လူဇိုး လူဇိုး လူဇိုး


သူကြည့်ဖူးသောရုပ်ရှင်တစ်ခုတွင် ဇာတ်လိုက်မင်းသားသည် အသည်းလည်းကွဲရော အရက်တွေသောက်၊ ကားကိုတရကြမ်းမောင်းပြီး အက်ဆီးဒင့်ဖြစ်ကာ ရှောလေသည်။ သူဖတ်ဖူးသည့်သတင်းတစ်ခုတွင် လူတစ်ယောက်သည် အသည်းလည်းကွဲရော အမြင့်ဆုံးတိုက်ပေါ်ကနေခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတော့သည်။ သူ့အသိတစ်ယောက်သည် အသည်းလည်းကွဲရော သေနတ်မှန်လည်းမှန်ပလေ့စေတော့ မိုင်းနင်းမိလည်း နင်းပလေ့စေတော့ဟုသဘောပိုက်ကာ စစ်ထဲသို့ဝင်သွားလေသည်။
(ရာထူးကြီးလည်းကြီးပလေ့စေတော့ဟု သဘောပိုက် မပိုက်သူမသိပါချေ)
ဒီတစ်ခါသူ့အသည်းကွဲလှည့်ဖြစ်သည်။
……………………….

“နောက်တစ်ခါကိုနဲ့ဒီလိုထပ်ချိန်းတွေ့ရင်လေ ကြိုးတစ်ချောင်းယူလာမယ် သိလား ကို့လက်တွေကိုနောက်ပြန်ကြိုးတုပ်ထားချင်လို့”
မျက်စောင်းလေးဝင့်ကာ ပြောလာသည့်ချစ်သူကောင်မလေး၏စကားကြောင့် သူရယ်ချင်သွားသည်။
သို့သော်…. ရယ်ချင်ရက်လည်းလက်တို့သူမရှိသဖြင့် ရယ်ချင်စိတ်ကို စိတ်မှာပဲဆက်သိမ်းထားလိုက်သည်။
“ကိုယ့်ကိုကိုယ် ဖင်ပြန် ခေါင်းပြန်ကြည့်ပြီးပါပြီပွင့်ရယ် ကိုလူစစ်စစ်ပါပဲ အဲ…လက်နှစ်ဖက်က မျောက်ဖြစ်နေတာတော့ကိုလည်းမတတ်နိုင်ဘူး ဆိတ်ပါးစပ်ထပ်မပါတာကိုပဲ ကြံဖန်ပြီးဝမ်းသာရတော့မယ် ကို့ကို မငြူစူပါနဲ့လားပွင့်ရယ် ဇော်ပိုင်တောင်မှသီချင်းထဲထည့်ဆိုထားသေးတယ်လေ..မင်းနဲ့မှမျောက်ဖြစ်ပြီကွယ်.. ဆိုပြီးတော့”
“ကိုကလည်း မင်းနဲ့မှချစ်တတ်ပြီပါ သူ့ကျမှပဲ”

အလှဆုံးမျက်စောင်းလေးတစ်ခု သူထပ်ရပြန်သည်၊ ထိုမျက်စောင်းလေးကိုသူအလွန်ချစ်လေသည်။
“ကိုစဉ်းစားမိတယ်ပွင့်ရဲ့ ဒါဟာစူးစမ်းတတ်တဲ့ လူတွေရဲ့သဘာဝကြောင့်ပဲဖြစ်မယ် ကိုတို့နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံခြင်း လုံးဝမတူတဲ့ မ ဆိုတာကိုစိတ်ဝင်စားကြတာလေ ဥပမာကွာ ကိုယ့်မှာမရှိတာတွေ ပွင့်မှာရှိတော့အံ့သြမိတယ် အံ့သြတဲ့အလျှောက်အဲဒါတွေကိုမြင်ချင်တယ် တွေ့ချင်တယ် နောက်ပြီး..အဟီး...ထိကြည့်ချင်တယ်”
သူ့စကားကြောင့်သူ့ချစ်သူကောင်မလေးသည် ပါးစပ်မှအော်လျှက်သူ့ကျောပြင်ကို တဘုန်းဘုန်းထုလေသည်။
“…လူဇိုး…လူဇိုး...လူဇိုး...”

