ဆုနဲ့စူး ကျောင်းနဲ့ကြိမ်(တဂ်)

“မင်းတို့ဗမာစကားနဲ့ ချစ်တယ် ကိုဘယ်လိုပြောလဲ”
supervisorက မေးလိုက်တာပါ
“မြန်မာဆိုင်ကကောင်မလေးကိုငါရည်းစားစကားပြောချင်လို့ကွ သင်ပေးဦး”
သြော်…ဒင်းကငါတို့လုပ်အားခကိုလည်းခေါင်းပုံဖြတ်သေး ငါတို့အမျိုးကောင်းသမီးကိုလည်းအမြတ်ထုတ်ချင်နေသေးတယ်ပေါ့ ရတယ် ဒါမျိုးဆိုသိပ်ကူညီပေါ့
ကျနော်လည်း ဗမာလိုရည်းစားစကားပြောတာကိုသင်ပေးလိုက်တယ် ရှည်နေရင်မမှတ်မိမှာစိုးလို့တိုတိုပဲသင်ပေးလိုက်တယ်
supervisorလည်းအသံအနေအသံထားပီအောင်လေ့ကျင့်ပြီးအလွတ်ကျက်လိုက်တယ်

နောက်နေ့ကျတော့ ဆိုင်ကိုမယောင်မလည်နဲ့ရောက်သွားတယ် သူ့အခန်းနဲ့နီးနီးလေးကိုး
ဆိုင်ရောက်တော့အခန့်သင့်ပဲငရုပ်သီးထုပ်တွေကြားမှာအလုပ်ရှုပ်နေတဲ့ကောင်မလေးကိုတွေ့တယ်
ကံကောင်းချင်တော့ ဆိုင်ကလူရှင်းနေတယ် သူ့အတွက်အကွက်ပဲ အရင်ကလည်းကောင်မလေးနဲ့သူနဲ့မျက်မှန်းတန်းနေကျ၊ မေးထူးခေါ်ပြောတွေရှိနေကျပါ အနီးဆုံးဆိုတဲ့နေရာကိုသူတိုးကပ်သွားတယ်
မျက်နှာချင်းဆိုင်ပြီးကောင်မလေးကိုချစ်ရည်လဲ့နေတဲ့မျက်လုံးတွေနဲ့ကြည့်နေလိုက်တယ်
အသိမ်မွေ့ဆုံးအပြုံးတစ်ခုကိုပြုံးပြပြီး ကျနော်သင်ထားတဲ့အတိုင်း supervisorက ဗမာသံပီပီသသကြီးနဲ့တလုံးချင်းပြောချလိုက်တယ်....

“ဖေ -ိုး မ” တဲ့

supervisorရဲ့ရည်းစားစကားကိုကြားတော့ဇတ်ဇတ်ကြဲကောင်မလေးက“ဇွတ်ကြီးပါပဲလားရှင် စဉ်းစားပါရစေဦးလား ဒီကမိန်းမသားမို့ပါ”ဆိုပြီးမမူပါဘူး လုပ်စရာရှိတာပဲလုပ်ထည့်လိုက်တယ်
မြန်မာ့အားကစားကမ္ဘာကိုလွှမ်း မလွှမ်းတော့မသိဘူး မြန်မာ့အမျိုးသမီးလက်ဝါးကတော့ မလေးရှားကဘဲကြီးရဲ့ပါးကိုအဲဒီနေ့က ပိုးစိုးပက်စက်ကိုလွှမ်းသွားတယ်
supervisorမျက်နှာရဲပတောင်းခတ်ကုန်တယ် ကောင်မလေးကမြန်မာပြည်ကမှာထားတဲ့ငရုပ်သီးအနီမှုန့်တွေကိုထုပ်နေရင်းတန်းလန်းကိုး ကြည့်ရတာပါးရိုက်ချင်စိတ်က လက်အဆေးကိုတောင်မစောင့်နိုင်ရှာဘူး တန်းပြီးတွယ်ထည့်လိုက်တာ
(ကောင်မလေးရေ so sorryပါကွယ် မင်းကိုတကယ်ပြောရဲတယ်မထင်လို့ပါ)

