ညသည်နှင်းဝတ်ရုံဖြင့်စိုလဲ့နေ၏ ၊ အရပ်ရှစ်ခွင်လုံးကိုဇာပုဝါအဖြူပါးပါးလေးတစ်ထည်ကလွှမ်းခြုံထားသလို ကြည့်လေမြင်လေရာတိုင်းတွင်နှင်းတွေချည်းအုပ်နှင့်သင်းနှင့်မင်းမူနေကြသည်။
မသိရင်တော့ နွေရာသီဆိုတာ ဒီကမ္ဘာပေါ်မှာ ဘယ်တုန်းကမှမရှိခဲ့ဖူးသလိုပုံစံနှင့်။
ထုံအီသောပန်းရနံ့တချို့လည်းတသုန်သုန်ဖြူးနေသည့်အေးစိမ့်စိမ့်လေထုတွေထဲတွဲခိုကပ်ပါလာ
နေကြသည် ။ချမ်းလွန်းလှသဖြင့်ကောင်လေးအိပ်မပျော်နိုင်ရှာပေ စိတ်ပျက်လက်ပျက်ဖြင့်ကောင်းကင်ကိုမော့ကြည့်မိတော့ ခပ်ဝါးဝါးသာနေသည့်လမင်းကြီးက “ဒါတော့ ငါလည်းမတတ်နိုင်ဘူး”ဆိုသည့်သဘောဖြင့်ကောင်လေးကိုပခုံးနှစ်ဖက်ပြန်တွန့်ပြသည်။
ကောင်လေးနားလည်ပါသည် လမင်းကြီးခမျာ ချမ်းလို့တောင်မှခြုံစရာစောင်မရှိပါ ဝတ်လစ်စလစ်ခန္ဓာကိုယ်နဲ့ပဲ ကောင်းကင်ထောင့်ချိုးတနေရာမှာ ငုတ်တုတ်ကြီး ကပ်နေတာသာကြည့်တော့။
ဒီကြားထဲလူအင်အားတောင့်တင်းသည့်ကြယ်စင်အစုအဝေးက တစ်ကောင်ထီးတည်းလမင်းကြီးကို
စိုးစိုးစီစီမြည်သံပေးပြီးလှောင်နေကြသေးသဖြင့် လမင်းကြီးခမျာ အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရပြန်လေရာသူ့အဖြစ်က ကောင်လေးထက်ဆိုးနေပေသည်။ ဤသို့ဖြင့်…အိပ်မပျော်သောကောင်လေးနှင့် အိပ်မပျော်သောလမင်းတို့သည် ဆောင်းနှင်းပွင့်တွေကို ဘဝဘဝက ငြိုးဘက်ကြီးတွေလို စိမ်းစိမ်းကြီးကြည့်ကာငုတ်တုတ်မိုးလင်းရတော့သည်။
မိုးစင်စင်လင်းတော့ လမင်းကြီးကနှုတ်ဆက်သည်..
“ကောင်လေးရေ မင်းနေခဲ့ပါ ငါတော့အခြားကမ္ဘာတစ်ဖက်ခြမ်းကိုအလင်းပေးဖို့ခရီးနှင်ရဦးတော့မယ် အဲဒီမှာဆောင်းဥတုမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းမိတယ် သွားပြီဟေ့”
လမင်းကြီးထွက်ခွါသွားတော့ ကောင်လေးတစ်ယောက်တည်းငူငူငိုင်ငိုင်ကြီးကျန်ရစ်သည် ထို့နောက် အိမ်နံရံကပြက္ခဒိန်ဆီသို့အကြည့်ရောက်သွားသည် ။
ထို့နောက်သူ့နှုတ်ဖျားမှအသံတိုးတိုးလေးထွက်လာသည်....
“ကောင်မလေးရယ်....မင်းငါ့ကိုခွဲသွားခဲ့တာပဲ ဘာလိုလိုနဲ့သုံးနှစ်ပြည့်တော့မယ်နော်”
………………………….....
ကောင်လေးနဲ့ကောင်မလေးတို့နွေဦးညတစ်ညတွင်ဆုံတွေ့ခဲ့ကြသည်
တစ်နှစ်မှာတစ်ခါကျင်းပမြဲဖြစ်သည့်ကောင်လေးတို့ရွာဘုရားပွဲတွင် ကျောင်းရန်ပုံငွေအတွက် ကာရာအိုကေကိုကောင်လေးစောင့်ပေးရသည့်ညတွင်ဖြစ်သည်။မြို့ပေါ်ကငှားလာသည့်
နာမည်အတန်အသင့်ရှိသည့်ဇာတ်ပွဲဖြင့်ဘုရားပွဲကလူစည်သော်လည်း ကာရာအိုကေဆိုမည့်သူတော့မပေါ်သေး
ဝါသနာရှင်တွေထိုင်ရန်ချပေးထားသည့်စက်ရှေ့ကခုံတန်းတွေကြား ညဦးကတည်းက
ကောင်လေးငုတ်တုတ်ထိုင်နေသည်။
လာမယ့်လာတော့ ပထဦးဆုံးဖောက်သည်က ကုလားကြီးဖြစ်နေသည်
ဒစ်စကိုဒန့်ဆာများဖွင့်ခိုင်းလေမလားဆိုပြီးကောင်လေးနည်းနည်းညစ်သွားသည်။ သို့သော် ကုလားကြီးက
ထွန်းအိန္ဒြာဗိုသီချင်းဖွင့်ခိုင်းပြီး “အား..ယာ…ယာ… အား..ယာ..ယာ…မောင်ဘာကိုငြင်းမလဲ”ဆိုပြီးကုလားသံဝဲဝဲဖြင့် ခေါင်းတလှုပ်လှုပ်ဆိုသွားသောအခါ ကောင်လေးမှပြုံးမိသေးတော့၏။
ပိုက်ဆံငါးဆယ်ပေးပြီးကုလားကြီးထွက်သွားတော့ ကောင်လေးထိုင်နေသည့်ခုံတန်းအနောက်ကနေ ခိုးခိုးခစ်ခစ်ရယ်သံတွေထွက်လာသည်
လှည့်ကြည့်လိုက်တော့ကောင်မလေးနှစ်ယောက် လူကြီးတွေပြောလေ့ရှိသည့်ဥစ္စာစောင့်မတွေများလူယောင်ဖန်ဆင်းပြီးပွဲခင်းထဲဝင်လာသလားမှတ်ရအောင် နှစ်ယောက်ထဲကတစ်ယောက်က လှလွန်းနေသည် ။
“ငါ ဇူလိုင်မိုးသီချင်းဆိုမလို့”
မလှလွန်းသည့်တစ်ယောက်ကပြောလိုက်ခြင်းဖြစ်သည် လှလွန်းသည့်တစ်ယောက်ကတော့နေကြာစေ့တွေကိုတစ်ဖျောက်ဖျောက်မည်အောင်ကိုက်လျှက်သူ့အား
တွေတွေကြီးကြည့်နေသည်
ဥစ္စာစောင့်မလေးတွေမဟုတ်လောက်မှန်းကောင်လေးသေချာသွားသည် ဥစ္စာစောင့်သာဆို ရင်ဂိုသီချင်းကိုဆိုလိမ့်မည်မဟုတ်ဟုထင်သည်။
“ဟုတ် ဟုတ်ကဲ့ အခွေရှာလိုက်မယ်”
“ဒါပေမယ့် ငါအခုဆိုမှာမဟုတ်ဘူး ခဏနေမှဆိုမှာ”
“ဟောဗျာ”
သူ့ကိုကြည့်ပြီးဘာမှန်းမသိ တခစ်ခစ်ရယ်နေကြပြန်သည်။
ထိုအခိုက်မှာပဲ အရက်နံ့တစ်ထောင်းထောင်းထလျှက် ကျောပြင်ဗလာနှင့်လုံချည်တိုတိုဝတ်ထားသည့် ဦးကြီးတစ်ယောက်ကောင်လေးနားသို့ပုံကျလာသည် ၊ကောင်လေးတို့ရွာထဲကပဲဖြစ်သည် ။ ပြီးနောက် ဗလုံးဗထွေးလေသံဖြင့်..
