ဘာပဲဖြစ်ဖြစ်ပျော်ပါတယ်



“ဟေ့ရောင်သားကြီး...ဟိုမှာမင်းတို့အဖွားရွာကနေ ဘုရားဖူးတက်လာတယ်ဟေ့”

လူတောင်လန့်သွားသည်။ ဘယ့်နှယ့်ငါ့အဖွားက မလေးရှားကိုလာပြီးဘုရားဖူးရမှာတုန်း၊ သူငယ်ချင်းညွှန်ပြသည့်နေရာကိုကြည့်လိုက်တော့ လမ်းမပေါ်က တကျွီကျွီနှင့်လှိမ့်နေသောသုံးဘီးတပ်စက်ဘီးပေါ်တွင် ဝါးခမောက်အကြီးကြီးကိုဆောင်းထားသည့်အဝတ်အစားနွမ်းနွမ်းနှင့်အဖွားအိုတစ်ဦး။ စက်ဘီးပေါ်တွင်ပစ္စည်းပစ္စယတွေကစုံစီနဖာဝေလျှက်
ကားတွေ၊ဆိုင်ကယ်တွေချည်းဥဒဟိုသွားလာနေသော လမ်းမပေါ်တွင် ခုမြင်ကွင်းကနည်းနည်းထူးဆန်းနေသည် ။
ကိုယ်နဲ့မဆိုင်၍ပဲလားမသိ သိပ်တော့စိတ်မဝင်စားမိ ထို့နောက်မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။

နောက်ပိုင်းရက်များတွင် ကျနော်တို့အလုပ်သွား အလုပ်ပြန်တိုင်း ထိုအဖွားအိုကြီးကိုနေ့စဉ်ရက်ဆက်တွေ့လာရသည် ထုံးစံအတိုင်းသုံးဘီးစက်ဘီးအစုတ်တစ်စီးနှင့် ရှိရှိသမျှစားသောက်ဆိုင်သို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ကာသူ့ဆီက ဆန်အိတ်အသေးလေးတွေ ၊ ဂက်စ်မီးခြစ်တွေ ၊တစ်ခါသုံးတစ်သျှူးတွေ ၊ ကြံချောင်းအစည်းလေးတွေကို ဆိုင်ထဲရှိလူများသို့လိုက်လံရောင်းချနေသည်။ တွေ့ပါများတော့လည်း သိချင်လာသည် ထို့ကြောင့်အသိတရုတ်တစ်ယောက်ကိုမေးလိုက်မိသည် ထိုတရုတ်ကပြောပြသည်မှာ အဖွားအိုသည် အသက်ခုနှစ်ဆယ်ဝန်းကျင်ရှိပြီဖြစ်သည် ဆွေမျိုးအသိုင်းအဝိုင်းမရှိ သားတစ်ယောက်နဲ့နေသည် သားဖြစ်သူက အသက်လေးဆယ်ဝန်းကျင်ရှိပြီဖြစ်သော်လည်း အလုပ်လက်ကြောမတင်း လူပေါ်ကြော့ ဒီကြားထဲအရက်ဆိုလည်းသောက်ချင်သေး ၊ ဘိန်းဆိုလည်းရှုချင်သေး၊ အပျော်အပါးလည်းလိုက်စားချင်သေးတဲ့။


အဖွားကြီးကတစ်ဦးတည်းသောသားမို့ငယ်ငယ်ကတည်းကအလိုလိုက်ခဲ့သည် တနေ့တနေ့သူရောင်းရသည့်ပိုက်ဆံတွေကိုလည်းသားလက်ထဲသာထည့်သည် သူ့ဆီကဝယ်ကြသူများမှာလည်းသူ့ကိုသနား၍သာ အသုံးတည့်တည့်မတည့်တည့်ပိုက်ဆံပေးပြီးဝယ်လိုက်သည်ချည်း။ သူရောင်းသည့်တိုလီမုတ်စမှန်သမျှသည်သူ့ကိုသနားသဖြင့်ရပ်ကွက်ထဲကပေးထား ကမ်းထားသည့် ပစ္စည်းများသာဖြစ်သည်။ အဖွားအိုကိုတခါခါဟိုင်းဝေးလမ်းမပေါ်တွင်ချွေးအလုံးလုံးဖြင့်ဈေးလိုက်ရောင်းနေသည်ကိုတွေ့ရတတ်သည် တခါတခါလည်းသူဈေးဝင်ရောင်းသည့်စားသောက်ဆိုင်ထဲ၌ပင်ထိုင်နေရင်းအိပ်ပျော်နေတတ်သည်
သူ့သားဖြစ်သူကိုကျနော်မမြင်ဖူး သို့သော် ဘာကြောင့်မှန်းမသိ ထိုသားဖြစ်သူကိုကျနော်အလိုလိုနေရင်းမုန်းနေမိသည်။
……………………..