အဲဒီနောက်ပိုင်း supervisorလည်းအခန်းပြောင်းသွားပါရော ရှက်လို့တဲ့
အဲဒီနောက်ပိုင်း ကျနော်လည်းအလုပ်ပြောင်းရပါရော ချွန်တွန်းလုပ်လို့တဲ့

ဒီလိုပါပဲ ကျနော်ဆိုတဲ့ကောင်ကအများကြီးလည်းမဆိုးသလို အများကြီးလည်းမကောင်းပါဘူး
ကိုကြီးရီနိုကဆုနဲ့စူးဆိုပြီးကျောင်းတုန်းကအမှတ်တရဖြစ်ခဲ့တာတွေရေးဖို့တဂ်လာတယ်
ကျောင်းအကြောင်းပြောမယ်ဆိုရင် နားရွက်ဆွဲထိုင်ထလုပ်ရတာ၊ ခုံပေါ်မတ်တတ်ရပ်ရတာ ကြိမ်လုံးစာမိတာတွေပဲ ထပ်နေလိမ့်မယ်ထင်တယ် ဒါပေမယ့် ရေးလိုက်ပါမယ် ..
………......

နေ့လည်ကျောင်းဆင်းချိန်တစ်ခုမှာပါ ကျနော်တို့ဘော်လုံးကန်ကြတယ် နာမည်နဲ့လိုက်အောင်အီးပေါလောတွေများတဲ့
E အခန်းကကောင်တွေနဲ့ကန်ကြတာပါ
အဲလိုနဲ့တစ်ချက်မှာကျနော့်သူငယ်ချင်းကန်ထည့်လိုက်တဲ့ဘောလုံးက Eအခန်းက ကောင်တစ်ကောင်ရဲ့ဖင်ကိုဒိုင်းကနဲသွားထိတယ် အဲကောင်လည်း စိတ်ဆိုးဆိုးနဲ့ပြန်လှည့်လာပြီး
သူ့နောက်တည့်တည့်မှာရှိနေတဲ့ကျနော့်ကို ဆောင့်တွန်းပါတော့တယ် ကျနော်ယိုင်ထွက်သွားတယ်

“ဟေ့ရောင်..ငါကန်တာမဟုတ်ဘူး မင်းလူမှားနေပြီ”

စကားတောင်ဆုံးအောင်မပြောရဘူး ဒေါသအရမ်းထွက်နေတဲ့အဲကောင်က ကျနော့်မျက်ခွက်ကိုလက်သီးတွေအတွဲလိုက်ပစ်သွင်းလိုက်ပါတယ် နေ့ခင်းကြောင်တောင်ကြီး ကျနော့်မျက်လုံးထဲမှာ twinkle twinkle little starတွေအလျားလိုက်လက်သွားပါတယ်။
စက်သေနတ်ပစ်သလိုသူ့လက်သီးချက်တွေကတော်တော်မြန်ပါတယ် ကျနော့်ဘက်ကအခံကြီးသက်သက်
ဒီလိုနဲ့တစ်ချက်မှာ ကျနော့်ကိုထိုးနေရင်းကနေလှမ်းကန်တော့ သူ့ခြေတောက်ကိုကျနော်မိသွားတယ် လက်ကျန်ရပ်နေတဲ့အခြားတစ်ဖက်ကို ကျနော်လှမ်းကန်ထည့်လိုက်တော့ အဲကောင် သဲတွေကြားထဲပုံကနဲလေးဘက်ထောက်ကျတယ်