“ကိုတို့အခေါ်အဝေါ်ပြောင်းကြရအောင်ပွင့်ရယ် ဘာဖြစ်တာလဲမသိဘူး ကို“ပွင့်”လို့ခေါ်တဲ့အသံကြားရင် ကိုယ့်သူငယ်ချင်းတွေက ဝိုင်းဝိုင်းပြီးရယ်ကြတယ် အရင်ကဒီလိုမဟုတ်ဘူး ခုမှဒီကောင်တွေဘာစိတ်ကူးနဲ့ရယ်နေကြလဲမသိဘူး”
သူ့ချစ်သူကောင်မလေးနာမည်အပြည့်အစုံမှာ“ပွင့်ဖြူသင်း”ဖြစ်သည် သူကချစ်စနိုးဖြင့် အဖျားဆွတ်ပြီး“ပွင့်”ဟုခေါ်သည်။ သူနဲ့ရင်းနှီးစကရော ချစ်သူဘဝရောက်သွားချိန်ထိ ပွင့် ဟုသူတစ်လုံးတည်းခေါ်တာ သူ့သူငယ်ချင်းတွေအသိပင် သူမှတ်မိသလောက် သူတို့ချိန်းတွေ့တဲ့ရက်တွေများလာပြီးသည့်နောက်ပိုင်း ထို“ပွင့်”ဆိုသောစကားကို သူ့သူငယ်ချင်းတွေကရယ်လာကြခြင်းဖြစ်သည်။ ထို့ကြောင့်သူကောင်မလေးနာမည်ကို အဖျားဆွတ်မခေါ်ချင်တော့ အရင်းဆွတ်ပြီးတော့ပဲခေါ်ရန်ဆုံးဖြတ်လိုက်သည်။

“ဖြူသင်း”လို့ခေါ်ပြန်ရင်လည်း မလှလောက်ဘူးဟုသူထင်သည် အခန့်မသင့်လို့ခေါ်တဲ့အချိန်လျှာခလုတ်တိုက်မိရင် ဘေးလူများနားကြားလွဲနိုင်သည်။
ဥပမာ ဖြူသင်းကို “ခရုသင်း”ဟုလွဲကြားသလိုမျိုးပေါ့။ ခရုသင်းပြီးရင် သမင်ဖြူပါမလာနိုင်ဘူးလို့တော့ဘယ်သူမှအာမ မခံနိုင်ပေ။
“ခုကစပြီး“ဖြူ”လို့တစ်လုံးတည်းခေါ်မယ်လေ ဟုတ်ပြီလား ဒီကောင်တွေကလည်း ဘာစိတ်ကူးနဲ့လည်းမသိပါဘူးကွာ ကိုယ့်ချစ်သူကို ကိုပွင့်လို့ခေါ်တာရယ်စရာလား”
ထို့နောက်ချစ်သူတို့နှစ်ယောက်သားတိတ်ဆိတ်သွားကြပြန်သည်။ ခဏကြာသော် ကောင်မလေးက စောစောကသူ့စကားကိုဘယ်လိုအဓိပ္ပါယ်ကောက်ပြီးတွေးလိုက်လေသည်မသိ ပါးစပ်မှအော်လျှက်သူ့ကျောပြင်ကို တဘုန်းဘုန်းထပ်ထုပြန်လေသည်။
“…လူဇိုး…လူဇိုး...လူဇိုး...”

