ရွှေပြည်တော်မျှော်လေတိုင်းဝေး


“ထွန်းဦး”သည် “မျက်နှာမြင် ကန်ချင်ပါစေ”ဆုတောင်းပြည့်သူဖြစ်သည်။
ရှေးဘဝကဘယ်လိုအထုံရေစက်ကြောင့်မသိ ဘုရားပေးသည့်သူ့ရုပ်သည် အလွန်ပဲ့လေသည်။
ထူးဆန်းတာကသူသည် လူချစ်လူခင်အလွန်ပေါခြင်းဖြစ်သည် ။ကျနော်တို့ကိုတွေ့တိုင်း“ငါပြန်တော့မယ်ကွ”ဟု ပြောလေ့ရှိသည်
သူထိုသို့ပြောတိုင်း “ဝက်ရူးလားဟေ့”ဟု ကျနော်တို့အားလုံးက တညီတညွတ်တည်းပြန်အော်လေ့ရှိကြသည်။ ခုတော့ “မိုးကြိုးပစ် ဘုရားစူး” သူတစ်ကယ်ပြန်တော့မည်ဖြစ်သည် ။
ကိုယ့်မိသားစု ကိုယ့်အသိုက်အမြုံဆီပြန်ရတော့မည့်သူ့အတွက် ဝမ်းသာမိသလို နောက်ရက်တွေကျရင်သူမရှိတော့ဘူးဆိုတဲ့အသိနဲ့လည်းကျနော်တို့မှာစိတ်မကောင်းဖြစ်ရပြန်ပါသည်
ဆိုရရင် ဝမ်းလည်းသာပါတယ် ဝမ်းလည်းနည်းပါတယ် မိသိန်းကြည်အနေအထားမျိုးပါ။


ဒီမှာစားအတူ နွားအတူနှစ်တွေအကြာကြီးရှိခဲ့ကြပေမယ့် ဟိုရောက်ရင် တစ်သက်လုံးထပ်မတွေ့ရတော့ဘူးလည်းဖြစ်ချင်ဖြစ်သွားနိုင်သည်လေ...
(စားအတူ သွားအတူလို့ရေးချင်တာပါ စာလုံးပေါင်းမှားသွားပါတယ်)
ကျနော်တို့ဘော်ဘော်တွေ သူ့အတွက် အိမ်အပြန်လက်ဆောင်တွေပေးကြ အမှတ်တရပစ္စည်းတွေ ပေးကြ နှင့် သူ့အပြန်လမ်းသည် ဘာပဲပြောပြော လှနေခဲ့ပါသည်
ထိုနောက်ဆုံးတစ်ရက်ကို အလုပ်မှခွင့်ယူပြီးသူ့ကို KLအထိလိုက်ပို့ကြသည် ။
လူရှင်းသည့်တရုတ်စားသောက်ဆိုင်တစ်ဆိုင်တွင် နှုတ်ဆက်ပွဲလေးလုပ်ဖြစ်ကြသည် ။
စားသောက်ဆိုင်ကလူအလွန်ရှင်းနေပြီး ကျနော်တို့တစ်ဝိုင်းနှင့် မလှမ်းမကမ်းက မြေးအဘိုးတစ်ဝိုင်းသာရှိကြသည်။


မြေးအဘိုးဟုထင်ရခြင်းမှာကွာခြားလွန်းသည့်အသက်အရွယ်ကြောင့်ဖြစ်ပြီး မြေးအဘိုးမဟုတ်မှန်းကို သူတို့၏အမူအရာကြောင့်တစ်ဖြေးဖြေးချင်းသိလာရသည်။
စာထဲကအတိုင်းပြောရရင် ဒင်းတို့နှစ်ဦးသည် ကလူအိသို့ မြူအိသို့ဖြစ်နေကြသည် ကျနော်တို့အဖွဲ့ကို“ဖုတ်လေသည့်ငပိ ရှိတယ်လို့မထင်”အနေအထားမျိုးနှင့် ကဲချင်တိုင်းကဲနေကြလေသည်။
အဘိုးကြီးသည် အားလုံးပေါင်းမှခြောက်ဆယ့်လေးပင်သာရှိတော့မည့် သူ့ဆံပင်ကိုအရောင်တောက်နေအောင်ဂျယ်လိမ်းထားပြီးအကျအနဖီးသင်ထားသည် ကောင်မလေးကားမျက်နှာသွယ်သွယ် နှာတံပေါ်ပေါ်လေးနှင့် အဝတ်အစားကိုလန်ထွက်နေအောင်ဝတ်ထားပြီး ခေတ်ဆန်ဆန်လှသူလေးဖြစ်သည်။