ကျနော်လည်းရတဲ့အခွင့်အရေးကိုလက်လွတ်မခံဘဲ သူ့ဇက်ပိုးကို ဖနှောင့်နဲ့ ခုန်ပြီးအားကုန်ဆောင့်နင်းချလိုက်တယ် အသံတောင်မထွက်ဘူး သူ့မျက်ခွက်က သဲထဲမှာနစ်သွားတာ
တစ်ချက်ထဲနဲ့ပွဲပြီးသွားတယ် ကျနော့်သူငယ်ချင်းကပြန်ပြောပြတယ် အဲကောင့်အဖေက ကရာတေးဆရာကြီးတဲ့ သင်တန်းတောင်ဖွင့်ထားတာတဲ့ အဲကောင်ဆိုလည်း ခါးပတ် အနီလား အစိမ်းလားမသိဘူး ရထားတာတဲ့ ကျနော်ပြန်ပြောလိုက်တယ် ငါ့အဖေက ဘာကရာတေးမှမတတ်ဘူး
ဒါပေမယ့် ငါကအမြဲတမ်း ဗန်ဒိန်း(jean-claude Van Damme)ကားကြည့်တယ်လို့

fighterနှစ်ကောင်ကိုယ့်အခန်းကိုယ်ပြန်ရောက်တော့ကိုယ့်ခုံပေါ်ကိုယ်မတ်တတ်ရပ်ရတယ်
တစ်ယောက်ကိုကြိမ်သုံးချက်မိတယ် ဒါပေမယ့်ကျနော်ကျေနပ်တယ် ကျနော့်အတန်းပိုင်က လူပိန်သလိုဒေါသပိန်တယ် ကိုင်တဲ့ကြိမ်လုံးကလည်း လူနဲ့လိုက်အောင်သေးတယ်(အဲ..စပ်တော့စပ်တယ်) ဟိုကောင့်အတန်းပိုင်က လူကြီးသလိုဒေါသလည်းကြီးတယ် ကိုင်ထားတဲ့ကြိမ်လုံးကလည်း နှစ်လုံးပူး အယ်နေတာပဲ

“ကရာတေးဆရာကြီးရဲ့သားကို ငါတို့အခန်းကသားကြီးတွယ်ထည့်လိုက်တာ အသံတောင်မထွက်တော့ဘူးဟေ့” ဆိုပြီး အတန်းဖေါ်တွေကလိုက်ကြော်ညာတော့ ကျနော်heroကြီးဖြစ်လို့ပေါ့ အိမ်ပြန်ရောက်မှ မှန်ကြည့်လိုက်တော့
“ဟိုက်..heroကြီးအခွက်ဖူးယောင်နေပါပေါ့ စောစောကတော့သွေးပူနေလို့နာရကောင်းမှန်းမသိဘူး ခုမှဘုတွေရော ညိုမဲတာတွေရောပေါင်းထွက်လာတာ အိးးး တော်သေးတယ် အတန်းဖေါ်တွေမတွေ့လိုက်တာ” အဲလိုနဲ့နောက်နေ့ကျောင်းပျက်တယ် heroရဲ့ဘုထွက်နေတဲ့အခွက်ကိုသူများမြင်လို့မဖြစ်ဘူးလေ...။
………………..

“နက်ဖြန်နေ့တစ်ဝက်ပဲတက်ရမှာ ကျောင်းပြေးရအောင်ကွာ မင်းအိမ်ကဂစ်တာရောသီချင်းစာအုပ်ရော မခဲ့ ငါလည်း မခဲ့မယ်”
သူငယ်ချင်းကျနော့်ကိုနှစ်ခါမညှိရပါ အဲဒီစကား သူမပြောရင်တောင်ကျနော်ပြောတော့မလို့ပါ
နောက်နေ့ကျောင်းတက်ခေါင်းလောင်းလည်းထိုးရော ကျနော်တို့လည်း
ရှုခင်းသာကိုတန်းရောက်ပါလေရောပေါ့ သူငယ်ချင်းက အအေးဆိုင်ဘက်ပြေးပြီး အဆာပြေစားဖို့သွားဝယ်တယ် ကျနော်ကတော့ အေးအေးဆေးဆေး ဆိုလို့တီးလို့ကောင်းမယ့်နေရာတစ်ခုရှာတယ်