“တစ်ကယ်လို့အိမ်ကသဘောမတူရင် “ဖြူ့”ကို ကိုခိုးပြေးမယ်နော် လိုက်ရဲတယ်မဟုတ်လား”
“လိုက်ရဲတာမှဟိုဖက်ကမ်းတောင်လွန်သေး ပွင့်... အဲလေ.. ဖြူလေ ကို့ကိုမခွဲနိုင်ဘူး အရမ်းချစ်တယ်”
သူ့အတွက်ချစ်သူက အရာရာကိုစွန့်လွှတ်ရဲသည်ဆိုသဖြင့်သူအလွန်ဝမ်းသာသွားမိသည် ကောင်မလေးကိုသူ့ရင်ခွင်ထဲတရကြမ်းဆွဲယူကာပွေ့ထားလိုက်သည် ။
ပါးဖောင်းဖောင်းလမင်းကြီးသည်ကမ္ဘာမြေပေါ်ကချစ်သူနှစ်ယောက်ကိုတွေ့လေသော် တရုတ်ကြီးတစ်ယောက်၏လေသံမျိုးဖြင့် “ဝမီကြည့်ရဲဘူး ရှက်လယ်”ဟုအော်ကာ တွေ့ကရာတိမ်မည်းမည်းတစ်ခုတည်းသို့ခြေစုံပစ်ဝင်ကာကိုယ်ယောင်ဖျောက်သွားတော့သည်။
ထို့ကြောင့်သူတို့ညသည် မှောင်သထက်မှောင်လာခဲ့သည်။ တစုံတစ်ယောက်၏လက်ဖြင့်ကြဲချထားသလို ဟိုမှသည်မှကြယ်စင်တို့သည်လည်း လက်သထက် လက်လာနေခဲ့သည်။
……………

နောက်ပိုင်းတွင်သူ့ကောင်မလေးသည် တစ်ကယ်ပဲခိုးရာလိုက်ပြေးခဲ့သည် သို့သော် သူ့နောက်ကိုလိုက်ပြေးခြင်းမဟုတ် အခြားတစ်ယောက်နောက်ကိုလိုက်ပြေးသွားခြင်းသာဖြစ်သည်
ဆိုရရင်…. သူသည် အသည်းဗြန်းဗြန်းကွဲလေသည်။
“သြော်..ငါဒီဘဝဖြူနဲ့မပေါင်းရတော့ပါလား သြော်..ငါဒီဘဝအခြားနောက်တစ်ယောက်နဲ့ ပေါင်းရတော့မှာပါလား...
သြော်… ဖြူ့နှုတ်ခမ်းလှလှလေးတွေကိုငါမနမ်းရတော့ပါလား...သြော်...အခြားနှုတ်ခမ်းလှလှလေးတွေကို ငါနမ်းရတော့မှာပါလား ကောင်မလေးရေ ချစ်ခွင့်ရခဲ့တဲ့နေ့တွေညတွေအတွက်ကျေးဇူးပါကွယ် မင်းမရှိဘဲနဲ့တော့နေရတာ ကြောင်စီစီကြီးပါ သေတာပဲကောင်းပါတယ်”
သူသည် သတ်သေရန်ဆုံးဖြတ်လိုက်လေသည်။

ထို့နောက်သူ့တူလေးတစ်ယောက်၏သေနတ်ကိုအိမ်သားများမရှိခိုက်တိတ်တဆိတ်ယူလာခဲ့သည်။ ဆုံးဖြတ်ချက်တစ်ရပ်ကိုခိုင်ခိုင်မာမာချထားခဲ့ပြီဖြစ်သည် ဖြစ်လေရာဘဝတွင်ယခုကဲ့သို့ကျန်နေရစ်ရခြင်းအဖြစ်မှဝေးရပါရန်ဘုရားတွင်သူနောက်ဆုံးဆုတောင်းသည် အိမ်အတွက်နောက်ဆုံးနှုတ်ဆက်စာတစ်စောင်ရေးခဲ့ရန်လည်းသူစိတ်ကူးမိသည် ရုတ်တရက်ဘာရေးရမယ်မှန်းမသိ “သားမိုက်ကိုခွင့်လွတ်ပါ သားချစ်သူခေါ်ရာနောက်လိုက်ပြေးသွားပါပြီ”လို့တော့ရေးလို့မဖြစ်ချေ ထိုစာမျိုးကားလင်နောက်လိုက်ပြေးသူမိန်းကလေးတော်တော်များများရေးလေ့ရှိသည့်စာသာဖြစ်သည်။ နောက်ဆုံးဘာရေးရမယ်မှန်းမသိသဖြင့်ဘာမှလည်းမရေးဖြစ်ခဲ့တော့။
“အားလုံးကိုနှုတ်ဆက်ခဲ့တယ် ဘဝတစ်ခုမှာငါတို့တွေပြန်ဆုံတွေ့ကြမယ်” သူ့နှုတ်မှထိုသို့ရေရွတ်ပြီးနောက် ယူလာခဲ့သည့်သေနတ်ကိုသူ့နားထင်တွင်တေ့၊မျက်လုံးကိုမှိတ်၊ မောင်းကိုဆွဲပြီးပစ်ချလိုက်လေသည်။

