အရူးမြို့တော်

သူတော်ကောင်း

သူ့နာမည်အရင်းကိုဘယ်သူမှမသိကြ လူတကာခေါ်ကြသလို “သူတော်ကောင်း”ဟုပဲခေါ်ကြသည်
သူတော်ကောင်းဆိုတာ သူ့ဘာသာသူပေးထားတဲ့နာမည် လူကပိန်ပိန်ပါးပါး မုတ်ဆိတ်ကျင်စွယ်ထူလပျစ်နဲ့
ဘယ်ကလာတာလဲဆိုတော့ “ထန်းပင်”ကတဲ့။ ထန်းပင်ဆိုတာဘာလဲ “ထန်းတပင်”ရွာကိုဆိုလိုတာလားဆိုတော့ မဟုတ်ဘူး ထန်းပင်ကပဲတဲ့ ။
နာမည်က“သူတော်ကောင်း”
လာတာက“ထန်းပင်ပေါ်က”
တစ်ရပ်ကွက်လုံးထိုသို့ပဲယူဆလိုက်ကြတော့သည်။ ဆွေမရှိ မျိုးမရှိ
ဘယ်ကဘယ်လိုသူတို့ရပ်ကွက်ထဲရောက်လာမှန်းပင်မသိ။
နေရာကအတည်တကျမရှိ အိပ်ချင်လာရင်တွေ့တဲ့နေရာထိုးအိပ်သည် ဗိုက်ဆာလာပြီဆိုရင်အကြော်ဆိုင်တွေရှေ့ အသုပ်ဆိုင်တွေရှေ့တွင် ထုံပေပေကြီးနှင့်ရပ်နေတတ်သည်
နှုတ်ကတော့ဘာမှထုတ်မပြော သူမပြောသော်လည်းသိတတ်သည့် အကြော်သည် အသုပ်သည်များက သူစားဖို့ တခုမဟုတ်တခု ပေးကျွေးမြဲဖြစ်သည် ။

ရပ်ကွက်ထဲကသူ့ကိုသနားသည့်အိမ်အချို့ကလည်း သူစားဖို့ ထမင်းဟင်းများယူလာတတ်သည်။ စားလို့သောက်လို့ဗိုက်တင်းပြီဆိုရင် တနေရာရာသို့သွားကာ စန့်စန့်ကြီးအိပ်တော့သည်။
ထိုတနေရာရာသည် ဘုရားစောင်းတန်းလည်းဖြစ်လိမ့်မည် ဇရပ်ထဲတွင်လည်းဖြစ်လိမ့်မည် ဒါမှမဟုတ် မြေကြီးပေါ်တွင်လည်းဖြစ်လိမ့်မည်
သူ့တွင်ဟိုနေရာမှာမှအိပ်ရမယ် ဒီနေရာကဖြင့်မသင့်တော်ဘူးဆိုသည့် သတ်မှတ်ချက်မျိုးမရှိပါချေ။
အိပ်တယ်ဆိုတာ ကျောကုန်းရယ် ကြမ်းပြင်ရယ် ရှိရင်ရပြီဟုယူဆထားပုံရသည် အဲဒီကြမ်းပြင်ဆိုတာ မြေကြီးလည်းဖြစ်ချင်ဖြစ်နိုင်သည်။
သူသည်မွေးကတည်းကရူးလာသလား၊ မွေးပြီးမှရူးသွားသလားကိုဘယ်သူမှမသိ၊ သိရန်ကြိုးစား၍လည်းဖြစ်နိုင်မည်မဟုတ်။


“ခင်ဗျားရူးနေတာကြာပလား စရူးတဲ့ရက်ကိုပြောပြပါလား”ဆိုပြီးအရူးကိုမေးရန်မဖြစ်နိုင်ကြောင်း
ရပ်ကွက်ကသိသည်။ ဒီလိုမှမဟုတ် “ခင်ဗျားအရူးလောကထဲစဝင်ခါစကအတွေ့အကြုံပြောပြပါလား အရူးလောက ကဝါရင့်အရူးကြီးတွေ ခင်ဗျားကိုလက်တွဲခေါ်ကြလား အရူးအချင်းချင်းပညာပြတာမျိုးကြုံဖူးလား”ဆိုပြီး နေ့စဉ်တွေ့နေကြ မြင်နေကြ မဂ္ဂဇင်းစာအုပ်တော်တော်များများက မင်းသား၊ မင်းသမီး အင်တာဗျူးလို မေးရန်လည်းမဖြစ်နိုင်ကြောင်းသိကြသည် သူကသူတော်ကောင်း အေးအေးဆေးဆေးရူးနေတာ ကိုကအနေအထိုင်မတတ်ရင် သူယုတ်မာဖြစ်သွားလိမ့်မယ် ။
....................