ဒီလိုနဲ့ခြုံတစ်ခုကိုအရောက်မှာကျောင်းစိမ်းဝတ်စုံနဲ့ မြက်ပင်တွေကြားဝမ်းလျားမှောက်နေတဲ့ကျောင်းသားတစ်ယောက်ကိုတွေ့လိုက်တယ် သူ့ပုံစံက ပစ်ကွင်းကောင်းကောင်းရဖို့ ရန်သူဆီကိုနီးသထက်နီးအောင်ကြိုးစားချဉ်းကပ်နေတဲ့ ကွန်မန်ဒိုတစ်ယောက်လို ကျနော်အနားကပ်လာတာလည်းသိရော ကျနော့်ဘက်လှည့်ပြီး အသံမထွက်ဖို့ပါးစပ်ကိုလက်ညှိုးနဲ့ထောက်ပြတယ် ပြီးလည်းပြီးရောရှေးတူရှုကို မျက်စပစ်ပြတယ်
သူမျက်စပစ်ပြတဲ့နေရာကိုကျနော်ကြည့်လိုက်တော့ အားပါးပါး….
သမ္မာကျမ်းစာတွေထဲမှာပဲဖတ်ဖူးတဲ့ ဧဒင်ဥယျာဉ်ကြီးတစ်ခုဖြစ်တည်နေပါပေါ့လား
အားတော့နာတယ် ဒါပေမယ့် အစအဆုံးထိုင်ကြည့်ပေးလိုက်တယ် အဟိ

မြင်ကွင်းက အသက်၁၈နှစ်အောက်မကြည့်သင့်တဲ့မြင်ကွင်းမဟုတ်ပါဘူး အတွေ့အကြုံသိပ်ရှိပုံမရတဲ့ စုံတွဲက အနမ်းနည်းနည်း စကားများများနဲ့ပဲချိန်းဆိုခြင်းအမှုပြီးနေတာပါ
ပြီးလည်းပြီးရော ကွန်မန်ဒို ကျောင်းသားကကြုံးဝါးတယ် (မချိတင်ကဲ ရင်ခေါင်းသံကြီးနဲ့ အားမလိုအားမရပြောတာပါ ခြုံထဲကမြက်တွေကိုလက်နဲ့ကြုံးပြီး ပါးစပ်ထဲထည့်ဝါးတာမဟုတ်ပါဘူး)
“တော်တော်ညံ့တဲ့ကောင် ငါသာဆိုရင်တော့လား”တဲ့
အံ့တကြိတ်ကြိတ်သူ့ကိုကြည့်ပြီးကျနော်လန့်လာတယ် ဒီကိစ္စမျိုးကအန္တရာယ်ကြီးတယ်လေ တရှိန်ရှိန်နဲ့အလျံညီးညီးမီးထတောက်နေတဲ့သူ့နှာခေါင်းကမီးကိုဘယ်ရေပိုက်ကမှငြိမ်းသတ်နိုင်မယ်မထင်
ဘူး အဲဒါနဲ့ အမြန်ဆုံးပဲထွက်လာလိုက်တယ်

စားစရာသွားဝယ်တဲ့သူငယ်ချင်းရောက်လာတော့ အရိပ်အေးအေးခုံတန်းတစ်ခုမှာထိုင်လိုက်တယ် သီချင်းစာအုပ်ကိုအကျအနနေရာချပြီး ဂစ်တာစတီးမယ်အလုပ်မှာ ကျနော်တို့နဲ့မလှမ်းမကမ်းနေရာတစ်ခုကနေ ကျယ်ကျယ်လောင်လောင်နဲ့အသံကြီးတစ်သံထွက်လာတယ်

“ဦးဘကောင်းသည် အအိပ်ကြမ်းသော အပျိုစင်လေး အညို၏ ဖွံ့ဖွံ့ထွားထွားအသားအစိုင်အခဲများကို မြင်တွေ့ရသည့်ခဏ၌ ရင်ထဲတွင် ခြောက်ကပ်လာကာရေဆာသလိုပင်ဖြစ်လာသည် နောက်ဆုံး စိတ်မထိန်းနိုင်တော့ဘဲ ရာဂဘူလီးစီးနေသည့် ဦးဘကောင်းသည် အညို၏အခန်းတွင်းသို့ဝုန်းကနဲဝင်ရောက်သွားလေသည်
ထို့နောက်…….
ထို့နောက်…….

