သွယ် နှာတံပေါ်ပေါ်လေးနှင့် အဝတ်အစားကိုလန်ထွက်နေအောင်ဝတ်ထားပြီး ခေတ်ဆန်ဆန်လှသူလေးဖြစ်သည်။


“လူပျိုတွေတဲ့လားကွာ? ဟားဟား…မင်းတို့ကောင်တွေ ရှက်တတ်ရင်လဲသေလိုက်ဖို့တောင်ကောင်းနေပြီ တွေ့လား ဟိုမှာမင်းတို့ဘဘကြီးက နတ်သမီးလေးနဲ့ မင်းတို့ကောင်တွေ နတ်သမီးမပြောနဲ့ လက်ချမီးနာမည်နဲ့ ကုလားမတောင်မပိုင်ကြဘူး ဟားဟားဟား”
ကျနော်တို့ထဲမှ ကိုကျော်ထွန်းဆိုသူ၏ခနဲ့တဲ့တဲ့စကားကြောင့် အားလုံးရှက်ရယ်ရယ်မိကြသည်။
ပြောအားရှိမှာပေါ့ သူကအိမ်ထောင်သည်ကိုး...။
တစ်ယောက်ကမကျေမနပ်နှင့်ပြန်ပြောသည်...။
“ဒီခေတ်ကောင်မလေးတွေက သွားမရှိလည်းရတယ် ကားရှိဖို့အရေးကြီးတယ်လေဗျာ”

“အေး…အေး…မင်းပြောမှပဲငါလည်းပြန်စဉ်းစားမိတယ် မင်းတို့ထဲမှာအခြေအနေအဆိုးဆုံးကမြင့်ဇော်ပဲကွ သူ့ခမျာ ကားမရှိရတဲ့အထဲ သွားကပါမရှိပြန်ဘူး”
သူ့ကိုရှေ့တည့်တည့်ထားပြီးတွယ်ထည့်လိုက်သည့် ကိုကျော်ထွန်း၏စကားကြောင့်မြင့်ဇော်မျက်နှာနီရဲသွားလေသည်၊ သူကသွားကျိုးကိုး..။
အားလုံး၏ရယ်သံကားတဝါးဝါးတဟားဟားနှင့်။
အဘိုးကြီးသည် ကောင်မလေးကို ဟင်းလေးခွံ့လိုက် ဟိုနားဒီနားနမ်းလိုက်နှင့် ကျနော်တို့လူပျိုတွေကိုအကြီးအကျယ်သိက္ခာချနေလေသည်။
(ဟိုနားဒီနားဆိုတာ ပါး၊ နားရွက်၊နဖူး ၊ နှုတ်ခမ်း၊ကျောပြင်၊ နှင့်လည်တိုင် အစရှိသည့်နေရာများကိုဆိုလို၏ ၊ တချို့များရှည်ရှည်ဝေးဝေး သိပ်တွေးတယ် :P)
တနည်းဆိုရရင် အဖိုးကြီးသည် လက်သီးကိုဆုပ်ပြီး လက်ခလည်တစ်ချောင်းတည်းကိုသာထောင်လျက် ကျနော်တို့ဘက်လှည့်ပြီး“မင်းတို့လူပျိုတွေကို ငါက ဒါပဲကွ”ဟုပြောနေဘိသကဲ့သို့ရှိသည် ။


တကယ်တော့ ကျနော်တို့အနေအထိုင်မတတ်ကြခြင်းသာ မမြင်သလိုနေလိုက်ရင်ပဲဖြစ်တဲ့ကိစ္စ။
စော်မရှိသဖြင့် “ညတိုင်းစောင်တစ်ထည်နှင့်အိပ်ယာဝင်ရသူ မတော်တဆရှောရင် ငှက်ပျောတုံးဖက်ရမယ့်သူအဖြစ်ကြံဖန်ပြီးစိတ်ဆင်းရဲနိုင်သလို စော်မရှိခြင်းကြောင့် အိပ်ရေးဝဝအိပ်ရခြင်း လစာထွက်လို့ပိုက်ဆံသိပ်မကျန်ရင် ဟဲ့ သေနာ ဆိုပြီးအခန်းပေါက်ဝက ဆီးကြိုနှုတ်ဆက်မည့်သူမရှိခြင်းကြောင့်လည်းကံကောင်းလိုက်လေခြင်းဟုကြံဖန်ပြီးစိတ်ဖြေလို့ရလေသည်။
(မင်းရေးတာ သမီးရည်းစားလား လင်မယားလားလို့တော့မမေးပါနဲ့ ဒီမှာဘာမှ သိပ်သိပ်ပြီးမကွဲပါ မယုံဘူးလား? မယုံရင်ပုံပြင်လို့မမှတ်ပါနဲ့ မလေးရှားလို့မှတ်ပါ ဒန့်…ဒန့်….ဒန့် :P)

ဘာပဲပြောပြောနေတတ်ဖို့သာအရေးကြီးသည်လေ။
သေချာတာကတော့အဘိုးကြီးနံရိုးတစ်ချောင်းကိုထုတ်ပြီး ကောင်မလေးကိုဖန်ဆင်းခဲ့တာတော့မဟုတ်လောက် ၊ မကြာမတင်ကာလတွင်အဘိုးကြီးမာလကီးယားရင် ကောင်မလေး ကားအကြီးစားရဖို့သာဖြစ်သည်။
ဤသို့ဖြင့် ကျနော်တို့အဖွဲ့သည် ကိုယ့်ဘာသာကိုအေးဆေးထိုင်မစားဘဲတဖက်ဝိုင်းကိုဝေဖန်ရင်းလေကန်ရင်းဖြင့် စားသောက်ခြင်းအမှုပြီးစီးသည် ထွန်းဦးလည်းကျနော်တို့ကိုနှုတ်ဆက်ကာထွက်ခွါသွားပြီဖြစ်သည်။
………………………..

သူပြန်သွားတော့ ကျနော်တို့အားလုံးမှာ ဆုံဖြစ်ကြတိုင်းသူ့အကြောင်းတခုတ်တရပြန်ပြောမိကြသည် သူနဲ့ပတ်သက်ခဲ့သည့် လွမ်းစရာတွေ ရယ်စရာတွေ စိတ်ညစ်စရာတွေ အစုံအစုံပါပဲ
ဒီလိုနဲ့ တစ်လတင်းတင်းပြည့်သည့်နေ့တွင် ဆိုင်းမဆင့် ဗုံမဆင့် နှဲမဆင့် ပတ်မဆင့်ဘဲ ထွန်းဦးဆိုသူမလေးရှားထဲ ဝှီးကနဲပြန်ရောက်ချလာသည်
အောင်းမေ့လို့မှမဝသေး သူ့မျက်နှာကြီးကိုရုတ်တရက်ပြန်တွေ့လိုက်ရတော့ လန့်တဲ့လူလန့်ကုန်သည်
“ထွန်းဦးအစစ်ပါနော်”လို့မေးတဲ့လူလည်းမေးကြကုန်သည်။
သူ့ကြည့်ရတာ ဘုံပျောက်တဲ့နတ်စုတ်စတိုင်နှင့်....


ကျနော်တို့ရှေ့တွင် ခပ်တည်တည်နှင့်ခါးကြီးထောက်ပြီး...။
“မင်းတို့ငါ့ကို သေသေချာချာကြည့်ကြစမ်း ဘယ်လိုမြင်လဲ”
“မင်းနည်းနည်းပိန်သွားတာကလွဲလို့ နဂိုအသားမဲမဲရယ် ပုလင်းဖင်လောက်ထူတဲ့မျက်မှန်နောက်က ပြူးကြောင်ကြောင်မျက်လုံးတွေရယ်က အရင်ပုံစံအတိုင်း ကျက်သရေမရှိမြဲရှိနေပါတယ်”
ကျနော်တို့စကားကြောင့်ထွန်းဦးတဟားဟားအော်ရယ်သည် ထို့နောက်သူပိန်ရခြင်းအကြောင်းအရင်းသည် မြန်မာပြည်၏ကုန်ဈေးနှုန်းနှင့်ပတ်သက်ကြောင်းကိုအစချီပြီး …
သူပို့သမျှသည်အရာမထင်ကြောင်း မိသားစုစားလောက်ရုံသာရှိကြောင်း မြန်မာပြည်တွင် ဆန်ကဘယ်ဈေး ဆီကဘယ်လို သူမှတ်မိသမျှသောဈေးနှုန်းများကိုအကုန်ကရားရေလွတ်ပြောတော့သည်။
သူ့စကားနားထောင်သူကျနော်တို့မှာ “ဟင်”ကနဲ“ဟာကနဲ”နှင့် မြန်မာ့ဈေးနှုန်းအကြောင်းကိုကြက်သီးဖျန်းဖျန်းထမျှနားဆင်ကြရသည်။ သူ့လောက်ကြိုးစား သူ့လောက်ခြစ်ခြုတ်စုပြီး သူ့လောက်အပို့ကြီးပို့နေခဲ့တဲ့လူတောင် ရပ်တည်လို့မရရင်......? ကျနော်တို့လည်း....???
……………………
ထိုအချိန်မှစပြီး ကျနော်တို့အဖွဲ့သည် “ဘယ်တော့ပြန်မလဲ”အမေးခံရတိုင်း
“ပြန်စရာဆိုလို့ ဝက်ရူးပဲရှိတော့တယ်ဟေ့”ဟု တညီတညွတ်တည်းပြန်ဖြေမိကြသည်။
နောက်နှစ်ပြန်မယ် ရှေ့လပြန်မယ်ပြောခဲ့ဖူးသူတွေလည်း ထိုအချိန်မှစပြီး ပြန်မည့်ရက်ကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်လေသည်။
ကြားဖူးတာတစ်ခုရှိသည်....
ဆီကိုရေချိုး ဆေးရိုးမီးလှုံ
စပါးတောင်လိုပုံ
”တဲ့.......စာအုပ်ထဲမှာလား? သီချင်းတွေထဲမှာလား? ပုံပြင်တွေထဲမှာလား?
ကျနော်သိပ်မသဲကွဲတော့ပါ။ ။

(ဆရာကြီးမြသန်းတင့်ရဲ့ခေါင်းစဉ်ပါ)

ဘာပဲဖြစ်ဖြစ်ပျော်ပါတယ်



“ဟေ့ရောင်သားကြီး...ဟိုမှာမင်းတို့အဖွားရွာကနေ ဘုရားဖူးတက်လာတယ်ဟေ့”

လူတောင်လန့်သွားသည်။ ဘယ့်နှယ့်ငါ့အဖွားက မလေးရှားကိုလာပြီးဘုရားဖူးရမှာတုန်း၊ သူငယ်ချင်းညွှန်ပြသည့်နေရာကိုကြည့်လိုက်တော့ လမ်းမပေါ်က တကျွီကျွီနှင့်လှိမ့်နေသောသုံးဘီးတပ်စက်ဘီးပေါ်တွင် ဝါးခမောက်အကြီးကြီးကိုဆောင်းထားသည့်အဝတ်အစားနွမ်းနွမ်းနှင့်အဖွားအိုတစ်ဦး။ စက်ဘီးပေါ်တွင်ပစ္စည်းပစ္စယတွေကစုံစီနဖာဝေလျှက်
ကားတွေ၊ဆိုင်ကယ်တွေချည်းဥဒဟိုသွားလာနေသော လမ်းမပေါ်တွင် ခုမြင်ကွင်းကနည်းနည်းထူးဆန်းနေသည် ။
ကိုယ်နဲ့မဆိုင်၍ပဲလားမသိ သိပ်တော့စိတ်မဝင်စားမိ ထို့နောက်မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။

နောက်ပိုင်းရက်များတွင် ကျနော်တို့အလုပ်သွား အလုပ်ပြန်တိုင်း ထိုအဖွားအိုကြီးကိုနေ့စဉ်ရက်ဆက်တွေ့လာရသည် ထုံးစံအတိုင်းသုံးဘီးစက်ဘီးအစုတ်တစ်စီးနှင့် ရှိရှိသမျှစားသောက်ဆိုင်သို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ကာသူ့ဆီက ဆန်အိတ်အသေးလေးတွေ ၊ ဂက်စ်မီးခြစ်တွေ ၊တစ်ခါသုံးတစ်သျှူးတွေ ၊ ကြံချောင်းအစည်းလေးတွေကို ဆိုင်ထဲရှိလူများသို့လိုက်လံရောင်းချနေသည်။ တွေ့ပါများတော့လည်း သိချင်လာသည် ထို့ကြောင့်အသိတရုတ်တစ်ယောက်ကိုမေးလိုက်မိသည် ထိုတရုတ်ကပြောပြသည်မှာ အဖွားအိုသည် အသက်ခုနှစ်ဆယ်ဝန်းကျင်ရှိပြီဖြစ်သည် ဆွေမျိုးအသိုင်းအဝိုင်းမရှိ သားတစ်ယောက်နဲ့နေသည် သားဖြစ်သူက အသက်လေးဆယ်ဝန်းကျင်ရှိပြီဖြစ်သော်လည်း အလုပ်လက်ကြောမတင်း လူပေါ်ကြော့ ဒီကြားထဲအရက်ဆိုလည်းသောက်ချင်သေး ၊ ဘိန်းဆိုလည်းရှုချင်သေး၊ အပျော်အပါးလည်းလိုက်စားချင်သေးတဲ့။


အဖွားကြီးကတစ်ဦးတည်းသောသားမို့ငယ်ငယ်ကတည်းကအလိုလိုက်ခဲ့သည် တနေ့တနေ့သူရောင်းရသည့်ပိုက်ဆံတွေကိုလည်းသားလက်ထဲသာထည့်သည် သူ့ဆီကဝယ်ကြသူများမှာလည်းသူ့ကိုသနား၍သာ အသုံးတည့်တည့်မတည့်တည့်ပိုက်ဆံပေးပြီးဝယ်လိုက်သည်ချည်း။ သူရောင်းသည့်တိုလီမုတ်စမှန်သမျှသည်သူ့ကိုသနားသဖြင့်ရပ်ကွက်ထဲကပေးထား ကမ်းထားသည့် ပစ္စည်းများသာဖြစ်သည်။ အဖွားအိုကိုတခါခါဟိုင်းဝေးလမ်းမပေါ်တွင်ချွေးအလုံးလုံးဖြင့်ဈေးလိုက်ရောင်းနေသည်ကိုတွေ့ရတတ်သည် တခါတခါလည်းသူဈေးဝင်ရောင်းသည့်စားသောက်ဆိုင်ထဲ၌ပင်ထိုင်နေရင်းအိပ်ပျော်နေတတ်သည်
သူ့သားဖြစ်သူကိုကျနော်မမြင်ဖူး သို့သော် ဘာကြောင့်မှန်းမသိ ထိုသားဖြစ်သူကိုကျနော်အလိုလိုနေရင်းမုန်းနေမိသည်။
……………………..

ကျနော့်မေမေသည်ကျနော့်ကို အမြင့်မားဆုံးမျှော်မှန်းခဲ့ဖူးပြီး ကျနော်သည် အနိမ့်ပါးဆုံးသောနေရာ၌သာ ခုချိန်ထိလိမ်ဖယ်လိမ်ဖယ်ရှိနေတုန်းဖြစ်သည်။ သို့သော်…အမေ့သဘောထားကကျနော့်အပေါ်ခုချိန်ထိဘယ်တော့မှမပြောင်းလဲခဲ့ ကိုးနှစ်တာကာလအတွင်းအမေ့မျက်နှာဘယ်လိုရှိတော့မည်ကိုကျနော်မသိသော်လည်း ဖုန်းထဲကအမေ့အသံသည်အရင်လိုမသစ်လွင်တော့တာသိသည် ကျနော့်မေမေအိုပြီလေ
သို့တိုင်အောင် ကျနော်နဲ့စကားပြောလေတိုင်းအမေ့အသံမှာအားမာန်တွေပြည့်နေဆဲ မျှော်လင့်ချက်တွေပြည့်နေဆဲ...
“ဟိုးတစ်ညကပေါ့ အမေကပြောလိုက်တယ် လကလည်းသာလိုက်တာနော်လို့ နင့်ညီမတွေက လသာတော့ဘာဖြစ်လဲအမေရဲ့တဲ့ အော်…လသာတော့ အဝေးကနင်တို့အစ်ကို သာနေတဲ့လကိုမော့မော့ကြည့်ပြီး နင်တို့ကိုလွမ်းလွမ်းနဲ့ ငိုချင်ငိုနေမှာပေါ့လို့ အမေအဲဒါလည်းပြောလိုက်ရော နင့်ညီမတွေဘာဖြစ်လဲသိလား”
“ဘာဖြစ်လဲအမေ”
“တအီအီနဲ့ငိုကုန်ပါရောလား တော်တော်ရယ်ရတဲ့ကလေးတွေ”
ဒါပေမယ့်လည်း ကျနော်မရယ်နိုင်ခဲ့ပါလေ ။


နိုင်ငံခြားမှာ လဲကျလိုက်ပြန်ထလိုက်နဲ့ အမေ့ကိုပံ့ပိုးနိုင်သည့်ငွေပမာဏ အလွန်နည်းခဲ့သည်။
“တာဝန်မကျေလိုက်တဲ့သား” ဆိုပြီးသိမ်ငယ်စိတ်တွေဝင်ခဲ့ဖူးတာလည်းအကြိမ်ကြိမ်...။
ထူးဆန်းတာက အမေသည်ခုချိန်ထိကျနော့်ကို အပြစ်တင်စိတ်ပျက်သည့်စကားမပြောခဲ့တာပဲဖြစ်သည်။
ဆိုရိုးတစ်ခုကြားဖူးသည် “ဘုရားသည် ကိုယ်တော်တိုင်နေရာတကာမှာ ရှိမနေနိုင်သည့်အတွက် ကိုယ်တော့်ကိုယ်စား မိခင်များကို ဖန်ဆင်းပေးခဲ့လေသည်”တဲ့
ကမ္ဘာပေါ်မှာရှိတဲ့သားတွေအားလုံးကို မိဘတာဝန်အကျေဆုံးသူကနေ တာဝန်အမဲ့ဆုံးသူအထိနံပါတ်စဉ်တပ်ပြီးထားမယ်ဆိုရင် ကျနော်နံပါတ်ဘယ်နေရာလောက်ကရှိလိမ့်မယ်မသိ...ကျနော်ဟို တရုတ်အဖွားအိုကြီးရဲ့ သားအောက်တော့ရောက်လိမ့်မယ်မထင်ဘူး....။

ဒါပါပဲ ဒီနေ့အလုပ်ကအပြန်စက်ဘီးအစုတ်တစ်စီးနဲ့နွမ်းနယ်နေရှာတဲ့အဖွားအိုကြီးကိုလမ်းမှာတွေ့မိလို့ ဒီပိုစ်လေးရေးဖြစ်သွားတာပါ။ အဲ…သူ့ဆီကကြံစည်းသေးသေးလေးဝယ်လိုက်သေးတယ် စားလို့မရပါဘူးဗျာ မာတောက်တောက်နဲ့ ဘာအရသာမှမရှိဘူး ဒါပေမယ့်….. ဘာပဲဖြစ်ဖြစ်ကျနော်ပျော်ပါတယ်။ ။

ကျားကလေးတို့ရွာ-၂


“တစ်တောဝင်…ထွက်....တစ်ကုန်းတက်၍ တစ်တောင်ကိုကျော်....တစ်ပင်မှာနားသော်....အားငယ်ဖြေမချိ...တွေ့လိမ့်နိုးနိုး...မျှော်ကိုးလို့နော်......”
………………………..
ခုလည်းဒီသီချင်းထဲကအတိုင်းဖြစ်နေပေပြီ ကျနော်တို့လျှောက်ခဲ့သည့်ခြေလှမ်းအရေအတွက်အတိုင်းသာ မိုးပေါ်တည့်တည့်ထောင်ပြီးလျှောက်ရင်ခုလောက်ဆို နတ်ပြည်ဝင်သည့် ဂိတ်ဝကြီးသို့တန်းတန်းမတ်မတ်ကြီးရောက်နေလောက်ပြီ.....။
ကျောင်းပိတ်တုန်းအေးဆေးမနေချင်တဲ့ကောင်....လျှောက်စမ်း...လျှောက်စမ်း.....လျှောက်စမ်း.....။
ကျနော့်ဆီက အထုပ်အပိုးတွေရော ဂစ်တာကိုရောအကုန်ယူပြီးဝိုင်းကူသယ်ပေးတာတောင် အမောခံနိုင်သူဝင်းကျော်ကရှေ့မှ မတ်မတ် မတ်မတ်နှင့်လျှောက်နေဆဲ ကျနော်က နောက်မှ ယိုင်တိ ယိုင်တိုင်ဖြင့် လဲကျလိုက် ဆက်လျှောက်လိုက် ဖြစ်နေဆဲ….


ဒီလိုနဲ့ နေလုံးကြီးစုံးစုံးမြှုပ်မှ သစ်သားပြားဖြင့် ဖြစ်ကတတ်ဆန်းရိုက်ပြီးစိုက်ထူထားသော သူတို့ရွာအဝင်ဆိုင်းဘုတ်ကြီးအား ဝမ်းမြောက်ဖွယ်တွေ့ရတော့သည်။
မရင်းကုန်းကျေးရွာမှ လှိုက်လှဲစွာကြိုဆိုပါသည်” ဟူ့ရေးသားထားသည့် ဆိုင်းဘုတ်ကြီးသည် ကျနော့်အဖို့တော့...
တာဝတိ`သာနတ်နန်းမှလှိုက်လှဲစွာ ကြိုဆိုပါသည် နတ်သမီးအပါးခုနှစ်ထောင်တို့သည်လည်း နှုတ်ခမ်းနီဆိုးလျှက် သင့်တစ်ယောက်တည်းအားစောင့်ဆိုင်းနေကြကုန်သည်” ဟူ့ရေးထားသည့်ဆိုင်းဘုတ်ကြီးအား မြင်တွေ့ရဘိအလား ဝမ်းသာအယ်လဲဖြစ်ရလေတော့သည်။
(ယခုစာရေးနေချိန်တွင်အနားမှာထိုင်နေသည့်သူငယ်ချင်းက မင်းဟာက အပါးခုနှစ်ထောင်ဆိုတော့ မလွန်လွန်းဘူးလား နတ်သမီးငါးရာဆိုတော်ပြီပေါ့တဲ့ သူ့နှယ်နော်.ကပ်သီးကပ်သပ်စိတ်ကူးနဲ့ရေးတဲ့စာကိုတောင်ကြံဖန်ပြီးကပ်စေးနဲနေခိုင်းသေးတယ် ကျနော်ကပြန်ပြောလိုက်ပါတယ် ငါက ငါးရာနဲ့မလောက်ဘူးဟေ့ အပါးခုနှစ်ထောင်တိတိ တစ်ပြားသားမှမလျှော့လို့ :P)


“ကဲသားကြီးရေ....အိမ်ရောက်ပြီကွ...အိမ်ရောက်ပြီ...ဟားဟား...”
ချွေးအလုံးလုံးကြားမှ ဝင်းကျော်က ကျနော့်ဘက်လှည့်ပြီး အော်ပြောသည်…။
“အင်း….ရောက်ဦးမှပဲ....နို့မို့ရင် ငှက်တွေက ပျံရင်းသေတယ် မင်းနဲ့ငါက လမ်းလျှောက်ရင်းသေတယ်
ဆိုပြီးစကားပုံအသစ်ထွက်နေဦးမယ်”
ကျနော့်စကားကြောင့်ဝင်းကျော်တစ်ဟားဟားအော်ရယ်သည်။
ညီအစ်ကိုမသိတသိအချိန်ဟုခေါ်နိုင်သော်လည်းကိုယ့်ရွာသားကိုကိုယ်တိတိကျကျသိပုံရသောရွာသားမျာက
“စောဝင်းကျော်ပြန်လာပြီဟေ့....
စောဝင်းကျော်ပြန်လာပြီ.....သူ့အဖေါ်မြို့သားတစ်ယောက်လည်းပါလာတယ်ဟေ့”
ဟုတစ်အိမ်မှတစ်အိမ်အော်ပြီး ပြေးထွက်ကြည့်ကြကုန်သည်။
ဝင်းကျော်၏သူငယ်ချင်းများကအပြေးအလွားရောက်လာကြပြီးအထုပ်ကိုကူသယ်သူသယ်ဂစ်တာကြီးကို
ယူပြီး အသံကြောင်ဖြင့် တစ်ဂျောင်ဂျောင်တီးသူတီးနှင့်ကျနော်တို့ဝန်းကျင်လေးရှုပ်ယှက်ခက်သွားသည်
သူတို့ကျနော့်ကိုကြည့်တဲ့အကြည့်က ကျနော်မြင်နေကျ မြို့ထဲကလူတွေရဲ့အကြည့်မျိုးမဟုတ် နှစ်လိုဖွယ်အပြည့်ရှိပြီး ပကတိသန့်စင်သည်။
တခဏအတွင်းမှာပင်ကျနော်တို့အားလုံးငယ်ပေါင်းကြီးများသဖွယ် ရင်းနှီးသွားကြတော့သည်။


ဝင်းကျော်တို့အိမ်ရောက်တော့အထုပ်အပိုးတွေပြစ်ချပြီးအနားယူကြသည် ။
ထိုညထမင်းဝိုင်းသည် ကျနော့်တစ်သက်တွင်အမြိန်ဆုံးထမင်းဝိုင်းတစ်ခုဖြစ်ခဲ့သည်။ဝင်းကျော်မိဘများသည် ရိုးရိုးတောင်ယာ လယ်လုပ်စားသူများဖြစ်သည် စိတ်သဘောထားရိုးသားဖြူစင်ကြသည်။
“နင်ကမြို့သားဆိုတော့ အတွဲတော့ချောင်းဖူးမှာပေါ့နော် အဟိ”
ရုတ်တရက်ကြီးထွက်ပေါ်လာသည့်အဒေါ်ကြီးတစ်ယောက်၏အမေးကြောင့်ပါးစပ်ထဲရောက်လုရောက်ခင်ထမင်းတစ်လုတ်
လေထဲရပ်တန့်သွားသည် ဘာပြန်ပြောရမယ်မှန်းမသိ
“ဒေါ်လေးကလဲဘာတွေလျှောက်မေးနေတာလဲ ကျနော့်သူငယ်ချင်းအနေခက်အောင်လုပ်နေပြန်ပြီ ”
ဝင်းကျော်ကထမင်းဝိုင်းဘေးတွင်ထိုင်နေသော အဒေါ်ကြီးဆိုသူကိုအပြစ်တင်စကားဆိုလိုက်သည်
“သူငယ်ချင်းရေ....ဗိုက်တင်းအောင်မစားနဲ့ဦးဟ ငါတို့အစီအစဉ်ရှိသေးတယ် ” ညနေကမှခင်ခဲ့ကြသည့်သူငယ်ချင်းတစ်ယောက်က ကျနော့်နားကပ်ပြီးတိုးတိုးလေးပြောလိုက်ခြင်းဖြစ်သည်။
ထမင်းများစားသောက်ပြီး အစီအစဉ်ရှိတယ်ဆိုသည့်သူငယ်ချင်းဆီသို့ကျနော်တို့ချီတက်ခဲ့ကြသည်။