“ငါ့တူကြီးရယ် သီချင်းဖွင့်ပါကွ မင့်ဦးလေးခံစားချက်တွေဖွင့်ချင်လို့ပါ”
“ဟုတ်ကဲ့ ဘာသီချင်းဆိုမလို့လဲခင်ဗျ”
“ဟို သီချင်းလေကွာ ကောင်းချက်တော့ တစ်ကမ္ဘာလုံးကျော်ပါတယ်ဆို ဘယ်တော့နားထောင်ထောင်မရိုးဘူး”
“ဟုတ်ကဲ့ဦး သီချင်းနာမည်လေး”
“ဦးကြီးက စာမှမတတ်တာတူလေးရ နာမည်ဘယ်သိမှာတုန်း
ထွန်းရင်လေကွာ သူဆိုထားတာပေါ့...တစ်ကယ်တော်တဲ့ပါရမီရှင်ပါကွာ ဦးကြီးငယ်ငယ်ကဆိုမင်းအဒေါ်ကို အဲဒီသီချင်းနဲ့ပဲ ဂေါ်ခဲ့တာပေါ့ကွယ် အေ့”
အရေးထဲ လေကပြိုနေသေးသည် ကောင်လေးနည်းနည်းညစ်နေပြီ
နောက်ကငနဲမနှစ်ကောင်ကတော့ ကောင်လေးကိုကြည့်ပြီးပြုံးစိစိဖြစ်နေကြသည်။
“ဟို…သီချင်းစာသားရွတ်ပြပါလား”
“အေး…ရွတ်ပြမယ် နေညိုချိန်တိမ်တောက်တဲ့အခါ”
“ရပြီ ရပြီ သိပြီ ငယ်သူငယ်ချင်းစာဥသီချင်း ကျနော်အခွေရှာလိုက်မယ်”
ကောင်လေးလည်းအခွေကိုကမန်းကတန်းရှာသည် ခံစားချက်ကို တစစီဖေါက်ခွဲလွင့်စင်နေချင်သည့်ဦးကြီးက သူ့ခွေအရှာကိုမစောင့်နိုင် ချထားသည့်မိုက်ခွက်ကိုယူပြီး အသံပြဲကြီးဖြင့် စည်းလွတ်အော်ဆိုလေတော့သည်။ ပါးစပ်တီးလုံးပင်ပါလိုက်သေး
“တန် တန့် တန်… တန် တန့် တန် ….ဒူတိုင် ဒူတိုင် ဗျောင် ဗျောင်…”
“ဟာ..ဦးကြီး နေဦးလေ”
“နေညိုချိန် တိမ်တောက်တဲ့အခါရွာလမ်းကလေးမှာ.....”
“ဟာ…ဒုက္ခပဲ နေပါဦးခဏ”
“စာဥတို့သူငယ်ချင်းမတွေရေခပ် ဆင်းလို့လာ ဒန့် ဒန့် ဒန်”
“ဒုက္ခပါပဲဗျာ အခွေကလည်း ရှာမရသေးဘူး”
နောက်ကကောင်မလေးနှစ်ကောင်ကတော့ ကောင်လေးနဲ့ဦးကြီးအဖြစ်ကိုကြည့်ပြီး တစ်ကိုယ်လုံးသိမ့်သိမ့်ခါအောင်ရယ်နေကြလေတော့သည်။ ပွဲခင်းပရိတ်သတ်အပေါင်းလည်းရယ်သွားကြကုန်သည်။
သူအခွေရှာတွေ့သွားချိန်မှာတော့ ဦးကြီးဆိုသူက နိုင်ငံကျော်အဆိုတော်ကြီးစတိုင်ဖြင့်မရှိသည့်ပရိတ်သတ်ကို ကျေးဇူးတင်စကားပြောကြားနေပြီဖြစ်သည်။
“ခုလိုနားထောင်ပေးတဲ့တေးချစ်ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ် သီချင်းကတော့ပြီးသွားပါပြီ အေ့ ”
ထိုသို့ပြောပြီးမိုက်ကိုချလျှက်ပုဆိုးခါးပုံစမှတစ်ဆယ်တန်အနွမ်းသုံးရွက်ကိုကောင်လေးအားပေးကာ
“ဒါပဲရှိတယ် တူလေးရေ ယူထားလိုက်”ဟုပြောပြီးဒယိမ်းဒယိုင်ဖြင့်ပွဲခင်းဘက်လှည့်ထွက်သွားသည်။
“ကဲ နင့်ကာရာအိုကေကြီးကစွံမယ့်ပုံမပေါ်ဘူး လူလည်းမရှိဘူး ခုဖွင့်ပေးငါ့ဇူလိုင်မိုးသီချင်း”
ထုံးစံအတိုင်းမလှလွန်းသည့်ကောင်မလေးတစ်ယောက်၏အသံပဲဖြစ်သည် ရယ်ရတာဝသွားပြီထင် လှလွန်းသည့်တစ်ယောက်ကတော့ နေကြာစေ့ကိုပင်ဆက်လက်စားသုံးနေပြီဖြစ်သည်။ စကားလည်းနည်းပုံရသည်
ခုထက်ထိကောင်မလေးသိပ်လှတာပဲသိသေးသည် အသံတော့မကြားဖူးသေး လူလှသလိုအသံလေးလည်း လွင်လွင်ကလေးဖြစ်နေမှာပဲလားမသိ စဉ်းစားရင်းနှင့်ပင်ကောင်လေးရင်ဖိုရသည် စကားလေးတစ်ခွန်းလောက်တော့ပြောသင့်သည်ဟုလည်းကောင်လေးထင်နေမိသည်
သို့သော်... အသံချွေတာပုံရသည့်ကောင်မလေးပါးစပ်မှ နေကြာစေ့ကိုက်ခွါသံ တဖျောက်ဖျောက်ကလွဲပြီး အခြားဘာသံမှထွက်မလာခဲ့။
မိုးအတွက်မိုး သီချင်းခွေကိုရှာသည် မတွေ့ အခွေထည့်သည့်သေတ္တာကိုဖင်ပြန်ခေါင်းပြန်လှန်သည် မတွေ့
ကောင်လေးစိတ်ညစ်ရပြန်သည် ။ စက်ပိုင်ရှင်သည်အခွေများကိုအရောရောအနှောနှောထည့်ထားသဖြင့်အရှာခက်ရခြင်းဖြစ်သည်
“ဟို ဇူလိုင်မိုးအခွေတော့မရှိဘူးဗျ မိုးဒေဝါသီချင်းဆိုပါလား အဲဒါတော့ရှိတယ် အဲဒါလည်းမိုးသီချင်းပဲလေ”
“ဟာ..တောက်တီးတောက်တဲ့ ဇူလိုင်မိုးဆိုမယ့်ဟာကို”
“အေးဗျာ အခွေကကျန်သွားလားမသိဘူး ဒီမှာမရှိဘူး ဒါမှမဟုတ် တိမ်တမာန်ရော မဖြစ်ဘူးလား”
“ဟောတော်…နင်နဲ့တော့ခက်နေပြီ မိုးသီချင်းဆိုပါမယ်ဆိုမှ ဘယ်က တိမ်သီချင်းဆိုခိုင်းနေတာတုန်း မရှိရင်လည်းမရှာနဲ့တော့ မဆိုတော့ဘူး လာ ဖေါအဲ ပွဲဘက်ပဲလှည့်တော့မယ်”
.................
ကောင်မလေးနှစ်ယောက်ထွက်သွားတော့သူ့ရင်ထဲဟာတာတာကြီးဖြစ်ကျန်ခဲ့သည်
“နာမည်ကဖေါအဲတဲ့လားကွယ် ဒါဆိုရင်ပန်းချစ်သူလေးပေါ့နော်”
အသံရယ် နေတဲ့ရွာရယ် သူမရင်ဘတ်ထဲကနှလုံးသားရယ်ကိုပဲမသိသေးတာ နာမည်လေးတော့သိလိုက်ရပြီ လူကိုလည်းသိလိုက်ရပြီ ။ ဘာပဲဖြစ်ဖြစ်ကောင်လေးပျော်ခဲ့ပါသည်
ထိုညကောင်းကင်တွင်ကောင်လေးအတွက် လနှစ်စင်းသာခဲ့သည်
တစ်စင်းက စန္ဒာမည်သော ရှိရင်းစွဲလမင်းကြီးဖြစ်ပြီး နောက်တစ်စင်းကတော့ ဖေါအဲဟုခေါ်သော အသံဖျောက်ဖျောက်သာထွက်သည့် နောက်မှ ကောက်ကာငင်ကာသာသည့် လမင်းကလေးပင်ဖြစ်တော့သည်။
ဆက်ရန်.... ခုလောလောဆည်တော့ထုံးစံအတိုင်း zzZzZzzzzZ
..........................