ကျနော့်မေမေသည်ကျနော့်ကို အမြင့်မားဆုံးမျှော်မှန်းခဲ့ဖူးပြီး ကျနော်သည် အနိမ့်ပါးဆုံးသောနေရာ၌သာ ခုချိန်ထိလိမ်ဖယ်လိမ်ဖယ်ရှိနေတုန်းဖြစ်သည်။ သို့သော်…အမေ့သဘောထားကကျနော့်အပေါ်ခုချိန်ထိဘယ်တော့မှမပြောင်းလဲခဲ့ ကိုးနှစ်တာကာလအတွင်းအမေ့မျက်နှာဘယ်လိုရှိတော့မည်ကိုကျနော်မသိသော်လည်း ဖုန်းထဲကအမေ့အသံသည်အရင်လိုမသစ်လွင်တော့တာသိသည် ကျနော့်မေမေအိုပြီလေ
သို့တိုင်အောင် ကျနော်နဲ့စကားပြောလေတိုင်းအမေ့အသံမှာအားမာန်တွေပြည့်နေဆဲ မျှော်လင့်ချက်တွေပြည့်နေဆဲ...
“ဟိုးတစ်ညကပေါ့ အမေကပြောလိုက်တယ် လကလည်းသာလိုက်တာနော်လို့ နင့်ညီမတွေက လသာတော့ဘာဖြစ်လဲအမေရဲ့တဲ့ အော်…လသာတော့ အဝေးကနင်တို့အစ်ကို သာနေတဲ့လကိုမော့မော့ကြည့်ပြီး နင်တို့ကိုလွမ်းလွမ်းနဲ့ ငိုချင်ငိုနေမှာပေါ့လို့ အမေအဲဒါလည်းပြောလိုက်ရော နင့်ညီမတွေဘာဖြစ်လဲသိလား”
“ဘာဖြစ်လဲအမေ”
“တအီအီနဲ့ငိုကုန်ပါရောလား တော်တော်ရယ်ရတဲ့ကလေးတွေ”
ဒါပေမယ့်လည်း ကျနော်မရယ်နိုင်ခဲ့ပါလေ ။


နိုင်ငံခြားမှာ လဲကျလိုက်ပြန်ထလိုက်နဲ့ အမေ့ကိုပံ့ပိုးနိုင်သည့်ငွေပမာဏ အလွန်နည်းခဲ့သည်။
“တာဝန်မကျေလိုက်တဲ့သား” ဆိုပြီးသိမ်ငယ်စိတ်တွေဝင်ခဲ့ဖူးတာလည်းအကြိမ်ကြိမ်...။
ထူးဆန်းတာက အမေသည်ခုချိန်ထိကျနော့်ကို အပြစ်တင်စိတ်ပျက်သည့်စကားမပြောခဲ့တာပဲဖြစ်သည်။
ဆိုရိုးတစ်ခုကြားဖူးသည် “ဘုရားသည် ကိုယ်တော်တိုင်နေရာတကာမှာ ရှိမနေနိုင်သည့်အတွက် ကိုယ်တော့်ကိုယ်စား မိခင်များကို ဖန်ဆင်းပေးခဲ့လေသည်”တဲ့
ကမ္ဘာပေါ်မှာရှိတဲ့သားတွေအားလုံးကို မိဘတာဝန်အကျေဆုံးသူကနေ တာဝန်အမဲ့ဆုံးသူအထိနံပါတ်စဉ်တပ်ပြီးထားမယ်ဆိုရင် ကျနော်နံပါတ်ဘယ်နေရာလောက်ကရှိလိမ့်မယ်မသိ...ကျနော်ဟို တရုတ်အဖွားအိုကြီးရဲ့ သားအောက်တော့ရောက်လိမ့်မယ်မထင်ဘူး....။

