Showing posts with label မှတ်စု. Show all posts
Showing posts with label မှတ်စု. Show all posts

နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း

ကျနော့နာမည်“မူးတူး”မဟုတ်ပါဘူး ၊ ကျနော်ကုလားလည်းမဟုတ်ပါဘူး၊
ဒါပေမယ့်.. ခုလောလောဆည်တော့ ကျနော်အိပ်ချင်မူးတူးဖြစ်နေပါတယ်။
ဗမာစကားကလည်းခက်ပါတယ် ၊ အိပ်ငိုက်တာတောင်
“မူးတူး”နာမည်ဆွဲထည့်နေရသေးတယ်။ အဲလိုဆွဲထည့်ကြေးဆို “အိပ်ချင်ပေါက်ဖေါ်ကြီး”ရော..မဖြစ်ဘူးလား?
“အိပ်ချင်ဖထီး”ရော.. မဖြစ်ဘူးလား? ။ ကြည့်ရတာ အိပ်ငိုက်တဲ့အလုပ်ကို “မူးတူး”နာမည်နဲ့ကုလားက ပထမဆုံးစတင်ခဲ့လို့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်ကိုယူထည့်ထားတာပဲဖြစ်ရမယ်။

ထားတော့…
ခုဖြစ်နေတာက “မူးတူး”မဟုတ်တဲ့သားကြီးကမနက်စောစောစီးစီးအိပ်ချင်မူးတူးဖြစ်နေတာပါပဲ။
ကုလားထိုင်ပေါ်မှာ ဗမာထိုင်ထိုင်ပြီးငိုက်နေတာပါ အိပ်ယာပေါ်မှာတော့မငိုက်ရဲဘူး အိပ်ပျော်သွားရင်ချိန်းထားတာလေးလွဲသွားမှာစိုးလို့။
………………..
ဒီနေ့မိုးသာစင်စင်လင်းသွားတယ် မနက်ခင်းကတော့ပါမလာခဲ့ဘူး
ကျနော်မှမအိပ်ရသေးဘဲလေ ၊ ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ
resident evil 4ကိုမိုးလင်းပေါက်ထိုင်ဆော့တာကိုး..၊ ကိုယ်ဂိမ်းဆော့တာကနည်းနည်းပါ ဂိမ်းကိုယ့်ကိုပြန်ဆော့တာကခပ်များများ တညလုံးငုတ်တုတ်ထိုင်ပြီးဂိမ်းအဆော့ကို
ခံလိုက်ရတယ်ဆိုပါတော့ ။
မိုးလင်းတော့အိပ်မယ်အလုပ်မှာ အပေါ်ထပ်က ကောင်မလေးတွေက စောစောစီးစီး ထတွန်
နေကြတော့အိပ်မရပြန်ဘူး ။

အပြည့်အဝအိပ်စက်ခွင့်ရပြီးမှကျနော့်မနက်ခင်းလေးကသာသာမောမောနဲ့ရောက်လာမှာပါ။
မနက်ခင်းကိုလူတွေကနေ့သစ်တစ်နေ့လို့တင်စားကြတယ် ကျနော့်အဖို့တော့ မနက်ခင်းဆိုတာလည်းနေ့ဟောင်းတစ်နေ့ပါပဲ
ကမ္ဘာဦးကတည်းကတည်ရှိခဲ့တဲ့မနက်ခင်း ကျနော်လူမဖြစ်ခင်(ဘာဖြစ်နေမှန်းမသိခင်)ကတည်းကတည်ရှိခဲ့တဲ့မနက်ခင်း
ဟောင်းလိုက်သမှနွမ်းလို့ရိလို့ပေါ့..၊ လက်နဲ့“ဇတ်”ကနဲတို့ထိကြည့်ရင်တောင် တစစီပဲ့ကြွေကျသွားမလားပဲ..။
ဟောင်းနေတဲ့ဒီမနက်ခင်းမှာပဲ ကျနော့်ဘော်ဒါနှစ်ကောင်ရောက်ချလာပါတယ် ထုံးစံအတိုင်းမျက်နှာအဟောင်းကိုယ်စီနဲ့ပေါ့၊
(မျက်နှာအသစ်လည်းရှိကြပုံမပေါ်ဘူး ။မွေးကတည်းကလည်းဒီမျက်နှာတစ်ခုစီပဲပါလာကြတယ် သေတဲ့အထိလည်းဒီမျက်နှာတစ်ခုတည်းနဲ့ပဲလူလုပ်သွားရမှာ…..ပျင်းစရာကြီး..။
တစ်ယောက်ကိုအနည်းဆုံးမျက်နှာ၈ခုစီလောက်ဘုရားကဖန်ဆင်းပေးခဲ့ဖို့ကောင်းတယ်)

ဘော်ဒါနှစ်ကောင်က အသိတစ်ယောက်ဆီမှာရှိတဲ့အခွေသွားကြည့်မလို့လာအဖေါ်စပ်တာပါ
သူတို့ကြည့်မယ့်အခွေက မြန်မာပြည်မှာလူအင်အားအများဆုံး အကုန်အကျအများဆုံးနဲ့ရိုက်ထားတယ်ဆိုတဲ့ရုပ်ရှင်ကားဟောင်းပါ။
ဘယ်လောက်ပဲကြီးကြီးကျယ်ကျယ်ရိုက်ထားလေ ကျနော်စိတ်မဝင်စားပါဘူး ရိုက်ထားတာကလည်း “ပါတော်မူ”သွားတဲ့ကားကြီးကိုး
“ပါလာတော်မူ”တဲ့ကားကြီးမှမဟုတ်ဘဲကိုး..။
အရင်မြန်မာပြည်မှာကတည်းကအဲဒီရုပ်ရှင်ကျနော်ကြည့်ဖူးပါတယ်
ကျနော်တို့ရဲ့တိုင်းပြည့်ရှင် သူတပါးခေါ်ဆောင်ရာနောက်ကိုလိုက်သွားရတဲ့အခန်းမှာ တစ်ကယ်စိတ်မကောင်းဖြစ်ရတယ်။

ဒါပေမယ့်…ခုဆိုရင်အကောင်းဘက်လှည့်တွေးနေတတ်ပါပြီ။
ထားပါတော့… ဥပမာ ဒီနေ့ဒီအချိန်ထိ ကျနော်တို့ဆီမှာသက်ဦးဆံပိုင်ဘုရင်စနစ်ရှိနေသေးတယ်ဆိုပါစို့…
“သားကြီးစော်က ရေရေလည်လည်လန်းတယ်ကွာ ငါကိုယ်တော်မင်းမြတ်အတွက် တော်ကောက်စေ”လို့ဘုရင်ကမိန့်လိုက်ရင် သားကြီးတို့သေပြီ ။ အဲခါကျရင် ဘုရင်ကော ဘာကောနားလည်မှာမဟုတ်ဘူး အတင်းဝင်ပြီးနပမ်းဖက်လုံးမိမှာပဲ ။
………
ကျနော်မလိုက်ဘူးဆိုလို့ဘော်ဒါနှစ်ကောင်ထွက်သွားကြတယ်
ချိန်းထားတဲ့ဘော်ဒါကလည်းပေါ်မလာသေးတော့ကွန်ပြူတာဖွင့်ပြီးmailစစ်ကြည့်လိုက်တယ် သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့mailတစ်ခုမှာ၂၀၁၂ကျရင်
ကမ္ဘာပျက်တော့မယ်ဆိုတဲ့အကြောင်းကိုခိုင်လုံတဲ့အကြောင်းအရာတွေနဲ့ကိုးကားရေးသားထားတယ်
ကျနော်ဆိုတဲ့ကောင်က ကာတွန်းစာအုပ်ထဲက“ငတက်ဖျား”လည်းမဟုတ်တဲ့အတွက်“ညတ်ချွာဖျား”လို့တော့
ယောင်ပြီးမအော်မိဘူးပေါ့လေ ၊ ဒါပေမယ့်ကျနော်လန့်သွားတယ်…

“ဒုက္ခပဲ.. ငါတော့နေရာအရွေးမှားပြီ”
ကမ္ဘာကြီးကလည်း အင်တင်တင်နဲ့ ၊ ပျက်မယ်ဆိုလည်းစောစောကပြောရောပေါ့ ၊ အဲလိုမှန်းသိရင်အစကတည်းကလူလာမလုပ်ပါဘူး ခုတော့တို့လို့တန်းလန်းတွေ
ဖြစ်တော့မယ်၊ ကျနော့်မှာထိုင်ရတော့မလို ထရတော့မလိုနဲ့၊ အနှစ်၂၀ကျော်ရင်းခဲ့သမျှဒီတစ်ခါတော့အရှုံးကြီးရှုံးတော့မှာပဲ။
………………
တစ်ကယ်ပါပဲ…
တစ်ကယ်ပါပဲ….
ချစ်ရသူအတွက်ကျနော်ရွယ်စူးဖူးတယ်
ကမ္ဘာရဲ့ရင်ဘတ်ကျယ်ကြီးတစ်နေရာမှာသူမနဲ့ကျနော့်အတွက်အိမ်လှလှလေးတစ်လုံး
ဆောက်ဖို့..။ နောက်ပြီးကမ္ဘာ့ရင်ဘတ်ပေါ်မှာပဲ သူမနဲ့ကျနော် သားသားမီးမီးတွေ..
အဲ…အဲ…သားသားမီးမီးတွေလို့ပြောရတာနည်းနည်းတော့ကီးမြင့်လွန်းနေတယ် ခုမှကျနော်တို့ကချစ်သူအဆင့်ပဲရှိသေးတာကိုး၊ ခြစ်သူအဆင့်မှမရောက်သေးတာကိုး..။
ဒါပေမယ့်….တတ်နိုင်ဘူးလေဗျာ တော်ကြာ၂၀၁၂ရောက်မှ“ငါ့နှယ်မပြောလိုက်ရလေခြင်း”ဆိုပြီးနောင်တရနေရရင်မမိုက်ဘူး…
ဟုတ်တယ် …သားသားမီးမီးတွေမွေးဖို့ ၊ သာယာတဲ့မိသားစုလေးတစ်ခုတည်ဆောက်ဖို့
နောက်ပြီး …..
နောက်ပြီး……. အများကြီးဗျာ….အများကြီး
ခုတော့သွားပြီ အားလုံးသွားပြီ….ဂန့်ပြီ…။
………….
လန့်တာကလန့်တာပဲ အိပ်ချင်တာကအိပ်ချင်တာပဲ ပြောရရင်တော့ခုထိ“သားကြီး”က“မူးတူး”ဖြစ်နေတုန်းပါပဲ….
အချိန်အနည်းငယ်ကြာသွားတယ်
ချိန်းထားတဲ့ဘော်ဒါလည်းပေါ်မလာခဲ့ပါဘူး မချိန်းထားတဲ့ဘော်ဒါနှစ်ကောင်ပဲပြန်ပေါ်လာတယ်
စောစောကမျက်နှာအဟောင်းတွေနဲ့ပါပဲ၊ ကျနော့အခန်းထဲဝင်လာပြီး ခုပဲ၂ယောက်စလုံးကြည့်ခဲ့တဲ့ရုပ်ရှင်ကားကို
၂ယောက်စလုံးပဲအပြန်အလှန်ပြန်ပြောပြနေကြတယ်
ကျနော်တောင်ကြောင်သွားတယ် ဘယ့်နှာကြီးပါလိမ့် ။ တစ်ယောက်မကြည့်လိုက်ရလို့တစ်ယောက်ကပြန်ပြောပြတယ်ဆိုရင်တစ်မျိုး…ခုဟာကြီးက..။

ပြောရင်းနဲ့အသံတွေကကျယ်လောင်လာတယ် နောက်ဆုံးအခန်းကိုစိတ်ထိခိုက်ရတဲ့အကြောင်းလည်းပါတယ်
နန်းတွင်းအရှုပ်တော်ပုံတွေလည်းပါတယ် မျိုးချစ်သူရဲကောင်းတွေရဲ့အကြောင်းလည်းပါတယ် မြန်မာပြည်သူ့ကျွန်ဘဝကျခဲ့ရတာ
ရင်နာဖို့ကောင်းတဲ့အကြောင်းလည်းပါတယ် ၂နှစ်ယောက်စလုံးရဲ့ရင်ထဲမှာတော့ သူ့ကျွန်မခံလိုတဲ့စိတ်တွေတစ်ဖွားဖွားထွက်နေမှာပေါ့ ခဏနေတော့ တစ်ယောက်ရဲ့ဖုန်းကအသံမြည်လာတယ်….
ကောက်ကိုင်လိုက်တယ်ဆိုရင်ပဲ…
………………
“……………”
“yes boss!!”
“……………”
“yes boss!!”
“……………”
“yes boss!!”
တစ်ဖက်ကဘာတွေပြောနေမှန်းမသိဘူး ကျနော့်ဘော်ဒါကတော့ “ရက်စ်ဘောစ်”ဆိုတာချည်း။
ဖုန်းပြောလို့ပြီးသွားတော့ ကျနော့ဘက်လှည့်ပြီး..
“သူဋ္ဌေးကစနေနေ့ကြီးဆင်းခိုင်းနေတယ်ကွာ အဲဒါငါတို့သွားလိုက်ဦးမယ် သူဋ္ဌေးကသူခိုင်းရင်ချက်ချင်းမှကြိုက်တယ်ကွ
ခုပဲသူ့ကျွန်မခံပြီဇာတ်ကားကြည့်လာတယ် ခုပဲသူ့ကျွန်သွားခံရဦးတော့မယ်
feelတော့နည်းနည်းငုပ်တာပေါ့ အဟီး”

အဲလိုပြောပြီးနှစ်ကောင်သားသွားဖြဲလေးနဲ့ရယ်တယ် ၊ ရယ်တယ်ဆိုတဲ့နေရာမှာလည်း
ကျမ်းစာထဲမှာပါတဲ့မိန်းမချောလေးတွေရဲ့ရယ်နည်းမျိုးတော့မဟုတ်ဘူးပေါ့လေ
ဘယ်ကျမ်းစာမှာမှမပါတဲ့ အရက်ဆိုင်ထဲက ဘဲနာတွေရဲ့ရယ်နည်းမျိုးပါ ။
“ပြောရမယ်ဆိုရင် ငါတို့ကသူ့ကျွန်ခံတာမဟုတ်ပါဘူးသားကြီးရာ အပေးအယူလုပ်နေတာပါ ငါတို့အမြဲဆောင်ထားတဲ့ဆောင်ပုဒ်တစ်ခုရှိတယ်ကွ
…စားတာကကိုယ့်အတွက်… လုပ်တာကသူဋ္ဌေးအတွက်…. ပြေးနိုင်မှလွတ်မယ်.တဲ့ …ဟဲဟဲ…
သွားပြီဟေ့”
အဲလိုပြောပြီးထလစ်မလို့လုပ်တယ်။

“နေပါဦး…မင်းတို့ကဒီအတိုင်းပြန်မှာလား ဘာမှပါမလာဘူးလား ငါလိုက်ပို့မယ်လေ”
“နေပါစေကွာ ပို့မနေပါနဲ့ ရပါတယ် ဘာမှမပါဘူးဆိုပေမယ့်ငါတို့မှာခြေတောက်တစ်ယောက်၂ချောင်းစီ
ပါကြတယ်လေ အဲဒီခြေတောက်နဲ့ပဲပြန်မှာပေါ့ ဒီနားလေးတင်ကို…ကဲ..နောက်မှတွေ့ကြတာပေါ့”
နှစ်ကောင်သားထွက်သွားတော့မှကျနော့်မှာ ရယ်ချင်ချင်ဖြစ်ရသေး
ကိုယ့်စကားကိုကိုယ်ပြန်ရယ်ချင်တာပါ လိုက်ပို့မယ်လို့သာလျှောက်ပြောတာ ဒီကောင်တွေသိပါတယ် ကျနော့်မှာလည်းစီးစရာဆိုလို့မွေးကတည်းကပါလာတဲ့
ခြေတောက်နှစ်ချောင်းပဲရှိတာ..။
……………
ခဏကြာမှကမ္ဘာပျက်တော့မယ်ဆိုတဲ့အကြောင်းပြောပြဖို့သတိရလိုက်တယ် လှမ်းကြည့်လိုက်တော့ ခပ်ဝေးဝေးကိုရောက်နေကြပြီ
မျိုးချစ်နှစ်ကောင်သား သူ့ကျွန်ခံဖို့(တစ်နည်း)အပေးအယူလုပ်ဖို့ ရင်ဘတ်ကြီးကော့လို့ ခေါင်းကြီးမော့လို့..ခြေလှမ်းကျဲကြီးတွေနဲ့
လျှောက်သွားကြလေရဲ့ ။ ။
.............
သူငယ်ချင်းsweetpeonyနဲ့မနှင်းတို့tagကြွေးခုထိမဆပ်နိုင်သေးပါဘူး
ကျနော်ဆိုတဲ့ကောင်ကလည်းtagထားတဲ့ခေါင်းစဉ်နဲ့အညီပိုစ်တစ်ခုဖန်တီးနိုင်လောက်အောင်
စာမရေးတတ်ပါ ကျနော့်အားနည်းချက်ပါပဲ
ရေးထားသမျှစာတွေကလည်းသိတဲ့အတိုင်းရောက်ရာပေါက်ရာလျှောက်လျှောက်ရေးတာ
တွေချည်းပါ “ရောက်ရာပေါက်ရာ”ဆိုတဲ့စကားကိုလည်း “ရောက်တဲ့နေရာ ပေါက်တဲ့လူ”ဆိုပြီး
အဓိပ္ပါယ်လွဲမကောက်စေချင်ပါဘူး ကျနော်အဲလိုကောင်မျိုးမဟုတ်ရပါဘူး
ခင်လို့tagကြတာမို့ဝမ်းသာရပါတယ် မဆပ်နိုင်သေးတဲ့အတွက်
လည်းအထူးတောင်းပန်ပါတယ်...

ကမ္ဘာကြီး..သို့

“မင်္ဂလာပါကမ္ဘာကြီး ကောင်းသောနေ့/ညပါ”

ခင်ဗျားကိုခြေစုံချနင်းပြီး လူလုပ်လာခဲ့တာပဲ အနှစ်၂၀ကျော်သွားပြီ ခုမှပဲခင်ဗျားကို တခုတ်တရနှုတ်ဆက်ဖြစ်တော့တယ်၊
ကျနော့ကောင်မလေးကိုခင်ဗျားသိပါတယ်နော် ကျနော့ကိုစိတ်ကောက်တိုင်း ကြားက ဘာမဆိုင်ညာမဆိုင်ခင်ဗျားကို ခြေတောက်နဲ့
ဆောင့်ဆောင့်အောင့်အောင့်နင်းတတ်တဲ့ကောင်မလေးလေ၊ အဲဒီအတွက်ကျနော်တောင်းပန်တယ်ဗျာ ကောင်မလေးကိုခွင့်လွှတ်ပေးပါ မလိမ်မိုး မလိမ္မာလေးမို့လို့ပါ။

ကမ္ဘာကြီးရေ…..
ကျနော့ကိုတချို့က“ဆန်ကုန်မြေလေး”တဲ့ဗျာ ၊ ဆန်ကုန်ဆိုတဲ့စကားကိုကျနော်လက်မခံနိုင်ဘူး၊ ကျနော်အခုနောက်ပိုင်းအစားနည်းလာတယ်ဗျ (အစားနည်းလာတယ်ဆိုတော့ အသောက်တော့များလာမှာပေါ့ဆိုပြီးစောဒကမတက်နဲ့လေဗျာ အသောက်ကိုလည်းခုံခုံမင်မင်မရှိလှပါဘူး) တစ်ရက်ကိုထမင်း၂နှပ်စားတယ်ဗျာ စားတိုင်းလည်းတစ်ပန်းကန်ထက်မပိုဘူးဗျာ
အဲဒါနဲ့များတောင်ကျနော့်အတွက်ဆန်က အတော်ကုန်ရသတဲ့လား ..၊ မဖြစ်နိုင်တာနော်..

အခုရှင်းချင်နေတာက “မြေလေး”ဆိုတဲ့စကားပဲ
ကျနော့ကိုကျောပေါ်တင်ပြီးမထမ်းဖူးဘဲနဲ့များ blindကြီး“မြေလေး”လို့ပြောတဲ့လူတွေကိုမကျေနပ်ဘူး
ကျနော်တစ်ကယ်လေး မလေးကိုနှစ်တွေအကြာကြီးကျနော့ကိုထမ်းလာခဲ့တဲ့ ခင်ဗျားပဲအသိဆုံးဖြစ်မှာ
ကဲ…မှန်မှန်ဖြေဗျာ… အားမနာနဲ့ “ကျနော်လေးသလား”??
လေးတယ်ဆိုလည်း ခုကစပြီးကိုယ်ဖေါ့နေတော့မလို့

ကြုံတုန်းလူတစ်ယောက်အကြောင်းခင်ဗျားကိုပြောပြချင်သေးတယ်ဗျ
အဲဒီလူဟာ ကျနော့အရင်ခင်ဗျားဆီကိုနှစ်ပေါင်း၄၀ကျော်ကတည်းကကြိုရောက်နှင့်နေတဲ့
ကမ္ဘာသားအဟောင်းကြီးပါ ၊ အဘိုးကြီးပေါ့ဗျာ။
ဘယ်နေ့အင်္ဂါဂြိုလ်က လာခေါ်မလဲစောင့်နေရတာ ၊ လိန်ဖယ်လိန်ဖယ်နဲ့ပေါ့။
အဘိုးကြီးဆိုပြီးလျှော့တော့မတွက်နဲ့နော် ပေါက်တတ်ကရအရမ်းလုပ်တာ တိုက်ပေါ်မှာလှမ်းထားတဲ့ကောင်မလေးတွေရဲ့
အတွင်းခံဘောင်းဘီကို ခိုးခိုးပြီးအခန်းထဲအမြဲထည့်တယ် ဘာလုပ်တာလဲမသိဘူး

ကျနော်နဲ့ကအခန်းသပ်သပ်စီဆိုတော့ဘယ်သိမှာလဲဗျ ကောင်မလေးတွေပြန်ပြောပြလို့သိရတာ
သူတို့ခဏခဏမိတယ်တဲ့ ဘောင်းဘီခိုးတာ၊ ဒါပေမယ့်ဘာမှမပြောရဲကြဘူး အဲလိုဘောင်းဘီခဏခဏပျောက်လာတော့
ကောင်မလေးတွေခမျာ ရေစိုနေတဲ့ဘောင်းဘီတောင်အခန်းထဲထည့်လှမ်းရရောဗျိုးး အခန်းထဲထည့်လှမ်းတော့ ဘောင်းဘီကမခြောက် ဘောင်းဘီကမခြောက်တော့ဝတ်လို့မရ ဝတ်လို့မရတော့ဒီအတိုင်းကြီးနေရ ဒီအတိုင်းကြီးနေရတော့
အဲ…အဲ… ဘယ်လိုဖြစ်လဲဆိုတာသူတို့ပဲသိမယ် ကျနော်မပြောပြတတ်ဘူး ။

တနေ့တော့ဗျာ
Titanicကားဟောင်းကြီးအလွမ်းပြေကျနော်ထိုင်ကြည့်နေတုန်းအဲဒီအဘိုးကြီး ကျနော့အခန်းထဲဝင်လာတယ်
ပြီးတော့ခပ်တည်တည်နဲ့ထိုင်ကြည့်တယ် (ခပ်တည်တည်ထိုင်မကြည့်လို့ မဲ့ရွဲ့ပြီးထိုင်ကြည့်ရမှာလားဆိုပြီး မမေးနဲ့လေဗျာ ကျနော်လည်းမဖြေတတ်ဘူး)
ခဏကြာတော့ ကျနော့ကိုပြောတယ် အသံနည်းနည်းချဲ့ပါတဲ့ ဇာတ်ကားကြည့်တယ်ဆိုတာ စကားသံကြားရမှနားလည်မှာပေါ့တဲ့ အဲဒီအဘိုးကြီးစာတစ်လုံးမှမတတ်ဘူးနော် ဒါပေမယ့် ကျနော်အသံချဲ့ပေးလိုက်ပါတယ် ။

အခွေကြည့်နေရင်းဘာပြောတယ်မှတ်လဲ အဲဒီတရုတ်မင်းသမီးတော်တော်လှတယ်နော်တဲ့
ကျနော်တောင်ကြောင်သွားတယ် kate winsletကိုဘယ်တရုတ်မနဲ့သွားမှားနေလဲမသိဘူး
ခဏကြာတော့ ကျနော်စုထားတဲ့CDတွေကို တစ်ချပ်ချင်းလိုက်ကြည့်တယ် အဲဒီထဲကတစ်ချပ်ကိုရွေးပြီး “ဒီကားပြပါလား”တဲ့
ကျနော်တော်တော်စိတ်ညစ်သွားတယ် တိုက်တန်းနစ်ကဖြင့် တိုက်နေရင်းတန်းလန်းရှိသေး မနစ်ရသေးဘူး ဒါပေမယ့်အဘိုးကြီးဆိုတော့(ကမ္ဘာ့လူဟောင်းကြီးဆိုတော့)ဦးစားပေးတဲ့အနေနဲ့ ဖွင့်ပေးမလို့ကျနော်လှမ်းယူလိုက်တယ် ...

ဒါပေမယ့် သူရွေးလိုက်တဲ့အခွေက ဇာတ်လမ်းခွေမဟုတ်ဘူး သီချင်းခွေဖြစ်နေတယ်
သိတဲ့အတိုင်းပဲလေ Mariah careyအခွေကာဗာမှာ သရုပ်ဖေါ်ထားတဲ့အပုံကလန်ထွက်နေတယ် အဘိုးကြီးကကော့ကော်လန်ကားအခွေထင်သွားတာပေါ့ တော်တော်ကြီးရှင်းပြလိုက်ရတယ် အဲလိုရှင်းပြတော့ ကျနော့ကိုဘာပြန်ပြောတယ်မှတ်လဲ “သီချင်းဆိုဖွင့်မနေပါနဲ့တော့ အဲလိုသီချင်းမျိုးငါလည်းဆိုတတ်တတ်ပေါ့”တဲ့ အံ့ရောဗျာ။

ပြီးတော့ကျနော့်ကိုမေးတယ် “ဟိုအခွေမရှိဘူးလား”တဲ့
ကျနော်ကလည်းပြန်ပြောတယ် “ဟိုအခွေမရှိဘူး”လို့
“ဟိုအခွေအရင်ကရှိပါတယ်”
“ဟိုအခွေကို ဟိုအရင်ကတည်းက ဟိုကောင်ယူသွားပြီလေ”
ကျနော်အဲလိုပြန်ပြောတော့အဘိုးကြီးနဖူးကြောရှုံ့လာတယ် တစ်လက်စတည်းဆက်မေးတယ်
“ဟိုအခွေကို ဟိုကောင်ကဘာကိစ္စယူသွားတာတုန်း”
“ဟိုကောင်က ဟိုကကောင်တွေနဲ့အတူကြည့်ဖို့ယူသွားတာပေါ့”
“ဘယ်ကိုယူသွားတာလဲ”
“ဟိုကိုယူသွားတာပေါ့”
မေးရတာကိုအဘိုးကြီးမောလာပုံရတယ်ဗျ စကားကလည်းဘယ်မှမရောက်ဘူးကိုး၊ ဒါပေမယ့်မလျှော့သေးဘူးဆက်မေးတယ်
“ဟိုကောင့်ကိုဖုန်းဆက်ပြီးအခွေပြန်ပို့ခိုင်းပါလား”တဲ့..
“ဟိုကောင့်ဖုန်းက ဟိုးအရင်ကတည်းက ဟိုနံပါတ်မဟုတ်တော့ဘူးလေ ပြောင်းသွားပြီ”လို့ကျနော်ပြောလိုက်တော့
အဘိုးကြီးအကြီးအကျယ်စိတ်ညစ်သွားတယ် ။

လာလာချည်သေးနော်.. သူကအဲတော့မှစိတ်ညစ်တာ ကျနော်စိတ်ညစ်တာဖြင့်ကြာလှနေပြီ အခန်းထဲကိုသူဝင်လာကတည်းကပဲ ကျနော့အရင် ကမ္ဘာပေါ်ကိုဦးပြီးရောက်တဲ့လူဟောင်းကြီးမို့လို့သာအလိုက်အထိုက်ဆက်ဆံနေရတာ လူကိုမရိုသေသည့်တိုင်အသက်ကိုတော့ရိုသေရမယ်လေဗျာ ဟုတ်ဘူးလား ကြည့်ရတာစိတ်ညစ်လာရင်ခေါင်းကုတ်တဲ့အကျင့်ကိုလူမျိုးဘာသာမရွေး
လုပ်ကြတယ်နဲ့တူပါတယ် မြန်မာမဟုတ်တဲ့အဘိုးကြီးက စိတ်ညစ်ညစ်နဲ့မယားတဲ့ခေါင်းကိုကုတ်တယ်
ကုတ်တယ်ဆိုတဲ့နေရာမှာလည်းအကြမ်းပတမ်းကြီးတော့မကုတ်ရဲဘူးပေါ့ သူခေါင်းကဆံပင်တွေကအားလုံးပေါင်းမှအချောင်းတစ်ရာမကျော်တော့ဘူးကိုး
အချောင်းတစ်ရာမကျော်တဲ့ဆံပင်ကိုအကြမ်းပတမ်းကုတ်ရင်ကျွတ်ကုန်မှာကိုး
ကျွတ်ကုန်ရင်လည်းနဂိုပြောင်နေတဲ့နဖူးက ထပ်ပြောင်မှာကိုး..။
...................