ရွာလယ်ကိုရောက်တော့အလှူအိမ်တစ်ခုက ဗွီဒီယိုဗလာပွဲပြနေသည်။ရွာ၏တစ်ခုတည်းသောဗွီဒီယိုရုံက ငှားလာကြခြင်းဖြစ်သည်။
“ညီလေး မင်းဝင်းကျော်မဟုတ်လား လာပါဦးကွာ သူကြီးငါ့ကို ဒုက္ခပေးသွားပြီ”
တော်တော်လေးထွေနေပုံရသည့်အလှူအိမ်မှလူတစ်ယောက်က ဝင်းကျော်ကိုမြင်သွားကာ လှမ်းခေါ်လိုက်သဖြင့်ကျနော်လည်းလိုက်သွားရသည် ။ သူကဗွီဒီယိုပိုင်ရှင်ကိုဖိုးစောဟုသိရသည်
“ငါစာမတတ်ပါဘူးဆိုမှ သူကြီးက ငါ့ကိုဒီစာဖတ်ပြီးကြေညာခိုင်းနေတယ် ရော့ဒီမှာမိုက် ဒီမှာစာရွက် မင်းပဲကြေညာလိုက်တော့”
ကိုဖိုးစောကမ်းပေးသည့်စာရွက်ထဲကပဲပင်ပေါက်လက်ရေးနှင့်ရေးထားသည့်စာများကိုဖတ်ပြီး
ကျနော်ရယ်ချင်ချင်ဖြစ်နေသည်။ စာထဲတွင်ယခုကဲ့သို့ရွာအလှူတွင်ကာလသားများသောက်သောက်စားစားမလုပ်ရန်နှင့်တွေ့ရှိပါက ပြင်းပြင်းထန်ထန်အရေးယူမည့်အကြောင်းရေးထားသည်။ ကာလသားတွေဘယ်လိုနေမည်မသိသော်လည်း ကာလဘဲကြီး ကိုဖိုးစောတော့စောစောစီးစီးဝီနေပြီဖြစ်သည်။.....(ဆက်ရန်)

ကျားကလေးတို့ရွာ-၁


“မရောက်သေးဘူးလား.....”
“ရောက်တော့မှာပါဟ.. ရှေ့နားလေးတင်.....”
……………………………….....
ကျနော်မှတ်မိသလောက်ဆို“ရှေ့နားလေးတင်”ဆိုသည့်စကားတစ်ခွန်းသည်ကျနော့်သူငယ်ချင်းပါးစပ်ကနေထွက်ထွက်လာ
နေတာ ဒါပါနဲ့ဆို အခွန်းနှစ်ဆယ်တိတိပြည့်ပြီဖြစ်သည်။ သူပြောသည့်ရွာ၏အရိပ်အယောင်ကိုမှ မမြင်ရသေး လူလည်းဖတ်ဖတ်မောနေပြီ၊သူငယ်ချင်းဝင်းကျော်တို့ရွာကိုလာခဲ့ရသည့်ခရီးကမနည်းပါချေ၊ သင်္ဘောကို ဖင်စုတ်နေအောင်စီးရသည် လမ်းကိုလည်း ဖိနပ်စုတ်အောင်လျှောက်ရသည်။
ထုံးစံအတိုင်း တောအုပ်တွေ ရွာတွေ လယ်ကွင်းတွေသာ တစ်ခုပြီးတစ်ခု ဖြတ်သွားသည်
သူပြောသည့်“ရှေ့နားလေးတင်”သည် ရှေ့နားလေးနေရာမှတစ်လက်မမှလျှော့မသွားသေး ။
နေကလည်းအလွန်ပူသည် ဆက်လျှောက်ကြရင်း တောစပ်တစ်ခုအရောက်တွင် အရိပ်အာဝါသကောင်းသည့်ဇရပ်ငယ်လေးတစ်လုံးအားတွေ့၍နှစ်ဦးသား ခြေပစ်လက်ပစ်ထိုင်ချလိုက်ကြသည် ဒီခရီးကိုသွားလာနေကျ ဝင်းကျော်က ဘာမှမဖြစ်သော်လည်း ကျနော့်မှာတော်တော်ပင်ပန်းနေပြီ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကားအရောက်အပေါက်အလွန်နည်းသည့် သူတို့ရွာကို အလည်လာခဲ့မိခြင်းသည် မှားလေပြီဟုလည်းနောင်တရနေသည်။


“ကျဉ်းကျဉ်းကြပ်ကြပ် မြို့ထဲက လမ်းတွေ အုတ်ခုံတွေမှာ သီချင်းလိုက်ဆိုရတာ မမိုက်ဘူးကွ ဟောဒီမှာကြည့်စမ်း လတ်လတ်ဆတ်ဆတ်လေပြေတွေ တောပန်းရနံ့တွေအဆုံးမဲ့မိုးကောင်းကင်တွေ နဲ့ဝန်းရံနေတဲ့ အေးချမ်းတဲ့ ဒီလိုဇရပ်လေးထဲမှာ သီချင်းဆိုရတာ ဘယ်လောက်ကဗျာဆန်လဲ”
ဝင်းကျော်က ပြောလည်းပြော ပါလာသည့်ဂစ်တာကိုလည်းကြိုးညှိအသံစမ်းပြီးသီချင်းဆိုရန်ပြင်သည်။
“ဒီနေရာသီချင်းမဆိုကောင်းဘူးကွဲ့ နတ်ကြမ်းတယ်”
ဝဲတဲတဲအသံတစ်ခုကြောင့်လှည့်လိုက်ရာ ဘယ်တုန်းကဇရပ်ထဲဝင်လာသည်မသိသော ကရင်အဖိုးကြီးတစ်ယောက်ကိုတွေ့ရလေသည်။
“ငါလူပျိုတုန်းကပေါ့ မယ်ဒလင်တီးအရမ်းတော်တဲ့ သန်းစိန်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် တနေ့တော့ တောတက်လာတာ အားတဲ့အချိန်အပျင်းပြေတီးဖို့ဆိုပြီး သူ့မယ်ဒလင်လေးပါယူလာပြီး အားအားရှိတိုင်း တီးလိုက်ဆိုလိုက်လုပ်နေတာတဲ့ အလုပ်တွေပြီးလို့ရွာလည်းပြန်ရောက်ရော အကြောင်းရှာမရဘဲ သွက်သွက်ခါအောင်ရူးတော့တယ် ဘယ်ဆရာမှ မကုနိုင်ဘူး အဲဒါမင်းတို့ကလေးတွေ သတိထားကြ ဒီတောကနာမည်ကြီးတယ် ကြမ်းတယ်”
အဖိုးကြီးကစကားအရှည်ကြီးပြောပြီးနောက်ခါးကြားထဲက ကြွပ်ကြွပ်အိတ်နှင့်ထုပ်ထားသောဆေးရွက်ကြီးကိုထုတ်ကာအဆုပ်သေးသေးလေးလုပ်ပြီး ပါးစောင်တွင်ထိုးထည့်လိုက်သည် ထို့နောက် မျက်လုံးလေးမှိန်းကာဆေးရွက်ကြီး၏အရသာကို တမြုံ့မြုံ့ခံစားနေလေတော့သည်။


ဝင်းကျော်က သိပ်ကျေနပ်ပုံမပေါ် ။ အဖိုးကြီးဘက်လှည့်ပြီး.....
“အဲဒီလူက မယ်ဒလင်တီးပြီးရူးသွားတာဘကြီးရ ခုကျနော်တို့ကဂစ်တာတီးမှာ မရူးလောက်ဘူးထင်ပါတယ်၊
ကျနော့်အထင်ပြောရရင် ဒီတောကိုစောင့်တယ်ဆိုတဲ့နတ်က နတ်မဖြစ်ခင် လူအရင်ဖြစ်ခဲ့လိမ့်မယ် ရည်းစားလည်းထားဖူးပြီး အသည်းလည်းကွဲဖူးလိမ့်မယ်ဗျ အဲဒါဟိုမယ်ဒလင်ဆရာက လွမ်းလွမ်းဆွေးဆွေးသီချင်းတွေလာလုပ်တော့ သူ့အရင်ဘဝကငယ်ချစ်ကိုလွမ်းပြီးခံစားရတာပေါ့ဗျာ အဲဒါနဲ့သူ့ကို စိတ်ထိခိုက်ကြေကွဲအောင်လုပ်ရပါ့မလားဆိုပြီး မယ်ဒလင်ဆရာကိုဒဏ်ခတ်တဲ့အနေနဲ့ရူးအောင်လုပ်လိုက်တာနေမှာ ဒါပေမယ့်ခုကျနော်ဆိုမယ့်သီချင်းကအလွမ်းသီချင်းမဟုတ်ဘူးဗျ တောစောင့်ကြီးလည်းစိတ်ဝင်စားလောက်မယ်မထင်ဘူး ဘကြီး“လေးဖြူ”ဆိုတာကိုကြားဖူးလား”
“အင်း….လေးဖြူတော့မပြောတတ်ဘူးကွဲ့ “ဂျိုးဖြူ”တော့သိတယ် ရွေဂျိုးဖြူ မူလခဲ ဇာတ်ထုပ်ကြီးလေ ကြားဖူးတာပေါ့”
အဖိုးကြီးစကားကြောင့်ကျနော်တို့နှစ်ယောက်သားရယ်မိကြသည် ဘယ်လိုပင်ပြောပြောအယူသီးသူအဖိုးကြီးကလက်မခံ သီချင်းမဆိုရန်သာအတန်တန်တားလေသည် ဝင်းကျော်လည်းစိတ်လျှော့လိုက်တော့သည်
ကျနော်တို့နှစ်ယောက်ဂစ်တာကြီးလွယ်ပြီးဇရပ်ထဲကထွက်လာတော့ ကရင်အဖိုးကြီးမှာ တရှူးရှူးဟောက်လျှက်အိပ်ပျော်နှင့်ပြီဖြစ်သည်။


လယ်ကွင်းတစ်ခုကိုဖြတ်လျှောက်ကြရင်း ဟိုးအဝေးဆီမှခပ်ပျပျလေးလှမ်းမြင်နေရသော တောအုပ်သေးသေးလေးတစ်ခုကိုဝင်းကျော်က လက်ညိုးထိုးပြီး..။
“အဲဒီတောအုပ်ဆိုနေ့ခင်းကြီးတောင်ဘယ်သူမှမဝင်ရဲဘူးကွ နွားပျောက်ရင်တောင် ဘယ်နွားပိုင်ရှင်မှအဲဒီထဲဝင်ပြီးမရှာကြဘူး အရမ်းကြမ်းတယ် နွားကျောင်းသားတွေလည်းရှောင်တယ် အရင်ငါတို့ရွာမှာ“ငှက်ထီး”ဆိုတဲ့လူတစ်ယောက်ရှိတယ်ကွ....”
……………………
(“ငှက်ထီး”ဆိုသဖြင့် ရွာထဲမှ“ချက်ကြီး”၏ အစ်ကိုဟုမထင်မှတ်စေလိုပါ သူတို့ရွာတွင် ချက်ကြီးဆိုတာလည်းရှိမနေပါ
“ဝိုင်းစိန်မ”ဆိုသူလည်းရှိမနေပါ မြန်မာရုပ်ရှင်နှင့် ဝတ္ထုစာအုပ်များတွင်သာ တောနှင့်ပတ်သက်လာတိုင်းထိုအမည်နာမများအားဖောဖောသီသုံးထားသည်ကိုတွေ့ရမည်ဖြစ်သည်
ကြုံတုန်းပြောရပါဦးမည်...
“ငှက်ထီး”ဆိုတာနာမည်အရင်းမဟုတ်ဟုသိရသည် နာမည်အရင်းက“ထွန်းနောင်”
ဖြစ်ပုံကဒီလို ထွန်းနောင်တို့လူပျိုဘဝက စိတ်တူကိုယ်တူသူငယ်ချင်းများအားလုံး ကိုယ့်ဘာသာကို နာမည်ဆန်းဆန်းလေးတွေခေါ်ပြီး ရွာနီးချုပ်စပ်က ဖြစ်သမျှဘုရားပွဲတိုင်းတွင် လက်စွမ်းပြ လက်ဝှေ့ဝင်ထိုးသည်ဆို၏ ။ သူတို့ထဲတွင်အာလူးစိန်၊ အရိုင်းလေး၊ ရွေဒူးပျံ အစရှိသဖြင့်အမည်ဆန်းဆန်းများထွက်ပေါ်လာကြသည်။
“ရွေဒူးပျံ”ဆိုသူသည် ဒူးပျံ မပျံမပြောတတ်သော်လည်း ဒူးတော့ခဏခဏလန်သည်ဆို၏ မူးတိုင်းမှောက်မှောက်လဲကျနိုင်လွန်းသည်ဆိုကိုး ။
သူငယ်ချင်းများကိုအားကျမခံလိုသဖြင့် ထွန်းနောင်လည်း“ငှက်ထီး”ဆိုသည့်နာမည်အား သူ့ဘာသာသူ စိတ်ကြိုက်ရွေးချယ်ကာ လက်ဝှေ့ပွဲတွင်ဝင်ထိုးသည်။
ပထမအချီစစဖွင့်ချင်းငှက်ထီးနဖူးကွဲသည် ။
“ဘာမထီဇာနည်ဖွားတဲ့ကွ” ဟုအော်ပြီးနဖူးထက်သွေးချင်းချင်းနီလျှက်အပြုံးမပျက်ပြန်ထွက်လာသည်။
ပွဲကြည့်ပရိတ်သတ်အပေါင်းက ဟေးကနဲအော်ကာသူ့သတ္တိကိုချီးကျူးကြသည်။
ဒုတိယအချီစစဖွင့်ချင်းငှက်ထီးရှေ့သွားနှစ်ချောင်းပြုတ်ပြန်သည် ။
“ဘာမရှီ ရှာနည်ဖွားတဲ့ကွ” ဟုအော်ပြီးပါးစပ်ကသွေးများယိုစီးလျှက်အပြုံးမပျက်ပြန်ထွက်လာသည်။
(ရှေ့သွားကျိုးသွားသဖြင့်အသံမပီခြင်းသာဖြစ်ပါသည်)
ပွဲကြည့်ပရိတ်သတ်အပေါင်းက ဟေးကနဲအော်ကာသူ့သတ္တိကိုချီးကျူးကြပြန်သည်။
တတိယအချီစမယ်လုပ်တော့ငှက်ထီးကိုရှာမတွေ့ကြတော့ ပျောက်ခြင်းမလှပျောက်နေလေပြီ ပွဲဒိုင်လူကြီးလည်းလော်စပီကာမှတစ်ဆင့် “ဘာမထီဇာနည်ဖွားငှက်ထီး ရောက်ရာအရပ်ကပြန်လာပါ”ဟုအော်ခေါ်ရ၏..
“ဘာမထီလား ဘာလားတော့မသိဘူးဗျ ကိုထွန်းနောင်တစ်ယောက်တော့အိမ်ပြန်ပြေးတာတွေ့လိုက်တယ်ဗျ”
ခုမှရွာထဲကလာခဲ့ပုံရသော နွားကျောင်းသားလေးတစ်ယောက်၏စကားကြောင့်လူတချို့လည်း ဘုရားဝင်း၏အနိမ့်ပိုင်းဘက်ကျသည့် သူတို့ရွာလမ်းမကြီးအားလှမ်းကြည့်လိုက်ကြရာ ဖုန်လုံးကြီးများတစ်ထောင်းထောင်းထလျှက် တန်းနေအောင်ထွက်ပြေးသွားသူ ဘာမရှီ ရှာနည်ဖွားအားတွေ့လိုက်ကြရာ လက်ညှိုးကြီးတစ်ထိုးထိုးဖြင့်ခွက်ထိုးခွက်လန်ရယ်ကြလေတော့သည်။
ထွန်းနောင်တို့ထိုးသည်မှာစိန်ခေါ်ပွဲ အထူးပွဲ ကျားပွဲမဟုတ်ပါ ကိုယ့်အလှည့်နှင့်ကိုယ်နားနားနေနေထိုးရသောရိုးရိုးပွဲသာဖြစ်ပါသည်
ယခုဖြစ်ရပ်များကိုနောင်မှကျနော်သိခဲ့ရခြင်းဖြစ်သည်)
……………….

…“အဲဒါနဲ့ တစ်နေ့ကျတော့ ငှက်ထီးနဲ့သူ့အဖေါ်တစ်ယောက်ဟိုဘက်ရွာကိုမြေပဲမျိုးတွေသွားယူတယ်ကွ
ပြန်လာတော့တော်တော်နောက်ကျနေပြီ လပြည့်ညလည်းဖြစ်ဆိုတော့ ပတ်ဝန်းကျင်ကနေ့ခင်းနဲ့မခြားလင်းချင်းနေတယ်ဆိုပဲ အဲဒါ ငါပြောတဲ့အရမ်းကြမ်းတယ်ဆိုတဲ့ တောစပ်နားလည်းရောက်ရော ငှက်ထီးကဗိုက်နာလာပြီး အလေးသွားချင်နေတယ် အဲဒါနဲ့အတူပါလာတဲ့သူ့သူငယ်ချင်းကိုစောင့်ခိုင်းပြီး သူကချုံပုတ်တစ်ခုထဲ ဝင်ပြီးသူ့ကိစ္စကိုရှင်းပါရော
ခဏနေကြာတော့ သူ့အနောက်ဘက်နားကနေခြိုးခြိုးချွတ်ချွတ်အသံကြားလို့လှည့်ကြည့်လိုက်တော့ သူနဲ့သိပ်မဝေးတဲ့ အနောက်ဘက်မြေကွက်လပ်ကြီးတစ်ခုမှာလူတစ်ယောက်ကိုတွေ့လိုက်ရတယ်တဲ့ ထူးခြားတာက အဲဒီလူက ကတုံးပြောင်ကြီးနဲ့ အကျီင်္လည်းမပါဘူး ခါးတောင်းကျိုက်ထားပြီး ကိုယ်လုံးကလည်း သာမန်လူတွေရဲ့နှစ်ဆလောက်ကြီးတယ်ဆိုပဲ သူ့ရှေ့မှာလည်းအရမ်းကြီးတဲ့ ရာဝင်စဥ့်အိုးကြီးတစ်လုံးရှိနေတယ် လရဲ့အလင်းနဲ့ အိုးထဲကဟာတွေကအရောင်ဖိတ်ဖိတ်တောက်နေတယ်
စိန်တွေ ပတ္တမြားတွေဖြစ်လိမ့်မယ်ထင်တာပဲတဲ့ ချုံပုတ်ထဲကသူ့ကိုတော့ အဲဒီကတုံးကြီးက မမြင်ဘူးဆိုပဲ


တစ်အောင့်လောက်ကြာတော့ ရာဝင်စဥ့်အိုးကြီးထမ်းလာတဲ့ အဝတ်ဗလာ ခေါင်းတောင်းကျိုက်ကြီးနဲ့ကတုံးကြီးတစ်ယောက်ထပ်ရောက်လာပြန်တယ် .. ။စဥ့်အိုးကြီးကိုအသာအယာချပြီး စောစောက ကတုံးကြီးလိုပဲ မလှုပ်မယှက်ရပ်နေပြန်တယ် နောက်ခဏကြာတော့နောက်ကတုံးကြီးတစ်ယာက်နဲ့ မိန်းမချောလေးတစ်ယောက် အားလုံးပေါင်းလေးယောက်ဖြစ်သွားတယ်”
“မိန်းမချောလေးလည်းခေါင်းတောင်းကျိုက်ထားတာပဲလား ဆံပင်မပါဘူးလား”
သိချင်စိတ်ဖြင့်ကျနော်မေးလိုက်မိသည်။
“နင့်ကြီးတော်ခါးတောင်းကျိုက်လား...ဆံပင်လည်းပါတာပေါ့ဟ အကျီင်္နဲ့ ထမီနဲ့ ရှင်းပလား
အိုးကလည်းသုံးလုံး အိုးထဲကအရောင်တွေကလည်းတစ်လက်လက်နဲ့
သူ့ကိုတော့လေးယောက်စလုံးမမြင်ကြဘူးဆိုပဲ လေးယောက်လည်းဖြစ်သွားရော ကတုံးကြီးတွေတစ်ယောက်လက်တစ်ယောက်ကိုင်ပြီးတော့စဥ့်အိုးသုံးလုံးကိုဝိုင်းပြီး သူတို့ရင်ဘတ်ကျယ်ကြီးတွေနဲ့အုပ်မိုးလိုက်ကြတယ် ပြီးလည်းပြီးရော ရုတ်ခနဲပျောက်ကုန်ရောတဲ့ကတုံးတွေရော အိုးတွေရောပဲ ဟို မိန်းမချောလေးရော ဘာဆိုဘာမှမရှိတော့ဘူး မြေကွက်လပ်ကြီးပဲကျန်ခဲ့တယ်
ငှက်ထီးဆိုအားကနဲအော်ပြီးရွာထဲတန်းပြေးတာ စိုက်ဖို့ယူလာတဲ့မျိုးတွေတောင်မသယ်နိုင်တော့ဘူး
သူ့သူငယ်ချင်းလည်း ဘုမသိ ဘမသိလိုက်ပြေးတာပေါ့ ငှက်ထီးလည်းသူတို့အိမ်ထဲရောက်မှ သူ့အဖြစ်ကိုသူပြန်သတိရတယ်”
“ဘာတဲ့လဲ”
“ကြောက်ကြောက်နဲ့ပြေးလာတာ ချီးကုန်းဖို့မေ့သွားတယ်လေ တစ်လမ်းလုံးနံဟောင်နေပါရောလားကွယ်”
ကျနော်တို့နှစ်ယောက်သားရယ်မိကြသည်။
ဒီလိုနဲ့စကားတွေဖေါင်အောင်ပြောပြီးလျှောက်လာလိုက်ကြရာ နေပင်အတော်စောင်းသွားပြီ လူလည်းတစ်ကိုယ်လုံးရိုက်ချေထားသလို နွမ်းနယ်နေလေပြီ တောစပ်တစ်ခုလွန်လာပြန်သည်...
“ဘာမှမပူနဲ့သားကြီး ဟိုမှာလေငါတို့ရွာ မြင်နေရပြီ”
ဝင်းကျော်၏စကားကြောင့်ကျနော်အလွန်အမင်းဝမ်းသာသွားသည်
သူညွှန်ရာသို့ကြည့်လိုက်တော့ ဟိုးမိုးကုပ်စက်ဝိုင်းကြီးအောက်က မှုံပျပျသာလှမ်းမြင်နေရသေးသည့်သူတို့ရွာငယ်လေး....
လွယ်လာသည့်အိတ်ကိုရော ထမ်းလာသည့်ဂစ်တာကိုပါ ဂလုံကနဲအသံမည်အောင်ကျနော်ပစ်ချလိုက်မိလေတော့သည်။
ငယ်ငယ်ကကြားဖူးသည့် ဟင်္သာတထွန်းရင်၏သီချင်းတစ်ပုဒ်ကိုလည်းနားထဲပြန်လည်ကြားယောင်လာသည်
…..သားမှားပြီ....မှားပြီ မေမေရဲ့……… ချစ်ဇောတွေကြွယ်........(ဆက်ရန် ....)

