အလွမ်းနဲ့ပဲ ပန်းတွေကိုပွင့်စေလိုက်တယ်

ညသည်နှင်းဝတ်ရုံဖြင့်စိုလဲ့နေ၏ ၊ အရပ်ရှစ်ခွင်လုံးကိုဇာပုဝါအဖြူပါးပါးလေးတစ်ထည်ကလွှမ်းခြုံထားသလို ကြည့်လေမြင်လေရာတိုင်းတွင်နှင်းတွေချည်းအုပ်နှင့်သင်းနှင့်မင်းမူနေကြသည်။
မသိရင်တော့ နွေရာသီဆိုတာ ဒီကမ္ဘာပေါ်မှာ ဘယ်တုန်းကမှမရှိခဲ့ဖူးသလိုပုံစံနှင့်။
ထုံအီသောပန်းရနံ့တချို့လည်းတသုန်သုန်ဖြူးနေသည့်အေးစိမ့်စိမ့်လေထုတွေထဲတွဲခိုကပ်ပါလာ
နေကြသည် ။ချမ်းလွန်းလှသဖြင့်ကောင်လေးအိပ်မပျော်နိုင်ရှာပေ စိတ်ပျက်လက်ပျက်ဖြင့်ကောင်းကင်ကိုမော့ကြည့်မိတော့ ခပ်ဝါးဝါးသာနေသည့်လမင်းကြီးက “ဒါတော့ ငါလည်းမတတ်နိုင်ဘူး”ဆိုသည့်သဘောဖြင့်ကောင်လေးကိုပခုံးနှစ်ဖက်ပြန်တွန့်ပြသည်။

ကောင်လေးနားလည်ပါသည် လမင်းကြီးခမျာ ချမ်းလို့တောင်မှခြုံစရာစောင်မရှိပါ ဝတ်လစ်စလစ်ခန္ဓာကိုယ်နဲ့ပဲ ကောင်းကင်ထောင့်ချိုးတနေရာမှာ ငုတ်တုတ်ကြီး ကပ်နေတာသာကြည့်တော့။
ဒီကြားထဲလူအင်အားတောင့်တင်းသည့်ကြယ်စင်အစုအဝေးက တစ်ကောင်ထီးတည်းလမင်းကြီးကို
စိုးစိုးစီစီမြည်သံပေးပြီးလှောင်နေကြသေးသဖြင့် လမင်းကြီးခမျာ အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရပြန်လေရာသူ့အဖြစ်က ကောင်လေးထက်ဆိုးနေပေသည်။ ဤသို့ဖြင့်…အိပ်မပျော်သောကောင်လေးနှင့် အိပ်မပျော်သောလမင်းတို့သည် ဆောင်းနှင်းပွင့်တွေကို ဘဝဘဝက ငြိုးဘက်ကြီးတွေလို စိမ်းစိမ်းကြီးကြည့်ကာငုတ်တုတ်မိုးလင်းရတော့သည်။

မိုးစင်စင်လင်းတော့ လမင်းကြီးကနှုတ်ဆက်သည်..
“ကောင်လေးရေ မင်းနေခဲ့ပါ ငါတော့အခြားကမ္ဘာတစ်ဖက်ခြမ်းကိုအလင်းပေးဖို့ခရီးနှင်ရဦးတော့မယ် အဲဒီမှာဆောင်းဥတုမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းမိတယ် သွားပြီဟေ့”
လမင်းကြီးထွက်ခွါသွားတော့ ကောင်လေးတစ်ယောက်တည်းငူငူငိုင်ငိုင်ကြီးကျန်ရစ်သည် ထို့နောက် အိမ်နံရံကပြက္ခဒိန်ဆီသို့အကြည့်ရောက်သွားသည် ။
ထို့နောက်သူ့နှုတ်ဖျားမှအသံတိုးတိုးလေးထွက်လာသည်....
“ကောင်မလေးရယ်....မင်းငါ့ကိုခွဲသွားခဲ့တာပဲ ဘာလိုလိုနဲ့သုံးနှစ်ပြည့်တော့မယ်နော်”
………………………….....