ဖွားကနဲလွှင့်စင်ကုန်သည့်အရာများသည် ယမ်းလည်းမဟုတ် သွေးလည်းမဟုတ်ဘဲ ရေတွေသာဖြစ်နေသည်ကိုသူတွေ့လိုက်ရသည်
“သြော်…မေ့နေလိုက်တာ ငါ့တူလေးသေနတ်ကသင်္ကြန်မှာဆော့တဲ့ရေသေနတ်ကြီးကိုးဟ သေနတ်တိုင်းလည်းလူဘယ်သေပါ့မလဲလေ”
တူလေးသေနတ်ကလူမသေသဖြင့် တူကြီးသေနတ်ကိုလည်း သူယူမနေတော့ပေ တူကြီးရဲ့သေနတ်ကား တဖုန်းဖုန်းတဒိုင်းဒိုင်းနှင့်အသံအလွန်ကျယ်သည့် ကျိုက်ထီးရိုးသေနတ်ဖြစ်နေ၍ဖြစ်သည်။
“အပျိုကြီးတွေကိုပစ်မယ်”ဟူသည့်စာတန်းလည်းသေနတ်တွင်ပါရှိနေသည်ဖြစ်ရာ အပျိုကြီးမဟုတ်သည့်သူ့ကိုပစ်စရာအကြောင်းမရှိတော့ပေ။


ထို့နောက်သူ့အဖိုးအရွယ်ကောင်းစဉ်ကတောလိုက်ရာတွင်လက်စွဲတော်အဖြစ်သုံးခဲ့သည့် ပြောင်းရှည်အမဲလိုက် လုပ်သေနတ်ကိုမချလာသည် မြင်ဖူးနေကျအဖိုးလုပ်သလိုယမ်းတွေ ခဲတွေကိုသေသေချာချာထောင်းထည့်သည် အားလုံးပြီးသော် နားထင်ကိုချိန်ကြည့်ရာ ပြောင်းကမဟားတရားရှည်သဖြင့်အဆင်မပြေပေ နဖူးကိုလည်းချိန်မရပြန် သူ့လက်တိုလွန်း၍မဟုတ် သေနတ်ကပြောင်းဝကနေ ဖင်အထိကိုအလွန်ရှည်လွန်းနေ၍သာဖြစ်သည် သူ့အဖိုးသည် အရပ်ရှည်သလို လျှာလည်းရှည်သည် လက်စွဲတော်အမဲလိုက်သေနတ်ကိုတောင်သူ့လိုရှည်ရှည်ကြီးလုပ်ထားတာသာကြည့်တော့ သူ့အဖိုးတွင်မရှည်တာဆိုလို့တစ်ခုသာရှိသည် ထိုအရာကား“စိတ်”ပင်ဖြစ်တော့သည်။

ကိုယ့်ဘာသာကိုအဆင်မပြေသဖြင့် “ငါသတ်သေမလို့ပါဟ လက်နဲ့မမှီလို့ မောင်းတစ်ချက်လာဖြုတ်ပေး”ဆိုပြီးအခြားလူကိုအကူအညီတောင်း၍လည်းရမည်မဟုတ်၊ ထို့ကြောင့်သေနတ်ဖြင့်သတ်သေရန်ကိုသူလက်လျှော့လိုက်လေသည်။

