“မရောက်သေးဘူးလား.....”
“ရောက်တော့မှာပါဟ.. ရှေ့နားလေးတင်.....”
……………………………….....
ကျနော်မှတ်မိသလောက်ဆို“ရှေ့နားလေးတင်”ဆိုသည့်စကားတစ်ခွန်းသည်ကျနော့်သူငယ်ချင်းပါးစပ်ကနေထွက်ထွက်လာ
နေတာ ဒါပါနဲ့ဆို အခွန်းနှစ်ဆယ်တိတိပြည့်ပြီဖြစ်သည်။ သူပြောသည့်ရွာ၏အရိပ်အယောင်ကိုမှ မမြင်ရသေး လူလည်းဖတ်ဖတ်မောနေပြီ၊သူငယ်ချင်းဝင်းကျော်တို့ရွာကိုလာခဲ့ရသည့်ခရီးကမနည်းပါချေ၊ သင်္ဘောကို ဖင်စုတ်နေအောင်စီးရသည် လမ်းကိုလည်း ဖိနပ်စုတ်အောင်လျှောက်ရသည်။
ထုံးစံအတိုင်း တောအုပ်တွေ ရွာတွေ လယ်ကွင်းတွေသာ တစ်ခုပြီးတစ်ခု ဖြတ်သွားသည်
သူပြောသည့်“ရှေ့နားလေးတင်”သည် ရှေ့နားလေးနေရာမှတစ်လက်မမှလျှော့မသွားသေး ။
နေကလည်းအလွန်ပူသည် ဆက်လျှောက်ကြရင်း တောစပ်တစ်ခုအရောက်တွင် အရိပ်အာဝါသကောင်းသည့်ဇရပ်ငယ်လေးတစ်လုံးအားတွေ့၍နှစ်ဦးသား ခြေပစ်လက်ပစ်ထိုင်ချလိုက်ကြသည် ဒီခရီးကိုသွားလာနေကျ ဝင်းကျော်က ဘာမှမဖြစ်သော်လည်း ကျနော့်မှာတော်တော်ပင်ပန်းနေပြီ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကားအရောက်အပေါက်အလွန်နည်းသည့် သူတို့ရွာကို အလည်လာခဲ့မိခြင်းသည် မှားလေပြီဟုလည်းနောင်တရနေသည်။
“ကျဉ်းကျဉ်းကြပ်ကြပ် မြို့ထဲက လမ်းတွေ အုတ်ခုံတွေမှာ သီချင်းလိုက်ဆိုရတာ မမိုက်ဘူးကွ ဟောဒီမှာကြည့်စမ်း လတ်လတ်ဆတ်ဆတ်လေပြေတွေ တောပန်းရနံ့တွေအဆုံးမဲ့မိုးကောင်းကင်တွေ နဲ့ဝန်းရံနေတဲ့ အေးချမ်းတဲ့ ဒီလိုဇရပ်လေးထဲမှာ သီချင်းဆိုရတာ ဘယ်လောက်ကဗျာဆန်လဲ”
ဝင်းကျော်က ပြောလည်းပြော ပါလာသည့်ဂစ်တာကိုလည်းကြိုးညှိအသံစမ်းပြီးသီချင်းဆိုရန်ပြင်သည်။
“ဒီနေရာသီချင်းမဆိုကောင်းဘူးကွဲ့ နတ်ကြမ်းတယ်”
ဝဲတဲတဲအသံတစ်ခုကြောင့်လှည့်လိုက်ရာ ဘယ်တုန်းကဇရပ်ထဲဝင်လာသည်မသိသော ကရင်အဖိုးကြီးတစ်ယောက်ကိုတွေ့ရလေသည်။
“ငါလူပျိုတုန်းကပေါ့ မယ်ဒလင်တီးအရမ်းတော်တဲ့ သန်းစိန်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် တနေ့တော့ တောတက်လာတာ အားတဲ့အချိန်အပျင်းပြေတီးဖို့ဆိုပြီး သူ့မယ်ဒလင်လေးပါယူလာပြီး အားအားရှိတိုင်း တီးလိုက်ဆိုလိုက်လုပ်နေတာတဲ့ အလုပ်တွေပြီးလို့ရွာလည်းပြန်ရောက်ရော အကြောင်းရှာမရဘဲ သွက်သွက်ခါအောင်ရူးတော့တယ် ဘယ်ဆရာမှ မကုနိုင်ဘူး အဲဒါမင်းတို့ကလေးတွေ သတိထားကြ ဒီတောကနာမည်ကြီးတယ် ကြမ်းတယ်”