ဒါပါပဲ ဒီနေ့အလုပ်ကအပြန်စက်ဘီးအစုတ်တစ်စီးနဲ့နွမ်းနယ်နေရှာတဲ့အဖွားအိုကြီးကိုလမ်းမှာတွေ့မိလို့ ဒီပိုစ်လေးရေးဖြစ်သွားတာပါ။ အဲ…သူ့ဆီကကြံစည်းသေးသေးလေးဝယ်လိုက်သေးတယ် စားလို့မရပါဘူးဗျာ မာတောက်တောက်နဲ့ ဘာအရသာမှမရှိဘူး ဒါပေမယ့်….. ဘာပဲဖြစ်ဖြစ်ကျနော်ပျော်ပါတယ်။ ။

23 comments:

မဟာဆန် said...

ကျွန်မလည်း အဲလိုပဲ ပင်ပန်း ဆင်းရဲနေတဲ့ အဘိုးကြီး အဘွားကြီးတွေကို တွေ့ရင် ဖေဖေနဲ့ မေမေကို သိပ်သတိရတယ်။ ငါ့ အဖေ အမေများ ဒီလို ဖြစ်နေရှာရင် ဆိုပြီး မဖြစ်နိုင်မှန်းသိသိကြီးနဲ့ လျှောက်တွေးပြီး ၀မ်းနည်းတတ်တယ်..ခုချိန်ထိပါပဲ..ခုချိန်ထိလို့ ပြောတာက ကျွန်မရဲ့ မိဘနှစ်ပါးစလုံး မရှိကြတော့လို့ပါ။ ကိုသားကြီးရေ...မိဘနှင့် အတူနေရချိန်ဆိုတာ အရမ်းတိုတောင်းပါတယ်။ အခုလို ဝေးနေချိန်မှာ မကြာခဏဖုန်းဆက်လိုက်ပါ။ မကြာခင်မှာ သူတို့နဲ့ အတူနေနိုင်ဖို့လည်း ကြိုးစားဖို့ကောင်းတယ်။ ဆရာလုပ်သလို ဖြစ်သွားရင် ချိတ်ချိုးနဲ့နော်။

kaungkinpyar said...

အင်းး သားကြီးရေ၊ အဲလို သားတွေ ရှိနေရင် အဲလို အဘွားအရွယ်တွေ တွေ့နေရဦးမှာပါ၊ သားကြီးလဲ ကြိုးစားပါ၊ သီချင်းလေး ထဲကလိုပေါ့နော်၊ အမ သေချာ ခံစားဖတ်သွားတယ်၊

မြူးသျှရီ said...

ကိုသားကြီးးးးးးးးး

စိတ်မကောင်းဘူး
အဆင်ပြေပါစေနော်
ခုတလောစိတ်ညစ်စရာတွေပဲရေးနေကြတယ်

း(

ခင်တဲ့

မြူးလေး

ခြေလှမ်းသစ် said...

အမေအားလုံးဟာ အတူတူပါပဲ အတိုင်းမဲ့ မေတ္တာပိုင်ရှင်တွေပါ အမေ့ကို ချစ်တဲ့သားတွေ အောင်မြင်မှာပါ

မယ်ကိုး said...

“တာဝန်မကျေလိုက်တဲ့သား” ဆိုပြီးသိမ်ငယ်စိတ် မ၀င်စေချင်ပါဘူး။ သားကြီးရဲ့  မေမေကလည်း ဒီလို ခံစားနေရတာသိရင် သိပ်စိတ်မကောင်းဖြစ်သွားမှာ...
မေမေ့အတွက်အားဖြစ်တဲ့သားကြီးသြရသ ....အမြဲပျော်ပါစေ...

Angel Shaper said...