“လူပျိုတွေတဲ့လားကွာ? ဟားဟား…မင်းတို့ကောင်တွေ ရှက်တတ်ရင်လဲသေလိုက်ဖို့တောင်ကောင်းနေပြီ တွေ့လား ဟိုမှာမင်းတို့ဘဘကြီးက နတ်သမီးလေးနဲ့ မင်းတို့ကောင်တွေ နတ်သမီးမပြောနဲ့ လက်ချမီးနာမည်နဲ့ ကုလားမတောင်မပိုင်ကြဘူး ဟားဟားဟား”
ကျနော်တို့ထဲမှ ကိုကျော်ထွန်းဆိုသူ၏ခနဲ့တဲ့တဲ့စကားကြောင့် အားလုံးရှက်ရယ်ရယ်မိကြသည်။
ပြောအားရှိမှာပေါ့ သူကအိမ်ထောင်သည်ကိုး...။
တစ်ယောက်ကမကျေမနပ်နှင့်ပြန်ပြောသည်...။
“ဒီခေတ်ကောင်မလေးတွေက သွားမရှိလည်းရတယ် ကားရှိဖို့အရေးကြီးတယ်လေဗျာ”

“အေး…အေး…မင်းပြောမှပဲငါလည်းပြန်စဉ်းစားမိတယ် မင်းတို့ထဲမှာအခြေအနေအဆိုးဆုံးကမြင့်ဇော်ပဲကွ သူ့ခမျာ ကားမရှိရတဲ့အထဲ သွားကပါမရှိပြန်ဘူး”
သူ့ကိုရှေ့တည့်တည့်ထားပြီးတွယ်ထည့်လိုက်သည့် ကိုကျော်ထွန်း၏စကားကြောင့်မြင့်ဇော်မျက်နှာနီရဲသွားလေသည်၊ သူကသွားကျိုးကိုး..။
အားလုံး၏ရယ်သံကားတဝါးဝါးတဟားဟားနှင့်။
အဘိုးကြီးသည် ကောင်မလေးကို ဟင်းလေးခွံ့လိုက် ဟိုနားဒီနားနမ်းလိုက်နှင့် ကျနော်တို့လူပျိုတွေကိုအကြီးအကျယ်သိက္ခာချနေလေသည်။
(ဟိုနားဒီနားဆိုတာ ပါး၊ နားရွက်၊နဖူး ၊ နှုတ်ခမ်း၊ကျောပြင်၊ နှင့်လည်တိုင် အစရှိသည့်နေရာများကိုဆိုလို၏ ၊ တချို့များရှည်ရှည်ဝေးဝေး သိပ်တွေးတယ် :P)
တနည်းဆိုရရင် အဖိုးကြီးသည် လက်သီးကိုဆုပ်ပြီး လက်ခလည်တစ်ချောင်းတည်းကိုသာထောင်လျက် ကျနော်တို့ဘက်လှည့်ပြီး“မင်းတို့လူပျိုတွေကို ငါက ဒါပဲကွ”ဟုပြောနေဘိသကဲ့သို့ရှိသည် ။


တကယ်တော့ ကျနော်တို့အနေအထိုင်မတတ်ကြခြင်းသာ မမြင်သလိုနေလိုက်ရင်ပဲဖြစ်တဲ့ကိစ္စ။
စော်မရှိသဖြင့် “ညတိုင်းစောင်တစ်ထည်နှင့်အိပ်ယာဝင်ရသူ မတော်တဆရှောရင် ငှက်ပျောတုံးဖက်ရမယ့်သူအဖြစ်ကြံဖန်ပြီးစိတ်ဆင်းရဲနိုင်သလို စော်မရှိခြင်းကြောင့် အိပ်ရေးဝဝအိပ်ရခြင်း လစာထွက်လို့ပိုက်ဆံသိပ်မကျန်ရင် ဟဲ့ သေနာ ဆိုပြီးအခန်းပေါက်ဝက ဆီးကြိုနှုတ်ဆက်မည့်သူမရှိခြင်းကြောင့်လည်းကံကောင်းလိုက်လေခြင်းဟုကြံဖန်ပြီးစိတ်ဖြေလို့ရလေသည်။
(မင်းရေးတာ သမီးရည်းစားလား လင်မယားလားလို့တော့မမေးပါနဲ့ ဒီမှာဘာမှ သိပ်သိပ်ပြီးမကွဲပါ မယုံဘူးလား? မယုံရင်ပုံပြင်လို့မမှတ်ပါနဲ့ မလေးရှားလို့မှတ်ပါ ဒန့်…ဒန့်….ဒန့် :P)