အဖိုးကြီးကစကားအရှည်ကြီးပြောပြီးနောက်ခါးကြားထဲက ကြွပ်ကြွပ်အိတ်နှင့်ထုပ်ထားသောဆေးရွက်ကြီးကိုထုတ်ကာအဆုပ်သေးသေးလေးလုပ်ပြီး ပါးစောင်တွင်ထိုးထည့်လိုက်သည် ထို့နောက် မျက်လုံးလေးမှိန်းကာဆေးရွက်ကြီး၏အရသာကို တမြုံ့မြုံ့ခံစားနေလေတော့သည်။
ဝင်းကျော်က သိပ်ကျေနပ်ပုံမပေါ် ။ အဖိုးကြီးဘက်လှည့်ပြီး.....
“အဲဒီလူက မယ်ဒလင်တီးပြီးရူးသွားတာဘကြီးရ ခုကျနော်တို့ကဂစ်တာတီးမှာ မရူးလောက်ဘူးထင်ပါတယ်၊
ကျနော့်အထင်ပြောရရင် ဒီတောကိုစောင့်တယ်ဆိုတဲ့နတ်က နတ်မဖြစ်ခင် လူအရင်ဖြစ်ခဲ့လိမ့်မယ် ရည်းစားလည်းထားဖူးပြီး အသည်းလည်းကွဲဖူးလိမ့်မယ်ဗျ အဲဒါဟိုမယ်ဒလင်ဆရာက လွမ်းလွမ်းဆွေးဆွေးသီချင်းတွေလာလုပ်တော့ သူ့အရင်ဘဝကငယ်ချစ်ကိုလွမ်းပြီးခံစားရတာပေါ့ဗျာ အဲဒါနဲ့သူ့ကို စိတ်ထိခိုက်ကြေကွဲအောင်လုပ်ရပါ့မလားဆိုပြီး မယ်ဒလင်ဆရာကိုဒဏ်ခတ်တဲ့အနေနဲ့ရူးအောင်လုပ်လိုက်တာနေမှာ ဒါပေမယ့်ခုကျနော်ဆိုမယ့်သီချင်းကအလွမ်းသီချင်းမဟုတ်ဘူးဗျ တောစောင့်ကြီးလည်းစိတ်ဝင်စားလောက်မယ်မထင်ဘူး ဘကြီး“လေးဖြူ”ဆိုတာကိုကြားဖူးလား”
“အင်း….လေးဖြူတော့မပြောတတ်ဘူးကွဲ့ “ဂျိုးဖြူ”တော့သိတယ် ရွေဂျိုးဖြူ မူလခဲ ဇာတ်ထုပ်ကြီးလေ ကြားဖူးတာပေါ့”
အဖိုးကြီးစကားကြောင့်ကျနော်တို့နှစ်ယောက်သားရယ်မိကြသည် ဘယ်လိုပင်ပြောပြောအယူသီးသူအဖိုးကြီးကလက်မခံ သီချင်းမဆိုရန်သာအတန်တန်တားလေသည် ဝင်းကျော်လည်းစိတ်လျှော့လိုက်တော့သည်
ကျနော်တို့နှစ်ယောက်ဂစ်တာကြီးလွယ်ပြီးဇရပ်ထဲကထွက်လာတော့ ကရင်အဖိုးကြီးမှာ တရှူးရှူးဟောက်လျှက်အိပ်ပျော်နှင့်ပြီဖြစ်သည်။
လယ်ကွင်းတစ်ခုကိုဖြတ်လျှောက်ကြရင်း ဟိုးအဝေးဆီမှခပ်ပျပျလေးလှမ်းမြင်နေရသော တောအုပ်သေးသေးလေးတစ်ခုကိုဝင်းကျော်က လက်ညိုးထိုးပြီး..။
“အဲဒီတောအုပ်ဆိုနေ့ခင်းကြီးတောင်ဘယ်သူမှမဝင်ရဲဘူးကွ နွားပျောက်ရင်တောင် ဘယ်နွားပိုင်ရှင်မှအဲဒီထဲဝင်ပြီးမရှာကြဘူး အရမ်းကြမ်းတယ် နွားကျောင်းသားတွေလည်းရှောင်တယ် အရင်ငါတို့ရွာမှာ“ငှက်ထီး”ဆိုတဲ့လူတစ်ယောက်ရှိတယ်ကွ....”