ကိုသားကြီးရေ...
ကမ္ဘာ့ တာဝန်အကျေဆုံးနဲ့ တာဝန်အမဲ့ဆုံး အစီအစဉ်ကို တို့ သာ Editing လုပ်ခွင့်ရမယ်ဆိုရင် မင်းလို သားတွေကို နံပါတ် ၁ ပေးမိမှာပဲသိလား... ရင်ထဲကနေ တာဝန်ကျေချင်တဲ့ ပြင်းပြတဲ့ဆန္ဒလေးတွေ တွေ့ ရလို့ ပါ။ ဒီ့ထက်မက အမေ့သားသမီးများ မိဘတာဝန်ကျေပွန်တဲ့ သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်နိုင်ကြပါစေ။

မေလေး said...

ကိုသားကြီးရေ
ဘာမှမပူနဲ့ သိလား။မေလေးသာဆုံးဖြတ်မယ်ဆို ကိုသားကြီးကိုအထူးဆုကိုပေးတယ်။တကယ်။ဒိလိုစိတ်လေးရှိနေတဲ့ကိုသားကြီး ဆထက်သပိုးအောင်မြင်ပါစေရှင်။

ငှက်ကလေး said...

ကိုသားကြီးရေ စိတ်မပျက်ပါနဲ့ ပို့တဲ့ပိုက်ဆံ ပမာဏ ကအရေးမကြီးပါဘူးကွယ် အဓိက ကတော့ ပို့ချင်တဲ့ စိတ်ကသာ အဓိကပါ ကိုသားကြီးရယ် အခုလို ပို့ပြီး မေမေ လိုအပ်တာလေးကို ဖြည့်ဆည်းပေးနိုင်တယ် လို့ပဲ သတ်မှတ်နော် ကိုသားကြီး သိလား သိပ်လဲ စိတ်မကောင်းမဖြစ်ပါနဲ့နော်
သီချင်းလေးလဲ ခံစားသွားတယ် သိလား

တာ့တာ ဘိုင်

myat said...

ကိုသားကြီးရေ
ပထမနေရာမှာ မန့်ချင်ပေမယ့် ပါးလုံးတို့ နောက်ဆုံးဖြစ်သွားလားမသိဘူး အဟိ ဒီပို့စ်လေးကို ဖတ်ရတာကလေ ပါးလုံးကျက်သီးတောင် ထမိပါတယ်။ မျက်ရည်လည်းဝဲမိပါတယ်။ ပါးလုံးလည်း အဲ့လိုအမေမျိုးလိုချင်ခဲ့ဖူးပါတယ်။ ပါးလုံးအားကျပါတယ်။ ငွေနည်းတယ်များတယ်ဆိုတာထက် မိဘကို လုပ်ကျွေးခွင့်ရတာကိုပဲ ကျေးဇူးတင်လိုက်ပါကိုသားကြီးရယ်။ လေးစားအားကျမိပါတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Mae said...

ဒီလိုကျေးဇူးသိတတ်တာကိုပဲ အမေက ပြန်ကျေးဇူးတင်နေမှာပါ၊ ဘဝဆိုတာ တစ်နေရာကတော့ စရတာပဲပေါ့၊ ကိုသားကြီးအောင်မြင်ပြီး အမေကို ဒီထက်မက လုပ်ကျွေးနိုင်ပါစေ

လပြည့်ရိပ် said...

အရမ်းခံစားသွားရတဲ့ ပိုစ့်လေးပါ။ ဖတ်နေရင်းနဲ့ မျက်လုံးထဲက စက်ဘီးနဲ့အဖွားအိုကိုမြင်ယောင်လာတယ်။ ကိုသားကြီးရဲ့ သားကြီးပီသတဲ့စိတ်ကိုလည်း ချီးကျူးလေးစားမိပါတယ်။ အမေတိုင်းဟာ ကိုယ့်ရင်သွေးရဲ့သိတတ်တယ်ဆိုတဲ့ ပီတိနဲ့ပဲကျေနပ်နိုင်သူများမို့ ကိုသားကြီးရဲ့ စိတ်နှလုံးကို နှလုံးသွေးချင်းဆက်ထားတဲ့ကိုသားကြီးမေမေက နားလည်မှာပါ..ပါလေ။

kiki said...

