ဇာတ်ပွဲ


ကျွန်တော့်အဖေဘက်ကအဖိုးတို့ရွာဘုရားပွဲတုန်းကကြည့်ဖူးတဲ့ဇာတ်ပွဲတစ်ခုပါ အဲဒီညကသူငယ်ချင်းနဲ့နှစ်ယောက်သား ထုံးစံအတိုင်း လျှောက်ပြီးဝီနေတာ ပွဲခင်းထဲရောက်တော့ ရယ်စရာရွင်စရာ အော်ပရာကဏ္ဍစနေပါပြီ ကျွန်တော်တို့နှစ်ကောင်က
ဝါသနာတူတွေ…ဇာတ်ပွဲပဲကြည့်ကြည့် အငြိမ့်ပဲကြည့်ကြည့် လူရွင်တော်ပျက်ခန်းနဲ့ စတိတ်ရှိုးခန်းပဲကြည့်တယ် ကျန်တဲ့အခန်းတွေမှာတော့ ဗူးသီးကြော်ကြော်ရင်းရွာလူကြီးမသိအောင် ရွာထွက်ရှန်ပိန်လေးပါတွဲခိုးရောင်းတဲ့ ပွဲခင်းဘေးကဆိုင်တွေမှာရှိနေလိမ့်မယ် ဒါမှမဟုတ် ကန်သင်းရိုးဘောင်ပေါ်ထိုင်ပြီး ဒီညဘယ်ပျိုပျိုမေလုံမချောကိုအိမ်လိုက်ပို့ရင်းအီစီကလီလုပ်ရင်ကောင်းမလဲလို့ ပြင်းပြင်းထန်ထန်ဆွေးနွေးနေလိမ့်မယ်
ဒါမှမဟုတ် ဓါတ်မီးရောင်တဝင်းဝင်းနဲ့ ပွဲခင်းထဲ ဟိုထိုးဒီထိုးပြီး လှတပတ မျက်နှာလေးတွေကိုရှာဖွေနေလိမ့်မယ်
ခုတော့favorite sectionကကျလာပြီဆိုတော့လည်း ဇာတ်စင်နဲ့အနေတော်လောက်မှာနေရာယူပြီးနှပ်နေလိုက်တယ် ဘေးဘီဝဲယာကိုအကဲခတ်ကြည့်လိုက်တော့ ဘယ်ပျိုပျိုမေမှရှိမနေပါ အိုအိုမေကြီးဒေါ်ဖေါထူးကြီးသာပြောင်းဖူးဖက်ကြီးရဲကနဲ ရဲကနဲ နေအောင်ဖွာ၍ စတိတ်ခင်းကိုမိန့်မိန့်ကြီးရှုစားတော်မူနေလေသည် အင်း…နေရာရွေးမှားသွားပြန်ပြီ ကိစ္စတော့မရှိ ဒါလေးတော့ခဏသည်းခံလိုက်မည် ပြီးရင်ဆက်လှိမ့်မည်.....