……………………
(“ငှက်ထီး”ဆိုသဖြင့် ရွာထဲမှ“ချက်ကြီး”၏ အစ်ကိုဟုမထင်မှတ်စေလိုပါ သူတို့ရွာတွင် ချက်ကြီးဆိုတာလည်းရှိမနေပါ
“ဝိုင်းစိန်မ”ဆိုသူလည်းရှိမနေပါ မြန်မာရုပ်ရှင်နှင့် ဝတ္ထုစာအုပ်များတွင်သာ တောနှင့်ပတ်သက်လာတိုင်းထိုအမည်နာမများအားဖောဖောသီသုံးထားသည်ကိုတွေ့ရမည်ဖြစ်သည်
ကြုံတုန်းပြောရပါဦးမည်...
“ငှက်ထီး”ဆိုတာနာမည်အရင်းမဟုတ်ဟုသိရသည် နာမည်အရင်းက“ထွန်းနောင်”
ဖြစ်ပုံကဒီလို ထွန်းနောင်တို့လူပျိုဘဝက စိတ်တူကိုယ်တူသူငယ်ချင်းများအားလုံး ကိုယ့်ဘာသာကို နာမည်ဆန်းဆန်းလေးတွေခေါ်ပြီး ရွာနီးချုပ်စပ်က ဖြစ်သမျှဘုရားပွဲတိုင်းတွင် လက်စွမ်းပြ လက်ဝှေ့ဝင်ထိုးသည်ဆို၏ ။ သူတို့ထဲတွင်အာလူးစိန်၊ အရိုင်းလေး၊ ရွေဒူးပျံ အစရှိသဖြင့်အမည်ဆန်းဆန်းများထွက်ပေါ်လာကြသည်။
“ရွေဒူးပျံ”ဆိုသူသည် ဒူးပျံ မပျံမပြောတတ်သော်လည်း ဒူးတော့ခဏခဏလန်သည်ဆို၏ မူးတိုင်းမှောက်မှောက်လဲကျနိုင်လွန်းသည်ဆိုကိုး ။
သူငယ်ချင်းများကိုအားကျမခံလိုသဖြင့် ထွန်းနောင်လည်း“ငှက်ထီး”ဆိုသည့်နာမည်အား သူ့ဘာသာသူ စိတ်ကြိုက်ရွေးချယ်ကာ လက်ဝှေ့ပွဲတွင်ဝင်ထိုးသည်။
ပထမအချီစစဖွင့်ချင်းငှက်ထီးနဖူးကွဲသည် ။
“ဘာမထီဇာနည်ဖွားတဲ့ကွ” ဟုအော်ပြီးနဖူးထက်သွေးချင်းချင်းနီလျှက်အပြုံးမပျက်ပြန်ထွက်လာသည်။
