အားလုံးကိုရိတ်သိမ်းတယ်


ဒီနေ့လစာထုတ်လာတယ်ဆိုတော့ဂတိပေးထားတဲ့အတိုင်း တိုက်ကော နဲ့ အမင်းတို့နှစ်ယောက်ကို ကျနော်ကျွေးမွေးရတော့မယ်ပေါ့
ဒီနေ့ ကျနော်တို့နားကဆိုင်တော်တော်များများလည်းပိတ်နေတော့ မတတ်သာတဲ့အဆုံး ဒီရပ်ကွက်ထဲက မကြိုက်ဆုံး ဒေါ်ခွေးမရဲ့ စားတော်ဂေဟာကြီးကို ချီတက်လာရတော့တယ် ဒေါ်ခွေးမဆိုတဲ့နာမည်ကိုသူ့အလုပ်သမားတွေပဲပေးသွားတာပါ
သူ့ဆီမှာဘယ်အလုပ်သမားမှ ကြာကြာမမြဲဘူး တခုမဟုတ် တခုပြဿနာတက်ပြီး ဒိုးကြတာချည်း ခုဆိုသူ့ဆိုင်မှာ အိန္ဒိယအလုပ်သမားတွေချည်း ကုလားတွေက တူပေ ဒဏ်ပေခံနိုင်တာကိုး အဆဲလည်းသိပ်မမှုဘူးလေ..၊ တရုတ်ဆိုင်မှာကုလားအလုပ်သမားတွေချည်းဆိုကတည်းက စဉ်းစားသာကြည့်ပေတော့ပေါ့
မြန်မာအလုပ်သမားလောကမှာသူ့နာမည်အမှန်ကိုဘယ်သူမှမသိကြဘူး ဒေါ်ခွေးမ ဟေ့ ဆိုလိုက်ရင်တော့ သြော်… ဟို စောက်ကျက်သရေမရှိတဲ့အခွက်ကြီးနဲ့ တရုတ်မကိုပြောတာလား? အင်း ဆောရီးကွယ် လျှာမှာမြက်ပေါက်ပြီးပဲအသေခံလိုက်တော့မယ် သူ့ဆီတော့မလုပ်ဘူး.... ဟုတ်ကဲ့ ရပ်ကွက်မှာအဲလောက်ကိုနာမည်ကြီးပါတယ် တရုတ်မစင်စစ်ကနေ “ဒေါ်ခွေးမ” ဆိုတဲ့ဗမာနာမည်ကိုရထားတာသာကြည့်တော့ မယားဆိုးလို့ လင်က အကောင်းလားဆိုတော့ လင်ကလည်းအကောင်းမဟုတ်ပါဘူး မ မှန်ရင်လူမျိုးမရွေး ဘာသာမရွေး အသားအရောင်မရွေး အသက်အရွယ်မရွေး ဆင်းရဲချမ်းသာမရွေး ကြောင်တောင်နှိုက်တဲ့နေရာမှာ တော့ နာမည်အလွန်ကြီးပါပေတယ် ထားတော့ ထားတော့ … ပြောရတာ ပါးစပ်သနပ်၏ ။
ဆိုင်ရောက်တော့ ရေနွေးအိုးနဲ့စားစရာတွေမှာလိုက်တယ် ထုံးစံအတိုင်း ဒေါ်ခွေးမရဲ့ စောက်သံကြီးက ဟိုနား ဒီနားကနေ ကျက်သရေမရှိထွက်ထွက်လာနေတယ် စိတ်ပျက်ဖွယ်ကောင်းလေစွ