ဒေါ်ပွင့်

“ထိုင်နေတာအကောင်း ထသွားမှကျိုးရော”ဆိုစကားရှိသည်
ဒေါ်ပွင့်လည်း ဆင်းရဲနေတာအကောင်း ဆင်းရဲရာကချဲအချီကြီးပေါက်ပြီးနေ့ချင်းချမ်းသာသွားတာလည်းအကောင်း ချမ်းသာရာက ရုတ်တရက်ကြီးပြန်ဆင်းရဲသွားရော ဒေါ်ပွင့်ရူးတော့သည်။ အထပ်လိုက် အထပ်လိုက်ပိုက်ဆံတွေက လက်ပူအောင်တောင်မကိုင်ရသေး သူခိုးအကုန်ဝင်မသွားလေပြီ။
အရပ်တကာလျှောက်သွားပြီး တွေ့ကရပစ္စည်းများကို“ဒါငါပိုင်တဲ့ဟာလေး ဟိုဟာကတနေ့ကမှချဲပေါက်တဲ့ပိုက်ဆံနဲ့ဝယ်လာတဲ့ဟာလေး ငါ့ကိုပြန်ပေး ငါ့ကိုပြန်ပေး”ဆိုပြီးသောင်းကျန်းတော့သည်

တီဗီအရောင်းဆိုင်တစ်ဆိုင်သို့ဝင်ပြီးတီဗီတစ်လုံးကိုခပ်တည်တည်နှင့် “ဒါငါမနေ့ကပဲ ဝယ်သွားတဲ့တီဗီလေ ဘယ်လိုလုပ်ဒီရောက်နေတာလဲ ခုချက်ချင်း ငါ့အိမ်ပြန်ပို့ပေး”ဆိုပြီးသောင်းကျန်းရာ သူ့အိမ်ကလူများလိုက်လာပြီး ဆိုင်ရှင်ကို ကျေနပ်အောင်မနည်းတောင်းပန်လိုက်ရသည် ။
နောက်ပိုင်းသူတို့ရပ်ကွက်ကလူများဒေါ်ပွင့်ကိုမြင်ရင်အလိုလိုလန့်နေရသည် ဘယ်တော့များငါ့လက်ထဲကစတီးချိုင့်ကိုသူ့ဟာလို့အော်ပြီး ပြဿနာရှာမှာပါလိမ့် ?
ဘယ်တော့များ ငါ့စီးလာတဲ့စက်ဘီးကိုသူ့အိမ်ကဘီးပါဆိုပြီး ဆွဲလားရမ်းလားလုပ်မှာပါလိမ့်?
ဘယ်တော့များ…..?
ဘယ်တော့များ…..?
အရူးထဲတွင် ဥစ္စာရူးသည်အတော်ဆိုးဝါးလှကြောင်းရပ်ကွက်ကသိလိုက်ကြသည်။
.......................