ပွဲကြည့်ပရိတ်သတ်အပေါင်းက ဟေးကနဲအော်ကာသူ့သတ္တိကိုချီးကျူးကြသည်။
ဒုတိယအချီစစဖွင့်ချင်းငှက်ထီးရှေ့သွားနှစ်ချောင်းပြုတ်ပြန်သည် ။
“ဘာမရှီ ရှာနည်ဖွားတဲ့ကွ” ဟုအော်ပြီးပါးစပ်ကသွေးများယိုစီးလျှက်အပြုံးမပျက်ပြန်ထွက်လာသည်။
(ရှေ့သွားကျိုးသွားသဖြင့်အသံမပီခြင်းသာဖြစ်ပါသည်)
ပွဲကြည့်ပရိတ်သတ်အပေါင်းက ဟေးကနဲအော်ကာသူ့သတ္တိကိုချီးကျူးကြပြန်သည်။
တတိယအချီစမယ်လုပ်တော့ငှက်ထီးကိုရှာမတွေ့ကြတော့ ပျောက်ခြင်းမလှပျောက်နေလေပြီ ပွဲဒိုင်လူကြီးလည်းလော်စပီကာမှတစ်ဆင့် “ဘာမထီဇာနည်ဖွားငှက်ထီး ရောက်ရာအရပ်ကပြန်လာပါ”ဟုအော်ခေါ်ရ၏..
“ဘာမထီလား ဘာလားတော့မသိဘူးဗျ ကိုထွန်းနောင်တစ်ယောက်တော့အိမ်ပြန်ပြေးတာတွေ့လိုက်တယ်ဗျ”
ခုမှရွာထဲကလာခဲ့ပုံရသော နွားကျောင်းသားလေးတစ်ယောက်၏စကားကြောင့်လူတချို့လည်း ဘုရားဝင်း၏အနိမ့်ပိုင်းဘက်ကျသည့် သူတို့ရွာလမ်းမကြီးအားလှမ်းကြည့်လိုက်ကြရာ ဖုန်လုံးကြီးများတစ်ထောင်းထောင်းထလျှက် တန်းနေအောင်ထွက်ပြေးသွားသူ ဘာမရှီ ရှာနည်ဖွားအားတွေ့လိုက်ကြရာ လက်ညှိုးကြီးတစ်ထိုးထိုးဖြင့်ခွက်ထိုးခွက်လန်ရယ်ကြလေတော့သည်။
ထွန်းနောင်တို့ထိုးသည်မှာစိန်ခေါ်ပွဲ အထူးပွဲ ကျားပွဲမဟုတ်ပါ ကိုယ့်အလှည့်နှင့်ကိုယ်နားနားနေနေထိုးရသောရိုးရိုးပွဲသာဖြစ်ပါသည်
ယခုဖြစ်ရပ်များကိုနောင်မှကျနော်သိခဲ့ရခြင်းဖြစ်သည်)
……………….
