ငယ်ငယ်တုန်းက စားခဲ့တယ်(တဂ်)

သားကြီးဆိုသူ၏အမှာ........

ခုတစ်လောကျနော်စာတွေမရေးနိုင်ဖြစ်နေပါတယ် ဘီယာလည်းကောင်းကောင်းမသောက်နိုင်ဖြစ်နေပါတယ် ။ စာမရေးနိုင်တာက ကမ္ဘာပျက်တော့မယ်ဆိုတဲ့သတင်းကြားပြီး လူက ထိုင်ရမလို ထရမလိုဖြစ်နေလို့ပါ (မျက်လုံးထဲမြင်သာထင်သာအောင်ပြောရရင် အနေအထားက ကုန်းကုန်းကွကွကြီးပါ) ။
ဘီယာမသောက်နိုင်တာကတော့ ရှင်းပါတယ်၊ ဖွတ်ကလိဒင်္ဂါးမထွက်လို့ပါ။
ပြောသာပြောရတာပါ ကမ္ဘာကြီးတစ်ကယ်ပျက်ခဲ့မယ်ဆိုရင်တောင် ကျနော့်လိုအနာဂတ်တိတိပပ မရှိတဲ့ကောင်အဖို့ လွမ်းလောက်စရာတော့မရှိပါဘူး ၊

ဒါပေမယ့် ၂၀၁၀ခုနှစ်မှာ တရားအမျှတဆုံးသောရွေးကောက်ပွဲကြီးလုပ်ပြီး ပြည်သူ့မေတ္တာတော်ကိုခံယူမယ့် ဘဘကြီးနဲ့နောက်လိုက်တစ်စုအတွက်တော့ တယ်လည်းဟန်လှမယ်မထင်ဘူး။
မဲ၉၉.၉၉ရာခိုင်နှုန်းနဲ့နိုင်လာပြီးမှ ကမ္ဘာကြီးက ကောက်ကာငင်ကာပျက်သွားရင် သူတို့မှာ နိုင်ငံကိုအစိုးရဖို့မပြောနဲ့ ၊သူတို့ဖင်တောင်သူတို့စိုးလို့ရတော့မှာမဟုတ်ပါဘူး တွေးကြည့်ရုံနဲ့ပဲ ပိုးစိုးပက်စက်ကြီးကိုကြေကွဲပစ်ဖို့ကောင်းနေပါပြီ။

ကျနော်ကလေးဘဝတုန်းကလည်း ကြယ်နီကြီးတစ်လုံးကမ္ဘာကြီးကို ဝင်တိုက်တော့မယ်ဆိုပြီး ဟိုးလေးတစ်ကျော်ဖြစ်ဖူးပါတယ်၊ အဲဒီသတင်းလည်းကြားရော ကျနော့သူငယ်ချင်းတွေဘယ်လိုဖြစ်ကုန်လဲတော့ကျနော်မသိဘူး၊ ကျနော်ကတော့အိမ်ကိုအမြန်ပြန်ပြေးပြီး အိမ်နောက်ဖေးက တောင်းအစုတ်ထဲမှာ ကောက်ရိုးတွေနဲ့အမှည့်ခံထားတဲ့သရက်သီးအစိမ်းနှစ်လုံးကို အကုန်စားပစ်လိုက်ပါတယ်။ ပထမတော့ မှည့်အောင်စောင့်ပြီးမှစားမလို့ဖွက်ထားတာပါ ၊ ဒါပေမယ့် ကြယ်နီကြီးက ဘယ်အချိန်လာပြီး ကမ္ဘာကိုဖျက်မလဲမသိဘူးလေ

“မစားလိုက်ရလေခြင်း”ဆိုပြီးနောင်တမရချင်လို့ကြိုပြီးစားလိုက်တာပါ။ ပါးစပ်ကသာစားနေရတာ မျက်လုံးက ကောင်းကင်ကိုလည်း ကွက်ကြည့်ကွက်ကြည့်လုပ်နေရသေးတယ် မလွတ်နိုင်မှန်းသိတာတောင် ဘာပဲဖြစ်ဖြစ်ကြယ်နီကြီးကျလာရင် ရှောင်ကြည့်ချင်သေးတယ် အဲဒီတုန်းက ရှောင်လင်သိုင်းကားလည်းကြည့်နေကျဆိုတော့လေ ဒါပေမယ့်တစ်ကယ့်တစ်ကယ်မှာတော့ကြယ်နီကြီးလည်းရောက်မလာပါဘူး၊ ကမ္ဘာကြီးလည်းမပျက်ပါဘူး ပျက်သွားတာက ကျနော့်ဝမ်းပါ၊ ဝမ်းလျှောပြီးကျောင်းနှစ်ရက်မတက်နိုင်တော့ဘူးလေ။