“ဘုရားသည် ကိုယ်တော်တိုင်နေရာတကာမှာ ရှိမနေနိုင်သည့်အတွက် ကိုယ်တော့်ကိုယ်စား မိခင်များကို ဖန်ဆင်းပေးခဲ့လေသည်”

မှန်တယ် ကိုသားကြီးရေ ။
မိဘ မေတ္တာတွေ ..
အားမလျှော့နဲ့  ။ ကျေးဇူး ဆပ်ဖို့  သိတတ်တဲ့ စိတ်လေးရှိနေသေးရင်ကို မဆိုးလှဘူး ။ ခုချိန်မှာ များများစားစား မဆပ်နိုင်သေးပေမဲ့
အဝေးက ရှိနေတဲ့ အမေဆီ တတ်နိုင် သလောက် အဆက်အသွယ်လုပ်ပြီး
သူ့ ရဲ့ လွမ်း စိတ်လေးကို ဖြေဖျောက်ပေး နိုင်ရင်လည်းသူ စိတ်ချမ်းသာမှာပါ

အမလည်း အိမ်ကို အချိန်မှန် အမြဲတမ်း ဖုန်းဆက် ပေးပြီး
မာကြောင်းသာကြောင်း စကားလေးတွေပြောရင် အမေက အတော်ဝမ်းသာ ရှာတာ ။ ဒီတော့လည်း ခုတော့ တတ်နိုင်သလောက်ပေါ့လေ ။
နောင်မကြာ မီ ဒီထက်မက အမေကို လုပ်ကျွေးနိုင်မဲ့ သားလိမ္မာ လေး ဖြစ်မယ်လို့  မျှော်လင့် ပါတယ်။ အားမလျှော့ ပါနဲ့နော် ။

ခင်တဲ့
မကိ

ရေတမာ said...

ကိုသားကြီး
များများပို့နိုင်အောင်မြန်မြန်ကြိုးစားကြမယ်လေဗျာ.........စိတ်ဓါတ်မကြကြေးလေ.........
အသုံးမကျတာလေ အရင်ကတည်းက မကြိုးစားခဲ့လို့ပါ...
အခုအချိန်မှီ ပြင်ဆင်ကြစို့..........

အမေ့ကို ဖုန်းဆက်ပြီးတော့ နှစ်သိမ့်နိုင်ကောင်းပါရဲ့

Git Tuu said...

ကိုကြီး...
ဒီပို့စ်လေးဖတ်ပြီး ..မေမေ ရဲ့ မေတ္တာကို
ထင်ထင်ရှားရှား တွေ့မြင်ရပါတယ် ၊
ဒီလိုအသုံးမကျတဲ့ သားတွေ ၊သမီးတွေရှိနေသမျှ
အဲ့လို အဘွားတွေကို ထပ်တွေ့နေရအုံးမှာပဲ...။
ဒီလိုသားသမီးတွေ ဂျစ်တူးတို့ မပါရအောင်
မိဘကို ပိုသိတတ်ရမယ်နော်...........

ချစ်ခင်လေးစားစွာဖြင့်
ဂျစ်

မီးမီးချစ် said...

ထူးအိမ်သင် သီချင်းလေးနဲ့  တွဲ လိုက်တော့ ဟတ်ထ် ထိသွားပြီ..
အားမငယ်ပါနဲ့ .. သူများတွေ ကိုယ့်လိုတောင် မထောက်ပံ့နိုင်တဲ့လူတွေ အများကြီးရှိပါသေးတယ်

နေဒေးသစ် said...

ဘာပဲ ဖြစ်ဖြစ် ကျွန်တော်လည်း ပျော်ပါတယ် ...
ကြံချောင်းတွေ စားလို့ မရပေမယ့် သူ့အတွက်တော့ ဆေးတစ်ခွက် ဖြစ်သွားနိုင်ပါတယ် ...
ကိုသားကြီး လုပ်ဆောင်ခဲ့တာ မှန်ပါတယ် ..
နေဒေးသစ်။

မေဇင် said...