ကောင်လေးနဲ့ကောင်မလေးတို့နွေဦးညတစ်ညတွင်ဆုံတွေ့ခဲ့ကြသည်
တစ်နှစ်မှာတစ်ခါကျင်းပမြဲဖြစ်သည့်ကောင်လေးတို့ရွာဘုရားပွဲတွင် ကျောင်းရန်ပုံငွေအတွက် ကာရာအိုကေကိုကောင်လေးစောင့်ပေးရသည့်ညတွင်ဖြစ်သည်။မြို့ပေါ်ကငှားလာသည့်
နာမည်အတန်အသင့်ရှိသည့်ဇာတ်ပွဲဖြင့်ဘုရားပွဲကလူစည်သော်လည်း ကာရာအိုကေဆိုမည့်သူတော့မပေါ်သေး
ဝါသနာရှင်တွေထိုင်ရန်ချပေးထားသည့်စက်ရှေ့ကခုံတန်းတွေကြား ညဦးကတည်းက
ကောင်လေးငုတ်တုတ်ထိုင်နေသည်။

လာမယ့်လာတော့ ပထဦးဆုံးဖောက်သည်က ကုလားကြီးဖြစ်နေသည်
ဒစ်စကိုဒန့်ဆာများဖွင့်ခိုင်းလေမလားဆိုပြီးကောင်လေးနည်းနည်းညစ်သွားသည်။ သို့သော် ကုလားကြီးက
ထွန်းအိန္ဒြာဗိုသီချင်းဖွင့်ခိုင်းပြီး “အား..ယာ…ယာ… အား..ယာ..ယာ…မောင်ဘာကိုငြင်းမလဲ”ဆိုပြီးကုလားသံဝဲဝဲဖြင့် ခေါင်းတလှုပ်လှုပ်ဆိုသွားသောအခါ ကောင်လေးမှပြုံးမိသေးတော့၏။
ပိုက်ဆံငါးဆယ်ပေးပြီးကုလားကြီးထွက်သွားတော့ ကောင်လေးထိုင်နေသည့်ခုံတန်းအနောက်ကနေ ခိုးခိုးခစ်ခစ်ရယ်သံတွေထွက်လာသည်

လှည့်ကြည့်လိုက်တော့ကောင်မလေးနှစ်ယောက် လူကြီးတွေပြောလေ့ရှိသည့်ဥစ္စာစောင့်မတွေများလူယောင်ဖန်ဆင်းပြီးပွဲခင်းထဲဝင်လာသလားမှတ်ရအောင် နှစ်ယောက်ထဲကတစ်ယောက်က လှလွန်းနေသည် ။
“ငါ ဇူလိုင်မိုးသီချင်းဆိုမလို့”
မလှလွန်းသည့်တစ်ယောက်ကပြောလိုက်ခြင်းဖြစ်သည် လှလွန်းသည့်တစ်ယောက်ကတော့နေကြာစေ့တွေကိုတစ်ဖျောက်ဖျောက်မည်အောင်ကိုက်လျှက်သူ့အား
တွေတွေကြီးကြည့်နေသည်
ဥစ္စာစောင့်မလေးတွေမဟုတ်လောက်မှန်းကောင်လေးသေချာသွားသည် ဥစ္စာစောင့်သာဆို ရင်ဂိုသီချင်းကိုဆိုလိမ့်မည်မဟုတ်ဟုထင်သည်။

“ဟုတ် ဟုတ်ကဲ့ အခွေရှာလိုက်မယ်”
“ဒါပေမယ့် ငါအခုဆိုမှာမဟုတ်ဘူး ခဏနေမှဆိုမှာ”
“ဟောဗျာ”
သူ့ကိုကြည့်ပြီးဘာမှန်းမသိ တခစ်ခစ်ရယ်နေကြပြန်သည်။
ထိုအခိုက်မှာပဲ အရက်နံ့တစ်ထောင်းထောင်းထလျှက် ကျောပြင်ဗလာနှင့်လုံချည်တိုတိုဝတ်ထားသည့် ဦးကြီးတစ်ယောက်ကောင်လေးနားသို့ပုံကျလာသည် ၊ကောင်လေးတို့ရွာထဲကပဲဖြစ်သည် ။ ပြီးနောက် ဗလုံးဗထွေးလေသံဖြင့်..
“ငါ့တူကြီးရယ် သီချင်းဖွင့်ပါကွ မင့်ဦးလေးခံစားချက်တွေဖွင့်ချင်လို့ပါ”