ခြောက်အိပ်မက်


သူငယ်ချင်းတွေနဲ့အတူအိမ်ငှားနေတုန်းကအဖြစ်အပျက်ပါ (၁၀)ထပ်ကွန်ဒိုမီနီယံရဲ့(၆)ထပ်မြောက်မှာနေဖို့အဆင်ပြေသွားတယ် ပြောင်းစရက်ကအခန်းရှင်းစရာရှိတာရှင်းပြီ မောမောနဲ့ပဲအိပ်ပျော်သွားတယ်...နိုးလာတော့ သူငယ်ချင်းတွေအားလုံးအလုပ်ဆင်း
သွားကြပြီ။ ရောက်စအခန်းကိုဟိုဒီလိုက်ကြည့်ရင်းနဲ့ ဧည့်ခန်းဘေးကမှန်ပြတင်းပေါက်တစ်ချပ်ကိုအမှတ်မထင်ဖွင့်ကြည့်
လိုက်တော့ ပြတင်းပေါက်တစ်ချပ်လုံးပြုတ်ကျသွားတယ်...တော်သေးတယ် လှမ်းဖမ်းလိုက်တာမိသွားလို့ မှန်တံခါးချပ်ကြီးက
ဘယ်လောက်လေးလဲဆို သူ့အလေးချိန်နဲ့လူတစ်ကိုယ်လုံးကြွပါသွားတယ်...အောက်ကိုငုံ့ကြည့်လိုက်တော့ လမ်းသွားလမ်းလာ
တွေကအများကြီး ကံကြီးပေလို့...ဒီမှန်အလေးချိန် ဒီတိုက်အမြင့်နဲ့ပြုတ်များ ပြုတ်ကျလိုက်လို့ကတော့ မတွေးဝံ့စရာ… မကောင်းသူထိပ် ကောင်းသူထိပ်တွေ “တိန်...တိန်”မြည်သွားပါလိမ့်မယ်။


သူငယ်ချင်းတွေပြန်လာတော့ အဲဒီအကြောင်းပြောပြပြီး အဲဒီပြတင်းတံခါးကိုလည်းအသေပိတ်လိုက်တယ်...ပတ္တာတွေဆွေး
ပြုတ်နေတဲ့ဒီတံခါးကို နောက်ထပ်ဘယ်တော့မှမဖွင့်ကြကြေး....တိုက်ကဆောက်တာဖြင့်မကြာလှသေးပေမယ့်စုတ်တာကဖြင့်ကြာလှနေပြီ။...
အိပ်ခန်းကသုံးခန်း ဧည့်ခန်းကတစ်ခန်း ရေချိုးခန်းအိမ်သာ သီးသန့်ဆိုတော့နေရတာအဆင်ပြေပါတယ်ပေါ့ သူငယ်ချင်းတွေနဲ့ကျွန်တော်နဲ့ကအလုပ်ချိန်မတူကြပါ သူတို့ကမနက်ဆယ်နာရီ
မှာအလုပ်ဆင်းကြပြီး ကျွန်တော်ကညနေပိုင်းသုံးနာရီမှအလုပ်စဆင်းပါတယ် ဒီလိုနဲ့နေလာလိုက်တာ တစ်ရက်မှာတော့ သူတို့အားလုံးအလုပ်ဆင်းသွားကြပြီး ကျွန်တော်တစ်ယောက်တည်းဆက်အိပ်နေခဲ့တဲ့အချိန်မှာ ဒီဇာတ်လမ်းစတာပါပဲ....။


ကျွန်တော့အကျင့်ကညဥ့်နက်မှအိပ်တတ်ပြီးနေစောင်းမှအိပ်ယာထပါတယ် ဆယ်နာရီမှာသူငယ်ချင်းတွေအလုပ်ဆင်းဖို့ပြင်ဆင်
တော့ကျွန်တော်အမြဲနိုးပါတယ်...တစ်ခန်းထဲနေသူငယ်ချင်းထွက်သွားပြီဆိုရင် အခန်းတံခါးကိုအသေဂျက်ထိုးပြီးမှပြန်အိပ်တတ်
ပါတယ်။ ကိုယ့်စိတ်ကြိုက်ပိုးစိုးပက်စက်အိပ်နေတာကို အခြားလူမြင်မှာမလိုလားပါ...ကြည့်၍လည်းကောင်းမည်မထင်ပါ. ကိုယ်ဘာသာကိုယ်အိပ်ချင်သလိုအိပ်နေတဲ့အချိန်မှာကိုယ်မသိလိုက်ဘဲတယောက်ယောက်က
ကြည့်ချင်သလိုကြည့်သွားခဲ့ရင်
်ကိုယ့်ဘက်က အလွန်နစ်နာသည်ဟုကျွန်တော်ထင်သည် ..ဒါက
ကျွန်တော့အကျင့် ။
ဒီလိုနဲ့ဆက်အိပ်နေလိုက်တာ....နားထဲမှာစကားပြောသံလိုလိုစကြားလာရတယ်....ကျွန်တော်တို့နေတဲ့
ဒီတိုက်ဟာ ဒီအချိန်ဆိုတိတ်ဆိတ်နေလေ့ရှိပါတယ်...အလုပ်သမားလူတန်းစားချည်းမို့အားလုံးအလုပ်ခွင်ထဲမှာပါပဲ..ဒီလိုနဲ့အသံ
ဟာ ဝေးရာကနေတဖြေးဖြေးနီးလာပါတယ် လူအစုလိုက်အပြုံလိုက်စကားပြောသံလို ပိုပြီးဆူညံလာပါတယ် အဲဒီအချိန်မှာပဲ..
ကျွန်တော့်အခန်းတံခါးဂျက်က “ချောက်”ကနဲမည်ပြီးတံခါးပွင့်သွားပါတယ်
ကျွန်တော် တော်တော်အံ့သြသွားပါတယ် ကျွန်တော့်
အခန်းကိုအပြင်ဘက်ကဘယ်နည်းနဲ့မှဖွင့်ဖို့မဖြစ်နိုင်ပါ.....အထဲမှာလည်းဘယ်သူမှရှိမနေပါ....ဒါပေမယ့်
အခုလက်ရှိအနေ
အထားက တံခါးကပွင့်နေပြီး အဆောက်အဦးအမြင့်တို့ရဲ့ ထုံးစံအတိုင်းပြင်ပလေတွေကတဟူးဟူးနဲ့တိုက်နေပါပြီ...အဲဒါနဲ့အံ့သြ
စိတ်နဲ့ထကြည့်မယ်အလုပ်မှာ ပြဿနာအကြီးအကျယ်တက်တော့တာပါပဲ....ဟုတ်ပါတယ်...ကျွန်တော်လုံးဝလှုပ်လို့မရပါ...
အသိစိတ်ကနိုးကြားနေပြီး လူကလုံးဝ လေးနေပါတော့တယ် တစ်ခါမှလည်းမကြုံဖူးတော့...အံ့လည်းအံ့သြနေပါတယ်...မျက်ခွံ
တွေလည်းအလွန်တစ်ရာလေးလံနေပါတယ်....မျက်လုံးကိုကြိုးစားဖွင့်ရတာပင်ပန်းလှပါတယ် တစ်ချက်တစ်ချက် မျက်ခွံအလှုပ်
မှာအခန်းကိုနေ့လည်ခင်းမြင်ကွင်းအတိုင်း ရိုးတိုးရိပ်တိတ်မြင်ရပါတယ်....ဘာမှရှိမနေပါ...ဒီလိုနဲ့တစ်ကိုယ်လုံးပြန်လေးကျသွား
ပြီး မျက်လုံးလည်းလုံးဝမဖွင့်နိုင်တော့ပါ...အားလုံးပြန်ပြီးမှောင်အတိကျသွားတယ် အမြင်အာရုံလုံးဝကွယ်ပျောက်သွားပေမယ့်
စိတ်ကတော့အခန်းရဲ့အနေအထားကိုသိမြင်နေပါတယ်။

အဲဒီအချိန်မှာ ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်
ရယ်ရယ်မောမောနဲ့စကားတွေဖေါင်အောင်ပြောပြီး အခန်းထဲဝင်လာပါတယ် အိပ်ပျော်နေတဲ့ကျွန်တော့်ဆီ တည့်တည့်ကြီး
လျှောက်လာနေပါတယ်။ ပြီးလည်းပြီးရော ကျွန်တော့်ခေါင်းအုံးကိုနှစ်ယောက်သားတက်နင်းပြီး ခေါင်းအုံးပေါ်မှာမတ်တတ်ရပ်
လိုက်ပါတယ်၊ ဘာစကားမှဆက်မပြောကြတော့ဘဲ တစ်ယောက်ခါးတစ်ယောက်ဖက်ပြီး သူတို့ခြေရင်းမှာအိပ်ပျော်နေတဲ့ ကျွန်တော့်ကို မျက်လုံးကြီးတွေပြူးပြဲ ပြီးစိမ်းစိမ်းကြီးစိုက်ကြည့်နေပါတော့တယ် မျက်လုံးကလေးပြီးဖွင့်လို့မရပါ စိတ်ထဲကသိနေ
မြင်နေခြင်းသာဖြစ်သည်၊ တစ်ခါတစ်ခါမှာအားစိုက်ပြီးမျက်လုံးကိုကြိုးစားဖွင့်ရင် ကျွန်တော့်အပေါ်မှာအုပ်မိုးနေတဲ့ မျက်နှာရိုးတိုး
ရိပ်တိတ်နဲ့ နက်မှောင်ရှည်လျှားပြီးစိုက်ကျနေတဲ့ဆံပင်တွေကိုသာမှုန်တိမှုန်ဝါးမြင်နေရပါတယ်။ မကြုံစဖူးတစ်ကိုယ်လုံးလည်း
အေးစက်နေပြီးကြက်သီးတွေလည်းတဖြန်းဖြန်းထနေတယ်၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးပဲဗျာ...အရေးကြုံတော့ဘာလုပ်လဲ ဘုရားတ တာပေါ့၊ အရေးထဲမှာတစ်သက်လုံးရွတ်လာတဲ့ သံဗုဒ္ဒေ ဂါထာကအခုမှလာမေ့နေတယ် ရွတ်မယ်လုပ်တိုင်း အစမေ့
လိုက် ခလယ်မေ့လိုက် အဆုံးပိတ်ကိုသတိမရလိုက်နဲ့ လုံးချာလည်လိုက်နေတော့တယ်....လူကလည်းဖတ်ဖတ်မောနေပြီ ငနဲမ
နှစ်ကောင်ကလည်းမီးပွင့်မတတ်မျက်လုံးတွေနဲ့ မလှုပ်မယှက်စိုက်ကြည့်နေတုန်း အဲဒီမှာ ကံကောင်းဖို့အကြောင်းဖန်လာတယ်
အလုပ်ဆင်းနေတဲ့ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကိုဖုန်းလှမ်းဆက်လိုက်တာပဲဖြစ်တယ်...


အဲဒီတုန်းက ကျွန်တော်သုံးတာ
Sony ericssonk750i အသံအရမ်းကျယ်တဲ့ဖုန်းပါ လူတော်တော်များများကအဲဒီဖုန်းသုံးရင် ringtone volumeကို၃အထိပဲထား
လေ့ရှိပါတယ် ပတ်ဝန်းကျင်ဆူလွန်းလို့ပါ ကျွန်တော်ကတော့ volume 8အထိ အကုန်တင်ထားပါတယ် နားလေးလို့တော့မဟုတ်
ပါ…အကြိုက်ဆုံးlinkin parkအဖွဲ့ရဲ့ somewhere I belongသီချင်းခေတ်စားစအချိန်မို့ အဲဒီသီချင်းကိုringtoneလုပ်ထားပြီး call
တစ်ခုခုရတိုင်းအဲဒီသီချင်းကိုကျယ်ကျယ်လောင်လောင်နဲ့ကြားချင်နေတဲ့ဝသီကြောင့်ပါ....သူငယ်ချင်းတွေတော့
မကြိုက်ကြပါ
အိပ်ပျော်နေတဲ့အချိန်ကျွန်တော့်ဖုန်းမည်လာရင်အားလုံးလန့်နိုးရလို့လေ။ ဒါဟာအလိုက်မသိမှုတစ်ခုပါ...အခုတော့အဲဒီအလိုက်
မသိမှုကပဲ ကံကောင်းဖို့အကြောင်းဖန်လာတယ်လို့ဆိုရမယ် တစ်ကယ်လိုလိုအိပ်မက်လိုလိုသရဲနဲ့လုံးပမ်းနေတုန်း အိပ်ယာဘေး
မှာချထားတဲ့ဖုန်းထဲကနေ chester benningtonရဲ့ I wanna hear,I wanna feel,like I close to something realဆိုတဲ့အသံ
ပြဲကြီးလည်းပေါ်လာရော စောစောကငနဲမနှစ်ကောင်ရော အသံဗလံတွေရော ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်
လူလည်းပဲ အိပ်ယာထက်ကနေငေါက်ကနဲထထိုင်မိရဲ့သား...လူတစ်ကိုယ်လုံးလည်းချွေးစေးတွေပြန်နေတယ် မောလိုက်တာလဲ
အလွန်ပဲ….ဒါနဲ့အခန်းတံခါးကိုလှမ်းကြည့်လိုက်တော့....

“ညတ်ချွာဖျား...အခန်းကပိတ်လျှက်ကြီးပါပဲလား” ဘယ်တံခါးမှလည်းပွင့်မနေပါ ဘယ်အပြင်လေကမှလည်းဝင်မလာပါ ခုမှပိုပြီးအိုက်စပ်နေတယ် ဝုန်းကနဲမတ်တတ်ထလိုက်တယ်
အိပ်ခဲ့တဲ့အိပ်ယာနဲ့ခေါင်းအုံးကို ပြန်ကြည့်မိတော့ကြက်သီးတွေပြန်ထလာတယ်...ဒုတိယအခေါက်ဖုန်းထပ်မည်တယ် စောစော
ကသူငယ်ချင်းပဲထပ်ဆက်တာ...ကောက်ကိုင်လိုက်ရော သူငယ်ချင်းက အပြင်မှာအမောဆို့နေတဲ့အသံနဲ့
“ဟေ့ကောင်…အိပ်ကောင်းတုန်းလား?” တဲ့
ကျွန်တော်ကလည်း “အေး ခုမှနိုးလာတာဟေ့” လို့ပြန်ဖြေတော့ငနဲက “ဒါဆို မင်းဘာမှ မကြားသေးဘူးပေါ့” ဆိုပြီးအမောတကောနဲ့စကားဆက်လာတယ်။ ဘာဖြစ်လို့လဲဟ? ကျွန်တော်ကစိတ်မရှည်တဲ့
အသံနဲ့ထပ်လည်းမေးလိုက်ရော “ငါတို့နေတဲ့တိုက်က အဖွားကြီးတစ်ယောက် တိုက်ပေါ်ကနေခုန်ချသတ်သေသွားလို့ဟေ့”
လို့အော်ပြီးဖုန်းချသွားတယ်။ ပေါသွပ်ကာတွန်းထဲကလို “မွေးမေလေ့”ဆိုပြီးအော်လိုက်ချင်တော့တယ်။ ခုပဲသရဲနဲ့တွေ့ပြီးနိုးလာ
တယ် နိုးနိုးချင်းပဲ ဒီအ မင်္ဂလာသတင်းထပ်ကြားရတယ်...


နောက်မှသိရတာက အဖွားကြီးကအသက်တော်တော်ကြီးနေပါပြီ တရုတ်လူမျိုးပါ သူ့အသက်အရွယ်နဲ့အလွန်ဆုံးနေရလှ လေးငါးနှစ်ပေါ့ သေချိန်ကိုစိတ်မရှည်နိုင်တော့လို့ပဲကိုယ့်ကိုကိုယ်သတ်သေလေရော့သလားတွေးမိတယ် ဒါမှမဟုတ် စိတ်များ
ဖေါက်ပြန်သွားတာလားပေါ့ တစ်ချို့ကပြောတော့ အကြွေးမဆပ်နိုင်လို့တဲ့ …သတ်သေပုံကိုလည်းကြည့်ပါဦး ပထမ ၂ထပ်တိုက်
ပေါ်ကနေခုန်ချတာ...အနည်းငယ်ပွန်းပဲ့သွားတာကလွဲလို့ဘာမှမဖြစ်ဘူး အဲဒါနဲ့ ဒုတိယအခေါ်က်ပြန်တက်လာပြီး ဟိုးတိုက်ထိပ်
ဆုံး ၁၀ထပ်အမြင့်ကိုတက်သွားတယ် အဲဒီကနေခုန်ချတော့မှ လူကကျိုးကြေပြီ အမှန်အကန် အသက်ထွက်သွားပါတော့တယ်
ကျွန်တော်တို့ဆီမှာကအဲလို ဖြစ်ပျက်တာကလူတွေ့ဖို့မလွယ်ပါ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြတဲ့လူတွေ အလုပ်မရှိ
ရင်လည်းကိုယ့်အခန်းနဲ့ကိုယ်နှပ်နေကြတာများပါတယ် ခန့်ထားတဲ့လုံခြုံရေးဂိတ်စောင့်တွေကလည်း အမြဲအိပ်ရေးပျက်နေတဲ့
ကုလားလူမျိုးတွေ ဘယ်အချိန်ကြည့်ကြည့် သူတို့မှာငိုက်နေတာချည်း ။
တိုက်အောက်ကိုငုံ့ကြည့်လိုက်တော့ လူတွေစုစု စုစုနဲ့စကားပြောနေကြတာတွေ့ရတယ် လုံခြုံရေးဂိတ်စောင့်တွေလည်း ခုမှပြူးပြူး ပြာပြာနဲ့ ဟိုပြေးဒီပြေး ဟိုမေးဒီမေးနဲ့ အလုပ်ရှုပ်နေပါတော့တယ် ဒီလိုအဖြစ်အပျက်မျိုးကြုံလာရတော့ ကျွန်တော်လည်းနေဖို့စိတ်မသန့်တော့ပါ ဟဲဟဲ..ဘာအသားနဲ့ထုထားတာမို့လို့လည်းဗျာ အခုလိုကြုံရတော့ ကြောက်သည်ပေါ့
ကြောက်တော့လည်းပြေးသည်ပေါ့ အဲဒါနဲ့ပဲ အိမ်ပြောင်းဖို့ဖြစ်လာတော့တယ်။ နေစရာအသစ်ပြန်ရပြီး မကြာဘူး နောက်ထပ်
သတင်းတစ်ခုထပ်ကြားရတယ် အဲဒီတိုက်က ကုလားလူမျိုးတစ်ယောက် ဧည့်ခန်းမျက်နှာကျက်ပန်ကာမှာ ကြိုးဆွဲချသေသွား
ပြန်ပြီတဲ့ ရှာကြီးတစ်လစ်နဲ့ပန်ကာမှာတန်းလန်းကြီးတွဲလောင်းကျသေနေတယ် အိမ်အမြန်ပြောင်းဖြစ်သွားတာပဲတော်တော့တယ်။ (တစ်ချို့ကပြောတော့ကျွန်တော်ကြုံခဲ့တဲ့အဖြစ်ဟာ ထမင်းလုံးတစ္ဆေခြောက်
တာတဲ့)ဒါပေမယ့်ခက်တာက အဲဒီအိပ်မက်လိုလိုတကယ်လိုလိုကတစ်ခါတည်းဖြစ်တာမဟုတ်ဘူး တစ်ပါတ်ကိုအနည်းဆုံး၅ရက်
လောက်ကိုဖြစ်နေတာ အဲဒီအိမ်စပြောင်းကတည်းကပါပဲ။ အရင်ခေါက်တွေကခုနောက်ဆုံးခေါက်လောက်ထင်ထင်ရှားရှားကြီး
မဟုတ်ဘူး ငါစိတ်ထင်လို့ဖြစ်မှာပါလေ ဆိုပြီးမေ့မေ့ပျောက်ပျောက်နေလိုက်တာပဲများတယ် ခုအခေါက်ကတော့ နေလည်းမနေ
နိုင် ခံလည်းမခံစားနိုင်တော့တဲ့အတွက် အမြန်လစ်ပြေးခဲ့ရပါကြောင်း.....။


(မဖတ်ရသေးဘူးထင်လို့ထပ်တင်လိုက်တာပါ ဒီဘလော့စစလုပ်ချင်းပထမဆုံးတင်ခဲ့တဲ့ပိုစ့်လေးပါ အဲဒီတုန်းကကျနော့်ဘလော့ကိုတစ်လနေလို့မှလူတစ်ယောက်လမ်းမှားပြီးတော့တောင်ရောက်မလာပါဘူး ဖတ်ဖူးတဲ့လူနည်းနေပါလိမ့်ဦးမယ် အပုံကတော့ ကျနော်အရမ်းကြိုက်ခဲ့တဲ့ PS 2ရဲ့Fatal Frame II: Crimson Butterflyကအခွေကာဗာအပုံကိုဆွဲချင်သလိုလျှောက်ပြန်ဆွဲထားတာပါ )