ဘာပဲပြောပြောနေတတ်ဖို့သာအရေးကြီးသည်လေ။
သေချာတာကတော့အဘိုးကြီးနံရိုးတစ်ချောင်းကိုထုတ်ပြီး ကောင်မလေးကိုဖန်ဆင်းခဲ့တာတော့မဟုတ်လောက် ၊ မကြာမတင်ကာလတွင်အဘိုးကြီးမာလကီးယားရင် ကောင်မလေး ကားအကြီးစားရဖို့သာဖြစ်သည်။
ဤသို့ဖြင့် ကျနော်တို့အဖွဲ့သည် ကိုယ့်ဘာသာကိုအေးဆေးထိုင်မစားဘဲတဖက်ဝိုင်းကိုဝေဖန်ရင်းလေကန်ရင်းဖြင့် စားသောက်ခြင်းအမှုပြီးစီးသည် ထွန်းဦးလည်းကျနော်တို့ကိုနှုတ်ဆက်ကာထွက်ခွါသွားပြီဖြစ်သည်။
………………………..

သူပြန်သွားတော့ ကျနော်တို့အားလုံးမှာ ဆုံဖြစ်ကြတိုင်းသူ့အကြောင်းတခုတ်တရပြန်ပြောမိကြသည် သူနဲ့ပတ်သက်ခဲ့သည့် လွမ်းစရာတွေ ရယ်စရာတွေ စိတ်ညစ်စရာတွေ အစုံအစုံပါပဲ
ဒီလိုနဲ့ တစ်လတင်းတင်းပြည့်သည့်နေ့တွင် ဆိုင်းမဆင့် ဗုံမဆင့် နှဲမဆင့် ပတ်မဆင့်ဘဲ ထွန်းဦးဆိုသူမလေးရှားထဲ ဝှီးကနဲပြန်ရောက်ချလာသည်
အောင်းမေ့လို့မှမဝသေး သူ့မျက်နှာကြီးကိုရုတ်တရက်ပြန်တွေ့လိုက်ရတော့ လန့်တဲ့လူလန့်ကုန်သည်
“ထွန်းဦးအစစ်ပါနော်”လို့မေးတဲ့လူလည်းမေးကြကုန်သည်။
သူ့ကြည့်ရတာ ဘုံပျောက်တဲ့နတ်စုတ်စတိုင်နှင့်....


ကျနော်တို့ရှေ့တွင် ခပ်တည်တည်နှင့်ခါးကြီးထောက်ပြီး...။
“မင်းတို့ငါ့ကို သေသေချာချာကြည့်ကြစမ်း ဘယ်လိုမြင်လဲ”
“မင်းနည်းနည်းပိန်သွားတာကလွဲလို့ နဂိုအသားမဲမဲရယ် ပုလင်းဖင်လောက်ထူတဲ့မျက်မှန်နောက်က ပြူးကြောင်ကြောင်မျက်လုံးတွေရယ်က အရင်ပုံစံအတိုင်း ကျက်သရေမရှိမြဲရှိနေပါတယ်”
ကျနော်တို့စကားကြောင့်ထွန်းဦးတဟားဟားအော်ရယ်သည် ထို့နောက်သူပိန်ရခြင်းအကြောင်းအရင်းသည် မြန်မာပြည်၏ကုန်ဈေးနှုန်းနှင့်ပတ်သက်ကြောင်းကိုအစချီပြီး …
သူပို့သမျှသည်အရာမထင်ကြောင်း မိသားစုစားလောက်ရုံသာရှိကြောင်း မြန်မာပြည်တွင် ဆန်ကဘယ်ဈေး ဆီကဘယ်လို သူမှတ်မိသမျှသောဈေးနှုန်းများကိုအကုန်ကရားရေလွတ်ပြောတော့သည်။
သူ့စကားနားထောင်သူကျနော်တို့မှာ “ဟင်”ကနဲ“ဟာကနဲ”နှင့် မြန်မာ့ဈေးနှုန်းအကြောင်းကိုကြက်သီးဖျန်းဖျန်းထမျှနားဆင်ကြရသည်။ သူ့လောက်ကြိုးစား သူ့လောက်ခြစ်ခြုတ်စုပြီး သူ့လောက်အပို့ကြီးပို့နေခဲ့တဲ့လူတောင် ရပ်တည်လို့မရရင်......? ကျနော်တို့လည်း....???
……………………
ထိုအချိန်မှစပြီး ကျနော်တို့အဖွဲ့သည် “ဘယ်တော့ပြန်မလဲ”အမေးခံရတိုင်း
“ပြန်စရာဆိုလို့ ဝက်ရူးပဲရှိတော့တယ်ဟေ့”ဟု တညီတညွတ်တည်းပြန်ဖြေမိကြသည်။
နောက်နှစ်ပြန်မယ် ရှေ့လပြန်မယ်ပြောခဲ့ဖူးသူတွေလည်း ထိုအချိန်မှစပြီး ပြန်မည့်ရက်ကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်လေသည်။
ကြားဖူးတာတစ်ခုရှိသည်....
ဆီကိုရေချိုး ဆေးရိုးမီးလှုံ
စပါးတောင်လိုပုံ
”တဲ့.......စာအုပ်ထဲမှာလား? သီချင်းတွေထဲမှာလား? ပုံပြင်တွေထဲမှာလား?
ကျနော်သိပ်မသဲကွဲတော့ပါ။ ။