“ဟုတ်ကဲ့ ဘာသီချင်းဆိုမလို့လဲခင်ဗျ”
“ဟို သီချင်းလေကွာ ကောင်းချက်တော့ တစ်ကမ္ဘာလုံးကျော်ပါတယ်ဆို ဘယ်တော့နားထောင်ထောင်မရိုးဘူး”
“ဟုတ်ကဲ့ဦး သီချင်းနာမည်လေး”
“ဦးကြီးက စာမှမတတ်တာတူလေးရ နာမည်ဘယ်သိမှာတုန်း
ထွန်းရင်လေကွာ သူဆိုထားတာပေါ့...တစ်ကယ်တော်တဲ့ပါရမီရှင်ပါကွာ ဦးကြီးငယ်ငယ်ကဆိုမင်းအဒေါ်ကို အဲဒီသီချင်းနဲ့ပဲ ဂေါ်ခဲ့တာပေါ့ကွယ် အေ့”
အရေးထဲ လေကပြိုနေသေးသည် ကောင်လေးနည်းနည်းညစ်နေပြီ

နောက်ကငနဲမနှစ်ကောင်ကတော့ ကောင်လေးကိုကြည့်ပြီးပြုံးစိစိဖြစ်နေကြသည်။
“ဟို…သီချင်းစာသားရွတ်ပြပါလား”
“အေး…ရွတ်ပြမယ် နေညိုချိန်တိမ်တောက်တဲ့အခါ”
“ရပြီ ရပြီ သိပြီ ငယ်သူငယ်ချင်းစာဥသီချင်း ကျနော်အခွေရှာလိုက်မယ်”
ကောင်လေးလည်းအခွေကိုကမန်းကတန်းရှာသည် ခံစားချက်ကို တစစီဖေါက်ခွဲလွင့်စင်နေချင်သည့်ဦးကြီးက သူ့ခွေအရှာကိုမစောင့်နိုင် ချထားသည့်မိုက်ခွက်ကိုယူပြီး အသံပြဲကြီးဖြင့် စည်းလွတ်အော်ဆိုလေတော့သည်။ ပါးစပ်တီးလုံးပင်ပါလိုက်သေး

“တန် တန့် တန်… တန် တန့် တန် ….ဒူတိုင် ဒူတိုင် ဗျောင် ဗျောင်…”
“ဟာ..ဦးကြီး နေဦးလေ”
“နေညိုချိန် တိမ်တောက်တဲ့အခါရွာလမ်းကလေးမှာ.....”
“ဟာ…ဒုက္ခပဲ နေပါဦးခဏ”
“စာဥတို့သူငယ်ချင်းမတွေရေခပ် ဆင်းလို့လာ ဒန့် ဒန့် ဒန်”
“ဒုက္ခပါပဲဗျာ အခွေကလည်း ရှာမရသေးဘူး”
နောက်ကကောင်မလေးနှစ်ကောင်ကတော့ ကောင်လေးနဲ့ဦးကြီးအဖြစ်ကိုကြည့်ပြီး တစ်ကိုယ်လုံးသိမ့်သိမ့်ခါအောင်ရယ်နေကြလေတော့သည်။ ပွဲခင်းပရိတ်သတ်အပေါင်းလည်းရယ်သွားကြကုန်သည်။

သူအခွေရှာတွေ့သွားချိန်မှာတော့ ဦးကြီးဆိုသူက နိုင်ငံကျော်အဆိုတော်ကြီးစတိုင်ဖြင့်မရှိသည့်ပရိတ်သတ်ကို ကျေးဇူးတင်စကားပြောကြားနေပြီဖြစ်သည်။
“ခုလိုနားထောင်ပေးတဲ့တေးချစ်ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ် သီချင်းကတော့ပြီးသွားပါပြီ အေ့ ”
ထိုသို့ပြောပြီးမိုက်ကိုချလျှက်ပုဆိုးခါးပုံစမှတစ်ဆယ်တန်အနွမ်းသုံးရွက်ကိုကောင်လေးအားပေးကာ
“ဒါပဲရှိတယ် တူလေးရေ ယူထားလိုက်”ဟုပြောပြီးဒယိမ်းဒယိုင်ဖြင့်ပွဲခင်းဘက်လှည့်ထွက်သွားသည်။