ဦးခွေး

အမေဖြစ်သူသည်“ခွေး”ကိုအလွန်ချစ်တတ်ပုံရသည် ရင်နှင့်လွယ်ပြီးမွေးလာတဲ့သားကိုတောင်ခွေးနာမည်မှည့်ထည့်လိုက်သည် ။ ငယ်ငယ်ကတော့“မောင်ခွေး” ၊နည်းနည်းအရွယ်ရောက်တော့“ကိုခွေး”၊ အရွယ်ကလေးရလာတော့ဦးခွေးပေါ့။ အထက်အညာရွာတစ်ခုကနေဒီရပ်ကွက်ထဲပြောင်းလာခဲ့တာဖြစ်သည်။
“ကျနော်ဂီတကိုဘဝနဲ့ရင်းပြီးရူးသွပ်ပါတယ်”ဆိုသည့် အဆိုတော်များ၏အင်တာဗျူးများကိုမြင်ရ ဖတ်ရတိုင်း“ဦခွေး”ကိုကျနော်သတိရမိသည်။ သူသည်ပုံမှန်အချိန်ဆိုယဉ်ယဉ်လေးရူးနေသူဖြစ်သည် ရပ်ကွက်အလှူခံမဏ္ဍတခုကဖြင့်ဖြင့်၊ ဘေးအိမ်တအိမ်အိမ်ကဖြင့်ဖြင့် လက်ဖက်ရည်ဆိုင်တခုကဖြင့်ဖြင့် ကျယ်ကျယ်လောင်လောင်ဖြင့်သီချင်းဖွင့်ပြီဆိုပါက ဦးခွေးတို့ ရောက်ရာအရပ် ၊ ကြားရာအရပ်ကနေ ကွေးနေအောင်ကတော့သည်။

ဈေးထဲလည်းမရှောင် လက်ဘက်ရည်ဆိုင်ရှေ့လည်းမရှောင် အလှူအိမ်လည်းမရှောင် ကလည်းက ဆိုလည်းဆိုလုပ်သည် ပတ်ဝန်းကျင်ကလူတွေ သူ့အားတဝါးဝါးတဟားဟားဖြင့်ပွဲကျနေကြသော်လည်း ဂရုမစိုက် သူ့ကိုအားပေးသည့်ပရိတ်သတ်များသဖွယ်သဘောပိုက်ကာ ပျော်ပျော်ရွှင်ရွှင်ကြီး ဆိုဟယ် ကဟယ်လုပ်တော့သည် သီချင်းသံရပ်သွားပြီဆိုရင်ဖြင့် သံပတ်ကုန်သွားသည့်အရုပ်လို ဆိုနေတာတွေရော၊ ကနေတာတွေပါ တိကနဲရပ်သည် ။ ပြီးနောက် ခပ်တည်တည်ဖြင့်သွားစရာရှိသည်ကိုဆက်သွားသည် လုပ်ဆရာရှိသည်ကိုဆက်လုပ်သည် ။အလွန်ထူးဆန်းသည့်ကိစ္စပင်ဖြစ်တော့သည်။
သူ့အတွက်ကံကောင်းတာက သူတို့ရပ်ကွက်သည် ငြိမ်ငြိမ်ဆိတ်ဆိတ်ရပ်ကွက်မျိုးဖြစ်နေ၍ဖြစ်သည် အကယ်၍ နေ့နေ့ညည လက်ဘက်ရည်ဆိုင်တွေ သီချင်းသံတွေ အလှူခံတွေနှင့်စည်ကားနေသောရပ်ကွက်မျိုးဖြစ်ပါက သူ့ခဗျာ က ရင်းသေရမည်ဖြစ်သည်။
“ကျနော်ဂီတကိုဘဝနဲ့ရင်းပြီးရူးသွပ်ပါတယ်”ဆိုသူများ ဦးခွေးကိုမှီအံ့မထင် ဦးခွေးကမှအမှန်အကန်ရူးသွပ်ခြင်းဖြစ်သည်။
........................

Unknown(သို့) ဟို အရူးမ

ဒီတစ်ယောက်နာမည်ကိုတော့ဘယ်သူမှမသိကြ သူမနှင့်ပတ်သက်လာတိုင်း “ဟို အရူးမ.. ဟို အရူးမ”ဟုသာရပ်ကွက်ကလူများမနှစ်မြို့စွာနာမ်စားသုံးပြောဆိုကြကုန်သည်။ သူမသည်အရူးတွေထဲမှာဆိုးဆိုးဝါးဝါးအရူးဟုဆိုရမည် ။ဘယ်မှာနေသည်လည်းမသိရ တနေ့တနေ့ စုတ်စုတ်ပြတ်ပြတ်အဝတ်အစားနှင့်မိတ်ကပ်များကိုဖွေးနေအောင်လိမ်း နှုတ်ခမ်းနီကိုရဲပတောင်းခတ်နေအောင်ဆိုးလျှက် တလမ်းဝင် တလမ်းထွက်ကာတွေ့ကရ လူပျို၊ လူအိုယောင်္ကျားမှန်သမျှကို သူ့လင်သဖွယ် အော်ဟစ်ဆဲဆိုသည်။