သီချင်းတင်ပါဆိုတဲ့ညီလေးရာတမေနဲ့ နဒီမိုးညိုတို့အတွက်...
ဇူလိုင်မိုး
တိမ်တမာန်
အလွမ်းနဲ့ပဲ ပန်းတွေကိုပွင့်စေလိုက်တယ်
ဆုနဲ့စူး ကျောင်းနဲ့ကြိမ်(တဂ်)
“မင်းတို့ဗမာစကားနဲ့ ချစ်တယ် ကိုဘယ်လိုပြောလဲ”
supervisorက မေးလိုက်တာပါ
“မြန်မာဆိုင်ကကောင်မလေးကိုငါရည်းစားစကားပြောချင်လို့ကွ သင်ပေးဦး”
သြော်…ဒင်းကငါတို့လုပ်အားခကိုလည်းခေါင်းပုံဖြတ်သေး ငါတို့အမျိုးကောင်းသမီးကိုလည်းအမြတ်ထုတ်ချင်နေသေးတယ်ပေါ့ ရတယ် ဒါမျိုးဆိုသိပ်ကူညီပေါ့
ကျနော်လည်း ဗမာလိုရည်းစားစကားပြောတာကိုသင်ပေးလိုက်တယ် ရှည်နေရင်မမှတ်မိမှာစိုးလို့တိုတိုပဲသင်ပေးလိုက်တယ်
supervisorလည်းအသံအနေအသံထားပီအောင်လေ့ကျင့်ပြီးအလွတ်ကျက်လိုက်တယ်
နောက်နေ့ကျတော့ ဆိုင်ကိုမယောင်မလည်နဲ့ရောက်သွားတယ် သူ့အခန်းနဲ့နီးနီးလေးကိုး
ဆိုင်ရောက်တော့အခန့်သင့်ပဲငရုပ်သီးထုပ်တွေကြားမှာအလုပ်ရှုပ်နေတဲ့ကောင်မလေးကိုတွေ့တယ်
ကံကောင်းချင်တော့ ဆိုင်ကလူရှင်းနေတယ် သူ့အတွက်အကွက်ပဲ အရင်ကလည်းကောင်မလေးနဲ့သူနဲ့မျက်မှန်းတန်းနေကျ၊ မေးထူးခေါ်ပြောတွေရှိနေကျပါ အနီးဆုံးဆိုတဲ့နေရာကိုသူတိုးကပ်သွားတယ်
မျက်နှာချင်းဆိုင်ပြီးကောင်မလေးကိုချစ်ရည်လဲ့နေတဲ့မျက်လုံးတွေနဲ့ကြည့်နေလိုက်တယ်
အသိမ်မွေ့ဆုံးအပြုံးတစ်ခုကိုပြုံးပြပြီး ကျနော်သင်ထားတဲ့အတိုင်း supervisorက ဗမာသံပီပီသသကြီးနဲ့တလုံးချင်းပြောချလိုက်တယ်....
“ဖေ -ိုး မ” တဲ့
supervisorရဲ့ရည်းစားစကားကိုကြားတော့ဇတ်ဇတ်ကြဲကောင်မလေးက“ဇွတ်ကြီးပါပဲလားရှင် စဉ်းစားပါရစေဦးလား ဒီကမိန်းမသားမို့ပါ”ဆိုပြီးမမူပါဘူး လုပ်စရာရှိတာပဲလုပ်ထည့်လိုက်တယ်
မြန်မာ့အားကစားကမ္ဘာကိုလွှမ်း မလွှမ်းတော့မသိဘူး မြန်မာ့အမျိုးသမီးလက်ဝါးကတော့ မလေးရှားကဘဲကြီးရဲ့ပါးကိုအဲဒီနေ့က ပိုးစိုးပက်စက်ကိုလွှမ်းသွားတယ်
supervisorမျက်နှာရဲပတောင်းခတ်ကုန်တယ် ကောင်မလေးကမြန်မာပြည်ကမှာထားတဲ့ငရုပ်သီးအနီမှုန့်တွေကိုထုပ်နေရင်းတန်းလန်းကိုး ကြည့်ရတာပါးရိုက်ချင်စိတ်က လက်အဆေးကိုတောင်မစောင့်နိုင်ရှာဘူး တန်းပြီးတွယ်ထည့်လိုက်တာ
(ကောင်မလေးရေ so sorryပါကွယ် မင်းကိုတကယ်ပြောရဲတယ်မထင်လို့ပါ)
အဲဒီနောက်ပိုင်း supervisorလည်းအခန်းပြောင်းသွားပါရော ရှက်လို့တဲ့
အဲဒီနောက်ပိုင်း ကျနော်လည်းအလုပ်ပြောင်းရပါရော ချွန်တွန်းလုပ်လို့တဲ့
ဒီလိုပါပဲ ကျနော်ဆိုတဲ့ကောင်ကအများကြီးလည်းမဆိုးသလို အများကြီးလည်းမကောင်းပါဘူး
ကိုကြီးရီနိုကဆုနဲ့စူးဆိုပြီးကျောင်းတုန်းကအမှတ်တရဖြစ်ခဲ့တာတွေရေးဖို့တဂ်လာတယ်
ကျောင်းအကြောင်းပြောမယ်ဆိုရင် နားရွက်ဆွဲထိုင်ထလုပ်ရတာ၊ ခုံပေါ်မတ်တတ်ရပ်ရတာ ကြိမ်လုံးစာမိတာတွေပဲ ထပ်နေလိမ့်မယ်ထင်တယ် ဒါပေမယ့် ရေးလိုက်ပါမယ် ..
………......
နေ့လည်ကျောင်းဆင်းချိန်တစ်ခုမှာပါ ကျနော်တို့ဘော်လုံးကန်ကြတယ် နာမည်နဲ့လိုက်အောင်အီးပေါလောတွေများတဲ့
E အခန်းကကောင်တွေနဲ့ကန်ကြတာပါ
အဲလိုနဲ့တစ်ချက်မှာကျနော့်သူငယ်ချင်းကန်ထည့်လိုက်တဲ့ဘောလုံးက Eအခန်းက ကောင်တစ်ကောင်ရဲ့ဖင်ကိုဒိုင်းကနဲသွားထိတယ် အဲကောင်လည်း စိတ်ဆိုးဆိုးနဲ့ပြန်လှည့်လာပြီး
သူ့နောက်တည့်တည့်မှာရှိနေတဲ့ကျနော့်ကို ဆောင့်တွန်းပါတော့တယ် ကျနော်ယိုင်ထွက်သွားတယ်
“ဟေ့ရောင်..ငါကန်တာမဟုတ်ဘူး မင်းလူမှားနေပြီ”
စကားတောင်ဆုံးအောင်မပြောရဘူး ဒေါသအရမ်းထွက်နေတဲ့အဲကောင်က ကျနော့်မျက်ခွက်ကိုလက်သီးတွေအတွဲလိုက်ပစ်သွင်းလိုက်ပါတယ် နေ့ခင်းကြောင်တောင်ကြီး ကျနော့်မျက်လုံးထဲမှာ twinkle twinkle little starတွေအလျားလိုက်လက်သွားပါတယ်။
စက်သေနတ်ပစ်သလိုသူ့လက်သီးချက်တွေကတော်တော်မြန်ပါတယ် ကျနော့်ဘက်ကအခံကြီးသက်သက်
ဒီလိုနဲ့တစ်ချက်မှာ ကျနော့်ကိုထိုးနေရင်းကနေလှမ်းကန်တော့ သူ့ခြေတောက်ကိုကျနော်မိသွားတယ် လက်ကျန်ရပ်နေတဲ့အခြားတစ်ဖက်ကို ကျနော်လှမ်းကန်ထည့်လိုက်တော့ အဲကောင် သဲတွေကြားထဲပုံကနဲလေးဘက်ထောက်ကျတယ်
ကျနော်လည်းရတဲ့အခွင့်အရေးကိုလက်လွတ်မခံဘဲ သူ့ဇက်ပိုးကို ဖနှောင့်နဲ့ ခုန်ပြီးအားကုန်ဆောင့်နင်းချလိုက်တယ် အသံတောင်မထွက်ဘူး သူ့မျက်ခွက်က သဲထဲမှာနစ်သွားတာ