ကျနော်နဲ့ကျနော့်သူငယ်ချင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်(နေ့တိုင်းပျင်းဖို့ကောင်း
အောင်မြင်နေကြရတဲ့မျက်နှာနှစ်ခုကိုပဲ ထပ်ပြီး ထူးသလိုဆန်းသလိုကြည့်မိကြတယ်) ဒီအသံကိုနှစ်ယောက်စလုံးမှတ်မိတယ် ကျနော်ဆော်ပလော်တီးထားတဲ့(ကျနော့်ကိုလည်းဆော်ပလော်တီးထားတဲ့) ကရာတေးကျော်ကြီးရဲ့အသံ
ဒီကောင်ဘယ်ကအပြာစာအုပ်တွေရလာလဲမသိဘူး အသံအကျယ်ကြီးနဲ့အော်ဖတ်နေတယ် ကျနော်တို့လှမ်းကြည့်လိုက်တော့ သူ့ဘေးပတ်ပတ်လည်မှာ သူ့သူငယ်ချင်းနှစ်ယောက်ပါတယ် တစ်ယောက်က သူအော်ကျယ် အော်ကျယ်အော်ဖတ်တာကိုသဘောအကျကြီးကျပြီး တဝါးဝါး တဟားဟားနဲ့ရယ်နေတယ် နောက်တစ်ကောင်ကတော့feelတက်နေလေရဲ့

“မဖြစ်ဘူး ဒီကောင့်ပါးစပ်ကို ခြေမနဲ့သွားဆို့ပေးရမယ်”
သူတို့ဆီကျနော်လျှောက်သွားတယ်
“ဒီမှာဟေ့ရောင် မင်းစောက်သံနဲ့ ပတ်ဝန်းကျင်ကိုဒုက္ခမပေးနဲ့ ငါတို့ဒီမှာသီချင်းဆိုလို့မရဘူး”
“မင်းဘာသာမင်း ဝေးဝေးသွားဆိုပါလား ဒါမင်းအဖေပိုင်တဲ့မြေလား”
ကျနော့်ကိုဘုကြည့်ကြည့်ပြီးငနဲကပြန်အော်တယ် (ဘုကြည့်ကြည့်တယ်ဆိုတဲ့စကားကလည်းရှင်းရခက်ပါတယ် အကြည့်မှာဘုကြီးတစ်ခုပါနေတာမဟုတ်သလို ကြည့်တဲ့လူကလည်း ကျောကုန်းမှာဘုကြီးပေါက်နေတဲ့လူမဟုတ်ပါဘူး ထားတော့ ထားတော့)
ဒီတစ်ခါတော့ကျနော်စတင်ခြင်းအလှည့်ပါ ထိုင်နေတဲ့သူ့ကိုပြေးပြီးထိုးထည့်လိုက်တယ်

စာအုပ်ရောလူရောနောက်ကိုလန်ကျတယ် ဒေါသတကြီးနဲ့ပြန်ထတယ် အဲဒီနောက်မှာတော့ ခါးပတ်အနီလား အစိမ်းလားမသိတဲ့ကောင်နဲ့ ဗန်ဒိန်းရဲ့အမာခံပရိတ်သတ် အကြိတ်အနယ် တဖုန်းဖုန်းတဒိုင်းဒိုင်းပေါ့
ဘေးကသူ့သူငယ်ချင်းရော ကျနော့်သူငယ်ချင်းရောဝင်မပါဘူး ဘဘောထားကြီးမားစွာနဲ့ပဲထိုင်ကြည့်နေကြတယ်
ပွဲလည်းပြီးရောထုံးစံအတိုင်းဟိုကောင်မှောက်တယ်
ထုံးစံအတိုင်း အဲဒီသတင်းက အတန်းပိုင်နားကိုပေါက်တယ်
ထုံးစံအတိုင်း တယောက်ကြိမ်သုံးချက် မိတယ်
ထုံးစံအတိုင်း သားကြီးက heroဖြစ်ပြန်တယ်
ထုံးစံအတိုင်းheroကြီးအခွက် ဖူးလို့ယောင်လို့ပေါ့ခင်ဗျာ..