အင်း...ကြုံတုန်းပြောရပါဦးမည် ဒေါ်ဖေါထူးသည်ပေါ့သေးသေးတော့မဟုတ်ပေ၊ လေးကြီးကြီးဖြစ်သည်။ ရွေတိဂုံဘုရားလည်းဖူးဖူးသည် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်လည်းသွားဖူးသူဖြစ်၍ ရွာထဲမှာတော့ပေါက်ပေါက်မြောက်မြောက်ရှိသူဆိုရမည်၊ ရွေတိဂုံဘုရားသွားဖူးတုန်းကဆို ဘုရားကြီးကိုမော့မော့ကြည့်ပြီး “ဒီလောက်မြင့်တာ...ထီးတော်ကိုဘယ်လိုတင်ကြပါလိမ့်?” ဆိုပြီးအံ့သြစိတ်နဲ့မော့ကြည့်နေတာ တစ်နာရီကြာတယ် နောက်တော့သိချင်စိတ်ကိုမြိုမသိပ်နိုင်တော့တဲ့အဆုံး အနားကဘုရားဖူးတစ်ယောက်ကိုကောက်ကာငင်ကာမေးလိုက်သတဲ့။ အဲဒီမှာဘုရားဖူးကလည်း စိတ်အချဉ်ပေါက်ပေါက်နဲ့ပြန်ဖြေလိုက်တာက “အဒေါ်ရယ်...ဒါများအဆန်းလုပ်လို့ အရင်ဆုံးဘုရားကိုအောက်ခြေကနေလှဲ ထီးတော်ကိုတပ် ပြီးတော့ ဘုရားကိုပြန်မ ဒါပဲပေါ့ ထီးတင်တာ”....“သြော်?? အဲလိုလား...? ဟုတ်တာပေါ့ ..တော်တော်တုံးတဲ့ငါပဲ ဒါလေးတောင်မတွေးမိဘူး”ဆိုပြီး ရွာလည်းပြန်ရောက်ရော ရွေတိဂုံဘုရားကြီးအလွန်သပ္ပာလ် အလွန်ကြီး အလွန်ကြည်ညိုစရာကောင်းကြောင်း အကြောင်းမသိသူတွေအနေနှင့်ထီးတော်အမြင့်ကိုကြည့်၍ အံ့ဘွယ်ဘနန်းဖြစ်ရမည်ဖြစ်ကြောင်း....တကယ်တော့ ဘာမှအံ့သြစရာမဟုတ်ကြောင်း ဘုရားကိုလှဲပြီးထီးတော်ကိုတင်ကြခြင်းသာဖြစ်ကြောင်း နေ့ရှိသ၍လျှောက်ပြောရာ တစ်ရွာလုံးသတင်းမွှေးသွားတော့၏။ တခါကလည်း ထိုင်းမှာအလုပ်သွားလုပ်တဲ့တူကဖုန်းဆက်လာမယ်ဆိုလို့ မြို့ထဲသွားဖို့ကားစောင့်တာ ကားလည်းလာရော အရှေ့ခန်းကိုမှထိုင်မယ်တကဲကဲဖြစ်နေတော့တယ် “မရဘူး....ဒါဘုန်းကြီးတွေအတွက်သီးသန့်နေရာ”ဆိုလည်းမရဘူး ထိုင်မယ်ပဲ..။စပယ်ယာလည်းစိတ်မရှည်နိုင်တော့ဘဲ “ခင်ဗျားဘာဖြစ်လို့ဒီလောက်အရှေ့ခန်းထိုင်ချင်နေရတာတုန်း..အထဲမှာလည်းနေရာကချောင်ချောင်ချိချိရှိရဲ့သားနဲ့?” လို့မေးတော့ “နင်ဘာသိလဲ ? ငါ့တူကဆယ်နာရီထိုးရင်ဖုန်းခေါ်မှာဟဲ့ အနောက်ကနေထိုင်ပြီးလိုက်ရင် အချိန်အရမ်းနောက်ကျသွားမှာပေါ့ အချိန်မမှီရင်ဘယ်လိုလုပ်မလဲ? အဲဒါကြောင့်မြန်မြန်ရောက်အောင်အရှေ့ခန်းမှာထိုင်မှာဟဲ့ မသာရဲ့ သိပလား?” လို့စပယ်ယာကိုပြန်ဟောက်တော့ စပယ်ယာလုပ်သူက စိတ်ဆိုးရခက် ဒေါသထွက်ရခက်နဲ့ “ခင်ဗျားသဘောဗျာ...ခင်ဗျားသဘော” လို့အော်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ထိုင်ခွင့်ပြုလိုက်သတဲ့၊ ကားထဲကလူတွေကတော့ အားလုံးပြုံးစိစိနဲ့ ။..အဲ....ဇာတ်ပွဲအကြောင်းဆက်မည်... ကန့်လန့်ကာစစဖွင့်ခြင်း လူရွင်တော်နဲ့မင်းသမီးစကားနိုင်လုကြသည်…
လူပျက်=“ ဟေ့ ကြက်မတွန်လို့မိုးမလင်းဘူးကွ ကြက်ဖတွန်မှမိုးလင်းတယ်
မင်းသမီး= “အဲလိုမပြောနဲ့ အဲဒီကြက်ဖကရော ဘယ်ကထွက်လာတာတုန်း?”
လူပျက်= “ယောင်္ကျားဆိုတာ ဘုရားဖြစ်ခွင့်ရှိတယ် မိန်းမတွေဘုရားဖြစ်ခွင့်မရှိဘူး အဲဒါကြောင့်
ငါတို့ယောင်္ကျားတွေသာမြတ်တယ် သာတယ် နင်တို့မိန်းကလေးတွေကယုတ်ညံ့တယ်

မင်းသမီး=“ သြော်…အဲဒါဆိုအဲဒီဘုရားကို ဘယ်သူကမွေးပေးတာတုန်း? မယ်တော်မာယာမရှိဘဲနဲ့ဘုရားဆိုတာပွင့်လာစရာ
အကြောင်းမရှိဘူး

လူပျက်= “ဟေ့ဟေ့ အဲလိုတော့တဖက်သတ်မပြောနဲ့ကွ...မယ်တော်မာယာချည်းပဲလည်းဖြစ်မှာမဟုတ်ဘူး တဖက်တလမ်းက
လုပ်အားပေးတဲ့ သုဓ္ဒေါဓနမင်းကြီးကိုလည်းထည့်တွက်ဦးမှပေါ
”့ (ရယ်သံတွေဟိုကဒီက ထွက်လာသည်)
မင်းသမီး= “အခြားမကြည့်နဲ့ မြို့တကာ့မြို့တွေမှာတောင် မေမြို့ပဲရှိတယ် မောင်မြို့ဆိုတာမရှိဘူး အဲဒါကြောင့်မိန်းကလေး
ဆိုတာ ယောင်္ကျားတွေထက် သာတယ်”