တစ်ချက်ထဲနဲ့ပွဲပြီးသွားတယ် ကျနော့်သူငယ်ချင်းကပြန်ပြောပြတယ် အဲကောင့်အဖေက ကရာတေးဆရာကြီးတဲ့ သင်တန်းတောင်ဖွင့်ထားတာတဲ့ အဲကောင်ဆိုလည်း ခါးပတ် အနီလား အစိမ်းလားမသိဘူး ရထားတာတဲ့ ကျနော်ပြန်ပြောလိုက်တယ် ငါ့အဖေက ဘာကရာတေးမှမတတ်ဘူး
ဒါပေမယ့် ငါကအမြဲတမ်း ဗန်ဒိန်း(jean-claude Van Damme)ကားကြည့်တယ်လို့
fighterနှစ်ကောင်ကိုယ့်အခန်းကိုယ်ပြန်ရောက်တော့ကိုယ့်ခုံပေါ်ကိုယ်မတ်တတ်ရပ်ရတယ်
တစ်ယောက်ကိုကြိမ်သုံးချက်မိတယ် ဒါပေမယ့်ကျနော်ကျေနပ်တယ် ကျနော့်အတန်းပိုင်က လူပိန်သလိုဒေါသပိန်တယ် ကိုင်တဲ့ကြိမ်လုံးကလည်း လူနဲ့လိုက်အောင်သေးတယ်(အဲ..စပ်တော့စပ်တယ်) ဟိုကောင့်အတန်းပိုင်က လူကြီးသလိုဒေါသလည်းကြီးတယ် ကိုင်ထားတဲ့ကြိမ်လုံးကလည်း နှစ်လုံးပူး အယ်နေတာပဲ
“ကရာတေးဆရာကြီးရဲ့သားကို ငါတို့အခန်းကသားကြီးတွယ်ထည့်လိုက်တာ အသံတောင်မထွက်တော့ဘူးဟေ့” ဆိုပြီး အတန်းဖေါ်တွေကလိုက်ကြော်ညာတော့ ကျနော်heroကြီးဖြစ်လို့ပေါ့ အိမ်ပြန်ရောက်မှ မှန်ကြည့်လိုက်တော့
“ဟိုက်..heroကြီးအခွက်ဖူးယောင်နေပါပေါ့ စောစောကတော့သွေးပူနေလို့နာရကောင်းမှန်းမသိဘူး ခုမှဘုတွေရော ညိုမဲတာတွေရောပေါင်းထွက်လာတာ အိးးး တော်သေးတယ် အတန်းဖေါ်တွေမတွေ့လိုက်တာ” အဲလိုနဲ့နောက်နေ့ကျောင်းပျက်တယ် heroရဲ့ဘုထွက်နေတဲ့အခွက်ကိုသူများမြင်လို့မဖြစ်ဘူးလေ...။
………………..
“နက်ဖြန်နေ့တစ်ဝက်ပဲတက်ရမှာ ကျောင်းပြေးရအောင်ကွာ မင်းအိမ်ကဂစ်တာရောသီချင်းစာအုပ်ရော မခဲ့ ငါလည်း မခဲ့မယ်”
သူငယ်ချင်းကျနော့်ကိုနှစ်ခါမညှိရပါ အဲဒီစကား သူမပြောရင်တောင်ကျနော်ပြောတော့မလို့ပါ
နောက်နေ့ကျောင်းတက်ခေါင်းလောင်းလည်းထိုးရော ကျနော်တို့လည်း
ရှုခင်းသာကိုတန်းရောက်ပါလေရောပေါ့ သူငယ်ချင်းက အအေးဆိုင်ဘက်ပြေးပြီး အဆာပြေစားဖို့သွားဝယ်တယ် ကျနော်ကတော့ အေးအေးဆေးဆေး ဆိုလို့တီးလို့ကောင်းမယ့်နေရာတစ်ခုရှာတယ်
ဒီလိုနဲ့ခြုံတစ်ခုကိုအရောက်မှာကျောင်းစိမ်းဝတ်စုံနဲ့ မြက်ပင်တွေကြားဝမ်းလျားမှောက်နေတဲ့ကျောင်းသားတစ်ယောက်ကိုတွေ့လိုက်တယ် သူ့ပုံစံက ပစ်ကွင်းကောင်းကောင်းရဖို့ ရန်သူဆီကိုနီးသထက်နီးအောင်ကြိုးစားချဉ်းကပ်နေတဲ့ ကွန်မန်ဒိုတစ်ယောက်လို ကျနော်အနားကပ်လာတာလည်းသိရော ကျနော့်ဘက်လှည့်ပြီး အသံမထွက်ဖို့ပါးစပ်ကိုလက်ညှိုးနဲ့ထောက်ပြတယ် ပြီးလည်းပြီးရောရှေးတူရှုကို မျက်စပစ်ပြတယ်
သူမျက်စပစ်ပြတဲ့နေရာကိုကျနော်ကြည့်လိုက်တော့ အားပါးပါး….
သမ္မာကျမ်းစာတွေထဲမှာပဲဖတ်ဖူးတဲ့ ဧဒင်ဥယျာဉ်ကြီးတစ်ခုဖြစ်တည်နေပါပေါ့လား
အားတော့နာတယ် ဒါပေမယ့် အစအဆုံးထိုင်ကြည့်ပေးလိုက်တယ် အဟိ
မြင်ကွင်းက အသက်၁၈နှစ်အောက်မကြည့်သင့်တဲ့မြင်ကွင်းမဟုတ်ပါဘူး အတွေ့အကြုံသိပ်ရှိပုံမရတဲ့ စုံတွဲက အနမ်းနည်းနည်း စကားများများနဲ့ပဲချိန်းဆိုခြင်းအမှုပြီးနေတာပါ
ပြီးလည်းပြီးရော ကွန်မန်ဒို ကျောင်းသားကကြုံးဝါးတယ် (မချိတင်ကဲ ရင်ခေါင်းသံကြီးနဲ့ အားမလိုအားမရပြောတာပါ ခြုံထဲကမြက်တွေကိုလက်နဲ့ကြုံးပြီး ပါးစပ်ထဲထည့်ဝါးတာမဟုတ်ပါဘူး)
“တော်တော်ညံ့တဲ့ကောင် ငါသာဆိုရင်တော့လား”တဲ့
အံ့တကြိတ်ကြိတ်သူ့ကိုကြည့်ပြီးကျနော်လန့်လာတယ် ဒီကိစ္စမျိုးကအန္တရာယ်ကြီးတယ်လေ တရှိန်ရှိန်နဲ့အလျံညီးညီးမီးထတောက်နေတဲ့သူ့နှာခေါင်းကမီးကိုဘယ်ရေပိုက်ကမှငြိမ်းသတ်နိုင်မယ်မထင်
ဘူး အဲဒါနဲ့ အမြန်ဆုံးပဲထွက်လာလိုက်တယ်
စားစရာသွားဝယ်တဲ့သူငယ်ချင်းရောက်လာတော့ အရိပ်အေးအေးခုံတန်းတစ်ခုမှာထိုင်လိုက်တယ် သီချင်းစာအုပ်ကိုအကျအနနေရာချပြီး ဂစ်တာစတီးမယ်အလုပ်မှာ ကျနော်တို့နဲ့မလှမ်းမကမ်းနေရာတစ်ခုကနေ ကျယ်ကျယ်လောင်လောင်နဲ့အသံကြီးတစ်သံထွက်လာတယ်
“ဦးဘကောင်းသည် အအိပ်ကြမ်းသော အပျိုစင်လေး အညို၏ ဖွံ့ဖွံ့ထွားထွားအသားအစိုင်အခဲများကို မြင်တွေ့ရသည့်ခဏ၌ ရင်ထဲတွင် ခြောက်ကပ်လာကာရေဆာသလိုပင်ဖြစ်လာသည် နောက်ဆုံး စိတ်မထိန်းနိုင်တော့ဘဲ ရာဂဘူလီးစီးနေသည့် ဦးဘကောင်းသည် အညို၏အခန်းတွင်းသို့ဝုန်းကနဲဝင်ရောက်သွားလေသည်
ထို့နောက်…….
ထို့နောက်…….