မဟာဆန်tagကြွေးကိုမဆပ်နိုင်တာကြာတော့မျက်နှာပူရပါတယ် မနှင်းtagကြွေးလည်းရှိပါသေးတယ်။
ကိုယ်တိုင်စာမရေးနိုင်သေးတော့ ရဲရင့်သွေး ဆိုတဲ့(ကျနော့်အခေါ်“ရဲရင့်ပေါ”ပေါ့လေ)သူငယ်ချင်းတစ်ယောက်ကိုအကူအညီတောင်းရပါတယ်။ သူ့ခမျာ မအားမလပ်တဲ့ကြားကကြိုးစားပြီးရေးပေးရှာပါတယ် သူမအားဘူးဆိုတာက onlineမှာတက်ပြီးဖွံကြောင်ရတာရယ် အပြင်မှာပတ်ပြီးဖွံကြောင်ရတာရယ်နဲ့ လက်မလည်ဘူးဖြစ်နေလို့ပါ။

တစ်နေ့ကျရင်“ကျွန်ုပ်၏ဖွံအရှုပ်တော်ပုံ”ဆိုပြီး ကျမ်းတစ်စောင် ပေတစ်တဖွဲ့ရေးသားလိမ့်ဦးမယ်လို့မျှော်လင့်ရပါတယ် အဲဒီအချိန်ကျသူ့စာအုပ်ထွက်လာရင် ကျနော့်ဘလော့ကနေအခမဲ့ကြေညာပေးဦးမှာပါ ဘာပဲပြောပြောဒီသူငယ်ချင်းကတော်တော်အားကိုးရတဲ့သူငယ်ချင်းပါ လိုအပ်ရင် ကျနော်နဲ့ခွါပြဲခဲ့ကြကုန်သော ချစ်သဲလေးတွေရဲ့ပြဿနာကိုလည်း သူဝင်ပြီးရှင်းပေးတတ်ပါသေးတယ်။

ဥပမာ “ကိုသားကြီးဘယ်ရောက်နေလဲဟင်” လို့လွမ်းလွမ်းဆွတ်ဆွတ်မေးလာတဲ့ကောင်မလေးတွေကို
“သားကြီးသေပြီဟေ့”ဆိုပြီးအသံပြတ်ကြီးနဲ့ ပြန်ဖြေပေးတတ်တာမျိုးပါ ပြောပါတယ်တော်တော်အားကိုးရပါတယ်ဆို။
အစ်မ မဟာဆန်ခင်ဗျား သူငယ်ချင်းရေးပေးတဲ့postလေးနဲ့ပဲ အစ်မရဲ့tagကြွေးကိုဆပ်လိုက်ပါရစေခင်ဗျာ
ကျနော်ကတော့ခုတစ်လောတစ်ကယ်ပဲ ထိုင်ရမလို ထရမလိုဖြစ်နေလို့ စာမရေးနိုင်ပါသေးကြောင်းခင်ဗျာ..။
………………………..

ရဲရင့်သွေး(ခ)ရဲရင့်ပေါဆိုသူ၏စာ.........

မြန်မာ့ရိုးရာအစားအစာတွေနဲ့ပတ်သက်လို့ရေးရမယ်ဆိုရင်တော့အများကြီးပေါ့ခင်ဗျာ
ကိုယ်တွေ့ကြုံပြီးကိုယ်တိုင်ချက်စားခဲ့တာလေးတွေပြောပြမယ်ဗျာ။မြို့သားတွေစားတဲ့မြို့စာတော့မဟုတ်ဘူးပေါ့ဗျာ ကျုပ်ကတောသားဆိုတော့ ကျုပ်တို့တောသူတောင်သားတွေစားနေကျ အစားအစာလေးတွေပေါ့..