ကဲ …ဆိုင်သလားတော့မသိဘူး ရေးတော့ရေးလိုက်ပြီကိုရီနိုရေ အများကြီးမဆိုးသလိုအများကြီးလည်း မကောင်းတဲ့ကျနော့်လိုကျောင်းသားအဖို့“ဆု”ဆိုတာချို(ဂျို)နဲ့လားပေါ့ခင်ဗျာ ကျောင်းလို့ပြောလိုက်ရင်ကျနော့်မှာကြိမ်လုံးချည်းပြေးမြင်နေရတယ်လေ ကျေနပ်နိုင်ပါစေ။ ။

နောက်နေ့တွေကျရင်မဟာဆန်တဂ်ကြွေးဆပ်ရဦးမယ်

25 comments:

kaungkinpyar said...

ကြိမ်လုံးကိုင်ပြီး လာဖတ်သွားတယ်၊ ဆုပေးချင်လို့

မယ့်ကိုး said...

i'm the second !!! :D
သားကြီးပြောတာကို ကိုးကားလိုက်တာ။စာလာဖတ်သွားပါတယ်။

Ree Noe Mann said...

မြန်လိုက်တာနော်။ အမတို့ကတော့။

ကျေးဇူးညီလေးရေ

ခုလို အရင်ဆုံးရေးပေးတာ။

နောက်မှ ထပ်လာခဲ့မယ်။ ခုတော့ အိပ်တော့မယ်။

ကိုရီနို

kiki said...

ဟီးရိုးကြီး ဗင်ဒိန်း ရေ ...
ဆု မရ ပဲ ဘု ထ ခဲ့တဲ့ ပုံလေးတွေ မြင်ချင်သကွယ် ....Live Show လေးကြည့် ရရင် ကောင်းမယ် ။
တော်ပြီ ၊ကြောက်တယ် ။ စကားပြော မသင်ခိုင်းတော့ဖုး
ပါးချ ခံ နေရ မစိုးလို့  ။။

နဒီမိုးညို said...

ကောင်းတယ်..မြန်မာမလေး..ဆော်ပလော်တီးတဲ့
အခန်း..အကြိုက်ဆုံးပဲ..နဒီ..သာအနားမှာ..ရှိရင်လဲ..
ဝင်ဆော်တယ်..ဟီးးး

မင်းညို said...

ဂွတ်တယ်..။ နည်းနည်း ထပ်ပြီးရှည်ရှည်ရေးဖို့ သင့်တယ် မထင်ဘူးလား.။ မင်းသမီး က ပါးရိုက်တဲ့ တခန်းပဲ ပါတယ်လား..။

မြစ်ကျိုးအင်း said...

ဗန်ဒိန်းကား ဆက်ပြပါအုံးဗျို့....ဗန်ဒိန်းမရှိရင် ရဲမင်းပိုင်ကားပြပါဗျို့

အဲဒါတွေမှ မရှိရင် ဟိုကားပြပါဗျို့(ဘာကားလဲတော့မသိဘူး)

ကိုသားကြီးရဲ့ ကျောင်းတက်ခန်းကလည်း ဖိုက်တင်တွေ ချည်းပါပဲလား

လူရိုင်းလေး said...

ကိုသားကြီးရေ ကျွန်တော်ကတော့ ဂျက်ကီချန်းနဲ့ ဂျက်လီရဲ့ အမာခံ ပရိသတ်နော် ဟဲ ဟဲ ကိုသားကြီး ဘွဲ့ကို စိန်ခေါ်ရမယ် :P

ခြေလှမ်းသစ် said...

ကိုသားကြီးရေ ဒီကျိန်နဲ့ ရိုက်ပီး ပညာသင်တဲ့ စနစ်အောက်မှာ ကြီးပြင်းလာရ လို့ စိတ်မကောင်းပါဘူး... ကျနော်လဲ မထူးပါဘူးဗျာ..

Angel Shaper said...