သူအော်သည်များကညစ်ညစ်ပတ်ပတ်ပေပေရေရေတွေချည်းဖြစ်သည် အအော်ခံရသူများအထူးအရှက်ရကြလေသည် မသိရင် သူ့ကိုပဲစော်ကားခဲ့သလိုလို သူနဲ့ပဲအိပ်ခဲ့သလိုလို သူ့ကိုမြင်ရင် ငါးယောက်တစ်ယောက်ယှဉ်ထိုးရဲသည်ဆိုသည့်ရပ်ကွက်ထဲက လူမိုက်ကြီးတစ်ယောက်ပင် အိမ်ထဲအမြန်ပြေးဝင်ပုန်းရသည်ဆို၏ ။ သူ့ခမျာအသားအနာခံရဲသော်လည်း နားအပူမခံနိုင်၍ဖြစ်သည်။
သူမကိုတဏှာရူး ၊ လင်တရူးဟုတရပ်ကွက်လုံးက သတ်မှတ်လိုက်ကြသည်။
....................

ကျနော်သည်အရူးများအကြောင်းလျှောက်တွေးနေရင်းမှတခါတခါကိုယ်ကိုတိုင်လည်းရူးမှန်းမသိ ရူးနေသည်ကိုတွေ့လာရသည် ။ ကြိုးစားရင်း ရုန်းကန်ရင်းဖြင့် အခန့်မသင့်အော်တိုမက်တစ်“ငတ်”လေသောအခါ သူငယ်ချင်းတွေဆီ ရူးသလိုလို ပေါသလိုလိုဖြင့်ရောက်သွားတတ်သည်။ ဘာရယ်မဟုတ် အသံတိတ်အကူအညီတောင်းခြင်းဖြစ်သည်။
ထိုသို့သောအခါမျိုးတွင်ကျနော်သည် “သူတော်ကောင်း”ဟုကိုယ့်ကိုကိုယ်နာမည်ပေးထားသည့်အရူးတစ်ယောက်ဖြစ်မှန်းမသိဖြစ်၍နေလေသည်။
ဟိုကရူးနေလို့ ၊အလုပ် လုပ်ဖို့မဖြစ်နိုင်လို့ သူတပါးအကူအညီကိုလိုတာ ။
ဒီကဖြင့်အကောင်းကြီး အလုပ်လည်းလုပ်နေရက်ကြီး သူတပါးအကူအညီကိုလိုတာ၊ သာ၍ပင်ရှက်ဖွယ်ကောင်းတော့သည်။

တခါကမပြောပလောက်သည့်ကျနော့ပိုက်ဆံသည်ပျောက်ခြင်းမလှပျောက်သွားသည် ။ ဘယ်လိုရှာရှာ ပြန်မတွေ့ ထိုအခါတွင် တခန်းတည်းနေသူငယ်ချင်းများအားယုန်ထင်ကြောင်ထင်ဖြစ်မိတော့သည် ။
ပါးစပ်ကထုတ်မပြောသော်လည်းစိတ်ထဲတွင်တော့ သူတို့ပဲဖြစ်မှာဟုပစ်မှားမိသည် ပြန်စဉ်းစားရင် ထိုစဉ်က ကျနော်သည် “ဒေါ်ပွင့်”ဆိုသူ ဥစ္စာရူးမကြီးဖြစ်မှန်းမသိ ဖြစ်၍နေပေသည်။

မဖြစ်နိုင်တော့မှန်းသိသော်လည်း တားဆီးမရသည့်ဝါသနာကြောင့် ကျနော်သည်တခါခါညဥ့်နက်သန်းခေါင် လူတွေအိပ်နေမှန်းမသိ ဂစ်တာတစ်လက်နှင့်သီချင်းတွေတစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆိုနေတတ်သည် ကျနော့်ကြောင့်ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်မည်ကိုထည့်မစဉ်းစား ဆိုရရင် ကျနော်သည် “ဦးခွေး”ဆိုသူအကရူး အဆိုရူးနှင့်အတူတူပင်ဖြစ်တော့သည်။ ခြားနားတာက ဦးခွေးက ပရိတ်သတ်ရှိသေးသည် ကျနော့်မှာ ဘာမှမရှိ။