အနေအထိုင်မတတ်သူများ-၂


နက်ဖြန်မြန်မာပြည်ပြန်တော့မည့်သူငယ်ချင်းအား သွားနှုတ်ဆက်ရန်အတွက်ဤခရီးကိုထွက်လာရခြင်းဖြစ်သည်
ကျနော့်အကျင့်က public holiday လိုရက်မျိုးအပြင်ထွက်လေ့သိပ်မရှိ လူရှုပ်တာကိုမကြိုက်
ကားမှတ်တိုင်မှာထိုင်စောင့်ရင်းကားရောက်လာတော့မျှော်လင့်ထားသည့်အတိုင်းလူကပြည့်နေသည်
သို့သော် ကံကောင်းသည်ဟုဆိုရမည် နောက်ဆုံးခုံတန်းရဲ့အရှေ့ခုံမှာလူတစ်ယောက်စာလွတ်နေသည်
အမြန်ပဲသွားပြေးထိုင်လိုက်သည်။
“ဟူး”… သက်ပြင်းမောကြီးချရင်းတမျှော်တခေါ်သွားရမည့်သူငယ်ချင်းရှိသည့်နေရာကိုစိတ်နှင့်မှန်းရင်း
သူနှင့်ရင်းနှီးစကအဖြစ်အပျက်ကိုပြန်သတိရမိသည် ထိုစဉ်က သူသည် အသည်းပက်ပက်စက်စက်
ကွဲနေချိန်ဖြစ်သည် သိရသည်မှာသူသည်နိုင်ငံခြားစရောက်ကတည်းကအိမ်ကိုပိုက်ဆံအနည်းအကျဉ်းသာပို့ပြီး
ချစ်သူကောင်မလေးဆီသို့သာအိမ်ကမသိအောင်ပိုက်ဆံပို့လေ့ရှိသည်ဆို၏
နှစ်ယောက်တစ်အိပ်မက်စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခုကိုတည်ဆောက်ရင်းအပျော်ကြီးပျော်နေလေသည်
၂နှစ်ကျော်ကြာသောအခါဘယ်ကဘယ်လိုဖြစ်သွားသည်မသိ သူ့ကောင်မလေး လင်နောက်လိုက်ပြေးသည်
သူလည်းအသည်းဟက်တက်ကွဲလေသည်။
“မင်းစဉ်းစားကြည့်စမ်းသားကြီးရာ ငါ့မှာအသည်းလည်းကွဲသေး ပိုက်ဆံလည်းဆုံးသေး အိမ်ကအတင်းပေးစားလို့
မတတ်သာလို့ယူလိုက်ရပါတယ်ဆိုရင် ဘာပဲပြောပြောငါ့မှာအသည်းကွဲရတာသိက္ခာရှိသေးတယ် ခုဟာက ခိုးရာနောက်ကို
လိုက်ပြေးသွားတာတဲ့ အဲ့ထက်ဆိုးတာရှိသေးတယ် စောက်ကောင်မက လင်ရသွားတာတောင်ငါ့ဆီဖုန်းဆက်ပြီးပိုက်ဆံလှမ်း
ပို့ခိုင်းနေတုန်း”
“ဟေ..ဒီလိုကိစ္စမျိုးတွေရှိသလား”
ကျနော်ကတရုတ်ဇာတ်လမ်းတွဲထဲကသုခမိန်ကြီးပေါင်ချိန်၏လေသံဖြင့်တအံ့တသြပြန်မေးမိသည်။
“ရှိတယ်ဟေ့ ရှိတယ်…ကောင်းကြသေးရဲ့လားကွာ မင်းစဉ်းစားကြည့်စမ်း ငါဘာကောင်ဖြစ်နေတော့မလဲ”
“မင်းဘာကောင်မှမဖြစ်ဘူးသူငယ်ချင်း....မင်းနွားပဲဖြစ်တယ် “ဝပ်ထိန်း”လို့အော်ပြီးတွေ့ကရ နွားမတွေကိုလိုက်ခွေ့ပေတော့
အဲဒါနဲ့မလုံလောက်ရင် လမ်းဘေးသွားပြီးမြက်တွေထိုင်စားနေလိုက်ပေါ့ကွာ”
အသည်းကွဲနေပါတယ်ဆိုမှ ရင်ဝဖနှောင့်နဲ့ဆောင့်ကန်တာထက်ဆိုးသည့်ကျနော့်စကားကြောင့် ထိုသူငယ်ချင်းရှိုက်ကြီးတငင်
ငိုပါလေတော့သည် ကိုယ်နဲ့သက်တူရွယ်တူယောကျာင်္းတစ်ယောက် အချစ်အတွက်ဤကဲ့သို့တအိအိနှင့်ငိုနေသည်ကိုမျက်ဝါးထင်ထင်တွေ့မြင်ရသဖြင့်ပထမတော့
အလွန်စိတ်ညစ်သွားသည်
နောက်တော့ အမြင်ကပ်လာသည် နောက်တော့ ခဲနဲ့ကောက်ထုချင်စိတ်ပေါက်လာလေတော့သည်။
မိန်းကလေးတစ်ယောက်က တအိအိနှင့်ရှိုက်ငိုနေသည်ကိုမြင်ရလျှင် သနားမိမည်သာဖြစ်သည်
ထို့ထက်ပို၍ ချော့မိလျှင်လည်း ချော့မိပေလိမ့်မည် ထို့ထက် ထို့ထက်ပို၍ သနားသဖြင့် မတော်တဆ ချစ်မိလျှင်လည်း
ချစ်သွားနိုင်ပေသည် ယခုကဲ့သို့ ကိုယ်လိုထူထူထောင်ထောင်ယောကျာင်္းတစ်ယောက်ကဤသို့ငိုသည်ကိုမြင်ရလျှင်ဖြင့်
သားကြီးတို့ အားကြီးစိတ်ဆိုး၏ :P
တစ်ကယ်တွင်တော့ ပိဿာလေးဘေးပစ်သလိုကျနော့်စကားအားထိုသူငယ်ချင်းဗွေမယူခဲ့ပါ
နောက်ပိုင်း ကျနော်တို့နှစ်ယောက်အခင်ကြီးခင်ခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်တော့သည် ခုတော့သူကမြန်မာပြည်ပြန်တော့မည် ကျွန်ဇာတာကုန်ပြီထင်ပ...
ကျနော်သည်အတွေးရေအလျဉ်ထဲစီးမျောနေခိုက်....
“နင်သိထားဖို့က ယောကျာင်္းဆိုတဲ့အကောင်တွေက နှာဘူးချည်းပဲဟဲ့ရွေစင်ရဲ့”
ကျနော့်ထိုင်ခုံအနောက်ဘက်ကနေဗမာလိုပီပီသသကျယ်ကျယ်လောင်လောင်ကြီးထွက်ပေါ်လာသည့်အသံကြောင့်
ကျနော့်ခေါင်းမွေးများပင်ထောင်တက်သွားသည်။ Tom & Jerryကာတွန်းကားတွေထဲကလိုသာဆိုရင် ကျနော်သည်
“တိန်”ကနဲအသံမည်ပြီး ခေါင်းက ပုတ်လောက်ဖြစ်သွားမည်ဖြစ်သည်။
ကြမ်းလှချည်လားဟ..သိချင်စိတ်ကြောင့်ကျနော်လှည့်ကြည့်လိုက်မိရာ စောစောကအသံရှင်ဟုယူဆရသော အသက်သုံးဆယ်ဝန်းကျင်အမျိုးသမီးတစ်ယောက်နှင့်မျက်နှာချင်းဆုံသည် ၎င်း၏ဘေးတွင်သူ့ညီမဖြစ်ဟန်တူသောကောင်မလေးတစ်ယောက် ညီမဟုယူဆရခြင်းမှာမျက်နှာချင်းဆင်ကြ၍ဖြစ်သည်
ရုပ်ကသူလိုကိုယ်လိုထဲက ဘာကြောင့်မသိ နှစ်ယောက်စလုံးသုန်မှုံနေကြသည်။
“စောက်တရုတ်ကောင် ဘာလှည့်ကြည့်တာလဲ”
ဟိုက်…ပြဿနာပဲ..နေရင်းထိုင်ရင်းကိုယ့်ဘက်လှည့်လာပြီ ကျနော်လည်းမျက်နှာအမြန်ပြန်လွှဲလိုက်ရသည်
ကျနော့်ကိုမြန်မာတစ်ယောက်ဟုထင်ကြပုံမရ နားလည်မယ်မဟုတ်ဟုယူဆပြီးတွယ်လွှတ်လိုက်ခြင်းဖြစ်သည်
“ငါမပြောလိုက်ချင်ဘူး နင့်အကောင်ကဘာစောက်ဖြစ်ရှိလဲ လက်ကြောမတင်းလို့ဟိုသူဋ္ဌေးကဖြုတ် ဒီသဋ္ဌေးကဖြုတ်နဲ့
ခုလည်းသူ့သူငယ်ချင်းတွေဆီမှာဂိန်နေတယ် နင်မို့လို့ဒီလိုအကောင်ကိုကြိုက်ရတယ်လို့အေ အမေမွေးထားတဲ့သမီးတွေထဲမှာနင်ဟာစောက်သုံးမကျဆုံး”
ကားပေါ်တွင်မြန်မာလူမျိုးတစ်ယောက်မှပါလိမ့်မယ်မဟုတ်ဟုယူဆသဖြင့်ယခုကဲ့သို့
အော်ကြီးဟစ်ကျယ်ဖြစ်နေခြင်းဖြစ်မည်
ဒေါသလည်းအလွန်ထွက်နေပုံရသည်။
“အမကလည်း သူကစိတ်ရင်းကောင်းပါတယ် ညီမကိုလည်းသစ္စာရှိတယ် ကြင်နာတယ်”
“ကြင်နာတယ်ဟုတ်လား သူကြင်နာတော့နင်ဖင်နာပြီပေါ့ မိန်းကလေးဆိုတာတန်ဖိုးရှိရတယ်ဟဲ့
နင့်အကောင်သစ္စာကဘာလုပ်စားလို့ရလဲ
????နေရုံနဲ့ပြီးရောလား အဲလိုပဲလွယ်လား အလကားရလား ပေးရသေးတယ်ကမ်းရသေးတယ်ဟဲ့”
“အစ်မကလည်းသူအလုပ်အဆင်မပြေသေးလို့ပါ ဒါတောင်အလုပ်မရှိတဲ့ကြားက ညီမဖုန်းထဲကိုပိုက်ဆံထည့်ပေးသေးတယ်”
“ဘာရယ် ဖုန်းထဲပိုက်ဆံတစ်ဆယ်ထည့်ပေးတာကိုပြောဦးမလို့လား အောင်မယ်လေးမိရွေစင်ရယ် နင့်အမေပေးထားတဲ့???က
တစ်ဆယ်ပဲတန်သလား နင်မို့လို့ဒီလိုအကောင်မက်တယ် နှာခေါင်းကလည်းကြီးလိုက်တာ နှာဘူးလို့မပြောရဘူး ”
ဟိုက်…သွားပြီ သွားပြီ..အခြေအနေတွေဆိုးသထက်ဆိုးနေပြီ ထိုင်ခုံတစ်ခုသာခြားသဖြင့်အသံတွေက မကြားချင်မှအဆုံး
ဒီနေ့မှhand-freeလည်းယူမလာမိ မဟုတ်ရင် နားကြပ်လေးတပ်ပြီးသီချင်းသံတွေနဲ့အနောက်ကအသံကိုဥပေက္ခာပြုနေလိုက်လို့ရသည်။ ခုတော့…
ဖြစ်နိုင်ရင်ဖဝါးနဲ့သာနာလိုက်ချင်သည် ခက်တာကဖဝါးတွင်နားကမပါ ထို့ကြောင့် နာလက်စနားနဲ့ပဲဆက်နာနေလိုက်ရသည်။
“အစ်မကခုတော့ပြောပြီပေါ့ အရင်ကိုအောင်ကြီးနဲ့အစ်မလိုက်ပြေးတုန်းကရော ဟိုကမွဲလိုက်သမှဖွတ်ကတောင်ဘကြီးခေါ်ရမယ် ရုပ်ကလည်းရပ်ကွက်ထဲထီးစုတ်လိုက်ဝယ်တဲ့ကုလားကြီးလောက်တောင်မသားနားဘူး အိမ်ကမရမကပြန်ခွဲပြီး အခုထုံထုံအအ ကိုမျိုးနဲ့ပေးစားလိုက်လို့သာအစ်မခုလိုနေနေရတာမဟုတ်လား”
အင်း…ငယ်ကျိုးငယ်နာတွေလည်းပေါ်ပြန်ပြီ။
“ဟဲ့ကောင်မ နင်နောက်တစ်ခါဒီစကားပြော ကိုမျိုးသိသွားရင် နင့်ကိုငါအသတ်ပဲ”
“အဲဒါဆိုညီမကိုလည်းမချုပ်ချယ်နဲ့ပေါ့”
“ဟာ….ဒီကောင်မ ငါလေ..တယ်…ဒီမှာငါပြောမယ်မိရွေဇင်ရဲ့ နင့်ရဲ့…..????????????????????????????
????????????????????????????????????????????????????????????????????
?????????????????
??????????????????????????????????????????????????????????????????
?????????????????”
(နောက်ပိုင်းစကားများသည် အသက်၁၈နှစ်အောက်နှင့်အထက်နားထောင်ရန်မသင့်တော်ဟုယူဆသဖြင့်
ဘလော့ရေးသူသည် ဆင်ဆာဖြတ်လိုက်ရလေသည်)
အရေးထဲ ဖုန်းကcallလာသဖြင့်လန့်သွားသည် တော်သေးတယ် ခေါ်တဲ့လူကအလွန်းဆိုတဲ့တရုတ်သူငယ်ချင်း
Residend evilအခွေသစ်ထွက်ရင်ဝယ်လာရန်လှမ်းမှာခြင်းဖြစ်သည် ကံကောင်းသဖြင့်ဖုန်းringtoneကမြန်မာသီချင်းကိုမနေ့ကမှတရုတ်သီချင်းတစ်ပုဒ်နှင့်လဲထားမိသည် မြန်မာသီချင်းနဲ့ဖုန်းလာရင်ဟိုကသိတော့မည်
ကျနော်ကကွိုင်မရှိ သူတို့ကနေရင်းထိုင်ရင်းအရှက်ကွဲမည်ဖြစ်သည်
နောက်ထပ်မြန်မာသူငယ်ချင်းတွေဆီကဖုန်းလာရင်မကိုင်ဖို့လည်းဆုံးဖြတ်လိုက်သည်။ မှတ်တိုင်တွေတစ်ခုပြီးတစ်ခုသာ
ကျော်သွားသည် လူကလျှော့မသွား နေရာပြောင်းဖို့လည်းခက်ပြန်လေသည် ထို့ကြောင့်အနောက်မှ ငယ်ကျိုးငယ်နာဖေါ်နေကြသောညီအစ်မနှစ်ဦး၏စကားသံကား
တဂျိမ်းဂျိမ်းနှင့်မကြားချင်မှအဆုံး.....
ကျနော်စိတ်ကူးထားတာကရိုးရိုးလေး မသိသလိုနေလိုက်မည် ခရီးဆုံးမှတ်တိုင်ရောက်တော့မသိသလိုဆင်းသွားမည်
ဒါပဲဖြစ်သည် သူတို့စကားသံများကိုဥပေက္ခာပြုပြီး ကားမှန်ပြတင်းမှတစ်ဆင့်အပြင်ကိုသာအာရုံစိုက်ငေးမောနေလိုက်သည်
မှတ်တိုင်တစ်ခုထပ်ရောက်ပြန်သည် ထုံးစံအတိုင်းဆင်းတဲ့လူကဆင်းသွားကြဆဲ တက်တဲ့လူကတက်လာကြဆဲ နေရာတွေကကြပ်ညှပ်နေဆဲ ကျနော်ကလည်း အကြည့်ကိုကားမှန်ပြတင်းပေါက်အပြင်ကိုထုတ်လွှတ်ထားဆဲ
…ထိုစဉ်အခိုက်...
“ဟေ့ရောင်သားကြီး အသက်ရှင်လျှက်တွေ့ရဝမ်းသာတယ်ကွာ ငါကမင်းရှောရှာပြီထင်နေတာ”
အလွန်ကျယ်လောင်သည့်စကားသံနှင့်အတူပခုံးကိုလှမ်းပုတ်လိုက်သူကြောင့်မော့ကြည့်မိရာ DJသဘောင်္သီးဖြစ်နေသည်။
စောစောကမှတ်တိုင်ကနေကားပေါ်တက်လာပုံရသည် သွားကုန်ပြီဟုကျနော်သိလိုက်သည် မဟာအရှက်တွေကွဲကြကုန်ပြီဟုလည်းကျနော်သိလိုက်သည်
သဘောင်္သီးကားအသံကျယ်ကျယ်ပြောတတ်သည့်သူ့ဝသီအတိုင်းကျနော့်ခုံဘေးမှရပ်လျှက်...
“ဘယ်သွားမလို့လဲ”
“ဟိုကောင်ပြန်တော့မယ်လေ”
“ဝက်ရူးလားပြန်မှာ”
“ဟာ…စကားအကောင်းပြောနေတာ... ခုအိမ်ပြန်လက်ဆောင်လေးပေးပြီးသွားနှုတ်ဆက်မလို့”
“အေး…ကောင်းသား..ငါလည်းသော့တစ်ချောင်းသွားပေးဦးမယ် လည်ပင်းမှာချိတ်ထားဖို့”
စကားအကောင်းပြော၍ရသူမဟုတ်သဖြင့်ကျနော်လည်းဘာမှပြန်ပြောမနေတော့... သဘောင်္ာသီးကဆက်လာသည်
“ဒါနဲ့မင်းကိုပြောရဦးမယ်... ဟိုကောင်တွေစက်ရုံက သူဋ္ဌေးနဲ့ စာရေးမနဲ့ငြိကြတာလေ...အဲဒီနေ့ငါတို့အခန်းအပေါ်ကနေချောင်း......”
“ရှုး”
ပါးစပ်ပိတ်ရန်ကျနော်ကအချက်ပြလိုက်ပြီးနောက်ဘက်သို့မျက်စပစ်ပြလိုက်သည်
ထိုအခါဓါတ်ပေါက်သွားသောသဘောင်္သီးက ကျနော့်နားသို့တိုးတိုးလေးကပ်ပြီး
“ရွေမတွေလား”
“အေး”
ကျနော်ကပြောလည်းပြော ကားမှန်အရိပ်မှတစ်ဆင့်ထိုညီအစ်မအားမသိမသာအကဲခတ်ကြည့်လိုက်ရာ အသံများတိတ်ဆိတ်လျှက် မျက်နှာကိုယ်စီလည်းဆီးရွက်ပမာသာရှိကြတော့သည်ကိုတွေ့လိုက်ရလေတော့သတည်း ။ ။

(မှက်ချတ်=နာမည်အမှန်မဟုတ်ပါ နာမည်အမှားဖြစ်ပါသည်)

ပန်းခေတ်ကလမင်း


ငါ့ကောင်းကင်မှာ နက္ခတ်တွေ ကြမ်းပြီး
ငါ့လမ်းက တောင်ပြိုနေတယ်။

ငါ့နောက်ကို ဘယ်သူမှ မလိုက်နဲ့
ဖြစ်နိုင်ရင်...
ငါ့အရိပ်ကတောင် ငါ့နောက်ကို မလိုက်နဲ့။
(တာရာမင်းဝေ)

ပန်းခေတ်ကလမင်း


ငါကတော့မြက်ဖိနပ်နဲ့
ဒါပေမယ့်
မြင်းမိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ။
(တာရာမင်းဝေ)

အနေအထိုင်မတတ်သူများ-၁


“ငတွ”သည်လူပျိုစစ်စစ်ဖြစ်ပြီး “သင်္ဘောသီး”သည်လူပြိုစစ်စစ်ဖြစ်သည် ထို့ကြောင့်၎င်းတို့နှစ်ဦးသည်
ခြေနှစ်ချောင်းကြားအမြီးပေါက်ပြီး ပခုံးနှစ်ဖက်ကြားဦးခေါင်းကိုယ်စီရှိကြတာချင်းတူသော်လည်း
ဝါ” အရာ၌အလွန့်အလွန်ကွာခြားကြလေသည် (အမြီးပေါက်သည်ဆိုသဖြင့် မျောက်ဟုယူဆလိုကယူဆနိုင်သည်
နွားဟုယူဆလိုကလည်းယူဆနိုင်သေးသည် လုံးဝလုံးဝကွိုင်မရှိ ဤကားစကားချပ်)
သင်္ဘောသီးကိုတက္ကသိုလ်တစ်ခုကပါမောက္ခကြီးတစ်ဦးဟုဆိုပါစို့
ငတွသည် ခုမှ မူကြိုတန်းပင်မအောင်ရှာသေးသည့်ပီဘိကလေးငယ်သာဖြစ်ချိမ့်တော့မည်။
ယခုကိစ္စသည် ၎င်းတို့နှစ်ဦးသား မြို့ထဲသွားပြီးခြေများကြရာမှ ခြေချည်းမများဘဲ ပါးစပ်ပါများလာသဖြင့်
ကွိုင်တက်လာရခြင်းဖြစ်သည်။
ဇာတ်ရည်လည်အောင်ရှင်းရလျှင်သူတို့နာမည်ကစရှင်းရမည်ဖြစ်သည်
ငတွဆိုသူ၏နာမည်အရင်းမှာ“ကျော်စွာ”ဖြစ်သည် သို့သော်..သူ့ပါမစ်စာအုပ်တွင်ရေးထားသည့်“ကျော်စွာ”ဆိုသည့်နာမည်တွင် “စွာ”ဆိုသည့်အလုံး
ကအလွန်သော့ပြီး ဖြစ်ကတတ်ဆန်းရေးထားသည့်လက်ရေးကြောင့်စလုံးဝဆွဲရေးချနှင့်မတူဘဲ တဝမ်းပူဝဆွဲနှင့်
တူနေသဖြင့် အစက “ကျော်တွ”ဟုပြောင်ခေါ်ကြသည် နောက်ပိုင်းငတွဟူ၍ဖြစ်သွားသည်
ယုံချင်ယုံမယုံချင်နေ“သင်္ဘောသီး”ဆိုသူသည် အရင်ကKLက DJဟုသိရသည်
ဘယ်ပုံဘယ်နည်းဒီဂျေဖြစ်လာမှန်းမသိသော်လည်း ဒီဂျေဘဝတွင် ဒီဂျေမပွတ်ဘဲ ဖင်ချည်းလိုက်ပွတ်သဖြင့် ကွိုင်လောင်ပြီးလှိမ့်လာရသူဖြစ်သည် သူသည်စကားကိုတရစပ်မနားတမ်းပြောနိုင်သူဖြစ်သည်။
rapperလုပ်စားမည်ဆိုက ပေါက်ဦးမည့်ပါးစပ်မျိုးပင်။ ထူးဆန်းတာကသူ့နာမည်အရင်းကိုဘယ်သူမှမသိကြ
ဘယ်သူမှလည်းစိတ်မဝင်စားသဖြင့်အရေးတယူလုပ်ပြီးလည်းနာမည်ကိုမေးမနေကြတော့ သူများခေါ်သလို“သင်္ဘောသီး”
ဟုသာခေါ်ကြကုန်သည်။
အလုပ်ပိတ်သည့်တစ်ရက်တွင်ငတွနှင့်သင်္ဘောသီးတို့နှစ်ယောက်သားမြို့ထဲသို့ရထားစီးပြီးသွားကြသည်
ရထားပေါ်မှာထိုင်နေရင်း ဘူတာတစ်ခုခုရောက်တိုင်းဆင်းလိုက်တက်လိုက်လုပ်နေကြသူခရီးသည်များအား
မျက်စိအရသာခံကြည့်ကာ ဒါကဒီလိုလေးရှိတယ် ဟိုက ဟိုလိုလေးရှိတယ်ဆိုပြီး ငတွအားတစ်လမ်းလုံး
တရားဟောလာသည်ဆို၏
(အသက်၁၆နှင့်၄၀အကြားခရီးသည်“အမ”များကိုဆိုလိုသည် “အထီး”များကိုတော့ sorry!! ဤကားစကားချပ်)
ငတွလည်းပညာရသည်ဟုဆိုကာတစ်လမ်းလုံးခေါင်းတစ်ညိတ်ညိတ်နှင့်စိတ်ဝင်တစားနားထောင်လာသည်
မြို့ထဲရောက်တော့လမ်းလျှောက်ကြရင်းနဲ့လည်းငတွအားပညာအမွေပေးနေပြန်သည်
“မိန်းမအမျိုးလေးမျိုးရှိတယ်ကွ ပထမအမျိုးက “ပဒုမ္မနီ”လို့ခေါ်တဲ့ကိုယ်ကကြာညိုရနံ့သင်းတဲ့အမျိုး
ဒုတိယက “သင်္ခနီ”တဲ့ကိုယ်ကနေငရုတ်ပန်းနံ့ထွက်တယ်”
“စိတ်ဝင်စားဖို့ကောင်းလိုက်တာဗျာ”
ငတွကားတွံတွေးကိုဂလုကနဲအသံမည်အောင်မျိုချရင်းပြောသည်။
“နောက်ပြီး စိတြနီဆိုတဲ့အမျိုး သူ့ကိုယ်ကနေကျင်ငယ်နံ့ထွက်တယ်”
“ဗျာ…ဘယ်လိုဖြစ်တာတုန်း နေ့ရောညရောအဲဒီကျင်ငယ်နံ့ကသူ့ကိုယ်ကနေထွက်နေတာလား အိပ်ယာကထထချင်း
ထွက်တာလား?
အိပ်ပျော်နေရင်းသေးပေါက်ချတဲ့အကျင့်ရှိပြီးရေချိုးပျင်းတဲ့မိန်းမမျိုးကိုပြောတာဖြစ်မယ်”
“မင်းလျှာမရှည်နဲ့ ငါဆက်ပြောမယ် နောက်ဆုံးတစ်မျိုးက“ဟတ္တိနီ”လို့ခေါ်တယ် ညှီနံ့ထွက်တဲ့အမျိုးကွ”
“ဟောဗျာ…ဒါဆိုရင်မိန်းမလေးမျိုးမှာတောင်တစ်မျိုးပဲအကောင်းရှိမှာပေါ့နော် ဟို..ကြာညိုနံ့ထွက်တယ်ဆိုတဲ့အမျိုးလေ
ငရုတ်ပန်းနံ့လည်းမကောင်းလောက်ဘူးဗျ စပ်လိမ့်မယ်ထင်တယ်”
ငတွသည်တွေးတွေးဆဆဖြင့်ပြန်ပြောရင်းမိန်းမကျမ်းကျေသူသင်္ဘောသီးအားလည်းအလွန်အမင်း
ကြည်ညိုသည့်စိတ်ပေါက်လာမိတော့သည်။
ထိုစဉ်အခိုက်ဝယ်သူတို့ရှေ့သို့မိန်းမပျိုလေးတစ်ဦးခပ်သော့သော့လျှောက်သွားသည် ငတွလည်းအမှီခပ်သော့သော့
လိုက်လျှောက်ရင်း ဆရာ့စကားကိုလက်တွေ့စမ်းသည့်အနေဖြင့် နှာခေါင်းကနေပွစိပွစိလုပ်ပြီးအနံ့ခံကြည့်နေသည်
ထို့နောက်အံ့သြတွေဝေသည့်စိတ်အစုံဖြင့်သဘောင်္သီးဘက်လှည့်ပြီး
“ဒါကရော ဘာအမျိုးဖြစ်လိမ့်မယ်မသိဘူး”
“ဘာအနံ့ရလို့လဲ”
“ရေမွှေးနံ့ဗျ”
“ဟေ…အဲဒါတော့ငါလည်းမပြောတတ်ဘူး ကျမ်းစာမှာတော့ရေမွှေးနံ့အကြောင်းမပါဘူးကွ...ဒါပေမယ့်ငါ့အတွေ့အကြုံအရငါပြောလိုက်မယ် ခုကောင်မလေးကကိုယ်လုံးကျစ်တယ် အသားလေးညိုတယ်
လမ်းလျှောက်တာကိုကြည့် တုံတုံချန်းဖြစ်နေတယ်”
“ဘာလဲဗျ တုံတုံချန်း”
“လျှာမရှည်နဲ့ နောက်မှပြောပြမယ် ဆိုတော့ကာ…ဒီလိုမိန်းကလေးမျိုးရဲ့...@@#%^% ဟာ…^^%$$%လေးနေလိမ့်မယ်ကွ
သူတို့ရဲ့အဓိက@@##%%ဟာ#%^&^$ပေါ်မှာမူတည်တယ် ဒါပေမယ့်သူတို့ရဲ့&(&%%$#ဟာ%^$$
လိုဖြစ်နေတာကိုထောက်ပြီး အပွင့်လင်းဆုံးပြောရမယ်ဆိုရင်တော့
ဒီလိုမိန်းကလေးမျိုးဟာ^^%&^%%^#@@ထဲကပဲလို့ငါသေသေချာချာပြောနိုင်တယ်ကွာ”(ဘလော့ရေးသူသည်ထိုဘာသာစကားများကို
ိုနားမလည်သဖြင့်စာမျက်နှာထက်ရေးပြရန်မဖြစ်နိုင်ပေ ဤကားစကားပြား)
“အောင်မယ်လေးဗျာ...သေချာလှချည်လား”
ငတွသည်အလွန်ရွန်းတောက်သည့်မျက်လုံးအစုံဖြင့်ဆရာသင်္ဘောသီးအားလေးစားကြည်ညိုစွာကြည့်လျှက်
ထွက်ကျလာသည့်သွားရည်အားသုတ်ရန်သတိမရတော့ပေ
“သေချာတယ်ဆိုငါဆိုတဲ့ဆ... ..!!!” “ဝှီးးးးး….!!!!”
မမျှော်လင့်သောအဖြစ်အပျက်ဖြစ်သည် ဆရာကြီးစကားပင်မဆုံးလိုက် အလွန်ပြင်းထန်သည့်လေ၏အဟုန်ဖြင့်
လက်ဝါးတဖက်သည်ဆရာသင်္ဘောသီး၏ပါးပေါ်သို့ဝဲကျလာရာ သိုင်းပညာသုံးပြီးအလျှင်အမြန်ရှောင်တိမ်းလိုက်ရသည်
ပစ်မှတ်ကိုမထိသဖြင့်ဟန်ချက်လွဲသွားသောလက်ဝါးပိုင်ရှင်ကားသူတို့ယခုပျစ်ပျစ်နှစ်နှစ်ဝေဖန်
နေသည့်မိန်းမပျိုပင်ဖြစ်တော့သည်။ ရှေ့ကနေသွားနေရာမှဘယ်ကဘယ်လိုလှည့်လာသည်မသိ စကားကောင်းနေလိုက်သဖြင့်ဆရာတပည့်နှစ်ဦးလည်းရုတ်တစ်ရက်သတိမထားလိုက်မိ
“ရှင်တို့တော်တော်မိုက်ရိုင်းပါလား တော်တော်အောက်တန်းကျပါလား..ဘယ်လိုကလေကချေတွေလဲ ရှင်တို့နှမကိုရှင်တို့ဒီလိုပြန်ပြောပါလား...ရုပ်ကိုကကြက်သရေမရှိဘူး နှာဘူးတွေ”
မြန်မာလိုပီပီသသကြီးရန်တွေ့လိုက်သံကြောင့်အမှားကြီးမှားချေပြီဟုငတွသိလိုက်သည်
ကောင်မလေးရုပ်ကဗမာဟုမထင်ရ မလေးမလိုလို အင်ဒိုမလိုလိုဖြစ်နေသဖြင့် ရှေ့တွင်ထားပြီးပယ်ပယ်နယ်နယ်
ကျယ်ကျယ်လောင်လောင်ဝေဖန်မိခြင်းဖြစ်သည် ခုတော့အရှက်ကွဲပြီ ဆရာသမားသင်္ဘောသီးအားလှမ်းကြည့်လိုက်တော့စောစောကနေရာတွင်ရှိမနေတော့ လမ်းတစ်ဖက်သို့လေ၏လျှင်မြန်ခြင်းမျိုးဖြင့်ကူးသွားချေပြီ ငတွမှာတစ်ယောက်တည်းကျန်နေရင်း
မိန်းမပျိုလေးအားရယ်ပြရမလို ငိုပြရမလိုဖြစ်နေကာ
နောက်ဆုံးဘယ်လိုလုပ်ပြရမယ်မှန်းမသိတော့သဖြင့် ဆရာ့နောက်ကိုဖနှောင့်နှင့်တင်ပါးတစ်သားတည်းကျအောင်ပြေးလိုက်လေတော့သည်
ကောင်မလေးကားစွေ့စွေ့ခုန်လျှက်ကျန်ရစ်သည်(တစ်ကယ်ထမခုန်ပါ ဤကားစကားချပ်)
“ကို့ဆရာဗျာ မြန်မာလူမျိုးအချင်းချင်းတောင်မသိတော့ဘူးလား ဒီလောက်အသံအကျယ်ကြီးနဲ့
ဝေဖန်နေတာ ဟိုကပေါက်ပြီပေါ့”
အနားရောက်လာတော့ အသက်ရှုသံဟောဟဲလှိုက်နေရင်းမှငတွကဆရာသင်္ဘောသီးအားအပြစ်တင်စကားဆိုသည်
ဤတွင်…စုံတောက်ကြီးဦးရှံစားမဟုတ်သော်လည်း ဆရာလုပ်သူကအောက်ပါတစ်ခွန်းတည်းသော
စကားကိုပြန်ပြောလေသည်.....
“မှားတဲ့အခါလည်းမှားပေမပေါ့ငါ့ညီ”