အမင်းကလူပုံစုတ်သလောက်သူ့ကောင်မလေးကအလန်းလေး ဒီနှစ်ကုန်ရင်ယူကြတော့မှာ..
…..ယူနေစရာလိုသေးလို့လားကွာ တချိန်လုံးယူနေတာပဲ... ကျနော်ကစတော့အမင်းက ရယ်ကျဲကျဲမျက်နှာနဲ့ .. အေးကွ ခုဟာက ဒီငါတို့နိုင်ငံမှာစတိုင်လိုဖြစ်နေပြီပေါ့ကွာ living together … မယူသေးဘဲ ချစ်ကြရုံနဲ့အတူတူနေနေကြတာ တရားဝင်လက်မထပ်သေးခင်အထိတော့ ဒါဟာချစ်သူတွေအဆင့်ပဲပေါ့ ချစ်သူဆိုတာကလည်းဘာအာမခံချက်မှမရှိဘူးလေ အဆင်မပြေရင် ကွဲကြပြန်ရောလေ … ရည်းစားပဲ ဘာအရေးလဲ ဒီတယောက်နဲ့ကွဲ နောက်တစ်ယောက်ပေါ့ နောက်တစ်ယောက်နဲ့ထပ်ပြီးliving togetherပြန်ပေါ့ အဆင်မပြေပြန်ဘူးလား နောက်တယောက် နောက်တယောက် နောက်တယောက်…. ဒီလိုနဲ့တကယ်ချစ်ပြီးတကယ်လက်ထပ်မယ့်သူရဲ့လက်ထဲလည်းရောက်ရော လူက.. ဟော ဟိုက ရေခဲသေတ္တာထဲမှာရက်ကြာနေတဲ့ ဆာတေး(satay) ကင်တွေလို(ဘေးstoreကဆာတေးကင်တွေကိုလက်ညှိုးထိုးပြလျှက်) အသားတွေက ဘယ်လိုပြောရမလဲ ပြဲစိစိ ဖွယ်တယ်တယ်ကြီးတွေဖြစ်ကုန်ရောပေါ့ကွာ ….မင်းဘာသာမင်း ကင်ပဲစားစား ဖုတ်ပဲစားစား ဘာမှအရသာမရှိတော့ဘူး..
ဟားဟားဟား…!!!!
ဟားဟားဟား…!!!!
ကျနော်နဲ့ တိုက်ကောက သူ့စကားကိုသဘောကျပြီးရယ်တယ်
ဟုတ်တော့လည်းဟုတ်သားပဲ သူတို့ယဉ်ကျေးမှုက ဂျောက်ဂျက်သီချင်းထဲကလို မယူခင်က ပဲ့နေတာချည်း
ဘာပဲပြောပြော သူ့အရပ်နဲ့သူ့ဇာတ်နဲ့တော့ဟုတ်နေတာပါပဲ နင်လည်းပဲ့ဖူးတယ် ငါလည်းရွဲ့ဖူးတယ် ဆိုပြီး နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ပေါ့...
-အဲဒါကြောင့်ငါ့မှာအကြံတခုရှိတယ်
-အင်း… ပြောပါဦး
-ဒီလိုကွ မင်းရယ်ငါရယ်ခင်လာတာကြာပြီလေ
-အင်း… ဟုတ်တယ်လေ
-ဒီတော့ကွာ ငါလည်း အရသာမရှိတဲ့ ဆာတေးကင်တွေမစားရအောင်
-အင်း အင်း
-မင်းလည်း ဒီနိုင်ငံမှာ ဆွေမျိုးတစ်ယောက်တိုးသွားအောင်...
-အင်း…
အဟိ ငါ့ကို မင်းညီမနဲ့ပေးစားပါလား?
-ခွေးမသား!!! ငါကအကောင်းမှတ်လို့နားထောင်နေတာ
ဟားဟားဟား!!!
ကျနော်တို့နှစ်ယောက်ရဲ့ စကားကိုဘေးကထိုင်နားထောင်နေတဲ့ တိုက်ကော ကအသံပြဲကြီးနဲ့ သဘောကျပြီး တဟားဟား အော်ရယ်နေတော့တယ် ငါတို့နိုင်ငံမှာလက်ထပ်ပြီးမှအတူနေလို့ရတာကွလို့ကျနော်က ခပ်တည်တည်နဲ့ဖောထားဖူးတော့ မြန်မာမ ဆိုရင်အမင်းက ဟုတ်ဟုတ် မဟုတ်ဟုတ် ဇွတ်အထင်ကြီးနေတာ ….