ဝေးးးးးးးးး ဖိုက်တာကြီးရေ......
နာလည်း ရန်ကုန်( OBF Language School ) မှာ ကစ်ဘောက်စင် ထိုးလာပါတယ်ကွ။
ခေါ်လိုက်ပါရော့လား။ ဘုမထွက်အောင် လာကူညီမှာပေါ့လို့ ။
ခုတော့ ဘုထွက်လာသတဲ့။
ဘာပဲဖြစ်ဖြစ်.. ဟိုကောင် မှောက်သွားလို့ ကျေနပ်တယ်။ အဟိ

ရေတမာ said...

အကိုရေ..... ပွင့်လင်းအားကြီးနေလားလို့ လျှာရှည်မိပါတယ်

မေလေး said...

ကိုကြီးရေ
ညကစက်ကဖွင့်မရလို့ ရုံးရောက်ရောက်ချင်းပြေးလာပါတယ်။

ထမင်းဆိုင်က ကောင်မလေးကိုပြောလိုက်ပါ။ဘာလို့ ပါးတင်ရိုက်တာလဲလို့
မေလေးသာဆို ငရုတ်သီးမှုံတွေ နဲ့ပါ ပက်လိုက်မယ်။ဟွန်းးးး

ဗိန်ဒိန်းတပည့် မောင်သားကြီး(ဟီးရိုး) ခါးပတ်နက်ကြောင်ကြားဆု(ကြိမ်လုံးဆု) ယူရန် စင်နိမ့်ပေါ်သို့ ကြွရောက်ပါရန် ငါးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။ ဖြောင်း ဖြောင်း ဖြောင်း (ပရိတ်သတ်ကြီး လက်ခုတ်တီးပါတယ်)

ကိုကြီးရေ ခင်မင်စွာ စနောက်သွားပါတယ်။
စာလာဖတ်တာ ဘာမှမစားလိုက်ရဘူးဆိုလို့ နောက်နေ့မှ ဒန့်ဒလွန်သီးနဲံ့ငါးချက်ပြီးပို့လိုက်မယ်နော်။

မေဇင် said...

ပါးရိုက်တာက လူသိတာပေါ့... ငရုတ်သီးကောင်ထားတဲ့ လက်နဲ့... မျက်လုံးထဲမှာ ဘာဝင်နေတယ် မသိဘူးဆိုပြီး...မူယာမာယာနဲ့ မျက်လုံးထဲ ငရုတ်သီး ထည့်ရမှာ.....ဒါပေမယ့်လဲ ဟိုက ပြောတဲ့ ချစ်စကားက ရုတ်တရတ်ဆိုတော့လဲ .... ဟဟဟ... ရိုက်ချင်စရာ.. ဗန်ဒိန်း ကနောက်ဆက်တွဲရှိသေးလား....း)

ရွက်လွင့်ခြင်း said...

ကိုသားကြီးရေ
ငယ်ဘဝကို ပြန်သတိရစေတယ်၊ တကယ်ပါ
ကျွန်တော်တို့ ရဲ့ ကျောင်းသားဘဝ အပျော်ရွှင်ဆုံး အချိန်တွေကို
ပြန်မြင်ယောင်မိတယ်

တလနွန် said...

ငယ်ဘဝကို လွမ်းချင်ချင်ဖြစ်သွားပြီးးး ဖိုက်တာ ဟီးရိုးကြီးကို လေးစားပါတယ် :)

sweetpeony said...

ဗန်ဒိန်းကို ဆုပေးမလို့တဲ့
ခေါ်နေပါတယ် စင်ပေါ်က....
ဂျက်ကီချန်းနဲ့ ဂျက်လီမရှိတော့ရင်
ရုပ်ရှင်ရိုက်ဖို့လဲ ကမ်းလှမ်းချင်လို့ပါတဲ့.......
း)

kyalkalay said...

ချစ်ကိုကြီးရေးသလိုရေးအုံးမှ

ဟီး နေ့ခင်းကြီး ကြယ်တွေတွေ.တယ် တဲ့

လူ ဇိုး

မီးမီးချစ် said...

သရဲ အက်ရှင် ကားမှာ သားကြီး ကို ခေါင်းဆောင် မင်းသား တင်ပါရစေ..
ဟဲဟဲ.. ကိုယ်တိုင် ချ ရမည် .. လူစားမထိုးရး))

rose of sharon said...