တခါက ကျနော်နှင့်လုံးဝမတည့်သည့်အကောင်တစ်ကောင်နှင့် ကျနော့်ချစ်သူကောင်မလေးတို့ စားသောက်ဆိုင်တစ်ခုတွင်အတူထိုင်နေကြသည်ကိုမြင်ရသောအခါ ဒေါသသည်ချုပ်တီးမနိုင်တော့ဘဲ လူတွေအများကြီးရှိသည့်ဆိုင်ထဲသို့တန်းတန်းမတ်မတ်ကြီးဝင်သွားကာ ထိုသူအားပြဿနာရှာလေသည် ကောင်မလေးကအမျိုးမျိုးပြောဆိုရှင်းပြသော်လည်းလုံးဝလက်မခံ ထိုကောင်အားမိုက်မိုက်ရိုင်းရိုင်းပြောဆိုမိသည် ပတ်ဝန်းကျင်တခုလုံး၏မျက်လုံးအစုံကိုပင်ရှက်မနေနိုင်တော့....
ထိုသို့သောအခါမျိုးတွင် ကျနော်သည် “ဟို အရူးမ”ဟုရပ်ကွက်ကခေါ်သည့် ညစ်တီးညစ်ပတ်အရူးမနှင့် ဘာမှခြားတော့မည်မဟုတ်။
ချစ်ဆိပ်သည် ငယ်ထိပ်တက်လေသည်။
.........................
ကိုယ့်ကိုကိုယ်ရူးမှန်းတဖြေးဖြေးနှင့်ရှာဖွေသိရှိလာရသောအခါ ကိုယ့်ထက်ပိုရူးသူကို၎င်း၊ ကိုယ့်အောက်လျှော့ရူးသူကို၎င်း တော်တော်များများတွေ့လာရသည်။ သူတို့သည် ဆရာဝန်လည်းဖြစ်ချင်ဖြစ်မည် ကျောင်းသား ကျောင်းသူလည်းဖြစ်ချင်ဖြစ်မည် သူဋ္ဌေးကြီးလည်းဖြစ်ချင်ဖြစ်မည် ခေါင်းရွက်ဗျတ်ထိုးဈေးသည်လည်းဖြစ်ချင်ဖြစ်လိမ့်မည် ။
ဘဝအခြေအနေတွေဘယ်လိုပဲခြားခြား တူညီတာကတော့ အားလုံးကိုယ့်နည်းကိုယ့်ဟန်နှင့်ရူးနေကြတာပဲဖြစ်သည်။

သူတို့ကံကောင်းတာက အရူးနာမည်အတပ်မခံကြရခြင်းဖြစ်သည်။နေရာတော်တော်များများရောက်ဖူးလေ အရူးတော်တော်များများကိုတွေ့ဖူးလာလေဖြစ်သည် ။ နောက်ဆုံး တွေ့ဖူးသမျှ မှတ်မိသမျှ အရူးနှင့်မရူးသူများအရေအတွက်ကိုနိုင်းယှဉ်လိုက်မိသောအခါ ကျနော့်မြို့ငယ်လေးသည် အရူးများသာ၍ပေါနေကြောင်းအံ့သြဘွယ်ရာတွေ့လိုက်ရလေသည်။

တခုတော့ကြံဖန်ပြီးဝမ်းသာလိုက်ပါဦးမည် ပတ်ဝန်းကျင်ကိုအလွန်ဒုက္ခပေးသော လူမျိုးကိုလည်းဒုက္ခပေးသော တိုင်းပြည်ကိုလည်းဒုက္ခပေးသော နောက်ဆုံး ကမ္ဘာကိုပင်ဒုက္ခပေးနိုင်သောနောက်အရူးတစ်မျိုး ကျနော်တို့မြို့ငယ်လေးတွင် မတွေ့ရသေး၍ဖြစ်သည်။
(ကျနော်မတွေ့သေးတာပဲဖြစ်မှာပါ)
ထိုအရူးကားအခြားမဟုတ် “အာဏာရူး”ရူးသည့်အရူးပင်ဖြစ်တော့သည်။ ။

20 comments:

kaungkinpyar said...