“ကဲ နင့်ကာရာအိုကေကြီးကစွံမယ့်ပုံမပေါ်ဘူး လူလည်းမရှိဘူး ခုဖွင့်ပေးငါ့ဇူလိုင်မိုးသီချင်း”
ထုံးစံအတိုင်းမလှလွန်းသည့်ကောင်မလေးတစ်ယောက်၏အသံပဲဖြစ်သည် ရယ်ရတာဝသွားပြီထင် လှလွန်းသည့်တစ်ယောက်ကတော့ နေကြာစေ့ကိုပင်ဆက်လက်စားသုံးနေပြီဖြစ်သည်။ စကားလည်းနည်းပုံရသည်
ခုထက်ထိကောင်မလေးသိပ်လှတာပဲသိသေးသည် အသံတော့မကြားဖူးသေး လူလှသလိုအသံလေးလည်း လွင်လွင်ကလေးဖြစ်နေမှာပဲလားမသိ စဉ်းစားရင်းနှင့်ပင်ကောင်လေးရင်ဖိုရသည် စကားလေးတစ်ခွန်းလောက်တော့ပြောသင့်သည်ဟုလည်းကောင်လေးထင်နေမိသည်

သို့သော်... အသံချွေတာပုံရသည့်ကောင်မလေးပါးစပ်မှ နေကြာစေ့ကိုက်ခွါသံ တဖျောက်ဖျောက်ကလွဲပြီး အခြားဘာသံမှထွက်မလာခဲ့။
မိုးအတွက်မိုး သီချင်းခွေကိုရှာသည် မတွေ့ အခွေထည့်သည့်သေတ္တာကိုဖင်ပြန်ခေါင်းပြန်လှန်သည် မတွေ့
ကောင်လေးစိတ်ညစ်ရပြန်သည် ။ စက်ပိုင်ရှင်သည်အခွေများကိုအရောရောအနှောနှောထည့်ထားသဖြင့်အရှာခက်ရခြင်းဖြစ်သည်

“ဟို ဇူလိုင်မိုးအခွေတော့မရှိဘူးဗျ မိုးဒေဝါသီချင်းဆိုပါလား အဲဒါတော့ရှိတယ် အဲဒါလည်းမိုးသီချင်းပဲလေ”
“ဟာ..တောက်တီးတောက်တဲ့ ဇူလိုင်မိုးဆိုမယ့်ဟာကို”
“အေးဗျာ အခွေကကျန်သွားလားမသိဘူး ဒီမှာမရှိဘူး ဒါမှမဟုတ် တိမ်တမာန်ရော မဖြစ်ဘူးလား”
“ဟောတော်…နင်နဲ့တော့ခက်နေပြီ မိုးသီချင်းဆိုပါမယ်ဆိုမှ ဘယ်က တိမ်သီချင်းဆိုခိုင်းနေတာတုန်း မရှိရင်လည်းမရှာနဲ့တော့ မဆိုတော့ဘူး လာ ဖေါအဲ ပွဲဘက်ပဲလှည့်တော့မယ်”
.................

ကောင်မလေးနှစ်ယောက်ထွက်သွားတော့သူ့ရင်ထဲဟာတာတာကြီးဖြစ်ကျန်ခဲ့သည်
“နာမည်ကဖေါအဲတဲ့လားကွယ် ဒါဆိုရင်ပန်းချစ်သူလေးပေါ့နော်”
အသံရယ် နေတဲ့ရွာရယ် သူမရင်ဘတ်ထဲကနှလုံးသားရယ်ကိုပဲမသိသေးတာ နာမည်လေးတော့သိလိုက်ရပြီ လူကိုလည်းသိလိုက်ရပြီ ။ ဘာပဲဖြစ်ဖြစ်ကောင်လေးပျော်ခဲ့ပါသည်