လူပျက်= “ဘာလို့မရှိရမှာလဲ သိပ်ရှိတာပေါ့ ငါတို့ယောင်္ကျားနာမည်နဲ့မြို့တွေ” အဲဒီမှာမင်းသမီးက စိတ်ရှုပ်ထွေးတဲ့ဟန်နဲ့
ဘယ်မှာရှိလို့လဲ?” ဆိုပြီးအသံစာစာလေးနဲ့အော်တော့ လူရွင်တော်က အသံပြတ်နဲ့ “တောင်ကြီး” တဲ့
ပွဲခင်းတစ်ခုလုံးဝေါကနဲ ဝိုင်းရယ်ကြသည် ဘေးနားကအဒေါ်ကြီးကအဆိုးဆုံး ရယ်လိုက်သမှ တကိုယ်လုံးကို
သိမ့်သိမ့်ခါနေတယ်
မင်းသမီး= “ဒီမှာရှင့် အခြားမကြည့်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေမှာတောင် ယောင်းမဆိုတာပဲရှိတယ် ယောင်းထီးဆိုတာမရှိဘူး
အဲဒါကြောင့်မိန်းကလေးတွေသာ သာတယ်”

လူပျက်= “အမိရယ်…မင်းဘာမှမသိဘဲလျှောက်ပြောတယ် မီးဖိုဆောင်မှာလည်းယောင်္ကျားနာမည်နဲ့
အသုံးအဆောင်တွေရှိတာပဲပေါ့
” အဲဒီမှာမင်းသမီးက ရှုးရှုးရှားရှားနဲ့ ဘာရှိလဲ ဘာရှိလဲ အလကားလျှောက်ပြော ရှုံးပြီ
မဟုတ်လား ? ဝန်ခံလိုက်စမ်းပါတဲ့
မင်းသမီးကအဲလိုလည်းရန်တွေ့ရော လူရွင်တော်က မချိုမချဉ်မျက်နှာနဲ့ပြန်ပြောလိုက်တာက “ငရုတ်ကျည်ပွေ့” တဲ့
ပွဲခင်းတစ်ခုလုံးပတ်တုတ်လို့မရတော့ပါ ဘေးနားကဒေါ်ဖေါထူးကြီးဆို ရေတွေသီးပြီး တခွီးခွီးကိုဖြစ်နေတော့သည်
နောက်ပိုင်းစကားနိုင်လုတာအားမရ၍လူခြင်းပါပြိုင်ကြလေတော့သည်။
လူပျက်က မင်းသမီးလိုက်လုပ်ဖို့ဘယ်လိုမှမဖြစ်နိုင်တဲ့ ကျွမ်းထိုး မှောက်ခုံ ဟိုကား ဒီကား ဟိုလိမ်ဒီလိမ်တွေလျှောက်လုပ်
မင်းသမီးကလည်းအားကျမခံ အရှုံးမပေးဘဲ လိုက်လုပ် အဲဒါကိုကြည့်ပြီးပွဲခင်းပရိတ်သတ်တွေကရယ်
ကျွန်တော်တို့လည်းရယ် ဒေါ်ဖေါထူးကြီးဆိုအဲဒီညကရယ်တာ ပါးစပ်တောင်ရွဲ့သွားတယ် (တကယ်ပြောတာ) နောက်မှရွာက
တတ်ကျွမ်းတဲ့အကြောပြင်ဆရာတွေနဲ့အချိန်ယူနှိပ်လိုက်မှပြန်ကောင်းသွားတယ် နောက်ဆုံးအဲဒီရွာမှာပြောစမှတ်ဖြစ်သွားတာက “တို့ရွာမှာလာကသွားတဲ့ပွဲကကောင်းသလားမမေးနဲ့ ပါးစပ်တောင်ရွဲ့တယ်”ဆိုပဲ ။

2 comments:

maylay said...

ဟာသဥာဏ်ကောင်းကောင်းရှိတယ်နော်။ နည်းနည်းလေး အားလို့ ဟိုး အောက်ဘက်က ပိုစ့်တွေကို လိုက်ဖတ်နေတာ ဒီပိုစ့်လေးလည်းကောင်းတာပါပဲ။ မြန်ပြည်က ဇာတ်ပွဲထဲကို ပြန်ရောက်သွားတယ်။ ကြည့်ဖူးပေမယ့် ဒီလို စေ့အောင် ပြန်မရေးတတ်ဘူး ။ ကိုကြီး အမှတ်သညာကောင်းတယ် တော်တယ်

linn said...

ဟာသအဟောင်းလေးတွေ ပြန်လိုက်ဖတ်တာ ဖတ်ရင်းနဲ့ ပါးစပ်ရွဲ့သွားတော့မလို့ ..အချိန်မီ ဘရိတ်အုပ်ထားလိုက်တယ် ..(ရယ်တာကို ..)

 
©2009 ♬သားကြီး♪ | by TNB