(ဆရာကြီးမြသန်းတင့်ရဲ့ခေါင်းစဉ်ပါ)

17 comments:

ကောင်းကင်ပြာ said...

ဝက်ရူးတော့ ပြန်မသွားနဲ့ဦး သားကြီးရေ၊ အမေ့ကို ပြန်တွေ့ရဦးမယ်လေ၊ ကုန်ဈေးနှုန်းဆိုတာ ဘယ်မှာ နေနေ တတ်နေတာပါ၊ သော့လေးတော့ ကြိုဝယ်ထားလိုက်၊ ၀က်ရူး ပြန်ခဲ့ရင် ခတ်ရအောင်လို့၊ ဆီကို ရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံဆိုတာ အရင်ကတော့ တကယ် ရှိခဲ့တာပါ၊ ပုံပြင်တွေ မဟုတ်ပါဘူး:)

Anonymous said...

ကိုကြီးးးးးးးးးးးးးးးးးးးး
ဝက်ရူးပြန်နဲ့
လျှာတွေကိုက်မိမယ်
ဇွန်းလဲဆောင်ထားသိလား
ဝက်ရူးပြန်တာနဲ့ ဇွန်းပါစပ်ထဲထည့်
မထည့်လဲနေ ရပါတယ်
ကိုကြိးကလျှာရှည်တာပဲမဟုတ်လား
တိုသွားတော့ ကွက်တိပြန်ဖြစ်သွားတာပေါ့နော့ကိုကြိး

ခင်တဲ့
မြူးလေး

chitpalone said...

အောင်မလေးတော် တတိယရတယ်တော့ တော်ပါသေးတယ် မမကောင်းကင်ကယ်ပေလို့ စာဖတ်ပြီးမှ ထပ်မန့်မယ်ဗျို့ မပြောဘူး လုံးဝမကျေနပ်ဘူး။
ခင်မင်လျှက်
ညီမလေးပါးလုံး

chitpalone said...

အရမ်းရယ်ရတာပဲ။ ပြီးတော့ မသိတာတွေ တော်တော်သိသွားတယ်။ အင်း ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး။ ကိုသားကြီးကစာရေးကောင်းတယ်။ အားကျမိပါတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Angel Shaper said...

ဟေးးးးးးးး
ကိုသားကြီးရေ... ဖတ်လို့ကောင်းအောင် ရေးတတ်လိုက်တာဟယ်။
ဆီကိုရေချိုး ဆေးကိုမီးလှုံ စပါးတောင်လိုပုံဆိုတာ ဟိုးးးးးးးး တုန်းက တို့ဘိုးဘွားတွေ ခေတ်တုန်းက လို့ပြောကြတယ်လေ။
ခုတို့တွေခေတ်မှာ အဲဒါထက်ပိုကောင်းမဲ့ စကားပုံလေးတွေ ဖြစ်လာဖို့ တို့တွေ ကြိုးစားရမှာ။ အရမ်းကောင်းပါတယ်။ အနာဂတ်လူငယ်တိုင်း ပိုမိုရင့်ကျက် အောင်မြင်ပါစေ။

မယ့်ကိုး said...