…“အဲဒါနဲ့ တစ်နေ့ကျတော့ ငှက်ထီးနဲ့သူ့အဖေါ်တစ်ယောက်ဟိုဘက်ရွာကိုမြေပဲမျိုးတွေသွားယူတယ်ကွ
ပြန်လာတော့တော်တော်နောက်ကျနေပြီ လပြည့်ညလည်းဖြစ်ဆိုတော့ ပတ်ဝန်းကျင်ကနေ့ခင်းနဲ့မခြားလင်းချင်းနေတယ်ဆိုပဲ အဲဒါ ငါပြောတဲ့အရမ်းကြမ်းတယ်ဆိုတဲ့ တောစပ်နားလည်းရောက်ရော ငှက်ထီးကဗိုက်နာလာပြီး အလေးသွားချင်နေတယ် အဲဒါနဲ့အတူပါလာတဲ့သူ့သူငယ်ချင်းကိုစောင့်ခိုင်းပြီး သူကချုံပုတ်တစ်ခုထဲ ဝင်ပြီးသူ့ကိစ္စကိုရှင်းပါရော
ခဏနေကြာတော့ သူ့အနောက်ဘက်နားကနေခြိုးခြိုးချွတ်ချွတ်အသံကြားလို့လှည့်ကြည့်လိုက်တော့ သူနဲ့သိပ်မဝေးတဲ့ အနောက်ဘက်မြေကွက်လပ်ကြီးတစ်ခုမှာလူတစ်ယောက်ကိုတွေ့လိုက်ရတယ်တဲ့ ထူးခြားတာက အဲဒီလူက ကတုံးပြောင်ကြီးနဲ့ အကျီင်္လည်းမပါဘူး ခါးတောင်းကျိုက်ထားပြီး ကိုယ်လုံးကလည်း သာမန်လူတွေရဲ့နှစ်ဆလောက်ကြီးတယ်ဆိုပဲ သူ့ရှေ့မှာလည်းအရမ်းကြီးတဲ့ ရာဝင်စဥ့်အိုးကြီးတစ်လုံးရှိနေတယ် လရဲ့အလင်းနဲ့ အိုးထဲကဟာတွေကအရောင်ဖိတ်ဖိတ်တောက်နေတယ်
စိန်တွေ ပတ္တမြားတွေဖြစ်လိမ့်မယ်ထင်တာပဲတဲ့ ချုံပုတ်ထဲကသူ့ကိုတော့ အဲဒီကတုံးကြီးက မမြင်ဘူးဆိုပဲ
တစ်အောင့်လောက်ကြာတော့ ရာဝင်စဥ့်အိုးကြီးထမ်းလာတဲ့ အဝတ်ဗလာ ခေါင်းတောင်းကျိုက်ကြီးနဲ့ကတုံးကြီးတစ်ယောက်ထပ်ရောက်လာပြန်တယ် .. ။စဥ့်အိုးကြီးကိုအသာအယာချပြီး စောစောက ကတုံးကြီးလိုပဲ မလှုပ်မယှက်ရပ်နေပြန်တယ် နောက်ခဏကြာတော့နောက်ကတုံးကြီးတစ်ယာက်နဲ့ မိန်းမချောလေးတစ်ယောက် အားလုံးပေါင်းလေးယောက်ဖြစ်သွားတယ်”
“မိန်းမချောလေးလည်းခေါင်းတောင်းကျိုက်ထားတာပဲလား ဆံပင်မပါဘူးလား”
သိချင်စိတ်ဖြင့်ကျနော်မေးလိုက်မိသည်။
“နင့်ကြီးတော်ခါးတောင်းကျိုက်လား...ဆံပင်လည်းပါတာပေါ့ဟ အကျီင်္နဲ့ ထမီနဲ့ ရှင်းပလား
အိုးကလည်းသုံးလုံး အိုးထဲကအရောင်တွေကလည်းတစ်လက်လက်နဲ့
သူ့ကိုတော့လေးယောက်စလုံးမမြင်ကြဘူးဆိုပဲ လေးယောက်လည်းဖြစ်သွားရော ကတုံးကြီးတွေတစ်ယောက်လက်တစ်ယောက်ကိုင်ပြီးတော့စဥ့်အိုးသုံးလုံးကိုဝိုင်းပြီး သူတို့ရင်ဘတ်ကျယ်ကြီးတွေနဲ့အုပ်မိုးလိုက်ကြတယ် ပြီးလည်းပြီးရော ရုတ်ခနဲပျောက်ကုန်ရောတဲ့ကတုံးတွေရော အိုးတွေရောပဲ ဟို မိန်းမချောလေးရော ဘာဆိုဘာမှမရှိတော့ဘူး မြေကွက်လပ်ကြီးပဲကျန်ခဲ့တယ်