ကိုသားကြီး ရေ...အဲ့ဒီလို ....ဘိုးဘိုး၊ ဘွားဘွား တွေ တွေ့ရင်အရမ်းသနား ပြီးတော့ ကိုယ့် အဖေ အမေ ကို အဲ့လိုဘ၀ မျိုး ဖြစ်မှာ အရမ်း စိုးရိမ်တာပါပဲ.... နောင့် လဲ..ဒီပိုစ့်ထဲက ဘွားဘွား ရဲ့ သားကို မုန်းတယ်...။

မြစ်ကျိုးအင်း said...

ဒီလိုသတိတရနဲ့သိတတ်တဲ့စိတ်ရှိတဲ့ သူငယ်ချင်းက တာဝန်မကျေဘူးလို့ မခံစားပါနဲ့..တာဝန်ကျေဘို့ ကြိုးစားနေတယ်လို့ မှတ်ယူစေချင်ပါတယ်..။

တလနွန် said...

အသက်ကြီးကြီးနဲ့ ပင်ပင်ပန်းပန်းလုပ်ကိုင်နေတဲ့ အဘိုးကြီး အဘွားကြီးတွေ
ကိုတွေ့ တိုင်း ကိုယ်ချင်းစာတတ်တဲ့စိတ်ကို ချီးကျူးပါတယ်။
ကိုသားကြီး ရောက်တဲ့နေရာမှာ ဘဝတိုးတက်လမ်းရှာရင်း အမေတွေမျှော်လင့်
တဲ့နေရာ ရောက်အောင် ကြိုးစားတာလည်း ကျေးဇူးဆပ်နည်းတစ်ခုပါပဲ။
ဘယ်တော့မှ မနောက်ကျဘူး။

ခင်မင်ခြင်းနှင့်
တလနွန်

နေမင်းသံစဉ် said...

ငါလည်း ကြိုးစားနေတုန်းဘဲ သယ်ရင်းရေ အားမလျော့နဲ့ကွား တင်းထား တစ်နေ့ အောင်မြင်လာမှာပါ :)

reenoemann said...

ညီလေး သားကြီးရေ

အကို မင်းပိုစ့်လေးကိုဖတ်ပြီး ကိုယ့် အမေကို
သတိရလို့ ငိုနေမိတယ်။
ညီလေးပြော သလို အကိုလည်း ကိုယ်ဟာ ကိုယ် ပြောနေမိတယ်။
တာဝန်မကျေတဲ့ သားလို့လေ။
အမေ နဲ့ ဖုန်းမပြောရတာ နှစ်လရှိတော့မယ်ညီ။
အကိုလည်း အရမ်း သတိရတယ်။
သတိရလို့ ပိုစ် အနေနဲ့ ရေးဖို့ စဉ်းစားတယ်။
ရေးလို့ မရဘူး။ အမေကိုချစ်တဲ့ စိတ်က ကိုယ်ရင်ထဲမှာ အပြည့်
ပဲကွာ။
စင်ကာပူမှာနေပြီး အထင်တော့ မကြီးပါနဲ့ ကွာ။
အကိုလည်း ငွေ မပို့နိုင်တာ နှစ်လရှိပြီ။
ငွေ မပိုလို့ အမေ စိတ်ညစ်နေမယ်ထင်လား။
မထင်နဲ့ ညီ ။ သူ့ သား သူ့ အတွက်နဲ့ ပင်ပန်းနေပြီး
လို့ အကို ကို အမြဲ ပြောတယ်။
အခု အရမ်းကို သိရနေတယ်ကွာ။

ဆက်မရေးနိုင်တော့ဘူး ညီ

ကိုရီနို

khin oo may said...

မနေ့က အဖိုးကြီးတစ်ယောက်ကို တို့ရေပတ်တိုက်ပေးခဲ့တယ။် ကျေနပ်တယ်။

နန်း said...

ဖတ်မိရင်းက တာဝန်မကျေနိုင်သေးတဲ့ သမီးတစ်ယောက် ဖြစ်နေပြန်တော့ ငိုချင်လိုက်တာလေ... :'(

Anyway, thxs for the post, bro...

 
©2009 ♬သားကြီး♪ | by TNB