ကျနော်အခုလိုစကားတွေအရှည်ကြီးပြောနေရတာအကြောင်းရှိလို့ဗျ
အဲဒီအဘိုးကြီးကရော “ဆန်ကုန်မြေလေး”ပဲလားဆိုတာ ခင်ဗျားကိုမေးချင်လို့
ခင်ဗျားက ကိုယ်တိုင်ကိုယ်ကျထမ်းဖူးသူဆိုတော့ပိုသိမှာပေါ့
ကျေးဇူးပြုပြီးကျနော့ကိုဖြေကြားပေးပါ ဘာမှတော့အရေးမကြီးပါဘူး ဖြေချင်မှလည်းဖြေပါ
အဘိုးကြီးတောင်မှ အင်္ဂါဂြိုလ်ကလာခေါ်လို့လိုက်သွားတာကြာပေါ့ ။

ကမ္ဘာကြီးရေ ခင်ဗျားအခုတလောတော်တော်ချူချာလာတယ်နော်
ဆူနာမီဖြစ်လိုက် ငလျင်လှုပ်လိုက်နဲ့ သေလိုက်တဲ့လူတွေလည်းမနည်းဘူး
၂၀၁၂ရုပ်ရှင်ကြော်ငြာကိုကြည့်ပြီးကျနော်ဖြင့်လန့်သွားတာပဲဗျာ
ကျနော်သိပါတယ် ခင်ဗျားအိုနေပါပြီ ၊
အင်း… oldရခြင်းဒုက္ခ hurtရခြင်းဒုက္ခ dieရခြင်းဒုက္ခ
ကမ္ဘာကြီးဖြစ်တဲ့ခင်ဗျားတောင်မလွတ်ဘူးကိုး အဲ..အဲ.. dieတော့ မdieလိုက်နဲ့ဗျာ ခင်ဗျားမရှိရင် ဟာလာဟင်းလင်းကြီးထဲဘယ်နားခြေသွားချရမှန်းကျနော်တို့သိမှာမဟုတ်ဘူး ဘာပဲပြောပြောကျန်းမာရေးတော့ဂရုစိုက်ဖို့မှာချင်တယ်။
……………………

ကမ္ဘာကြီးရေ!!!
ခင်ဗျားအတွက်သတင်းကောင်းပဲ
ခင်ဗျားမွှန်နေမှာစိုးလို့ ကျနော်ဆေးလိပ်ဖြတ်တော့မယ်
………………
ကမ္ဘာကြီးရေ!!!
ဒါပါပဲ ကျနော်လည်းအိပ်တော့မယ်
Good nightနော်
မက်သောအိပ်မက်လှပါစေနော်..
အဲ..အဲ… ခင်ဗျားအိပ်မက်ကောမက်တတ်လို့လားဗျာ အိပ်ကောအိပ်ရဲ့လား စကြာဝဠာဟာလာဟင်းလင်းကြီးထဲငုတ်တုတ်ပဲအမြဲထိုင်နေတာလား.. ပျင်းစရာကြီးဗျာ ။ ။
..........................

photoshopဖြင့်ဖန်တီးထားခြင်းသာဖြစ်ပါကြောင်း
မူရင်းပုံကိုဤနေရာတွင်ကြည့်နိုင်ပါကြောင်း :)

လမ်းလွဲသူ

အဘိုးကျနော့ကို မှတ်ချက်ပေးဖူးတယ် (commentပေါ့လေ)
onlineက home-pageမှာမဟုတ်ပါဘူး အပြင်ဘဝက home-pageမှာပါ ။
“ဒီကောင် လမ်းမယူဘူး”တဲ့
ဒီကိစ္စကိုအဘိုးနားလည်အောင် ပြန်ရှင်းပြဖို့ခက်ပါတယ်
ပြောရမယ်ဆိုရင် လမ်းကလည်း ဒီကောင့်ကိုမှမယူတာကိုး ။
……………….
ငယ်ငယ်ကပေါ့….
ကျောင်းကအပြန် အိမ်ရောက်တော့ အဘိုးကမေးတယ်
“မိုးဘာကြောင့်ချိမ်းလဲ သိလား”
“ဟုတ်ကဲ့ အဘိုး သိပါတယ်”
အဘိုးက အလွန်အားရကျေနပ်သွားတဲ့အပြုံးမျိုးနဲ့ မိန့်မိန့်ကြီးပြုံးပြီး..
“ကဲ…ဒါဆိုလည်းပြောစမ်းကွာ”
“ဟုတ်ကဲ့.. မိုးပေါ်ကနတ်တွေက တိုင်ကီအလွတ်တွေကို ပတ်လှိမ့်ပြီးကစားနေကြလို့ တဒုန်းဒုန်း တဂျိမ်းဂျိမ်းနဲ့ ကောင်းကင်မှာဆူညံနေရတာပါ”
“ဟေ”
(အဘိုးရဲ့ အဲဒီ“ဟေ”ဆိုတဲ့အသံဟာ တော်တော်ကျယ်ပါတယ်)

“နတ်တွေဟာ ကောင်းကင်မှာနေတော့ နေနဲ့ပိုနီးတယ်လေ ကျနော်တို့ပူတာထက် သူတို့ကပိုပူတာပေါ့
မိုးရာသီလည်းရောက်ရော နတ်တွေအပျော်လွန်ပြီး အဲလိုတိုင်ကီအလွတ်တွေနဲ့ဆော့လို့ မိုးချိမ်းသံဖြစ်လာရတာပါအဘိုး”
“အဲဒါဆိုရင်ကွာ မိုးခြိမ်းသံကြားတာနဲ့ မိုးကြိုးပစ်မှာကြောက်ပြီး မင်းဘာလို့အိမ်ထဲဝင်ဝင်ပြေးရတာလဲ မင်းပြောတော့တိုင်ကီတွေဆို”

“ကျနော် မိုးကြိုးပစ်မှာကြောက်တာမဟုတ်ဘူးအဘိုးရ တိုင်ကီခွံအလွတ်တွေ ခေါင်းပေါ်ပြုတ်ကျလာမှာကြောက်လို့အိမ်ထဲဝင်ပြေးတာ”
“ဟေ”
ဒီ“ဟေ”ကတော့ စောစောက“ဟေ”ထက် အသံအားရော အရှည်အားပါနှစ်ဆတိတိပိုပါတယ်။
အဘိုးမျှော်လင့်ထားတဲ့အဖြေက မိုးတိမ်ထဲကလျှပ်စစ်ဓါတ်တို့ရဲ့ရုန်းကန်မှုတွေ လေထုရဲ့အပူတွေ စိုထိုင်းမှုတွေကိုပါ
ရလာတဲ့အဖြေကဘယ့်နှာကြီးမှန်းမသိ ၊ အံ့သြမှင်သက်စွာနဲ့ ဟထားမိတဲ့ပါးစပ်ကို ကိုယ်တိုင်ပြန်ပိတ်ဖို့အဘိုးမေ့နေ
တုန်းမှာပဲ ကျနော်က အဝတ်အစားလဲပြီး လမ်းပေါ်ထွက်လာခဲ့ပါပြီ ။
…………………
ပြောရမယ်ဆိုရင် ထော်လော်ကန့်လန့်ကြီးတွေနဲ့ ကျနော်လူလားမြောက်ခဲ့ပါတယ်
(“လူလားမြောက်”ဆိုတဲ့စကားကိုသိပ်မကြိုက်ပါ ၊ ဘယ့်နှယ့်လူက လားသွားမြောက်ရမှာတုန်း ကျနော်တွေ့ဖူးတဲ့“လား”တွေက လည်ပင်းခပ်ရှည်ရှည်တွေ ထားတော့)

တနေ့… သူငယ်ချင်းတစ်ယောက်ကညဉ်းတယ် …..
“ခုထိရည်းစားမရသေးဘူး စိတ်ညစ်လိုက်တာကွာ ဟိုတစ်ယောက်ကလည်း ငါ့ကိုမတူသလိုလို မတန်သလိုလိုနဲ့ နောက်တစ်ယောက်ကလည်း ငါ့ကိုလူ့ပေါက်ပန်းတဲ့ ပြန်မကြိုက်ချင်လို့ရမယ်ရှာနေကြတာပါ ကောင်မလေးတွေ မလွယ်ပါဘူးကွာ”
“ဘာမှမပူနဲ့ဟေ့ရောင် ငါ တဘောင်တစ်ခုကြားထားတယ် တဘောင်စကားဆိုတာမျိုးက သိပ်မှန်တာနော်”
“လုပ်စမ်းပါဦး မင်းရဲ့တဘောင်က ငါ့ကိုစော်တွေဘယ်တော့ကြည်မယ်ဆိုတာမျိုးပါလား”

ကျနော်က ဆရာကြီးအသံနဲ့ဆက်ပြောတယ်….
“ဒီလိုကွ…တနေ့ကျရင် ဟောဒီကမ္ဘာမှာ ယောင်္ကျားတွေဟာ အလွန်ရှားသွားလိမ့်မယ်တဲ့ ကမ္ဘာ့လူဦးရေရဲ့ ငါးပုံလေးပုံဟာ မိန်းမတွေတဲ့ အဲဒီအချိန်ကျရင်
ယောင်္ကျားတွေဟာ မိန်းမတွေကိုမြင်တာနဲ့ပုန်းနေရရောတဲ့။ တချို့ကလည်းထွက်ပြေးကြတယ်
မိန်းမတွေက အုပ်နဲ့သင်းနဲ့အနောက်ကလိုက်ပေါ့

ယောင်္ကျားဆိုတဲ့ကောင်က ကြောက်ကြောက်လန့်လန့်နဲ့သစ်ပင်ပေါ်တက်ပြေး
တော့ မိန်းမအုပ်ကြီးက အောက်ကနေ ဝါးလုံးနဲ့လှမ်းထိုးတယ် အဲဒီဝါးလုံးက ယောင်္ကျားကိုလှမ်းထိတယ်ဆိုရင်တောင် အဲဒီဝါးလုံးကို ဝမ်းပန်းတသာနဲ့ မိန်းမတွေက ကရမက်နံ့သာအမှတ်နဲ့ မက်မက်စက်စက်ကြီးရှိုက်နမ်းကြရတော့တာ ယောင်္ကျားတစ်ယောက်ကို ကာမပိုင်လင်အဖြစ်ပေါင်းသင်းချင်ရင်လည်း မိန်းမတွေအချင်းချင်း သတ်ကြရတယ်တဲ့”

“အဟေးဟေးဟေး”
ကျနော့စကားတောင်မဆုံးသေးဘူး ၊ သူငယ်ချင်းကသဘောတွေခွေ့ပြီးရယ်နေတယ်။ တစ်ဆက်တည်းမှာပဲ..
“ငါ့ကိုမတူသလိုလို မတန်သလိုလိုလုပ်တဲ့ကောင်မနဲ့ လူ့ပေါက်ပန်းလို့ပြောတဲ့ကောင်မတွေ ငါ့ကိုလိုချင်လွန်းလို့ မိုက်တိုင်စန်လို
နားရွက်တွေကိုက် ရွေဓူဝံလိုလက်သီးတွေထိုး၊ ဒေါ်ဘုမလို ဆံပင်တွေဆွဲ ပါးတွေရိုက်ပြီး ဖက်သတ်ကြမှာမြင်ယောင်သေး အဟေးဟေး ကောင်းရောကွာ ဒါနဲ့ မင်းရဲ့တဘောင်က ဘယ်တော့လောက်ဖြစ်မှာလဲ”

“မကြာပါဘူး မသကာရှိလှ မင်းရဲ့နောက်တစ်ဘဝပေါ့”
“အာ.... မင်းဟာကြီးကလည်းကွာ”
“ငါ့ဟာကြီးမဟုတ်ဘူးကွ သူများဟာကြီး သူများဆီကကြားလာတာ”
အားမလိုအားမရသံနဲ့ကျနော့သူငယ်ချင်းစိတ်ညစ်သွားပါတယ်၊ စိတ်ညစ်တော့လည်းမြန်မာဗွီဒီယိုတွေထဲကလို မယားတဲ့ခေါင်းကိုကုတ်ပါတယ်၊ နောက်ဘဝကျ မိန်းမဖြစ်နေရင်ပြဿနာပဲလို့လည်း တွေးနေမှာပေါ့

တဘောင်စကားမှန်တာနောက်မှထား လောလောဆည်တော့ ကျနော့စကားက တော်တော်လေးပျံ့သွားလို့ ကောင်မလေးတွေတော်တော်များများ ကျနော့ကိုမခေါ်ကြတော့ဘူး တစ်ယောက်ကပြောတော့ “သောက်ညင်ကပ်သွားလို့”တဲ့။
…………………..
ကလေးတွေပုံပြင်ကြိုက်တာတော့လက်ခံပါတယ် ဘယ့်နှယ့်လူကြီးကပုံပြင်ကြိုက်နေရတာတုန်း
ကျနော်တို့ရပ်ကွက်ကလူပျိုကြီးပေါ့ ၊ အလှူတစ်ခုမှာဝိုင်းလုပ်နေတုန်း ကျနော်တို့လူငယ်တွေ
ဝိုင်းထဲဝင်ထိုင်ပြီး ပုံပြင်တစ်ပုဒ်စီပြောခိုင်းနေတယ် ဒီလူပျိုကြီးက ကျနော်တို့လိုလူငယ်တွေနဲ့လည်း ပနံသင့်တာပါပဲ။

ကောင်မလေးတွေရှိနေတာကိုအခွင့်ကောင်းယူပြီး ဝက်ခြံများများ နှာခေါင်းနီနီနဲ့အကောင်တစ်ကောင်က လွမ်းမောဖွယ်ရာရှေးဟောင်း အချစ်ပုံပြင်တစ်ပုဒ်ကို အားရပါးရပြောပြတယ် အချစ်သူရဲကောင်းကြီးစတိုင်နဲ့ပေါ့လေ။ ဒီနေရာမှာဝိုင်းကူလုပ်စရာတွေကလည်းပြီးကုန်ပြီဆိုတော့ အားလုံးပဲ ရေနွေးကြမ်းသောက် လက်ဖက်လေးစားပြီးအေးအေးဆေးဆေးနားထောင်နေကြတာပေါ့ ၊ အချစ်ပုံပြင်ပြီးတော့ လူပျိုကြီးက “အင်း….အလွမ်းရသတစ်ခုကိုငါရလိုက်တယ်”တဲ့၊

အဲဒီနောက် ပိန်စုတ်စုတ် အကောင်တစ်ကောင်က သူငယ်ငယ်က စွဲလမ်းခဲ့ဖူးတဲ့ နဂါးကြီးနဲ့ယှဉ်ပြိုင်တိုက်ခိုက်တဲ့သူရဲကောင်းကြီးတစ်ဦးရဲ့ပုံပြင်ကိုပြောပြပြန်တယ် ရင်ဘတ်ကြီးကော့ပြီး ဟန်ပါပါနဲ့ပြောတာပေါ့။ ဇာတ်လမ်းပြီးတော့ လူပျိုကြီးက commentပေးပြန်တယ်
“ဒါဟာဝီရ ရသဆိုတာပဲ”တဲ့။

ကျနော့်အလှည့်ရောက်လာပါတယ် ။ အရင်ဆုံးလည်ချောင်းရှင်းဟန်နဲ့
“အဟမ်း အဟမ်း”လို့အသံပြုလိုက်တယ်
ကျနော့ရဲ့တဘောင်စကားကြောင့် ကျနော့ကိုမကျေမနပ်ဖြစ်နေကြတဲ့ ကောင်မလေးအချို့ မျက်စောင်းလေးတွေကို လှမ်းပစ်ကြပါတယ်၊ ပစ်တိုင်းလည်းကျနော့ကိုထိပါတယ်။

“…..ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာအလွန်ချောမောလှပတဲ့လုံမပျိုလေးတစ်ယောက်ရှိသတဲ့ ၊ အဲဒီလုံမပျိုဟာခဏခဏလည်းလေလည်တယ်တဲ့။ အတောမသတ်လေလည်တတ်လွန်းလို့ ညညဆိုရင် အိမ်ကို ကာလသားတွေလာလည်ရင် အမြဲစိတ်ညစ်ရပါတယ် အောင့်ထားရတာကိုး မအောင့်ရင်လည်းနံတော့မှာကိုး ၊ သူလည်တဲ့လေက ပါးစပ်နဲ့လည်တဲ့
“အေ့ အေ့”ဆိုတဲ့လေကိုပြောတာမဟုတ်ဘူးနော် ပါးစပ်မဟုတ်တဲ့ဟာနဲ့လည်တဲ့
“ဘူ ဘူ”ဆိုတဲ့လေကိုပြောတာ”

ပြောပြီးကျနော့ဘာသာကျနော်ပဲရှက်သလိုလိုဖြစ်လိုက်သေးတယ် ဘယ့်နှယ့် ဟိုကထွက်တဲ့အသံကို ငါ့ပါးစပ်ကနေအသံတူလိုက်လုပ်ပြနေမိပါလိမ့်။
ကျနော့ပုံပြင်အပျိုးက သိပ်မဟန်လောက်ဘူးလို့ကောင်မလေးတွေရိပ်မိကြမှာပါ ဒါပေမယ့် ထမသွားဘဲဆက်နားထောင်နေကြတယ် (သောက်ညင်ကပ်ကပ်နဲ့ပေါ့)

“တနေ့ကျတော့တဲ့ သူ့ဆီကို ရွာက လုလင်ပျိုလေးတစ်ဦးက အလည်လာမယ့်အကြောင်းသတင်းကောင်းပါးသတဲ့ လုလင်ပျိုက
ယောင်္ကျားတို့တတ်အပ်တဲ့အဋ္ဌာရသ ၁၈ရပ်ကို ထုံးလိုကြေ ရေလိုနှောက်တတ်ကျွမ်းတဲ့အပြင်
မကြာခင်မှာပဲ မင်းနေပြည်တော်ကြီးကိုသွားပြီး ရာထူးကြီးကြီးနဲ့ အမှုတော်ထမ်းဦးမယ့်လူပျိုပေါ့။ ယောင်္ကျားပီပီသသနဲ့ရုပ်ကလည်းချော ပညာကလည်းတတ်ဆိုတော့ အဲဒီလုလင်ပျိုရဲ့နာမည်ကို သားကြီးလို့ပဲဆိုပါစို့”

ကောင်မလေးများ သောက်ညင်ကပ်ပြီးရင်းထပ်ကပ်ရပြန်ပါတယ် ။(သူတို့မို့မမောနိုင်မပန်းနိုင်)
“အဲဒါနဲ့ လုလင်ပျိုလာလည်မှာကို ဝမ်းသာလုံးဆို့ပြီးလုံမပျိုလေးကပျော်နေလေသတဲ့ကွယ်”
“အဲဒီလုံမပျိုနာမည်ကရော အိုဂွက်ထော်လား”
“အိုဂွက်ထော်တော့မဟုတ်လောက်ဘူး မယ်လေဖြန်း ပဲဖြစ်ရမယ်”
ကောင်မလေးနှစ်ယောက်ကဝင်နောက်တော့ အားလုံး“ဝါးကနဲ”ဝိုင်းရယ်ကြတယ်။

ကျနော်ကတော့ခပ်တည်တည်ပဲ…
“လုံမပျိုလေးပျော်တာကနောက်မှ လေလည်တာကိုလည်းမအောင့်နိုင်ရှာဘူးတဲ့ အဲဒါနဲ့ကြံရာမရတဲ့အဆုံး သူ့မောင်လေးကိုခေါ်ပြီးလုံမပျိုလေးကပြောသတဲ့ မောင်လေးပေါ့ ဒီည သားကြီးလာလည်ရင်အစ်မအနားမှာနေပေးပါ အစ်မလေလည်ရင် မောင်လေး လေလည်တယ်ဆိုပြီးအပြစ်တင်သလိုနဲ့ပြောမလို့ အစ်မအဲလိုပြောရင်မောင်လေးဘာမှပြန်မပြောဘဲငြိမ်ငြိမ်နေ၊ အဲလိုနေပေးရင် နက်ဖြန်မောင်လေးကို မုန့်စိမ်းပေါင်းတစ်ဝ ဝယ်ကျွေးမယ်လို့စည်းရုံးတယ်

အဲဒါနဲ့လုံမပျိုရဲ့မောင်လေးကလည်းသဘောတူလိုက်တယ်
ညရောက်တော့ ကိုယ်ရောင်ကိုယ်ဝါတောက်ပြောင်လွန်းလှတဲ့ သားကြီးက ကျောက်စီဓါးကိုလွယ်ပြီးစီးတော်မြင်းနဲ့အတူ
ရောက်လာခဲ့သတဲ့ ပြီးလည်းပြီးရော အိမ်ပေါ်တက်ပြီး အပျိုလူပျိုစကားလေးတွေဖလှယ်ကြတာပေါ့ကွယ် အလယ်မှာရေနံဆီမီးခွက်ကြီးထွန်းလို့ပေါ့ စကားကောင်းနေလိုက်ကြတာ ညဉ့်တော်တော်နက်သွားတယ် လုံမပျိုလေးက လေမလည်ဘဲစကားကောင်းနေသတဲ့ ..

မောင်လေးဖြစ်သူကလည်းအစ်မအနားမှာထိုင်ပြီးအရမ်းငိုက်နေပြီ နောက်ဆုံးလုံးဝမအောင့်နိုင်တော့တာနဲ့ အစ်မဖြစ်သူကို ကလေးပီပီ ပြောလိုက်သတဲ့..
“အစ်မ…အစ်မအီးပေါက်မယ်ဆို မြန်မြန်ပေါက်လေဗျာ ကျနော်အိပ်ငိုက်နေပြီတဲ့ ကဲ ပုံပြင်လေးကတော့ ဒါပါပဲ”
ကျနော်ထွက်လာတော့ ရယ်သံတွေက အတော်မစဲဘူး အနောက်မှာကျန်ရစ်တယ် လူပျိုကြီးလည်း ဘာရသ ရသွားမလဲမသိဘူး သူရလိုက်တဲ့“ရသ”ကရော နည်းနည်းနံနေမလားမသိဘူး ။
………….
အဘိုးပြောသလိုပဲ…
လူကသာကြီးပြင်းသွားတာ (“ကြီးပြင်း”နော် “ကြီးပျင်း”မဟုတ်ဘူး စာလုံးပေါင်းမှားမှာစိုးလို့)
လမ်းရယ် ကျနော်ရယ်က ခုထိမယူဖြစ်ကြသေးဘူး
လမ်းကလည်းကျနော့ကို “ဟင့်အင်း”ပဲ ။
ကျနော်ကလည်းလမ်းကို “yes, I do”လို့ပြောဖို့ငြင်းဆန်နေတုန်း ။

အလွမ်းနက္ခတ်ငြိတဲ့နေ့

“ကောင်မလေးရေ”
“ကောင်မလေးရေ”
“အခုဆိုရင် ကောင်မကြီးဖြစ်နေပြီဖြစ်တဲ့ တခါက ကောင်မလေးရေးးးး”
...............................
ဒီနေ့ဘာနက္ခတ်နဲ့ငြိတဲ့နေ့လဲတော့မသိဘူး အိပ်ယာက ထလာကတည်းက လူကလွမ်းချင်သလိုလို ဆွေးချင်သလိုလိုကြီး
မျက်နှာသစ် သွားတိုက် အိမ်သာတက်တောင် စိတ်က ဟိုယိမ်း ဒီယိမ်းနဲ့
ဒီလောက်တောင်လွမ်းနေမှတော့ ငယ်သူငယ်ချင်းစာဥပဲဖြစ်ရမယ်လို့တော့မတွေးကြပါနဲ့ ကျနော့မှာ စာဥဆိုတဲ့သူငယ်ချင်းမရှိသလို “စာအု”နာမည်နဲ့သူငယ်ချင်းလည်းမရှိပါဘူး
အင်းး…..ပြန်ပြောရမယ်ဆိုရင်တော့..။.
……………………….
လမင်းလေးရယ် ကျနော်ရယ် ရပ်ကွက်တစ်ခုမှာအတူကြီးပြင်းခဲ့ကြပါတယ် ကျနော်ကြီးလာတာက ရိုးရိုးတန်းတန်းပါ လမင်းကတော့အဲလိုမဟုတ်ဘူး ကြီးလေ လှလေ လုပ်နေတယ်၊ အဲဒါပြဿနာပဲ မတော်ကျနော်ကချစ်မိသွားရင်တော့ ကျနော့ကို
ချည်းအပြစ်တင်လို့ရမှာမဟုတ်ဘူး အေးအေးဆေးဆေးမနေဘဲ လှသထက်လှလာနေတဲ့လမင်းကိုလည်းအပြစ်တင်ရလိမ့်မယ်
ဒီလိုကိစ္စမျိုးမဖြစ်ရအောင် အစကတည်းက မလှပါနဲ့တော့လား…။
…………
ကျနော့မှာ“တင်အောင်”ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ် ကျနော်သိထားတာက “တင်”ဆိုတာ“ဖင်”ကိုလည်းရည်ညွှန်း
ခေါ်ဝေါ်ကြတာပါပဲ အဲဒီတော့ “တင်အောင်”ဆိုတဲ့နာမည်ဟာ “ဖင်အောင်”လို့လည်းသက်ရောက်တယ်
နာမည်ကသာ တင်အောင် သူ့တင်ကဖြင့် လှလည်းမလှဘူး အောင်လည်းအောင်မယ့်ပုံမပေါ်ပါဘူး။ ထားပါတော့“တင်”ဆိုတဲ့
စကားကိုချည်းဇာချဲ့နေရင်“နှာဘူး”လို့ထင်ကုန်ကြလိမ့်မယ်..။

တနေ့ကပေါ့ ကျောင်းကားစောင့်နေတဲ့အချိန်မှာ ကျနော့သူငယ်ချင်းတင်အောင် မကောင်းတဲ့အကြောင်းကို
လမင်းလေးနဲ့သူ့သူငယ်ချင်းမနှစ်ယောက်ကျနော့ရှေ့မှာပဲ စွာကျယ်စွာကျယ်လုပ်ပြီးပြောနေတယ် ။
“အဲဒီတင်အောင် ကောင်းကိုမကောင်းဘူးသိလား လမ်းမှာတွေ့ရင်မခေါ်နဲ့ တအားညစ်ပတ်တဲ့ကောင် စကားပြောရင်လည်း သူ့စကားက ဘယ်လိုကြီးမှန်းမသိဘူး အနှောင့်အသွားမလွတ်နဲ့”
ကျနော်မနေနိုင်ပါဘူး ကိုယ့်ကိုရှေ့ထားပြီးကိုယ့်သူငယ်ချင်းမကောင်းကြောင်းပြောတဲ့ကိစ္စကြီး.. မနေနိုင်တော့လည်းဝင်ပါရတာပေါ့ (စကားထဲမှာဝင်ပါလိုက်တာကိုပြောတာပါ toiletလို့ရေးထားတဲ့ အခန်းကျဉ်းကျဉ်းလေးထဲဝင်“ပါ”တာမျိုးကိုပြောတာမဟုတ်ပါဘူး)

“တင်အောင့်စကားက အနှောင့်တွေ အသွားတွေနဲ့ဟုတ်လား အရိုးတွေ လက်ကိုင်တွေရောပါလား အဖျားကရော တော်တော်ရှည်ရှည်ပဲလား ငါတော့ စကားကိုအသံအနေနဲ့ပဲကြားဖူးတယ် နင်မို့လို့စကားကိုအနှောင့်တွေအသွားတွေနဲ့မြင်တယ်”
ကျနော့စကားဆုံးတော့ ကျနော့ကိုသုံးယောက်စလုံးဘုကြည့်ကြည့်ပါတယ် အဲဒီဘုကြည့်သုံးကြည့်ထဲက တစ်ဘုကိုကျနော်
တော်တော်စွဲသွားတယ် အကြည့်ကဖုနေတာတောင် ကျနော့လမင်းလေးလှနေတုန်းပဲကွယ်။
……………………….
ကျနော်တို့ရပ်ကွက်မှာ ဆိုက္ကားဆရာ ကိုတွတ်နီဆိုတာရှိပါတယ် ပုလင်းဖင်လောက်ထူတဲ့မျက်မှန်နဲ့ စာလည်းအရမ်းဖတ်တယ်
ခက်တာက သူဖတ်တဲ့စာတွေက တရုတ်သိုင်းဝတ္ထုအများစု ၊ ကျနော်ငယ်ငယ်ကဆို သူဖတ်တဲ့စာအုပ်တွေကြည့်ပြီး ဒီလူကြီး သိုင်းတော့တတ်မှာပဲလို့ထင်ခဲ့တယ်။ ခက်တာက သူ့ပုံစံက သိုင်းလောကသားရုပ်မပေါက်ဘူး သိုင်းလောကသားတွေ ပုလင်းဖင်လောက်မျက်မှန်ကြီးတွေတပ်ပြီး ဆိုက္ကားနင်းကြတယ်လို့လည်းမကြားမိဘူး…။
ဒါပေမယ့် …တနေ့မှာတော့ ကိုတွတ်နီ သိုင်းတစ်ကယ်တတ်တယ်ဆိုတာကိုကျနော်သိခွင့်ရလိုက်တယ်။
သိုင်းတောင်မှရိုးရိုးသိုင်းမဟုတ်ဘူး အရက်မူးသိုင်းကြီး။

“မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့”ဆိုတဲ့ဆောင်ပုဒ်ပဲရှိတယ်
“မူးရင်မနင်းနဲ့ နင်းရင်မမူးနဲ့”ဆိုတဲ့ဆောင်ပုဒ်မကြားဖူးဘူးလေ မူးမူးနဲ့သူဆိုက္ကားထွက်တဲ့နေ့ပေါ့ ကြောင်တောင်တောင်နဲ့ သူ့ဆိုက္ကားကို ကျနော်ငှားတဲ့နေ့ပေါ့ ကိုးကွယ်တဲ့ဆရာတော်ကျောင်းကခင်တဲ့ကိုရင်လေးတစ်ပါးပါ အရှေ့ထိုင်ခုံမှာ လမ်းကြုံလို့
ဝင်လိုက်လာတဲ့နေ့ကပေါ့။
လူအစည်ဆုံးဆိုတဲ့ လက္ဘက်ရည်ဆိုင်တစ်ဆိုင်ရှေ့အရောက်မှာကိုတွတ်နီ မူးမူးနဲ့ဘာသိုင်းကွက်သုံးလိုက်လဲမသိဘူး ဆိုက္ကားမှောက်ပါလေရော

လမ်းကခပ်မြင့်မြင့်အနေအထား လက်ဖက်ရည်ဆိုင်ကအနိမ့်ပိုင်းမှာ ဆိုက္ကားလည်းမှောက်ရော
ကိုရင်လေးက သင်္ကန်းတစ်လွှားလွှားနဲ့ပြုတ်ကျတယ် ကျနော်ကလည်းပုဆိုးတကားကားနဲ့ပေါ့ သိုင်းလောကသားဖြစ်တဲ့ကိုတွတ်နီကတော့ ကိုယ်ကိုဖေါ့ပြီးကျတယ် ဒါပေမယ့်ကံဆိုးသွားတယ် လူဘာမှမဖြစ်ပေမယ့် မျက်မှန်တော့ကျွတ်ကျသွားတယ် လူနှစ်ယောက်နဲ့ကိုရင်လေးတစ်ပါး ညီညီညာညာပဲ လက်ဖက်ရည်ဆိုင်ရှေ့တည့်တည့်ကြီးလှိမ့်ဆင်းသွားပါတယ် ။