ကျောင်းတုန်းကဟီးရိုး... အခုရောဘာတုန်း... မလေးရှားကောင်ကိုပညာပေးလိုက်တာသဘောကျတယ်...

khin oo may said...

နျစ်ကြိမ်မြောက်ရောက်ရှိ.ဖတ်သွားသည်.အားလုံး

ဝက်ဝံလေး said...

ဖေသားကြီး မီးမီးလေး အလာနောက်ကျတာ ခွင့်လွှတ် ဟဟဟ ဖိုက်တာလား ဂလိုဆိုရင် ကောင်းတာပေါ့ မီးကို လိုက်နေတဲ့ ကိုရီးယားကောင်တွေကို ရှင်းပေးစမ်းပါ ဟဟဟ ပျော်စရာကြီးးနော် ကိုသားကြီး ညီမလဲ အဲဂလို ရန်ဖြစ်ချင်တယ် တကယ် တကယ် ထိုးကြိတ်ပြီး ရန်ဖြစ်ချင်တယ် ဟဟဟဟ ဘယ်သူနိုင်မလဲ ရှုံးမလဲ သိချင်တယ် ဟိဟိ

ဘိုင်

ဂျာမုန်းဒန် said...

သားကြီးတို့ကတော့လုပ်ပြီ။
မျက်စိထဲမြင်ယောင်နေသလိုသရုပ်ဖော်ရေးတတ်လိုက်တာ။
ဒါလဲခရိယာန်လိုပြောမယ်ဆိုရင်ဘုရားပေးတဲ့ဆုလို့ဆိုရမယ်။
စာအရေးအသားလဲဂွတ်ဆိုတော့၊ ဖတ်တဲ့သူတွေကလည်းစိတ်ကျေနပ်စွာပြန်နိုင်ပြီပေါ့နော်။
ပြန်လာချင်အောင်ကိုရေးရေးတတ်တယ်။
အမြဲအားပေးနေမှာပါ။
ိခင်တဲ့အစ်မ
ဂျာမုန်း

maylay said...

အဟား ကိုသားကြီးကရေးတတ်ပါ့ တကယ့် ဟီးရိုးပေါ့ ငယ်ဘဝကိုတောင် မျက်စိထဲပြန်မြင်သွားတယ် ရေးသားကောင်းလို့။ နောက်ထပ်နည်းနည်းလောက် ဆက်ရေးရမှာနော် ။ ဘုထွက်အောင်တော်ပါတဲ့ ကိုသားကြီးးးးကိုနော်
ရွာအပြန် အဝင်လမ်းမှာ ခါးထောက်လို့မျှော်( ပါးရိုက်ဖို့လားမသိ)
....အလကား စ တာပါနော်

လပြည့်ရိပ် said...

အရမ်းရီရပြီး အရမ်းဖိုက်တင်ကောင်းတဲ့ ကိုသားကြီးရဲ့ငယ်ဘဝကို လာအားပေးသွားပါတယ်...... :)

Ree Noe Mann said...

ဟုတ်တယ် ညီလေးရေ

အကိုက အသက်ကလည်း ကြီးပြီဆိုတော့
ဦးနှောက်ကလည်း မကောင်းတော့ဘူးလေ။

ပြန်လာခဲ့မယ်ပြောပြီးတော့ ငါ့ညီကို ပုံပြောသလို
ုဖြစ်သွားတ်ယ်ကွာ။

ခုတော့ ကျေးဇူးကြီးကြီး တင်ကြောင်း ထပ်လာပြောတာ။ ငါ့ညီက အကိုရဲ့ တက်ခ်ပို့လေးကို
အရင်ဆုံးရေးပေးတဲ့ အတွက်ကော
အကိုအပေါ်ကို ခုလို အရေးတယူရှိတဲ့
အတွက်ရော ကျေးဇူးတင်ပါတယ်။

အလုပ်ကတော့ အကယ်များနေတာ။
ဒီလ ကုန်ခါးနီးလောက်မှ ပဲ အားမယ်ထင်တယ်။

ကိုရီနို

 
©2009 ♬သားကြီး♪ | by TNB