ထိုညကောင်းကင်တွင်ကောင်လေးအတွက် လနှစ်စင်းသာခဲ့သည်
တစ်စင်းက စန္ဒာမည်သော ရှိရင်းစွဲလမင်းကြီးဖြစ်ပြီး နောက်တစ်စင်းကတော့ ဖေါအဲဟုခေါ်သော အသံဖျောက်ဖျောက်သာထွက်သည့် နောက်မှ ကောက်ကာငင်ကာသာသည့် လမင်းကလေးပင်ဖြစ်တော့သည်။

ဆက်ရန်.... ခုလောလောဆည်တော့ထုံးစံအတိုင်း zzZzZzzzzZ
..........................
သီချင်းတင်ပါဆိုတဲ့ညီလေးရာတမေနဲ့ နဒီမိုးညိုတို့အတွက်...
ဇူလိုင်မိုး
တိမ်တမာန်

26 comments:

kaungkinpyar said...

ကဲ တို့လဲ သီချင်းဆိုချင်လို့ ကောင်လေးရေ၊ ဟိုသီချင်းရှိလားးဟိုလေ ကောင်းကင်ပေါ်က လနှစ်စင်းးး
အရေးအသားတွေ တာရာပွကြီးနဲ့ တူလာပြီ ဆက်လုပ်ဆရာ၊ ဆက်ရန် မျှော်ရတာမောတယ်:P

မယ့်ကိုး said...

စာလေးတွေ တစ်နေ့ တစ်ခြား လှ လှလာတယ်။ ဇာတ်လမ်းလေးတွေလည်း အများကြီး မရိုးနိုင်လို့  အားကျမိပါတယ်... ဆက်ရန် မြန်မြန်နော် :)

ရွက်လွင့်ခြင်း said...

အိပ်စရာလား..............လို့ 
မအိပ်နဲ့  ဆက်ရေး......း)
နောက်တာ ကိုသားကြီးရေ....း))

kyalkalay said...

ဟားဟား
လုပ်စားနေ ပီ
အမမေလေးဆီက အတတ်တွေ ပေါ့

ဆက်ရန် ဆက်ရန် ဆက်ရန်

အမှန်ကရေးပီးသား ခွဲတင်တာ
လူတွေ ကလိကလိ အော်ရင်သူတို့ပျော် နေတာ

လူဇိုး

ခြေလှမ်းသစ် said...

ကိုသားကြီးရေ ... ခိုက်သွားပြီဗျား.. လူကိုပြောတာမဟုတ်ဘူးနော် ... အရေးအသားကို..အရေးအသားကို.... အဲ့ဒီညက လနှစ်စင်းသာလိုက်တာ တကယ်ပဲဗျ.. ပွဲထဲက မီးစက်တောင် ဆီဖိုးသက်သက်သာသွားတယ်ဗျ.... အဟဲ.. ချိတ်ချိုးရ၀ူး...

kiki said...

ဟေးးးးးးး
သားကြီး ရေ ... ထ တော့ဟ ... မြန်မြန်ထ ။။
ဘေးမှာ .. ဖေါအဲ ရောက်နေပြီ .. ...နေကြာစေ့ လာပေးတာတဲ့ ..ဟိုက်..
သေချာ ဖုံးဖုံး ဖိဖိ အိပ် မှ ပေါ့ တော် ... တကတည်း ...
ဒီနွေက အတော်ပူတာပါလား အေ ...

တလနွန် said...

ကိုသားကြီး တို့ အရေးအသားလှတယ်ဗျာ။ နောက်ပြီး ဇာတ်လမ်းတွေ တစ်မျိုးပြီးတစ်မျိုး မရိုးဘူး။ ဆိုးတာတစ်ခုပဲရှိတယ်။ စာမဆုံးခင် ဆက်မရေးပဲ အိပ်ပျော်သွားတာပဲ :)

ခင်မင်ခြင်းနှင့်
တလနွန်

ရေတမာ said...

ဦးလေးလုပ်တာနဲ့ သီချင်းနားထောင်ချင်လာပြီ သီချင်းလေးထည့်ပေးနော်.. ခေါင်းစဉ်ခုမှသိတယ်.. အရေးအသားနဲ့ အင်ထရိုကတော့ ဂွမ်တယ်. သီချင်းပါမလာလို့ကတော့ သိမယ်... နာမည်ကလည်း ဖောလည်းဖောတယ် အယ်လည်းအယ်တယ်တဲ့ ဟာဟား စောင့်နေတယ်နော် တိုင်နဲ့ခေါင်းနဲ့

နဒီမိုးညို said...