ကျုပ်တို့ရွာလေးကအရမ်းသာယာတယ်ဗျ ရွာထိပ်မှာရေကန်ကြီးနဲ့ စေတီလေးနဲ့အရမ်းကိုကြည်နူးဖို့ကောင်းတယ်။ ကန်ဘောင်ပတ်ပတ်လည်မှာကထန်းပင်တွေ၊ သရက်ပင်တွေ၊စကားဝါပင်တွေနဲ့ဗျ။ကန်ဘောင်ပေါ်ကကြည့်လိုက်ရင် ပဲခူးရိုးမတောင်တန်းကြီးကိုလှမ်းမြင်နေရတယ်လေ၊ ပဲခူးရိုးမတောင်တန်းကြီးမြူတွေဆိုင်းနေတာကိုမြင်ရရင် လွမ်းသလိုလို ဆွေးသလိုလိုဖြစ်ရအောင်ကို ရှုခင်းတွေကဖမ်းစားနေတယ်။

ကျုပ်တို့ဆီမှာ တစ်နှစ်ပေါ့ဗျာ မိုးတွင်းမှာမိုးတွေအရမ်းရွာတော့ ဧရာဝတီမြစ်ရေကအရမ်းကြီးတာပေါ့။ ရေကအရမ်းကြမ်းတော့“ကွမ်းသီးတပင်ဆည်မြောင်း”လည်းမခံနိုင်တော့ ဆည်ကျိုးပါလေရော။ ကြီးလိုက်တဲ့ရေများ လူတွေလည်းသေ၊ အိမ်တွေလည်းမျောပေါ့ဗျာ။ ကျုပ်တို့ရွာပတ်ပတ်လည်မှာဆိုရေတွေဖွေးနေတာပဲဗျို့၊ ပေါလိုက်တဲ့ငါးဆိုတာတော့ပြောမနေနဲ့တော့ဗျို့၊ ကျုပ်ကမြို့ကျောင်းတက်နေတာဆိုတော့ ရွာကိုတော်တော်ကြာမှတစ်ခေါက်ရောက်ဖြစ်တယ်။

ကျုပ်တို့လယ်တွေကရွာနဲ့အရမ်းအလှမ်းဝေးတော့ လယ်ထဲမှာပဲအိမ်ဆောက်ထားရတယ်၊လယ်တဲကြီးပေါ့ဗျာ
အဲဒါရေတွေအရမ်းကြီးတော့ အဖေကလယ်တဲစောင့်ဖို့လှမ်းခေါ်တာနဲ့ရွာကိုရောက်လာရတာပေါ့။ လယ်တဲမှာကပစ္စည်းတွေကများတော့မသယ်နိုင်ဘူးလေ၊ လူခိုးမှာစိုးတော့သွားစောင့်ပေးရတာပေါ့ဗျာ။
အဲဒါနဲ့ကျုပ်လည်းရောက်ရော လှေတစ်စီးနဲ့ စားနပ်ရိက္ခာအပြည့်နဲ့ ညီဝမ်းကွဲတစ်ယောက်နဲ့ လယ်တဲစောင့်ဖို့သွားပါလေရော၊ ရေဒီယိုတစ်လုံးကလည်းပါသေးတယ်ဗျ “လှေကလေးကိုလှော်မည် ဘေးမသမ်းဘဲအေးချမ်းတော့သည်”ဆိုတဲ့သီချင်းလေးလိုပဲဗျို့ ၊

ညီအစ်ကိုနှစ်ယောက် လှေလေးလှော်ပြီးသွားကြတာလယ်တဲကိုရောက်ပါလေရော၊ ရေကအတက်ကြမ်းတော့ ကျုပ်တို့အိပ်မယ့်အဆင့်နဲ့ရေကထိလုမတတ်ပဲဗျို့၊ရောက်တာနဲ့ရေဒီယိုလေးဖွင့် တရေးတမောအိပ်တော့တာပဲ၊ရေစီးသံလေးတွေက လူကိုချော့သိပ်နေသလိုပဲ၊အိပ်လို့ကကောင်းမှကောင်းပဲ။


ညနေစောင်းတော့ ရွာက ငါးဖမ်းကြမယ့်တံငါသမားတွေရောက်လာကြပါလေရော သူတို့ကကျုပ်တို့တဲနဲ့မနီးမဝေးမှာငါးဖမ်းနေကြတာလေ။ သူတို့လုပ်စရာရှိတာတွေလုပ်ကြ၊ပြင်ဆင်ကြပေါ့ဗျာ
ကျုပ်လည်းအိပ်ယာနိုးတာနဲ့ညစာစားဖို့ထမင်းတစ်အိုးတည်လိုက်တယ်၊ ပြီးတော့လှေတစ်စီးနဲ့ဟင်းရွက်ခူးထွက်တော့တာပဲ။ ပေါလိုက်တဲ့ကန်စွန်းရွက်များ