အလှိမ့်ရပ်တော့ကိုတွတ်နီလည်း ချက်ချင်းပဲပြန်ထလာပြီး လဲကျနေတဲ့ကိုရင်လေးကိုသွားပြေးထူလိုက်တယ် အဲဒီမှာကံထပ်ဆိုးပါတယ် မျက်မှန်ကျွတ်သွားတော့ ဘာမှမသဲကွဲတော့ဘူးလေ မူးကလည်းမူးနေတယ် သူထူလိုက်တာက ခွေးခြေပုခုံလေးမှာထိုင်ပြီးလက်ဘက်ရည်သောက်နေတဲ့
အပျိုကြီးဒေါ်သင်းသင်းကို၊ အပျိုကြီးကလည်းအဲဒီနေ့မှ အဝါရောင်ပါတိတ်ဝမ်းဆက်ဝတ်ထားတာကိုး ဆိုက္ကားပေါ်ကပြုတ်ကျတဲ့
ကိုရင်လေးအမှတ်နဲ့ ချိုင်းနှစ်ဖက်ကနေဆွဲထူမလိုက်တာ အပျိုကြီးလက်ဖက်ရည်တွေ သီးပြီး “အောင်မယ်လေးတော့”ဖြစ်ပါရော။တော်သေးတယ် မျက်နှာသိတွေမို့လို့။

ဆိုင်ထဲကလူတွေတဝါးဝါးတဟားဟားပေါ့ အထူမခံလိုက်ရတဲ့ကိုရင်လေးကတော့ သူ့ဘာသာသူပဲထလာပါတယ်
ကိုတွတ်န်ီကြီးကိုကြည့်ပြီး ငိုမဲ့မဲ့နဲ့ပြောတယ် …
“ဒီဒကာကြီးတော့ ဝက်ပဲ”
…ဆိုက္ကားမှောက်ပြီး ကျနော်ပြန်အထမှာ ဆိုင်ထဲကိုထူပူနေတဲ့မျက်နှာနဲ့ လှမ်းကြည့်လိုက်တော့
ဘုရား…ဘုရား… ကျနော့ရဲ့ စာအု အဲလေ.. ကျနော့ရဲ့လမင်းလေးက ကျနော့အဖြစ်ကိုကြည့်ပြီးခွက်ထိုးခွက်လန်ရယ်နေပါပေါ့လား ကျမ်းစာထဲကအတိုင်းဆိုရင်တော့ ဒီရယ်နည်းဟာ ကောင်းမြတ်သောမိန်းမရဲ့ရယ်နည်းမဟုတ်ဘူး ဒါပေမယ့်…..ဒါပေမယ့်….. ကျနော်ခွင့်လွတ်ပါတယ် ။
……………..
ကျောင်းပိတ်တဲ့တစ်ရက်မှာပေါ့
အကျအနဝတ်စားပြီးမြို့ထဲထွက်လာခဲ့တယ် စာအုပ်ဆိုင်တစ်ဆိုင်ရှေ့မှာ ကျနော့လမင်းလေးနဲ့တွေ့တယ်
အရင်ကဆိုသူကျနော့ကိုသိပ်ပြီးဟက်ဟက်ပက်ပက်မရှိလှပါဘူး ဒီနေ့တော့ ကျနော့ကိုကြည့်တဲ့သူ့အကြည့်က အရောင်တွေလက်နေတယ်

ဘာရမလဲ အပီအပြင် သ လာတာပဲ သူ့ရှေ့မှာအပြုံးလေးနဲ့ကျနော်သွားရပ်တော့ သူကစကားစပြောပါတယ်
“တော်တော်ကြည့်ကောင်းတယ်”
“အဟီး ဟုတ်လား ဘာပဲပြောပြောနဂိုရှိမှ နဂိုင်းထွက်တာပါဟာ ဒီလုံချည်က ငါ့အမေမန္တလေးသွားတုန်းက ဝယ်ခဲ့တာလေ ဒီပိုလိုစပို့ရှပ်က..”
“နင် ဘာတွေလျှောက်ပြောနေတာလဲ ငါပြောတာက လက်ဖက်ရည်ဆိုင်ရှေ့မှာ နင်ဆိုက္ကားမှောက်တာ တော်တော်ကြည့်ကောင်းတယ်လို့ ရယ်လိုက်ရတာ ဗိုက်တောင်နာတယ် ပြောရင်းနဲ့တောင်ရယ်ချင်လာပြီ အဟိ”
ပေါသွပ်ကာတွန်းထဲကလိုသာဆိုရင် အဲဒီအချိန်မှာ လူစင်စစ်ကနေ ကျနော်“ဂိန်”လို့အသံထွက်မိမှာပါပဲ
ရက်စက်လိုက်ပါပေ့ လမင်းရယ်။
…………………………
ဘာပဲပြောပြောအဲဒီလမင်းကို ရင်ခွင်မှာသာနိုင်အောင် ကျနောကြိုးစားရတော့မယ်
ကျောင်းကနေအပြန်လမ်းတစ်ခုမှာပေါ့ ခါတိုင်းတစ်ယောက်တည်းကျောင်းကပြန်လာလေ့မရှိတဲ့ လမင်းလေးဒီနေ့တော့တစ်ယောက်တည်းရယ် အဖေါ်တွေပါမလာကြဘူး..။
သိုင်းဝတ္ထုမဖတ်လည်း ဒီနေရာမှာတော့ ကိုယ်ဖေါ့သိုင်းကိုကျနော်တတ်သွားတယ်ထင်တယ် အနားရောက်သွားတာတောင်
လမင်းလေးမသိလိုက်ရှာဘူး ခြေသံလုံလိုက်ပုံများ။

“ဟိ ယား”ဆိုပြီးတရုတ်သိုင်းကားတွေထဲကလိုတွေ့တာနဲ့ဓါးထုတ်ဖို့ကျနော်မပြင်ပါဘူး ဓါးလည်းရှိမနေပါဘူး
“အဟမ်း အဟမ်း”လို့ပဲ ကျောင်းကမြန်မာစာဆရာကြီးရဲ့လေသံနဲ့ အသံပေးလိုက်တယ်။ ပထမတော့ သူလန့်သွားမလားပဲ
ဒါပေမယ့်မလန့်ပါဘူး ကျနော့ကိုခပ်တည်တည်ပဲပြန်ကြည့်နေလိုက်တယ် လမ်းလျှောက်နေရင်းကပေါ့
ပြီးတော့ အသံဆတ်ဆတ်လေးနဲ့မေးတယ်
“ဘာလဲ”

အသံကျွတ်ကျွတ်လေးနဲ့ပဲကျနော်ပြန်ဖြေလိုက်တယ်။
“ဘာရယ်မဟုတ်ပါဘူး ဒီနေ့တစ်နေ့လုံးနေတော်တော်ပူတယ်နော်”
“အင်းလေ…အဲဒါဘာဖြစ်လဲ”
“ဘာမှတော့မဖြစ်ဘူးပေါ့ဟာ ငါကတော့နင့်ကိုချစ်နေပြီ”
“အမ်”
လမင်းလေးအံ့သြသွားပါတယ် စကားကလည်းဘာမှမဆိုင်ဘူးကိုး
ပေါရဲလိုက်လေခြင်းလို့လည်းတွေးမိသွားပုံရတယ်။
“လုပ်ဦးဟာ နင်ကလည်း အဖြေကလေးပေးလိုက်ပါတော့ စောင့်ရတာမောလှပြီ”
“အမ်”
ကောင်မလေးထပ်ပြီးအံ့သြပြန်ပါတယ်

အသံစွာစွာလေးနဲ့ပြန်ပြောတယ်…
“နင်ကလည်းဇွတ်ကြီးပါပဲလား”
“သြော်.ဆန္ဒစောရကောင်းလားဆိုပြီးလည်း ငါ့ကိုအပြစ်မတင်ပါနဲ့ဟာ ငုံးဆူလူမသိဆိုသလို ငါ့အပူငါပဲသိပါတယ်ဟာ”
“နင် ပူနေတယ် ဟုတ်လား”
“အေးလေ”
“တော်တော်ကြာပလား”
“အချစ်စိတ်တွေ မျိုမသိပ်နိုင်တော့လို့ ပွင့်အံ့ချလိုက်မိကတည်းကပေါ့”
“နင်ကလည်းဟယ် ယောင်္ကျားဖြစ်ပြီးပူရတယ်လို့”
“ချစ်မိတော့လည်း ပူရတာပေါ့ဟာ”
“ဒါဆိုရင် ဒီလိုလုပ် အချိန်တွေမနှောင်းခင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရမယ် နင်အခုပဲ ဒေါက်တာဋ္ဌေးဋ္ဌးမြင့်ကိုသွားတွေ့လိုက်နော် အကောင်းဆုံးအကြံဥာဏ်သူပေးနိုင်ပါတယ်”
“ဟိုက်”
သွားပြီ ကိုယ့်စကားကိုယ်ပြန်ပတ်ပြီ ဒေါက်တာဋ္ဌေးဋ္ဌးမြင့်ဆိုတာက ကျနော်တို့မြို့က သားဖွားမီးယပ်အထူးကုဆရာဝန်မကြီး ။ လမင်းလေးကတော့ ခပ်တည်တည်ပါပဲ သူ့စိတ်ထဲမှာတော့ ရယ်ချင်နေမှာပေါ့ ။

“ငါပြောတဲ့ ပူတယ်ဆိုတာက နင်ပူသလိုမဟုတ်ဘူးလေ”
“ဘာ ဘာပြောတယ်”
လမင်းလေးစွေ့စွေ့ခုန်သွားပါတယ်။
“အာ…ဆောရီး စကားမှားသွားလို့ ငါ့အပူက နင်တို့မိန်းကလေးတွေပူသလိုမဟုတ်ဘူးလို့ အဲ..အဲဒါလည်းမဟုတ်သေးဘူး
နင်တို့မိန်းကလေးတွေ အိမ်ထောင်ရက်သားကျပြီး“ပူ”ရတဲ့အပူကိုပြောတာမဟုတ်ဘူးလေ ရင်ထဲကလာတဲ့ အပူကိုပြောတာပါဟာ နင်နားလည်ပါတယ် စကားမကပ်ပါနဲ့”
“လာလာချည်သေး နင်ပဲစကားလိုက်ကပ်နေတာ”
“လုပ်ဦးလေဟာ နင်ကလည်း တကတည်း ချစ်နေပါပြီဆိုနေမှ”

ခဏကြာတော့ ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်
နိုင်နိုင်ချလိုက်ပုံနဲ့လမင်းလေး ကျနော့ကိုမျက်နှာချင်းဆိုင်လိုက်ပါတယ်။ အဲလိုမျက်နှာချင်းဆိုင်ပြီး…
“ မမှီနိုင်တဲ့ မြင့်လွန်းလှလွန်း တင့်လွန်း မွှေးလွန်းတဲ့ ပန်းကိုမှ မရ ရအောင်ဆွတ်ယူလှမ်းချင်တယ်ဆိုရင်တော့ မောရုံ ပန်းရုံပဲ
ရှိတော့မပေါ့ ကိုသိန်းတန်ရယ်”လို့မပြောပါဘူး ကျနော်ကလည်းတွံတေးသိန်းတန်မဟုတ်ပါဘူး တွံတေးဥမ္မာထွေးလည်းမဟုတ်ရပါဘူး။

လမင်းလေးကျနော့ကိုပြောလိုက်တာကတော့ စကားလေးသုံးလုံးတည်းပါ
အင်္ဂလိပ်လို “I love u” မဟုတ်ပါဘူး
မြန်မာလိုပဲပြောတာပါ .....

“လဲ သေ လိုက်” တဲ့ ။
.........................
(ဇာတ်မနာအောင် ဇာတ်သိမ်းရရင် လမင်းရယ် ကနော်ရယ် နောက်ပိုင်းအချစ်ဆုံးချစ်သူတွေဖြစ်ခဲ့ကြပါတယ် မယုံရင် ဘလော့လို့သာမှတ်လိုက်ပါတော့ ဘလော့လုပ်တဲ့လူကိုယ်တိုင်က ရေးချင်တာလျှောက်ရေးနေမှကိုး :P)

ဒီစာလေးပြန်တင်ဖြစ်တာလည်း ဝက်ဝံကလေးရဲ့ကျေးဇူးကြောင့်ပါပဲ ကျေးဇူးကိုယ့်ညီမလေးရေးးးး

လျှာနှစ်ခွ

အဲဒီနေ့က…သူလိုကိုယ်လိုနေ့တစ်နေ့ပါပဲ.. နေကအရှေ့အရပ်ကထွက်တယ်..
အနောက်ကိုဝင်တယ်။
တစ်ခုပဲရှိတယ် အဲဒီနေ့မှာအဘိုးကြီးတစ်ယောက် အသက်ရှုရပ်သွားတယ်။
အဲဒီနေ့မနက်ကတောင် သူ့အသက်ရှုသံကို ကျနော်နားနဲ့ဆတ်ဆတ်ကြားခဲ့သေးတယ်၊ ခုတော့လည်း သူမဟုတ်တော့တဲ့
အတိုင်း ခြေပစ်လက်ပစ်သေနေလိုက်တာများ သိုးလို့၊ အသံလေးတောင်ထွက်မလာတော့ဘူး ။

ကျနော့်မှာ တစ်ကောင်တည်းဖြစ်နေရတဲ့အထဲ ဘေးအခန်းက လူသေတော့ ထခုန်မိမတတ်လန့်တာပေါ့။
စိတ်ညစ်ညစ်နဲ့ပဲ မတွေ့တာကြာတဲ့ သူငယ်ချင်းတစ်ယောက်ဆီ ထွက်လာလိုက်တယ်။
ကျနော့ကိုတွေ့တော့ သူငယ်ချင်းကဆီးပြောတယ်…
(ဘာမှန်းမသိ ပါးစပ်ကနေ “ဆီး”လို့အော်ပြီးပြောတာမဟုတ်ပါဘူ ခရီးရောက်မဆိုက်စကားလှမ်းပြောတာမျိုးပါ)

“မိန်းမတွေမကောင်းဘူးကွာ”
“ဟုတ်လား..မိန်းမတွေလည်းပြောကြတယ်ကွ…ယောင်္ကျားတွေမကောင်းဘူးတဲ့”
ကျနော့်စကားကြောင့် သူနည်းနည်းလေသွားပါတယ်။ ဒါပေမယ့်သူ့ဝသီအတိုင်းပြောချင်တာဆက်ပြောတယ်..
“နွားဝယ်ရင် သွားဖြဲကြည့်လို့ရသလို ကောင်မလေးတွေကိုလည်း ကိုယ်နဲ့မငြိခင်အရင်ဆုံးသွားဖြဲကြည့်လို့ရရင်မိုက်မယ်”
“ဘာလဲ ugly bettyဇာတ်လမ်းတွဲထဲကလို သွားကိုခြံစည်းရိုးကာပေးထားမလို့လား”
“တောက်တီးတောက်တဲ့ကွာ…ငါက “သွား”ကိုကြည့်မှာမဟုတ်ဘူးဟေ့.. လျှာကိုကြည့်မှာ နှစ်ခွများဖြစ်နေသလားလို့ ငါ့အရင်
ကောင်မလေး မင်းသိပါတယ် အစတုန်းကအကောင်းကြီး ပြီးမှ လျှာနှစ်ခွနဲ့ဖြစ်နေပါရောလား”

သူပြောတာက သူ့ရဲ့စံပယ်တင်မှဲ့ကလေးကိုပါ အဲဒီတုန်းကသူ့မှာအရူးအမူးပေါ့…
“ငါ့ကောင်မလေးသိပ်လှတယ်ကွာ ပါးမှလည်းစံပယ်တင်မှဲ့ကလေးနဲ့ လှမှလှ”
“အမှန်မှာအဲဒီမှဲ့ကလှတာမဟုတ်ဘူးကွ နေရာကောင်းလေးရထားလို့လှသလိုလိုဖြစ်နေတာ အဲဒီမှဲ့ပဲ ခြေတောက်မှာဖြစ်ဖြစ်
ဖင်မှာဖြစ်ဖြစ် ပေါက်ကြည့်ပါလား ဘယ်သူမှလှတယ်လို့ပြောမှာမဟုတ်တော့ဘူး”
ကျနော့်ရဲ့အဆီအငေါမတည့်တဲ့စကားကြောင့် အဲတုန်းက သူ့ဒေါသက အချွန်နဲ့ထိတဲ့လေပူဖေါင်းလေးလို“ရှူး”ကနဲထပေါက်တယ်၊ အမှန်မှာဗုံးတစ်လုံးလိုဝုန်းကနဲပေါက်ဖို့ပါပဲ ၊ဒါပေမယ့်ပေါက်လို့မရဘူးလေ၊ “ပေါက်သောသူနံ၏”ဆိုတာသူသိမှာပေါ့ ။

အမှန်မှာ ကျနော်က လေပြီးသူ့ဆီရောက်လာတဲ့ကောင်ပါ သူကကျနော့်ထက်ပိုလေပြနေတော့ အတတ်နိုင်ဆုံးသူ့အတွက်
ဖြေသိမ့်စရာစကားတွေရှာကြံပြောရတာပေါ့..
“လျှာနှစ်ခွဖြစ်တာများစိတ်ညစ်စရာလားဟ “ထူးဆန်းသောလျှာနှစ်ခွနှင့်လူ”ဆိုပြီးပြတိုက်ထဲတောင်ထည့်ထားသင့်တယ်
မင်းကပြတိုက်အပေါက်ဝကနေပိုက်ဆံကောက် မင်းကောင်မလေးက လာသမျှလူတွေကိုလျှာထုတ်ပြ ခဏလေးချမ်းသာမှာ”
“အာ..စိတ်ညစ်နေပါတယ်ဆိုမှမင်းကလဲ..ငါပြောတဲ့လျှာနှစ်ခွက အဲလိုမဟုတ်ဘူးကွ စကားနှစ်မျိုးပြောတာကိုပြောတာ”
“ဘာလဲ.. အင်္ဂလိပ်ရယ် မြန်မာရယ်လား”
ကျနော့်သူငယ်ချင်းညစ်ပြီးရင်းဆက်ညစ်ရပြန်ပါတယ်..။

“နင့်ကြီးတော် အင်္ဂလိပ်မြန်မာ စကားကိုဘလောင်းဘလဲပြောတာကိုပြောတာကွ လျှာနှစ်ခွဆိုတော့ စကားကိုနှစ်မျိုးပြောတယ်
သစ္စာကနှစ်ခု အသဲနှလုံးကနှစ်ခု ချစ်တာကလည်းနှစ်ခု နောက်ပြီး…နောက်ပြီးး..အားလုံးနှစ်ခုချည်းကွာသူ့ဆီမှာ မင်းပဲစဉ်းစားကြည့် ရည်းစားငုတ်တုတ်ငါက ဘယ်လိုဖြေရတော့မှာလဲ”
…မင်းကရည်းစားငုတ်တုတ်လုပ်တာကိုး ရည်းစားတက်ထိုင်မှမလုပ်တာကိုးလို့ ကျနော်ပြန်မပြောဖြစ်ပါ။

“တရားနဲ့သာဖြေပါကွာ အရှိကိုအရှိတိုင်းလက်ခံနိုင်ခြင်းဟာလည်းတရားပဲကွ.. နှစ်ခုသည်တစ်ခုထက်တော့များ၏ ဆိုပြီးနှလုံးသွင်းပေးပေါ့ မင်းအေးချမ်းလာလိမ့်မယ်”
“သြော်…အင်း..ဟုတ်တယ်နော်…ဟာကွာ မင်းကလည်း စကားကိုတော်တော်ကပ်တီးကပ်ဖဲ့ပြောတဲ့ကောင် မင်းလိုကောင်မျိုးရေးတဲ့ဘလော့ကို ဖတ်တဲ့လူတွေရှိတာတော့ ငါတစ်ကယ်အံ့သြတယ်”
ဘာမှပြန်မပြောဘဲ ကျနော်ပြုံးစိစိပဲလုပ်နေလိုက်တယ် အဲဒါကိုပဲသူက စကားထဲထည့်ပြောပြန်တယ်

“တွေ့လား မင်းပြုံးတာကြီးက ဘွတ်အဲကိုပြုံးတဲ့အပြုံးမျိုး”
“မင်းမို့ပြောတတ်တယ် ကျိန်ဆိုလည်းကျိန်ပါ့မယ် ငါ့တစ်သက်မှာ ဘွတ်အဲဆိုတဲ့နွားကို တစ်ခါမှမပြုံးပြဖူးပါလားကွာ”
..................
နောက်တော့ နှစ်ကောင်သား စားသောက်ဆိုင်တစ်ဆိုင်ကိုရောက်သွားတယ်၊ ဇာတ်ပွဲတွေထဲကလို ရွာစားရေ ပို့တော်မူစမ်းကွယ်ဆိုပြီး ဆိုင်းတီး ကန့်လန့်ကာချ၊ ကန့်လန့်ကာလည်းဖွင့်ရော ရောက်နှင့်နေတာမျိုးမဟုတ်ပါဘူး၊
ဖိနပ်ရယ် ခြေတောက်ရယ်၊ လမ်းရယ် အကျိုးတူပူးပေါင်းပြီးရောက်သွားကြတာပါ
( လမ်းလျှောက်သွားတာပေါ့လေ)
ဆိုင်ရောက်တော့ ဥင်္ီးဆောင်ခေါ်လာခဲ့တဲ့သူကပဲ အစားအသောက်မှာပါတယ်၊ မှာသမျှကိုသူပဲရှင်းရလိမ့်မယ်ဆိုတာလည်း သိမယ်ထင်ပါတယ် ။

အစားအသောက်တွေရောက်လာတော့ကျနော့ဘက်ပဲကျနော်ဆွဲထားလိုက်တယ်၊ သူကခံစားချက်တွေကိုပွင့်အန်မယ့်လူကိုး စကားများများပြောရမယ်လေ အဲဒါကြောင့်ပါးစပ်က အားနေမှဖြစ်မှာ ကျနော်ကနားထောင်ဖို့ချည်းသက်သက်လိုက်လာတဲ့ကောင်ဆိုတော့“နား”အားရင်ရပြီ ပါးစပ်အားဖို့မလိုဘူး မအားရအောင်လည်း နှစ်ယောက်စာကိုတစ်ယောက်တည်း ပလုတ်ပလောင်းစားပေးနေရပါတယ် သူ့ပါးစပ်အားပါစေတော့ဆိုတဲ့စေတနာသန့်သန့်နဲ့ပေါ့လေ။

သူကတော့ ကြေကြေကွဲကွဲကြီးရင်ဖွင့်လို့ ကျနော်ကတော့မြိန်မြိန်ယှက်ယှက်ကြီးနားစွင့်လို့..။
အဲလိုနဲ့ အဲဒီနေ့မိုးချုပ်သွားပါတယ် ကျနော်အိမ်ပြန်လာခဲ့တယ် သရဲခြောက်မလားတော့မသိသေးဘူး….။
ကျနော့်သူငယ်ချင်းရဲ့ဇာတ်လမ်းကိုရေးပြရမှာနည်းနည်းပျင်းပါတယ်
သီချင်းတစ်ပုဒ်ပဲတင်လိုက်တော့မယ် ဒီသီချင်းတစ်ပုဒ်ဟာ ကျနော့သူငယ်ချင်းရဲ့ဇာတ်လမ်းတစ်ခုလုံးကို ကိုယ်စားပြုတယ် ။
ဒီသီချင်းထဲမှာ သူ့ရဲ့စံပယ်တင်မှဲ့ကလေးကိုရှာတွေ့နိုင်ပါတယ်..

............

အဲဒီနေ့က အားပေးဖေါ်ရခဲ့တဲ့ ကျနော့အစ်မကောင်းကင်ပြာနဲ့ ညီမမေလေး(ဆုံနိုင်ခွင့်)တို့ကို ကျေးဇူး
အထူးတင်ရှိပါကြောင်း....။

ရင်ဝဖနှောင့်နဲ့ဆောင့်ကန်သလို နောက်ပြန်ကို လဲကျပြီးတော့မှမှောက်ရန်အလို

“အဲကောင်က ဘယ်သူ့ကိုစိတ်ဆိုးနေတာလဲ”
အဘိုးက အဲလိုထမေးတော့ ကိုလူပျိုကြောင်တောင်တောင်ဖြစ်သွားတယ်
“ဘယ်သူ့ကိုပြောတာလဲအဘိုးရဲ့”
“နင့်ကက်ဆက်ထဲက ကောင်ကိုပြောတာလေ”
ဟိုက်…ကိုယ့်နဖူးကိုပြန်ရိုက်ပြီး လဲပဲသေလိုက်ရတော့မလို။

“အဲဒါစိတ်ဆိုးနေတာမဟုတ်ဘူး သီချင်းဆိုနေတာလေအဘိုးရဲ့ ဟဲဗီးမက်တယ်လို့ခေါ်တယ်”
“ဟဲဗီးမက်တယ်? ဟဲဗီးက လူနာမည်လား ဟဲဗီးဆိုတဲ့လူကိုမှမက်တယ် ဟုတ်လား”
ဒီအဘိုးတော့ ပြဿနာပဲ ၊ ကိုလူပျိုစိတ်ညစ်သွားတယ်။
“ရောခ်အပြင်းစားကိုပြောတာဗျ အဘိုးကလဲ”
“ရောခ်အပြင်းစားဟုတ်လား တော်တော်ပဲပြင်းသလား အပင်တွေစိုက်ရင်ထည့်တဲ့ပုလဲဝဲထက်ပြင်းသေးလား”

တော်ပြီ ကိုလူပျိုညစ်သွားပြီ အဘိုးကိုဖြေရှင်းချက်ပေးမနေတော့ဘူး အကြိုက်ဆုံးrockerကြီးတစ်ယောက်ရဲ့ အသံနဲ့ဆူညံပေါက်ကွဲနေတဲ့ကက်ဆက်ကိုပဲသွားပြေးပိတ်လိုက်တယ်။
အဘိုးကလည်း“ပင်လယ်အော်သံ”ကို ရပ်ကွက်ထဲက“တုတ်ကြီးအော်သံ”နဲ့လာမှားနေတယ်။ တုတ်ကြီးဆိုတဲ့ကောင်ကလည်း စိတ်ဆိုးလာရင် အမြဲတမ်းအော်ကြီးဟစ်ကျယ်ကိုး ။

ဒီနေရာမှာ ရှင်းစရာတစ်ခုပေါ်လာတယ်၊ ကိုလူပျိုဆိုတာက
ဂျာအေးခြေထောက်ကိုသွားဆွဲတဲ့ကိုလူပျိုမဟုတ်ဘူးနော်၊ ရှုပ်ရှုပ်ယှက်ယှက် သူများခြေတောက်ကိုမှလိုက်လိုက်ဆွဲတဲ့စာအုပ်ထဲက ကောင်နဲ့မှားမှာစိုးလို့ပါ။ အဲကောင်ကလည်း
ဆွဲစရာရှားလို့ ဘာကိစ္စခြေတောက်ကိုမှသွားဆွဲရတာလဲမသိဘူး ၊ ကိုက်စားလို့ရတာလဲမဟုတ်ဘဲနဲ့ ။ ထားပါတော့လေ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့နော့။ အဲကောင်ကံကောင်းသွားတာက ဂျာအေး မယောင်တတ်တာပဲ၊ ယောင်တတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့ခြေထောက်ကို
အမှောင်မိုက်မှာသွားဆွဲလို့ ကတော့လား ၊ “တိန်”ကနဲအသံမည်ပြီးနဖူးဖုသွားမှာပေါ့ကွယ်။

ခုခေတ်အနေအထားမျိုးနဲ့သာဆို အဲကောင်ကိုပုဒ်မ အများကြီးတပ်လို့ရတယ်
မှောင်ရိပ်ခိုမှု၊ နယ်မြေကျူးကျော်မှု၊ အထိတ်တလန့်ဖြစ်စေမှု၊ ကိုယ်ထိလက်ရောက်ပြုမူမှု စသဖြင့်ပေါ့လေ ကြည့်ရတာ ဂျာအေးတို့ခေတ်က အမျိုးသမီးရေးရာလည်းမရှိလောက်ဘူးထင်ပါတယ် ထားတော့ ထားတော့။
ကိုလူပျိုလည်းကက်စက်ပိတ် အိမ်ကထွက်ပြီး အပျိုမလေးတစ်ယောက်လို လန်းလတ်သစ်လွင်နေတဲ့နံနက်ခင်းကြီးကို
သာသာမောမောကြီးကြည့်ပစ်လိုက်တယ် ပြီးလည်းပြီးရော (အချိန်ယားလည်းရှိတယ်ဆိုတော့)သမိုင်းပေးတဲ့ လူပျိုတို့ရဲ့တာဝန်ကို ဦးဆွေးဆံမြည့် စတင်ထမ်းဆောင်ပါတော့တယ်။

သမိုင်းပေးတဲ့ လူပျိုတာဝန်ဆိုတာကိုလည်း ရှည်ရှည်ဝေးဝေးမတွေးကြပါနဲ့ ကောင်မလေးလှလှမြင်ရင်ငမ်းပေးရတာတို့၊ တော်တော်လေးလှတယ်ထင်ရင်
နောက်က လိုက်ပေးရတာတို့၊ ကံမကောင်းအကြောင်းမလှရင် “ရှင်ပါးကွဲသွားချင်သလား”ဆိုတဲ့ရန်တွေ့သံ
ကို သဘောထားကြီးကြီးနဲ့ နာခံပေးရတာတို့ပါပဲ။
“အလုပ်ဟူသမျှဂုဏ်ရှိစွ”တဲ့၊ တစ်ကယ်တော့ မေတ္တာကို လှည့်လည်တောင်းခံရတာဟာလည်း အလုပ်ပါပဲ။
ဂုဏ်ယူချင်ရင် ဒါကိုလည်းဂုဏ်ယူတတ်ရမယ်။

ဒီနေရာမှာ ကြုံလို့တစ်ခုဖြတ်ပြောချင်ပါတယ် (မကြုံရင်လည်းပြောမှာပါပဲ)
သင့်အနေနဲ့ရည်းစားစကားလိုက်ပြောလို့ “ရှင်ပါးကွဲသွားချင်လား”ဆိုပြီး ကောင်မလေးကလှည့်ပြောရင် အဲဒီကောင်မလေးကို လူယဉ်ကျေးမကြီးအဖြစ်လေးလေးစားစားဆက်ဆံပစ်လိုက်ပါ။ သင့်ကြောင့်သူအနှောင့်အယှက်ဖြစ်နေရတယ် သင့်ကိုလည်းလက်မခံနိုင်တဲ့အနေအထားဖြစ်နေတယ် လက်ဝါးကလည်း တစ်အားယားပြီး သင့်ပါးကိုလှမ်းရိုက်ချင်နေတယ် ဒါနဲ့များတောင်
“ပါးကွဲချင်ပါသလား” ဆိုပြီး သင့်သဘောထားကိုသူအရင်မေးသေးတယ်

မေးခွန်းမေးသလိုနဲ့ သင့်ကိုသတိပေးခြင်းလည်းဖြစ်တယ် သင့်အနေနဲ့ပါးကွဲခံနိုင်ရင် ဆက်လုပ် ၊ ပါးအကွဲမခံနိုင်ရင်တော့နောက်ဆုတ် ဒါမျိုးသတိပေးတော။
ဒါဟာ တစ်ကယ့်ယဉ်ကျေးတဲ့နိုင်ငံကြီးသူ ပီသမှန်း ပြတာပါပဲ။ တချို့တလေများ အဲလိုမေးဖေါ်လေးတောင်မရဘူးလေ ၊ တန်းပြီးတော့ကို တွယ်ပစ်တာ
“ဖြန်း” ကနဲပဲ ။

ဇာတ်လမ်းပြန်ဆက်ရမယ်ဆိုရင်....
ဒီလိုနဲ့ ပဲကိုလူပျိုချစ်တတ်လာခဲ့ပါတယ်
ဒီလိုနဲ့ ပဲကိုလူပျိုမုန်းတတ်လာခဲ့ပါတယ်
နှလုံးသားရေးရာသမိုင်းတစ်လျှောက် ကွဲလိုက် စေ့လိုက်ဖြစ်နေတဲ့အသည်းကိုလည်း ခပ်တည်တည်နဲ့ ပတ္တာရိုက်ပေးထားလိုက်တယ် အဖွင့်အပိတ်လုပ်လို့ရအောင်ပေါ့လေ၊ ဖွင့်လို့ပိတ်လို့ရနေပါပြီဆိုမှ အသည်းက ဘယ်လိုကွဲတတ်တော့မှာတုန်းနော် မပိုင်ဘူးလား ။
ဒီလိုနဲ့ပဲ…နေဝင်နေထွက်တွေများသွားတယ်
ဒီလိုနဲ့ပဲ…. လူပျိုဆိုတဲ့စာသားရဲ့နောက်ကနေ ကကြီးယယစ်လုံးကြီးတင်ဆံခတ်နဲ့ ဝစ္စနှစ်လုံးပေါက်တို့တိုးလာပါတယ်...