ကျနော်နဲ့ကျနော့်သူငယ်ချင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်(နေ့တိုင်းပျင်းဖို့ကောင်း
အောင်မြင်နေကြရတဲ့မျက်နှာနှစ်ခုကိုပဲ ထပ်ပြီး ထူးသလိုဆန်းသလိုကြည့်မိကြတယ်) ဒီအသံကိုနှစ်ယောက်စလုံးမှတ်မိတယ် ကျနော်ဆော်ပလော်တီးထားတဲ့(ကျနော့်ကိုလည်းဆော်ပလော်တီးထားတဲ့) ကရာတေးကျော်ကြီးရဲ့အသံ
ဒီကောင်ဘယ်ကအပြာစာအုပ်တွေရလာလဲမသိဘူး အသံအကျယ်ကြီးနဲ့အော်ဖတ်နေတယ် ကျနော်တို့လှမ်းကြည့်လိုက်တော့ သူ့ဘေးပတ်ပတ်လည်မှာ သူ့သူငယ်ချင်းနှစ်ယောက်ပါတယ် တစ်ယောက်က သူအော်ကျယ် အော်ကျယ်အော်ဖတ်တာကိုသဘောအကျကြီးကျပြီး တဝါးဝါး တဟားဟားနဲ့ရယ်နေတယ် နောက်တစ်ကောင်ကတော့feelတက်နေလေရဲ့
“မဖြစ်ဘူး ဒီကောင့်ပါးစပ်ကို ခြေမနဲ့သွားဆို့ပေးရမယ်”
သူတို့ဆီကျနော်လျှောက်သွားတယ်
“ဒီမှာဟေ့ရောင် မင်းစောက်သံနဲ့ ပတ်ဝန်းကျင်ကိုဒုက္ခမပေးနဲ့ ငါတို့ဒီမှာသီချင်းဆိုလို့မရဘူး”
“မင်းဘာသာမင်း ဝေးဝေးသွားဆိုပါလား ဒါမင်းအဖေပိုင်တဲ့မြေလား”
ကျနော့်ကိုဘုကြည့်ကြည့်ပြီးငနဲကပြန်အော်တယ် (ဘုကြည့်ကြည့်တယ်ဆိုတဲ့စကားကလည်းရှင်းရခက်ပါတယ် အကြည့်မှာဘုကြီးတစ်ခုပါနေတာမဟုတ်သလို ကြည့်တဲ့လူကလည်း ကျောကုန်းမှာဘုကြီးပေါက်နေတဲ့လူမဟုတ်ပါဘူး ထားတော့ ထားတော့)
ဒီတစ်ခါတော့ကျနော်စတင်ခြင်းအလှည့်ပါ ထိုင်နေတဲ့သူ့ကိုပြေးပြီးထိုးထည့်လိုက်တယ်
စာအုပ်ရောလူရောနောက်ကိုလန်ကျတယ် ဒေါသတကြီးနဲ့ပြန်ထတယ် အဲဒီနောက်မှာတော့ ခါးပတ်အနီလား အစိမ်းလားမသိတဲ့ကောင်နဲ့ ဗန်ဒိန်းရဲ့အမာခံပရိတ်သတ် အကြိတ်အနယ် တဖုန်းဖုန်းတဒိုင်းဒိုင်းပေါ့
ဘေးကသူ့သူငယ်ချင်းရော ကျနော့်သူငယ်ချင်းရောဝင်မပါဘူး ဘဘောထားကြီးမားစွာနဲ့ပဲထိုင်ကြည့်နေကြတယ်
ပွဲလည်းပြီးရောထုံးစံအတိုင်းဟိုကောင်မှောက်တယ်
ထုံးစံအတိုင်း အဲဒီသတင်းက အတန်းပိုင်နားကိုပေါက်တယ်
ထုံးစံအတိုင်း တယောက်ကြိမ်သုံးချက် မိတယ်
ထုံးစံအတိုင်း သားကြီးက heroဖြစ်ပြန်တယ်
ထုံးစံအတိုင်းheroကြီးအခွက် ဖူးလို့ယောင်လို့ပေါ့ခင်ဗျာ..
ကဲ …ဆိုင်သလားတော့မသိဘူး ရေးတော့ရေးလိုက်ပြီကိုရီနိုရေ အများကြီးမဆိုးသလိုအများကြီးလည်း မကောင်းတဲ့ကျနော့်လိုကျောင်းသားအဖို့“ဆု”ဆိုတာချို(ဂျို)နဲ့လားပေါ့ခင်ဗျာ ကျောင်းလို့ပြောလိုက်ရင်ကျနော့်မှာကြိမ်လုံးချည်းပြေးမြင်နေရတယ်လေ ကျေနပ်နိုင်ပါစေ။ ။
နောက်နေ့တွေကျရင်မဟာဆန်တဂ်ကြွေးဆပ်ရဦးမယ်
ရွှေသုန္ဒရီ-၂

“ရှင်…ရှင်…ဘာစကားပြောတာလဲ”
တယ်ရီယာပေါက်စနလေး တခွီးခွီးဖြစ်နေသလိုပန်းနုရှက်သွေးမျက်နှာနှင့်ကောင်မလေးသည်ရန်ရှာတော့မလိုအသံပြုလာသည်
“ဟိုဟိုဒီဒီတော့လျှောက်မတွေးနဲ့လေ ကျုပ်ဆိုလိုတာကတမျိုးပါ မင်းမြင်တဲ့အတိုင်းပဲလေ ဒီအခန်းကဂျပိုးများတယ် ဂျပိုးဆိုတဲ့ကောင်တွေက တွေ့တဲ့လူကိုတွေ့တဲ့နေရာမှာ ကုပ်ကပ်ပြီးတော့ကို လူမမြင်အောင်တွယ်တတ်တာမျိုး တော်ကြာကျုပ်အခန်းလာမိလို့ကောင်မလေးအခန်းဂျပိုးရောက်သွားတယ်ဆိုရင်ကျုပ်လည်းမကောင်းဘူးလေ အရင်ကလည်း ပြောခံထိဖူးတယ် သူတို့ဘာသာသူတို့ဖင်ယားပြီးလာတာပါ သူတို့ဘာသာသူတို့ဖင်ယားပြီးပဲထပြန်သွားတယ် ဂျပိုးလည်းကိုက်ရောကျုပ်ကြောင့်တဲ့ အဲဒါကြောင့်ပါ”
“သြော်..သြော်...ဂလိုကိုး...တော်ပါသေးရဲ့”
တယ်ရီယာလေးချက်ချင်းပင်စိတ်ပြန်ပြေသွားသည်စောစောက စတင်လာနေသည့်ရန်ရှာမည့်အရိပ်အယောင်များပျောက်ကုန်ပြီး လူလည်းကြည်ကြည်လင်လင်ပြန်ဖြစ်လာသည် ထို့နောက်အသံကလေးအုပ်အုပ်ဖြင့်ပြောသည်..