မြို့မှာဆိုကန်စွန်းတစ်စည်းဆိုဈေးကြီးသလောက် ကျုပ်တို့ရွာမှာပေါလိုက်တဲ့ကန်စွန်း၊ရေပေါ်မှာအညွှန့်နီနီရဲရဲလေးတွေဖြာနေတာပဲ၊ကျုပ်လည်းကန်စွန်း
တစ်ပွေ့လောက်ခူးပြီးပြန်လာတော့ တံငါသည်တွေကသူတို့လုပ်ငန်းပြီးလို့ကျုပ်တို့တဲမှာအနားယူနေကြပြီဗျို့၊သူတို့ငါးဖမ်းပုံဖမ်းနည်းကတော့
အများကြီးဗျ ငါးမျှားတန်းချတဲ့နည်းရယ်၊ ပိုက်ချတဲ့နည်းရယ်ပေါ့ဗျာ၊ နောက်ကြုံမှငါးဖမ်းပုံဖမ်းနည်းတွေပြောပြမယ်ဗျို့။

လယ်တဲရောက်တာနဲ့ညီငယ်တည်ထားတဲ့ရေနွေးကြမ်းနဲ့ထန်းလျှက်နဲ့မြည်းပြီးတော့အလ္လာပ သလ္လာပတွေပြောကြတာပေါ့ဗျာ၊ တံငါသည်တွေကလည်းတစ်ရွာတည်းနေကြသူတွေဆိုတော့ အားလုံးရင်းရင်းနှီးနှီးပြောကြဆိုကြ ရယ်မောကြပေါ့ဗျာ။ ရေဒီယိုက“တိမ်တမာန်”သီချင်းလေးကလည်းပျံ့လွှင့်လို့ပေါ့။

အဲဒါနဲ့တစ်အောင့်လောက်ကြာတော့ ညစာချက်ဖို့ငါးသွားဖြုတ်ကြတာ၊ ပေါလိုက်တဲ့ငါးတွေဗျာ ပိုက်မှာတစ်သီကြီးပဲ။ ငါးဖယ်အောင်းကြီးတွေ လက်ငါးလုံးလောက်ကြီးတွေ ငါးဖားမလို့လည်းခေါ်တယ်ဗျ
ငါးဖယ်အောင်းလို့လည်းခေါ်တယ်။ အဆီတွေကလည်းဆူဖြိုးနေတာပဲ၊အရှင်တွေဆိုတော့လတ်လတ်ဆတ်ဆတ်ပါပဲ၊ ကျုပ်တို့လည်းတစ်နပ်စာလောက်ဖြုတ်ယူပြီးတော့ပြန်လာကြတယ်။

တဲရောက်တာနဲ့ငါးဖယ်အောင်းကြီးတွေကိုဗိုက်ခွဲ ရေစင်အောင်ဆေးပြီးတော့ရေစစ်ထားလိုက်တယ် ပြီးတော့ငရုပ်သီးစိမ်းရယ်၊ကြက်သွန်ဖြူ၊ နီ၊ ဂျင်းရောထောင်း ၊မန်ကျည်းသီးမှည့်ကိုရေစိမ်ထားလိုက်တယ်။
ဒယ်အိုးထဲကိုဆီနည်းနည်းထည့်၊နနွင်းမှုန့်လေးနည်းနည်းထည့်ပြီးတော့ ခုနကငရုပ်သီး ကြက်သွန်ထောင်းတာလေးထည့် ငရုပ်သီးကြက်သွန်လေးနွမ်းတော့၊ပုဇွန်ငပိလေးနည်းနည်းထည့်၊ငြုပ်သီးအရောင်တင်မှုန့်လေးနည်းနည်း
ထည့်၊ခဏနေတော့ငရုပ်သီးကြက်သွန်လေးတွေနွမ်းပြီဆိုရင် ရေစစ်ထားတဲ့ငါးဖယ်အောင်းကြီးတွေထည့်
မွှေပြီးတော့အဖုံးအုပ်ထားရတယ်။

ငါးမိနစ်လောကြာတော့ ခုနကရေစိမ်ထားတဲ့ မန်ကျည်းမှည့်ရေလေးကိုစစ်ပြီးတော့ထည့်၊ ရေလေးပါနည်းနည်းထည့်ပြီးရင်မွှေပြီးတော့ အဖုံးပြန်အုပ်ထားရတယ် ချက်နည်းကနှစ်မျိုးရှိတယ်ဗျ၊ ကျုပ်တို့အရပ်အခေါ်ကတော့“သောက်ဆမ်းဖက်”ရယ်
“လိပ်မျက်ရည်”ရယ်ဗျ။ သောက်ဆမ်းဖက်ကတော့ သောက်လို့လဲရ၊ ဆမ်းစားလို့လည်းရတယ်၊ လိပ်မျက်ရည်ကတော့ဆီကျန်ရေကျန်လေးပေါ့ဗျာ၊ လူကများတော့ သောက်ဆမ်းဖက်လေးပဲချက်လိုက်တယ်
ငါးတွေနှုးလောက်ပြီဆိုတော့မှ အချိုမှုန့်နဲ့ဆားသင့်တော်ရုံလေးထည့်ပြီးတော့၊ “တောပင်စိမ်း”လို့ခေါ်သဗျ၊