ပြောမယ့်သာပြောရတာ ကျနော်လည်းမြန်မာအပေါင်းအသင်းတော်တော်ရှားတယ်ဆိုရမယ် ထူးထူးခြားခြားဒီတရုတ်နှစ်ကောင်နဲ့မှ လာခင်နေတယ် အမင်းကလူငယ်ဆိုပေမယ့်စက်ရုံတစ်ခုက ဆူပါဗွိုက်ဆာကြီး လစာလည်းမြင့်တယ် လူကအဲဗားသုံးဖြုန်းနေတော့ ဘာမှအဖတ်မတင်ဘူး ခုလက်ရှိကောင်မလေးနဲ့ကြိုက်ကြတော့မှ မိန်းမယူတော့မယ်ဆိုပြီး လူလိမ္မာလုပ်ပြီးပိုက်ဆံစုနေတာ ဒီနှစ်ကုန်ရင်တော့ မင်္ဂလာပွဲလေးဖြစ်ပြီပေါ့
နောက်တယောက်က တိုက်ကော နိုင်ငံခြားမှာ ခင်မင်မှုသက်တမ်းအကြာဆုံး friendတွေစားရင်းထဲမှာ သူပါတယ်
သူကလူပျိုကြီး အမေအိုနဲ့နေနေတာ အဖေက ဟိုးသူငယ်ငယ်ကတည်းက သူတို့မိသားစုကိုစွန့်သွာ့းတယ်
လက်ရှိသူ့အမေနဲ့ ခြံထွက်အသီးအနှံလေးတွေလိုက်ရောင်းပြီးအသက်မွေးနေတာ သူတို့နိုင်ငံ သူတို့အနေအထားနဲ့ စားဝတ်နေရေးကတော့ ဘာမှပူပန်စရာမဖြစ်ခဲ့ဘူး သူလိုကိုယ်လို နေလို့ရတယ် သူလိုကိုယ်လိုမူးလို့ရတယ် သူလိုကိုယ်လိုရှုပ်လို့ရတယ်
အမေတစ်ခု သားတစ်ခုဆိုတော့လည်း အမေ့ရဲ့အချစ်တွေကိုအကုန်ရထားတဲ့ လူပျိုသိုးငပေါကြီးပေါ့ စိတ်ရင်းကအလွန်ကောင်း
ခင်တဲ့လူလည်းပေါတယ် ချောင်းရိုက်တဲ့လူလည်းပေါတယ် (အခြေအနေမကြည့်ဘဲ ဇွတ်ကြီးဖွံကြောင်တတ်လို့)
“မင်း ခုတစ်လော တော်တော်ပိန်သွားတယ်နော် ဘာဖြစ်တာလဲ? ကျန်းမာရေးဂရုစိုက်ဦးဟ... တော်ကြာဂိနေဦးမယ် “တိုက်ကောက စိုးရိမ်စိတ်နဲ့ကျနော့ရဲ့ ပိန်ပိန်လာနေတဲ့ခန္ဓာကိုယ်ကိုကြည့်ရင်းပြောတယ် ။ ပြောလည်းပြောစရာပဲကိုး ဟိုးတစ်ခေါက် အမင်းတို့စက်ရုံမှာ အတူတူအိပ်တဲ့ဗမာလူမျိုးက ကော်ဇောနဲ့အိပ်ရတာကို အိုက်တယ်ဆိုပြီး အောက်ဆင်းအိပ်တာ မနက်မိုးလင်းလို့အိပ်ယာထတော့ သူ့ခမျာ အသက်က ပါမလာတော့ဘူး (တမူးသောက်ပြီးအိပ်သွားတာ) ညဘယ်ချိန်ကတည်းကနေအေးပြီးသေသွားတာလဲမသိဘူး အဲဒီကတတည်းက တိုက်ကောက လန့်နေတာ မင်းတို့လူမျိုးတွေတော်တော်အသက်နုတယ်ဆိုပြီးတော့.....
သုံးယောက်သား စားလိုက် ပွါးလိုက်နဲ့ ခဏနေတော့ တိုက်ကော ဖုန်းကcall ဝင်လာတယ် ထုံးစံအတိုင်း သူ့အမေပေါ့
သူ့အမေက သူအပြင်ထွက်ရင် ဘယ်တော့မှစိတ်မချ ခဏခဏဖုန်းဆက်တယ် တွယ်တာစရာလည်းဒီသံယောဇဉ်ပဲရှိတာကိုး
အိမ်ကိုစောစောပြန်ခဲ့ဖို့မှာနေပုံရတယ် ။
ဒီလိုနဲ့ပဲ ကျနော်တို့ရဲ့ညစာစားပွဲက ဒေါ်ခွေးမကြီးရဲ့ ဒေါင်ဒေါင်မြည် အော့ကြောလန် ခေါက်ဆွဲတွေနဲ့ပဲပြီးသွားတယ်