အဖေအရင်းခေါက်ခေါက်အကြောင်း


အဖေများနေ့မှာ...
ဟိုးလွန်လေပြီးသောအချိန်ကအဖေများနေ့တစ်နေ့ကိုသွားသတိရမိတယ်
အဲဒီနေ့မှာအဖေ့အလုပ်ထဲကိုကိုကျနော်ရောက်သွားတယ်။ ပိုက်ဆံချေးဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့ပါ (ပိုက်ဆံချေးတယ်ဆိုတာလူကြားကောင်းအောင်လျှောက်ပြောတာပါ
တစ်ကယ်တော့ ပိုက်ဆံအလကားသွားယူတာပါ)
ကျနော့်ကိုလည်းတွေ့ရောကျနော့်အဖေက “happy fathers day”ဆိုပြီးလှမ်းနှုတ်ဆက်တော့
ကျနော်ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး။
နောက်ပြီးအဖေကျနော့်ကို Carlsberg တစ်ဗူးလက်ဆောင်ပေးတယ် အဖေများနေ့အထိမ်းအမှတ်ဆိုပြီးတော့
ကြောင်တောင်တောင်နဲ့အဖေပေးတဲ့ဘီယာဗူးကိုယူပြီး
ကျနော်ဘာပြန်ပြောရမှန်းမသိဘူး
“သောက်ငါ့သားရေသောက် အဖေများနေ့လေကွာ”
ကျနော်ဘာပြန်ပြောရမှန်းမသိဘူး
ကျနော်ဘာဆိုဘာပြန်ပြောရမှန်းကိုမသိတော့ဘူး
Carlsberg တစ်ဗူးကိုကျနော်တစ်ကျိုက်တည်းမော့သောက်လိုက်တော့အဖေမျက်လုံးပြူးသွားတယ်
ပြီးတော့အံ့သြတဲ့စိတ်နဲ့..
“မြန်လှချည်လားကွာ မော့ပလိုက်တာ...မမူးဘူးလား...အဖေဆိုအဲဒီတစ်ဗူးတောင်မူးတယ်ကွ”တဲ့
“ကျနော်ဘာမှမဖြစ်ဘူးအဖေ”ဆိုတော့...
“ဟေ…မင်းကအသောက်ဘက်မှာဆရာကြီးလား? ကြည့်လည်းလုပ်ဦး မင်းအမေသိသွားလို့
နေရင်းထိုင်ရင်းအိမ်ပေါ်ကနေဆင်းနေရဦးမယ်ကွဲ့”
“ရပါတယ် ကျနော်ဆင်ခြင်ပါ့မယ် ခုလောလောဆယ်တော့…ကျ..ကျ.နော်ပိုက်ဆံ...အသုံး...”
“အေး..အေး..သိတယ်သားကြီးရေ..ရော့ယူသွား”
ကျနော့်အထာကိုနောကြေနေတဲ့အဖေကပိုက်ဆံချက်ချင်းထုတ်ပေးတယ်
အဖေပေးတဲ့ပိုက်ဆံကိုယူပြီးသူငယ်ချင်းတွေနဲ့ချိန်းထားတဲ့လ္ဘက်ရည်ဆိုင်ကိုရောက်သွားတယ်
အားလုံးလူစုံတက်စုံရောက်နေပါပြီ
ဆိုင်ထဲမှာထိုင်လိုက်ကြရင်းသူငယ်ချင်းတွေထဲကတစ်ယောက်က စီးကရက်သံဗူးခွံလှလှလေးတစ်ဗူးထုတ်လာပြီး
“အဖေများနေ့မှာငါ့အဖေအတွက်လက်ဆောင်ကွာ အဖေကစီးကရက်သိပ်ကြိုက်တယ် စီးကရက်ထည့်ဖို့
ဒီလိုဗူးလှလှလေးမြင်ရင် အဖေသိပ်ပျော်မှာပဲ” တဲ့
နောက်တစ်ယောက်က CDအခွေတွေစားပွဲပေါ်တင်ပြီး
“ငါ့အဖေက ရှေးဟောင်းမြန်မာသီချင်းတွေဆိုအသဲစွဲကွ ဒီမှာ ကိုမင်းနောင်တို့ ကိုမြကြီးတို့
စန္ဒားယားချစ်ဆွေတို့အခွေတွေ...ဆိုင်တွေမှာမနည်းပတ်ရှာလိုက်ရတယ် အဖေမြင်ရင်သိပ်ပျော်မှာပဲ”
နောက်တစ်ယောက်....... “အဖေ့အတွက်လုံချည်အသစ်............”
နောက်တစ်ယောက်....... “အဖေ့အတွက် ဆေးတံရိုးလှလှလေး........”
နောက်တစ်ယောက်.........
နောက်တစ်ယောက်................
………………………………..........
နေရင်းထိုင်ရင်းကျနော့်ကိုယ်လုံးကသေးသထက်သေးသွားသလိုပဲ
နေရင်းထိုင်ရင်းကျနော့်အရောင်အဆင်းတွေမှိန်သွားသလိုပဲ
နေရင်းထိုင်ရင်း
နေရင်းထိုင်ရင်းပဲ....ကျနော့်သူငယ်ချင်းတွေကြားမှာ ကျနော်ပျောက်ဆုံးနေတယ်
ရပ်နေတဲ့မြေကြီးရဲ့တောက်ခေါက်သံကိုပဲကြားလိုက်မိသလိုလို.....
“သားကြီး မင်းကိုငါထမ်းထားရတာ သိပ်လေးတယ်ကွ”တဲ့
………………….
အခု…ကျနော်… မလေးအောင်ကြိုးစားနေထိုင်နေပါတယ်
အဖေ့အတွက်အရမ်းလှတဲ့ အနာဂတ်အိမ်လေးတစ်လုံးကိုလည်းကျနော့်စိတ်ကူးထဲမှာ
စိတ်တိုင်းကျပုံဖေါ်နေပါတယ်
အဖေသိရင်ပျော်ပါစေ....။
အဖေများနေ့မှာ အဖေ့ကိုကျနော်သတိရတယ်
အဖေများနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကိုကျနော်သတိရတယ်....
အဖေများနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းတိုက်ပေးခဲ့တဲ့ မြန်မာပြည်ကိုကျနော်သတိရတယ် ဒါပါပဲ။
happy fathers day..
(နေ့စွဲမှားနေတယ်ခင်ဗျ စိတ်မရှိကြပါနဲ့ VIPသီချင်းထဲကလိုပေါ့
“ငါမူးနေလို့ သတိလေးချော်သွားတယ်ကွာ” တဲ့ :P
နားလည်ပေးကြပါကုန်။)

ကျားကလေးရဲ့ပုံပြင် ၂


ယခင်ပိုစ့်အဆက်........
နောက်တစ်ရက်လင်းပြန်တော့သတင်းဆိုးတစ်ခုကရွာငယ်လေးကိုလှုပ်နိုးသွားပြန်သည်
မောင်ကျော်လှအားသင်္ချိုင်းကုန်းထဲရှိညောင်ပင်ကြီးပေါ်တွင်ကြိုးတွဲလောင်းနှင့်လည်လိမ်ပြီး
သေနေသည်ကိုတွေ့ကြရသည့်သတင်းပင်။
“သန္ဓေယုတ် ခွေးစုတ် ဖိုးဇံအစုတ်ပလုတ် ဒီကောင့်ကို၎ရက်တိတိထိတ်တုံးခတ်ပလိုက်”
သူကြီးအသံဟိန်းထွက်သွားရပြန်သည်။
ယခုဖြစ်ရပ်သည်ရွာငယ်လေးအဖို့အလွန်ဆိုးရွားအကျဉ်းတန်သည့်ဖြစ်ရပ်ကြီးဖြစ်သလို နားလည်ရခက်သည့်ပဟေဠိပုစ္စာတစ်ပုဒ်လည်းဖြစ်ပြန်နေသည် ယဉ်မှုံနှင့်ကျော်လှတို့သည်လူငယ်ဘာဝတိုးတိုးလေးကြိုက်နေကြတာတစ်ရွာလုံးအသိ ခက်သည်ကနှစ်ဖက်လူကြီးများဖြစ်သည် မုဆိုးမသားကျော်လှအားယဉ်မှုံတို့အသိုင်းအဝိုင်းကလက်သင့်မခံနိုင် ဟုဆိုသည်
ကျော်လှအစားခွေးကိုအမြီးဖြတ်ပြီးပေးစားပစ်မည်ဟုယဉ်မှုံအသိုင်းအဝိုင်းကမကြာခဏကြွေးကျော်သည် ဟုလည်းသတင်းသဲ့သဲ့ထွက်ဖူးသည်။
လူကြီးမကြိုက်လည်းခိုးပြေးလို့မရဘူးလား? ဒီလိုဘာသာတရားကခွင့်မလွတ်နိုင်တဲ့လုပ်ရပ်မျိုးကို
ဘာကြောင့်လုပ်ခဲ့ကြရတာလဲ?
ရှေးအထုံရေစက်ကြောင့်ပဲလား? ရွာလေးအဖို့ မေးခွန်းပေါင်းမြောက်များစွာဖြင့်ကျန်ရစ်သည်။
“ဒီလိုမှန်းသိရင်ပေးစားပါ့မယ်တော်” ယဉ်မှုံအမေကားမျက်ရည်လေးစမ်းစမ်းနှင့်ပြောရှာသည်။
ကျော်လှအမေလည်းသားစိတ်ဖြင့်အိပ်ယာကမထနိုင်တော့။
ဤသို့ဖြင့်ထိုနှစ်ရွာဘုရားပွဲသည်ပျော်စရာသိပ်မကောင်းတော့ပေ အားလုံး၏စိတ်ထဲတွင်တအုံနွေးနွေးနှင့်လူငယ်နှစ်ယောက်၏အဖြစ်ဆိုးအားမမေ့ရက်နိုင်ကြတော့...
အတန်အသင့်နာမည်ကြီးသည့်မြို့မှဇာတ်အဖွဲ့ကိုငှားရမ်းခဲ့သော်လည်းခါတိုင်းနှစ်လောက်လူမစည်ဟု
ရွာသားများထင်နေကြသည် ညဥ့်အမှောင်ပျိုးတော့ရွာနီးချုပ်စဟိုမှသည်မှတဖွဲဖွဲရောက်လာကြသော်လည်းအရင်နှစ်အားမမှီ လူသည်လျှော့မြဲလျှော့နေလေသည် တိတ်ဆိတ်မှုတစ်ခုသည်ကြီးစိုးမြဲကြီးစိုးနေလေသည်။
ဇာတ်ကန့်လန့်ကာဖွင့်အပြီးနာရီဝက်အကြာတွင်ခေါင်းဆောင်မင်းသမီးလေးသည်ရှေ့ထွက်ပြီးသီချင်းတစ်ပုဒ်ကို
အလွမ်းအသောဖြင့်ဆိုလေသည် ပြိုးပြိုးပြက်ပြက်မီးရောင်အောက်က အလှကြီးလှနေသည့်ဇာတ်မင်းသမီးလေး၏တေးအသောတွင်ရွေပွဲလာအကုန်လုံးစီးမျောနစ်ဝင်လျှက်...။
ထိုစဉ်အခိုက်ဝယ်မမျှော်လင့်သောအဖြစ်အပျက်တစ်ခုဖြစ်လာလေသည်။
အလွန်ကျယ်လောင်သည့်မြည်ဟီးသံနှင့်အတူဇာတ်စင်ကြီးတစ်ခုလုံးပြိုကျသွားခြင်းပင် အပေါ်မှမီးဆလိုက်တန်းနှင့်ဘေးမှဇာတ်စင်ဆောက်သည့်သစ်လုံးသည်စင်အပြိုတွင်ဇာတ်မင်းသမီးအား
ရိုက်မိရက်သားဖြစ်သွားသည်...
ပွဲခင်းတခုလုံးထဆူကာ တာဝန်ရှိသူများအပြေးအလွားဖြင့်ရောက်လာကြသည် မင်းသမီးသည် မိုက် ကိုလက်ထဲတွင်ကိုင်ရက်ကြီးလဲကျသွားခြင်းဖြစ်ပြီးသစ်လုံးရိုက်မိသည့်ဝေဒနာကြောင့်
“အား”ကနဲဟုအသံနက်ကြီးဖြင့်နာကျင်စွာအော်လိုက်သည့်အသံသည် အသံချဲ့စက်မှတစ်ဆင့်
တစ်ရွာလုံးသို့ဟိန်းထွက်သွားတော့သည်
အနှစ်ချုပ်သော် လူရွင်တော်တစ်ဦးနှင့်လိပ်ကာဆွဲတစ်ဦးခြေတောက်သွင်သွင်ကျိုးသည် မင်းသမီးမှာကားသစ်လုံးအရှိန်နှင့်ရိုက်မိသည့်ဒဏ်ဖြင့်ဦးခေါင်းတစ်ခြမ်းစိစိညက်ညက်ကြေပြီးမျက်လုံးတစ်ဖက်လည်း
ကျွတ်ထွက်ကာ အသက်ထွက်သည်…။
“သန္ဓေယုတ် ခွေးစုတ် ဖိုးဇံအစုတ်ပလုတ် ဒီကောင့်ကိုတစ်ပတ်တိတိထိတ်တုံးခတ်ပလိုက်”
သူကြီးအသံဟိန်းထွက်သွားရပြန်သည်။
သို့သော် ဖိုးဇံသည်အခြေအနေကိုကြိုသိလေရကားအတန်ငယ်ဝေးသည့်အမျိုးတစ်ယောက်ရှိသည့်ရွာသို့လစ်လေပြီ..
မလစ်ခင်ပြောသွားသေးသည်
“မင်းတို့ရွာဘက်ကိုချီးပါရင်တောင် ဖင်မလှည့်တော့ဘူးဟေ့”တဲ့။ ရွာငယ်လေး၏ကံဆိုးမိုးမှောင်ကျမှုကို
သူ့အပေါ်ပဲအပြစ်ပုံကြသည် ယဉ်မှုံအလောင်းကိုသူမထိန်းနိုင်ဘဲလွတ်ကျသွား၍သာရွာခိုက်နေရသည်ဟ
ုအားလုံးတစ်ညီတစ်ညွတ်တည်းယူဆကြသည်။
စင်ပြိုရခြင်းအကြောင်းရင်းကိုရှာမတွေ့ခဲ့ကြ ခါတိုင်းနှစ်များဆောက်သကဲ့သို့ပင် ဆောက်ခဲ့ကြသည် ပွဲစင်တစ်ခုလုံးတစ်မဟုတ်ချင်းပြားပြားဝပ်ပြိုကျသွားရခြင်းမှာနည်းနည်းတော့ထူးဆန်းသည် ရွာရှိသက်ကြီးရွယ်အိုများကား သိုက်လမ်းကြောင်းနှင့်တိုက်နေသည်ကတစ်မျိုး ကန်တော့ပွဲကောင်းကောင်းမပေး၍တစ်မျိုးထင်ကြေးပေးကြကုန်သည်
ဇာတ်ဆရာကိုလည်းမနည်းလျှော်လိုက်ကြရသည် မင်းသမီးကိုတော့ထိုရွာသုသာန်တွင်ပင်မြှုပ်နှံခဲ့ကြသည်
အသံချဲ့စက်မှနောက်ဆုံးထွက်လာခဲ့သည့်မင်းသမီးလေး၏မချိမဆန့်အော်လိုက်သည့်
အသံကြီးသည်ရွာသားများနားတွင်စွဲလျှက်ရှိတော့သည်။ ။
………………………………..
ကျနော်မော်လမြိုင်တွင်ကျောင်းတက်စဉ်က စောဝင်းကျော်ဆိုသည့်သူငယ်ချင်းတစ်ယောက်ရှိခဲ့သည်
သူသည်နယ်မှကျောင်းလာတက်သူဖြစ်ပြီးယခုဖြစ်ရပ်သည် သူငယ်ငယ်က သူတို့ရွာတွင်အမှန်တစ်ကယ်
ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ဟုဆိုသည်
သူပြောသလိုပင်သူတို့ရွာငယ်လေးသည် ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ရခြင်းလော...
မတော်တဆတိုက်ဆိုင်မှုလော...? ဘယ်သူမှသေသေချာချာမသိနိုင်ပေ။
အယူသီးသူရွာသားများသည် မယဉ်မှုံကိုမထိန်းနိုင်ဘဲ ရောထွေးလဲပြိုကျသူဖိုးဇံအားတရားခံအဖြစ်မြင်လျှက်ရှိခဲ့သည်
တိုက်ဆိုင်၍ပဲလားမသိပေ.. ထိုနှစ်၌လည်းသူတို့ရွာတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လူအသေအပျောက်
များလွန်းသည့်နှစ်ဖြစ်ခဲ့ရသည် တချို့ဆိုကြောက်လန့်ပြီးရွာပင်ပြောင်းပြေးကြသည်။
နောက်ပိုင်း လူပြောများသည့်အဖြစ်အပျက်တစ်ခုလည်းရှိသေးသည် သူတို့ရွာအထက်ဘက်တစ်ခေါ်သာသာလောက်
ဝေးသည့်နေရာတွင် လေးအိမ်စု ဟူသည့်ရွာတစ်ရွာရှိသည် လေးအိမ်စုဟုခေါ်ရခြင်းမှာ တစ်ရွာလုံးမှအိမ်ခြေ လေးအိမ်သာရှိသောကြာင့်ဖြစ်သည် (နောက်ပိုင်းတွင်ငါးအိမ်စုအဖြစ်ပြောင်းလဲခေါ်ဝေါ်ခဲ့သည် အိမ်သစ်တစ်လုံး
တိုးလာ၍ဖြစ်သည် သို့သော်….မကြာလိုက် “လေးအိမ်စု” ဟုပြန်ခေါ်ကြပြန်သည် အသစ်ဆောက်သည့်အိမ်မီးလောင်
သွား၍ဖြစ်သည်)
စောဝင်းကျော်၏ဦးလေးသည်ထိုအချိန်က လူပျိုသာရှိသေးသည်
ညညတွင်ကာလသားတို့ထုံးစံအဖေါ်တစ်ယောက်နှင့်မယ်ဒလင်တစ်လက်ဆွဲပြီးလေးအိမ်စုရွာသို့
ဂေါ်ရေးပြထွက်လေ့ရှိသည်ဆို၏။
အိမ်ခြေလေးလုံးသာရှိသောထိုလေးအိမ်စုရွာတွင်လက်မထပ်ရသေးသူမိန်းမပျိုဟူ၍နှစ်ယောက်သာရှိသည်၊
တစ်ယောက်ကလှသော်လည်း ရှေ့သွားနှစ်ချောင်းကျိုးနေသဖြင့် ရုပ်ကပေါတောတောကြီးဖြစ်နေသည်။
ထို့ကြောင့် လက်ကျန်တစ်ယောက်ကိုသာ ပတ်ပြီးဂေါ်ရေးဖွင့်နေကြရသည်။
တစ်ခါသော်… လေးအိမ်စုတွင် ညနက်အထိစကားကောင်းနေလိုက်ကြရာ အိမ်အပြန်နောက်ကျကြလေသည်
ထိုညသည်လပြည့်ညဖြစ်သဖြင့် လောကဓာတ်တစ်ခွင်လုံးလင်းချင်းနေသည် မင်ဒလင်တစ်အေးအေး သီချင်းတစ်ညဉ်းညဉ်း
ဖြင့်ပြန်လာရာ သူတို့ရွာမရောက်ခင်စပ်ကြားသင်္ကျိုင်းကုန်းအဖြတ်တွင်အလွန်ဆိုးဝါးသည့်အပုပ်နံ့တစ်ခုကိုရသည်ဆို၏
ဝင်းကျော်၏ဦးလေးသည်ဘာမှမဖြစ်သလိုမှင်နှင့်မောင်းနှင့်သီချင်းဆိုနေနိုင်သေးသော်လည်းအဖေါ်လိုက်လာ
သူမှာကြောက်ဒူးတုန်လျှက်ရှိနေလေပြီ အနောက်ဘက်မှလည်းတစ်ယောက်ယောက်က
ကပ်ပါလာသလိုလိုခြေသံတရှပ်ရှပ်ကြားရသည်

“မင်း….မင်း…အခု.ဆိုတဲ့..သီ..သီချင်းက..ဇာတ်မင်းသမီးမသေခင်...နောက်..ဆုံးဆို...ဆို...သွားတဲ့သီချင်းကွ...”
အဖေါ်ဖြစ်သူမှာအသံပင်မပီတော့....ကြောက်စိတ်ကလူကိုဖုံးလွှမ်းလျှက်ရှိနေပြီ..။ထိုနေရာသည်ဇာတ်စင်ပြိုရာတွင်
မရှုမလှသေဆုံးခဲ့ရသူ
ဇာတ်မင်းသမီးလေး၏အလောင်းကိုမြေမြှုပ်ခဲ့ရာနေရာလည်းဖြစ်တော့သည်။
နောက်မှနေ၍ရှပ်ရှပ်ကပ်ပါလာသည့်ခြေသံကိုအဖေါ်ဖြစ်သူကစိတ်မထိန်းနိုင်ဘဲ
ကြောက်ကြောက်နှင့်လှည့်ကြည့်လိုက်ရာ
မြင်လိုက်ရသောမြင်ကွင်းကြောင့်သွေးပျက်မတတ်ထိန့်လန့်သွားပြီး ပေါသွပ်ကာတွန်းထဲကလို
“မွေးမေလေ့”ဟုမအော်နိုင်ဘဲ အော်ချင်သလိုအော်ပြီးရွာထဲတန်းပြေးတော့သည်။
သူငယ်ချင်း၏ဦးလေးလည်းလိုက်ပြေးသည် အနောက်ကိုတော့လှည့်မကြည့်ရဲ...လှည့်မကြည့်၍ဘာမှမမြင်ခဲ့
ဘာမှမမြင်၍ဘာမှလည်းမဖြစ်ခဲ့ မြင်လိုက်ရသည့်အဖေါ်မှာ တစ်ပတ်တိတိကြောက်ဖျားဖျားသည်
နည်းနည်းပြန်နေကောင်းလာတော့သူမြင်ခဲ့ရသည်ကိုရွာသားများအားကြောက်ကြောက်နှင့်ပြန်လည်ပြောပြသည်
“မသင်္ကာလို့လှည့်ကြည့်လိုက်တာ ဇာတ်မင်းသမီးရယ်လေ..ငါတို့အနောက်ကနေထပ်ကြပ်မကွာလိုက်လာပြီးဟိုကောင့်သီချင်းအသွားတိုင်း
လိုက်ကနေတာ
ခေါင်းတစ်ခြမ်းကပျောက်နေပြီး မျက်လုံးလည်းမရှိဘူး ငါဟိုကောင့်ကိုပြောသားပဲ အဲဒီသီချင်းမဆိုပါနဲ့လို့ ကံကောင်းလို့
လိပ်ပြာလွင့်ပြီးမသေတာ... တော်ပြီ…လေးအိမ်စုရွာမသွားတော့ဘူး”..။ ။
……………………………….........
(ယခုဖြစ်ရပ်ကိုယုံပါလို့ကျနော်မပြောလိုပါ ကျနော့်သူငယ်ချင်းပြောပြသည်များကိုပြန်လည်ရေးပြခြင်းသာဖြစ်သည်
စောဝင်းကျော်ကိုကျနော်တို့က small tigerဟုနာမည်ပြောင်ခေါ်ကြသည်
သူ့အဖေနာမည်က ဦးကျားကြီးကိုး :P
ဒါကြောင့်ဒီပိုစ်လေးကိုလည်းကျားကလေးရဲ့ပုံပြင်ဆိုပြီးအမည်ပေးလိုက်ရပါကြောင်း...။ ။)