ကျုပ်တို့ဆီမှာပေါက်တဲ့ပင်စိမ်းအရိုင်းတွေပေါ့၊ မွှေးမှမွှေးပဲ၊ အဲဒီတောပင်စိမ်းလေးတွေခူးပြီးတော့ထည့်ပြီး
အုပ်ထားလိုက်တယ်၊ အသင့်စားလို့ရပြီပေါ့ဗျာ။ ငပိချက်ကတော့ကျုပ်တို့တောသားတွေအတွက်တော့
ပင်တိုင်အစားအစာပေါ့။ ငပိလေးကလည်းမွှေးနေတာပဲ၊ကိုယ်တိုင်လုပ်တဲ့ငါးငပိပေါ့ဗျာ။ ကြက်သွန်ဖြူ၊နီလေး
ကိုမီးဖုတ်ပြီးတော့ထောင်း ငြုပ်သီးစိမ်းလေးကိုရေနည်းနည်းနဲ့ပြုတ် ရေခမ်းပြီဆိုဆီနည်းနည်းထည့်လှော်၊

ပြီးရင်ထောင်း၊ငပိအဖျော်ပေါ့ဗျာ၊ ပြီးရင်ငပိရည်ကိုခုနကငြုပ်သီးစိမ်းရယ်၊ ကြက်သွန်ဖြူ၊နီထောင်းရယ်ထည့်မွှေ၊ ငါးဖယ်အောင်းအသားလေးတွေနွင်ပြီးတော့ထည့်၊အချိုမှုန့်လေးထည့်၊ ရပြီပေါ့ဗျာ။ တို့စရာကတော့ ခုနက ကန်စွန်းရွက်တွေကိုထည့်ပြုတ်၊ မန်ကျည်းမှည့်လေးနည်းနည်းပါထည့်ပြီးပြုတ်ရတယ်၊ ကန်စွန်းရွက်တွေနွမ်းပြီဆိုရင်ရပြီ၊ အသင့်စားလို့ရပြီပေါ့ဗျာ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ စားဖို့ပြင်ကြ ဆင်ကြတော့တာပဲ၊ဟင်းနံ့တွေကလည်းတဲထဲမှာကြိုင်လှိုင်နေတော့ဗိုက်ကလည်းဆာပေါ့၊ အားလုံးဝိုင်းထိုင်ပြီးတော့ ခုနက ငါးဖယ်အောင်း“သောက်ဆမ်းဖက်”ရယ်၊ ငပိရည်တို့စရာနဲ့လွေးလိုက်ကြတာခေါင်းတောင်မဖေါ်နိုင်ကြဘူးဗျို့၊ငါးဖယ်အောင်းကြီးတွေက လတ်ဆတ်တော့ချိုဆိမ့်နေတာပဲ၊ ငရုပ်သီးစိမ်းကလည်းစပ်မှစပ်၊ ချဉ်ငံစပ်လေးပေါ့ဗျာ။ ငပိရည်နဲ့တို့စရာ
လေးကလည်းကောင်းမှကောင်း၊ စားလိုက်ကြတာ ထမင်းတစ်အိုးလည်းပြောင်ပါလေရောလား။
ကောင်းချက်ကတော့ ထောင်းချက်ထားတဲ့အတိုင်းပါပဲ။

နောက်ကြုံရင် တောင်းဆိုတဲ့သူတွေရှိရင်တော့ ကျုပ်တို့တောသူတောင်သားတွေရဲ့လူနေမှုအကြောင်းတွေ၊
ငါးဖမ်းပုံဖမ်းနည်းတွေ အများကြီးပေါ့ဗျာ၊ရေးချင်ပါသေးတယ်၊ တောသူတောင်သားတွေရဲ့ဘဝဟာ
အင်မတန်မှရိုးသားဖြူစင်ကြပါတယ်၊ သူတို့မှာဟန်ဆောင်မှုဆိုတာမရှိအောင်ရိုးသားကြပါတယ်
ခင်ဖို့လည်းကောင်းကြပါတယ်ဗျာ။

နောင်လမ်းကြုံရင်တော့ကျုပ်တို့ရွာလေးကိုအလည်လာဖို့ဖိတ်ခေါ်ပါတယ်ဗျာ...
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။ ။

ရဲရင့်သွေး(ခ)ရဲရင့်ပေါ(ခေတ္တ မလေးရှော) ဟီး ဟီး ဟီး

23 comments:

ဂျာမုန်းဒန် said...