၁၀နာရီထိုးတော့ပြန်ဖို့ဖြစ်လာပြီ ခဏခဏရေနွေးအိုး ရေထပ်ဖြည့်နေရတဲ့ ကုလားစားပွဲထိုးတွေလည်း ကျနော်တို့ကို ငြိုးဘက်ရန်သူကြီးလို ကြည့်နေပြီလေ..... (မျက်လုံးစိမ်းနဲ့ကြည့်ပါနဲ့လားကွယ်....ငါ ခဲနဲ့ပေါက်ချင်တယ်)
“နက်ဖြန်၁၀နာရီအတိနော်.. ငါ တိုက်အောက်ကလာစောင့်နေမယ် သိပ်နောက်မကျစေနဲ့...”
အမင်းကကျနော့်ရဲ့ ချိန်းတိုင်း နာရီဝက်အမြဲနောက်ကျပြီးမှလာတတ်တဲ့အကျင့်ကိုသိလို့ သေသေချာချာထပ်မှာနေတယ်
နက်ဖြန်မြို့ထဲသွားပြီး အမျိုးနဲ့တွေ့ဖို့ချိန်းထားတာ။ သွားရေးလာရေးမှာ ဒီလိုပဲနီးတဲ့အပေါင်းအသင်းကိုအပူကပ်ရတာပဲ taxiခကကြီးတယ်လေ။ဘတ်စ်ကားတို့ ရထားတို့စီးဖို့ကလည်းခေါင်းကိုက်တယ်... ကိုယ့်အဖြစ်ကလည်းသူများတွေလို ကိုယ်ပိုင်ကားမပြောနဲ့ ကိုယ်ပိုင်ဖိနပ်လေး ပါးပြီးစုတ်နေတာတောင် မလဲဖြစ်သေးဘူး ဘဝပေးကအဲလိုကောင်းတာ
ပိုက်ဆံရှင်းဖို့ခေါ်လိုက်တယ် ဒေါ်ခွေးမကြီးရဲ့ တခါစေ့စေ့ကြည့်မိ အသက်၇ ရက်တိုတဲ့စောက်ခွက်ကြီးကို အောင့်အီးပြီးကြည့်လိုက်ရတယ် ၇ရက်စာတိုလည်းတိုပလေ့စေတော့ ဝဋ်ကြွေးလို့ပဲသဘောထားလိုက်တော့မယ် ဖြစ်ရပုံများ အခြားဆိုင်တွေကလည်း ဒီနေ့မှလာပိတ်ရတယ်လို့
ဒေါ်ခွေးမပိုက်ဆံပြန်အအမ်းမှာ သူတို့နှစ်ယောက်ကားပေါ်တက်သွားပြီ.... အစကတော့ အတူတူပြန်ဖို့ပဲ ကိစ္စရှိသေးတော့သူတို့ကိုအရင်ပြန်ခိုင်းလိုက်ရတယ် မြန်မာဆိုင်မှာအလုပ်လုပ်တဲ့သူငယ်ချင်းက သူဝယ်လာတဲ့ဖုန်းအသစ်ထဲ သီချင်းလေးတွေလာထည့်ပေးပါဦးဆိုတာနဲ့ နေရစ်လိုက်ရတယ် ဆိုင်ချင်းက ကပ်ရက်ပဲကို