ကျားကလေးရဲ့ပုံပြင်


“အဲဒီမသာမကို ငါမဖမ်းလို့ဘယ်သူဖမ်းရဲလို့လဲ ကျေးဇူးမတင်ဖင်လှန်ပြတဲ့ဟာတွေ သတ္တိရှိတဲ့ကောင်ထွက်ခဲ့ကွာ နှုတ်ခမ်းမွှေးချင်းချည်ပြီးဆောင့်ပြိုင်ရုန်းပစ်မယ် ထွီ”
တခုသောနေ့လည်ခင်းတွင်ဖြစ်သည် မြန်မာပြည်အလယ်ပိုင်း အတန်အသင့်ခေါင်သည့် ရွာတစ်ရွာရှိသူကြီး၏အိမ်ဝင်းထဲကတလင်းပြင်ပေါ်တွင်ထိတ်တုံးခတ်ခံထိထားသောဖိုးဇံဆိုသူသည် ဒေါသအမျက်ချောင်းချောင်းထွက်လျှက်ဆဲရေးတိုင်းထွာနေ၏ ။
ဖြစ်စဉ်ကဒီလို...
မနေ့ကသူတို့ရွာတွင် မယဉ်မှုံဆိုသူသည်အိမ်သားများမရှိခိုက်ကြိုးဆွဲချသတ်သေသွားသည် ရွာပတ်ပြီးအတင်းတုတ်သန်းရှာလုပ်နေသောအမေဖြစ်သူကညနေစောင်းအိမ်ပြန်ရောက်မှတွေ့ရာ ခုနှစ်သံချီအော်ပြီးတက်သွားတော့သည် ရွာသားများလည်းရောက်လာကြကုန်ပြီးအမေဖြစ်သူကိုခြေချိုးလက်ချိုးလုပ်သူလုပ် နှာနှပ်ပေးသူပေးနှင့်ပျာယာခတ်သွားသည် သမီးဖြစ်သူကိုတော့တစ်ယောက်မှမထိရဲကြပါချေ မယဉ်မှုံသည်အသက်၂၄နှစ် အတန်အသင့်ရုပ်ရည်ရှိပြီး စကားနည်းကာ အေးအေးနေတတ်သူလေးဖြစ်သည် အဖေ အမေ အစ်ကိုအကြီးနှင့်မောင်ငယ်တစ်ယောက်ရှိပြီး စီးပွားရေးလည်းအတန်အသင့်ပြေလည်ကြသည်။
မိသားစုမှာရော ရွာထဲမှာပါပြဿနာအကျယ်အကျယ်မဖြစ်စဖူး
ဘယ်လိုကံကြမ္မာဆိုးကများသူမကိုဒီလိုလုပ်ပစ်ဖို့တွန်းအားတွေပေးပစ်ခဲ့သည်မသိ.. ကြမ်းပြင်မှတစ်ပေကျော်ကျော်အထိခြေတောက်ကလွတ်နေသည် မျက်နှာကပြာနှမ်းဖောင်းအစ်နေပြီးမျက်လုံးများကအဆမတန်ပြူးကျယ်နေကာ လျှာကလည်းအပြင်သို့အစ်ထွက်နေသည် သူမအသက်ရှင်စဉ်ကအပေါင်းအသင်းများပင်ထိုဖြစ်စဉ်အားတွေ့ပြီးအလွန်တရာထိတ်လန့်ကုန်ကြရာ ဘယ်သူမှအနားမကပ်ရဲတော့ ရွာသူကြီးလည်းရောက်လာပြီးအခြေအနေကိုကြည့်ရှုပြီးနောက်ရွာသားနှစ်ယောက်အားတာဝန်ပေးသည် တစ်ယောက်ကအပေါ်တက်ပြီးကြိုးကိုခုတ်ဖြတ်ရန်နှင့် တစ်ယောက်ကအောက်မှနေ၍ဆီးဖမ်းထားရန်ဖြစ်သည် တာဝန်ပေးခံရသောရွာသားနှစ်ယောက်လည်းခါးတောင်းကိုမြောင်နေအောင်ကျိုက်ကာသေသူအနားသွားပြီး
တစ်ချက်စီမော့ကြည့်ကြပြီးနောက် ရွာထဲသို့တစ်ဟုန်ထိုးပြေးဝင်ကာပျောက်ကွယ်သွားတော့သည် ။ ရုတ်တရက်သူကြီးတောင်ကြောင်သွားသည်
“ခွေးမသားတွေ ဘယ်ပြေးတာလဲ”
“ကြောက်ပြီးပြေးသွားတာဗျ” ဆယ်အိမ်မှူးကထအော်သည်
“နက်ဖြန်မှပဲအဲဒီနှစ်ကောင်ကိုရွာထိပ်ကဇရပ်အမိုးကိုပြင်ဖို့တာဝန်ပေးလိုက်မယ် ဒဏ်ခတ်တဲ့အနေနဲ့ ကဲဒီကိစ္စဘယ်သူတာဝန်ယူမလဲ လူနှစ်ယောက်လိုတယ်”
ထိုအခါသေသူမယဉ်မှုံ၏အစ်ကိုသည်မျက်ရည်တွေတွေကျနေရင်းမှ
“ကျနော်ကြိုးတက်ဖြတ်ပါ့မယ်ဗျာ ညီမကိုဒီအတိုင်းကြီးကြည့်မနေရက်ဘူး တစ်ယောက်ယောက်ကအောက်ကနေဖမ်းပြီးထိန်းထားပေးပါ”
ရွာသားအားလုံးသူလိုလိုကိုယ်လိုလိုဖြင့်တစ်ယောက်မှတော့ထွက်မလာ
“ဆီးဖမ်းတာတော့ဟုတ်တယ် ပြိုလဲမကျသွားဖို့အရေးကြီးတယ် ဖမ်းတဲ့လူရော သေတဲ့လူရော ရောထွေးပြီးပြုတ်ကျရင်ရွာနာတယ်ဗျ နိမိတ်မကောင်းဘူး”
အယူသည်းကြသူရွာသားများထဲမှထွက်လာသည့်အသံဖြစ်သည် ။
“လုပ်ပါဗျာ ကျနော့်ညီမလေးကိုဒီအတိုင်းကြည့်မနေကြပါနဲ့ အဖေကလည်းအမျိုးတွေရွာရောက်နေတယ် အီးဟီးဟီး”
ပြောရင်းမှအစ်ကိုဖြစ်သူငိုပြန်ပါလေပြီ ။
ထိုအခိုက် “ငါဖမ်းပါ့မယ်ကွာ” ဆိုသည့်အသံနှင့်အတူဖိုးဇံရောက်ချလာသည်။
သူကြီးကဖိုးဇံအားရှုတည်တည်နှင့်ကြည့်ပြီးနောက်
“မင်းမူးနေလား အရက်နံ့ကထွက်နေတယ် ကြည့်လုပ်နော် စောစောကရွာသားပြောသလိုလူရောမသာရောအလဲလဲအပြိုပြိုဖြစ်လို့ကတော့ မင်းမလွယ်ဘူး”
ဖိုးဇံလည်းဘာမှမဖြစ်စေရကြောင်းအာမခံပြီးသေသူအားအောက်မှသေသေချာချာပွေ့ထားပြီး
အစ်ကိုလုပ်သူအားကြိုးဖြတ်ချခိုင်းလိုက်သည် အစ်ကိုလုပ်သူလည်းကြိုးကိုတိကနဲခုတ်ချလိုက်ရာ
ကြိုးလည်းအပြတ် သေသူလည်းကျအလာ ဆီးဖမ်းတဲ့လူကလည်းအမူးနဲ့ဆိုတော့ သေသူနဲ့ဖိုးဇံကြမ်းပြင်မှာလုံးထွေးသွားတော့သည်။
ရွာသားများ၏ဟာကနဲ ဟင်ကနဲအာမေဋ္ဋိတ်သံနှင့်အတူ ရွာသူကြီး၏ကျယ်လောင်လှသောအသံကြီးလည်းဟိန်းထွက်လာလေသည်။
“သန္ဓေယုတ် ခွေးစုတ် ဖိုးဇံအစုတ်ပလုတ် ဒီကောင့်ကို၂ရက်တိတိထိတ်တုံးခတ်ပလိုက်”
ထိုသတင်းဆိုးသည်တစ်ရွာလုံးသို့ပျံ့သွားသည် ။
ထိုနေ့ညနေတွင် မောင်ကျော်လှဆိုသူသည်အိမ်သို့အလွန်သုန်မှုံခက်ထန်နေသည့်မျက်နှာဖြင့်ပြန်ရောက်လာသည် ရောက်ရောက်ချင်းအမေဖြစ်သူအားခြံသွင်းနွားတစ်ကောင်လွတ်နေ၍ပြန်ထွက်ရှာရန်နွားချည်ကြိုးတစ်ချောင်းအား
တောင်းပြီးရွာအပြင်ဘက်သို့ထွက်လာခဲ့သည်၊
ထို့နောက်သုသာန်အတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားတော့သည် ညသည်နက်သထက်နက်လာနေခဲ့သည်။
(ဆက်ရန်......)

အဖြစ်ချင်ဆုံးဆန္ဒ(tag)

ငယ်ငယ်ကတော့ စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့တယ် ယောင်္ကျားတစ်ယောက်ရဲ့ရဲစွမ်းသတ္တိကိုပြသတဲ့နေရာမှာ စစ်တိုက်ခြင်းဟာ အကောင်းဆုံးပဲထင်ခဲ့လို့၊
ခုတော့လည်း သူပုန်တစ်ယောက်ဖြစ်ချင်နေပြန်တယ် လောကဟာမာယာများမှန်းတစ်ဖြေးဖြေးနဲ့သိလာလို့။
အဆိုတော်တစ်ယောက်ဖြစ်ချင်ခဲ့တယ် အိမ်မှာ လေးဖြူသီချင်းပဲဖွင့်ဖွင့် အငဲသီချင်းပဲဖွင့်ဖွင့် အဘိုးကကျနော်သီချင်းဆိုနေတဲ့အသံပဲထင်နေတယ် ကျနော့်အသံနဲ့အဲဒီအဆိုတော်တွေရဲ့အသံကိုအဘိုးမကွဲဘူး အတူတူပဲထင်နေတယ်(မှတ်ချက်=ကျနော့်အဘိုး နားနည်းနည်းလေးသည်)
ဝါသနာဟူသည်တားဆီး၍မရစကောင်းတဲ့... ကြုံရင်ကြုံသလို ကျနော့်အနုပညာ ကျနော့်ဗီဇကိုကျနော့်ရဲ့ပတ်ဝန်းကျင်မှာပြသခဲ့တယ် ဥပမာ လမ်းဘေးအုတ်ခုံ၊ သင်္ကြန်မဏ္ဍ၊ ကောင်မလေးအိမ်ရှေ့၊ အရက်ဝိုင်း။
အဲဒီကနေအတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်..။
သင်္ကြန်ကာလ သင်္ကြန်သီချင်းမဆိုဘဲဟဲဗီးမက်တယ်ထလုပ်လို့ “ဆင်းပါတော့ဗျို့”လို့ဝိုင်းအော်တာမျိုး၊ မြန်မာ့ဂန္တဝင်ဂီတပရိသတ်အဘိုးကြီးက ကျနော့်ဂီတကို လမ်းသရဲဂီတ မကောင်းဆိုးဝါးဂီတအဖြစ်မြင်ပြီး ကောင်မလေးကိုဖြတ်စာပေးခိုင်းတာမျိုး ၊
“သားကြီးအသံကတော့တစ်ကယ့်ROCKပဲကွာ”ဆိုပြီး “ဒီညဝိုင်းဖိုးမင်းရှင်းနော်”ဆိုတဲ့သူငယ်ချင်းတွေရဲ့အားပေးမှုမျိုး ။
ညီမလေးအတွက်အနွေးထွေးဆုံးသောအစ်ကိုကြီးတစ်ယောက်ဖြစ်ချင်ခဲ့တယ်...၊
အငိုသန်တဲ့ညီမကိုငယ်ငယ်ကတည်းက သနားပြီးချစ်ခဲ့လို့။
လူမချမ်းသာရင်တောင် စိတ်မဆင်းရဲရတဲ့ဘဝမျိုးလိုချင်တယ်
ကျနော်ချစ်တဲ့ဂီတကိုလမ်းသရဲဂီတလို့မပြောတဲ့အဘိုးကြီးတစ်ယောက်ရဲ့သားမက်တော်ချင်တယ်..
နောက်ပြီး…မြန်မာပြည်ကိုမြန်မြန်ပြန်နေကောင်းစေချင်တယ် ဒါပါပဲ။
ကဲ…ညီမလေးမြူးရေ... ကျေနပ်နိုင်ပါစေ။

ဒီမွန်း(demon)


“ငပေ၊ ငမှေး၊ မအေပေး...မို့
အဖြေကလေး ပေးပါကွယ်”

(တာရာမင်းဝေ-ကြေးသွန်းယဉ်ကျေးမှုမှ)
ပန်းချီကတော့သားကြီးရဲ့မူပိုင်ဖြစ်ပါတယ် ပုံနဲ့ကဗျာနဲ့ဘာဆိုင်လို့လဲ လို့တော့မမေးပါနဲ့ သားကြီးက မဆိုင်တာပဲလုပ်ပါတယ် ဟက် ဟက် ဟက် :P:P:P

ထို့ကြောင့်...သားကြီးဟုခေါ်လေသည် (အမှတ်တရnick name tag)

သူမဆီကချစ်အဖြေရသည့်နေ့တုန်းက တစ်ခုခုလုပ်ပြလိုက်ဖို့စိတ်ကူးမိသေးသည်၊
ဖတ်ဖူးသည့်ဝတ္ထုတွေထဲကလို အပျော်လွန်ပြီး “ဟေး”ကနဲအော်ကာ မျောက်ကဲ့သို့ခုန်ဆွခုန်ဆွလုပ်ခြင်းမျိုး၊
စိတ်မထိန်းနိုင်ဘဲအတင်းဖက်ပြီးပါးတစ်ဖက်စီကို အခါနှစ်ဆယ်တိတိနမ်းပစ်ခြင်းမျိုး၊ ဝမ်းသာလုံးဆို့ပြီးကြွက်တက်သွားခြင်းမျိုး ။
လက်တွေ့မှာတော့ဘာမှမလုပ်နိုင်ခဲ့ လုပ်ခွင့်မရှိခဲ့ ။ “thank u for lovin me” ဟုသာပြန်ပြောဖြစ်ခဲ့သည်။
ချစ်မိပြီဆိုတော့လည်း ကောင်မလေးအတွက်ကဗျာဆရာတစ်ယောက်ဖြစ်ချင်နေပြန်သည် ခက်တာကကျနော်ကဗျာမရေးတတ်၊
ကိစ္စတော့သိပ်မရှိ နှလုံးသားပေါင်းမြောက်များစွာကဖူးပွင့်ကုန်ပြီးသောကဗျာအမြောက်အများဖြင့်အငှားခံစားလို့ရသည် ရင်ဘတ်ချင်းတူဖို့အရေးကြီးသည်။ ဤသို့ဖြင့်ကဗျာဘလော့တစ်ခုလုပ်ဖြစ်သည် ၊ဘလော့မှာသီချင်းရှိသည်၊ ကဗျာရှိသည်၊ c-boxထဲက ကောင်မလေးနဲ့ကျနော့်ရဲ့ အပြန်အလှန်သံယောဇဉ်တွေရှိသည်၊ ကဗျာဆရာနာမည်ထည့်ဖို့မေ့မေ့နေသဖြင့်ဝင်ဆဲထားကြသူတွေ၏အသံရှိသည်။
Blogger helpdesk မှတွေ့ဖူးသည့်စာသားတစ်ချို့ကိုသဘောကျသဖြင့်Gtalkတွင်တင်ဖူးသည်၊
“we are great blogger
We never give up
We row till we die”
နောက်ပိုင်းတွင်ကျနော့်သူငယ်ချင်းကအောက်ပါအတိုင်းပြောင်းလဲဖြည့်စွက်ခဲ့သည်။
“we are great blogger
We always ဖွံကြောင်
We Q till we die”
(မည်သည့်ဘလော့ဂါကိုမှမရည်ရွယ်ပါ ကျနော့်အားအမြင်ကပ်သဖြင့်ရေးခြင်းသာဖြစ်သည်)
“onlineမှာအချိန်ကုန်ခံပြီးကောင်မလေးအတွက်ဘလော့လုပ်ရတယ်လို့ကွာ ငါတို့လိုonlineကိုအကျိုးရှိရှိ
အသုံးချစမ်းဘာ!!
အသုံးချစမ်းဘာ!!”
“မင်းတို့ကonlineမှာဘာလုပ်”
“အဟိ… pawthwutထဲကမြန်မာlove storyတွေဖတ်တယ်လေကွာ လွှတ်ကောင်းပဲ”
“သြော်…ဒီလိုလား”
ကောင်မလေးနဲ့ကျနော်ရိုမီယိုနဲ့ဂျူးလိယက်ဖြစ်လိုက် တိုက်တန်းနစ်ထဲက jackနဲ့ roseဖြစ်လိုက် ကိန္ဒာရီကိန္ဒာရာလိုလွမ်းလိုက်၊ တခါတခါလည်းရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့..။
တစ်နှစ်သာပြည့်သွားသည် ပါးမနမ်းဖူး လက်ကလေးတောင်မကိုင်ဖူး သူ့ကိုယ်သင်းရနံ့လေးမရဖူး ကောင်မလေးရဲ့အသက်ရှုသံကိုကျနော်နားမထောင်ဖူးဘူး၊
ကောင်မလေးလမ်းလျှောက်တာကို ကျနော်ထိုင်ပြီးငေးရီကြည့်မနေဖူးဘူး ကျနော်လေ…ဘာဆိုဘာမှကို မဖူးဘူး…ဖူးဘူး ..။
အလွန်ပဲ့သည့်မေတ္တာဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်တော့သည် တနေ့နေ့ရှာလိုက်ရသည့် love comment
Search enginesတွေ crawlerတွေဆိုကျနော့ကိုအမြင်ကပ်နေလောက်သည် “ဒီကောင်တစ်ခါလာလည်းlove u comment,kiss u commentဆိုပြီး..။
“လုပ်ပေါ့ကွာ Onlineမှာအပျင်းပြေတာပေါ့”
သူငယ်ချင်းပြောသလိုတော့အပျင်းပြေဟုကျနော်သဘောမထားရက်ခဲ့ပါ အယားပြေခြင်းသာဖြစ်သည်ဟုလည်းမဆိုလိုပါ ယားလည်းယားမနေပါ။
တကယ်တော့သူ့အကြောင်းလည်းကိုယ်မသိ ကိုယ့်အကြောင်းလည်းသူမသိ Onlineပေါ်မှာတွေ့ပြီးကျနော်တို့ကြိုက်ခဲ့ကြခြင်းသာ စကားလေးပြောဖူးရုံ ဓါတ်ပုံလေးမြင်ဖူးကြရုံနဲ့တစ်ကယ်ချစ်သွားရောလား? အဓိပ္ပါယ်ရောရှိရဲ့လား?
“ဒီမှာကောင်မလေး မင်းအတွက်နဲ့ကိုယ်သေရဲတယ်သိလား”
“ဒီမှာကောင်မလေး မင်းကိုချစ်ခဲ့ရတာတွေကလေ ရေတံခွန်လောက်ကြီးတယ်ကွယ်”
“ဒီမှာကောင်မလေး..............”
“ဒီမှာကောင်မလေး..............”
တစ်နေ့နေ့ပြောလိုက်ရသည့်စကား.... ပေးလိုက်ရသည့်ဂတိ.... တစ်ကြိမ်တစ်ခါမှမနီးဖူးကြတာတောင် တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ်မခွဲရက်နိုင်ကြတော့ဘူးတဲ့လေ....။
onlineမှာအချစ်စစ်ရှိသလား?
တော်တော်အဖြေရကြပ်သည့်မေးခွန်းဖြစ်သည် onlineမှာကြိုက်ပြီးညားသွားကြသူတွေရှိသည် onlineမှာကြိုက်ပြီးအသည်းဟက်တက်ကွဲသွားကြသူတွေရှိသည် onlineမှာအထီးအမ မသေချာဘဲအရှက်ကွဲရသူတွေရှိသည် ကျနော်နဲ့ကောင်မလေးရော...?
ဘာပဲပြောပြောပါးစပ်နဲ့ချစ်နေရတာကိုကျနော်အလွန်ပျင်းနေပြီဖြစ်သည်...
ကျနော်လမ်းစခွဲတော့ကောင်မလေးငိုသည်ဟုဆိုသည် မမြင်ရသဖြင့် ဟုတ် မဟုတ်မသိနိုင်ပေ
တစ်ကယ်တော့ကောင်မလေးကိုကျနော်သစ္စာဖောက်သွားခြင်းမဟုတ် မချစ်တော့တာလည်းမဟုတ် ချစ်နေရင်းတန်းလန်းပျင်းသွားခြင်းသာဖြစ်သည်..။
c-boxတွင်ကောင်မလေးအလွမ်းတွေဖွေးဖွေးလှုပ်သွားသည် ပြန်ကြည့်မိတိုင်းစိတ်မကောင်းဖြစ်ရသဖြင့်နောက်ပိုင်းလုံးဝမသွားတော့
“Q ခြင်းအမှုကိုရက်အကန့်အသန့်မရှိရပ်နားလိုက်ပြီ”ဟုကျနော်ကြေငြာသည့်နေ့က ကျနော့ရဲ့ချစ်လှစွာသောသူငယ်ချင်းက “မင်း ချီးငုံပြီးပြောရင်တောင်မယုံဘူး ဟေ့” ဟုခွန်းတုံ့ပြန်ရှာသည်..။
ဘာပဲပြောပြောကဗျာဘလော့ကိုကျနော်ရပ်ပစ်ခဲ့သည် ထို့နောက် သားကြီးဘလော့ကိုစလုပ်ဖြစ်သည်။
လုပ်ခါစကဝင်ကြည့်သူမရှိ၍စိတ်ကြိုက်သောင်းကျန်းထားရာ နောက်ပိုင်းတော်တော်ပြန်ပြင်ယူခဲ့ရသည်
သားကြီးနာမည်ယူရခြင်းသည် အဆန်းတော့မဟုတ် အိမ်မှာအကြီးဆုံးသား လမ်းကတည့်တည့်မလျှောက်
ဂဏန်းလိုဘေးတိုက်လျှောက်သည် ခေါင်းမာသည် ပြန်မပြောနားမထောင်
တစ်ခါသော်.. ဝိပဿနာရက်ရှည်တရားစခန်းမှပြန်လာသူအဘိုးက ရေချိုးချင်၍ စဥ့်အိုးထဲလည်းရေမရှိသဖြင့်...
“ငါ့မြေးရေ စဥ့်အိုးထဲမှာရေကရှိမနေပါလားကွ” ကျနော့်အားရေခပ်စေချင်၍ပြောခြင်းဖြစ်သည်။
“အဘိုးကလည်းဗျာ တရားသဘောနဲ့ကြည့်ပါဗျ အရာရာကိုဝိပဿနာနဲ့ရှုပါ မရှိရင်မရှိဘူးလို့မှတ်”
ကျနော့်စကားကြောင့်အဘိုးပက်လက်လန်သွားတော့သည်။(မှတ်ချက်=ပက်လက်တစ်ကယ်မလန်ပါ အတိဿယဝုတ္တိအလင်္ကာသာဖြစ်ပါသည်)
ကျနော့်အဘိုးသည်စကားကိုအလွန်ရွဲ့ပြောတတ်သူဖြစ်သည် ကျနော်လည်းအလွန်ရွဲ့သူဖြစ်သည် သို့သော် မြေးအဘိုးနှစ်ယောက်အလွန်တည့်ကြသည်။
“ခေါင်ကမိုးယိုရင်ပြင်ရခက်တယ်ကွ ရှေ့ကနွားကဖြောင့်ဖြောင့်မသွားရင် နောက်ကနွားတွေလည်းမဖြောင့်ဘူး”
အမြင်မတော်ကြသူပတ်ဝန်းကျင်၏စကား.....။
ပြော…ပြော…ပြော ကြိုက်တာပြော... ပြောချင်တဲ့လူပြော..ပြောချင်သလောက်ပြော. သားကြီးတို့ အေးဆေး အေးဆေး အေးဆေး..။
နောက်ပိုင်းတွင်... သားကြီးကိုဆုံးမစကားပြောခြင်းသည် ကိုယ့်ထမင်းကိုယ်စားပြီးကြီးတော်နွားအလကားလိုက်ကျောင်းခြင်းသာဖြစ်ကြောင်း ကျွဲပါး DJပွတ်ခြင်းသာဖြစ်ကြောင်းသဘောပိုက်မိကြပြီးသကာလ အားလုံးလက်လျှော့သွားကြတော့သည်
ပါးစပ်လည်းညောင်းသွားကြကုန်ပြီ သားကြီးကတော့ ဂဏန်းလိုဘေးတိုက်လမ်းလျှောက်နေဆဲ..။
ဘလော့မှာရေးချင်တာလျှောက်ရေးနေဆဲ..။
(ကဲ …ညီမလေးငှက်ကလေးရေ... ညီမtagထားတာနဲ့ ဆိုင်ရဲ့လားတောင်မသိဘူး ရေးတတ်သလိုတော့ရေးလိုက်တာပဲ
ဖတ်လို့အဆင်မပြေရင်လည်း အပေါ်ကခေါင်းစီးစာကိုဖတ်ပြီးတော့ပဲ နားလည်ပေးပါတော့..“သားကြီးရေးချင်သလိုရေးသည်”လေ:P
အဲ့…ဟိုကောင်မလေးအတွက်လုပ်ထားတဲ့ကဗျာဘလော့လိပ်စာမေးဦးမလို့လား? မမေးနဲ့ဗျို့ ဖြေမယ့်အစီအစဉ်လုံးဝမရှိဘူး
မကျေနပ်ရင် အသေသာသတ် :P:P:P )

Massari - Massari (Retail 2005)


real love
01 intro
02 be easy
03 what kinda girl
04 smile for me ft loon
05 when i saw you
06 real love
07 rush the floor ft belly
08 gone away
09 who knows
10 don't let go ft belly
11 show me
12 follow my lead ft vico
13 inta hayati
download

ငပိပြီးတော့ပုန်းရည်ကြီးခင်ဗျာ ပုန်းရည်ကြီး :P




ဒါကတော့ကမ္ဘာ့အကောင်းဆုံးဆေးမှင်ကြောင်ပါ :P

ဒီတစ်ခါငပိချက်ဗျို့ :P

ကူညီပါ့မယ်
ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည်

"အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။"

"မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်"
..........................
မထိုင်နဲ့လေ
အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ၀င်လာပြီး ဆိုင်ရှင်ကို
မကျေမနပ် ပြောသည်။

"မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလာထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။"

"မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ ထင်တယ်။"
.......................
လူစကား
လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ၀ယ်လာသည်။
အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။

"ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့"

ကြက်တူရွေးက အံ့သြတကြီး ပြန်မေးသည်။

"ဘာ ဘာ. ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား"
.......................
ကြိုးစားကြည့်လေ
ဆရာက မေးသည်

"ငါးတွေ ဘာဖြစ်လို့ စကားမပြောသလဲ"

ပီတာက ချက်ချင်းပြန်ဖြေသည်။

"ရေထဲမှာ ဆရာ စကားပြောကြည့်ပါလား"
.....................
ဘယ်အချိန်လာရမလဲ
ဈေးမ၀ယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။

အမျိုးသား - အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ

ဈေးသည် - မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့

အမျိုးသား - အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?
.....................
ဘာမှမရှိဘူး
လူတစ်ယောက် စားသောက်ဆိုင်သို့ ၀င်လာပြီး စားပွဲထိုးကို မေးသည်

"ခင်ဗျားတို့ဆီမှာ ငါးဟင်းရလား"

"မရပါဘူး"

"အမဲနှပ်ရော"

ွှ"မရှိပါဘူး"

"ဟင်းသီးဟင်းရွက်ကြော်ကော"

"အဲဒါလည်း မရှိပါဘူး"