ဖောအဲ..တဲ့လား..ဟီးး
သူငယ်ချင်းတစ်ယောက်နာမည်ကတော့..အဲဖော..
ဆွေမိုးတွေလား.မသိဖူး..
သီချင်းလေး..ထည့်အုံးနော်..

maylay said...

အဲဖော အဲလေ ဖောအဲ လာသေးဘူးလား အစ်ကို ။ ဆက်တင်ပါ (ရေးပြီးသားမှန်းသိတယ်) အဲဒီ မပန်းချစ်က ဟားဟား နေကြာစေ့ပဲစားတတ်နေရင်တော့ ကောင်လေး ဒုက္ခပဲ...
စာဖတ်ပြီး နောက်သွားတာပါ အစ်ကိုရေ။ ဆက်ဖတ်ဖို့ စောင့်နေတယ်

မြစ်ကျိုးအင်း said...

ဖောအဲ ဆိုတော့ ဘာလူမျိုးလဲ လနှစ်စင်းကို စောင့်ကြည့်နေပါ့မယ်ဗျာ..

မေလေး said...

ကြယ်ကလေးနဲ့ခက်ပါ့ နေရင်းထိုင်ရင်း မေလေးကိုနာမည်ဖျက်နေသေး။

လမင်းကြီးကိုစောင်ခြုံပေးလိုက်ရင် ညကျတော့ မှောင်နေမှာပေါ့။

တူတော်မောင်ရေ ကြီးဒေါ်ကို နေဝင်ရင်မှောင်ပြီ ဆိုတဲ့ သီချင်းလေးဖွင့်ပေးစမ်းပါကွယ်.။

အရေးအသားတွေ အရမ်းကောင်းတယ် အကိုရေ
နောက်ကိုရေးလို့မပြီးဘဲ အိပ်ဖို့မကြိုးစားနဲ့။ဒါဘဲ။
ဟွန်းးးးးးးးးးးးးး

ဝက်ဝံလေး said...

ဟဟဟ ကြယ်ကြယ် နင်ပြောတာ နာ ထောက်ခံတယ် အဲဂလိုပဲဟ နံမည်ကြီးတွေက အိုက်တင်ခံတာဟ သိလားး ဟဟဟဟ

ဒီမယ်ဖေသားကြီးဘယ်လောက်အအိပ်ကြမ်းလဲမသိဘူး ဟောက်သံက ဒီကနေတောင် ကြားရတယ် ဟားဟားးးးးး ခလူးခလူးးးးးး ရှူးနဲ့ နဂါးနှာမှုတ်တာကျနေတာပဲ အဟက်

ထဗျာ အိုက်တင်မခံနဲ့ ဂလိုမှန်းသိရင်မလာပါဘူး နောက်မှ ပေါင်းဖတ်ပါတယ် ဟွန်းးးနောက်ဆိုရင် မှတ်ပြီး အကုန်လုံးပြီးမှ လာမယ် ဟွန်းးးးး ပျံမယ် ဖလပ်ဖလပ် ဘိုင်

ဂျစ် said...

ကိုသားကြီး
အိပ်ရေးဝအောင် အရင်အိပ်ပြီးမှ ဆက်ရေးပါလား....။
အားပေးလျှက်ပါဗျာ..........။

ခင်မင်စွာဖြင့်
ဂျစ်

Ree Noe Mann said...

ညီလေးရေ

စာမဖတ်ရသေးဘူး။
ဆက်ရန်ကိုတွေ့လို့ ဆက်ရန် ကိုမျှော်နေတယ်နော်
လို့ ပြောသွားတယ်။ ဟဲဟဲ

ကိုရီနို

kaungkinpyar said...

အဲ့ဒီ ရီနို ဘယ်တော့မှ စာမဖတ်ဖူး၊ မအားဘူးပဲ အကြောင်းပြနေတယ်

Angel Shaper said...