ကြိုးဆွဲချသေရင်ရော ? ဒါလည်းမကောင်းနိုင်ပါပေ မျက်လုံးကြီးပြူး လျှာကြီးထွက်ပြီး မသာအလှပျက်မည့်ကိစ္စ၊ သူသည်သေတာတောင်အလှပျက်မှာကြောက်သူဖြစ်သည် မသေခင်ကလည်းမလှ၍ဖြစ်သည်။ ရေထဲခုန်ချရင်ရော? ဒါလည်းမကောင်းနိုင်ဟုသူယူဆသည်သူတို့ဆီက မြစ်တွေ ချောင်းတွေ အင်းအိုင်တွေကရေတွေသည် ကိုယ်မမြင်နိုင်သည့် ဘက်တီးရီးယားတွေ အမှိုက်တွေ စွန့်ပစ်ပစ္စည်းတွေ ဖိနပ်အစုတ်တွေအရည်ပျော်ရောသမမွှေထားသည့်ရေဖြစ်နိုင်သည် ထိုညစ်တီးညစ်ပတ်အရည်များကိုယ်ခန္ဓာထဲဝင်ပြီးမွှန်းကြပ်ကာသေဆုံးရမည့်အရေးသည် ရွှံစရာကြီးဖြစ်သည်။


တိုက်ပေါ်ကခုန်ချသတ်သေရင်ရော? ဒါလည်းမဖြစ်ပြန် သူသည်အမြင့်ကြောက်သူဖြစ်သည်၊ ခုန်မချရသေးခင်မူးလဲနေမှဖြင့်ဒုက္ခ သူသည်မတော်တဆsupermanလိုပျံသန်းနိုင်သည့်ပါဝါမျိုးရှိခဲ့ရင်တောင်အမြင့်ကိုတော့ပျံလိမ့်မည်မဟုတ်
နှစ်ထပ်တိုက်ခေါင်မိုးကျော်ရုံသာပျံမည့်သူဖြစ်သည် ထို့ထက်နိမ့်ချင်လည်းနိမ့်လိမ့်ဦးမည်ဖြစ်သည်။ဓါတ်တိုင်တွေ၊သစ်ပင်တွေငြိလည်းငြိပလေ့စေတော့ နောက်မှကြည့်ရှင်းမည်။ အမြင့်ကိုတော့သူအလွန်ကြောက်လေသည် ။ အမြင့်ကိုပဲကြောက်ပြီး“ဒေါ်မြင့်”ကိုတော့မကြောက်ဘူးလားဟုမေးလာရင် ဒေါ်မြင့်ကိုလည်းသူကြောက်ပါသည် ။ဒေါ်မြင့်ဆိုတာစိန်ဗေဒါ၏ညီမ မဟုတ်သော်လည်းလက်သံတော့အလွန်ပြောင်သည့်သူတို့ကျောင်းက ဆရာမ အပျိုကြီးဖြစ်သည်။

မတော်တဆsupermanများဖြစ်သွားရင် သူ့တွင်လုပ်ရန်စိတ်ကူးနှစ်ခုရှိသည် ။ပထမတစ်ခုမှာ မြန်မာပြည်ကိုဒုက္ခအပေးဆုံးလူတစ်ယောက်ကိုရှာပြီး လက်ပြန်ကြိုးတုပ်ကာ ငမန်းပေါသောပင်လယ်ထဲပစ်ချရန်ဖြစ်သည်။ ဒုတိယစိတ်ကူးမှာ အနောက်နိုင်ငံသို့ပျံ သန်းသွားပြီး
miley cyrusအားခိုးယူကာလူသူအရောက်အပေါက်မရှိသောကျွန်းတစ်ကျွန်းသို့ဆောင်ကျဉ်းသွားပြီးနှစ်ယောက်
သားအသက်ထက်ဆုံးအတူနေထိုင်သွားရန်ဖြစ်သည် ။ “သမီးမိုက်ကိုခွင့်လွှတ်ပါ”ဆိုပြီးMileyသည်အဖေဖြစ်သူ Billy ray cyrus ဆီနောက်ဆုံးနှုတ်ဆက်စာရေး မရေးတော့သူမသိနိုင်ပေ mileyရဲ့ရည်းစားJustin gastonကိုတော့ အဆိုတော်မျိုးကြော့မြိုင်၏အကူအညီဖြင့် ကမ္ဘာကြီးအပြင်ဘက်ထုတ်ထားရမည်ဖြစ်သည်။ စဉ်းစားရုံနှင့်ပင်အလွန်အရသာရှိသည့်ကိစ္စဖြစ်သည်။ သူပျင်းရင် miley cyrusကိုသီချင်းဆိုခိုင်းမည် mileyပျင်းရင် သူကတစ်ပြန်မျောက်အကဖြင့်ကပြဖျော်ဖြေမည်ဖြစ်သည်။ ကမ္ဘာဦးလူသားအာဒမ်နှင့်ဧဝသည် အင်္ကျီဝတ် မဝတ်သူ့အနေနဲ့မသေချာသော်လည်း သူနှင့်mileyကတော့ သေချာပေါက်ကို အင်္ကျီဝတ်ရဦးမည်ဖြစ်သည်။