ယောက်ျားကြီး စိတ်ပျက်ပြီး ဆိုင်ထဲမှထွက်လာသည်။ နောက်မှ စားပွဲထိုး
ပြေးလိုက်လာပြီး အော်ပြောသည်။

"ကျွန်တော်တစ်ခု ပြောဖို့ မေ့သွားပါတယ်။ ကျွန်တော်တို့ဆိုင်မှာ
ဝက်သားဟင်းလဲ မရပါဘူး"
..................
မည်သူမပြု မိမိမှု
"အန်ကယ့်သမီး ကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူလိုက်ပြီ ခင်ဗျ။"

ထိုအခါ အဖိုးကြီးက

"အဲဒါကတော့ မည်သူမပြု မိမိမှုပဲ၊ မောင်ရင်သာ အန်ကယ်တို့အိမ်ကို ညနေတိုင်း
မလာခဲ့ဘူးဆိုရင် ဒီလိုဖြစ်လာစရာ အကြောင်းမရှိဘူး"
......................
ပေးစားချင်တာကြာပြီ
သမီးရည်စားနှစ်ယောက် ခိုးပြေးကြသည်။ ခရီးတွင်စေရန် တက်စီတစ်စီငှားကာ
ကောင်လေး သူငယ်ချင်းအိမ်သို့ သွားကြသည်။ အိမ်ရောက်သောအခါ ကောင်လေးက
တက်စီသမားအား ပိုက်ဆံထုတ်ပေးမည် အလုပ်တွင် တက်စီသမားက
"မပေးပါနဲ့တော့။ သတို့သမီးအဖေက ကျွန်တော့်ကို ပေးပြီးပါပြီ။"
............................
ခင်ဗျားတို့ကိုး
ဆေးရုံမှ လင်မယာနှစ်ဦး ထွက်လာသည်။ လမ်းတွင် တက်စီငှားသည်။ မိန်းမက တက်စီသမားအား

"ကျေးဇူးပြုပြီး ဖြေးဖြေးမောင်းပေးပါနော်.ကျွန်မတို့နှစ်ယောက် မနေ့က
အမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့တွေ့တာ ဆေးရုံတက်လိုက်ရတယ်။"

တက်စီသမား။ ။"ဪ....ခင်ဗျားတို့ကိုး။ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး"
....................
မှားပါတယ်
ကိုအူ တစ်ယောက် ရုပ်ရှင်ကြည့်ရန် လက်မှတ်ရုံတွင် လက်မှတ်ဖြတ်နေသည်။ တခဏာ
အကြာတွင် ကိုအူ တစ်ယောက် လက်မှတ်လာ ဖြတ်ပြန်သည်။ သိပ်မကြာလိုက်
လက်မှတ်ရုံသို့ ကိုအူ ပြန်ရောက်လာကာ လက်မှတ် ဖြတ်ပြန်သည်။

လက်မှတ်ရောင်းသူ- (အံသြ စွာဖြင့်) စောစောတုန်းက လက်မှတ်နှစ်ခါ လာဝယ်တာ
နောင်ကြီးပဲ မဟုတ်လား၊ ဒါကောဆို သုံး ခါရှိသွားပြီနော်။ ဘာလို့လဲဗျ။

ကိုအူ- ဘာဖြစ်ရမှာလဲဗျ။ ရုံပေါက်က လူပေါ့၊ တော်တော်ဆိုးတယ်ဗျာ
ကျုပ်လက်မှတ်ကို တောင်းပြီး စုတ်ဖြဲပစ်လိုက်တယ်။
.......................
mailထဲကရတာလေးနဲ့ ငါးပိချက်နေတာပါ :P

တိုက်ကြီးအက်သံ

တစ်နေ့သ၌….
မလေးရှားနိုင်ငံ၏ အတန်အသင့်လူစည်ကားသောရပ်ကွက်တစ်ခုအတွင်းရှိ အနည်းငယ်ချောင်ကျသော နေရာတနေရာ၌ လူတစ်ယောက်သည် ဟောင်းနွမ်းဆွေးမြည့်နေပြီဖြစ်သည့်အဆောက်အဦဟောင်းတစ်ခု၏ နံရံအားမှီလျှက် ဂျစ်ပစီစတိုင်လ်ဖြင့်ရပ်နေလေသည်။
အမှတ်တမဲ့ကြည့်လျှင် ထိုလူ၏အရောင်အဆင်းမရှိသည့်ဝတ်စားဆင်ယင်မှုကြောင့် ခပ်ညံ့ညံ့တောဇာတ်တစ်ခုမှလူကြမ်းသရုပ်ဆောင်တစ်ဦးဟုထင်မှတ်ရမည်ဖြစ်သော်လည်း ထိုလူသည် လူကြမ်းသရုပ်ဆောင်မဟုတ်ချေ၊ ထိုလူသည် “သားကြီး”သာဖြစ်ချေသည်။
“….သြော်..?? rapperတွေသီချင်းထဲ ထည့်ထည့်ဆိုနေတဲ့ ဘဝ..ဘဝ..
ငါ့ကျမှ မဝ..မဝ ဖြစ်ရတယ်…”
အထက်ပါအတိုင်းရေရွတ်ပြီးသားကြီးသည် ခြစ်ခြစ်တောက်ပူနေသည့်မိုးကောင်းကင်အား ဆွေးဆွေးမြည့်မြည့်မော့ကြည့်မိလေသည်။
“အင်း..?? နတ်ဖြစ်တာချင်းအတူတူ မလေးရှားမှာနတ်ဖြစ်ရရင်တော့မလွယ်...
မလေးရှားနိုင်ငံဟာ တော်တော်ပူတဲ့နိုင်ငံပဲ..? နေနဲ့နည်းနည်းလှမ်းတဲ့မြေကြီးပေါ်က ငါတို့လူတွေတောင်ဒီလောက်ပူနေရင်
နေနဲ့နီးတဲ့ ကောင်းကင်ကနတ်တွေဆို သွားပြီ၊ အဝတ်တောင်ကပ်နိုင်မှာမဟုတ်တော့ဘူး...
အင်း..? မလေးနတ်သမီးတွေတော့ ဒုက္ခပါပဲ..”
ထိုသို့အဆီအငေါမတည့်သည့်စကားများအားပြောဆိုပြီးသကာလ သားကြီးသည်ကောင်းကင်မှအကြည့်ကိုဖယ်ခွါ၍ လူအများဥဒဟိုသွားလာနေသည့်လမ်းမဘက်သို့အကြည့်ကိုရွေ့လိုက်လေသည်။ သို့သော်….
အကြည့်ကိုနေရာတနေရာတည်းတွင်ကြာကြာမထားရဲ.. ခဏခဏရွေ့ရပြန်၏ ၊
အကြောင်းမူကား.... လမ်းသွားလမ်းလာ လူ“အထီး”များအားဖယ်၍ လူ “အမ”များဆီသို့သာအကြည့်ကအော်တိုမက်တစ်ရောက်ရောက်နေသဖြင့် ကံမကောင်းလျှင်နှာဘူးဟု အထင်ခံရနိုင်လေသည်။
တအောင့်မျှကြာသော်...... မလေးရှားဝန်ကြီးချုပ်ဟောင်းမဟာသီထက်ပင်အသက်ပိုကြီးနေသေးသည့် သားကြီး၏ ဖုန်းအစုတ်ထဲသို့ callတစ်ခုဝင်လာလေသည်...
“ဟဲလို”
“ဟေ့ရောင်သားကြီး!!! မင်းအလုပ်ပြုတ်သွားပြီဆို..ဘယ်လိုဖြစ်တာလဲ”
လူရှုပ်ဝင်းဇော်၏အသံမှန်းသိလိုက်သည်။
“အေးကွာ… မနေ့ကပဲငါ့ကိုဖြုတ်လိုက်ပြီ သူဋ္ဌေးနဲ့ထထိုးကြလို့ကွာ”
“ဟေ!! ဖြစ်မှဖြစ်ရလေကွာ.. မင်းခေါင်းမှကောင်းသေးရဲ့လား ? သူဋ္ဌေးကိုပဲပြန်ထိုးရတယ်လို့”
“ဖိနှိပ်ချုပ်ချယ်တာတွေကသိပ်များပြီကွ သည်းမခံနိုင်တော့ဘူး”
“အော်….သူငယ်ချင်းရယ် ဒါများအဆန်းလုပ်လို့ ရွေပြည်မြန်မာကလူမဟုတ်တာကျနေတာပဲ သူဋ္ဌေးတွေလူပါးဝတာလောက်တော့ ဒို့ဆီက အသက်ကြီးကြီးဘဲတွေလူပါးဝတာကိုဘယ်မှီပါ့မလဲ? ပါးပါးလေးပါကွ ဒါနဲ့ ဘာဆက်လုပ်မယ်စိတ်ကူးထားလဲ”
“ဘာဆက်လုပ်ရမှန်းကိုမသိတော့ဘူး နေစရာလည်းမရှိဘူး စားစရာလည်းမရှိဘူး မင်းမှာအလုပ်လေးဘာလေးရှိရင်ပြောပါဦး”
ထိုအခါ တဖက်ဖုန်းမှအတန်ကြာတိတ်သွားသည် နောက်မှတွေးတွေးဆဆလေသံလေးဖြင့်..
“အင်း…မင်းက လူပုံကပျော့တိပျော့ဖတ်နဲ့ဆိုတော့အလုပ်ကြမ်းတွေလုပ်နိုင်မှာမဟုတ်ဘူး KLမြို့ထဲမှာလုပ်မလား?ငါ့အဆက်အသွယ်ရှိတယ် ဘာမှမပင်ပန်းဘူး စန်းပွင့်ရင်ပွင့်သလိုပိုက်ဆံရမယ် ကံကောင်းရင် မလေးရဲမှုးချုပ်ထက်တောင်မင်းဝင်ငွေတွေများနေဦးမယ်”
အလွန်အားရကျေနပ်ဖွယ်ကောင်းသည့်ဝင်းဇော်၏စကားကြောင့် သားကြီးလည်းစိတ်ဝင်စားသွားလေသည်။
“တယ်ဟုတ်ပါလားသူငယ်ချင်းရ ဘာအလုပ်တဲ့လဲ? ဘာလုပ်ရမှာလဲ”
“ဘာမှကိုမလုပ်ရဘူးဟေ့.. မင်းသားလိုကျော့နေအောင်ဝတ်စားပြီးထိုင်နေရုံပဲ...အဲဒီမှာ အန်တီကြီးတွေ မမကြီးတွေကားလှလှလေးတွေနဲ့လာခေါ်ရင်လိုက်သွား သူတို့အကြိုက်လုပ်ပေးလိုက်.. ဒါပဲ ၊ငါထင်ပါတယ် နှစ်လလောက်မင်းကောင်းကောင်းအနစ်နာခံပြီးလုပ်လိုက်ရင် မင်းဘဝလုံးဝပြောင်ပြောင်ရောင်ရောင်ဖြစ်လာလိမ့်မယ်...”
……အကောင်းမှတ်လို့နားထောင်နေတာ ဒင်းက ဟိုဟာလုပ်ခိုင်းနေတာကိုး...?
ဝင်းဇော်၏ဆိုလိုရင်းကိုသဘောပေါက်ပြီးသကာလ သားကြီးလည်းပျစ်ပျစ်နှစ်နှစ်ကော်ဆဲပြီး ဖုန်းချလိုက်တော့သည်။
…သြော် ဘဝ..ဘဝ၊ လဒ…လဒလို့ပဲအော်ရတော့မည်။
ဖုန်းထဲမှာလည်းပိုက်ဆံက၂ကျပ်သာသာရှိတော့သည်.. နောက်ဆုံးပိုင်ဆိုင်သည့်ငွေပမာဏလည်းဖြစ်သည်...
ထို့နောက်“အလွန်း”ဆိုသူတရုတ်လူမျိုးသူငယ်ချင်းအားသတိရသဖြင့်လက်ကျန်ငွေဖြင့်ဖုန်းခေါ်လိုက်သည် အခြေအနေကိုပြောပြလိုက်သည် အလွန်းလည်းလိုလိုလားလားပင်ကူညီခဲ့သည်
“သူဋ္ဌေးပေးတဲ့အိမ်မှာပဲငါတို့နေနေကြတာ မင်းလည်းလာနေပေါ့ ဘာမှမဖြစ်ဘူး စားစရာလည်းမပူနဲ့ ငါကြံမယ်”
ဤသို့ဖြင့်သားကြီးသည်အလွန်းတို့နေထိုင်သည့်တိုက်ကြီးသို့ပြောင်းရွေ့နေထိုင်ဖြစ်ခဲ့သည်။ ၁၀ထပ်ဖလက်ကြီးဖြစ်သည်။၇ထပ်မြောက်တွင်အလွန်းတို့နေသည်..
အခန်းကြီးသုံးခန်း ဧည့်ခန်းကြီးတခန်းနှင့် နေချင့်စဖွယ်လေးဖြစ်ပြီး လောလောဆယ် နေထိုင်သူကား သားကြီး၊ အလွန်းနှင့် အမြဲရေခဲရှုနေသည့်နောက်တရုတ်တစ်ကောင် ပေါင်းသုံးယောက်သာ သို့သော်နောက်တစ်ရက်လင်းလျှင် သူတို့နှင့်အလုပ်အတူတူလုပ်မည့်နောက်တရုတ်မနှစ်ယောက်ဤအိမ်သို့လာရောက်နေထိုင်မည်ဖြစ်သဖြင့် သားကြီးနှင့်အလွန်းက တစ်ခန်းယူပြီး မရောက်လာသေးသည့်တရုတ်မနှစ်ယောက်အတွက် အခန်းလွတ်တစ်ခန်းချန်ထားရသည်။
နောက်တစ်ရက်ကူးသော် အလွန်းအလုပ်ထွက်လုပ်ချိန်တွင်သားကြီးလည်းအလုပ်ထွက်ရှာလေသည် ။
ညအမှောင်သာကြီးစိုးသွားခဲ့သည် ဘာအလုပ်မှရမလာခဲ့ စိတ်ပျက်လက်ပျက်ဖြင့်နေထိုင်ရာအခန်းသို့ပြန်လာခဲ့ရသည်။
အခန်းရောက်သော် တံခါးများအကုန်ပိတ်ထားသဖြင့်သားကြီးအလွန်စိတ်ညစ်သွားသည်။
လူခေါ်ဘဲလ်အားနှိပ်ပြီး တအောင့်ကြာသော် အထဲမှသစ်သားတံခါးပွင့်လာပြီး တရုတ်မနှစ်ယောက်၏မျက်နှာဝိုင်းဝိုင်းလေးပေါ်လာသည်။
နှစ်ယောက်စလုံးကလေးမျက်နှာနှင့် ၊အသက်၁၈ပင်ပြည့်တတ်သေးပုံမပေါ်...ချောမောလှပကြသည်။
“ဘာကိစ္စ.. ဘယ်သူနဲ့တွေ့ချင်လဲ”
အဲ… အသံလေးတွေက စွာတာတာလေး… သားကြီးရယ်ချင်သွားသည်၊
“ဘယ်သူနဲ့မှမတွေ့ချင်ဘူး ခုလောလောဆယ်ငါ့ခေါင်းအုံးနဲ့ပဲငါတွေ့ချင်တယ် အိပ်ငိုက်နေပြီ”
“သြော်… အလွန်းပြောတဲ့လူကနင်လား ဒါဆိုလည်းဝင်ခဲ့”
တံခါးဖွင့်ပေးပြီးနောက် သူတို့ကိုယ်သူတို့မိတ်ဆက်လာသည်၊
“ငါက“အိုက်ယင်” သူက“အလင်း”တဲ့ အီပို့ကနေတက်လာတာ နင်ကရော”
“ငါ့နာမည် steven chow ဟောလိဝုကနေပြန်လာတာ”
ထိုအချိန်က shaoling soccerဇာတ်ကားဖြင့်နာမည်ကြီးနေသောဟောင်ကောင်မင်းသားကြီးတစ်ဦး၏နာမည်အားတမင်ရွဲ့ပြောလိုက်ခြင်းဖြစ်သည်။
တရုတ်မနှစ်ယောက်လုံးပြုံးစေ့စေ့ဖြစ်သွားသည်။ ထို့နောက် ခပ်စွာစွာ အိုက်ယင်က..
“နင်ကsteven chowနဲ့မတူဘူး man tat ng နဲ့ပိုတူတယ်” ဟုပြောပြီးနှစ်ယောက်သားသဘောခွေ့ကာရယ်မောနေကြလေသည်။
သားကြီးနည်းနည်းတော့ တင်းချင်ချင်ဖြစ်သွားသည် man tat ngဆိုသူမှာ steven chowဇာတ်လမ်းတော်တော်များများတွင် ဦးလေးလုပ်လိုက် အဖေလုပ်လိုက် လုပ်နေသူ အသက်ခပ်ကြီးကြီး နှုတ်ခမ်းမွှေးကားကားနှင့် ဘဲကြီးဖြစ်သည် ကိုယ့်စကားနှင့်ကိုယ်ပြန်ငြိနေပြီ ။ အလုပ်ရှာမရသဖြင့်လူကသိပ်မပျော် အရေးထဲသာလိကာလိုဟာလေးတွေနှင့်လာတိုးနေသည်
သားကြီးဘာမှပြန်မပြောဘဲခပ်ဆိတ်ဆိတ်ပဲနေလိုက်သည်။သို့သော် ငနဲမနှစ်ကောင်ကားမနေပါချေ..
“နင်တရုတ်စကားပြောတာမပီဘူးနော် ရယ်ချင်စရာကြီးဖြစ်နေတယ် အဲ..တရုတ်လိုဆဲရင်တော့အရမ်းပီတယ်တဲ့ အလွန်းပြောတာပါ ဟုတ်လားဟင်? တခွန်းလောက်ဆဲပြပါလား”
“………………………….”
“နင်metal gear solidကိုမိုးလင်းပေါက်ဆော့တယ်ဆို ps oneတုန်းကပဲငါဆော့ဖူးတာ two မဆော့ဖူးဘူး ပေးဆော့နော်”
“…………………………”
“အလွန်းပြောတယ် နင်အောကားတွေကြည့်တယ်ဆို”
“ဟေ့..မင်းတို့ဒါတော့လွန်တယ်ကွနော်”
သားကြီးပေါက်ကွဲသွားလေပြီ ငရုတ်သီးမစားရပါဘဲ ရှုးရှုးရှားရှားဖြစ်သွားလေပြီ ၊ငနဲမနှစ်ကောင်ကား တခွီးခွီးဖြင့်ရယ်မောကာ သူတို့အားပေးထားသည့်အခန်းတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
“ငါဘာမှပြောမထားဘူးနော် သူတို့ဘာသာသူတို့မင်းကိုဝိုင်းကြပ်နေတာ တော်တော်မလွယ်တဲ့ဟာတွေကွ”
အလွန်းကားအခန်းတွင်းမှထွက်လာပြီးသားကြီးအားပြန်လာရှင်းပြသည်။
ထိုညစိတ်မောလူမောနှင့်စောစောအိပ်ပျော်သွားခဲ့သည် အိပ်မက်ထဲတွင်တောင်အလုပ်ကိုပတ်ရှာနေသဖြင့်အိပ်နေရင်းလည်းသားကြီးမောရလေသည်။
“သြော်….မလှလိုက်သည့်ဘဝများ အိပ်မက်ထဲတွင်တောင်ဘဝက လှမနေပါချေ”
နံနက်သုံးနာရီလောက်တွင် ရေဆာသဖြင့်နိုးလာသည် ချက်ခြင်းမထဖြစ်သေး အိပ်ယာထက်တွင်ပင်လဲလျောင်းနေရင်းထူးခြားမှုတစ်ခုကိုသားကြီးသတိပြုမိလိုက်သည် သူ၏ပခုံးနားသို့ အသက်ရှုသံတစ်ခုနှင့်အတူ လေနွေးနွေးလေးတစ်ခုသည် အချက်ကျကျလာလာတိုက်ခတ်နေခြင်းဖြစ်သည်...
ပထမတွင် အလွန်းတစ်ယောက်အအိပ်ဆော့ပြီး အနားသို့ရောက်လာခြင်းလောဟုလှည့်မကြည့်ဘဲတွေးမိလိုက်သေးသည်
သို့သော် မွှေးပျံ့သည့် ကိုယ်သင်းနံ့တစ်မျိုးကိုရေးရေးလေးရလိုက်သည့်အခါ အလွန်းမဟုတ်မှန်းသေချာသွားလေပြီ ။
သားကြီးလည်းအိပ်ယာထက်ဝယ်ငုတ်တုတ်ထထိုင်ပြီး သူ့အိပ်ယာကိုသူပြန်ကြည့်လိုက်ရာ သူ့ဘက်မျက်နှာမူပြီး တစ်စောင်းကွေးကွေးကလေးအိပ်ပျော်နေသည့် အိုက်ယင်နှင့်သူ့ဘေးဘက်တွင် အလင်းအား ပြင်ပမှမီးရောင်မှုန်မှုန်ဖြင့်မြင်တွေ့လိုက်ရတော့သည်။
“စောက်ကလေးမတွေ ကိုယ့်အခန်းကိုယ်မအိပ်ကြပါလား ပြဿနာပဲ”
အလွန်းကားဘာမှမသိဘဲအိပ်ပျော်နေရှာသည် ဘယ်အချိန်ကတည်းကဝင်လာအိပ်ကြသည်မသိ အလွန်းနှင့်သားကြီး နှစ်ယောက်သားအိပ်ပျော်သွားချိန်တွင် ငနဲမတွေ ဝင်လာကြပုံရသည် ။ အခန်းကကျယ်သဖြင့်လူလေးယောက်လည်းချောင်ချောင်ချိချိအိပ်နိုင်လေသည် ။
ရေသောက်ပြီးပြန်အိပ်သော်လည်းတော်ရုံနှင့်သားကြီးအိပ်မပျော်ပါလေတော့ စိတ်ထဲတွင်တစ်မျိုးကြီးဖြစ်နေသည် ။
“နက်ဖြန်မှပဲ ဒီကိစ္စဆွေးနွေးရတော့မယ် ဘာကိစ္စ ကိုယ့်အခန်းကိုယ်မအိပ်ကြသလဲ”
ထို့နောက်သားကြီးလည်းပျော်အောင်ကြိုးစားအိပ်လိုက်တော့သည်။
နံနက်အလင်းရောက်သော် အခန်းကအခြင်းအရာကိုမြင်ပြီး အလွန်းလည်းအတော်စိတ်ညစ်သွား၏
“ငါ့စော်မှာဒီအိမ်သော့တူအကုန်ရှိတယ်ကွ တခါခါစိတ်ကူးပေါက်ရင်မနက်အစောကြီးတိုက်ပေါ်တက်လာတတ်တယ် အခန်းမှာ ဒီလိုရောအိပ်နေတာတွေ့လို့ကတော့သေပြီ ငါပြဿနာရှင်းနိုင်မှာမဟုတ်တော့ဘူး”
“ဒါဆိုမင်းတို့သူဋ္ဌေးကိုအကျိုးအကြောင်းပြောပြလိုက်”
သားကြီးပေးသည့်အကြံကိုယူပြီးအလွန်းလည်း သူဋ္ဌေးထံကွန်ပလိန်းတက်သည်။ သူဋ္ဌေးလည်း အိုက်ယင်နှင့်အလင်းအားခေါ်ဆူလေတော့သည်....
“ဘာကိစ္စယောင်္ကျားတွေအခန်းဝင်အိပ်ရတာလဲ”
“ညကအခန်းအပြင်ဘက်ဝရန်တာမှာ တစ်ညလုံးလမ်းလျှောက်တဲ့ခြေသံကြားရတယ် တံခါးဖွင့်ကြည့်တော့လည်းလူမမြင်ရဘူး သရဲပဲဖြစ်မယ် အဲဒါနဲ့ကြောက်ပြီး မအိပ်ရဲတော့လို့သူတို့အခန်းဝင်အိပ်တာပါသူဋ္ဌေးရယ်”
“ငါပြောမယ် မမြင်ရတဲ့သရဲကနင်တို့ကိုဘာမှမလုပ်နိုင်ဘူး မြင်ရတဲ့လူကပဲနင်တို့ကိုလုပ်မှာ ကိုယ့်ကိုကိုယ်မိန်းကလေးဆိုတာသတိရဦး”
“မြင်ရတဲ့လူကိုမကြောက်ဘူးသူဋ္ဌေးရဲ့ မမြင်ရတဲ့သရဲကိုကြောက်တယ်”
“အာ… ဒုက္ခပါပဲလား ဒါပဲပြောမယ်နော် ကိုယ့်အခန်းကိုယ်အိပ် အရောရောအနှောနှောအိပ်လို့ပြဿနာတက်ရင်ငါလည်းမရှင်းနိုင်ဘူး ကြားလား”
“ဟုတ်ကဲ့ပါရှင်”
ဤသို့ဖြင့်ကောင်မလေးနှစ်ယောက်သည်ကိုယ့်အခန်းကိုယ်အိပ်ပါမည့်အကြောင်း သူဋ္ဌေးအားခပ်တည်တည်ဖြင့်ဂတိပေးပြီးနောက် အိမ်ပြန်ရောက်သော် ခပ်တည်တည်ဖြင့်ပင်သားကြီးတို့အခန်းထဲဝင်အိပ်ပြန်လေသည်။
“ကဲ.. အခန်းချင်းလဲမယ်”
အလွန်း၏တောင်းဆိုမှုဖြင့်အခန်းချင်းလဲလိုက်ကြသည် ၂ရက်သာကြာသည် ငနဲမနှစ်ကောင်လာပေါင်းအိပ်ပြန်သည် အကြောင်းပြချက်ကလည်းထူးမခြားနား....၊
“နင်တို့အခန်းပြတင်းတံခါးပေါက်က ညညဆိုအရိပ်တွေဖြတ်ပြေးနေတယ် လူရိပ်ဖြစ်လိုက် အကောင်တွေရဲ့အရိပ်ဖြစ်လိုက်နဲ့ မဲမဲကြီးတွေဟာ ငါတို့ကြောက်တယ်”
အလွန်းလည်းအကြီးအကျယ်စိတ်ဓါတ်ကျနေလေပြီ သားကြီးလည်း ဥာဏ်နီဥာဏ်နက်သုံးရတော့သည်။
“ဒီလိုလုပ်ကွာ”ဟုအစချီကာသူ့အကြံဥာဏ်ကိုအလွန်းအားတိုးတိုးတိတ်တိတ်ဖွင့်ပြောလိုက်သည် အလွန်းလည်းသဘောကျသွားသည်
“မင်းအကြံပိုင်တယ် အဲဒါဆိုသူတို့လည်းဝင်အိပ်ရဲမှာမဟုတ်တော့ဘူး”
ကြိုတင်စည်းဝါးရိုက်ထားသည့်အတိုင်း အိုက်ယင်တို့နှစ်ယောက်အားတိုးတိုးတိတ်တိတ်ခေါ်ယူ၍အလွန်းက အောက်ပါအတိုင်းပြောပြလေသည်...
“သားကြီးကိုနင်တို့ဘာထင်လဲ? မူးလာရင်အရမ်းသွေးဆိုးတာနော် တစ်အိမ်ထဲအတူတူနေတဲ့သူတွေချင်းမို့လို့ဆိုပြီး နင်တို့ကိုညှာလိမ့်မယ်တော့မထင်နဲ့ သူက ဇ ရှိတယ် မူးလာရင်ဘယ်ကောင်မမှမရှောင်ဘူး”
ကလေးမနှစ်ယောက်ကားမျက်လုံးကလေးပေကလပ်ပေကလပ်နှင့်နားထောင်နေရှာသည်၊
ပိုပြီးပီပြင်စေရန်ညနေဘက်တွင်သားကြီးသည် carlsbergနှစ်လုံးနှင့်Guinness stoutတစ်လုံးအားအပြင်မှဝယ်လာပြီးနောက်အခန်းထဲတွင်သောက်ရန်ပြင်လေသည် မျက်နှာကိုလည်းအတတ်နိုင်ဆုံးခက်ထန်ထားလိုက်၏။
ပုလင်းသုံးလုံးနှင့်မိန့်မိန့်ကြီးထိုင်နေသောသားကြီးကိုမြင်သည်နှင့်တစ်ပြိုင်နက် တရုတ်မနှစ်ယောက်လုံးတစ်ဖက်ခန်းသို့ကူးသွားတော့သည်....
ကောင်းပေစွ…ကောင်းပေစွ... သားကြီးအကြံအောင်မြင်ချေပြီ။
ခွက်ထဲသို့ဘီယာအနည်းငယ်လောင်းထည့်လိုက်ပြီး စိမ်ပြေနပြေအရသာခံသောက်နေလိုက်သည်။
“သနားလိုက်ပါဘိ ကလေးမတို့ရယ် ခုတော့သားကြီးကိုကြောက်သွားကြရှာပြီပေါ့ကွယ်”
သားကြီးမျက်နှာပြုံးဖြီးဖြီးကြီးဖြစ်နေလေသည်...၊
သို့သော်…မကြာလိုက်...
ပြုံးဖြီးဖြီးသားကြီးမျက်နှာတည်သွားသည် တည်ရာမှမဲ့သွားသည် မဲ့ရာမှငိုမလိုညိုတိုတိုဖြစ်လာတော့သည်...
သူ့အားကြောက်၍အပြင်ထွက်သွားသည်ဟုငနဲမနှစ်ကောင်အားရှော့တွက်မိခြင်းသည်မှားလေစွ...
တဖက်ခန်းကူးသွားကြခြင်းမှာ ခွက်သွားရှာကြခြင်းသာဖြစ်သည် ဖန်ခွက်တစ်ယောက်တစ်လုံးရသော် သားကြီးနှင့်အတူတူဝင်ထိုင်ပြီး မပြောမဆိုနှင့် တစ်ခွက်တစ်ဖလားဝင်နွဲကြလေတော့သည်။
သားကြီး၂ခွက်သောက်ပြီးချိန်တွင် ကောင်မလေးနှစ်ယောက်တစ်ယောက်ငါးခွက်စီသောက်လိုက်ကြပြီဖြစ်သည်
သားကြီးနည်းနည်းဝေနေချိန်တွင် ကောင်မလေးနှစ်ယောက်အမူးကြီးမူးနေကြပြီဖြစ်သည် ပုလင်းလည်းပြောင်လေပြီ အလင်းကငြိမ်သော်လည်းအိုက်ယင်ကအနည်းငယ်သွေးဆိုးသည် “အဟုမ်း” ဆိုသောအမည်နာမတစ်ခုအားထုတ်ပြီးဆဲနေသည် “အဟုမ်း”ဆိုတာယောင်္ကျားလေးတစ်ယောက်နာမည်သာဖြစ်သည် သို့သော် မည်သူမှန်းတော့သားကြီးလည်းမသိချေ...။
“သူတို့နှစ်ယောက်မူးနေတာကိုပတ်ထိန်းနေရတာနဲ့ပဲ ငါလည်းသောက်ထားတာတွေဘယ်ပျောက်ကုန်မှန်းမသိတော့ဘူး စိတ်ညစ်လိုက်တာကွာ”
သားကြီးစကားကိုနားထောင်ပြီးသည့်နောက်အလွန်းလည်းဘာမှမကြံတတ်တော့ချေ ဖြစ်သမျှအကြောင်း အကောင်းပဲဟု သဘောပိုက်လိုက်ပုံရသည်...။
ဤသို့ဖြင့်အသွင်မတူသောလူသားလေးဦးသည်အခန်းတစ်ခန်းတည်းတွင်နေထိုင်ဖြစ်ကြတော့သည်။
“ငါကြည့်ချင်တဲ့အခွေတွေကြည့်လို့မရတော့ဘူး သူတို့နှစ်ယောက်ကအချိန်ပြည့်အခန်းထဲမှာ”
“ငါဆော့ချင်တဲ့ဂိမ်းခွေလည်းဆော့လို့မရတော့ဘူး controllerက အချိန်ပြည့်သူတို့လက်ထဲမှာ”
အလွန်းနှင့် သားကြီးတို့နေ့တိုင်းညဉ်းနေရသည့်စကားများဖြစ်သည်။
တမနက်တွင်ဖြစ်သည် .. အခန်းထဲတွင်ရှိုက်ရှိုက်ပြီးငိုနေသည့်အသံတစ်ခုကြောင့်သားကြီးအိပ်ယာမှနိုးလာခဲ့သည် ။
ငိုနေသူမှာ အလင်း ဆိုသည့်ကောင်မလေးဖြစ်သည် သားကြီးကိုကျောပေးထိုင်နေပြီး တစ်ကိုယ်လုံးသိမ့်သိမ့်ခါအောင် ရှိုက်ကြီးတငင်ငိုနေသည် ။
“၁၀နာရီတောင်ထိုးပြီ ဘာလို့အလုပ်မဆင်းသေးတာလဲ ဟိုနှစ်ယောက်တော့ဆင်းသွားပြီး”
သားကြီးလည်းအိပ်ယာမှထလာပြီး ကောင်မလေးနှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည်..။ ဘယ်ကတည်းကငိုနေသည်မသိ မျက်နှာကနီပြီးဖောင်းအစ်နေသည် မျက်ရည်များကလည်း တဖြိုင်ဖြိုင်နှင့်စီးကျနေလိုက်သည်မှာ သနားဖွယ်အတိပင်ဖြစ်တော့သည်၊ တစ်ရှုးတစ်ဖာလည်းကုန်သွားလေပြီ ။
“ဘာဖြစ်တာလည်းဟာနင်ကလည်း စောစောစီးစီးငိုနေပါလား”
သားကြီးအမေးကိုရှိုက်သံတစ်ဝက်နှင့်ကောင်မလေးပြန်ဖြေသည်..
“ငါတို့အိမ်က ‘တန်ပို’လေ ဒီမနက်ပဲသေသွားပြီ အဟင့်ဟင့်ဟင့်”
သြော်..သေခြင်းတရားနှင့်ပတ်သက်သည့်ကိစ္စပေပဲ..သေတာလောက်ကြီးမားသည့်ဆုံးရှုံးမှုမရှိဟုထင်သည် ခုမှပဲအလင်းကိုပိုသနားသွားမိသည်။
“ငိုပေါ့ကောင်မလေးရယ် စိတ်ရှိတိုင်းသာငိုပစ်လိုက်ပါ”
အတတ်နိုင်ဆုံးဖြေသိမ့်စရာစကားပြောပေးဖို့တော့သားကြီးကြိုးစားမိသည်။
“ငါ၉တန်းတုန်းကငါ့အဖွားဆုံးတော့ ၁ရက်တိတိငါထမင်းမစားဘဲထိုင်ငိုနေတာ ငါကိုယ်ချင်းစာပါတယ် ဒါပေမယ့် ငါတို့လူဆိုတာသေမျိုးတွေပဲလေ တနေ့နေ့မလွဲမသွေဒီလမ်းကိုသွားကြရမှာပါပဲ”
တတ်သလောက်မှတ်သလောက်တရားသဘောနှင့်ယှဉ်ပြီး ကောင်မလေးစိတ်သက်သာရာရအောင်သားကြီးပြောမိသည်။
“ငါဒီကိုထွက်လာတဲ့နေ့တုန်းကသူသိပ်နေမကောင်းဘူး သူ့ကိုဂရုစိုက်ကြဖို့ အိမ်ကလူတွေကို ငါအတန်တန်မှာရဲ့သားနဲ့အခုလိုဖြစ်ရတာ ငါအိမ်ကိုဘယ်လိုပြန်ရမလဲ သူမရှိဘဲနဲ့ အီးဟီးဟီး”
ပြောရင်းဖြင့်ကောင်မလေးငိုပြန်ပါလေပြီ...။
“ဒါနဲ့တန်ပိုကဘယ်သူလဲဟင်”
“ရော့..ဒီမှာသူ့ပုံတွေအများကြီးရှိတယ်”
Tempo ဟုအမည်တပ်ထားသည့်သူမဖုန်းထဲကpicture file folderတစ်ခုကိုသားကြီးအားဖွင့်ကြည့်ခိုင်းလေသည်
သားကြီးလည်းဖွင့်ကြည့်လိုက်ရာကိုယ့်နဖူးကိုယ်ရိုက်လဲသေလိုက်ချင်စိတ်ပင်ပေါက်သွားတော့၏
tempoသည်လူမဟုတ်ဘဲကြက်တူရွေးငှက်ကလေးဖြစ်နေသည် အဟိတ်တရိစ္ဆာန်ပင်ဖြစ်သော်ငြားလည်း သံယောဇဉ်ဆက်ထုံးကြောင့်ကောင်မလေးကြူကြူပါအောင်ငိုနေရခြင်းဖြစ်သည် ၁၂နာရီထိငိုပြီးနောက်မောသွားသဖြင့်ရေချိုးခန်းထဲရေဝင်ချိုးသည် ရေချိုးပြီးဗိုက်ဆာသည်ဆိုသဖြင့် သားကြီးအပြင်ထွက်ပြီးထမင်းထုပ်ပေးရပြန်သည် ထမင်းစားပြီးနောက် တန်ပိုအားသတိရသည်ဟုဆိုကာဒုတိယအကြိမ်ဆက်ငိုသည် ၊၂နာရီခွဲလောက်တွင်ငိုရတာမောသဖြင့် ခဏနားပြီးတီဗွီဇာတ်လမ်းတွဲထိုင်ကြည့်နေသည် နောက်..ကောင်မလေးအိပ်ပျော်သွားတော့သည် မအိပ်ခင်မှာတမ်းချွေသွားသေးသည်..
ဖုန်းကိုsilent modeလုပ်ထားရန်၊ ဖုန်းလာလျှင်တိုးတိုးတိတ်တိတ်ပြောရန်၊ ဂိမ်းဆော့လျှင်ငြိမ်ငြိမ်သက်သက်ဆော့ရန်၊ အပြင်ထွက်လျှင်အခန်းတံခါးကိုညင်ညင်သာသာတွန်းဖွင့်ရန်နှင့် ငါးနာရီအတိတွင်ခေါ်နှိုးရန်တို့ဖြစ်သည်။
“ဘယ်လိုမာတုဂါမလေးတွေပါလိမ့်ကွယ်”
စဉ်းစားရင်းသားကြီးရယ်ချင်နေသည်၊ ဤသို့ဖြင့် အလွန်း၊သားကြီး၊အိုက်ယင်နှင့်အလင်းဟူသောအသွင်မတူသူလူသားလေးဦးတို့သည် အဆွေခင်ပွန်းဖွဲ့၍ငြိမ်းချမ်းစွာနေလာကြရာ (၄၈)ရက်တိတိပြည့်မြောက်သောနေ့တွင် ထိုအဆောက်အဦး၌ထိန့်လန့်ဖွယ်ရာဖြစ်ရပ်တစ်ခုဖြစ်ပွါးခဲ့တော့သည်။
ထိုနေ့သည် အလွန်းကအပြင်ရောက်နေပြီး အလင်းကဇာတိအီပို့သို့ပြန်သွားသဖြင့်အိုက်ယင်နဲ့သားကြီးတို့နှစ်ယောက်သာအခန်းထဲ၌ကျန်ရစ်သည် ။ထိုနေ့သည် သူလိုကိုယ်လိုနေ့တစ်နေ့သာဖြစ်သည် မနေ့ကထက်ဘာမှပိုမထူးသည့်နေ့လည်းဖြစ်သည် ထူးခြားသည်က နံနက်၁၀နာရီတွင်အိပ်ယာထက်ဝယ်ငုတ်တုတ်ထိုင်ပြီးအသက်ဖိုလှိုက်ဖိုလှိုက်ရှုနေသောအိုက်ယင်အား အိပ်ယာကနိုးနိုးခြင်းတွေ့ရခြင်းဖြစ်သည် ၊ရုတ်တရက်တော့သားကြီးလန့်သွားသည်။
“ဘာဖြစ်တာလဲ”
“ဘာဖြစ်ရမှာလဲ တိုက်ပေါ်ကလူတွေအကုန်လုံးအောက်ကိုဆင်းပြေးလို့ ငါလည်းဆင်းပြေးတာပေါ့ ခုမှပြန်တက်လာကြတာ”
သားကြီးနားရှုပ်သွားသည်။
“ရှင်းအောင်ပြောစမ်းပါဦးဟ”
“မနက်ကပေါ့ ဘာပေါက်ကွဲသံကြီးလည်းမသိဘူး တိုက်အောက်ကနေထွက်လာတာ အကျယ်ကြီးပဲ ၁၀ထပ်လုံးကလူတွေအကုန်လန့်ပြီးနိုးပါတယ်ဆို မနိုးတာနင်တစ်ယောက်ပဲ သေစရာရှိနင်အရင်သေပြီ အားလုံးတစ်ဝုန်းဝုန်းနဲ့ဆင်းပြေးကြတော့ငါလည်းနင့်ကိုခေါ်တယ် မနိုးဘူး၊ နင့်နားရွက်ကိုဆွဲပြီးခေါ်နိုးတယ် လက်နဲ့ရိုက်တယ် လက်သည်းနဲ့ဆိတ်တယ် ခြေတောက်နဲ့ကန်တယ် အဲဒါလည်းမနိုးဘူး”
“ဟေ!!! ငါ့ကိုခြေတောက်နဲ့ကန်နိုးတယ်”
သားကြီးရုတ်တရက်ကြေကွဲသွားလေသည် “သွားကုန်ပါပြီရှိစုမဲ့ဘုန်းကံလေးတွေ”သို့သော် သိချင်စိတ်ကပိုများနေသဖြင့် ဆက်မေးမိသည်။
“လူတွေအကုန်လုံးအောက်ကိုရောက်ကုန်တယ်လေ တိုက်ကြီးပေါ်ကိုမော့ကြည့်မော့ကြည့်နဲ့ တစ်ယောက်တစ်ပေါက်ပြောနေကြတယ် ဂက်စ်အိုးပေါက်တာလိုလို သေနတ်ပစ်တာလိုလို နောက်အကြာကြီးနေလို့ဘာမှလည်းမဖြစ် အဖြေလည်းရှာမရတာနဲ့ပြန်တက်လာကြတာ မောလိုက်တာ…ဟူး!!! ”
နေ့လည်၁နာရီတွင်မြန်မာစားသောက်ဆိုင်ဖွင့်ထားသည် အသိတစ်ဦးမှသားကြီးကိုဖုန်းဆက်သည်
“ညီရေ မင်းတို့တိုက်ဘက်က ဘာအသံကြီးလည်း ကွ သေနတ်ပစ်တာလား”
ထိုဖုန်းဆက်သူသည် သားကြီးတို့နှင့်အတန်ငယ်ကွာဝေးသောရပ်ကွက်တစ်ခုမှဖြစ်သည်။
“အဲလောက်ဝေးတဲ့နေရာကတောင် အသံကြားရတယ် ငါကမနိုးဘူး အင်း..အိုက်ယင်ပြောသလိုပဲ သေစရာရှိရင်ငါပဲအရင်သေမှာ အအိပ်ပုတ်လိုက်တာလွန်ရော”
နောက်မှသိရသည်မှာငလျင်လှုပ်သဖြင့်တိုက်ကြီးအက်ကွဲရာမှထွက်ပေါ်လာသည့်ဧရာမအသံကြီးဖြစ်သည်။
ထိုငလျင်သည် လူသားပေါင်းမြောက်များစွာ၏အသက်ကိုရက်ရက်စက်စက်ချွေယူခဲ့သည့်
ဆူနာမီလှိုင်းလုံးကြီးကိုဖန်တီးခဲ့သည့်ငလျင်လည်းဖြစ်တော့၏ ထိုနေ့ညတွင် ဆူနာမီကြောင့်အတုံးအရုံးသေဆုံးကုန်သူများကိုတီဗွီသတင်းတွင်သွေးပျက်ဖွယ်ရာတွေ့ကြရတော့သည်။
တိုက်ကြီးကိုဆိုင်ရာတို့ကအမြန်ဆုံး ပြန်လည်ပြင်ဆင်ခဲ့ကြသည်။