အတွေ့ အကြုံအစုစုကို လာဖတ်သွားပါတယ်။

khin oo may said...

ပြန်စရာဆိုလို့ဝက်ရူးပြန်ဘဲရှိသတဲ့လား။

ourstream said...

ေ၇းတက်ပါပေ့....

မေဇင် said...

ဟုတ်ပါတယ်....ပြန်မယ်လို့ မစဉ်းစားရဲပါဘူး... စဉ်းစားရင်လဲ ကိုသားကြီး ပြောသလို ၀က်ရှုးပဲ ဖြစ်ဖို့ များတယ်...ဟဟဟ။ ဒီလိုပါပဲ...

မေလေး said...

ကိုသားကြိး
အရမ်းတော်တာဘဲ။ရေးတတ်လိုက်တာ။သွားမပါလဲကားပါရင်ပြိးရောဆိုတာ မိန်းကလေးတိုင်းတော့မဟုတ်ပါဘူးနော်။

တလနွန် said...

အင်းဟုတ်တော့ဟုတ်ပါတယ်။ မြန်မာပြည်မှာ ပြန်အခြေချဖို့ ဆိုတာက.....

နေဒေးသစ် said...

မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင်ကို ပုံဖော်တတ်ပါတတ်ပါပေတယ် ... ဆရာသားကြီးရေ .... ဟာသလည်း မြောက် ရသလည်းပေး .... အဆုံးသတ်မှာတော့ ခပ်ငေးငေးလေး ဖြစ်ခဲ့ရတယ် ....
နေဒေးသစ်။

မီးမီးချစ် said...

တို့ ဘာမှ ရှည်ရှည်ဝေးဝေး မတွေးဘူးနော်..း))
နောက်ဆို ပြန်ရင် တောင် ဟိုကလူတွေ က မှတ်မိမှာ မဟုတ်တော့ ဘူး..
စိတ်ညစ် ပ

ဂျာမုန်းဒန် said...

မှတ်သားလောက်ပါပေတယ်ရှင်။
ဟာသစုံ၊ ရသစုံ တဲ့စာလေးကိုဖတ်ရတာ ကျေနပ်စရာပင်။
ကျေးဇူး.....သားကြီးရေ။
ဒါနဲ့ သားကြီးဆိုတော့...မောင်နှမတွေမှာအကြီးဆုံးလားဟင်..စစ်စုပြန်ပြီ။
မဖြေချင်ကထားလိုက်နော်...ခင်လို့ပါ။

Ree Noe Mann said...

ညီလေးသားကြီးရေ

ခေါင်းစဉ် လေးကို အဓိပ္ပာယ် ဖေါ်သွားပုံလေးက
မိုက်တယ်နော်။

ကောင်းလိုက်တဲ့ အရေးအသားလေးဗျာ။
အားပေးနေပါတယ်ညီ။

ကိုယ်လည်း ခုချိန်ထိတော့ ဝက်ရှူးပြန်ဖို့ပဲ စဉ်းစားနေတယ်။
ဟားဟားဟား ဆိုးလိုက်တဲ့ ဘာ ...ဝ နော်။

ကိုရီနို

ဒီတစ်ခါတော့ ရယ်သွားတယ် ညီ။ မငိုတော့ဘူး

မြစ်ကျိုးအင်း said...

ဏာလဲ မပြန်ရဲသေးဘူး....
ပြန်ဘို့တွေးရင် မစဉ်းစားဘဲနဲ့ အကြောင်းပြချက်တွေက ၀င်လာတယ်...
ရင်မောပြီး ပြန်ချင်စိတ်ပျောက်သွားပြန်ရော.....။

ဝက်ဝံလေး said...

ကိုသားကြီးရေ အဟက် ရေးတာတွေက ရယ်ရတယ် ဗြဟဲဟဲ ငါ့ပါးပါးလို့မပြောရဘူး ခိခိ

ဝက်ရူးပြန်ရင် ခြေမကိုက်ရတယ်တဲ့ ခစ်ခစ် လျှောက်ပြောတာ ယုံနဲ့

အလာနောက်ကျတာခွေးလွှတ်နော် မမများအဖွဲ့နဲ့ လေကန်နေလို့ သိလား ဟားဟားးးးးး
ဘိုင်

 
©2009 ♬သားကြီး♪ | by TNB