အဆိပ်သောက်သတ်သေရင်ရော? ဒါလည်း….ဒါလည်း မဖြစ်သေးပါပေ သူသည်ငယ်ငယ်ကတည်းကပင်“ဖင်ကိုဆေးထိုးအပ်နဲ့ကြိုက်သလောက်ထိုး စားဆေးတော့လာမကျွေးနဲ့”ဟု ဒေါက်တာဖြစ်သူကိုစိတ်ဆိုးမာန်ဆိုးအော်ဟစ်ဖူးသူဖြစ်သည်။ သူ့အတွက်အဆင်ပြေနိုင်မယ့်နည်းလမ်းကိုဘယ်လိုမှရှာမရပါလေခဲ့ ၊ နောက်ဆုံးတော့လည်းဘယ်လိုမှကြံမရတော့သည့်အဆုံး သူ့ဘဝအတွက်အကောင်းဆုံးသောဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချကာ ပြတ်ပြတ်သားသားလည်းလုပ်ဆောင်ခဲ့လေတော့သည်။

“ရည်းစားအသစ်ထပ်ရှာပြီး ချစ်ပစ်လိုက်ခြင်းပင်ဖြစ်သည်။ သတ်သေရန်မလိုအပ်တော့ သူဆာလောင်မွတ်သိပ်ခဲ့ဖူးသည့်အနမ်းတစ်ချို့ကို အစားပြန်ရခဲ့သည်။
ခုကောင်မလေးကို သူကချစ်စနိုးဖြင့်“ပွင့်”ဟုမခေါ်ပါ ကောင်မလေးနာမည်မှာလည်းပွင့်ဆိုသောစာလုံးမပါပါ။
ကောင်မလေးကလည်းသူ့ကို“လူဇိုး”လို့မခေါ်ပါ သူ့ကျောပြင်ကိုလည်းလက်သီးဆုပ်လေးဖြင့်မထုပါ။
အရာရာသည်ပြောင်းလဲသွားပြီဖြစ်သည် ။ မပြောင်းလဲတာက သူ့လက်ပဲဖြစ်သည်။ ခုချိန်ထိမျောက်အဖြစ်ကနေတစ်ပြားသားမှမရွေ့သေးပေ။

တခါတခါ သူ့နှုတ်မှမြန်မာသံစဉ်သီချင်းတစ်ပိုင်းတစ်စညဉ်းနေလေ့ရှိသည်ကို သူ့ပတ်ဝန်းကျင်မှလူများကြားရလေ့ရှိသည်ဆို၏။
သီချင်းစာသားမှာအောက်ပါအတိုင်းဖြစ်သည်....။

♬♫♪….အချစ်စာရင်း....ရှုပ်သမျှရယ်.... ဒုက္ခတွေသာ…အသွယ်သွယ်ပါ..မေရယ်.... ♬♪
….ချစ်တဲ့ဝေဒနာကို......သားကြီးမှာ...ခံရလေတော့... ♫♪ဟော်..ဟော်...တယ်...
….မြန်မြန်သာ...သေချင်ပြီကွယ်....ရေထဲကိုခုန်ချရင်လည်း...မွှန်းနစ်မှာပဲ...တစ်ခုတည်းစိုးရိမ်တယ်..... ♬♫♪
♬….သေနတ်နဲ့နားထင်ကိုပစ်ရင်....အိမ်နီးချင်းတွေနိုးမှာ...စိုးလို့ရယ်......♪....ဖိုးသိကြားမင်းရယ်........
...............................................♪ . ♬ မိုးကြိုးသာပစ်လိုက်ပါတော့ကွယ်..♬♪♫
♬♫♪

21 comments:

kaungkinpyar said...