“လူပျိုကြီး” ပေါ့လေ..။ လူပျိုကြီးဆိုတော့လည်း ထုံးစံအတိုင်း အပျိုကြီးတွေကို သိပ်စိတ်မဝင်စားဘူးပေါ့
(စတာပါလေ…အပျိုအကြီးကြီးတွေကိုရော အပျိုအသေးသေးတွေကိုရော တန်းတူရည်တူ “ချစ်သောမျက်စိ”ဖြင့်သာကြည့်ပါ၏၊ အဲလိုအကြည့်ကောင်းလို့ပဲ “မုန်းသောမျက်စိ” ဖြင့် ပြန်အကြည့်ခံရပါ၏)
တစ်ညမှာပေါ့…
အဲဒီတစ်ညဟာ နိုင်ငံခြားလောကထဲ လူပျိုကြီးနေသားကျနေတာ ကြာသွားပြီဖြစ်တဲ့တစ်ညပေါ့။

လူပျိုကြီးရဲ့ဖုန်းကအသံမည်လာပါတယ် အချိန်မတော်ထမြည်တဲ့ဖုန်းကို လူပျိုကြီးအရမ်းမုန်းပါတယ်
အတွေ့အကြုံရ အဲလိုအချိန်မှထမြည်တဲ့ဖုန်းတွေဟာ များသောအားဖြင့် သတင်းကောင်းတွေပါးလေ့မရှိဘူး
မတတ်သာလို့ခေါ်ရတဲ့ဖုန်းတွေ မဖြစ်မနေခေါ်ရတဲ့ဖုန်းတွေ ။
ကောက်ကိုင်လိုက်တော့ တစ်ရပ်တစ်ကျေးက ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အသံကဝင်လာတယ်
စလာကတည်းကိုက အခြေအနေက မကောင်းဘူး
“မင်း…စိတ်ခိုင်ခိုင်ထားပါ”တဲ့..။

လူပျိုကြီးရင်ထဲထိတ်သွားပါတယ် စိတ်ခိုင်ခိုင်ထားပါလို့စကားဦးသမ်းပြီး စိတ်မခိုင်လောက်တဲ့ စကားတွေချည်း လှိမ့်ပြောပစ်တာ မြန်မာရုပ်ရှင်ကားတွေကြည့်ဖူးတဲ့အတွေ့အကြုံအရ သိနေတယ်လေ။ ဖြစ်နိုင်ရင် နောင်နှစ်ဒီအချိန်လောက်ကျမှဆက်ပါတော့လားဖုန်းကို...
“စိတ်တော့မကောင်းဘူးကွာ...မပြောမပြီး မတီးမမြည်ဆိုသလိုပဲ”
အသံလေးလေးကြီးနဲ့တစ်ဘက်က စကားပလ္လင်ခံနေလိုက်သေးတယ် ဖြစ်နိုင်မယ်ဆိုရင် မပြောနဲ့ မတီးနဲ့ မြည်လည်းမမြည်နဲ့ … ဒါပေမယ့်..အဆိုးဆုံးကိုရင်ဆိုင်ဖို့လည်းလူပျိုကြီး ပြင်ရတယ် ဘယ်လိုမှမဟုတ်ပါဘူး ဖုန်းနဲ့နားကိုကပ်ပြီး လက်နဲ့ရင်ဘတ်ကိုဖိထားရတာရယ်ပါ။

“မင်းရဲ့ အရိုင်းစံပယ်လေးလေကွာ”
အဲဒီနာမည်ကြားတော့ လူပျိုကြီးရင်ထဲ တဒင်္ဂ အုံ့လှိုက်လာတယ် ။
တချိန်ကအဖြစ်တွေဟာလည်း အတွေးပုံရိပ်ထဲ ရစ်သီခိုကပ်လာတယ် ကြာတော့လည်းကြာခဲ့ပါပြီ။
…အရိုင်းစံပယ်....ငါ့ရဲ့အရိုင်းစံပယ်.... သူ…သူ…ဘာဖြစ်တာပါလိမ့်..?
“အရိုင်းစံပယ်”ဆိုတာက စံပယ်ပန်းတွေပန်ထားတဲ့ လူရိုင်းမကြီးကိုပြောတာမဟုတ်ပါဘူး
လူရိုင်းမကြီးနဲ့လည်း လူပျိုကြီးရည်းစားမဖြစ်ရဲပါဘူး ။တော်ကြာ“မောင်”လို့မခေါ်ဘဲ
“ဝေါင်း”လို့အော်ပြီး ကိုက်စားနေမှဖြင့်..။

အရိုင်းစံပယ်ဆိုတာ တချိန်က လူပျိုကြီးရဲ့နှလုံးသားကို ဆွတ်ပျံ့အုံ့သင်းစေခဲ့သူလေးပါ
အရိုင်းစံပယ်လို့ခေါ်ရခြင်းအကြောင်းကတော့ ဘာမှမဟုတ်ပါဘူး၊ ခေါ်ချင်လို့ကိုခေါ်တာပါပဲ ။
အရိုင်းစံပယ်လို့ခေါ်တာ “ရှင်ဂွမ်းဂွိ”လို့ခေါ်တာမှမဟုတ်ဘဲနော့ …။

“တရားနဲ့သာ ဖြေပါတော့ကွာ...မင်း...မင်း...ရဲ့ အရိုင်းစံပယ်လေး...မနေ့ကပဲ...မနေ့ကပဲ”

တစ်ဖက်အသံကလေးသထက်လေးလာတယ် ဝေးသထက်လည်းဝေးသွားသလိုပဲ...။
တရားနဲ့မဖြေနိုင်ရင် တစ်ရာနဲ့ပဲဖြေရလိမ့်မယ်လို့လူပျိုကြီးတွေးနေမိတယ် တစ်ရာတန်တစ်ရွက်နဲ့ ဘီယာဆိုင်ထဲဝင်သင့်လည်းဝင်ရလိမ့်မယ်လေ။
ဒါကနောက်မှပါ ခုဘာမှန်းတောင်သေသေချာချာမသိရသေးဘူး
လောလောဆည်တော့50 centနဲ့ eminemတို့ပေါင်းပြီးလူပျိုကြီးရဲ့ရင်ဘတ်ထဲကို
live showလာလုပ်နေသလို တဂျိမ်းဂျိမ်း တဂျိမ့်ဂျိမ့်ဖြစ်နေပါပြီ။

“အရိုင်းစံပယ်လေး မနေ့ကပဲ .. သားယောင်္ကျားလေးမွေးသွားလို့ကွ..မိခင်ရော ကလေးရော ကျန်းမာတယ် အဲ အဲ..သူ့ယောင်္ကျားလည်းကျန်းမာပါတယ် အဲဒါလှမ်းအကြောင်းတာပါ ဟီးးးး မင်းသိသင့်တယ်ထင်လို့လေ.. အဟိ..”
ဖုန်းထဲက သူငယ်ချင်းရဲ့စကားသံဆုံးတော့ လူပျိုကြီးမျက်နှာ က ရှိသမျှခေါက်ချိုးတွေ တွန့်ထွက်ကုန်တယ်
ခေါင်းကလည်း ၄၈ဒီဂရီလောက်စောင်းထွက်သွားတယ်..
အဲဒီသူငယ်ချင်းကိုလည်း ဘာသာစကား၅မျိုးတိတိနဲ့ ပီပီသသကြီးကော်ဆဲပစ်လိုက်တယ်။
………………..

(နိုင်ငံခြားတွင် တမေ့တမောကြီးနေမိသဖြင့် “သိုး”သွားကြရရှာသော “လူပျို”အပေါင်းအား ရည်ရွယ်ရေးသားပါ၏ ။ 50centနှင့်နင်လားငါလားအပြိုင်ဟဲတတ်သည့် “ဂျောက်ဂျက်”၏ သီချင်းစာသားကို ခေါင်းစဉ်အဖြစ်ယူထားပါသည် ဤပိုစ်အားတင်ပြီးသကာလ ကျွန်ုပ်သည် တွတ်ပီကိုင်သည့် သေနတ်အား
ပခုံးထက်ထမ်းလျှက် ဝက်ဝံကလေးအလာကိုစောင့်စားနေ၏ ။ဝက်ဝံကလေးသည် ကျွန်ုပ်တင်သမျှ အပိုင်းဆက်
ပိုစ်များအားမပြီးမချင်းလုံးဝမဖတ်ဟု ရာဇသံပေးထားသူလေးဖြစ်သည်။
face book acountအားဖွင့်ပေးခဲ့သည့်
ဝက်ဝံကလေး၏ ကြီးမားလှသည့်ကျေးဇူးတော်ကို
ထောက်ထားသဖြင့် အပိုင်းများကိုခေတ္တရပ်လိုက်ပါသည် သူ့အကြိုက်အစအဆုံးပိုစ်ကိုသာ
တင်လိုက်ပါသည်။
ဒါတောင် “နောက်မှဖတ်မယ် ခုတော့ပျံပြီ ..ဖလပ်…ဖလပ်”ဟု ကွန်မန့်တွင်
ရေးထားသည်ကိုတွေ့ရှိရပါက
တွတ်ပီသေနတ်ဖြင့်ပစ်ရတော့မည်ဖြစ်သည် ။
သိပ်တော့လည်းစိုးရိမ်စရာမရှိပါလေ.. တွတ်ပီသေနတ်သည် မရှောင်ရင် လွတ်ပေသည် ခွီး ခွီး ခွီးး :P)

ကိုယ်ရောင်ကိုယ်ဝါတောက်လွန်းသူ


သူများနိုင်ငံမှာတော့ဒီလိုကားမျိုးပြတိုက်တွေမှာပဲရှာကြည့်ရတော့မယ်ထင်တယ် ကိုယ်တို့ဆီမှာတော့ တဖုန်းဖုန်း တဒိုင်းဒိုင်းအသံပေးပြီးပြေးနေတုန်းပဲ ကားစပယ်ယာတွေများ ကားအင်ဂျင်ကိုသံကောက်နဲ့လှည့်ပြီးနှိုးရလွန်းလို့ လက်မောင်းကကြွက်သားတွေတက်ပြီး
ဗလမောင်တောင်လုပ်စားလို့ရလောက်တယ် ကားခေါင်မိုးမှာရော ကားဝမ်းထဲမှာပါ တင်ချင်သလိုတင်ထားတဲ့လူတွေ ကုန်စည်တွေကြားမှာ ကားတန်ချိန်ဆိုတဲ့စာကပျောက်နေတယ် တခါခါကားတွေကြည့်ရတာ ခရီးသည်တင်ကားနဲ့မတူတော့ဘူး ဆပ်ကပ်ပွဲတစ်ခုက လူပဒေသာပြပွဲနဲ့ပိုတူနေတယ် ။

မတော်တဆမှောက်လို့ကတော့ ပေါသွပ်ကာတွန်းထဲကလို“မွေးမေလေ့”လို့တောင်အော်နိုင်မှာမဟုတ်တော့ဘူး။ တခါကဆိုကားခေါင်မိုးပေါ်အိပ်ငိုက်ပြီးလိုက်လာတဲ့ဇာတ်မင်းသားတစ်ယောက် နိမ့်ကျနေတဲ့အပေါ်ကသရက်ကိုင်းနဲ့ရိုက်မိပြီးအောက်ကိုနောက်လန်ကျတာ
“အောင်မြတ်လေးလေး နှမငယ် ဖြစ်သမျှရယ် လှစ်ဟမယ် မောင်ကြီးအီစလံဝေရတယ်”လို့တောင်အော်ချိန်မရလိုက်ဘူးကတ္တာရာလမ်းနဲ့ခေါင်းနဲ့မိတ်ဆက်ပြီး
အနိစ္စသဘောနဲ့ကိစ္စလျှောပါလေရော။တခါတခါလည်းကားစီးရတာ ကုသိုလ်ရတယ်လို့တစ်ဖက်လှည့်တွေးမိတယ်၊ ဘုရားတရလွန်းလို့လေ။

မိန်းကလေးတွေဟာအရှက်နဲ့လူလုပ်သတဲ့ ၊ လက်ခံပါတယ် ခြွင်းချက်အနေနဲ့ပြောချင်တာက ယောင်္ကျားလေးတွေလည်းအရှက်နဲ့လူလုပ်ချင်ပါတယ် ခက်တာက ကားအနောက်ဘက်မှာတွယ်စီးနေရတဲ့ယောင်္ကျားလေးတွေရဲ့အရှက်ကို တရကြမ်းမောင်းနေတဲ့ကားကြီးက တဖုန်းဖုန်းနဲ့ခါချနေတယ် ဒီလောက်ရှည်တဲ့ခရီးကိုတိုးဝှေ့ဖက်တွယ်စီးနေရမှတော့ ပုဆိုးဆိုတာအခန့်မသင့်ရင် ကျွတ်တာပါပဲ၊ လက်တစ်ဘက်ကလျှောကျနေတဲ့ပုဆိုးကိုဖမ်းထားရတယ် အရှက်ကွဲမှာစိုးလို့၊ နောက်လက်တစ်ဖက်က ကားအတွယ်သံတိုင်ကိုဖမ်းထားရတယ် အသက်အိုးလေးကွဲမှာစိုးလို့။

ပြောရမယ်ဆိုရင် ကားစီးဖို့ဆိုတာပိုက်ဆံရှိရုံနဲ့ဘယ်ရပါ့မလဲ လက်ကလည်းမြဲဦးမှကိုး တစ်ချို့တွေကားတွယ်စီးတာများပြီးလက်က မျောက်လက်ဖြစ်သွားကြပါလေရော
(ကောင်မလေးများသိစေရန်= အကယ်၍ သင့်ချစ်သူ၏လက်သည် မျောက်လက်ဖြစ်နေပါက ကားတွယ်စီးရလွန်း၍ သာဖြစ်ကြောင်းသဘောပိုက်ကာ ခွင့်လွတ်ပေးကြပါရန် ၊ အကယ်၍ကားတွယ်မစီးဖူးဘဲမျောက်လက်ဖြစ်နေသည်ကိုတွေ့ရှိရပါက “ဝသီ”ကြောင့်သာဖြစ်သည်ဟု သဘောပိုက်ကာ “အထူး”ဆင်ခြင်ကြရန်)

တချို့တွယ်စီးနေရတဲ့ကောင်လေးတွေများ ကားထဲမှာချစ်သူကောင်မလေးပါလာခဲ့ရင် “ကောင်မလေးရေ တစ်ဖက်လှည့်နေလိုက်ပါ မမြင်သလိုနေလိုက်ပါ”လို့အသံတိတ်ပြောနေမိမလားပဲ။
တစ်ချို့အကြံကြီးတဲ့ခရီးသည်တွေကတော့လုံချည်ပေါ်မှခါးပတ်ပြန်ပတ်ထားလေရဲ့ ရှေးဟောင်းရုပ်ရှင်မင်းသားကြီးရွှေဘတို့ခေတ်က စတိုင်နဲ့တူတယ်။

တနေ့ကပေါ့…..
ဂိတ်တစ်ခုမှာ နယ်ကဆင်းလာတဲ့ကားတစ်စီးရပ်တော့ ဘယ်ကတည်းကအဲဒီ ကားနောက်ကိုစက်ဘီးနဲ့လိုက်လာတဲ့အကောင်လည်းမသိဘူး(အကောင်လို့သုံးနှုန်းလိုက်တာရိုင်းရာကျပါ
တယ် ရိုင်းတယ်ထင်ရိုင်းတယ်ပဲပေါ့လေ) ဟောဟဲလှိုက်နေရင်းကနေကားခေါင်မိုးပေါ်ကိုမော့ပြီးဒေါသတကြီးနဲ့
“ဟိုဝါးခမောက်နဲ့ဦးကြီးခုဆင်းခဲ့”လို့လှမ်းအော်တယ်
သူ့ပခုံးကအရစ်တွေအပွင့်တွေရယ် သူ့ဗိုက်ကအရစ်တွေ အညစ်တွေရယ်ကိုကြည့်ပြီးသူဘာကောင်မှန်းခရီးသည်တွေအကုန်သိလိုက်ကြတယ်။

အခေါ်ခံရတဲ့ဦးကြီးကလည်းချက်ချင်းဆင်းလာပါတယ် ပြီးတော့ ဘီလူးရဲ့ချပ်ဝတ်တန်ဆာတွေနဲ့တောက်ပနေတဲ့အဲဒီအကောင်ရှေ့မှာခပ်ရို့ရို့လေးရပ်တယ်။
“ဘာများလဲတူလေးရယ်”
“ဘာများလဲ ဟုတ်လားခင်ဗျားကျုပ်ပေါ်ကွမ်းတံတွေးထွေးချတယ် အဲဒါဘာသဘောလဲ”
မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးအစုံနဲ့ခရီးသည်ဦးကြီးကိုကြည့်ပြီးအဲကောင်ပြန်အော်တယ်။
သူ့အော်သံကိုကြားရကုန်တဲ့ကားပေါ်ကခရီးသွားတွေရော ဦးကြီးကပါတအံ့တသြဖြစ်သွားတယ်။
ဦးကြီးကတောသားကြီးတစ်ယောက်ဖြစ်ပုံရပါတယ် ကားခေါင်မိုးပေါ်လိုက်လာရင်းကွမ်းတမြုံ့မြုံ့ဝါးနေတာ
ကားသွားနေတုန်းအောက်ကိုကွမ်းသွေးလှမ်းထွေးတော့ ကားလမ်းဘေးက စက်ဘီးနဲ့အဲဒီအကောင်ကိုနည်းနည်စင်သွားတယ်နဲ့တူတယ်

ဗုံးပေါက်သလိုအဲကောင့်ဒေါသက“ဝုန်း”ကနဲထပေါက်ပြီးကားနောက်ကိုအမှီလိုက်ပြီးစက်ဘီးပြေးနင်းလာတာ
ပြောမယ့်သာပြောတာ သူ့ဝတ်စုံပေါ်မှာဘာကွမ်းသွေးအရောင်မှမတွေ့ရဘူး နည်းနည်းစင်သွားတာကိုတမင်ပြဿနာလာရှာမှန်းခရီးသည်တွေသိလိုက်ကြတယ် မာနကိုထိခိုက်သွားလို့နဲ့တူပါတယ်။ ပခုံးကအပွင့်ကိုထိခိုက်သွားတာလည်းဖြစ်နိုင်တယ်။ ဦးကြီးက ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့သူ့တူသားအရွယ်အဲကောင်ကိုညှိုးညှိုးငယ်ငယ်လေးပြန်ကြည့်ပြီး
“မဟုတ်ရပါဘူးတူလေးရယ် ဦးကြီးမလုပ်ရဲပါဘူး မတော်စင်သွားတာလားမသိဘူး ဦးတောင်းပန်ပါတယ်”
“ဘာတောင်းပန်တာလဲ ခင်ဗျားစောက်ခွက်ကို ကျုပ်ခုတံတွေးပြန်ထွေးမယ် ကျေနပ်လား ကျုပ်ကိုဘာအကောင်မှတ်နေလဲ”

ကြားရကုန်တဲ့ခရီးသွားအပေါင်းရဲ့နားထဲမှာ တမာတောကြီးတစ်တောလုံးဖြုန်းခနဲပွင့်ချသွားသလို“ခါး”ကုန်တယ်။
တဆက်ထဲမှာပဲ ဒေါသကိုထိန်းမရတော့ဟန်နဲ့အဲကောင်က ဦးကြီးအင်္ကျီကော်လံစနှစ်ဖက်ကိုလှမ်းဆွဲလိုက်တယ်
တော်တော်မလှတဲ့မြင်ကွင်းပါ အဖေအရွယ်လောက်ရှိမယ့်လူကြီးကို သားအရွယ်လောက်ရှိမယ့်ကောင်က ပြဿနာရှာနေတာ။ ကြည့်နေသူအပေါင်းရဲ့ပါးစပ်တွေထဲကို ဆေးခါးကြီးတစ်လုံးစီလိုက်ပစ်ထည့်နေသလိုပါပဲ မြင်ရတာ မျက်လုံးတောင်ခါးတယ်။

အရမ်းကြောက်လန့်နေပုံရတဲ့ဦးကြီးက “တစ်ကယ်မတော်လို့ပါ တူလေးရယ် မကျေနပ်လို့ရှိခိုးဆို ခိုးပါ့မယ် ဦးလည်းခရီးသိပ်သွားတာမဟုတ်ပါဘူး ခုတောင်အိမ်ကသမီးကြီးက တအားနေမကောင်းဖြစ်လို့ရွာကဆေးဆရာရေးပေးလိုက်တဲ့ဆေးတွေလာဝယ်တာပါ ဦးလည်းကောင်းကောင်းမကျန်းမာပါဘူးကွယ် ဦးတောင်းပန်ပါတယ်”ဆိုပြီးတုန်တုန်ရီရီနဲ့ပြောရှာတယ်။
ဦးကြီးရဲ့စကားကိုကြားတော့ခရီးသည်တွေဂရုဏာသက်သွားကြတယ် ဟိုကောင့်ဖင်ကိုလည်းဆောင့်ကန်ချင်စိတ်တွေပေါက်သွားတယ် ဒါပေမယ့်စိတ်ထဲပဲဖြစ်တာပါ အပြင်မှာမဖြစ်ရဲကြပါဘူး။

ဘယ်လိုတောင်းပန်ပန်ကျေနပ်ပုံမပေါ်တဲ့အဲကောင်က ဦးကြီးကိုဆွဲထိုးဖို့လုပ်ပါလေရော မနေသာတဲ့ကားဆရာနဲ့ဒရိုင်ဘာကဆင်းလာပြီးဝိုင်းတောင်းပန်ပေးရတယ် “ဆရာလေးရယ်တကယ်မတော်လို့ဖြစ်ရတာပါ ဒီဦးကြီးကောင်းကောင်းမကျန်းမာပါဘူး သနားပါဗျာ ကျနော်တို့တောင်အစကမတင်ဘူး ကားဝမ်းထဲမှာလူပြည့်နေပြီလေ သူကတုန်ချိ တုန်ချိနဲ့ ခေါင်မိုးကိုမပေးတက်ဘူးဆိုတော့ သူကသမီးအတွက်အရမ်းအရေးကြီးနေလို့ပါတဲ့ အဲဒါနဲ့ခေါင်မိုးအလယ်လောက်မှာပေးထိုင်လိုက်ရတယ် မမြင်မစမ်းနဲ့အောက်ကိုလှမ်းထွေးလိုက်တာ စင်သွားတာနေမှာ လူကြုံလည်းမရှိတာနဲ့ကိုယ်တိုင်လာရတာတဲ့ နောက်ပြီးဒီကားတစ်စီးပဲပြေးတယ်လေသူတို့ရွာဘက်မှာ
တမင်လုပ်တာမဟုတ်ရပါဘူး ခွင့်လွတ်လိုက်ပါဆရာလေးရယ်”

အဲကောင့်ကိုဆရာလေးလို့ခေါ်တော့ခရီးသည်တွေရဲ့မျက်လုံးထဲမှာ ကတုံးပြောင်ကြီးနဲ့သီလရှင်ကိုမြင်ယောင်မိကုန်တယ် ။
နာရီဝက်လောက်တောင်းပန်မှမကျေမချမ်းနဲ့ဦးကြီးဘက်ကိုလှည့်ပြီးမိုးကြိုးပစ်သလိုအသံကြီးနဲ့ “ခင်ဗျားကြပ်ကြပ်သတိထား”တဲ့
သူ့ခါးကပစ္စတိုကြီးကိုလူမြင်အောင်လှည့်ပြရင်းကားပေါ်ကခရီးသည်တွေကိုလည်းလူကြမ်းကြီးအံ့ကျော်
အကြည့်နဲ့ကြည့်သွားသေးတယ် ။ (ဒီလိုနှိုင်းရတာ အံ့ကျော်ကြီးကိုတောင်အားနာပါတယ်)
ကားထွက်မှပဲခရီးသည်တွေမှာဟင်းကနဲသက်ပြင်းချနိုင်တော့တယ်။

ဦးကြီးကတော့သူ့နေရာသူပြန်ထိုင်ပြီးတစ်ယောက်တည်းတိတ်ဆိတ်လို့ ကြေကွဲလို့။
တူ သားအရွယ်ကစော်ကားရက်လိုက်လေခြင်းဆိုပြီးဝမ်းနည်းနေတာထက်
အသည်းအသန်မာမကျန်းဖြစ်နေတဲ့အိမ်ကသမီးကြီးဆိုသူအတွက် အချိန်တွေနှောင်းကုန်မှာစိုးတာနေမှာပါ
ဆေးရုံဆိုတာသူလိုအရောင်အဆင်းမဲ့တဲ့တောသားကြီးတစ်ယောက်အတွက် လက်လှမ်းမမှီလောက်တဲ့နေရာတစ်ခုဖြစ်နေမှာပေါ့လေ။ ဒီလိုနဲ့မြို့ထဲကိုဝင်လာပါရော တစ်နေရာရောက်တော့ အနီရောင်အောက်ခံပေါ်မှာအဖြူရောင်စာလုံးနဲ့ရေးထားတဲ့လမ်းဘေးကဆိုင်းဘုတ်ကြီးကြီးတစ်ခုကို
ကားပေါ်ကခရီးသည်တွေအကုန်လိုလိုကြည့်မိလိုက်ကြတယ်။

ရေးထားတဲ့စာက ….
“တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖ”တဲ့
အဲဒီစာတန်းကြည့်ပြီးခရီးသည်တွေအားလုံးရဲ့ပါးစပ်ကနေအသံတစ်ခုပြိုင်တူထွက်သွားကြတယ်။

“ထွီ”
…………………

ဖြစ်ရပ်မှန်ပါ အပုံကိုတော့googleကနေယူပါတယ်။

ရွှေသုန္ဒရီ-၂


“ရှင်…ရှင်…ဘာစကားပြောတာလဲ”
တယ်ရီယာပေါက်စနလေး တခွီးခွီးဖြစ်နေသလိုပန်းနုရှက်သွေးမျက်နှာနှင့်ကောင်မလေးသည်ရန်ရှာတော့မလိုအသံပြုလာသည်
“ဟိုဟိုဒီဒီတော့လျှောက်မတွေးနဲ့လေ ကျုပ်ဆိုလိုတာကတမျိုးပါ မင်းမြင်တဲ့အတိုင်းပဲလေ ဒီအခန်းကဂျပိုးများတယ် ဂျပိုးဆိုတဲ့ကောင်တွေက တွေ့တဲ့လူကိုတွေ့တဲ့နေရာမှာ ကုပ်ကပ်ပြီးတော့ကို လူမမြင်အောင်တွယ်တတ်တာမျိုး တော်ကြာကျုပ်အခန်းလာမိလို့ကောင်မလေးအခန်းဂျပိုးရောက်သွားတယ်ဆိုရင်ကျုပ်လည်းမကောင်းဘူးလေ အရင်ကလည်း ပြောခံထိဖူးတယ် သူတို့ဘာသာသူတို့ဖင်ယားပြီးလာတာပါ သူတို့ဘာသာသူတို့ဖင်ယားပြီးပဲထပြန်သွားတယ် ဂျပိုးလည်းကိုက်ရောကျုပ်ကြောင့်တဲ့ အဲဒါကြောင့်ပါ”

“သြော်..သြော်...ဂလိုကိုး...တော်ပါသေးရဲ့”
တယ်ရီယာလေးချက်ချင်းပင်စိတ်ပြန်ပြေသွားသည်စောစောက စတင်လာနေသည့်ရန်ရှာမည့်အရိပ်အယောင်များပျောက်ကုန်ပြီး လူလည်းကြည်ကြည်လင်လင်ပြန်ဖြစ်လာသည် ထို့နောက်အသံကလေးအုပ်အုပ်ဖြင့်ပြောသည်..
“ဒါဆိုလည်းဝင်မထိုင်တော့ပါဘူးရှင်”
ထိုသို့ပြောပြီးနောက်
သက်ပြင်းရှည်ကြီးကိုချလျှက်မှသူ့အားရွန်းရွန်းစားစားကြည့်လေသည်။

သူကလည်းအားကျမခံရွန်းရွန်းစားစားကြီးပြန်ကြည့်ပစ်လေသည် ။ မျက်လုံးနှစ်စုံတို့သည် ဘာသာစကားတစ်ခုကိုအသံတိတ်ပြောနေဘိသကဲ့သို့ရှိသည် ထိုအသံတိတ်ဘာသာစကားကို တိုက်ရိုက်ဘာသာပြန်ရသော် ကောင်မလေး၏အကြည့်က
“ကျမအတွင်းခံကအစလျှော်ဖို့ပျင်းလို့တော့မဟုတ်ပါဘူး ဂျပိုးဆိုရင်ရွံလွန်းလို့ပါရှင်”ဟုအဓိပ္ပါယ်ရမည်ဖြစ်ပြီး
သူ့အကြည့်ကတော့ “သြော်…ကောင်မလေးနှယ် အတွင်းခံကအစလျှော်ရမှာပျင်းလို့ ဝင်မထိုင်ရဲတော့ဘူးကိုး”ဟုအဓိပ္ပါယ်ထွက်မည်ဖြစ်သည်။
တဒင်္ဂတိတ်ဆိတ်မှုကိုကောင်မလေးကစတင်ဖြိုခွဲသည် ထုံးစံအတိုင်းလျှာနဲ့ပဲဖြစ်သည်။