“ဒါဆိုလည်းဝင်မထိုင်တော့ပါဘူးရှင်”
ထိုသို့ပြောပြီးနောက်
သက်ပြင်းရှည်ကြီးကိုချလျှက်မှသူ့အားရွန်းရွန်းစားစားကြည့်လေသည်။
သူကလည်းအားကျမခံရွန်းရွန်းစားစားကြီးပြန်ကြည့်ပစ်လေသည် ။ မျက်လုံးနှစ်စုံတို့သည် ဘာသာစကားတစ်ခုကိုအသံတိတ်ပြောနေဘိသကဲ့သို့ရှိသည် ထိုအသံတိတ်ဘာသာစကားကို တိုက်ရိုက်ဘာသာပြန်ရသော် ကောင်မလေး၏အကြည့်က
“ကျမအတွင်းခံကအစလျှော်ဖို့ပျင်းလို့တော့မဟုတ်ပါဘူး ဂျပိုးဆိုရင်ရွံလွန်းလို့ပါရှင်”ဟုအဓိပ္ပါယ်ရမည်ဖြစ်ပြီး
သူ့အကြည့်ကတော့ “သြော်…ကောင်မလေးနှယ် အတွင်းခံကအစလျှော်ရမှာပျင်းလို့ ဝင်မထိုင်ရဲတော့ဘူးကိုး”ဟုအဓိပ္ပါယ်ထွက်မည်ဖြစ်သည်။
တဒင်္ဂတိတ်ဆိတ်မှုကိုကောင်မလေးကစတင်ဖြိုခွဲသည် ထုံးစံအတိုင်းလျှာနဲ့ပဲဖြစ်သည်။
“ဟိုလေ..ဒီနေ့ ကိုထူးတို့ဆီမှာ မုန့်ဟင်းခါးချက်တယ်လေ အဲဒါရှင့်အတွက်လာပို့တာ ကျမကိုယ်တိုင်ချက်ထားတာနော်”
ကောင်မလေးသည် သူ့ကိုသူ“ကျမ”ဟုသုံးနှုန်းတတ်ပြီး သူတို့ကိုတော့“ရှင့်”ဟုနာမ်စားသုံးပြောဆိုတတ်သည်။
သူ့အဖို့တော့“ရှဥ့်”ပဲခေါ်ခေါ်“မျောက်”ပဲခေါ်ခေါ် သိပ်တော့လည်းကိစ္စမရှိပါ။
ကောင်မလေးသည်အချိန်ပြည့်ကိုထူးအခန်းထဲအလည်ရောက်နေသည်ကများသည် ကိုထူးသည်အားလုံးထဲတွင်ဝင်ငွေအမြင့်ဆုံးအလုပ်သမားခေါင်းဆောင်တစ်ယောက်လည်းဖြစ်သည်။
ကောင်မလေးယူလာသည့်ချိုင့်ထဲကဟင်းရည်နှင့်မုန့်ဖတ်များကိုသူလှယ်ယူလိုက်သည်။ ချိုင့်အလွတ်ကိုကောင်မလေးအားပြန်ပေးပြီးနောက် ထုံးစံအတိုင်းအခန်းထဲက ဂျပိုးထိုးစစ်ဆက်လက်ဆင်နွဲနေပြန်သည်။
ကောင်မလေးမှာချိုင့်အလွတ်ကြီးလက်ထဲဆွဲလျှက်မတင်မကျကြီးဖြစ်နေသည်။ (တင်လိုက် ကျလာလိုက်မဖြစ်တာကိုဆိုလိုပါသည်)
“ရှင်တစ်ခုခုပြောဖို့မေ့နေတယ်လို့မထင်ဘူးလား”
“သြော်…အင်းး...ဟုတ်သားပဲ မေ့နေတယ် ကျေးဇူးပါပဲ”
“ဟွန်းးး”
ကောင်မလေးမျက်နှာအနည်းငယ် မဲ့ရွဲ့သွားသည်။
“ဒီလိုရှင့် ကိုထူးက 012သုံးတယ်လေ ကျမက 016သုံးတာ အဲဒါသူမလုပ်တတ်လို့ရှင့်ကိုအကူအညီတောင်းချင်လို့ ဟိုလေ MMS GPRS ဖွင့်ပေးပါလား နောက်ပြီး camera settingလည်းချိန်ပေးပါဦး သိပ်မကြည်ဘူးဖြစ်နေတယ်
နောက်ပြီး friend and family နံပါတ်လေးပါထည့်ပေးနော်
နောက်ပြီး ဟို walkmanထဲကplaylistလုပ်တာလေ
နောက်ပြီး………..
နောက်ပြီး……….. ”
သြော်…သင်းကအကျိုးလိုလို့ညောင်ရေလာလောင်းနေတာကိုး.. ရပါ၏ ။
ကောင်မလေးလက်ထဲကမနေ့ကမှကိုထူးဝယ်ပေးထားသောအသစ်စက်စက်sony ericsson w910iအားယူလိုက်ပြီးသူလည်းတတ်သလောက်မှတ်သလောက်ကလိပေးလိုက်သည်။
ရပြီဆိုတော့ကောင်မလေးကpicture message ပို့ကြည့် friend and family noတွေခေါ်ကြည့်နဲ့
အားလုံးအိုကေသွားသဖြင့်အလွန်ပျော်သွားသည်။ ကောင်မလေးသည် ထက်ထက်မိုးဦးလည်းမဟုတ်လေသဖြင့်“ဒါမှကျုပ်မောင်ကြီးတော့”ဟုသူ့ကိုကြည့်ပြီးထမအော်ပါ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားပြောပြီးတော့သာပျော်ရွှင်မြူးထူးစွာထွက်ခွာသွားခဲ့သည်။
အပေးအကမ်းရက်ရောသူကိုထူးနှင့်ရွှေသုန္ဒရီမည်သော အလှဘုရင်မလေးတို့နောက်ပိုင်းတွင် အိုကေမှာစိုပြေသွားကြသည်။ ကောင်လေးတွေအားလုံးစွေ့စွေ့ခုန်ကျန်ခဲ့သည်။ ဥပဒေကလည်းရှိနှင့်ပြီးဖြစ်သဖြင့် ကောင်လေးတွေအားလုံး မြင်သာမြင်မကြင်ရ ငေးကြည့်ရုံပဲတတ်နိုင်ကြရလေတော့သည်။
တချို့ကောင်လေးတွေလည်းသောကဗျာပါတွေဝေပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်ကုန်ကြကာနောက်ဆုံး ဘာကို ကိုင်လိုက်မိသည်မသိ မူးရစ်ရီဝေနွေညနေဖြစ်သွားတော့သည် (မဟုတ်မှလွဲရော vol 40%စာတန်းကပ်ထားသော ပုလင်းကို ကိုင်လိုက်မိကြပြီထင်သည်)
နောက်ပိုင်းတွင်ကောင်မလေးသည် ဖုန်းကိုအကြောင်းပြ၍တစ်မျိုး၊ သီချင်းကိုအကြောင်းပြ၍တစ်ဖုံ သူ့ဆီအလည်ရောက်သည့်အခေါက်တွေစိပ်လာခဲ့သလို နှစ်ဦးသား၏ခင်မင်မှုသည်လည်းအတိုင်းအတာတစ်ခုထိရှိသွားကြသည်။
ထိုအတိုင်းအတာကိုပေတံနဲ့တိုင်းရင် ၁၂လက်မရဲ့ဟိုမှာဘက်လောက်မရှည်သော်လည်းပေရှည်အောင်ချဲ့ကားပြောဆိုတတ်သောပတ်ဝန်းကျင်
ကြောင့် သူနှင့်သုန္ဒရီတို့၏သတင်းသည်ဟိုလိုလိုဒီလိုလိုဖြစ်ခဲ့ရသည်။
ကိုထူးသည်နဂိုကတည်းကသဘောထားပြည့်ဝသူဖြစ်ပြီးသူ့ကိုလည်းညီတစ်ယောက်လိုချစ်ခင်သူဖြစ်သည် ပတ်ဝန်းကျင်၏အတင်းအဖျင်းကိုအစဉ်သဖြင့်ကိုထူးလျစ်လျှူရှုခဲ့လေသည်။
ဂျပိုးများအားလုံးသူ့အားဆလံပေးပြီးထွက်ပြေးကုန်ပြီဖြစ်သဖြင့်လည်းကောင်မလေးသည်စိတ်ရှိတိုင်း
လာလည်နေတတ်ပြီဖြစ်သည်။
ဂစ်တာအိုတစ်လက် စီဒီကက်စက်အစုတ်တစ်လုံးနှင့် အလုပ်အကိုင်မယ်မယ်ရရမရှိသည့်ကောင်လေးတစ်ယောက်တို့သာ စုပေါင်းနေထိုင်သည့်အခန်းကျဉ်းလေးကို ကောင်မလေးသည်အလုပ်သမားခေါင်းဆောင်ကိုထူး၏ခေတ်ပေါ်ဇိမ်ခံပစ္စည်းအပြည့်နှင့်ခမ်းနားထည်ဝါသည့်
အခန်းထက်ပိုနှစ်သက်ပုံရသည်။ အလည်လာတိုင်းလည်းသူစားဖို့တစ်ခုခုယူလာတတ်သည်။