သားကြီးရဲ့အမှာစာကိုဖတ်ရတာအစ်မတစ်ယောက်အနေနဲ့စိတ်မကောင်းပါ။
ဘာကြောင့်များဝမ်းပျက်နေရတာတုံး။အစ်မဆီလာစားလို့တော့မဖြစ်နိုင်ဘူးနော်။
ငါးဖမ်းအကြောင်းပြောရမယ်ဆိုရင်တော့အစ်မကပိုကျွမ်းမယ်ထင်တယ်
ငါးဖမ်းသွားပြီးအိမ်ပြန်လာတဲ့ရုပ်ကိုတောင်မြင်ယောင်မိတယ်။
ငါးအများကြီးရတဲ့နေ့ဆိုလမ်းတရှောက်လုံးကြွားလာတယ်။
ငါးသိပ်မရတဲ့နေ့ဆိုဘယ်သူကိုမှမပြရဲတော့ဘူး။ ဒါတွေပြန်မြင်ယောင်မိတယ်။
ကဲ...ကျန်းမာရေလည်းဂရုစိုက်အုံးနော်။
ခင်တဲ့အစ်မ
ဂျာမုန်းဒန်

မဟာဆန် said...

တက်ဂ်ထားတာလေး ရေးပေးလို့ ကျေးဇူးအရင် တင်လိုက်တယ်နော်။။ စာဖတ်လိုက်ဦးမယ်။။ပြီးမှ ထပ်မန့်မယ်။။။

Anonymous said...

ကိုကြီး
အဲ့ဟင်းလေးစားချင်စရာနော်
ပင်စိမ်းပါရင် ကြိုက်ပြီးသား
း)

ခင်တဲ့
မြူးလေး

မဟာဆန် said...

အင်း...ရမ်းသမ်းကျေးဇူးတင်လိုက်မိတာ သားကြီးရေ..တကယ်က ရဲရင့်သွေးကိုရော သားကြီးကိုပါ နှစ်ယောက်လုံး ကျေးဇူးတင်တာပါ။ သားကြီးက ထိုင်မရထမရ ဖြစ်နေတာ ဘာလို့တုန်း။ ကောင်မလေးနဲ့ ကွိုင်တက်နေတာလား။ ဒါမှမဟုတ် အိပ်ရာတွေ ထိုင်ခုံတွေက ဂျပိုးရှိနေလား။ မဟုတ်ရင် လိပ်ခေါင်းဖြစ်နေတာလားကွယ်။ ရဲရင့်သွေးရဲ့ ငါးဖယ်အောင် သောက်ဆမ်းဖက်ကတော့ ကြားရတာနဲ့တင် ဂလုဂလု ဖစ်နေပီ။ ငပိရည် တို့စရာကလည်း ပါသေး။ မြစ်ကိုဖြတ်ပြီး တိုက်လာတဲ့ လေကလေးက တဖြူးဖြူးနဲ့ ထမင်းစားရတဲ့ ပတ်ဝန်းကျင်ကလည်း သာယာလို့။ အားလုံး စားချင်တယ်။ တကယ်မစားရဘဲ စာထဲမှာပဲ တွေ့ရလို့ အနားက ကော်ဖီခွက်ကို ကောက်မော့ပြီး ဒီဘလော့ကို မျက်စောင်းကြီးကြီး ထိုးသွားတယ်။ သူက မလေးရောက်နေတာကို သူ့ရွာလာပြီး ထမင်းစားပါဆိုတော့ ဘယ့်နှာကြီးတုန်းလို့။

ကောင်းကင်ပြာ said...

ကောင်းကင်လဲ ကွက်ကြည့်ကွက်ကြည့် ကြည့်လိုက်ထဲက သားကြီးဝမ်းလျောတော့မယ် ဆိုတာ သိတယ်ကွ:P
ရဲရင်သွေးရဲ့ ငါးချက်ပုံ ငပိရည်တို့စရာလေးတွေ ကောင်းပါတယ်၊ အမ က ငါးမကြိုက်တော့ ငပိရည်နဲ့တို့စရာပဲ သားရည်ကျသွားတယ်

chitpalone said...

