ကျားကလေးရဲ့ပုံပြင်


“အဲဒီမသာမကို ငါမဖမ်းလို့ဘယ်သူဖမ်းရဲလို့လဲ ကျေးဇူးမတင်ဖင်လှန်ပြတဲ့ဟာတွေ သတ္တိရှိတဲ့ကောင်ထွက်ခဲ့ကွာ နှုတ်ခမ်းမွှေးချင်းချည်ပြီးဆောင့်ပြိုင်ရုန်းပစ်မယ် ထွီ”
တခုသောနေ့လည်ခင်းတွင်ဖြစ်သည် မြန်မာပြည်အလယ်ပိုင်း အတန်အသင့်ခေါင်သည့် ရွာတစ်ရွာရှိသူကြီး၏အိမ်ဝင်းထဲကတလင်းပြင်ပေါ်တွင်ထိတ်တုံးခတ်ခံထိထားသောဖိုးဇံဆိုသူသည် ဒေါသအမျက်ချောင်းချောင်းထွက်လျှက်ဆဲရေးတိုင်းထွာနေ၏ ။
ဖြစ်စဉ်ကဒီလို...
မနေ့ကသူတို့ရွာတွင် မယဉ်မှုံဆိုသူသည်အိမ်သားများမရှိခိုက်ကြိုးဆွဲချသတ်သေသွားသည် ရွာပတ်ပြီးအတင်းတုတ်သန်းရှာလုပ်နေသောအမေဖြစ်သူကညနေစောင်းအိမ်ပြန်ရောက်မှတွေ့ရာ ခုနှစ်သံချီအော်ပြီးတက်သွားတော့သည် ရွာသားများလည်းရောက်လာကြကုန်ပြီးအမေဖြစ်သူကိုခြေချိုးလက်ချိုးလုပ်သူလုပ် နှာနှပ်ပေးသူပေးနှင့်ပျာယာခတ်သွားသည် သမီးဖြစ်သူကိုတော့တစ်ယောက်မှမထိရဲကြပါချေ မယဉ်မှုံသည်အသက်၂၄နှစ် အတန်အသင့်ရုပ်ရည်ရှိပြီး စကားနည်းကာ အေးအေးနေတတ်သူလေးဖြစ်သည် အဖေ အမေ အစ်ကိုအကြီးနှင့်မောင်ငယ်တစ်ယောက်ရှိပြီး စီးပွားရေးလည်းအတန်အသင့်ပြေလည်ကြသည်။
မိသားစုမှာရော ရွာထဲမှာပါပြဿနာအကျယ်အကျယ်မဖြစ်စဖူး
ဘယ်လိုကံကြမ္မာဆိုးကများသူမကိုဒီလိုလုပ်ပစ်ဖို့တွန်းအားတွေပေးပစ်ခဲ့သည်မသိ.. ကြမ်းပြင်မှတစ်ပေကျော်ကျော်အထိခြေတောက်ကလွတ်နေသည် မျက်နှာကပြာနှမ်းဖောင်းအစ်နေပြီးမျက်လုံးများကအဆမတန်ပြူးကျယ်နေကာ လျှာကလည်းအပြင်သို့အစ်ထွက်နေသည် သူမအသက်ရှင်စဉ်ကအပေါင်းအသင်းများပင်ထိုဖြစ်စဉ်အားတွေ့ပြီးအလွန်တရာထိတ်လန့်ကုန်ကြရာ ဘယ်သူမှအနားမကပ်ရဲတော့ ရွာသူကြီးလည်းရောက်လာပြီးအခြေအနေကိုကြည့်ရှုပြီးနောက်ရွာသားနှစ်ယောက်အားတာဝန်ပေးသည် တစ်ယောက်ကအပေါ်တက်ပြီးကြိုးကိုခုတ်ဖြတ်ရန်နှင့် တစ်ယောက်ကအောက်မှနေ၍ဆီးဖမ်းထားရန်ဖြစ်သည် တာဝန်ပေးခံရသောရွာသားနှစ်ယောက်လည်းခါးတောင်းကိုမြောင်နေအောင်ကျိုက်ကာသေသူအနားသွားပြီး
တစ်ချက်စီမော့ကြည့်ကြပြီးနောက် ရွာထဲသို့တစ်ဟုန်ထိုးပြေးဝင်ကာပျောက်ကွယ်သွားတော့သည် ။ ရုတ်တရက်သူကြီးတောင်ကြောင်သွားသည်
“ခွေးမသားတွေ ဘယ်ပြေးတာလဲ”
“ကြောက်ပြီးပြေးသွားတာဗျ” ဆယ်အိမ်မှူးကထအော်သည်