သူငယ်ချင်းအတွက်မှာထားတဲ့ခေါက်ဆွဲရတော့ပြန်မယ်အလုပ်မှာ စောစောကထိုင်ခဲ့တဲ့ စားပွဲပေါ်မှာ တိုက်ကောဖုန်းကကျန်နေတယ် “ဒုက္ခပဲ…ဒီကောင်ဖုန်းမေ့နေပြန်ပြီ...” အဲဒါသူ့အကျင့်ပဲဖုန်းတို့ သော့တို့မေ့တာ..၊
စားသောက်ဆိုင်မှာပဲသူမေ့ကျန်လို့သူများ မ သွားတဲ့ ဖုန်းက မရေနိုင်တော့ နောက်ဆုံးဖုန်းဆိုရင် အသံထွက်ရင်ပြီးရောဆိုပြီး ခပ်ပေါပေါ ဖုန်းပဲသုံးတော့တယ် ခပ်ကောင်းကောင်းဖုန်းတွေက သူများမ သွားကုန်ပြီကို
အိမ်ပြန်ရောက်မှပဲ ခေါ်ပေးရတော့မယ် ကျနော်လည်းသူ့ဖုန်းကို ယူပြီးအိတ်ထဲကောက်အထည့်မှာ
“ဝုန်း”ကနဲ ကျယ်လောင်တဲ့အသံကြီးတစ်ခုကြောင့် ကျနော်ရပ်နေတဲ့မြေကြီးပါတုန်သွားတယ်
အသံက လမ်းမကြီးပေါ်ကထွက်လာတာ ဆိုင်ကလူတွေလည်းစားနေတာတွေရပ်ပြီးလမ်းမဘက်ပဲအာရုံရောက်သွားကြတယ်
တချို့ပိုစပ်စုတဲ့လူတွေက အသံထွက်လာရာကိုအပြေးတစ်ပိုင်းသွားကြည့်ကြတယ်
“ကားတိုက်တာဟေ့... ကားတိုက်တာ..”
တစ်ယောက်ကထအော်တယ်။ မှောင်နေပြီဆိုတော့သိပ်သဲသဲကွဲကွဲမမြင်ရ နည်းနည်းလည်းလှမ်းနေတယ် ဓါတ်မီးတိုင်အလင်းနဲ့လှမ်းမြင်နေရတာက ကုန်ကားကြီးတစ်စီးက အိမ်စီးဆလွန်းကားလေးတစ်စီးကိုတိုက်သွားတာ
“proton ကားအပြာလေးဟ..?.” လော်လီနဲ့တိုက်တာ....!! တစ်ယောက်က အမောတကောနဲ့ရောက်လာပြီး ဆိုင်ထဲကလူတွေကိုလှမ်းပြောတယ်။။။။
“proton ကားအပြာလေး..?.”