ဟိုက်ရှား ထိုင်မရထမရ ဖြစ်နေသောကိုသားကြီး ဟိုရေးထားတဲ့ တပုဒ်ကို အရင်အပြီးသတ်ပြီးမှ ထိုင်မရထမရ ဖြစ်တာတော်သေးတယ်လေ။ အင်း အခုတော့ သောက်ဆမ်းဖတ်ဟင်းလေးကို သရေကျရင်း ပြန်တော့တော့မယ် တာ့တာ။
ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Angel Shaper said...

Wow.......
လို့ သာအော်လိုက်မိပါတော့သည်။
အလွန် သွားရည်ကျမိသော စားစရာများပေတည်း။ ဟီဟီးးးးးး
ကိုရဲရင့် တကယ်ချက်ကျွေးလို့ ကတော့ ရွာကိုလိုက်လည်မယ်။ လိုက်စားမယ်။
ကိုသားကြီးကကော ဘီလိုဖစ်တာတုံး....
ထိုင်မရ၊ ထမရ ဖြစ်တာ သေချာနေပါပြီ။။။။။။။။။။။။။
တန် ဒန့်ဒန့်.... သိဒယ်နော်...
ဟွင်းးးး ပြောဘူးးးး ဟူးးးးဟူးးးးးးး
ဒါမျိုးတွေ ရိုးးးးးးးးးးးးဟိုးးးးဟိုးးးးးနေဘီ...
ဟိဟိ ချစ်ခင်၍ တမင်နောက်သွားပါသည်။
ပျော်ရွှင်ပါစေနော်။

နှင်းနဲ့မာယာ said...

ကိုသားကြီးရေ
သရက်သီး မှည့်ရင် သတင်းပို့နော်...
တစ်ယောက်တည်းမစားနဲ့...
ထိုင်မရ ထမရ ဖြစ်နေမှာစိုးလို့ပါ...
တက်ဂ်ကြွေးက ဘယ်အချိန်ပဲဆပ်ဆပ် ရပါတယ်..
အတိုးတော့ ပေးရမယ်နော်...

လူရိုင်းလေး said...

ကိုသားကြီးရေ အစားငတ်တာတော့ ငတ်ပေါ့ဗျာ :) ဒါပေမယ့် သရက်သီး အစိမ်းကြီးကိုတော့ မစားပါနဲ့ဗျာ :P ထိုင်မရထ မရရင်တော့ အဲ့ဒါ မှ အဲ့ဒါဖြစ်နေပြီပဲနော် သတိထားအုံး

ခြေလှမ်းသစ် said...

ကိုသားကြီးရေ ... ဖတ်ရင်းဖတ်ရင်းနဲ့ ... သွားရေတွေ ကျလာတာ.. ချေင်းကြီးပေါက်သွားတော့တယ်.. အဲ့ဒါနဲ့ ရေကူးပီး လိုက်သွားတာ ကိုသားကြီးတို့ ရွာတောင် ရောက်သွားတယ်.. ဟိုလဲရောက်ရော .. ဟင်းတွေက ကိုသားကြီး မလေးကို ယူသွားလိုက်ပီတဲ့.. မစားပဲနဲ ပြန်လာရတယ်...... ဟားဟားဟား

rose of sharon said...

စားချင်စရာဘဲ... ဒီမှာငါးကောင်းကောင်းမစားရတာကြာပြီ... ငါးပိရည်နဲ့ငါးဟင်းနဲ့လိုက်တယ်နော်... သားကြီးရေ...ဘီယာမသောက်နိုင်ဖြစ်နေတာကိုတော့မသနားပါဘူး...

kiki said...

ဟယ်....
အမှည့်လွန် သရက်သီးတွေ မစားနဲ့လေ ။။
လျှောဘရားသား ဖြစ်တာတောင် နဲသေးတယ်။

ငပိရေ တို့ စရာတော့ စားချင် သကွယ်...

ငွေဇင်ယော် said...

အဲလိုရွာဓလေ့လေးတွေ များများရေးပါအုံး။ ဖတ်လို့ကောင်းတယ်။ ပရိတ်သတ် 1ယောက်ကြီးများတောင် အခိုင်အမာရပြီလို့ အားတင်းပြီးဆက်ရေးပါ။

နဒီမိုးညို said...