“နက်ဖြန်မှပဲအဲဒီနှစ်ကောင်ကိုရွာထိပ်ကဇရပ်အမိုးကိုပြင်ဖို့တာဝန်ပေးလိုက်မယ် ဒဏ်ခတ်တဲ့အနေနဲ့ ကဲဒီကိစ္စဘယ်သူတာဝန်ယူမလဲ လူနှစ်ယောက်လိုတယ်”
ထိုအခါသေသူမယဉ်မှုံ၏အစ်ကိုသည်မျက်ရည်တွေတွေကျနေရင်းမှ
“ကျနော်ကြိုးတက်ဖြတ်ပါ့မယ်ဗျာ ညီမကိုဒီအတိုင်းကြီးကြည့်မနေရက်ဘူး တစ်ယောက်ယောက်ကအောက်ကနေဖမ်းပြီးထိန်းထားပေးပါ”
ရွာသားအားလုံးသူလိုလိုကိုယ်လိုလိုဖြင့်တစ်ယောက်မှတော့ထွက်မလာ
“ဆီးဖမ်းတာတော့ဟုတ်တယ် ပြိုလဲမကျသွားဖို့အရေးကြီးတယ် ဖမ်းတဲ့လူရော သေတဲ့လူရော ရောထွေးပြီးပြုတ်ကျရင်ရွာနာတယ်ဗျ နိမိတ်မကောင်းဘူး”
အယူသည်းကြသူရွာသားများထဲမှထွက်လာသည့်အသံဖြစ်သည် ။
“လုပ်ပါဗျာ ကျနော့်ညီမလေးကိုဒီအတိုင်းကြည့်မနေကြပါနဲ့ အဖေကလည်းအမျိုးတွေရွာရောက်နေတယ် အီးဟီးဟီး”
ပြောရင်းမှအစ်ကိုဖြစ်သူငိုပြန်ပါလေပြီ ။
ထိုအခိုက် “ငါဖမ်းပါ့မယ်ကွာ” ဆိုသည့်အသံနှင့်အတူဖိုးဇံရောက်ချလာသည်။
သူကြီးကဖိုးဇံအားရှုတည်တည်နှင့်ကြည့်ပြီးနောက်
“မင်းမူးနေလား အရက်နံ့ကထွက်နေတယ် ကြည့်လုပ်နော် စောစောကရွာသားပြောသလိုလူရောမသာရောအလဲလဲအပြိုပြိုဖြစ်လို့ကတော့ မင်းမလွယ်ဘူး”
ဖိုးဇံလည်းဘာမှမဖြစ်စေရကြောင်းအာမခံပြီးသေသူအားအောက်မှသေသေချာချာပွေ့ထားပြီး
အစ်ကိုလုပ်သူအားကြိုးဖြတ်ချခိုင်းလိုက်သည် အစ်ကိုလုပ်သူလည်းကြိုးကိုတိကနဲခုတ်ချလိုက်ရာ
ကြိုးလည်းအပြတ် သေသူလည်းကျအလာ ဆီးဖမ်းတဲ့လူကလည်းအမူးနဲ့ဆိုတော့ သေသူနဲ့ဖိုးဇံကြမ်းပြင်မှာလုံးထွေးသွားတော့သည်။
ရွာသားများ၏ဟာကနဲ ဟင်ကနဲအာမေဋ္ဋိတ်သံနှင့်အတူ ရွာသူကြီး၏ကျယ်လောင်လှသောအသံကြီးလည်းဟိန်းထွက်လာလေသည်။
“သန္ဓေယုတ် ခွေးစုတ် ဖိုးဇံအစုတ်ပလုတ် ဒီကောင့်ကို၂ရက်တိတိထိတ်တုံးခတ်ပလိုက်”
ထိုသတင်းဆိုးသည်တစ်ရွာလုံးသို့ပျံ့သွားသည် ။
ထိုနေ့ညနေတွင် မောင်ကျော်လှဆိုသူသည်အိမ်သို့အလွန်သုန်မှုံခက်ထန်နေသည့်မျက်နှာဖြင့်ပြန်ရောက်လာသည် ရောက်ရောက်ချင်းအမေဖြစ်သူအားခြံသွင်းနွားတစ်ကောင်လွတ်နေ၍ပြန်ထွက်ရှာရန်နွားချည်ကြိုးတစ်ချောင်းအား
တောင်းပြီးရွာအပြင်ဘက်သို့ထွက်လာခဲ့သည်၊
ထို့နောက်သုသာန်အတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားတော့သည် ညသည်နက်သထက်နက်လာနေခဲ့သည်။
(ဆက်ရန်......)