“ဟိုလေ..ဒီနေ့ ကိုထူးတို့ဆီမှာ မုန့်ဟင်းခါးချက်တယ်လေ အဲဒါရှင့်အတွက်လာပို့တာ ကျမကိုယ်တိုင်ချက်ထားတာနော်”
ကောင်မလေးသည် သူ့ကိုသူ“ကျမ”ဟုသုံးနှုန်းတတ်ပြီး သူတို့ကိုတော့“ရှင့်”ဟုနာမ်စားသုံးပြောဆိုတတ်သည်။
သူ့အဖို့တော့“ရှဥ့်”ပဲခေါ်ခေါ်“မျောက်”ပဲခေါ်ခေါ် သိပ်တော့လည်းကိစ္စမရှိပါ။
ကောင်မလေးသည်အချိန်ပြည့်ကိုထူးအခန်းထဲအလည်ရောက်နေသည်ကများသည် ကိုထူးသည်အားလုံးထဲတွင်ဝင်ငွေအမြင့်ဆုံးအလုပ်သမားခေါင်းဆောင်တစ်ယောက်လည်းဖြစ်သည်။
ကောင်မလေးယူလာသည့်ချိုင့်ထဲကဟင်းရည်နှင့်မုန့်ဖတ်များကိုသူလှယ်ယူလိုက်သည်။ ချိုင့်အလွတ်ကိုကောင်မလေးအားပြန်ပေးပြီးနောက် ထုံးစံအတိုင်းအခန်းထဲက ဂျပိုးထိုးစစ်ဆက်လက်ဆင်နွဲနေပြန်သည်။

ကောင်မလေးမှာချိုင့်အလွတ်ကြီးလက်ထဲဆွဲလျှက်မတင်မကျကြီးဖြစ်နေသည်။ (တင်လိုက် ကျလာလိုက်မဖြစ်တာကိုဆိုလိုပါသည်)
“ရှင်တစ်ခုခုပြောဖို့မေ့နေတယ်လို့မထင်ဘူးလား”
“သြော်…အင်းး...ဟုတ်သားပဲ မေ့နေတယ် ကျေးဇူးပါပဲ”
“ဟွန်းးး”
ကောင်မလေးမျက်နှာအနည်းငယ် မဲ့ရွဲ့သွားသည်။
“ဒီလိုရှင့် ကိုထူးက 012သုံးတယ်လေ ကျမက 016သုံးတာ အဲဒါသူမလုပ်တတ်လို့ရှင့်ကိုအကူအညီတောင်းချင်လို့ ဟိုလေ MMS GPRS ဖွင့်ပေးပါလား နောက်ပြီး camera settingလည်းချိန်ပေးပါဦး သိပ်မကြည်ဘူးဖြစ်နေတယ်
နောက်ပြီး friend and family နံပါတ်လေးပါထည့်ပေးနော်
နောက်ပြီး ဟို walkmanထဲကplaylistလုပ်တာလေ
နောက်ပြီး………..
နောက်ပြီး……….. ”

သြော်…သင်းကအကျိုးလိုလို့ညောင်ရေလာလောင်းနေတာကိုး.. ရပါ၏ ။
ကောင်မလေးလက်ထဲကမနေ့ကမှကိုထူးဝယ်ပေးထားသောအသစ်စက်စက်sony ericsson w910iအားယူလိုက်ပြီးသူလည်းတတ်သလောက်မှတ်သလောက်ကလိပေးလိုက်သည်။
ရပြီဆိုတော့ကောင်မလေးကpicture message ပို့ကြည့် friend and family noတွေခေါ်ကြည့်နဲ့
အားလုံးအိုကေသွားသဖြင့်အလွန်ပျော်သွားသည်။ ကောင်မလေးသည် ထက်ထက်မိုးဦးလည်းမဟုတ်လေသဖြင့်“ဒါမှကျုပ်မောင်ကြီးတော့”ဟုသူ့ကိုကြည့်ပြီးထမအော်ပါ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားပြောပြီးတော့သာပျော်ရွှင်မြူးထူးစွာထွက်ခွာသွားခဲ့သည်။

အပေးအကမ်းရက်ရောသူကိုထူးနှင့်ရွှေသုန္ဒရီမည်သော အလှဘုရင်မလေးတို့နောက်ပိုင်းတွင် အိုကေမှာစိုပြေသွားကြသည်။ ကောင်လေးတွေအားလုံးစွေ့စွေ့ခုန်ကျန်ခဲ့သည်။ ဥပဒေကလည်းရှိနှင့်ပြီးဖြစ်သဖြင့် ကောင်လေးတွေအားလုံး မြင်သာမြင်မကြင်ရ ငေးကြည့်ရုံပဲတတ်နိုင်ကြရလေတော့သည်။
တချို့ကောင်လေးတွေလည်းသောကဗျာပါတွေဝေပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်ကုန်ကြကာနောက်ဆုံး ဘာကို ကိုင်လိုက်မိသည်မသိ မူးရစ်ရီဝေနွေညနေဖြစ်သွားတော့သည် (မဟုတ်မှလွဲရော vol 40%စာတန်းကပ်ထားသော ပုလင်းကို ကိုင်လိုက်မိကြပြီထင်သည်)
နောက်ပိုင်းတွင်ကောင်မလေးသည် ဖုန်းကိုအကြောင်းပြ၍တစ်မျိုး၊ သီချင်းကိုအကြောင်းပြ၍တစ်ဖုံ သူ့ဆီအလည်ရောက်သည့်အခေါက်တွေစိပ်လာခဲ့သလို နှစ်ဦးသား၏ခင်မင်မှုသည်လည်းအတိုင်းအတာတစ်ခုထိရှိသွားကြသည်။

ထိုအတိုင်းအတာကိုပေတံနဲ့တိုင်းရင် ၁၂လက်မရဲ့ဟိုမှာဘက်လောက်မရှည်သော်လည်းပေရှည်အောင်ချဲ့ကားပြောဆိုတတ်သောပတ်ဝန်းကျင်
ကြောင့် သူနှင့်သုန္ဒရီတို့၏သတင်းသည်ဟိုလိုလိုဒီလိုလိုဖြစ်ခဲ့ရသည်။
ကိုထူးသည်နဂိုကတည်းကသဘောထားပြည့်ဝသူဖြစ်ပြီးသူ့ကိုလည်းညီတစ်ယောက်လိုချစ်ခင်သူဖြစ်သည် ပတ်ဝန်းကျင်၏အတင်းအဖျင်းကိုအစဉ်သဖြင့်ကိုထူးလျစ်လျှူရှုခဲ့လေသည်။
ဂျပိုးများအားလုံးသူ့အားဆလံပေးပြီးထွက်ပြေးကုန်ပြီဖြစ်သဖြင့်လည်းကောင်မလေးသည်စိတ်ရှိတိုင်း
လာလည်နေတတ်ပြီဖြစ်သည်။

ဂစ်တာအိုတစ်လက် စီဒီကက်စက်အစုတ်တစ်လုံးနှင့် အလုပ်အကိုင်မယ်မယ်ရရမရှိသည့်ကောင်လေးတစ်ယောက်တို့သာ စုပေါင်းနေထိုင်သည့်အခန်းကျဉ်းလေးကို ကောင်မလေးသည်အလုပ်သမားခေါင်းဆောင်ကိုထူး၏ခေတ်ပေါ်ဇိမ်ခံပစ္စည်းအပြည့်နှင့်ခမ်းနားထည်ဝါသည့်
အခန်းထက်ပိုနှစ်သက်ပုံရသည်။ အလည်လာတိုင်းလည်းသူစားဖို့တစ်ခုခုယူလာတတ်သည်။
“ရှင်နဲ့ကျမ”သုံးနှုန်းရာမှ “နင်နဲ့ငါ”ဖြစ်သွားသည်။

တခါတခါကောင်မလေးသည် အစ်မတွေရှိသည်ဆိုသည့်ခပ်ဝေးဝေးမြို့လေးတစ်မြို့သို့ အချိန်ကာလ အတိုင်းအတာတစ်ခုထိကြာအောင်တစ်ယောက်တည်းသွားရောက်လည်ပတ်လေ့ရှိသည်။ ထိုသို့သော အခါမျိုးတွင် ကိုထူးသည်“ရွှေသုန္ဒရီ”သီချင်းကိုအာပေါက်အောင်ဆိုကာအလွမ်းဖြေလျှက်ရှိသည်။
သူကတော့ထုံးစံအတိုင်းနဖူးပေါ်လက်တင်ပြီးအရောင်လျော့လျော့သူ့မနက်ဖြန်များအား စိုစိုထိုင်းထိုင်းစိတ်ကူးတို့ဖြင့်ကြိုတင်ရင်မောနေတတ်မြဲဖြစ်သည်။

တစ်နေ့… သုန္ဒရီဆိုသူလေးသူ့အားဖုန်းဆက်ခေါ်သည် အခန်းချင်းနီးနီးလေးဆိုသော်လည်း ဖုန်းလှမ်းလှမ်းဆက်တတ်တာ ကောင်မလေးအကျင့်ပဲဖြစ်သည်။
“ခုပဲအစ်မတို့ဆီကပြန်ရောက်တာ နင်ကြိုက်လောက်မယ်ထင်တဲ့သီချင်းတစ်ခွေဝယ်လာပေးတယ် လာယူနော်”တဲ့
သူတော်တော်ပျော်သွားသည် ဘာသီချင်းခွေမှန်းတော့မသိရသေး ဘာသီချင်းဖြစ်ဖြစ်လေ အောင်ခြင်းရှစ်ပါးအခွေတော့မဟုတ်လောက်ဟုသူထင်သည် ဟုတ်လည်းဘာဖြစ်လဲ ဝမ်းတောင်သာရဦးမှာ

သီချင်းခွေကိုသူသွားယူတော့ အဖုံးကာဗာမှာသူမလက်ရေးနှင့် “ငါ့ကိုဘယ်တော့မှမမေ့ပါနဲ့”ဟုအဓိပ္ပါယ်ရသည့်အင်္ဂလိပ်စာဖြင့်ရေးထားပြီး အောက်နားလေးတွင်သူမနာမည်အရင်းကိုဆိုင်းထိုးထားတာတွေ့ရသည် ။
ကောင်မလေးအတွက်ကျေးဇူးဆိုသောစကားကိုအထပ်ထပ်ပြောရလွန်းလို့ထပ်ပြောရမှာတောင်သူ့အနေနှင့်ရှက်လှပြီဖြစ်သည် အစစအရာရာသူ့အပေါ်ကောင်းခဲ့တဲ့ကောင်မလေးအတွက် လောလောဆည်တွင်အဖိုးအခအနေနှင့်သူတုံ့ပြန်နိုင်ခဲ့တာဆိုလို့ ဂစ်တာတီးပြီးသီချင်းဆိုပြခြင်းပဲရှိသည် ကောင်မလေးလည်းထိုတစ်ခုတည်းကိုသာတောင်းဆိုမြဲဖြစ်ခဲ့သည်။

နေဖင်ထိုးအောင်အိပ်လိုက်ဦးမည်ဟုသူစိတ်ကူးထားသည့်စနေနေ့တစ်ရက်တွင်ဖြစ်သည်။(စကားအဖြစ်ပြောရတာပါ နေက ဖင်ကိုလာမထိုးပါ ဘယ်နေရာကိုမှလည်းမထိုးပါ အခန်းကနေရောင်တောင်သိပ်မဝင်ပါ) စောစောစီးစီးတံခါးခေါက်သံကြောင့်အိပ်ယာမှလူးလဲထကာသွားဖွင့်ပေးလိုက်သည်။ အခန်းရှေ့မှာရောက်နေတာက မတွေ့ဖြစ်တာကြာပြီဖြစ်သည့်သူငယ်ချင်းတစ်ယောက် သူ့မျက်နှာက မတင်မကျကြီး တစ်စုံတစ်ခုကိုအပြင်းအထန်စဉ်းစားနေပုံရသည် အချိန်တွေကြာနေပြီးမှ ခုလိုတစ်ခေါက်ပြန်တွေ့ရတာတောင် သာကြောင်းမာကြောင်းတွေမမေးမိကြ(သာကြောင်းမာကြောင်းမမေးကြသလို ဘယ်လိုလဲ မဟန်တော့ဘူးလား ရှောတော့မလားဟုလည်းမမေးမိကြပါ)

အခန်းထဲဝင်ထိုင်တော့ထုံးစံအတိုင်းရေမွှေးနံ့ကတထောင်းထောင်းထသည်။ ထိုသူငယ်ချင်းသည်ရေမွှေးအလွန်ဆွတ်သူဖြစ်ပြီး ရေမွှေးမဆွတ်တတ်သူ သူ့အားလည်းမကြာခဏအပြစ်တင်တတ်သူဖြစ်သည် ။
“လူရှေ့သူရှေ့သွားတာ မွှေးမွှေးကြိုင်ကြိုင်လေးနေမှပေါ့”ဟု မကြာခဏသူ့အားပြောတတ်သည်။
“မွှေးမွှေးကြိုင်ကြိုင်မလိုပါဘူး နံနံစော်စော်မဖြစ်ရင်ပဲရပါတယ်”ဟုသူကပြန်ပြောတတ်သည်။

သူကလူတစ်မျိုးဖြစ်သည်(နှစ်မျိုးဖြစ်ချင်၍လည်းမရပါ)
လှတပတမိန်းကလေးများအမွှေးနံ့တစ်သင်းသင်းနှင့်သူ့ရှေ့ဖြတ်လျှောက်သွားရင် ပန်းတွေအပြည့်တင်လာသည့် လှော်သူမပါသောလှေလေးတစ်စင်း သူ့ရှေ့တင်ငြိမ့်ငြိမ့်ညင်ညင်လေးစီးမျောသွားသလိုကြည်နူးပီတိ ဂွမ်းဆီထိဖြစ်နေတတ်သူဖြစ်ပြီး
ရေမွှေးနံ့တထောင်းထောင်းနှင့်ယောင်္ကျားကြီးတစ်ယောက်ယောက် သူ့ရှေ့ကဖြတ်သွားရင်တော့ နတ်ကတော်ကြီးစိတ်ဖေါက်ပြီး သူ့ရှေ့ကဂျွမ်းထိုးချသွားသလို ဝေါ့…ဝေါ့…ထွီး ဟုအသံထွက်အော်ချင်နေသူဖြစ်သည်။

ထိုသူငယ်ချင်းက အသန့်အပြန့်ကြိုက်လွန်းသူဖြစ်၍ ပိုက်ဆံပေးဝယ်ရသည့်ရေမွှေးကိုဆွတ်ပြီး မသိရင် ဘဝဘဝက ပါရမီတွေကြောင့်ထွက်လာရတဲ့ မွေးရာပါကိုယ်သင်းရနံ့အလားဂုဏ်ယူနေတတ်ခြင်းကိုသူအပြစ်မတင်တော့ပါ။
ထိုရေမွှေးသည် လူကိုသာမက ခွေးကိုသွားဆွတ်ရင်တောင် မွှေးလိမ့်ဦးမည်ဆိုတာကိုလည်း အကျယ်အကျယ်ချဲ့ပြောမနေတော့ပါ ။ စကားနည်းရင်ရန်လည်းစဲလေသည်။

“ရော့ လောလောဆည်ဒါပဲဧည့်ခံစရာရှိတယ်”
ရေတစ်ဗူးနှင့်ဖန်ခွက်နှစ်လုံးယူလာပြီး ခွက်ထဲရေအပြည့်လောင်းထည့်ကာ သူငယ်ချင်းအားကမ်းပေးလိုက်သည် သူလည်းတစ်ခွက်ယူသည် ။
“ဟေ့ရောင် ဒီလမ်းထဲအဝင်ကွာ ဟိုထိပ်ဆုံးကအိမ်မှာဖြူဖြူချောချောအလန်းလေးတစ်ဗွေလေ မင်းသိလား”
“ရွှေသုန္ဒရီနဲ့တွေ့ခဲ့ပြီနဲ့တူတယ် ယောင်လို့တောင်စိတ်ကူးနဲ့မပစ်မှားလေနဲ့ကိုယ့်လူ ပိုင်ရှင်ရှိပြီးသားကွ တော်ကြာ အလုပ်ပိတ်လို့ငါ့ဆီခဏလာလည်မိပါတယ် နေရင်းထိုင်ရင်းဒုသနသောဖြစ်ရတယ်လို့တော့အပြောမခံပါနဲ့”

“ဟာ…ငါသိပါတယ်ကွ မင်းကလည်း ငါပြောချင်တာကတခြား ဒီလိုကွ ငါနေတဲ့မြို့ဘက်ကို တစ်ပတ်တန်သည် နှစ်ပတ်တန်သည် အဲကောင်မလေးအမြဲလာတယ်ကွ တွေ့ဖူးနေကျပဲ သိတာပေါ့ သူကတော့ငါ့ကိုဘယ်သိမှာလဲ အမှုမဲ့အမှတ်မဲ့နေမှာပေါ့ သူတည်းတဲ့အိမ်ကဘာလဲသိလား”
“အင်း သူ့အစ်မတွေအိမ်ဖြစ်မှာပေါ့ သူသွားနေကျပဲလေ”
“ဘယ်ကလာသူ့အစ်မအိမ်ဖြစ်ရမှာလဲ အဲဒီအိမ်ကနာမည်ကြီးအိမ်ကွ ငါရောက်တော့မရောက်ဖူးဘူး...ဒီလိုဟေ့....ဒီလို....”
သူ့သူငယ်ချင်းသည် အပီအပြင်ဖွတော့မည်ဆိုသည့်အထာဖြစ်ရေလေးတစ်ငုံသောက် ခွက်ကိုစားပွဲပေါ်ပြန်တင်ပြီး လျှာကိုအကျအနနေရာယူကာ(ပါးစပ်ထဲမှာပါပဲ) အသံကိုအတတ်နိုင်ဆုံးနှိမ့်ချလျှက် သူ့အားခရေစေ့တွင်းကျ ပြောပြလေတော့သည်...


နားထောင်ရင်း နားထောင်ရင်းဖြင့်….တဖြည်းဖြည်းနှင့်အနီးကပ်ကြားရသည့်သူငယ်ချင်းဖြစ်သူ၏စကားသံထဲတွင်သံမှုန်
သံစတွေကပ်ပါလာသလို နားထဲကြမ်းရှရှဖြစ်လာတာ သူခံစားရသည် အသံကလည်းနေရာတနေရာတည်းကထွက်ပေါ်လာခြင်းဖြစ်သော်လည်း တခါတခါဝေးသွားလိုက် တခါတခါနီးလာလိုက်....
သူ့နှလုံးခုန်သံတို့သည်လည်းတစ်ဒုန်းဒုန်းနှင့်ဆူညံလာနေကြသည်
ခေါင်းကလည်းတဖြည်းဖြည်းနောက်ကျိလာသည်.....
တစ်တွတ်တွက်နှင့်အသံထွက်ပြောဆိုနေသောသူငယ်ချင်းဖြစ်သူ၏ပါးစပ်ကို လူသေတစ်ကောင်အား ဖုတ်သွင်းနေသည့် အောက်လမ်းဆရာ၏ မန္တာန်ရွတ်နေသည့်ပါးစပ်အလားထင်မှတ်လာသည်
နောက်ဆုံးးးး
နောက်ဆုံးးးး
..................
....................
သူမှတ်မိလိုက်တာကတော့ သူ့လက်ထဲကရေထည့်ထားသည့်ဖန်ခွက်သည် သူ့လက်မှလွတ်ကျပြီးကြမ်းပြင်ပေါ်သို့အရှိန်ပြင်းပြင်းဖြင့်ကျကာတစစီလွင့်စင်ကုန်ခြင်းဖြစ်ပြီး ထိုလွင့်စင်လေသော ဖန်ခွက်ကွဲအစအနတွေနှင့်အညီအံ့သြထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ ဝေခွဲရခက်ခြင်းအစရှိသည့်စိတ်စေတသိက်တို့သည်လည်း သူ့နှလုံးသွေးကြောတစ်ဝိုက်ကိုဝုန်းဒိုင်းကြဲကာစီးနင်းလိုက်ကြခြင်းဖြစ်သည်။
“သုန္ဒရီရယ်…..မင်း..မင်း ဘာတွေဖြစ်နေတာလဲကွယ်....
အားလုံးကတော့...မင်းကို ဘုရင်မတစ်ပါးအလားပဲ....ခုတော့...ခုတော့.....မင်းး....က......
ဘယ်သူ့ကိုမှမငဲ့ချင်နေပါ ကိုထူးကိုတော့ငဲ့သင့်ပါတယ်...”

ဤသို့ဖြင့် ထိုစနေနေ့မနက်ခင်းလေးသည် မှောင်အတိကျသွားခဲ့သည်။
.............
“မင်းကိုအမွှေးနံ့ကြိုက်တယ်လို့ပဲငါထင်ခဲ့တာ လက်စသတ်တော့မင်းက အပုပ်နံ့ကိုလည်းဝတ်ရုံတစ်ခုလို မြတ်မြတ်နိုးနိုး ဆင်မြန်းတတ်သေးတာပဲကိုး”

“ဘာ!!! ဘာရယ်?? မင်းဘာပြောတာလဲ”
………………

……………….
“လာပါညီရ လိုက်ခဲ့ပါ ဒီမှာနှစ်ယောက်တည်းမို့လို့”
“လာပါဟ နင်ကလည်း အဖေါ်ရအောင်ပါဆို အပေါ်ရောက်ရင်ဝတ်ဖို့အနွေးထည်မရှိလို့လား ကိုထူးထဲကတစ်စုံပိုယူလာခဲ့မယ်လေ ဓါတ်ပုံလည်းအတူရိုက်ကြရအောင်”
အလှဆုံးဝတ်စားထားကြသည့်ရွှေသုန္ဒရီနှင့် ကိုထူးတို့ganting highlandတက်ရန်သူ့အားမရမကခေါ်နေကြခြင်းဖြစ်သည်။
“ဘာဖြစ်တာလဲညီရ ငေးငေးငိုင်ငိုင်နဲ့ အိပ်ရေးပျက်ပြန်ပြီလား”
“နင်နေမကောင်းဘူးလား အဲလိုမလုပ်နဲ့လေဟာ ငါ့အသိဆရာဝန်ကိုဖုန်းဆက်လိုက်မယ်နော် OK?”

သူသည်အင်းမလုပ် အဲမလုပ်ဘဲ ကြောင်တက်တက်နှင့်နှစ်ယောက်စလုံးကိုငေးကြည့်နေဆဲဖြစ်သည်....
သေသေချာချာကြည့်မှပဲကိုထူးဘယ်ဘက်ရင်အုံက နီစွေးနေသည့်သွေးတစ်ကွက်ကိုသူလှမ်းမြင်ရသည်
မြားနတ်မောင်၏လက်ချက်လော ? ရွှေသုန္ဒရီ၏လက်ချက်လော ? သူမဝေခွဲနိုင်ခဲ့။
သုန္ဒရီ့ကိုကြည့်လိုက်ပြန်တော့နှုတ်ခမ်းထောင့်စွန်းက ယန္တရားအတတ်ဖြင့်ဆင်ယင်ထားသည့်ကွေးကွေးညွှန့်ညွှန့်အပြုံးတစ်စုံနှင့်အတူသူမရင်ဘတ်က သံပါတ်ပေးထားသည့်စက်ရုပ်နှလုံးသားတစ်ခု
ခေတ်ပယောဂကြောင့်လော ၊ သူမ၏ဘဝပေးလော? သူလုံးဝမသိနိုင်ခဲ့ပါလေတော့
……………….
ရွှေသုန္ဒရီ

ထိုညနေတွင်အလင်းမှုန်သဲ့သဲ့ကောင်းကင်ပေါ်က ပထမဆုံးထွန်းတောက်လာသည့်ကြယ်လေးတစ်ပွင့်ကို ငေးငေးရီရီလုပ်ရင်း သူတိုးတိုးလေးညဉ်းမိသည်
“သုန္ဒရီရယ် မင်းကကြိုးတွေ တစ်ကယ်ပဲပျောက်ခဲ့ပြီလားကွယ်”
ဝမ်းနည်းစရာကောင်းလောက်အောင်ကြယ်ကလေးသည် သူ့ညဉ်းသံကိုမကြားခဲ့ပါလေတော့။ ။

ရွှေသုန္ဒရီ

♪….ခြေလက်…ခေါင်း ခါး.. စည်းဝါးနရီ…ပိုင်နိုင်လေသည်...မိုးမလင်းမှီ...ရွှေသုန္ဒရီရေ... ကကြိုးပျောက်မှာ..စိုးမိသည်.... ♬♫♪

စောစောစီးစီးသီချင်းသံကြောင့်သူလန့်နိုးသွားခဲ့သည်။ ချက်ခြင်းတော့မထဖြစ်သေး ၊ အိပ်ယာထက်တွင်ဆက်လက်မှိန်းနေရင်းသီချင်းသံကိုသူအသာအယာနားစွင့်နေလိုက်သည်။

♬…..ပရိတ်သတ်လက်ခုပ်သံကြား....ယစ်မူးလွန်မှားမှဖြင့်.....ထိန်းမနိုင်..သိမ်းမနိုင်...
ယိမ်းယိုင်မလားကွယ်....မောင်တွေးမချိပါသည်...... ♫♪

တစ်ဖက်ခန်းကာရာအိုကေစပီကာဘောက်မှထွက်လာသောအသံသည်ကိုထူး၏အသံမှန်းသူတန်းသိပါသည် ကိုထူးသည် သီချင်းကိုအသံအကျအန၊ အဖြတ်အတောက်၊ အဆွဲအငင် သေသေချာချာဖြင့်သီဆိုနိုင်သူတော့မဟုတ်ပါ။ အသံကလည်းအသံဝါကြီးဖြစ်သည်(အသံနီရှိသလားမသိပါ)
သီချင်းလည်းဆိုလေ့ရှိသူတော့မဟုတ်ပါ ၊ ကိုထူးဘဝတစ်ခုလုံးတွင်အစမှအဆုံးထိမှတ်မိသည့်သီချင်းသည် အရေအတွက်အားဖြင့်လက်ဆယ်ချောင်းပင်ပြည့်လိမ့်မည်ဟုသူမထင်... ယခုရွှေသုန္ဒရီအပုဒ်အပါအဝင်ပေါ့

ရွှေသုန္ဒရီသီချင်းကိုလည်းခုရက်ပိုင်းလောက်မှဖွင့်ကြည့်လိုက် ပြန်ဆိုလိုက်လုပ်နေခြင်းဖြစ်သည်။
ဒီသီချင်းကိုမှကောက်ကာငင်ကာကြိုက်ရလွမ်းရသည့်အကြောင်းရင်းလည်းရှိခဲ့လေသည်။
မြားနတ်မောင်သည် အလွန်လက်သရမ်းသူသာဖြစ်ပေမည် အပူမရှာချင်သူ(အအေးကိုလည်းမရှာလောက်သူ)လူပျိုကြီးကိုထူး၏ရင်ဘတ်ကိုမှမျက်နှာလွှဲကာ ခဲဖြင့်မပစ်ပဲ မြားဖြင့်ပစ်ခဲ့လေသည်။
……………………
မိုးပေါ်ကနတ်သမီးလေးလိုရုတ်ခြည်းသူတို့ဆီရောက်ချလာသောထိုကောင်မလေးကို “ရွှေသုန္ဒရီ”ဟုသူတို့အမည်တပ်လိုက်ကြသည်၊ ကောင်မလေး၏လက်ထဲတွင်“ရွှေသုန္ဒရီ”
သီချင်းအခွေပါလာသည်ကိုအစွဲပြု၍ဖြစ်သည်။လက်ထဲတွင်သီချင်းပါလာခဲ့သော်လည်း ရင်ဘတ်ထဲတွင်သီချင်းပါမလာခဲ့သော သူမသည်သီချင်းဆိုခြင်းအမှုကိုတော့လုံးဝ ဝါသနာမပါပါလေ။ထိုအခွေကိုလည်းတစ်စုံတစ်ယောက်က လက်ဆောင်ပေးလိုက်ခြင်းသာဖြစ်ကြောင်းသိရသည် ဘာပဲပြောပြော ထိုသီချင်းကိုသူတို့ချစ်သလို ထိုကောင်မလေးကိုလည်းသူတို့အားလုံးချစ်ကြလေသည်။

“ကြိုက်တဲ့ကောင်Qချင်သလောက်Q၊ ရန်တော့မဖြစ်ကြေး နောက်ပြီးတစ်ယောက်ယောက်နဲ့ငြိသွားရင် ကျန်တဲ့လူတွေအကုန်နောက်ဆုတ်ပေး”

သူတို့အားလုံးကြားကတိုးတိုးတိတ်တိတ်ဥပဒေဖြစ်သည်။ထိုဥပဒေကိုထုတ်ပြန်သူမှာကိုထူးဖြစ်သည်။
ထိုဥပဒေကိုအားလုံးလိုက်နာကြလေသည် မလိုက်နာတာကသူတစ်ယောက်တည်းဖြစ်သည် ။
“ဒီဥပဒေထဲမှာကျနော့်ကိုထည့်မတွက်ပါနဲ့ ကျနော်လိုက်နာစရာအကြောင်းမရှိသလို ဖောက်ဖျက်ဖို့လည်းအကြောင်းမရှိဘူး ရှင်းရှင်းပြောမယ်ဗျာ... စိတ်ကိုမဝင်စားဘူး”
သူကပဲပြောရသေး ဆိုသည့်အကြည့်ဖြင့်တချို့ကသူ့ကိုကြည့်သွားကြသည် တချို့ကလည်းပြိုင်ဘက်တစ်ယောက်အလိုလိုလျှော့နေလေသဖြင့်ဝမ်းသာသွားကြသည်။
“မင်းကတော့အလာကြီးပဲ”ဟုကိုထူးကသူ့အားရယ်ကျဲကျဲဖြင့်ပြန်ပြောလေသည်။
“ကျနော်ကအလ္လာဟ်ကြီးမဟုတ်ဘူး ဗုဒ္ဓဘာသာဗျ”
သူကကိုထူးအားအရယ်မကျဲတကျဲဖြင့်ပြန်ပြောလေသည်။