ကမ္ဘာပျက်မှာ..မကြောက်ပါနဲ့ ..ကိုယ်တစ်ယောက်တည်း..သေမှာမှ..မဟုတ်တာ.
အဲအချိန်မှာ..သီချင်းနားထောင်ပြီးတော့..
ကြိုက်တာ.တွေ..ချက်စား...ပြီးတော့..ကိုယ်မြက်နိုးတဲ့
ပစ္စည်းလေး..ဖက်ပြီးသေပေါ့..လိုံ(ဥပမာ..ကောင်မလေး.ချောချောလေး..မဟုတ်ရင်..
ကွန်ပူတာ..ဖြစ်ဖြစ်ပေါ့..အဟိ)

ကိုရေတမာ said...

ငါးဟင်းလေးက ဗိုက်တောင်ဆာသွားတယ်... ကမ္ဘာပျက်မှာ တကယ်လားဟင်...

မေဇင် said...

ိကိုသားကြီးက ရီရတယ်.... ကိုရဲရင့်သွေး....သူများ တကယ် စားချင်စိတ်ပေါက်လာအောင်ရေးတတ်တယ်.. ကိုသားကြီးငယ်ငယ်တုန်းက စားတာ သရက်သီးပဲ... သိပြီ သိပြီ....

တလနွန် said...

ကိုသားကြီး အလွမ်းနဲ့  ပန်းတွေကိုပွင့်စေလိုက်တယ် ကို ဆက်အုံးးး ငယ်ငယ်တုန်းက သရက်သီး ကို ကြယ်နီမတိုက်ခင် အကုန်စားတာတော့ဟုတ်ပါပြီးလေ။ ကမ္ဘာပျက်မှာကြောက်လို့  ထိုင်မရထမရ ဆိုတာက ဘာတုန်း ????? (Just Kidding)
ကိုရဲရင့်သွေး ချက်တဲ့ ငါးဖယ်အောင်းချက် ကို လယ်တဲထဲမှာ လွေးရတာကို ကြုံချင်စမ်းပါဘိ။ ကိုသားကြီး သူငယ်ချင်းပီပီ စာရေးကောင်းတယ်ဗျ။

ခင်မင်ခြင်းနှင့်
တလနွန်

ငှက်ကလေး said...

အမငေးးးး ဖေသားကြီးရယ် ကမ္ဘာပျက်တာများ ထိုင်မရထ မရ ဖြစ်နေတယ်လို့ ဟွန်းးးး ပြောချင်ဘူး သူ့သူပျက်ပျက်ပေါ့ အနေသာကြီးရယ် အလကား ဘာမှမဟုတ်ဘူး သူ့ကောင်မလေး ယောက်ျားနောက်လိုက်သွားလို့ ဖြစ်ရမယ် ဒါကြောင့် ဂလိုဖြစ်နေတာ ဟိုဇာတ်လမ်းတောင် ဆန့်တငင်ငင်နဲ့ထားတာ ကြည့်ပါလားလို့ ဟွင်းးးးးးး

ရွက်လွင့်ခြင်း said...

သောက်စမ်းဖက် တို့  လိပ်မျက်ရည်တို့ ဆိုတာ ခုမှကြားဖူးတာ ကိုသားကြီးရေ...
ဒါပေမယ့် တင်ဆက်ပုံက ကောင်းတော့ ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိတယ်၊ ဗိုက်လည်းဆာလာတယ်း)
ဒါနဲ့ ထိုင်မရ ထမရ ဆိုတော့ အတွင်းအားကျင့်နေတာလား(ကီ ထိုင်တဲ့ပုံ ဖြစ်နေလို့ )

ငွေဇင်ယော် said...

သားကြီးရေ.....အမဆီကိုလာလည်ရင်းအဖြေထုတ်ပေး သွားတာကျေးဇူးပါ။ နောက်လဲ အချိန်ရရင် မပြည့်မစုံအိမ်လေးကိုလာလည်ပါအုံးနော်

ငွေဇင်ယော် said...

တကယ်တန်းတော့ ကိုယ်ဝန်မခံချင်တာသားကြီးက အဖြေကိုဒဲ့ကြီး ၀င်ထုတ်သွားတယ်ကွာ

ငွေဇင်ယော် said...

တကယ်တန်းတော့ ကိုယ်ဝန်မခံချင်တာသားကြီးက အဖြေကိုဒဲ့ကြီး ၀င်ထုတ်သွားတယ်ကွာ

maylay said...

ငါးဟင်းလေး စားသွားတယ်အစ်ကို။ ငါးပိဖျော်ရောပဲ။ အစ်ကို သားကြီးကလည်း သူ့ဟာသူ ကမ္ဘာကပျက်မှာ အစ်ကိုအေးဆေးနေလို့ရပါတယ်နော်။
maylay

 
©2009 ♬သားကြီး♪ | by TNB