၁ ပါလုံးလေး မလာခင်

kaungkinpyar said...

ရေးသမျှထဲမှာ ခုချိန်ထိဆို ဒီပို့စ် အကြိုက်ဆုံးပဲ:)၊ အာလုံးရူးနေကြတာပါလေ၊ တယောက်တမျိုးပေါ့၊

Anonymous said...

နှစ် ကွ နှစ် ပြီးမှ စာဖတ်မယ် ၂အရင်ယူလိုက်တာ။ အပြင်ထွက်လိုက်လို့ကွာ မဟုတ်ရင် တစ်ပဲ။ ဟွန့်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ငှက်ကလေး said...

ဟဟ ကောင်းတယ် ဗျိုးးး ကိုသားကြီးးး ဗရာဗို

မယ့်ကိုး said...

သားကြီး စာလေးတွေက ရှင်းရှင်းလေးတွေနဲ့  ထိမိတယ်။အားပေးနေပါတယ်။

Anonymous said...

ကိုသားကြီးမလို့ ဒီလိုလေးစဉ်းစားတတ်တယ်။ လေးစားမိပါတယ်။ တကယ်ကိုကောင်းတဲ့ ပို့စ်လေးပါ။ ပါးလုံးလည်း အဲ့ဒီနောက်ဆုံး အရူးကို မတွေ့ဖူးသေးဘူး။ အခုတော့ မျက်ရည်ပေါက်ပေါက်ကျအောင် ထိုင်ဖတ်ပြီး ပြန်ပြီနော်။ ပျော်ရွှင်ပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

နှင်းနဲ့မာယာ said...

ကိုသားကြီးရေ
လူတိုင်းလူတိုင်းဟာ တနည်းနည်းနဲ့တော့ ရူးကြတာပဲနော်....
သေချာပါတယ်....
ပျော်ရွှင်ပါစေနော်...

မေလေး said...

ကောင်းလိုက်တာ ကိုသားကြိးရာ။ တကယ်ကိုလေးစားပါတယ်။
ကိုသားကြိးက တော်သေးတယ်။ပေါ်တင်အရူးအပြောမခံရသေးဘူး။
မေလေးကိုတော့ အရင်တုန်းက သက်ဆိုင်မိသူက မတည့်တော့တဲ့
အချိန်မှာ လင်တရူးတဲ့။အဟက်...
ကိုယ်ဘာသာပြန်စဥ်းစားရအုန်းမယ်။ငါဘာအမျိုးအစားအရူးလဲလို့။
အမြဲတမ်းခင်နေမဲ့
မေလေး

မေဇင် said...

ကိုသားကြီး....တော်လိုက်တာ...ဟုတ်တယ်နော်..လူတွေက တစ်မျိုးစီ ရူးနေကြတာပဲ...။ ဒီတပုဒ်ကို တော်တော်ကြိုက်တယ်..။ ကိုယ့်ဘာသာတော့ ဘာအရူးလဲ မသိသေးဘူး...သူများတွေကတော့ သိရင်သိမှာပေါ့..လောလောဆယ်တော့ ဘလော့ရူး နေတယ်..။း)

တလနွန် said...

ကိုသားကြီး အရူးတကာ့အရူးထဲမှာ ငါ့လှေငါထိုး ပဲခူးရောက်ရောက် အရူးတွေက အဆိုးဆုံးပဲမဟုတ်လား။ အခြားအရူးတွေက သူတို့နှင့်နှိုင်းယှဉ်ရင် အပြစ်ကင်းစင်ပါသေးတယ်။ ရူးတယ် ရူးတယ် နှင့် သူတို့ ကြောင့် လူတွေ ဒုက္ခရောက်ပေါင်းလည်း မနည်းတော့ဘူးးးးး
ဒီပိုစ့်လေးကို အရမ်းသဘောကျတယ်။

ခင်မင်ခြင်းနှင့်
တလနွန်

ရွက်လွင့်ခြင်း said...