သူသည်တခါတခါနေရင်းထိုင်ရင်းအသားလွတ်စိတ်ကြီးဝင်နေသူသာဖြစ်သည်
The antsသီချင်းထဲက“တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် အိမ်ပေါက်စေ့လျှောက်လို့လည် လူမလေးခွေးမခန့်တယ် အသံချဲ့စက်သိပ်ကြိုက်တယ်”ဟူသည့်စာသားသည် သူ့ကိုစောင်းပြီးဖွဲ့ဆိုထားခြင်းတော့မဟုတ်လောက်၊ ဒဲ့ပြီးဖွဲ့ဆိုထားခြင်းသာဖြစ်လောက်သည်။
သူသည်အလုပ်ဟုတ်တိပတ်တိမရှိ ဘဝက ပတ်ချာယမ်းနေသော်လည်း သူ့ကိုပေးထားသည့် အလွန်စုတ်ပြီး ခြင်လည်းအလွန်ပေါသော ၊ဂျပိုးလည်းအလွန်ကိုက်သော နေရာထိုင်ခင်းကျဉ်းကျဉ်းကလေးတစ်ခုတွင် ဘုရင်လိုနေပြီး ဘုရင်လိုအိပ်သူဖြစ်သည် သန်လျက်ရယ်၊ မောင်းမမိဿံရယ်မပါတာပဲကွာခြားသည်။

တနေ့တနေ့သူ့အတွေး သူ့စိတ်ကူးတို့သည် သူ့ထက်အရပ်မြင့်ကြလေသည်။
ငပိကြော်နှင့်ထမင်းဖြူချည်းစားရသည့်ရက်မျိုးရှိခဲ့သည့်တိုင် သူသည်ဟိတ်ကြီးဟန်ကြီးတခွဲသားနှင့်အခန်းထဲတွင်အကျအနတင်ပျဉ်ခွေထိုင်ကာ
မိန့်မိန့်ကြီးစားတတ်နေလေသည်။
……….
ရွှေသုန္ဒရီဘွဲ့အမည်ခံကောင်မလေးသည် အပေါ်ကပဲကြည့်ကြည့် အောက်ကပဲကြည့်ကြည့် သေလိုက်လို့ရအောင်လှသူလေးဖြစ်သည်။(ရှေ့ကကြည့်လည်းယဉ်တယ် နောက်ကကြည့်လည်းယဉ်တယ်... အဲဒါကရှေးဟောင်းသီချင်းပါကွယ်)
စတွေ့ကတည်းက ကောင်မလေးသူ့ကိုကြည့်သည့်အကြည့်ကတစ်မျိုးကြီးဖြစ်နေမှန်းသူသိပါသည်။
စတွေ့ကတည်းက ကောင်မလေးကိုပြန်ကြည့်သည့်သူ့အကြည့်ကလည်း နှစ်မျိုးကြီးဖြစ်မနေမှန်းကောင်မလေးသိချင်သိပါမည်။

မြန်မာပြက္ခဒိန်တွင်သကြန်အကျနေ့ဟုတိတိကျကျရေးပြထားသော သောနေ့လည်ခင်းတစ်ခုတွင်ဖြစ်သည်။
လူငယ်တော်တော်များများ၏ပါးစပ်မှသင်္ကြန်ရနံ့နှင့်အတူ အယ်လကိုဟောရနံ့ပါပူးပေါင်းထွက်လာသည့်နေ့တနေ့တွင်ဖြစ်သည်။
ထို့ထက်ပို၍ တိတိပပဆိုရသော် သူသည် သူတစ်ယောက်တည်းမင်းမူနေသည့်အခန်းထဲက ကော်ဇောခင်း ခေါင်းအုံး စောင် အစရှိသည့်နေရာများတွင် ခြေကုပ်ယူကာ ပုန်ကန်ခြားနားလျှက်ရှိနေသည့်ဂျပိုးများအား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လက်သံပြောင်ပြောင်ဖြင့်လိုက်လံနှိမ်နင်းလျှက်ရှိသောနေ့တစ်နေ့တွင်ဖြစ်သည်။

ရွှေသုန္ဒရီအမည်ရှိကောင်မလေးသည် ဆိုင်းမဆင့် ဗုံမဆင့်ဘဲ စတီးချိုင့်တစ်လုံးသာဆင့်လျှက်သူ့အခန်းသို့ ရောက်ချလာသည်။ ပြီးနောက် အမှောင်ရောင်များများသူ့အခန်းထဲက သီချင်းလေး တအေးအေးဖြင့် ဂျပိုးတွေကိုလိုက်ပြီးသေဒဏ်စီရင်နေသောသူ့အားတွေ့လိုက်ရာအလွန်အံ့သြသွားလေသည်။

“သင်္ကြန်တွင်းကြီးရှင့် အသက်မသတ်ရဘူး”
“ဒါဆိုလည်း ဂျပိုးတွေကိုပြောပြလိုက် သင်္ကြန်တွင်းကြီး အသွေးမသောက်ရဘူးလို့”

လှည့်မကြည့်ဘဲပြန်ပြောလိုက်သည့်သူ့စကားကြောင့်ကောင်မလေးနည်းနည်းညစ်သွားပုံရသည်။
“သူတို့ကလူမှ မဟုတ်တာ ဘယ်လိုပြောလို့ရမှာလဲ”
“သူတို့လူမဟုတ်မှန်းသိလို့ပဲ လူဟုတ်နေတဲ့ငါကသဘောထားကြီးကြီးနဲ့စောင့်ပါသေးတယ် သူတို့စမကိုက်မချင်းငါက စမသတ်ဘူး”
“အယ်..ဒုက္ခပဲ”
အတော်ပြောရဆိုရခက်တဲ့ လူပဲ ဟုကောင်မလေးတွေးမိသည်
ရွှေသုန္ဒရီသည် ချောစုခင်လည်းမဟုတ်လေသဖြင့်“ဘယ်လိုလူကြီးလည်းဟေ့ တွေးရသိပ်ခက်တာပဲ”လို့တော့မညည်းပါ။


“ငါသေသော် ငါ့အနုပညာတွေကျန်အံ့”ဟုကြွေးကြော်သော ကဗျာဆရာလို “ငါရွေ့သော် ငါ့ဂျပိုးတွေကျန်အံ့”ဟုကြွေးကြော်ခဲ့ပုံရသော အရင်ဒီအခန်းကိုနေသွားသူသည် နောက်မှရောက်လာသူသူ့အတွက် ဂျပိုးများအား ဗုန်းဘောလအော ချန်ပစ်ခဲ့လေသည်။
ညတစ်ညမှာသူ့အတွက် ၅နာရီတိတိအိပ်ချိန်ရှိတယ်ဆိုပါစို့ ၊ ၅နာရီထဲက တစ်နာရီသည် စက္ကောမအတတ်ပညာဖြင့် မြေလျှိုးနေကြသည့်ဂျပိုးများအားလိုက်လံနှိမ်နင်းရသည့်နာရီဖြစ်သည် လက်ကျန်လေးနာရီထဲက တစ်နာရီသည် angel မဟုတ်သော်လည်း အတောင်ပံကိုယ်စီတော့ပါကြသည့် ခြင်များအားလိုက်လံသုတ်သင်ရသည့်နာရီဖြစ်သည် လက်ကျန်သုံးနာရီထဲကတစ်နာရီသည် သူ့ဘဝ၏အဆင်မပြေမှုများအား နဖူးပေါ်လက်တင်ရင်း သက်ပြင်းကြီးများအခါခါချလျှက် စဉ်းစားတွေးတောနေရသည့်နာရီဖြစ်သည် ထို့ကြောင့်လက်ကျန်နှစ်နာရီသာ သူ့အတွက်အိပ်ချိန်ရှိလေသည်။

ဒီကြားထဲဂယောက်ဂယက်အိပ်မက်တွေ ထပ်မက်ရသည့်ညမျိုးဆို သူသည်အလွန်အိပ်ရေးပျက်ရတော့၏။
ခြင်များကိုနှိမ်နင်းရာ၌သူသည် “မိုးပျံလက်ဝါး”သိုင်းဖြင့်နှိမ်နင်းခြင်းဖြစ်ပြီး ဂျပိုးများကိုတော့ “မြေလှန်တုတ်ထိုး”သိုင်းကွက်ဖြင့်ဖယ်ရှားရလေသည်။

“ကျမကအပြင်မှာချိုင့်တစ်လုံးနဲ့မိုးတိုးမတ်တတ်ကြီးရှင့် အထဲမခေါ်တော့ဘူးလား”
ကောင်မလေးစကားကြောင့်သူလည်းအခန်းဝသို့တဖြည်းဖြည်းချင်းလှမ်းလာပြီး ကောင်မလေးအားခြေဆုံးခေါင်းဆုံးကြည့်လေသည်။ ခြေဆုံးခေါင်းဆုံးဆိုရာ၌ ဖိုးကာသီချင်းထဲကလို နဖူးကစ ခြေဖျားထိကိုဆိုလိုခြင်းမဟုတ်ပါ ဆံပင်ကစ ဖိနပ်ထိကို အားမနာလျှာမကျိုး စူးစူးရဲရဲကြီးကြည့်ပစ်လိုက်ခြင်းဖြစ်သည် ပြီးနောက် သူ့နှုတ်မှစကားသံတချို့လေးလေးပင်ပင်ကြီးထွက်လာသည်...
“ဝင်ပါ ထိုင်ပါ ရပါတယ် တခုတော့ရှိတယ်နော် ငါ့အခန်းထဲဝင်ပြီးသွားလို့ကတော့ မင်းအခန်းမင်းပြန်ရောက်တာနဲ့ အတွင်းခံကအစ စင်စင်ကြယ်ကြယ်ဆေးဖို့သာပြင်”
“ရှန်”
ကြည့်ရတာ ရှင် ဟုအသံထွက်ချင်ပုံရသည် သို့သော်လည်းကောင်မလေးမပီပြင်တော့ပါ မျက်နှာမှာရဲခနဲဖြစ်သွားသည် ကျောကလည်းအလိုလိုစိမ့်လာသည် ကိုယ့်ရှေ့တည့်တည့်ကထွက်လာတဲ့စကားတစ်ခွန်းကိုဘေးတစ်ဖက်တစ်ချက်စီမှာရှိနေတဲ့နားတွေကကြားပြီး ပခုံးနှစ်ဖက်အလယ်မှာရှိတဲ့ဦးခေါင်းကအံ့သြထိတ်လန့်သွားတာကို ကိုယ့်နောက်တည့်တည့်က “ကျော”ဆိုတာကြီးက ဝင်စိမ့်ပေးရခြင်းမှာဆိုင်ကောဆိုင်ရဲ့လားတော့မသိပါ ။
စော်ကားလိုက်လေခြင်းဆိုပြီးတော့လည်း ကောင်မလေးအတွေးရောက်သွားရသည်။
တကယ်တော့လည်းကောင်မလေး သူ့စကားကိုဆုံးအောင်နားမထောင်ရသေး၍သာဖြစ်သည်။

(ဆက်ရန်….ခုလောလောဆည်တော့ အိပ်ရန် zzzzZZZZ )

လူဇိုး လူဇိုး လူဇိုး


သူကြည့်ဖူးသောရုပ်ရှင်တစ်ခုတွင် ဇာတ်လိုက်မင်းသားသည် အသည်းလည်းကွဲရော အရက်တွေသောက်၊ ကားကိုတရကြမ်းမောင်းပြီး အက်ဆီးဒင့်ဖြစ်ကာ ရှောလေသည်။ သူဖတ်ဖူးသည့်သတင်းတစ်ခုတွင် လူတစ်ယောက်သည် အသည်းလည်းကွဲရော အမြင့်ဆုံးတိုက်ပေါ်ကနေခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတော့သည်။ သူ့အသိတစ်ယောက်သည် အသည်းလည်းကွဲရော သေနတ်မှန်လည်းမှန်ပလေ့စေတော့ မိုင်းနင်းမိလည်း နင်းပလေ့စေတော့ဟုသဘောပိုက်ကာ စစ်ထဲသို့ဝင်သွားလေသည်။
(ရာထူးကြီးလည်းကြီးပလေ့စေတော့ဟု သဘောပိုက် မပိုက်သူမသိပါချေ)
ဒီတစ်ခါသူ့အသည်းကွဲလှည့်ဖြစ်သည်။
……………………….

“နောက်တစ်ခါကိုနဲ့ဒီလိုထပ်ချိန်းတွေ့ရင်လေ ကြိုးတစ်ချောင်းယူလာမယ် သိလား ကို့လက်တွေကိုနောက်ပြန်ကြိုးတုပ်ထားချင်လို့”
မျက်စောင်းလေးဝင့်ကာ ပြောလာသည့်ချစ်သူကောင်မလေး၏စကားကြောင့် သူရယ်ချင်သွားသည်။
သို့သော်…. ရယ်ချင်ရက်လည်းလက်တို့သူမရှိသဖြင့် ရယ်ချင်စိတ်ကို စိတ်မှာပဲဆက်သိမ်းထားလိုက်သည်။
“ကိုယ့်ကိုကိုယ် ဖင်ပြန် ခေါင်းပြန်ကြည့်ပြီးပါပြီပွင့်ရယ် ကိုလူစစ်စစ်ပါပဲ အဲ…လက်နှစ်ဖက်က မျောက်ဖြစ်နေတာတော့ကိုလည်းမတတ်နိုင်ဘူး ဆိတ်ပါးစပ်ထပ်မပါတာကိုပဲ ကြံဖန်ပြီးဝမ်းသာရတော့မယ် ကို့ကို မငြူစူပါနဲ့လားပွင့်ရယ် ဇော်ပိုင်တောင်မှသီချင်းထဲထည့်ဆိုထားသေးတယ်လေ..မင်းနဲ့မှမျောက်ဖြစ်ပြီကွယ်.. ဆိုပြီးတော့”
“ကိုကလည်း မင်းနဲ့မှချစ်တတ်ပြီပါ သူ့ကျမှပဲ”

အလှဆုံးမျက်စောင်းလေးတစ်ခု သူထပ်ရပြန်သည်၊ ထိုမျက်စောင်းလေးကိုသူအလွန်ချစ်လေသည်။
“ကိုစဉ်းစားမိတယ်ပွင့်ရဲ့ ဒါဟာစူးစမ်းတတ်တဲ့ လူတွေရဲ့သဘာဝကြောင့်ပဲဖြစ်မယ် ကိုတို့နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံခြင်း လုံးဝမတူတဲ့ မ ဆိုတာကိုစိတ်ဝင်စားကြတာလေ ဥပမာကွာ ကိုယ့်မှာမရှိတာတွေ ပွင့်မှာရှိတော့အံ့သြမိတယ် အံ့သြတဲ့အလျှောက်အဲဒါတွေကိုမြင်ချင်တယ် တွေ့ချင်တယ် နောက်ပြီး..အဟီး...ထိကြည့်ချင်တယ်”
သူ့စကားကြောင့်သူ့ချစ်သူကောင်မလေးသည် ပါးစပ်မှအော်လျှက်သူ့ကျောပြင်ကို တဘုန်းဘုန်းထုလေသည်။
“…လူဇိုး…လူဇိုး...လူဇိုး...”

“ကိုတို့အခေါ်အဝေါ်ပြောင်းကြရအောင်ပွင့်ရယ် ဘာဖြစ်တာလဲမသိဘူး ကို“ပွင့်”လို့ခေါ်တဲ့အသံကြားရင် ကိုယ့်သူငယ်ချင်းတွေက ဝိုင်းဝိုင်းပြီးရယ်ကြတယ် အရင်ကဒီလိုမဟုတ်ဘူး ခုမှဒီကောင်တွေဘာစိတ်ကူးနဲ့ရယ်နေကြလဲမသိဘူး”
သူ့ချစ်သူကောင်မလေးနာမည်အပြည့်အစုံမှာ“ပွင့်ဖြူသင်း”ဖြစ်သည် သူကချစ်စနိုးဖြင့် အဖျားဆွတ်ပြီး“ပွင့်”ဟုခေါ်သည်။ သူနဲ့ရင်းနှီးစကရော ချစ်သူဘဝရောက်သွားချိန်ထိ ပွင့် ဟုသူတစ်လုံးတည်းခေါ်တာ သူ့သူငယ်ချင်းတွေအသိပင် သူမှတ်မိသလောက် သူတို့ချိန်းတွေ့တဲ့ရက်တွေများလာပြီးသည့်နောက်ပိုင်း ထို“ပွင့်”ဆိုသောစကားကို သူ့သူငယ်ချင်းတွေကရယ်လာကြခြင်းဖြစ်သည်။ ထို့ကြောင့်သူကောင်မလေးနာမည်ကို အဖျားဆွတ်မခေါ်ချင်တော့ အရင်းဆွတ်ပြီးတော့ပဲခေါ်ရန်ဆုံးဖြတ်လိုက်သည်။

“ဖြူသင်း”လို့ခေါ်ပြန်ရင်လည်း မလှလောက်ဘူးဟုသူထင်သည် အခန့်မသင့်လို့ခေါ်တဲ့အချိန်လျှာခလုတ်တိုက်မိရင် ဘေးလူများနားကြားလွဲနိုင်သည်။
ဥပမာ ဖြူသင်းကို “ခရုသင်း”ဟုလွဲကြားသလိုမျိုးပေါ့။ ခရုသင်းပြီးရင် သမင်ဖြူပါမလာနိုင်ဘူးလို့တော့ဘယ်သူမှအာမ မခံနိုင်ပေ။
“ခုကစပြီး“ဖြူ”လို့တစ်လုံးတည်းခေါ်မယ်လေ ဟုတ်ပြီလား ဒီကောင်တွေကလည်း ဘာစိတ်ကူးနဲ့လည်းမသိပါဘူးကွာ ကိုယ့်ချစ်သူကို ကိုပွင့်လို့ခေါ်တာရယ်စရာလား”
ထို့နောက်ချစ်သူတို့နှစ်ယောက်သားတိတ်ဆိတ်သွားကြပြန်သည်။ ခဏကြာသော် ကောင်မလေးက စောစောကသူ့စကားကိုဘယ်လိုအဓိပ္ပါယ်ကောက်ပြီးတွေးလိုက်လေသည်မသိ ပါးစပ်မှအော်လျှက်သူ့ကျောပြင်ကို တဘုန်းဘုန်းထပ်ထုပြန်လေသည်။
“…လူဇိုး…လူဇိုး...လူဇိုး...”

“တစ်ကယ်လို့အိမ်ကသဘောမတူရင် “ဖြူ့”ကို ကိုခိုးပြေးမယ်နော် လိုက်ရဲတယ်မဟုတ်လား”
“လိုက်ရဲတာမှဟိုဖက်ကမ်းတောင်လွန်သေး ပွင့်... အဲလေ.. ဖြူလေ ကို့ကိုမခွဲနိုင်ဘူး အရမ်းချစ်တယ်”
သူ့အတွက်ချစ်သူက အရာရာကိုစွန့်လွှတ်ရဲသည်ဆိုသဖြင့်သူအလွန်ဝမ်းသာသွားမိသည် ကောင်မလေးကိုသူ့ရင်ခွင်ထဲတရကြမ်းဆွဲယူကာပွေ့ထားလိုက်သည် ။
ပါးဖောင်းဖောင်းလမင်းကြီးသည်ကမ္ဘာမြေပေါ်ကချစ်သူနှစ်ယောက်ကိုတွေ့လေသော် တရုတ်ကြီးတစ်ယောက်၏လေသံမျိုးဖြင့် “ဝမီကြည့်ရဲဘူး ရှက်လယ်”ဟုအော်ကာ တွေ့ကရာတိမ်မည်းမည်းတစ်ခုတည်းသို့ခြေစုံပစ်ဝင်ကာကိုယ်ယောင်ဖျောက်သွားတော့သည်။
ထို့ကြောင့်သူတို့ညသည် မှောင်သထက်မှောင်လာခဲ့သည်။ တစုံတစ်ယောက်၏လက်ဖြင့်ကြဲချထားသလို ဟိုမှသည်မှကြယ်စင်တို့သည်လည်း လက်သထက် လက်လာနေခဲ့သည်။
……………

နောက်ပိုင်းတွင်သူ့ကောင်မလေးသည် တစ်ကယ်ပဲခိုးရာလိုက်ပြေးခဲ့သည် သို့သော် သူ့နောက်ကိုလိုက်ပြေးခြင်းမဟုတ် အခြားတစ်ယောက်နောက်ကိုလိုက်ပြေးသွားခြင်းသာဖြစ်သည်
ဆိုရရင်…. သူသည် အသည်းဗြန်းဗြန်းကွဲလေသည်။
“သြော်..ငါဒီဘဝဖြူနဲ့မပေါင်းရတော့ပါလား သြော်..ငါဒီဘဝအခြားနောက်တစ်ယောက်နဲ့ ပေါင်းရတော့မှာပါလား...
သြော်… ဖြူ့နှုတ်ခမ်းလှလှလေးတွေကိုငါမနမ်းရတော့ပါလား...သြော်...အခြားနှုတ်ခမ်းလှလှလေးတွေကို ငါနမ်းရတော့မှာပါလား ကောင်မလေးရေ ချစ်ခွင့်ရခဲ့တဲ့နေ့တွေညတွေအတွက်ကျေးဇူးပါကွယ် မင်းမရှိဘဲနဲ့တော့နေရတာ ကြောင်စီစီကြီးပါ သေတာပဲကောင်းပါတယ်”
သူသည် သတ်သေရန်ဆုံးဖြတ်လိုက်လေသည်။

ထို့နောက်သူ့တူလေးတစ်ယောက်၏သေနတ်ကိုအိမ်သားများမရှိခိုက်တိတ်တဆိတ်ယူလာခဲ့သည်။ ဆုံးဖြတ်ချက်တစ်ရပ်ကိုခိုင်ခိုင်မာမာချထားခဲ့ပြီဖြစ်သည် ဖြစ်လေရာဘဝတွင်ယခုကဲ့သို့ကျန်နေရစ်ရခြင်းအဖြစ်မှဝေးရပါရန်ဘုရားတွင်သူနောက်ဆုံးဆုတောင်းသည် အိမ်အတွက်နောက်ဆုံးနှုတ်ဆက်စာတစ်စောင်ရေးခဲ့ရန်လည်းသူစိတ်ကူးမိသည် ရုတ်တရက်ဘာရေးရမယ်မှန်းမသိ “သားမိုက်ကိုခွင့်လွတ်ပါ သားချစ်သူခေါ်ရာနောက်လိုက်ပြေးသွားပါပြီ”လို့တော့ရေးလို့မဖြစ်ချေ ထိုစာမျိုးကားလင်နောက်လိုက်ပြေးသူမိန်းကလေးတော်တော်များများရေးလေ့ရှိသည့်စာသာဖြစ်သည်။ နောက်ဆုံးဘာရေးရမယ်မှန်းမသိသဖြင့်ဘာမှလည်းမရေးဖြစ်ခဲ့တော့။
“အားလုံးကိုနှုတ်ဆက်ခဲ့တယ် ဘဝတစ်ခုမှာငါတို့တွေပြန်ဆုံတွေ့ကြမယ်” သူ့နှုတ်မှထိုသို့ရေရွတ်ပြီးနောက် ယူလာခဲ့သည့်သေနတ်ကိုသူ့နားထင်တွင်တေ့၊မျက်လုံးကိုမှိတ်၊ မောင်းကိုဆွဲပြီးပစ်ချလိုက်လေသည်။

ဖွားကနဲလွှင့်စင်ကုန်သည့်အရာများသည် ယမ်းလည်းမဟုတ် သွေးလည်းမဟုတ်ဘဲ ရေတွေသာဖြစ်နေသည်ကိုသူတွေ့လိုက်ရသည်
“သြော်…မေ့နေလိုက်တာ ငါ့တူလေးသေနတ်ကသင်္ကြန်မှာဆော့တဲ့ရေသေနတ်ကြီးကိုးဟ သေနတ်တိုင်းလည်းလူဘယ်သေပါ့မလဲလေ”
တူလေးသေနတ်ကလူမသေသဖြင့် တူကြီးသေနတ်ကိုလည်း သူယူမနေတော့ပေ တူကြီးရဲ့သေနတ်ကား တဖုန်းဖုန်းတဒိုင်းဒိုင်းနှင့်အသံအလွန်ကျယ်သည့် ကျိုက်ထီးရိုးသေနတ်ဖြစ်နေ၍ဖြစ်သည်။
“အပျိုကြီးတွေကိုပစ်မယ်”ဟူသည့်စာတန်းလည်းသေနတ်တွင်ပါရှိနေသည်ဖြစ်ရာ အပျိုကြီးမဟုတ်သည့်သူ့ကိုပစ်စရာအကြောင်းမရှိတော့ပေ။


ထို့နောက်သူ့အဖိုးအရွယ်ကောင်းစဉ်ကတောလိုက်ရာတွင်လက်စွဲတော်အဖြစ်သုံးခဲ့သည့် ပြောင်းရှည်အမဲလိုက် လုပ်သေနတ်ကိုမချလာသည် မြင်ဖူးနေကျအဖိုးလုပ်သလိုယမ်းတွေ ခဲတွေကိုသေသေချာချာထောင်းထည့်သည် အားလုံးပြီးသော် နားထင်ကိုချိန်ကြည့်ရာ ပြောင်းကမဟားတရားရှည်သဖြင့်အဆင်မပြေပေ နဖူးကိုလည်းချိန်မရပြန် သူ့လက်တိုလွန်း၍မဟုတ် သေနတ်ကပြောင်းဝကနေ ဖင်အထိကိုအလွန်ရှည်လွန်းနေ၍သာဖြစ်သည် သူ့အဖိုးသည် အရပ်ရှည်သလို လျှာလည်းရှည်သည် လက်စွဲတော်အမဲလိုက်သေနတ်ကိုတောင်သူ့လိုရှည်ရှည်ကြီးလုပ်ထားတာသာကြည့်တော့ သူ့အဖိုးတွင်မရှည်တာဆိုလို့တစ်ခုသာရှိသည် ထိုအရာကား“စိတ်”ပင်ဖြစ်တော့သည်။

ကိုယ့်ဘာသာကိုအဆင်မပြေသဖြင့် “ငါသတ်သေမလို့ပါဟ လက်နဲ့မမှီလို့ မောင်းတစ်ချက်လာဖြုတ်ပေး”ဆိုပြီးအခြားလူကိုအကူအညီတောင်း၍လည်းရမည်မဟုတ်၊ ထို့ကြောင့်သေနတ်ဖြင့်သတ်သေရန်ကိုသူလက်လျှော့လိုက်လေသည်။

ကြိုးဆွဲချသေရင်ရော ? ဒါလည်းမကောင်းနိုင်ပါပေ မျက်လုံးကြီးပြူး လျှာကြီးထွက်ပြီး မသာအလှပျက်မည့်ကိစ္စ၊ သူသည်သေတာတောင်အလှပျက်မှာကြောက်သူဖြစ်သည် မသေခင်ကလည်းမလှ၍ဖြစ်သည်။ ရေထဲခုန်ချရင်ရော? ဒါလည်းမကောင်းနိုင်ဟုသူယူဆသည်သူတို့ဆီက မြစ်တွေ ချောင်းတွေ အင်းအိုင်တွေကရေတွေသည် ကိုယ်မမြင်နိုင်သည့် ဘက်တီးရီးယားတွေ အမှိုက်တွေ စွန့်ပစ်ပစ္စည်းတွေ ဖိနပ်အစုတ်တွေအရည်ပျော်ရောသမမွှေထားသည့်ရေဖြစ်နိုင်သည် ထိုညစ်တီးညစ်ပတ်အရည်များကိုယ်ခန္ဓာထဲဝင်ပြီးမွှန်းကြပ်ကာသေဆုံးရမည့်အရေးသည် ရွှံစရာကြီးဖြစ်သည်။


တိုက်ပေါ်ကခုန်ချသတ်သေရင်ရော? ဒါလည်းမဖြစ်ပြန် သူသည်အမြင့်ကြောက်သူဖြစ်သည်၊ ခုန်မချရသေးခင်မူးလဲနေမှဖြင့်ဒုက္ခ သူသည်မတော်တဆsupermanလိုပျံသန်းနိုင်သည့်ပါဝါမျိုးရှိခဲ့ရင်တောင်အမြင့်ကိုတော့ပျံလိမ့်မည်မဟုတ်
နှစ်ထပ်တိုက်ခေါင်မိုးကျော်ရုံသာပျံမည့်သူဖြစ်သည် ထို့ထက်နိမ့်ချင်လည်းနိမ့်လိမ့်ဦးမည်ဖြစ်သည်။ဓါတ်တိုင်တွေ၊သစ်ပင်တွေငြိလည်းငြိပလေ့စေတော့ နောက်မှကြည့်ရှင်းမည်။ အမြင့်ကိုတော့သူအလွန်ကြောက်လေသည် ။ အမြင့်ကိုပဲကြောက်ပြီး“ဒေါ်မြင့်”ကိုတော့မကြောက်ဘူးလားဟုမေးလာရင် ဒေါ်မြင့်ကိုလည်းသူကြောက်ပါသည် ။ဒေါ်မြင့်ဆိုတာစိန်ဗေဒါ၏ညီမ မဟုတ်သော်လည်းလက်သံတော့အလွန်ပြောင်သည့်သူတို့ကျောင်းက ဆရာမ အပျိုကြီးဖြစ်သည်။

မတော်တဆsupermanများဖြစ်သွားရင် သူ့တွင်လုပ်ရန်စိတ်ကူးနှစ်ခုရှိသည် ။ပထမတစ်ခုမှာ မြန်မာပြည်ကိုဒုက္ခအပေးဆုံးလူတစ်ယောက်ကိုရှာပြီး လက်ပြန်ကြိုးတုပ်ကာ ငမန်းပေါသောပင်လယ်ထဲပစ်ချရန်ဖြစ်သည်။ ဒုတိယစိတ်ကူးမှာ အနောက်နိုင်ငံသို့ပျံ သန်းသွားပြီး
miley cyrusအားခိုးယူကာလူသူအရောက်အပေါက်မရှိသောကျွန်းတစ်ကျွန်းသို့ဆောင်ကျဉ်းသွားပြီးနှစ်ယောက်
သားအသက်ထက်ဆုံးအတူနေထိုင်သွားရန်ဖြစ်သည် ။ “သမီးမိုက်ကိုခွင့်လွှတ်ပါ”ဆိုပြီးMileyသည်အဖေဖြစ်သူ Billy ray cyrus ဆီနောက်ဆုံးနှုတ်ဆက်စာရေး မရေးတော့သူမသိနိုင်ပေ mileyရဲ့ရည်းစားJustin gastonကိုတော့ အဆိုတော်မျိုးကြော့မြိုင်၏အကူအညီဖြင့် ကမ္ဘာကြီးအပြင်ဘက်ထုတ်ထားရမည်ဖြစ်သည်။ စဉ်းစားရုံနှင့်ပင်အလွန်အရသာရှိသည့်ကိစ္စဖြစ်သည်။ သူပျင်းရင် miley cyrusကိုသီချင်းဆိုခိုင်းမည် mileyပျင်းရင် သူကတစ်ပြန်မျောက်အကဖြင့်ကပြဖျော်ဖြေမည်ဖြစ်သည်။ ကမ္ဘာဦးလူသားအာဒမ်နှင့်ဧဝသည် အင်္ကျီဝတ် မဝတ်သူ့အနေနဲ့မသေချာသော်လည်း သူနှင့်mileyကတော့ သေချာပေါက်ကို အင်္ကျီဝတ်ရဦးမည်ဖြစ်သည်။