“proton ကားအပြာလေး..?.”
ကျနော့ခေါင်းကပုတ်လောက်ကြီးသွားတယ်ထင်တယ် ။ မဖြစ်ပါစေနဲ့... မဖြစ်ပါစေနဲ့...


အပြေးတစ်ပိုင်းပဲ လမ်းမပေါ်ကို ဒုန်းစိုင်းထွက်လာတယ် နီးလာလေလေ စိုးရိမ်စိတ်က ပိုလာလေလေ
ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားရတဲ့ညပဲ တစ် ဒိုင်းဒိုင်း မြည်နေတယ်
လူတွေအုံနေတဲ့ကြားကအတင်းတိုးသွားပြီးကြည့်လိုက်တော့ ….
“မြတ်စွာဘုရား”....
ကျနော့်မျက်လုံးတွေပြာသွားတယ်
စောစောကပဲကျနော့ကိုနှုတ်ဆက်ထွက်သွားတဲ့ အမင်းတို့မောင်းလာတဲ့ proton အပြာလေးက ဦးခေါင်းပိုင်းတစ်ခုလုံးလော်လီကားကြီးအောက်မှာ စိစိညက်ညက်ကြေနေတယ်..
လော်လီမောင်းလာသူကကုလားလူမျိုး..။ ခေါင်းမှာလည်း မှန်စတွေ သွေးတွေနဲ့ ခုမှခြောက်အိပ်မက်ကနိုးလာသူလို သွေးရူးသွေးတန်းနဲ့အော်နေတယ်
“သူတို့လမ်းကြောင်းမှားတာ ဒီဘက်လမ်းလေးကိုမစောင့်ဘဲအတင်းချိုးဝင်လာတာ ” မီးလည်းမပြဘူး ကျနော်ကအရှိန်နဲ့ဗျာ
သိကြတဲ့အတိုင်း … ခုတော့သွားပါပြီ အီးဟီးဟီး…”
လူကငိုနေသော်လည်း အရက်နံ့ကထွက်နေသည်
ခုမှလာငိုနေတယ် အပြစ်မရှိသယောင်လည်းပြောနေသေးတယ် ပါးစပ်ကလည်းအရည်နံ့က တစ်ထောင်းထောင်း ရဲစခန်းနဲ့လည်းနီးတော့ ရဲတွေချက်ချင်းရောက်လာတယ် ambulanceကားပါရောက်လာတယ်
ပထမဆုံးအကြိမ်အဖြစ် ကျနော့မျက်စိရှေ့တည့်တည့်မှာဖြစ်ပျက်သွားတဲ့သေခြင်းတရား ယုံနိုင်စရာမရှိဘူး
ဗမာလူမျိုးသူငယ်ချင်းတယောက်က ကျနော့်ကိုတွေ့သွားတော့ .. “ဟေ့ရောင် သားကြီး အမင်းတို့ကားလား”?
သူ့အသံက ဝေခွဲမရတဲ့အသံ ကားကိုမှတ်မိပုံမရ
ကျနော်လည်း ဘာစကားမှပြန်မပြောနိုင် အာခေါင်တွေကခြောက်နေတယ် ထိတ်လန့်အံ့သြမှု မယုံကြည်နိုင်မှု
တွေနဲ့ လူကအိပ်ပျော်နေရင်းလမ်းလျှောက်သူလို ။
အဲဒီမှာပဲ အိတ်ထဲကဖုန်းက အသံမြည်လာတယ် တိုက်ကော ဖုန်းပဲ… ဖုန်းကိုင်လိုက်တော့ ကျနော့်လက်တွေကသိသိသာသာ တုန်နေတယ်
“ကြိုင်းရေ…အဲဒီလျှောင်စွေးတွေဝယ်မလာနဲ့တော့ အမေ့သူငယ်ချင်းတစ်ယောက်လာပေးသွားပြီ ပြန်လာရင် ဘေးအိမ်မှာသော့လာယူနော် အဲဒီမှာအမေ မာကျောက်ဆော့နေတယ်...ပြန်လာတော့နော်... ၁၀ နာရီကျော်နေပြီ ”
တိုက်ကောတို့အမေက ပြောချင်တာပြောပြီးဖုန်းချသွားပြီ.. ကျနော့နားထဲမှာသူ့စကားသံတွေက မကြားတချက် ကြားတချက်