ငှက်ထီးဆိုအားကနဲအော်ပြီးရွာထဲတန်းပြေးတာ စိုက်ဖို့ယူလာတဲ့မျိုးတွေတောင်မသယ်နိုင်တော့ဘူး
သူ့သူငယ်ချင်းလည်း ဘုမသိ ဘမသိလိုက်ပြေးတာပေါ့ ငှက်ထီးလည်းသူတို့အိမ်ထဲရောက်မှ သူ့အဖြစ်ကိုသူပြန်သတိရတယ်”
“ဘာတဲ့လဲ”
“ကြောက်ကြောက်နဲ့ပြေးလာတာ ချီးကုန်းဖို့မေ့သွားတယ်လေ တစ်လမ်းလုံးနံဟောင်နေပါရောလားကွယ်”
ကျနော်တို့နှစ်ယောက်သားရယ်မိကြသည်။
ဒီလိုနဲ့စကားတွေဖေါင်အောင်ပြောပြီးလျှောက်လာလိုက်ကြရာ နေပင်အတော်စောင်းသွားပြီ လူလည်းတစ်ကိုယ်လုံးရိုက်ချေထားသလို နွမ်းနယ်နေလေပြီ တောစပ်တစ်ခုလွန်လာပြန်သည်...
“ဘာမှမပူနဲ့သားကြီး ဟိုမှာလေငါတို့ရွာ မြင်နေရပြီ”
ဝင်းကျော်၏စကားကြောင့်ကျနော်အလွန်အမင်းဝမ်းသာသွားသည်
သူညွှန်ရာသို့ကြည့်လိုက်တော့ ဟိုးမိုးကုပ်စက်ဝိုင်းကြီးအောက်က မှုံပျပျသာလှမ်းမြင်နေရသေးသည့်သူတို့ရွာငယ်လေး....
လွယ်လာသည့်အိတ်ကိုရော ထမ်းလာသည့်ဂစ်တာကိုပါ ဂလုံကနဲအသံမည်အောင်ကျနော်ပစ်ချလိုက်မိလေတော့သည်။
ငယ်ငယ်ကကြားဖူးသည့် ဟင်္သာတထွန်းရင်၏သီချင်းတစ်ပုဒ်ကိုလည်းနားထဲပြန်လည်ကြားယောင်လာသည်
…..သားမှားပြီ....မှားပြီ မေမေရဲ့……… ချစ်ဇောတွေကြွယ်........(ဆက်ရန် ....)
ကျားကလေးတို့ရွာ-၁
Subscribe to:
Post Comments (Atom)
18 comments:
ရောက်တော့မှာပါ သားကြီးရဲ့ ၊ ရှေ့နားလေးတင်ပါ၊ ကောင်းတယ် ဆက်ရန်စောင့်မယ်နော်၊ လမ်းမှာတင် ဇာတ်လမ်းတွေ အများကြီးးးး
ဘုရားရေးးးးးးးးးးးးးးးးးးးးးးးးး
ပြောင်းပဲပြောင်းနိုင်လွန်းတယ်နော် ကိုကြီး
အချိန်တွေ သိပ်ပိုနေရင်လာခဲ့လေ
စာလာကျက်ပေးသိလား?????????
မုန့် ဝယ်ကျွေးမယ် Comment ပေးတာတဲ့လေဟီးးးးးးးးးး
အိမ်ပြေားတာပြေားပါတယ်
ခင်တဲ့
မြူးလေး
ကိုသားကြီးရေ မန္တလေးက ရှေးတပျ ကိုပြောတာနေမှာ ကိုသားကြီးဆက်ရန် ရွာလည်းမရောက်ပြန်ပေါ့....
သားမှားပြီတဲ့လား....ဖတ်တဲ့သူတွေ အတွက်တော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းပဲ....စောင့်မျှော်လျက်...
အာ....ရောက်သေးဘူးလားဟ?