ကိုသားကြီးရေ
ကိုသားကြီး မတွေ့ ဘူးသေးတဲ့ နောက်ဆုံးက အရှုးမျိုး တွေချင်ရင်....
xxxxx ကိုသာနေ့ တိုင်ဖတ်ကြည့်ပါ
တွေ့ လိမ့်မယ်

မီးမီးချစ် said...

အာဏာရူး တော့ မသိဘူး .. ကုလားထိုင် ရူးတွေ တော့ ရှိတယ်..
မယုံ ရင် ဘစ် ကားပေါ်မှာ ရှာကြည့်..း))
ရေးတာတွေ ပိုပို ကောင်းလာတယ်... မဂ္ဂဇင်း တွေပို့  ကြည့်ပါလား..
အမြဲ အားပေးလျှက်

Angel Shaper said...

ဝေး.. ကိုသားကြီးရေ... ကောင်းလိုက်တဲ့ ပိုစ့်လေး။
ကိုယ်တွေလဲ အဲလိုပဲ ခေါင်းစဉ်တွေအများကြီးအောက်မှာ ရူးသွပ်နေသူတွေပါပဲဟာ.... အဓိက က ကိုယ့်အရူးထမှု ကြောင့် လူ၊သတ္တ၀ါ၊တွေနဲ့ ကမ္ဘာကြီးကို ဒုက္ခမပေးမိဖို့ ပါပဲဟာ....
အရမ်းကောင်းတယ်.
စိတ်ကူးဆန်းလေးတွေအတွက် ပိုပြီး လေးစားခင်မင်မိပါတယ်။

rose of sharon said...

တကယ်ကောင်းတဲ့post လေးဘဲ အကုန်ဖတ်သွားတယ်

kiki said...

အတွေးကောင်းကောင်းနဲ့ ရေးထားတဲ့  အရူးအကြောင်းလေးများ ..
ကောင်းမှကောင်း
အရူး တကာ့ အရူး ထဲမှာ
အာဏာရူး က အဆိုးဆုံး ။
ဒို့ ရွာပြည် လေး ထဲ ဒီ အာဏာရူးတွေ ပပျောက်ပါစေ ..

လပြည့်ရိပ် said...

အရူးမြို့တော်ထဲမှ ဗဟုသုတတွေးစရာကောင်းလေးတွေရသွားတယ်။ ကျေးဇူးပဲနှော်။

မေသစ္စာမောင် said...

အင်း....အရူးလို့ အခေါ်ခံရတဲ့ စိတ်ဝေဒနာရှင်တွေတောင် အပြင်လောကမှာ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေကြတဲ့ လူတွေလောက်မဆိုးပါဘူး။

ကိုယ့်ကိုယ်ကိုလဲ သတိထားမိလိုက်တယ်။
အရူးပါပဲလို့...:D

Anonymous said...

ရူးခြင်း အမျိုးမျိုးတွေထဲမှာ အာဏာရူးကတော့ ကြောက်စိတ်ကို အခြေခံတဲ့ အတွက် ကြောက်စရာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုရပေလိမ့်မယ်ဗျာ။ ရူးနည်းလေးတွေ စိတ်ဝင်စားစရာ ကောင်းလှတယ်။ ကျနော်လဲ ဘာမှန်းမသိဘဲ ရူးသွားပြီ..။ :P

khin oo may said...

ကိုယ်လဲရူးနေတာပါဘဲ။ ဘယ်လိုရူးနေသလဲဆိုတာ ကိုတော့ မရှင်းပြလိုတော့ပါဘူး။

linn said...

ကိုသားကြီးရေ..
ဒီပို့စ်လဲ ကောင်းတာပဲ .. အရင်တစ်ခေါက် အကုန်ဖတ်ပြီးပြီ မှတ်နေတာ ခေါင်းစဉ်ရွေးဖတ်သွားတာဆိုတော့ ကျန်နေသေးတာပဲ..ဒီတစ်ခေါက် မှတ်စု ခေါင်းစဉ်အောက်မှာ မဖတ်ရသေးတာတွေ ကျန်သေးလို့ အကုန်ဖတ်သွားတယ် ..

 
©2009 ♬သားကြီး♪ | by TNB