“ရှင်နဲ့ကျမ”သုံးနှုန်းရာမှ “နင်နဲ့ငါ”ဖြစ်သွားသည်။
တခါတခါကောင်မလေးသည် အစ်မတွေရှိသည်ဆိုသည့်ခပ်ဝေးဝေးမြို့လေးတစ်မြို့သို့ အချိန်ကာလ အတိုင်းအတာတစ်ခုထိကြာအောင်တစ်ယောက်တည်းသွားရောက်လည်ပတ်လေ့ရှိသည်။ ထိုသို့သော အခါမျိုးတွင် ကိုထူးသည်“ရွှေသုန္ဒရီ”သီချင်းကိုအာပေါက်အောင်ဆိုကာအလွမ်းဖြေလျှက်ရှိသည်။
သူကတော့ထုံးစံအတိုင်းနဖူးပေါ်လက်တင်ပြီးအရောင်လျော့လျော့သူ့မနက်ဖြန်များအား စိုစိုထိုင်းထိုင်းစိတ်ကူးတို့ဖြင့်ကြိုတင်ရင်မောနေတတ်မြဲဖြစ်သည်။
တစ်နေ့… သုန္ဒရီဆိုသူလေးသူ့အားဖုန်းဆက်ခေါ်သည် အခန်းချင်းနီးနီးလေးဆိုသော်လည်း ဖုန်းလှမ်းလှမ်းဆက်တတ်တာ ကောင်မလေးအကျင့်ပဲဖြစ်သည်။
“ခုပဲအစ်မတို့ဆီကပြန်ရောက်တာ နင်ကြိုက်လောက်မယ်ထင်တဲ့သီချင်းတစ်ခွေဝယ်လာပေးတယ် လာယူနော်”တဲ့
သူတော်တော်ပျော်သွားသည် ဘာသီချင်းခွေမှန်းတော့မသိရသေး ဘာသီချင်းဖြစ်ဖြစ်လေ အောင်ခြင်းရှစ်ပါးအခွေတော့မဟုတ်လောက်ဟုသူထင်သည် ဟုတ်လည်းဘာဖြစ်လဲ ဝမ်းတောင်သာရဦးမှာ
သီချင်းခွေကိုသူသွားယူတော့ အဖုံးကာဗာမှာသူမလက်ရေးနှင့် “ငါ့ကိုဘယ်တော့မှမမေ့ပါနဲ့”ဟုအဓိပ္ပါယ်ရသည့်အင်္ဂလိပ်စာဖြင့်ရေးထားပြီး အောက်နားလေးတွင်သူမနာမည်အရင်းကိုဆိုင်းထိုးထားတာတွေ့ရသည် ။
ကောင်မလေးအတွက်ကျေးဇူးဆိုသောစကားကိုအထပ်ထပ်ပြောရလွန်းလို့ထပ်ပြောရမှာတောင်သူ့အနေနှင့်ရှက်လှပြီဖြစ်သည် အစစအရာရာသူ့အပေါ်ကောင်းခဲ့တဲ့ကောင်မလေးအတွက် လောလောဆည်တွင်အဖိုးအခအနေနှင့်သူတုံ့ပြန်နိုင်ခဲ့တာဆိုလို့ ဂစ်တာတီးပြီးသီချင်းဆိုပြခြင်းပဲရှိသည် ကောင်မလေးလည်းထိုတစ်ခုတည်းကိုသာတောင်းဆိုမြဲဖြစ်ခဲ့သည်။
နေဖင်ထိုးအောင်အိပ်လိုက်ဦးမည်ဟုသူစိတ်ကူးထားသည့်စနေနေ့တစ်ရက်တွင်ဖြစ်သည်။(စကားအဖြစ်ပြောရတာပါ နေက ဖင်ကိုလာမထိုးပါ ဘယ်နေရာကိုမှလည်းမထိုးပါ အခန်းကနေရောင်တောင်သိပ်မဝင်ပါ) စောစောစီးစီးတံခါးခေါက်သံကြောင့်အိပ်ယာမှလူးလဲထကာသွားဖွင့်ပေးလိုက်သည်။ အခန်းရှေ့မှာရောက်နေတာက မတွေ့ဖြစ်တာကြာပြီဖြစ်သည့်သူငယ်ချင်းတစ်ယောက် သူ့မျက်နှာက မတင်မကျကြီး တစ်စုံတစ်ခုကိုအပြင်းအထန်စဉ်းစားနေပုံရသည် အချိန်တွေကြာနေပြီးမှ ခုလိုတစ်ခေါက်ပြန်တွေ့ရတာတောင် သာကြောင်းမာကြောင်းတွေမမေးမိကြ(သာကြောင်းမာကြောင်းမမေးကြသလို ဘယ်လိုလဲ မဟန်တော့ဘူးလား ရှောတော့မလားဟုလည်းမမေးမိကြပါ)
အခန်းထဲဝင်ထိုင်တော့ထုံးစံအတိုင်းရေမွှေးနံ့ကတထောင်းထောင်းထသည်။ ထိုသူငယ်ချင်းသည်ရေမွှေးအလွန်ဆွတ်သူဖြစ်ပြီး ရေမွှေးမဆွတ်တတ်သူ သူ့အားလည်းမကြာခဏအပြစ်တင်တတ်သူဖြစ်သည် ။
“လူရှေ့သူရှေ့သွားတာ မွှေးမွှေးကြိုင်ကြိုင်လေးနေမှပေါ့”ဟု မကြာခဏသူ့အားပြောတတ်သည်။
“မွှေးမွှေးကြိုင်ကြိုင်မလိုပါဘူး နံနံစော်စော်မဖြစ်ရင်ပဲရပါတယ်”ဟုသူကပြန်ပြောတတ်သည်။
သူကလူတစ်မျိုးဖြစ်သည်(နှစ်မျိုးဖြစ်ချင်၍လည်းမရပါ)
လှတပတမိန်းကလေးများအမွှေးနံ့တစ်သင်းသင်းနှင့်သူ့ရှေ့ဖြတ်လျှောက်သွားရင် ပန်းတွေအပြည့်တင်လာသည့် လှော်သူမပါသောလှေလေးတစ်စင်း သူ့ရှေ့တင်ငြိမ့်ငြိမ့်ညင်ညင်လေးစီးမျောသွားသလိုကြည်နူးပီတိ ဂွမ်းဆီထိဖြစ်နေတတ်သူဖြစ်ပြီး
ရေမွှေးနံ့တထောင်းထောင်းနှင့်ယောင်္ကျားကြီးတစ်ယောက်ယောက် သူ့ရှေ့ကဖြတ်သွားရင်တော့ နတ်ကတော်ကြီးစိတ်ဖေါက်ပြီး သူ့ရှေ့ကဂျွမ်းထိုးချသွားသလို ဝေါ့…ဝေါ့…ထွီး ဟုအသံထွက်အော်ချင်နေသူဖြစ်သည်။
ထိုသူငယ်ချင်းက အသန့်အပြန့်ကြိုက်လွန်းသူဖြစ်၍ ပိုက်ဆံပေးဝယ်ရသည့်ရေမွှေးကိုဆွတ်ပြီး မသိရင် ဘဝဘဝက ပါရမီတွေကြောင့်ထွက်လာရတဲ့ မွေးရာပါကိုယ်သင်းရနံ့အလားဂုဏ်ယူနေတတ်ခြင်းကိုသူအပြစ်မတင်တော့ပါ။
ထိုရေမွှေးသည် လူကိုသာမက ခွေးကိုသွားဆွတ်ရင်တောင် မွှေးလိမ့်ဦးမည်ဆိုတာကိုလည်း အကျယ်အကျယ်ချဲ့ပြောမနေတော့ပါ ။ စကားနည်းရင်ရန်လည်းစဲလေသည်။
“ရော့ လောလောဆည်ဒါပဲဧည့်ခံစရာရှိတယ်”
ရေတစ်ဗူးနှင့်ဖန်ခွက်နှစ်လုံးယူလာပြီး ခွက်ထဲရေအပြည့်လောင်းထည့်ကာ သူငယ်ချင်းအားကမ်းပေးလိုက်သည် သူလည်းတစ်ခွက်ယူသည် ။
“ဟေ့ရောင် ဒီလမ်းထဲအဝင်ကွာ ဟိုထိပ်ဆုံးကအိမ်မှာဖြူဖြူချောချောအလန်းလေးတစ်ဗွေလေ မင်းသိလား”
“ရွှေသုန္ဒရီနဲ့တွေ့ခဲ့ပြီနဲ့တူတယ် ယောင်လို့တောင်စိတ်ကူးနဲ့မပစ်မှားလေနဲ့ကိုယ့်လူ ပိုင်ရှင်ရှိပြီးသားကွ တော်ကြာ အလုပ်ပိတ်လို့ငါ့ဆီခဏလာလည်မိပါတယ် နေရင်းထိုင်ရင်းဒုသနသောဖြစ်ရတယ်လို့တော့အပြောမခံပါနဲ့”
“ဟာ…ငါသိပါတယ်ကွ မင်းကလည်း ငါပြောချင်တာကတခြား ဒီလိုကွ ငါနေတဲ့မြို့ဘက်ကို တစ်ပတ်တန်သည် နှစ်ပတ်တန်သည် အဲကောင်မလေးအမြဲလာတယ်ကွ တွေ့ဖူးနေကျပဲ သိတာပေါ့ သူကတော့ငါ့ကိုဘယ်သိမှာလဲ အမှုမဲ့အမှတ်မဲ့နေမှာပေါ့ သူတည်းတဲ့အိမ်ကဘာလဲသိလား”
“အင်း သူ့အစ်မတွေအိမ်ဖြစ်မှာပေါ့ သူသွားနေကျပဲလေ”
“ဘယ်ကလာသူ့အစ်မအိမ်ဖြစ်ရမှာလဲ အဲဒီအိမ်ကနာမည်ကြီးအိမ်ကွ ငါရောက်တော့မရောက်ဖူးဘူး...ဒီလိုဟေ့....ဒီလို....”