ကျနော့ရှေ့က မြင်ကွင်းကိုသာ တိုက်ကောတို့အမေ မြင်နိုင်ခဲ့ရင်...?? မြင်နိုင်ခဲ့ရင်...?
ကျနော်ဘာစကားမှလည်းပြန်မပြောနိုင် မပြောရက်ခဲ့
တိုက်ကောက လူပေဆိုပေမယ့် အမေ့ကိုတော့သိတတ်လွန်းတယ် ကျနော်ကတောင် တခါတခါ အိမ်မှာ ဂျစ်ကန်ကန်
အမင်းဆိုလည်း လူအေး ကျနော်သိရသလောက် ပတ်ဝန်းကျင်မှာ ပြဿနာကြီးငယ်ရယ်လို့ တစ်ခါမှမဖြစ်စဖူး
သူ့အသက်အရွယ် သူ့ဝင်ငွေနဲ့ သူ့အနာဂတ် သူလက်ထပ်တော့မယ့်ချစ်သူ.... လက်ထပ်တော့မယ့်ချစ်သူ...
ကျနော်ဆက်မတွေးနိုင်တော့ဘူး ခေါင်းကအုံပြီးကိုက်နေတယ် ဘယ်လိုကံကြမ္မာကများ ဒီလိုအဖြစ်ဆိုးမျိုးကို ဆောင်ကျဉ်းခဲ့ပါလိမ့်..?
အဖြစ်အပျက်တွေက မယုံနိုင်စရာ
လော်လီဒရိုင်ဘာကိုရဲက ခေါ်သွားတာ..
တွန့်စုတ်သွားတဲ့ ပရိုတွန်အပြာလေးထဲက ကျနော့သူငယ်ချင်းနှစ်ယောက်ကို ခက်ခက်ခဲခဲ ထုတ်ယူလာကြတာ.....
အားလုံးကိုကြည့်နေရတာ အိပ်မက်ဆိုးတစ်ခုလိုပဲ
သူတို့အိမ်ကိုဖုန်းဆက်အသိပေးချင်လည်း ကျနော်ဘယ်လိုပြောထွက်မလဲ ဒီစကားမျိုး..? ခဏနေကြာရင်အကုန်သိကြတော့မှာပါလေ....
သူငယ်ချင်းဆီလည်း ကျနော်မသွားဖြစ်တော့ဘူး အိမ်ကိုပဲတန်းပြန်လာလိုက်တယ်
အပြန်လမ်းတစ်လျှောက်လုံး လမ်းနဲ့ခြေတောက်နဲ့ ထိလို့ထိမှန်းမသိတော့ ခေါင်းကအရမ်းကိုက်ပြီး လူကရူးချင်ချင်ဖြစ်နေတယ်
ဒီညမှ အမှောင်ထုတွေက ပိုပြီးကြီးစိုးနေသလားလို့ အဲဒီအမှောင်တွေမှာ မမြင်နိုင်တဲ့ သေခြင်းတရားအပြည့်ရှိတယ်
သေမင်းက ဘယ်အချိန်ကတည်းကနေ ကျနော်တို့နောက်ကနေ ကပ်ပါလာခဲ့လဲ?
အိမ်ကထွက်လာကတည်းကလား?
ဆိုင်မှာကတည်းကလား..?
ဒါမှမဟုတ်…. မွေးစကတည်းကပဲလား...??
ရှင်ခြင်းရဲ့အဆုံးက သေခြင်းပဲဆိုပေမယ့် ဒီလိုမျိုးအဆုံးသတ်ရလိမ့်မယ်လို့ ဘယ်သူယုံနိုင်မလဲ?
မယုံနိုင်လည်း ကြုံခဲ့ရပြီခုတော့...။
မျှော်လင့်ချက်တွေ အနာဂတ်တွေအားလုံးရုပ်သိမ်းခံလိုက်ရပြီ အားလုံးပြီးဆုံးသွားပြီ ချုပ်ငြိမ်းသွားပြီ ချစ်ခြင်းမုန်းခြင်းတွေလည်းမရှိတော့ဘူး....
မြန်မာစကားမှာ “ကွေးသောလက်မဆန့်မီ” တဲ့
သေခြင်းမှာ အသက်ကြီးတာ ငယ်တာမရှိဘူး ချစ်တာမုန်းတာမရှိဘူး ချိန်းဆိုတာတွေ ဂတိကဝတ်တွေ မရှိဘူး.. အားလုံးကို ရိတ်သိမ်းတယ်
အခန်းပြန်ရောက်လည်း ကျနော်အိပ်မပျော်တော့ မျက်လုံးကကြောင်နေပြီး မိုးလင်းကာနီးမှ တစ်ရေးလောက်ရသွားတယ်