အဆိပ်သောက်သတ်သေရင်ရော? ဒါလည်း….ဒါလည်း မဖြစ်သေးပါပေ သူသည်ငယ်ငယ်ကတည်းကပင်“ဖင်ကိုဆေးထိုးအပ်နဲ့ကြိုက်သလောက်ထိုး စားဆေးတော့လာမကျွေးနဲ့”ဟု ဒေါက်တာဖြစ်သူကိုစိတ်ဆိုးမာန်ဆိုးအော်ဟစ်ဖူးသူဖြစ်သည်။ သူ့အတွက်အဆင်ပြေနိုင်မယ့်နည်းလမ်းကိုဘယ်လိုမှရှာမရပါလေခဲ့ ၊ နောက်ဆုံးတော့လည်းဘယ်လိုမှကြံမရတော့သည့်အဆုံး သူ့ဘဝအတွက်အကောင်းဆုံးသောဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချကာ ပြတ်ပြတ်သားသားလည်းလုပ်ဆောင်ခဲ့လေတော့သည်။

“ရည်းစားအသစ်ထပ်ရှာပြီး ချစ်ပစ်လိုက်ခြင်းပင်ဖြစ်သည်။ သတ်သေရန်မလိုအပ်တော့ သူဆာလောင်မွတ်သိပ်ခဲ့ဖူးသည့်အနမ်းတစ်ချို့ကို အစားပြန်ရခဲ့သည်။
ခုကောင်မလေးကို သူကချစ်စနိုးဖြင့်“ပွင့်”ဟုမခေါ်ပါ ကောင်မလေးနာမည်မှာလည်းပွင့်ဆိုသောစာလုံးမပါပါ။
ကောင်မလေးကလည်းသူ့ကို“လူဇိုး”လို့မခေါ်ပါ သူ့ကျောပြင်ကိုလည်းလက်သီးဆုပ်လေးဖြင့်မထုပါ။
အရာရာသည်ပြောင်းလဲသွားပြီဖြစ်သည် ။ မပြောင်းလဲတာက သူ့လက်ပဲဖြစ်သည်။ ခုချိန်ထိမျောက်အဖြစ်ကနေတစ်ပြားသားမှမရွေ့သေးပေ။

တခါတခါ သူ့နှုတ်မှမြန်မာသံစဉ်သီချင်းတစ်ပိုင်းတစ်စညဉ်းနေလေ့ရှိသည်ကို သူ့ပတ်ဝန်းကျင်မှလူများကြားရလေ့ရှိသည်ဆို၏။
သီချင်းစာသားမှာအောက်ပါအတိုင်းဖြစ်သည်....။

♬♫♪….အချစ်စာရင်း....ရှုပ်သမျှရယ်.... ဒုက္ခတွေသာ…အသွယ်သွယ်ပါ..မေရယ်.... ♬♪
….ချစ်တဲ့ဝေဒနာကို......သားကြီးမှာ...ခံရလေတော့... ♫♪ဟော်..ဟော်...တယ်...
….မြန်မြန်သာ...သေချင်ပြီကွယ်....ရေထဲကိုခုန်ချရင်လည်း...မွှန်းနစ်မှာပဲ...တစ်ခုတည်းစိုးရိမ်တယ်..... ♬♫♪
♬….သေနတ်နဲ့နားထင်ကိုပစ်ရင်....အိမ်နီးချင်းတွေနိုးမှာ...စိုးလို့ရယ်......♪....ဖိုးသိကြားမင်းရယ်........
...............................................♪ . ♬ မိုးကြိုးသာပစ်လိုက်ပါတော့ကွယ်..♬♪♫
♬♫♪

အရူးမြို့တော်

သူတော်ကောင်း

သူ့နာမည်အရင်းကိုဘယ်သူမှမသိကြ လူတကာခေါ်ကြသလို “သူတော်ကောင်း”ဟုပဲခေါ်ကြသည်
သူတော်ကောင်းဆိုတာ သူ့ဘာသာသူပေးထားတဲ့နာမည် လူကပိန်ပိန်ပါးပါး မုတ်ဆိတ်ကျင်စွယ်ထူလပျစ်နဲ့
ဘယ်ကလာတာလဲဆိုတော့ “ထန်းပင်”ကတဲ့။ ထန်းပင်ဆိုတာဘာလဲ “ထန်းတပင်”ရွာကိုဆိုလိုတာလားဆိုတော့ မဟုတ်ဘူး ထန်းပင်ကပဲတဲ့ ။
နာမည်က“သူတော်ကောင်း”
လာတာက“ထန်းပင်ပေါ်က”
တစ်ရပ်ကွက်လုံးထိုသို့ပဲယူဆလိုက်ကြတော့သည်။ ဆွေမရှိ မျိုးမရှိ
ဘယ်ကဘယ်လိုသူတို့ရပ်ကွက်ထဲရောက်လာမှန်းပင်မသိ။
နေရာကအတည်တကျမရှိ အိပ်ချင်လာရင်တွေ့တဲ့နေရာထိုးအိပ်သည် ဗိုက်ဆာလာပြီဆိုရင်အကြော်ဆိုင်တွေရှေ့ အသုပ်ဆိုင်တွေရှေ့တွင် ထုံပေပေကြီးနှင့်ရပ်နေတတ်သည်
နှုတ်ကတော့ဘာမှထုတ်မပြော သူမပြောသော်လည်းသိတတ်သည့် အကြော်သည် အသုပ်သည်များက သူစားဖို့ တခုမဟုတ်တခု ပေးကျွေးမြဲဖြစ်သည် ။

ရပ်ကွက်ထဲကသူ့ကိုသနားသည့်အိမ်အချို့ကလည်း သူစားဖို့ ထမင်းဟင်းများယူလာတတ်သည်။ စားလို့သောက်လို့ဗိုက်တင်းပြီဆိုရင် တနေရာရာသို့သွားကာ စန့်စန့်ကြီးအိပ်တော့သည်။
ထိုတနေရာရာသည် ဘုရားစောင်းတန်းလည်းဖြစ်လိမ့်မည် ဇရပ်ထဲတွင်လည်းဖြစ်လိမ့်မည် ဒါမှမဟုတ် မြေကြီးပေါ်တွင်လည်းဖြစ်လိမ့်မည်
သူ့တွင်ဟိုနေရာမှာမှအိပ်ရမယ် ဒီနေရာကဖြင့်မသင့်တော်ဘူးဆိုသည့် သတ်မှတ်ချက်မျိုးမရှိပါချေ။
အိပ်တယ်ဆိုတာ ကျောကုန်းရယ် ကြမ်းပြင်ရယ် ရှိရင်ရပြီဟုယူဆထားပုံရသည် အဲဒီကြမ်းပြင်ဆိုတာ မြေကြီးလည်းဖြစ်ချင်ဖြစ်နိုင်သည်။
သူသည်မွေးကတည်းကရူးလာသလား၊ မွေးပြီးမှရူးသွားသလားကိုဘယ်သူမှမသိ၊ သိရန်ကြိုးစား၍လည်းဖြစ်နိုင်မည်မဟုတ်။


“ခင်ဗျားရူးနေတာကြာပလား စရူးတဲ့ရက်ကိုပြောပြပါလား”ဆိုပြီးအရူးကိုမေးရန်မဖြစ်နိုင်ကြောင်း
ရပ်ကွက်ကသိသည်။ ဒီလိုမှမဟုတ် “ခင်ဗျားအရူးလောကထဲစဝင်ခါစကအတွေ့အကြုံပြောပြပါလား အရူးလောက ကဝါရင့်အရူးကြီးတွေ ခင်ဗျားကိုလက်တွဲခေါ်ကြလား အရူးအချင်းချင်းပညာပြတာမျိုးကြုံဖူးလား”ဆိုပြီး နေ့စဉ်တွေ့နေကြ မြင်နေကြ မဂ္ဂဇင်းစာအုပ်တော်တော်များများက မင်းသား၊ မင်းသမီး အင်တာဗျူးလို မေးရန်လည်းမဖြစ်နိုင်ကြောင်းသိကြသည် သူကသူတော်ကောင်း အေးအေးဆေးဆေးရူးနေတာ ကိုကအနေအထိုင်မတတ်ရင် သူယုတ်မာဖြစ်သွားလိမ့်မယ် ။
....................

ဒေါ်ပွင့်

“ထိုင်နေတာအကောင်း ထသွားမှကျိုးရော”ဆိုစကားရှိသည်
ဒေါ်ပွင့်လည်း ဆင်းရဲနေတာအကောင်း ဆင်းရဲရာကချဲအချီကြီးပေါက်ပြီးနေ့ချင်းချမ်းသာသွားတာလည်းအကောင်း ချမ်းသာရာက ရုတ်တရက်ကြီးပြန်ဆင်းရဲသွားရော ဒေါ်ပွင့်ရူးတော့သည်။ အထပ်လိုက် အထပ်လိုက်ပိုက်ဆံတွေက လက်ပူအောင်တောင်မကိုင်ရသေး သူခိုးအကုန်ဝင်မသွားလေပြီ။
အရပ်တကာလျှောက်သွားပြီး တွေ့ကရပစ္စည်းများကို“ဒါငါပိုင်တဲ့ဟာလေး ဟိုဟာကတနေ့ကမှချဲပေါက်တဲ့ပိုက်ဆံနဲ့ဝယ်လာတဲ့ဟာလေး ငါ့ကိုပြန်ပေး ငါ့ကိုပြန်ပေး”ဆိုပြီးသောင်းကျန်းတော့သည်

တီဗီအရောင်းဆိုင်တစ်ဆိုင်သို့ဝင်ပြီးတီဗီတစ်လုံးကိုခပ်တည်တည်နှင့် “ဒါငါမနေ့ကပဲ ဝယ်သွားတဲ့တီဗီလေ ဘယ်လိုလုပ်ဒီရောက်နေတာလဲ ခုချက်ချင်း ငါ့အိမ်ပြန်ပို့ပေး”ဆိုပြီးသောင်းကျန်းရာ သူ့အိမ်ကလူများလိုက်လာပြီး ဆိုင်ရှင်ကို ကျေနပ်အောင်မနည်းတောင်းပန်လိုက်ရသည် ။
နောက်ပိုင်းသူတို့ရပ်ကွက်ကလူများဒေါ်ပွင့်ကိုမြင်ရင်အလိုလိုလန့်နေရသည် ဘယ်တော့များငါ့လက်ထဲကစတီးချိုင့်ကိုသူ့ဟာလို့အော်ပြီး ပြဿနာရှာမှာပါလိမ့် ?
ဘယ်တော့များ ငါ့စီးလာတဲ့စက်ဘီးကိုသူ့အိမ်ကဘီးပါဆိုပြီး ဆွဲလားရမ်းလားလုပ်မှာပါလိမ့်?
ဘယ်တော့များ…..?
ဘယ်တော့များ…..?
အရူးထဲတွင် ဥစ္စာရူးသည်အတော်ဆိုးဝါးလှကြောင်းရပ်ကွက်ကသိလိုက်ကြသည်။
.......................

ဦးခွေး

အမေဖြစ်သူသည်“ခွေး”ကိုအလွန်ချစ်တတ်ပုံရသည် ရင်နှင့်လွယ်ပြီးမွေးလာတဲ့သားကိုတောင်ခွေးနာမည်မှည့်ထည့်လိုက်သည် ။ ငယ်ငယ်ကတော့“မောင်ခွေး” ၊နည်းနည်းအရွယ်ရောက်တော့“ကိုခွေး”၊ အရွယ်ကလေးရလာတော့ဦးခွေးပေါ့။ အထက်အညာရွာတစ်ခုကနေဒီရပ်ကွက်ထဲပြောင်းလာခဲ့တာဖြစ်သည်။
“ကျနော်ဂီတကိုဘဝနဲ့ရင်းပြီးရူးသွပ်ပါတယ်”ဆိုသည့် အဆိုတော်များ၏အင်တာဗျူးများကိုမြင်ရ ဖတ်ရတိုင်း“ဦခွေး”ကိုကျနော်သတိရမိသည်။ သူသည်ပုံမှန်အချိန်ဆိုယဉ်ယဉ်လေးရူးနေသူဖြစ်သည် ရပ်ကွက်အလှူခံမဏ္ဍတခုကဖြင့်ဖြင့်၊ ဘေးအိမ်တအိမ်အိမ်ကဖြင့်ဖြင့် လက်ဖက်ရည်ဆိုင်တခုကဖြင့်ဖြင့် ကျယ်ကျယ်လောင်လောင်ဖြင့်သီချင်းဖွင့်ပြီဆိုပါက ဦးခွေးတို့ ရောက်ရာအရပ် ၊ ကြားရာအရပ်ကနေ ကွေးနေအောင်ကတော့သည်။

ဈေးထဲလည်းမရှောင် လက်ဘက်ရည်ဆိုင်ရှေ့လည်းမရှောင် အလှူအိမ်လည်းမရှောင် ကလည်းက ဆိုလည်းဆိုလုပ်သည် ပတ်ဝန်းကျင်ကလူတွေ သူ့အားတဝါးဝါးတဟားဟားဖြင့်ပွဲကျနေကြသော်လည်း ဂရုမစိုက် သူ့ကိုအားပေးသည့်ပရိတ်သတ်များသဖွယ်သဘောပိုက်ကာ ပျော်ပျော်ရွှင်ရွှင်ကြီး ဆိုဟယ် ကဟယ်လုပ်တော့သည် သီချင်းသံရပ်သွားပြီဆိုရင်ဖြင့် သံပတ်ကုန်သွားသည့်အရုပ်လို ဆိုနေတာတွေရော၊ ကနေတာတွေပါ တိကနဲရပ်သည် ။ ပြီးနောက် ခပ်တည်တည်ဖြင့်သွားစရာရှိသည်ကိုဆက်သွားသည် လုပ်ဆရာရှိသည်ကိုဆက်လုပ်သည် ။အလွန်ထူးဆန်းသည့်ကိစ္စပင်ဖြစ်တော့သည်။
သူ့အတွက်ကံကောင်းတာက သူတို့ရပ်ကွက်သည် ငြိမ်ငြိမ်ဆိတ်ဆိတ်ရပ်ကွက်မျိုးဖြစ်နေ၍ဖြစ်သည် အကယ်၍ နေ့နေ့ညည လက်ဘက်ရည်ဆိုင်တွေ သီချင်းသံတွေ အလှူခံတွေနှင့်စည်ကားနေသောရပ်ကွက်မျိုးဖြစ်ပါက သူ့ခဗျာ က ရင်းသေရမည်ဖြစ်သည်။
“ကျနော်ဂီတကိုဘဝနဲ့ရင်းပြီးရူးသွပ်ပါတယ်”ဆိုသူများ ဦးခွေးကိုမှီအံ့မထင် ဦးခွေးကမှအမှန်အကန်ရူးသွပ်ခြင်းဖြစ်သည်။
........................

Unknown(သို့) ဟို အရူးမ

ဒီတစ်ယောက်နာမည်ကိုတော့ဘယ်သူမှမသိကြ သူမနှင့်ပတ်သက်လာတိုင်း “ဟို အရူးမ.. ဟို အရူးမ”ဟုသာရပ်ကွက်ကလူများမနှစ်မြို့စွာနာမ်စားသုံးပြောဆိုကြကုန်သည်။ သူမသည်အရူးတွေထဲမှာဆိုးဆိုးဝါးဝါးအရူးဟုဆိုရမည် ။ဘယ်မှာနေသည်လည်းမသိရ တနေ့တနေ့ စုတ်စုတ်ပြတ်ပြတ်အဝတ်အစားနှင့်မိတ်ကပ်များကိုဖွေးနေအောင်လိမ်း နှုတ်ခမ်းနီကိုရဲပတောင်းခတ်နေအောင်ဆိုးလျှက် တလမ်းဝင် တလမ်းထွက်ကာတွေ့ကရ လူပျို၊ လူအိုယောင်္ကျားမှန်သမျှကို သူ့လင်သဖွယ် အော်ဟစ်ဆဲဆိုသည်။


သူအော်သည်များကညစ်ညစ်ပတ်ပတ်ပေပေရေရေတွေချည်းဖြစ်သည် အအော်ခံရသူများအထူးအရှက်ရကြလေသည် မသိရင် သူ့ကိုပဲစော်ကားခဲ့သလိုလို သူနဲ့ပဲအိပ်ခဲ့သလိုလို သူ့ကိုမြင်ရင် ငါးယောက်တစ်ယောက်ယှဉ်ထိုးရဲသည်ဆိုသည့်ရပ်ကွက်ထဲက လူမိုက်ကြီးတစ်ယောက်ပင် အိမ်ထဲအမြန်ပြေးဝင်ပုန်းရသည်ဆို၏ ။ သူ့ခမျာအသားအနာခံရဲသော်လည်း နားအပူမခံနိုင်၍ဖြစ်သည်။
သူမကိုတဏှာရူး ၊ လင်တရူးဟုတရပ်ကွက်လုံးက သတ်မှတ်လိုက်ကြသည်။
....................

ကျနော်သည်အရူးများအကြောင်းလျှောက်တွေးနေရင်းမှတခါတခါကိုယ်ကိုတိုင်လည်းရူးမှန်းမသိ ရူးနေသည်ကိုတွေ့လာရသည် ။ ကြိုးစားရင်း ရုန်းကန်ရင်းဖြင့် အခန့်မသင့်အော်တိုမက်တစ်“ငတ်”လေသောအခါ သူငယ်ချင်းတွေဆီ ရူးသလိုလို ပေါသလိုလိုဖြင့်ရောက်သွားတတ်သည်။ ဘာရယ်မဟုတ် အသံတိတ်အကူအညီတောင်းခြင်းဖြစ်သည်။
ထိုသို့သောအခါမျိုးတွင်ကျနော်သည် “သူတော်ကောင်း”ဟုကိုယ့်ကိုကိုယ်နာမည်ပေးထားသည့်အရူးတစ်ယောက်ဖြစ်မှန်းမသိဖြစ်၍နေလေသည်။
ဟိုကရူးနေလို့ ၊အလုပ် လုပ်ဖို့မဖြစ်နိုင်လို့ သူတပါးအကူအညီကိုလိုတာ ။
ဒီကဖြင့်အကောင်းကြီး အလုပ်လည်းလုပ်နေရက်ကြီး သူတပါးအကူအညီကိုလိုတာ၊ သာ၍ပင်ရှက်ဖွယ်ကောင်းတော့သည်။

တခါကမပြောပလောက်သည့်ကျနော့ပိုက်ဆံသည်ပျောက်ခြင်းမလှပျောက်သွားသည် ။ ဘယ်လိုရှာရှာ ပြန်မတွေ့ ထိုအခါတွင် တခန်းတည်းနေသူငယ်ချင်းများအားယုန်ထင်ကြောင်ထင်ဖြစ်မိတော့သည် ။
ပါးစပ်ကထုတ်မပြောသော်လည်းစိတ်ထဲတွင်တော့ သူတို့ပဲဖြစ်မှာဟုပစ်မှားမိသည် ပြန်စဉ်းစားရင် ထိုစဉ်က ကျနော်သည် “ဒေါ်ပွင့်”ဆိုသူ ဥစ္စာရူးမကြီးဖြစ်မှန်းမသိ ဖြစ်၍နေပေသည်။

မဖြစ်နိုင်တော့မှန်းသိသော်လည်း တားဆီးမရသည့်ဝါသနာကြောင့် ကျနော်သည်တခါခါညဥ့်နက်သန်းခေါင် လူတွေအိပ်နေမှန်းမသိ ဂစ်တာတစ်လက်နှင့်သီချင်းတွေတစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆိုနေတတ်သည် ကျနော့်ကြောင့်ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်မည်ကိုထည့်မစဉ်းစား ဆိုရရင် ကျနော်သည် “ဦးခွေး”ဆိုသူအကရူး အဆိုရူးနှင့်အတူတူပင်ဖြစ်တော့သည်။ ခြားနားတာက ဦးခွေးက ပရိတ်သတ်ရှိသေးသည် ကျနော့်မှာ ဘာမှမရှိ။

တခါက ကျနော်နှင့်လုံးဝမတည့်သည့်အကောင်တစ်ကောင်နှင့် ကျနော့်ချစ်သူကောင်မလေးတို့ စားသောက်ဆိုင်တစ်ခုတွင်အတူထိုင်နေကြသည်ကိုမြင်ရသောအခါ ဒေါသသည်ချုပ်တီးမနိုင်တော့ဘဲ လူတွေအများကြီးရှိသည့်ဆိုင်ထဲသို့တန်းတန်းမတ်မတ်ကြီးဝင်သွားကာ ထိုသူအားပြဿနာရှာလေသည် ကောင်မလေးကအမျိုးမျိုးပြောဆိုရှင်းပြသော်လည်းလုံးဝလက်မခံ ထိုကောင်အားမိုက်မိုက်ရိုင်းရိုင်းပြောဆိုမိသည် ပတ်ဝန်းကျင်တခုလုံး၏မျက်လုံးအစုံကိုပင်ရှက်မနေနိုင်တော့....
ထိုသို့သောအခါမျိုးတွင် ကျနော်သည် “ဟို အရူးမ”ဟုရပ်ကွက်ကခေါ်သည့် ညစ်တီးညစ်ပတ်အရူးမနှင့် ဘာမှခြားတော့မည်မဟုတ်။
ချစ်ဆိပ်သည် ငယ်ထိပ်တက်လေသည်။
.........................
ကိုယ့်ကိုကိုယ်ရူးမှန်းတဖြေးဖြေးနှင့်ရှာဖွေသိရှိလာရသောအခါ ကိုယ့်ထက်ပိုရူးသူကို၎င်း၊ ကိုယ့်အောက်လျှော့ရူးသူကို၎င်း တော်တော်များများတွေ့လာရသည်။ သူတို့သည် ဆရာဝန်လည်းဖြစ်ချင်ဖြစ်မည် ကျောင်းသား ကျောင်းသူလည်းဖြစ်ချင်ဖြစ်မည် သူဋ္ဌေးကြီးလည်းဖြစ်ချင်ဖြစ်မည် ခေါင်းရွက်ဗျတ်ထိုးဈေးသည်လည်းဖြစ်ချင်ဖြစ်လိမ့်မည် ။
ဘဝအခြေအနေတွေဘယ်လိုပဲခြားခြား တူညီတာကတော့ အားလုံးကိုယ့်နည်းကိုယ့်ဟန်နှင့်ရူးနေကြတာပဲဖြစ်သည်။

သူတို့ကံကောင်းတာက အရူးနာမည်အတပ်မခံကြရခြင်းဖြစ်သည်။နေရာတော်တော်များများရောက်ဖူးလေ အရူးတော်တော်များများကိုတွေ့ဖူးလာလေဖြစ်သည် ။ နောက်ဆုံး တွေ့ဖူးသမျှ မှတ်မိသမျှ အရူးနှင့်မရူးသူများအရေအတွက်ကိုနိုင်းယှဉ်လိုက်မိသောအခါ ကျနော့်မြို့ငယ်လေးသည် အရူးများသာ၍ပေါနေကြောင်းအံ့သြဘွယ်ရာတွေ့လိုက်ရလေသည်။

တခုတော့ကြံဖန်ပြီးဝမ်းသာလိုက်ပါဦးမည် ပတ်ဝန်းကျင်ကိုအလွန်ဒုက္ခပေးသော လူမျိုးကိုလည်းဒုက္ခပေးသော တိုင်းပြည်ကိုလည်းဒုက္ခပေးသော နောက်ဆုံး ကမ္ဘာကိုပင်ဒုက္ခပေးနိုင်သောနောက်အရူးတစ်မျိုး ကျနော်တို့မြို့ငယ်လေးတွင် မတွေ့ရသေး၍ဖြစ်သည်။
(ကျနော်မတွေ့သေးတာပဲဖြစ်မှာပါ)
ထိုအရူးကားအခြားမဟုတ် “အာဏာရူး”ရူးသည့်အရူးပင်ဖြစ်တော့သည်။ ။

မောင်မင်းကြီးသား သက်တော်ရာကျော်ရှည်ပါစေ

သူတို့မြို့တွင်နှင်းများသိပ်သိပ်သည်းသည်းကျသောနံနက်ခင်းတစ်ခု၌ သူ့အိမ်စောင့်ခွေးကြီးသည်ပျောက်ခြင်းမလှပျောက်သွားခဲ့သည် ပြေးကြည့်မှဒီလူနဲ့ဒီခွေးပဲရှိတော့နီးစပ်ရာအကုန်လုံးကိုဖြဲသဲပြီးရှာသည် ၊မတွေ့။ မြို့လေးတစ်မြို့လုံးပတ်ရှာသည်၊ မတွေ့။
ကြံရာမရသည့်အဆုံး ခွေးပျောက်ကြော်ညာရတော့သည် ။ ကြော်ညာပုံကလည်း သူများတကာလို ကိုယ့်ခွေးဓါတ်ပုံကို ကိုတင်ပြီးကြော်ညာတာမဟုတ် တင်စရာပုံကလည်းသူ့တွင်မရှိ နှစ်တွေအများကြီးအတူတူရှိခဲ့ကြပါလျှက် ဓါတ်ပုံလေးတစ်ပုံတောင်ရိုက်ဖို့သတိမရခဲ့သည့် သူ့ကိုသူပဲအပြစ်တင်နေမိသည်။
ထို့ကြောင့်တတ်သလောက်မှတ်သလောက်ပန်းချီအတတ်ပညာဖြင့် ပျောက်သွားသည့်သူ့ခွေးပုံကို သူစိတ်ကူးပုံဖေါ်ပြီးရေးဆွဲရတော့သည် ရေးဆွဲပြီး အောက်ဘက်နားတွင်“တွေ့ရင်ပြောကြပါ ထိုက်ထိုက်တန်တန်ကျေးဇူးတုံ့ပြန်မည်” ဟူသည့်စာတန်းရေးထိုးလျှက် မိတ္တူပွားကာ မြို့အနှံ့လိုက်ကပ်လိုက်သည်။
မိုးစုန်းစုန်းချုပ်တော့ စောင်အထပ်ထပ်ခြုံပြီး သူအိပ်ယာဝင်ခဲ့သည်...။
………………..
ပထမနေ့
ခြေတစ်ဖက်မသန်သည့်တရုတ်ကြီးတစ်ယောက် ခွေးဘီလူးတစ်ကောင်ကိုဆွဲလျှက်သူ့အိမ်သို့ပေါက်ချလာသည်။
“ဟောဒီမှာ ပျောက်နေတဲ့မီ်းခွေး...ကဲ..ဝကိုကျေးဇူးဆပ်ပေလော့”
သူသည်တရုတ်ကြီးဆွဲလာသည့်ခွေးကိုစေ့စေ့ကြည့်လျှက် ခေါင်းကိုဖြေးညင်းစွာယမ်းခါလိုက်သည်။
“မှားနေပြီပေါက်ဖေါ်ကြီးရ....ဒါကျနော့်ခွေးမဟုတ်ဘူး”
“ဟင်…မီးကြော်ငြာထားလဲ့ပုံထဲကအီတိုင်းပဲကို... စီစီချာချာဆိပါဦးကွ”
“သေချာပါတယ်ခင်ဗျ... ကျနော့်ခွေးက ခွေးဘီလူးမဟုတ်ပါဘူး နောက်ပြီး.. ကျနော့်ခွေးက ခုပေါက်ဖေါ်ကြီးယူလာတဲ့ခွေးထက်အများကြီးရုပ်ဆိုးပါသေးတယ်”
“သြော်…စုတ်ခ..စုတ်ခ...ဝ ခဲလီသမျှသဲရီကျပြီ... အီဝေးကြီးကတွေ့ပြီးဆွဲလာရတာ...မီဟုတ်တော့လည်းဘီတတ်နိုင်မလဲလေ”
တရုတ်ကြီး..စိတ်ပျက်လက်ပျက်ဖြင့်ခွေးကိုဆွဲပြီးထွက်ခွါသွားခဲ့သည်။
……………….
ဒုတိယနေ့
အရပ်အလွန်ပုသည့်ကုလားမကြီးတစ်ယောက်သည် အရပ်အလွန်မပုသည့်ကုလားမဟုတ်သည့်လူတစ်ယောက်နှင့်အတူ သူ့အိမ်သို့ပေါက်ချလာသည်။
“ပျောက်သောသူရှာရင်တွေ့တဲ့ နာလေ.. ဒီကောင့်ကိုလေ... မနည်းခေါ်လာရတာ လမ်းတကာမှာကြောင်တောင်တောင်နဲ့ ရပ်နေတာတွေ့လို့လေ...ကဲနာ့ကိုကျေးဇူးဆပ်ပေတော့”
“ဘယ်မှာလဲဗျ ဘာကိုခေါ်လာတာလဲ ဘာမှမတွေ့ပါလား”
“အာ…ဒီကန်ကလေး...ဒုက္ခပါပဲ နင်ကြော်ညာထားတဲ့ပုံထဲကလူလေ...ကိုယ့်လူတောင်ကိုမမှတ်မိဘူးလား”
ခေါ်လာသည့်ကြောင်တောင်တောင်နှင့်လူကိုလက်ညှိုးထိုးပြကာပြောချလိုက်သည့်ထိုကုလားမ၏စကား
ကြောင့် သူအကြီးအကျယ်အအံ့အားသင့်သွားရလေသည်။
“ကျ… ကျနော်ကြော်ညာတာ လူပျောက်မဟုတ်ဘူးဗျ...ခွေးပျောက်...ခွေးပျောက် ဘယ်လိုလုပ်လူဖြစ်နေရတာတုန်း”
“ဟမ်…ဟုတ်လား...နင့်ကြော်ညာပုံကိုနင်ပြန်ကြည့်လိုက်ဦးဒါဆို နာလေ…တယ်မပြောချင်ဘူး ကန်ကလေး”
ကုလားမကြီးသည်စိတ်သိပ်မနှံ့သည့်ပုံပေါက်နေသည့်ထိုလူ၏လက်အားဆွဲလျှက်စိတ်ဆိုးမာန်ဆိုးဖြင့်ထွက်ခွါသွားတော့သည်။
သူလည်းသူကြော်ညာထားသည့်ပုံကိုအသေအချာပြန်ကြည့်ရသည် ဟုတ်သားပဲ..စောစောကလူနဲ့တောင်တူနေသေးတော့..။
သင်ထားသည့်ပန်းချီပညာကဘယ်လောက်ပေါက်မြောက်သလဲဆို ခွေးပုံဆွဲတာ လူပုံသွားပေါက်နေသည်။
အသစ်ထပ်ဆွဲရသည် မိတ္တူထပ်ပွားရသည် ၊ မြို့အနှံ့ကပ်ထားတာတွေပြန်ခွါပြီး အသစ်ပြန်ကပ်ရသည်။
…………….
တတိယနေ့
အရူးဂိုက်ဖမ်းထားတာလား..တကယ်ပဲရူးနေတာလား သိပ်မသေချာသည့် အဝတ်အထည်စုတ်စုတ်ပြတ်ပြတ်နှင့် ညှင်းသိုးသိုးလူကြီးတစ်ယောက် သူ့အိမ်သို့ပေါက်ချလာသည်။
ပခုံးထိဝဲကျနေသည့်စုတ်ဖွားဖွားဆံပင်နှင့် အလွန်စုတ်သည့်လွယ်အိတ်ကြီးတစ်လုံးကိုလည်းလွယ်ထားသေးသည်။
သူ့ရှေ့တွင်ရပ်ကာ သူ့အားရူတည်တည်ကြည့်လျှက်မှ...
“မင်းငါ့နာမည်သိလား”
“ဗျာ….မသိဘူးခင်ဗျ”
“အေး..ငါလည်းမင်းနာမည်မသိဘူး ဒီတော့ဒီလိုလုပ်... မင်းနာမည်ကိုပြောရင် ငါ့နာမည်လည်းပြောမယ်”
“ဟုတ်ကဲ့..နိုက်ထရစ်နေရာက ငါ ဇေယျာသော်..အဲ..ယောင်ကုန်ပြီ ဘာလဲ…ခင်ဗျားက acidရဲ့ ပရိတ်သတ်လား”
“acidပရိတ်သတ်လည်းမဟုတ်ဘူး အင်ဒရင်းပရိတ်သတ်လည်းမဟုတ်ဘူး လိုရင်းသာပြောပါလေ”
“ဟုတ်… ကျနော့်နာမည်က “တောက်တီးတောက်တဲ့”ပါ”
“ဟေ…ဟုတ်လား…လှလိုက်တဲ့နာမည်လေး.. မင်းအမေမို့ပေးတတ်တယ် ငါ့နာမည်က “ချောက်ချီးချောက်ချက်”ပါ နာမည်လှတာလည်းမပြောနဲ့လေ ငါကမြေလျှောက်ဝိဇ္ဇာကိုးကွ”