မြန်မြန်ဆက်တော့နော်။ ရယ်လည်းရယ်ရတယ်။ တကယ်ပဲ ဘာဆက်ဖြစ်လည်းသိချင်နေပြီ ကိုသားကြီးရေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ဘာတွေ ဆက်ဖြစ်ဦးမှာလဲ ဟ မြန်မြန်လေးရေးကွာ အားတုန်းလေး လာဖတ်ရတာ
အဆင်ပြေပျော်ရွှင်ပါစေကွာ
ဆက်ရန် လေးမြန်မြန်ဗျို့....အားပေးနေတယ်
ကိုသားကြီးကလဲ
ရှေ့ တစ်ပြလေေ၇ာက်တော့မှာပါ. ဆက်လျှောက်နော်။
မြန်မြန် ဆက်ပါနော်။အားပေးနေမယ်။
ခင်တဲ့
မေလေး
ရောက်တော့မှာပါ ကိုသားကြီးရေ။ ကွမ်းတစ်ရာ ညက်လောက်ပေါ့။ အဲဒီရွာက
ကွမ်းတောင်ကိုင် နှင့်တွေ့ ချင်ရင် အားတင်းထားဗျို့  :)
ခင်မင်ခြင်းနှင့်
တလနွန်
ဟဟဟ ရောက်တော့မှာပါ..။ တစ်ချိန်က နောင့် သူငယ်ချင်းတွေကို ရွာကို အလည်ခေါ်သွားတာကို အမှတ်ရမိတယ်..။ စိတ်မလျှော့ပါနဲ့ ရောက်တော့မှာပါ..။
သားကြီးရေ သူကြီး သမီး နဲ့  ကွမ်းတောင်ကိုင် ကို လဲ နံမည်လေးတော့ မေးခဲ့နော် မမေ့နဲ့ အုံး ...း)) ခွိခွိ
ကိုသားကြီးရေ..
ကျနော်တို့ရွာဘက်လည်း လာလည်ဦးနော်။ အဲဒီရွာထက် ပျော်ဖိုပ ကောင်းတယ်။ တစ်ကယ်ပြောတာ.. ^__^
ရော် ငါ့နှယ် ကောင်းကာမှ ဖျက်လိုက်တယ် ... လုပ်ပါဦး ကိုသားကြီးရဲ့ .. ဆက်ရန်တွေ ဖတ်ရတာ ဒီရင်ထဲ တော်တော်ဟာသကွယ် ...
နောက်တစ်ပိုင်း မျှော်နေပြီ ...
နေဒေးသစ်။
လာဖတ်သွားသည်။
ဒီမယ် ကိုသားကြီး လူကို ဆန့်တငင်ငင်လုပ်တယ် ဟွန်းးး ကို၇ီးယားကားကျနေတာပဲ မြန်မြန်ဆက်စမ်းပါ ဒီမှာသိချင်လှပီ
ပြော၇ဦးမယ် ၇ယ်တာတောင် ကောင်းကောင်းမ၇ယ်နိုင်ပါဘူး ကောလိပ်မှာဆိုတော့ တော်နေ လူတွေက ညီမကို ၇ူးနေတယ်ထင်မှာစိုးလို့ အဟားးး ပါးစပ်အုပ်၇ယ်၇တဲ့အဖြစ် အဟီးးဟီးးး
ရှေ့တစ်လှမ်းဆိုရောက်ပါပြီပေါ့လေ။
ဆက်ရန်ကိုစောင့်မျော်နေမယ်နော်။
ရွာမရောက်သေးဘူးလား.............နောက်တပြဆိုရောက်ပါပြီ...။
နောက်တပိုင်းမဆက်သေးဘူးလား ...ရှေ့တလဆို ရောက်ပါပြီ..။
တပြပဲဖြစ်ဖြစ် နှစ်ပြပဲဖြစ်ဖြစ် ပြစရာရှိလဲ မြန်မြန်ပြလိုက်တော့ မျှော်တဲ့သူတွေများနေပြီ....
Post a Comment