တိုက်ကောဖုန်းကိုလည်း အသေပိတ်ထားလိုက်တယ် callတွေထပ်ဝင်နေရင် ကျနော်ရူးလိမ့်မယ် နက်ဖြန်မှပို့တော့မယ်
မနက် ၁၀နာရီထိုးတော့ ကြောင်ကြောင်တောင်တောင်နဲ့ တိုက်အောက်ကိုငုံ့ကြည့်နေမိသေးတယ်
..စောစောထလာဖို့မှာခဲ့တဲ့ အမင်းရဲ့ စကား နားထဲကမထွက်သေးဘူး...
..ကျန်းမာရေးဂရုစိုက်ဖို့မှာတဲ့ တိုက်ကောရဲ့စကား နားထဲကမထွက်သေးဘူး...
မြန်မာဆိုင်ကသူငယ်ချင်းကပြောတယ် “မင်း အဲဒီကားပေါ် ပါမသွားတာ ကံကောင်းတာပေါ့ကွာ... မဟုတ်ရင် မင်းပါရောပြီး မာလကီးယားနေဦးမယ် ” တဲ့..
ကျနော်ကံကောင်းပြီး သေမင်းလက်က လွတ်ခဲ့ပေမယ့် ကျနော်ဝမ်းမသာနိုင်ပါ...
ဖုန်းပြန်ပေးတဲ့နေ့က တိုက်ကောတို့အမေ ကျနော့ကိုကြည့်ပြီး ငိုလိုက်တာ တက်မတတ်ပဲ
နောက်ပြီး အမင်း ကောင်မလေး အဲဒီနေ့က အဲဒီသတင်းလည်းကြားရော ကောင်မလေး မူးလဲသွားတာ ဆေးရုံပို့လိုက်ရတယ်
တိုက်ကောတို့အိမ်ရှေ့ ကို လုံးဝဖြတ်မသွားဖို့ ကျနော်ဆုံးဖြတ်လိုက်တယ် ကျနော့်ကိုတွေ့ရင် သားကိုသတိရပြီး ငိုတဲ့သူတို့အမေကို သနားလို့…. ကြာတော့ကြာခဲ့ပါပြီလေ.....
………………………
[ ကြိုင်း ဆိုတာက ကွမ်တုန်း ဘာသာစကားနဲ့ သားကိုခေါ်တာ ၊ လျှောင်စွေး ဆိုတာက တရုတ်တွေရဲ့ အရွက်ခြောက်ပေါင်းစုံ အမြစ်ခြောက်ပေါင်းစုံ ရောသမပြီး ချက်ထားတဲ့ အရည်တစ်မျိုး အပူကျတယ်လို့ဆိုတယ်... ကျနော်ကတော့လျှောင်စွေးကို တရုတ်တွေရှေ့မှာပဲ လာစပ်စွေးလို့ပြောင်ခေါ်တယ် အမှိုက်ရည်တဲ့အဓိပ္ပါယ်က... လျှောင်စွေးထုပ်က အမှိုက်ထုပ်နဲ့တူလို့လေ..]

4 comments:

ကြယ်ပြာ said...

သားကြီးရေ ...

အစ်မ စီဘောက်စ်က ကွန်မန့်ကြောင့် ဒီကိုပထမဆုံးအကြိမ်လာဖတ်ဖြစ်ပါတယ် ... စိတ်မကောင်းလဲ ဖြစ်မိပါတယ် ... အင်း ... ကွေးသောလက်မဆန့်ခင်တဲ့ ... တကယ်လန့်စရာပါပဲ ...

သားကြီး said...

အစ်မရေ.... ဒီဘလော့အတွက် ဒါပထမဆုံး ကျနော်ရတဲ့ကွန်မန့်ပါပဲ အရမ်းဝမ်းသာပါတယ်ခင်ဗျာ..

khin oo may said...

ိစိတ်မကောင်းလိုက်တာ။

linn said...

သေခြင်းတရားကို မမြင်နိုင်ဘူးနော် ..အဲလို ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ အက်ဆီးဒန့် ဖြစ်ရင် သွေးပျက်ချင်တယ် ..ကြုံဖူးတယ်..

 
©2009 ♬သားကြီး♪ | by TNB