10 comments:

ကောင်းကင်ပြာ said...

ဆက်ရန်က ကွန့်မန့် နှိပ်မှပဲ မြင်ရတယ်၊ ဆက်ရန်တော့ စောင့်ပါ့မယ်၊ စော စော တော့ တင်ဟာ၊

ဝက်ဝံလေး said...

ပါးပါး ဆက်ပါဦး မီး ဒီမှာ ဖတ်လို့ကောင်းနေတုံးးး
ဒါနဲ့ ဖိုးဇံကို ဘာလို့ဆဲတာတုံးး သူလဲ ဖမ်းပေးထားရသေးတယ် သိပ်မရှင်းဘူး သေချာဖတ်တာပဲ သိပ်နားမလည်ဘူး မြုပ်ကွက်ရှိလို့လား

Angel Shaper said...

ကိုသားကြီး...မင်းရဲ့ ရင်ဘတ်လေးကိုခြေရာလေး နဲ့ ဖွဖွလေးလာနင်းသွားတယ်။ ဖနှောင့်နဲ့ တော့မဟုတ်ပါဘူး။
အရမ်းကောင်းတဲ့ဘလော့လေးပါ။
လာလည်သွားတယ်။
Angel Shaper ရောက်ရှိကြောင်း....

မယ့်ကိုး said...

စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။သားကြီးရေးထားတာ တကယ့်သဘာရင့်အတိုင်းပဲ။စောင့်ဖတ်နေတယ်နော်။

khin oo may said...

ကွန်မက်ကို ပေးလို့ရပါတယ။်

khin oo may said...

13 Jun 09, 15:48
ုkom: မြန်မြန်ဆက်ရေးပါ။ ရွာသားနာမည်တွေ တော့သိတ်မများပါစေနဲ့ တယ်လီဖုံးဘုတ်အုတ်လိုဖြစ်သွားဦးမယ်။

မီးမီးချစ် said...

မြန်မြန် ဆက်ပါ ဗျို့ ...

Anonymous said...

ခြေမလေးနဲ့ထိုးသွားတယ်ကွာ သယ်ရင်း :P
ဆက်ရန်လေးမြန်မြန်ရေးကွာ

Unknown said...

ရတယ်လေ၊

ကောင်းကင်ပြာ said...

အဲ အပေါ်က ရေးတာ အမပါ

 
©2009 ♬သားကြီး♪ | by TNB