“ဟုတ်လား…တွေ့ရတာဝမ်းသာတယ် မြေလျှောက်ဝိဇ္ဇာဆိုလို့စာတွေမှာပဲဖတ်ဖူးတာ ”
“အေးပါ အခုငါလာတာက မင်းအတွက်အရေးကြီးကိစ္စပြောစရာရှိလို့ကွ... အဖြစ်ကဒီလို မဟာမြိုင်ကဆရာသခင်ကြီးတွေရဲ့ အမိန့်အရ မကောင်းသူဖယ် ကောင်းသူကယ်ဖို့မင်းတို့နေတဲ့လူ့ရွာကိုငါလာခဲ့တယ်ဆိုပါတော့ကွာ ငါကဝိဇ္ဇာမဖြစ်ခင်ကနည်းနည်းအပျင်းကြီးတယ် ဝိဇ္ဇာလည်းဖြစ်ရော ဘာပြောကောင်းမလဲ ပိုပြီးတော့ကိုပျင်းတော့တာပဲ ဝိဇ္ဇာတန်ခိုးကိုအသုံးချပြီး မြေကြောတွေကိုရှုံ့ ရှုံ့ပြီးတော့လမ်းလျှောက်တာလေ တစ်နာရီလျှောက်ရမယ့်ခရီးကို ငါကပျင်းတော့ ခြေလှမ်းသုံးလှမ်းနဲ့ရောက်အောင်ကိုရှုံ့ပစ်တာ... အဲလိုမြေအရှုံ့ကောင်းလို့ပဲ ဒီပြဿနာတက်လာတာဟေ့”


“ဟုတ်ကဲ့ ပြောပါခင်ဗျ နားထောင်နေပါတယ်”
“အေး…တနေ့တော့ကွာ ချမ်းသာဖို့ကံရှိနေတဲ့လူတစ်ယောက်ကို မစဖို့ဆရာသခင်တွေက ငါ့ကိုလွှတ်လိုက်တယ် ဒါပေမယ့်သူနေတဲ့နေရာကိုသွားရမှာက မိုင်တစ်ရာကျော်တယ်ကွ အဲဒါနဲ့ မြန်မြန်ရောက်အောင် ငါလည်းမြေကြောတွေကို တန်ခိုးသုံးပြီးရှုံ့လိုက်တာပေါ့ကွာ … မိုင်တစ်ရာကိုခြေဆယ်လှမ်းနဲ့ပဲရောက်အောင်လှမ်းလိုက်တယ်လေ ခြေဆယ်လှမ်းလှမ်းပြီးလို့ကြည့်လိုက်တော့ နေရာမှားနေတယ်ကွ ခနော်နီခနော်နဲ့တဲအိမ်အစုတ်ကိုရောက်ရမှာ ခုဟာက နန်းတော်တမျှလှပခမ်းနားတဲ့ အိမ်တစ်အိမ်ရှေ့ကိုတန်းပြီးရောက်နေတာကိုးကွ”
“ဟုတ်ကဲ့….စိတ်ဝင်စားစရာပဲ”


“အေး….ငါလည်းကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးရဲ့အပြင်အဆင်ကိုငေးတုန်းရှိသေး နောက်ကနေလူတစ်အုပ်က ငါ့ကို သေနတ်နဲ့ တဖုန်းဖုန်း တဒိုင်းဒိုင်းမြည်အောင်ဝိုင်းပစ်ပါရောလား ဟရို့”
“ကြောက်စရာကြီးပါပဲလားဗျာ သူတို့ကခင်ဗျားနဲ့ရန်ငြိုးရှိဖူးလို့လား”
“ဘယ်ကလာ သိတောင်မသိပါဘူးဆို... နောက်ကျမှသိရတာက ငါ့ကိုအမျိုးသမီးတစ်ယောက်နဲ့မှားပြီးပစ်လိုက်တာတဲ့ ကောင်းရော ဝိဇ္ဇာမို့လို့မသေတာပေါ့ကွာ... အဲ..အဲ…ကျန်သေးတယ် သူတို့ပစ်နေတဲ့အချိန်မှာပဲ အဲဒီလူစုတွေကြားထဲကိုငါကြည့်လိုက်တော့...လား....လား.... ဘာတွေ့လဲသိလား”
“ဘယ်သိမှာတုန်းဗျ ဘာတွေ့လို့လဲ”


“အေး…မင်းရဲ့ပျောက်နေတဲ့ခွေးလေ လူလည်ခေါင်မှာ ဘုရင်ထိုင် ထိုင်နေပါရောလားကွ”
“ဗျာ………မ..မ ဖြစ်နိုင်ဘူးထင်တယ်”
သူအလွန်အံ့သြသွားခဲ့သည် ဘယ့်နှယ့်သူ့ခွေးက လူတွေကြားမှာဘုရင်ထလုပ်နေပါလိမ့်
“အေး….ဝိဇ္ဇာဆိုတာ ဘယ်တော့မှမမှားဘူးကွ မင်းမယုံရင်မင်းဒုက္ခရောက်လိမ့်မယ် မင်းခွေးကရူးနေတာဆိုရင်တော့ တစ်မွန်းတည့်လောက်ပဲကောင်းစားမှာပေါ့ ခက်တာကမင်းခွေးကပေါနေတာ ပေါနေတဲ့ခွေးဘယ်လောက်ကြာကြာကောင်းစားမလဲဆိုတာ ငါ့ဝိဇ္ဇာဥာဏ်နဲ့တောင်မသိမြင်နိုင်ဘူးကွ အဲ…နောက်ပြီးသတင်းထပ်ကြားတာရှိသေးတယ် မင်းကသူ့ကိုခွေးပျောက်ကြော်ညာတယ် သူကမင်းကို လူဝရမ်းပြန်ကြော်ညာနေပြီဟေ့....ဆုငွေက ကောင်းမှကောင်းဆိုပဲ....မြို့လယ်ခေါင်မှာလျှောက်ကပ်ထားတဲ့မင်းရဲ့စာတွေကသူ့ကိုအကြီးအကျယ် သိက္ခာကျစေတယ်ဆိုပဲ ကဲ…လုပ်သင့်လုပ်ထိုက်တာ မင်းဘာသာမင်းစဉ်းစားတော့ ငါတော့ရှမ်ဘဲလားပြန်ပြီ တာ့တာ”
ဝိဇ္ဇာဆိုသူလူထူးလူဆန်းကြီးသည် ရှည်လျားထွေပြားစွာသူ့အားပြောဆိုပြီးနောက် လာရာလမ်းအတိုင်းလှည့်ပြန်သွားတော့သည်။


“မြေကြောမရူံ့တော့ဘူးလားဗျ”
“ရှုံတော့ဘူးဟေ့ ဒီတခါတွက်ကိန်းထပ်မှားရင် သေနတ်မဟုတ်ဘူး လောင်ချာနဲ့ထုခံနေဦးမယ် ဟားဟားဟား”
ဝိဇ္ဇာကြီးမြင်ကွင်းမှပျောက်သွားတော့ လုပ်သင့်လုပ်ထိုက်တာကိုသူအလျှင်အမြန်စီစဉ်ရသည်။
“ငါ့အိမ်ကထွက်သွားတုန်းကတော့ ခွေးပါပဲ ခုမှဘုရင်ထဖြစ်နေတာတော့ငါလည်းမတတ်နိုင်ဘူး အင်း..ဘုရင်ဖြစ်တော့လည်းကြောက်ရသေးတာပ”
မြို့ထဲသို့အပြေးအလွှားပြန်သွားပြီး သူကပ်ခဲ့သည့် သူ့လက်ရာခွေးပုံနှင့်စာရွက်အားလုံး၏အောက်က “တွေ့ရင်ပြောကြပါ ကျေးဇူးတုံ့ပြန်မည်”ဆိုတာကြီးကိုဖျက်ပြီး စာတန်းအသစ်ပြန်အစားထိုးရေးသည်။
အားလုံးပြီးသော် အိမ်ကပစ္စည်းများကို တပိုင်တနိုင်ထုပ်ပိုးပြီး တပြည်တရွာသို့ သူထွက်ခွါသွားလေတော့သတည်း...။
ရေးခဲ့သည့်စာမှာအောက်ပါအတိုင်းဖြစ်သည်။

“……မောင်မင်းကြီးသား... သက်တော်ရာကျော်ရှည်ပါစေ....”

လန်ထွက်နေတာပဲ


“ကဲ…ကဲ… ထတော့… သွားကြရအောင်”
အိပ်မှုန်စုံမွှားဖြစ်နေရာမှအသံကြောင့်သူခေါင်းထောင်ကြည့်လိုက်ရာ ခပ်တည်တည်နှင့်သူ့အားငုံကြည့်နေသော ပိန်ပိန်ရှည်ရှည်လူကြီးတစ်ဦးကိုတွေ့ရသည်။
“ခင်ဗျားကဘယ်သူလဲ?.... ဘယ်ကိုသွားရမှာလဲ”
“ငါကသေမင်း သေရွာကိုသွားရမှာ ရှင်းပြီလား… ဟုတ်မလားဆိုပြီးမင်းကိုလူ့ပြည်လွှတ်လိုက်တာ လူ့သက်နဲ့နှစ်ပေါင်း၂၀သာကျော်သွားတယ် ဘာမှ မဟုတ်တော့လည်းပြန်ခေါ်ရတာပေါ့ ဒါပါပဲ”
“သေမင်းသာဆိုတယ် ဝတ်ထားတာလည်းpolo စပို့ရှပ်အင်္ကျီနဲ့ပါလား”
“လာတုန်းကတော့သေမင်းဝတ်စုံနဲ့ပဲကွ လမ်းမှာမိုးမိသွားလို့ တွေ့ကရာအိမ်တစ်အိမ်မှာ ဒီအင်္ကျီဝင်မတာပဲ ယူနီဖောင်းကအရေးမကြီးပါဘူးကွာ လူကသာအရေးကြီးတာပါ ကြုံတုန်းမင်းကိုပြောရဦးမယ် လာမယ့်နှစ်ကျရင် ငါတို့သေမင်းတွေ ယူနီဖောင်းပြောင်းတော့မယ်ကွ အနက်ရောင်ထက်ပိုဆိုးတဲ့အရောင်တစ်ရောင်ကို ငါတို့ခေါင်းဆောင်ကြီးကတွေ့သွားပြီ”


“ဟုတ်လား ဘာအရောင်လဲဗျ အပန်းမကြီးရင်ပြောပြပါလား”
“ပြောပြဖို့ကအပန်းတော့မကြီးပါဘူး အန္တရာယ်တော့ကြီးလိမ့်မယ်ထင်တယ် ဒါပေမယ့်မင်းကိုတော့သိအောင်ပြောလိုက်ပါမယ်”
သေမင်းဆိုသူလူကြီးသည် သူ့ကိုယ်သူကျောမလုံသည့်ပုံစံမျိုးဖြင့်ပတ်ဝန်းကျင်ကိုကျီးကြည့်ကြောင်ကြည့်လုပ်ပြီးသူ့နားကပ်၍
ထိုအရောင်အားတိုးတိုးလေးပြောပြလိုက်သည် ၊ သူလည်းခေါင်းတညိတ်ညိတ်ဖြင့်ထိုအရောင်သည်သေမင်းတို့နှင့်ပို၍လိုက်ဖက်ကြောင်းလူတကာ၏
အော့ကျောလန်အရောင်ဖြစ်ကြောင်းထောက်ခံလိုက်သည်


“ဒါနဲ့ခင်းဗျားနောက်ကိုခုပဲလိုက်ရမှာလား ကျနော်က ဆိုက်တစ်ခုကနေdownloadလုပ်နေတာ နာရီဝက်ကျန်သေးတယ်ဗျ”
“ဟေ့ no complainကွ အချိန်နဲ့ဒီရေသည်သေမင်းကိုမစောင့်တဲ့ ငါ့ကိုဆင်ခြေဆင်နားရွက်တွေလာပေးမနေနဲ့”
ဘိုလိုညှပ်ပြောလိုက်သည့်သေမင်း၏စကားကြောင့်သူအလွန်အံ့သြသွားရလေသည်။
“ခင်ဗျားက အင်္ဂလိပ်လိုလည်းတတ်တာပဲလား တော်တော်တိုးတက်တဲ့သေမင်းပဲ”
“တတ်ဆို ဒီလိုကွ ငါကသေမင်းသာဆိုတာ အချိန်ယားလေးရှိရင် ငရဲထိန်းအလုပ်ကိုလည်း part time ဝင်လုပ်သေးတယ်လေ တနေ့ကျတော့ အဖြူကောင်တစ်ကောင်ကို ဒယ်အိုးထဲထည့်ကြော်ရမယ့်တာဝန်ငါ့မှာ ကျလာရောဟေ့”
သူသည်အံ့သြပြီးရင်းအံ့သြရပြန်သည်။


“ဘယ့်နှယ့်အဖြူကောင်က မြန်မာငရဲမှာလာကျနေတာတုန်း”
“ဒီလိုကွ ဒီကောင်ကမြန်မာပြည်ကိုအလည်လာတာ တနေ့ကျတော့ သူတည်းခိုတဲ့ဟော်တည်မှာပဲ ဆေးခြောက်ကို ရှစ်အိုးလောက်ရှုပြီး tom & jerry ကာတွန်းကားထိုင်ကြည့်တာ တဝါးဝါးတဟားဟားနဲ့ အတောမသတ်ဘဲရယ်ရာကနေ အသက်ရှုဖို့မေ့ပြီးသေတာပဲ”
“ရယ်ပြီးသေတဲ့လူကို ကောင်းကင်ဘုံပို့သင့်ပါတယ်ဗျာ ဘယ့်နှယ့်ငရဲပြည်ပို့ရတာတုန်း”
“မဟုတ်ဘူးကွ သူကရွှေခိုးဖို့ရောက်လာတဲ့ကောင် ခိုးလည်းခိုးနေတာပဲ အဲဒါကြောင့်ငရဲရောက်တာပါ တော်တော်ဆိုးတဲ့ကောင်ကွာ ငရဲပြည်ရောက်သွားတာတောင် ဗိုက်ကိုနှိပ်နှိပ်ပြီးရယ်နေတုန်းပဲ”
“အဲဒါနဲ့ခင်ဗျားဘိုလိုတတ်ရောလား သူကသင်ပေးလိုက်လား”
“အစကဒီလိုမဟုတ်ဘူးကွ သူ့ကိုဒယ်အိုးထဲတွန်းချခါနီးတိုင်း ဆီပူနဲ့ကြော်ခါနီးတိုင်း အသံပြဲကြီးနဲ့ အမြဲအော်တယ် ….holy smokeတဲ့ assholeတဲ့ နောက်ပြီး son of the bitchတဲ့ အို …အများကြီးကွာ သူအော်တာတွေ ကြာလာတော့ငါလည်းစိတ်ဝင်စားပြီး မင်းအော်တာ ဘာတွေလဲကွလို့ထမေးမိရော”


“သူကခင်ဗျားစကားကိုနားလည်လို့လား”
“သူကကြုံရင်Qဖို့ မြန်မာစကားနည်းနည်းသင်ထားတယ်လေ ပြောတတ်တာပေါ့ အဲဒါနဲ့ သူအော်တဲ့စကားရဲ့အဓိပ္ပါယ်တွေမေး သိချင်တဲ့စကားတွေလည်းထပ်မေးနဲ့ နည်းနည်းပါးပါးသိလာတာပေါ့ကွာ.... talkingတွေသိပ်များပြီကွာ ကဲ…လစ်စို့”
သေမင်းသည်အချိန်ဆွဲမနေချင်တော့...သူ့အားအတင်းခေါ်နေလေပြီ။
“နေစမ်းပါဦး ကိုယ့်စရိတ်နဲ့ကိုခြေကျင်လျှောက်ပြီး ခင်ဗျားနောက်လိုက်သေရမှာလား ဒါတော့ပဲ့တယ်ဗျာ”
“အေး…မင်းပြောလည်းပြောစရာပဲ အရင်ကတော့ သေပြီးမှငါကလာခေါ်တာ သန်တုန်းမြန်တုန်းဆိုတော့မင်းတို့လူတွေကိုငါကထမ်းနိုင်တယ်လေ ခုတော့မနိုင်တော့ဘူး အသက်က ကမ္ဘာနှစ်ခုစာရှိနေပြီ လမ်းလျှောက်ပြီးလိုက်သေပေတော့”


သေမင်းသိပ်စိတ်မရှည်တော့မှန်းသူသိလိုက်သည် ထို့ကြောင့် g-talkတွင်ရှိနေသေးသောဘော်ဒါတစ်ယောက်နှစ်ယောက်ကိုသူသည်သေမင်းခေါ်ရာနောက်လိုက်သွားတော့
မည်ဖြစ်ကြောင်းလှမ်းနှုတ်ဆက်သည် ခရီးလမ်းဖြောင့်ဖြူးပါစေကြောင်းလည်း ဟိုကသူ့ဆီလှမ်းမေတ္တာပို့ကြသည်။
ထို့နောက်ကွန်ပြူတာကိုshut downလုပ်သည် ဖုန်းထဲပိုက်ဆံထည့်ပြီး ရှိသမျှနံပါတ်များကိုနောက်ဆုံးအနေဖြင့်လှမ်းဆက်သည် အပြင်ထွက်ပြီးဆေးလိပ်ဝယ်သည်။ အိမ်သာတက်သည် နောက်ပြီးရေချိုးသည် အကောင်းဆုံးဝတ်စုံတစ်ခုကိုရွေးချယ်ဝတ်ဆင်လိုက်သည် ထို့နောက်
ဘေးအခန်းကိုလှမ်းခေါ်ပြီး အကယ်၍သူ့ကောင်မလေးရောက်လာပါက သူသေပြီဟုပြောကြားစေလိုကြောင်း သူမရှိတော့သဖြင့် စိတ်အားငယ်ရန်မလိုကြောင်း ရည်းစားအသစ်တစ်ယောက်ထပ်ရှာ၍ပျော်ပျော်ကြီးကဲနိုင်ကြောင်း စသဖြင့်ရှည်လျားထွေပြားစွာမှာတမ်းချွေသည်။ သေမင်းကြီးသည် ကျို့တို့ကျဲတဲ သူ့ဆံပင်များကို တဗျင်းဗျင်းမြည်အောင်ကုတ်လျက်....
“…..တော်တော်လျှာရှည်တဲ့ကောင်ပဲ....အင်း... လျှာရှည်လို့ပဲလူဖြစ်ရလာတာပေါ့လေ..”


သူသည်ဘေးအခန်းကလူကိုစိတ်ကြိုက်မှာကြားပြီးနောက် သေမင်းဘက်လှည့်ပြီး...
သူ့laptopတော့အားသယ်သွားခွင့်ပြုရန်တောင်းဆိုလိုက်သည်
သေမင်းဆိုသူလည်း သူ့အားသယ်ခွင့်ပြုလိုက်သည် ထို့နောက် နှစ်ယောက်သားရထားတစ်တန် ကားတစ်တန်ဖြင့် သေရွာသို့ခရီးဆက်ခဲ့ကြလေတော့သည်။
အမှန်မှာတန်ခိုးသုံးပြီးမြေကြောရှုံ့သွားကြရန်ဖြစ်သော်လည်း ကမ္ဘာ့ ကမ္ဘာက သုံးလာခဲ့သည့်တန်ခိုးကို သေမင်းအလွန်ပျင်းနေပြီဖြစ်သည် လူ့ပြည်ရောက်ခိုက် ရထားလေးလည်းစီးချင်သေး ကားလေးလည်းစီးချင်သေးဆိုသဖြင့် ရိုးရိုးတန်းတန်းခရီးသွားသလိုသွားကြရခြင်းဖြစ်သည်။
ခရီးသွားနေရင်းမှသူသည်လျှာရှည်မိပြန်သည်။

“ကျနော်ရော ငရဲကျမှာပဲလား”
“သြော်…ခက်လိုက်ပါဘိ ငရဲပြည်ကလာခေါ်ပါတယ်ဆိုမှ နင့်အမေ့လင် တာဝတိ‘သာကိုငါကပို့ရမှာလား စိတ်ချ ဇောက်ထိုးကြီးကိုကျစေရမယ်”
“ဟို…ဟို…. ဘယ်လိုအပြစ်တွေနဲ့လဲဟင် သိရင်ပြောပြပါလား”
“ဒါတော့ ယမမင်းကြီးပဲသိလိမ့်မယ် ငါတော့သေသေချာချာမသိဘူး အပြစ်ပေးပုံကိုပြောပြလိုက်ဦးမယ် အရက်မူးပြီးရမ်းကားတဲ့လူတွေကိုဆိုရင် ဖင်ကနေမီးမွှေး ပါးစပ်ထဲကို ရေပူတွေလောင်းထည့်ပြီးဒဏ်ပေးတယ်”
သူကျောထဲစိမ့်သွားသည် သူ့တွင်တင်ကျန်နေသည့် အကြွေးငါးပုံ လေးပုံသည်အရက်ကြွေးသက်သက်ဖြစ်သည်။
“သောက်တုန်းကတော့ကောင်းတယ်ဟ ခုတော့ဖင်ကိုမီးမြိုက်တော့မယ် အီး..ဆိုးလိုက်တာ”
စိတ်ထဲတွင်သူ့ဘာသာသူပြောနေရင်းတုန်လှုပ်လျက်ရှိသည်
“နောက်ပြီး ရည်းစားထည်လဲတွဲတဲ့ကောင်ဆိုရင် အခြောက်ကြီးဖြစ်အောင်လုပ်ပြီး ဆောင်ကြာမြိုင်ကို အရှင်မွေး နေ့ချင်းကြီး ပို့ပစ်မယ်”
သူသည် တုန်လှုပ်ပြီးရင်းတုန်လှုပ်ရပြန်သည်။
“နောက်ပြီး… ….နောက်ပြီး…..”
“တော်ပါတော့ဗျာ....တော်ပါတော့ ..နားမချမ်းသာလိုက်တာ”
“ဘာအခုမှကြောက်ပါပြီလဲ အစကတည်းကဆင်ခြင်ပေါ့ ဟော…ပြောရင်းဆိုရင်း..ရောက်ပါပြီကောကွာ...ဟဲဟဲ...ဆင်းပေတော့”


သူတို့သည်ကားပေါ်မှဆင်းလိုက်ကြသည် ။
“ဘယ်မှလဲဗျ ငရဲ ဒါလူ့ပြည်ပဲရှိသေးတာ”
“လျှာမရှည်နဲ့ဟေ့ လာလေရော့ဒီမှာ အပ်ချလောင်း!!!! ”
သေမင်းသည် အပ်ချလောင်းဟုအော်လိုက်ရာ ငရဲပြည်အဝင်ဂိတ်ကြီးသည် သူ့ရှေ့တည့်တည့်တွင် ဘွားကနဲပေါ်လာလေတော့သည်။ သို့သော်..တံခါးကပွင့်မနေပါချေ။
“ဂိတ်တံခါးကလည်းပိတ်ရက်ကြီးပါပဲလား ဘာဖြစ်တာလဲမသိ”
သေမင်းသည်အလွန်အံ့သြသွားဟန်ဖြင့် ဂိတ်တံခါးနားသို့တိုးကပ်သွားပြီး တံခါးဖွင့်ပေးရန်အထဲသို့လှမ်းအော်သည် ထိုအခါအထဲမှနေ၍ နှာခေါင်းစည်းတပ်ထားသောပိန်ပိန်လိန်လိန်ငရဲထိန်းတစ်ဦးဂိတ်တံခါးအပေါ်ပေါက်မှပေါ်လာသည်


မြင်ကွင်းကထူးဆန်းနေသည် စိတ်မရှည်တော့သောသေမင်းကထိုငရဲထိန်းကိုလှမ်းအော်သည်
“ဘာတွေဖြစ်ကုန်တာတုန်း မင်းမျက်နှာဘာလို့အဝတ်စည်းထားရတာတုန်း တံခါးကိုအခုဖွင့်”
“အမိန့်တော်ကြောင့် လူ့ပြည်ကလာသူမှန်သမျှဒီတံခါးထဲဝင်ခွင့်မပေးတော့ပါခင်ဗျာ ကျနော်တို့ငရဲထိန်းလည်း သောက်သောက်လဲသေကုန်ကြပါပြီ ဘယ်နိုင်ငံကသေလာတဲ့လူတစ်ယောက်လည်းမသိဘူး ဒီငရဲရောက်လာတာ ဝက်တုတ်ကွေးဆိုလား ဘာလားမသိဘူး ပါလာတာ အကုန်ကူးရော လူ့ပြည်မှာကဆေးရှိတယ် ဒီမှာဆေးမရှိဘူးလေ ခုလုပ်ငန်းခွင်မှာ လူနည်းနေတာသာကြည့်တော့”
ငရဲထိန်း၏စကားကြောင့်
သူနှင့်သေမင်းလည်း ချောင်းကြည့်ပေါက်မှတဆင့်အထဲသို့လှမ်းကြည့်လိုက်ရာ ငရဲသားကများနေပြီး ငရဲထိန်းများကထူးထူးခြားခြားလျှော့ပါးနေသည် .. ငရဲထိန်းတွေမှာလည်းနှာခေါင်းစည်းကိုယ်စီနှင့်။


တချို့ငရဲသားဆို ခုတ်မယ့်ထစ်မယ့်ငရဲထိန်းမရှိတော့သဖြင့် အကုသိုလ်မြန်မြန်ကုန်အောင် ကိုယ့်ဘာသာကို ဓါးသွေး ကိုယ့်ဘာသာကို ခုတ်ထစ်နေကြရသည် တချို့ဆိုပို၍ပင်ပန်းသေး ကိုယ့်ဘာသာကို ထင်းရှာရသည် မီးမွှေးရသည် ဆီပူလာရင် ကိုယ့်ဘာသာကို ခုန်ချကြရသည် အတော်ကသီလင်တနိုင်လေသည်။
သေမင်းကြီးဘယ်လိုပဲပြောပြောအမိန့်နာခံသူငရဲထိန်းကား ဂိတ်တံခါးကိုလုံးဝမဖွင့်ပေးတော့ပေ
“ယမမင်းကြီးကထပ်မှာလိုက်တယ် လူ့ပြည်က အဲဒီတုပ်ကွေးပျောက်တဲ့တနေ့ကျရင်ရောဂါကင်းရှင်းကြောင်းထောက်ခံစာနဲ့အတူပြန်လာခဲ့ကြပါတဲ့ ဒါပဲ”
ထိုသို့အော်ပြောပြီးထိုငရဲထိန်းလည်း သူတာဝန်ကျရာဘက်အမြန်ပြေးသွားပြီး ကင်ရမည့်သူကိုကင် ခုတ်ရမည့်သူကိုခုတ် ဆူးပင်ဖက်တဲ့ရမည့်သူကိုဖက်တက်ခိုင်း ခွေးစာကျွေးပစ်ရမည့်သူကိုကျွေးပစ်ဖြင့် အလုပ်လက်မလည်အောင်ရှိလေတော့သည် ။
သေမင်းကြီးလည်းအလွန်စိတ်ညစ်သွားတော့သည် ။


“ခုမှပဲသောင်ပြင်လွတ်တဲ့သေမင်းဖြစ်နေတယ် မထူးပါဘူးကွာ လူ့ပြည်ပဲခဏပြန်စတည်းချကြတာပေါ့”
ထို့နောက်သေမင်းသည် အပ်ချလောင်းဟုပြန်အော်ပြီး လူ့ပြည်ကိုပြန်ရောက်လာကြတော့သည် ။
သူ့အခန်းလိုက်နေမယ်တကဲကဲလုပ်နေသဖြင့်မနည်းကန်ထုတ်ခဲ့ရသေးသည် နောက်ပိုင်းတွင် သေမင်းလည်း သူ့လုပ်ငန်းနှင့်အစပ်အဟပ်အတည့်ဆုံးသောအဖွဲ့အစည်းတစ်ခုသို့ဝင်ရောက်လုပ်ကိုင်သွားခဲ့သည် H1n1ပျောက်ရင်ထပ်လာခေါ်မည်ဟုလည်းမှာကြားသွားသေးသည်။

ထို့နောက်…… ထို့နောက်…… သူလည်း ….. အိပ်ယာမှလန့်နိုးသွားတော့သည် ။
“အင်း…. youtubeက သရဲဇာတ်လမ်းတစ်ခုကြည့်နေရာမှရုတ်တရက်အိပ်ပျော်သွားပြီး အိပ်မက် မက်နေတာကိုး …..။
ရှည်လျားထွေပြားလွန်းသည့်အိပ်မက်ကို ပြန်စဉ်းစားရင်း သူ့နှုတ်က စကားတချို့ထွက်ကျလာသည်။

………..အိပ်မက်ကလည်း.... လန်ထွက်နေတာပဲ........... ။ ။

 
©2009 ♬သားကြီး♪ | by TNB