အော် သူလဲ အသည်းကွဲနေပါရောလား၊ ဟဟဟ အကောင်းဆုံး အစီအစဉ်ပါပဲ လူဇိုး လူဇိုး လူဇိုး ရေ

Anonymous said...

အသဲကွဲနေတာလား
အော်သိဖူးရယ်လေ
ပုံကြီးကလဲဘာပုံလဲ
လှဲလိုက်လေ
ကိုကြီးနော် ဟွန့် 
ဟီးစတာချိတ်ချိုးနဲ့

ခင်တဲံ
မြူးလေး

မင်းညို said...

ဝက်မြီး ဆိုတာတော့ ကြားဖူးတယ်..။ မျောက်လက် ကတော့ သားကြီးထွင်တာ ထင်တယ်...။

Chitpalonelay said...

သြော် အသဲကွဲနေတယ်ပေါ့ တို့အကိုသားကြီး အသဲက မာလို့ဖြစ်မယ်ကွဲတာဖြစ်မယ်။ အဟိ မာတော့ ကျရင်ကွဲတယ်လေ။ ပျော့ရင်တော့ ကျလည်းကွဲဝူး။ ဟီး
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

yaewoori said...

လူဇိုး နော် လက်တွေကျိုးတုပ်ထားရမယ်

တနေ့တပုဒ်ထက်ပိုရေးမှာဆိုးလို့
လန်းတယ် ဗျာ idea က

idea man ပဲ(အကြံသမား)
းP ဟီးစတာချိတ်ချိုးနဲ့

Angel Shaper said...

ဝေး....... ကိုလူဇိုး ကိုလူဇိုးကြီး
သည်းကွဲရောဂါ ကုထုံးနည်းက မိုက်ပါ့....
တို့လည်း အဲလိုပဲ ကုတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ... ဟီးးးးးး
အဲလို နည်းကောင်းလေးတွေ မျှဝေပေးတာကျေးဇူးနော်....
ဖတ်လို့ ကောင်းတယ်.. တကယ်။
မျောက်လက်လေးကို စာများများရေးပေးလိုက်... အဟီးးးးးးးးးးး

မယ့်ကိုး said...

သားကြီးစာတွေရဲ့  label နေရာမှာ မှတ်စုဆိုတာ ကနေ ဝတ္ထုတိုဘယ်တော့ ပြောင်းလာမလဲလို့  စောင့်နေပါတယ်။

ရေတမာ said...

"လူဇို....း လူဇို............း လူဇိုး..................


ရေးတတ်လိုက်တာ.... idea တွေလန်းတယ်ဗျို့

နဒီမိုးညို said...

အသည်းကွဲနေတာလား...
မကွဲနဲ့ နော်...
ပြန်ဆက်နည်း..ကို..နဒီ့..ချစ်သူဆီမေးပေးမယ်..
သူက..အချစ်မှာဂရု..ကြီး..ဟီးးးးး

မေဇင် said...

အမလေး....သနားစရာ ကောင်းတဲ့ အသဲကွဲသမား...ဟွန်း...သူ့ရီးစား တခြား တစ်ယောက်နောက် လိုက်သွားတာတေင် နဲသေးတယ်...။

ရီလဲ ရီရပါတယ်...တကယ်ပါပဲ ရေးတတ်တယ်..။း))) သက်သေနည်းတွေ လေ အများကြီးပဲ....ရှိတယ်..။ မပူနဲ့ နောက်တစ်ခါ မေလ်း ပို့ပေးမယ်..။း))

ကြယ်ပြာ said...

ဖတ်ရတာ သဘောကျမိတယ် ... ဟာသပဲ ... သက်သက်သာသာသတ်သေနည်းတွေရှိပါ့ .... အဲ့လောက်အပင်ပန်းခံစရာမလိုပါဘူးကွယ် ... နောက်ဆို အစ်မကို လှမ်းပြောလိုက်နော် .... ပြောပြမယ် ... ဟီး

မီးမီးချစ် said...

ဟားဟား လန်ထွက်နေတယ်..
အဲ့ဒီ့ လက်ကို စူပါဂလူးနဲ့ ကပ်ထားလိုက်..
ကောင်မလေး တွေကို သားကြီးနဲ့ မတွေ့ ခင် သံချပ်ကာ အင်္ကျီဝတ်ခိုင်းထားရမယ်.. ဟက်ဟက်

ဝက်ဝံလေး said...