ကိုသားကြီးရေ။။။ မနက်ကတည်းက ဖတ်ပြီးသား... မန့်မလို့ ဟာ..ကွန်ပြတ်နေလို့  ဘိတ်ချီးရတယ်။ ဒေါပွတယ်တကယ်။
ကောင်လေး.... ထတော့ဆက်ရေးပါ။ အအိပ်မက်လှချေလား ငါ့အတိုင်းပဲ။ ဟွင်း။ ဖတ်လို့ပိုပိုကောင်းလာတယ်နော်။ ကိုးရီးယားကားမုန်းပါတယ်ဆိုနေမှ သူက ဇာတ်လမ်းတွဲလာရေးနေတယ်။ ရှိုတ်တိုတယ်နော်။ ဆက်ရန် မြန်မြန်။
အိပ်ရေးဝပါစေဗျာ။။။။။။။။။။။

လပြည့်ရိပ် said...

ကောင်းခန်းရောက်မှ မီးပြတ်သွားသလိုပဲ......... ဆက်ရန်ကို မျှော်နေပါတယ်...... စာရေးသူမြန်မြန်နိုးပါစေ...... ဂျပိုးကိုက်လို့ဖြစ်ဖြစ်၊ ခြင်ကိုက်လို့ဖြစ်ဖြစ်ပေါ့........ :D စတာနှော်..........

maylay said...

နောက်တခေါက်ရောက်တာတောင် အစ်ကို မနိုးသေးဘူးပဲ ထတော့ကွာ ဂျပိုးလွှတ်ပေးလိုက်တယ်။ အဲဒီအနှိုးတော်က ဘယ်ခရီးထွက်တယ်မသိဘူး ။ဒီမှာလည်ပင်း ညောင်ရေအိုးဖြစ်ပြီ။ ကိုးရီးယားကိုမကြိုက်ပါဘူးဆိုမှ ဆက်ရန် ကို တိုးနေတယ်။(အစ်ကိုရေ ထပါတော့ နေ--င်ထိုးလှပေါ့) စ သွားတယ်နော်

ဇော် said...

အင်း ..
ဆက်ရန် .. ဆက်ရန် ...
အဲ့စကားကိုတောင် မုန်းရမလိုဖြစ်လာပြီ။
ဆန့်ငင် ဆန့်ငင်ဖြစ်ရလို့။ =(

rose of sharon said...

ဇာတ်လိုက်က ကရင်မလေးဆိုတော့ အမျိုးချစ်တဲ့စိတ်လေးနဲ့သဘောကျသွားတယ်... ဆက်ရန်မျှော်နေမယ်... အရေးအသားကဆွဲဆောင်မှုရှိတယ်... ရေးတတ်လိုက်တာနော်... သူများသားသမီးတွေများ....

khin oo may said...

အပျိုးနဲ့တင် တစ်နေကုန်သွားတယ်။

ဂျာမုန်းဒန် said...

သားကြီးရေ...
“နေညိုချိန် တိမ်တောက်တဲ့အခါရွာလမ်းကလေးမှာ.....”ရှာလား...လား..
နောက်ဆက်တွဲကိုအစ်မဆက်ဆိုလိုက်တယ်နော်.။
တကယ်ဖတ်လို့ကောင်းတယ်သားကြီးရေ။
တကယ့်စာရေးဆရာပဲနော်။
အစ်မတော့ဂုဏ်ယူပါတယ်...တကယ်ပါ။
ဆက်ရန်ကိုမျော်နေမယ်နော်။
ခင်တဲ့
အစ်မဂျာမုန်း

မေသစ္စာမောင် said...

ဖတ်ကောင်းကောင်းနဲ့ ဖတ်လာတာအောက်ရောက်မှ ဆက်ရန်တဲ့.....း(

နောက်မှပြန်လာခဲ့မယ် ကိုသားကြီးရေ
အခုတော့ အိမ်ပြန်ပြီး
zzzZZZzzzz

မေဇင် said...

ဒီကိုပြန်လာတယ်....ကျန်ခဲ့လိုက်လို့....း)

yangonthar said...

ကိုသားကြီး ညက ဖတ်ပြီးခုမှ မန့် လာပေးတာ ဗျို့ အရေးအသားတွေ ညက်တယ် ဇာတ်လမ်း လေးကလည်း သွက်တယ် ..... မျှော်နေပါ၏ ........ အေးမြသာယာပါစေ ... (ရန်ကုန်သား)

 
©2009 ♬သားကြီး♪ | by TNB