သားကြီးရဲ့best friend “အလွန်း”

(၂၀၀၅ခုနှစ်ကအဖြစ်အပျက်ဖြစ်ပါသည် ဤစာကိုဖတ်ရှုပြီးနောက် “သားကြီးက ပါးစပ်ထဲလက်ထည့်ရင်မကိုက်ဘူးပေါ့”ဟုစောဒကတက်ချင်တက်ကြမည်ဖြစ်သည် မှားပါလိမ့်မည် သားကြီးလည်းကိုက်တတ်သူသာဖြစ်ပါသည် သို့သော် သားကြီးသည် စားနိုင်လျှင်လျှော်နိုင်ရမည်ထုံးနှလုံးမူထားသူသာဖြစ်သည် ထိုစဉ်ကာလကသားကြီးတွင်စားစရာမရှိသလိုလျှော်စရာလည်းမရှိချေ ထို့ကြောင့်အိုးချင်းထားလည်းအိုးချင်းမထိ ကြိုးချင်းထားလည်းကြိုးချင်းမငြိခဲ့ရပါကြောင်း...။ ။ taryarL ၂.၃.၀၉)

“.................”


ကိုယ့်မျက်နှာ လူမြင်မှာစိုးတာနဲ့
ရေချိုးခန်းထဲကိုယ်ဝင်ခဲ့..
ကိုယ့်ငိုသံ လူကြားမှာစိုးတာနဲ့
ရေပိုက်ခေါင်းကိုယ်ဖွင့်ခဲ့...
လူဖြစ်လျှက်လုံးလုံး အဆုံးအရှုံးကြီးခဲ့ပါတယ် ဘဝရယ်
ကိုယ်မမြင်ရတဲ့ တောင်တန်းတွေမှာ..
နှင်းတွေဝေနေတုန်းမို့လား...
(အမည်မသိ)

just like heaven


ပြီးခဲ့တဲ့ရက်တွေကအခန်းမှာ pc ကမရှိ psကမရှိနဲ့ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ဒီနိုင်ငံကလွှင့်တဲ့တီဗွီချိုင်နယ်တွေကိုပဲပတ်ပြီးကြည့်နေမိတော့တယ် မှတ်မှတ်ရရ အင်္ဂါနေ့ည၉နာရီလောက်မှာ TV 2ကပြတဲ့ just like heaven ဆိုတဲ့ကားလာတော့ ထိုင်ပြီးကြည့်နေလိုက်တယ် Reese Witherspoon ကElizabethအဖြစ်သရုပ်ဆောင်ပြီး Mark Ruffaloက Davidအဖြစ်နဲ့သရုပ်ဆောင်ပါတယ် ဆုံစည်းမှုခပ်ဆန်းဆန်းအချစ်ဇာတ်လမ်းလေးပါ များသောအားဖြင့်အချစ်ဇာတ်ကားတွေကို ကျနောကြည့်လေ့ကြည့်ထမရှိဘူး ဒါပေမယ့်ဒီကားကိုတော့ အစကနေအဆုံးထိကိုတရှိုက်မက်မက်ကြည့်ဖြစ်သွားတယ်
သူမအလုပ်လုပ်တဲ့ဆေးရုံကနေအပြန်လမ်းမှာElizabethဟာကားအက်ဆီးဒင့်ဖြစ်သွားခဲ့တယ် elizabethအရင်နေခဲ့တဲ့အိမ်ကိုdavidကပြန်လာငှားနေတယ် တစ်ညမှာတော့ ကောင်မလေးတစ်ယောက်ရုတ်ခနဲပေါ်လာပြီး ဒါဟာသူမနေရာဖြစ်ကြောင်း အမြန်ဆုံးထွက်သွားသင့်ကြောင်း မထွက်ရင် ရဲခေါ်ရမည်ဖြစ်ကြောင်း davidကိုခြိမ်းခြောက်ပြီး ရုတ်ခနဲပြန်ပျောက်သွားပါတယ် davidလည်းကြောင်တောင်တောင်ဖြစ်ကျန်ရစ်တယ် နောက်ညတွေမှာလည်း ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေတဲ့ကောင်မလေးဟာ မရိုးဘူး သရဲဖြစ်နိုင်ကြောင်းdavidကရိပ်မိပြီး ရှိသမျှပယောဂဆရာတွေရော ခရစ်ယာန်ဘုန်းကြီးတွေပါအကုန်ပင့်ပြီး ဝိညာဉ်ကိုနှင်ပါတယ် ဒါပေမယ့်ဘာမှထူးမလာပါဘူး စပ်ဖြဲဖြဲနဲ့ကောင်မလေးက ပေါ်လာလိုက် ပြောချင်ရာပြောပြီးပြန်ပျောက်သွားလိုက်နဲ့ရှိနေတုန်း ကြာလာတော့ davidနဲ့လည်းခင်သွားကြတယ် ကြောက်ရကောင်းမှန်းလည်းမသိတော့ဘူး အဲလိုနဲ့တနေ့မှာ ဆေးရုံတစ်ခုကိုရောက်သွားတော့ လူနာကုတင်ပေါ်မှာမျောနေတဲ့ကောင်မလေးတယောက်ကိုdavidတွေ့လိုက်ရတယ် အဲဒါသူ့နေတဲ့နေရာက ဝိညာဉ်ရှင်ကောင်မလေးပါပဲ နောက်မှဆရာဝန်တွေကိုမေးကြည့်တော့ ကောင်မလေးဟာelizabethဖြစ်ပြီး ကားအက်ဆီးဒင့်ကြောင့် သတိမေ့သွားခဲ့တာအလွန်ကြာပြီဖြစ်ကြောင်းပြောပါတယ် elizabethဟာသေဆုံးသွားတဲ့ဝိညာဉ်မဟုတ်ဘဲ မျောပြီးစွဲလန်းစိတ်နဲ့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်နေတဲ့ဝိညာဉ်ဖြစ်ကြောင်းdavidသိလိုက်တယ် ။အဲဒါနဲ့ ကောင်မလေးပြန်သတိရလာအောင် davidအစွမ်းကုန်ကြိုးစားပါတော့တယ် ဝိညာဉ်လေးကိုလေး davidအနေနဲ့ချစ်နေမိပြီဖြစ်ကြောင်းဖွင့်ပြောလိုက်မိတယ် ဝိညာဉ်ကောင်မလေးလည်း ရိုးသားတဲ့davidကိုသံယောဇဉ်ရှိနေခဲ့ပါပြီ ဒါပေမယ့်နောက်ဆုံးတစ်ရက် ဆေးရုံမှာ ကောင်မလေးသတိပြန်လည်လာတော့ ဝိညာဉ်ဘဝက သံယောဇဉ်ရှိခဲ့တဲ့ davidကိုလုံးဝမမှတ်မိတော့ပါဘူး သူ့ကိုသိလားလို့ဝိုင်းမေးတော့elizabethက မသိဘူးလို့ခပ်ပြတ်ပြတ်ပဲပြန်ဖြေခဲ့ပါတယ် davidလည်းဆေးရုံကနေဝမ်းနည်းကြေကွဲပြီးလှည့်ပြန်ခဲ့ရတယ် တကယ်ကြွေဖို့ကောင်းတဲ့အခန်းပေါ့ဗျာ ဒါပေမယ့်သူတို့ထုံးစံခပ်ပါးပါးလေးပဲရိုက်ပြသွားပါတယ် စိတ်တော့မပူပါနဲ့ ဆွေးစရာ နာစရာမပါပါဘူး happy endingပါပဲ အချစ်ဇာတ်လမ်းကောင်းတွေကြိုက်ရင် ဒီကားကိုကြည့်ဖြစ်အောင်ကြည့်လိုက်စေချင်တယ် ဒီမှာတော့ လိုရင်းတိုရှင်းလောက်ပဲကျနော်ရေးထားပါတယ် ။
ကြည့်ဖူးပြီးသားဆိုရင်တော့ဆောရီးပေါ့ဗျာ တော်ကြာသားကြီးက လူတတ်ကြီးသိပ်လုပ်လွန်းတယ်ဖြစ်နေဦးမယ် ကျနော်ကခုမှကြည့်ဖူးလို့ပါ youtubeနဲ့ အိုကေရင်တော့ဒီမှာပဲကြည့်လိုက်ပါ။

 
©2009 ♬သားကြီး♪ | by TNB