ဒီမယ် ကိုသားကြီး လူကိုလေ မနက်စောစော စီးစီးရယ်အောင် လုပ်တယ် ဒီမှာ အဒေါ်မသိအောင် ကြိတ်ရီရတာ လျှာကိုကိုက်ထားရတယ် လျှာပြတ်တော့မလား မှတ်ရတယ် ဟွန်းးးးးး
ကိုသားကြီးအဘိုးမရှည်တာဘာရယ် အော်သိပီ စိတ် ဟုတ်လားးးး ဟဟဟ ရယ်လိုက်ရတာ နော် ခိခိ

တော် ပီ နောက်ဒီကို လူကြီးတွေ အိမ်မှာရှိရင် လာတော့ဘူးရယ် မဟုတ်ရင် ရယ်လိုက်လို့ သိသွားရင် ပြသနာတက်မယ် ဒါပဲ ဟွန်းးးးး ပြန်ပီ
ဘိုင်

မေလေး said...

လူဇိုးနော်...
ပြောတော့ အားဘူးဆို။ ဘဝတွေက မလှဘူးဆို။
ခုမှသိတယ် အသဲကွဲနေတာ။အဟက်။
အဲဒီ သတ်သေနည်းတွေက မကောင်းဘူး သိလား။
သိချင်ရင် မေလေးသယ်ရင်းကို မေးပေးမယ်။
ဟိဟိ။နောက်တာနော်။
အမြဲတမ်းခင်နေမဲ့
မေလေး

ခြေလှမ်းသစ် said...

ကိုသားကြီးရေ အရမ်းလန်းတယ်ဗျာ .. ဒီနေ့တနေ့လုံး ညစ်နေတာတွေ ပျောက်ကုန်ပီဗျ....

ရွက်လွင့်ခြင်း said...

ကိုသားကြီးရေ အလုပ်ရှုပ်နေလို့  နဲနဲ နောက်ကျသွားတယ်ဗျာ
အရေးအသားဟာသဆန်ပြီး ပေါ့ပေါ့ပါးပါး ဖတ်ရတာ စိတ်ပေါ့စေပါတယ်

sweetpeony said...

လူဇိုးကြီး ကိုဂျစ်ပစီ ကြွေမောက်
အသည်းကွဲနေတာလားးးးးး
အသည်းပြန်ဆက်သွားတာလားးးးး
း)
လက်ကိုတော့....
လက်ကိုတော့.... တစ်ခုခုလုပ်ခိုင်းထားလိုက်ပါလား.. သိုးမွှေးထိုးတာတို့ ပုတီးစိတ်တာတို့ပြောပါတယ်...
အဟီးးးးးး

တလနွန် said...

လက်ကိုကျိုးနဲ့ တုတ်ထားမယ် ဆိုလို့  တုတ်ထားခဲ့ရင် ဖြစ်မဲ့ပုံလေး မြင်ကြည့်လိုက်တယ် ဟားဟား တော်တော်ရယ်ရတယ်။ အတွေးသစ် အရေးသစ်နှင့် တော်တော်ရယ်ရတယ်ဗျာ။ ကြိုက်တယ်။

ဆက်လက်အားပေးလျက်
တလနွန်

ဝလုံးဝိုင်းဝိုင်း said...

လူဇိုး... လူဇိုး.. အသည်းကွဲ ဖြေနည်း ပို့လေး ကောင်းတယ်ဗျာ.. ရေးဖွဲ့ပုံလေးတွေကို နှစ်သက်မိပါတယ်။ လင့်ထားလိုက်ပြီ. အားတဲ့အခါတိုင်း လာအားပေးနေမယ်.. အဆင်ပြေပါစေ..။ သီချင်းတွေက play full song here ကို နှိပ်ပြီး အပြည့် နားထောင်လို့ ရနိုတယ်။

khin oo may said...

အတော်ကို ဖတ်လို့ကောင်းတယ။်

Anonymous said...

very good

 
©2009 ♬သားကြီး♪ | by TNB