သူ့သူငယ်ချင်းသည် အပီအပြင်ဖွတော့မည်ဆိုသည့်အထာဖြစ်ရေလေးတစ်ငုံသောက် ခွက်ကိုစားပွဲပေါ်ပြန်တင်ပြီး လျှာကိုအကျအနနေရာယူကာ(ပါးစပ်ထဲမှာပါပဲ) အသံကိုအတတ်နိုင်ဆုံးနှိမ့်ချလျှက် သူ့အားခရေစေ့တွင်းကျ ပြောပြလေတော့သည်...
နားထောင်ရင်း နားထောင်ရင်းဖြင့်….တဖြည်းဖြည်းနှင့်အနီးကပ်ကြားရသည့်သူငယ်ချင်းဖြစ်သူ၏စကားသံထဲတွင်သံမှုန်
သံစတွေကပ်ပါလာသလို နားထဲကြမ်းရှရှဖြစ်လာတာ သူခံစားရသည် အသံကလည်းနေရာတနေရာတည်းကထွက်ပေါ်လာခြင်းဖြစ်သော်လည်း တခါတခါဝေးသွားလိုက် တခါတခါနီးလာလိုက်....
သူ့နှလုံးခုန်သံတို့သည်လည်းတစ်ဒုန်းဒုန်းနှင့်ဆူညံလာနေကြသည်
ခေါင်းကလည်းတဖြည်းဖြည်းနောက်ကျိလာသည်.....
တစ်တွတ်တွက်နှင့်အသံထွက်ပြောဆိုနေသောသူငယ်ချင်းဖြစ်သူ၏ပါးစပ်ကို လူသေတစ်ကောင်အား ဖုတ်သွင်းနေသည့် အောက်လမ်းဆရာ၏ မန္တာန်ရွတ်နေသည့်ပါးစပ်အလားထင်မှတ်လာသည်
နောက်ဆုံးးးး
နောက်ဆုံးးးး
..................
....................
သူမှတ်မိလိုက်တာကတော့ သူ့လက်ထဲကရေထည့်ထားသည့်ဖန်ခွက်သည် သူ့လက်မှလွတ်ကျပြီးကြမ်းပြင်ပေါ်သို့အရှိန်ပြင်းပြင်းဖြင့်ကျကာတစစီလွင့်စင်ကုန်ခြင်းဖြစ်ပြီး ထိုလွင့်စင်လေသော ဖန်ခွက်ကွဲအစအနတွေနှင့်အညီအံ့သြထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ ဝေခွဲရခက်ခြင်းအစရှိသည့်စိတ်စေတသိက်တို့သည်လည်း သူ့နှလုံးသွေးကြောတစ်ဝိုက်ကိုဝုန်းဒိုင်းကြဲကာစီးနင်းလိုက်ကြခြင်းဖြစ်သည်။
“သုန္ဒရီရယ်…..မင်း..မင်း ဘာတွေဖြစ်နေတာလဲကွယ်....
အားလုံးကတော့...မင်းကို ဘုရင်မတစ်ပါးအလားပဲ....ခုတော့...ခုတော့.....မင်းး....က......
ဘယ်သူ့ကိုမှမငဲ့ချင်နေပါ ကိုထူးကိုတော့ငဲ့သင့်ပါတယ်...”
ဤသို့ဖြင့် ထိုစနေနေ့မနက်ခင်းလေးသည် မှောင်အတိကျသွားခဲ့သည်။
.............
“မင်းကိုအမွှေးနံ့ကြိုက်တယ်လို့ပဲငါထင်ခဲ့တာ လက်စသတ်တော့မင်းက အပုပ်နံ့ကိုလည်းဝတ်ရုံတစ်ခုလို မြတ်မြတ်နိုးနိုး ဆင်မြန်းတတ်သေးတာပဲကိုး”
“ဘာ!!! ဘာရယ်?? မင်းဘာပြောတာလဲ”
………………
……………….
“လာပါညီရ လိုက်ခဲ့ပါ ဒီမှာနှစ်ယောက်တည်းမို့လို့”
“လာပါဟ နင်ကလည်း အဖေါ်ရအောင်ပါဆို အပေါ်ရောက်ရင်ဝတ်ဖို့အနွေးထည်မရှိလို့လား ကိုထူးထဲကတစ်စုံပိုယူလာခဲ့မယ်လေ ဓါတ်ပုံလည်းအတူရိုက်ကြရအောင်”
အလှဆုံးဝတ်စားထားကြသည့်ရွှေသုန္ဒရီနှင့် ကိုထူးတို့ganting highlandတက်ရန်သူ့အားမရမကခေါ်နေကြခြင်းဖြစ်သည်။
“ဘာဖြစ်တာလဲညီရ ငေးငေးငိုင်ငိုင်နဲ့ အိပ်ရေးပျက်ပြန်ပြီလား”
“နင်နေမကောင်းဘူးလား အဲလိုမလုပ်နဲ့လေဟာ ငါ့အသိဆရာဝန်ကိုဖုန်းဆက်လိုက်မယ်နော် OK?”
သူသည်အင်းမလုပ် အဲမလုပ်ဘဲ ကြောင်တက်တက်နှင့်နှစ်ယောက်စလုံးကိုငေးကြည့်နေဆဲဖြစ်သည်....
သေသေချာချာကြည့်မှပဲကိုထူးဘယ်ဘက်ရင်အုံက နီစွေးနေသည့်သွေးတစ်ကွက်ကိုသူလှမ်းမြင်ရသည်
မြားနတ်မောင်၏လက်ချက်လော ? ရွှေသုန္ဒရီ၏လက်ချက်လော ? သူမဝေခွဲနိုင်ခဲ့။
သုန္ဒရီ့ကိုကြည့်လိုက်ပြန်တော့နှုတ်ခမ်းထောင့်စွန်းက ယန္တရားအတတ်ဖြင့်ဆင်ယင်ထားသည့်ကွေးကွေးညွှန့်ညွှန့်အပြုံးတစ်စုံနှင့်အတူသူမရင်ဘတ်က သံပါတ်ပေးထားသည့်စက်ရုပ်နှလုံးသားတစ်ခု
ခေတ်ပယောဂကြောင့်လော ၊ သူမ၏ဘဝပေးလော? သူလုံးဝမသိနိုင်ခဲ့ပါလေတော့
……………….
ရွှေသုန္ဒရီ
ထိုညနေတွင်အလင်းမှုန်သဲ့သဲ့ကောင်းကင်ပေါ်က ပထမဆုံးထွန်းတောက်လာသည့်ကြယ်လေးတစ်ပွင့်ကို ငေးငေးရီရီလုပ်ရင်း သူတိုးတိုးလေးညဉ်းမိသည်
“သုန္ဒရီရယ် မင်းကကြိုးတွေ တစ်ကယ်ပဲပျောက်ခဲ့ပြီလားကွယ်”
ဝမ်းနည်းစရာကောင်းလောက်အောင်ကြယ်ကလေးသည် သူ့ညဉ်းသံကိုမကြားခဲ့ပါလေတော့။ ။
ရွှေသုန္ဒရီ
♪….ခြေလက်…ခေါင်း ခါး.. စည်းဝါးနရီ…ပိုင်နိုင်လေသည်...မိုးမလင်းမှီ...ရွှေသုန္ဒရီရေ... ကကြိုးပျောက်မှာ..စိုးမိသည်.... ♬♫♪
စောစောစီးစီးသီချင်းသံကြောင့်သူလန့်နိုးသွားခဲ့သည်။ ချက်ခြင်းတော့မထဖြစ်သေး ၊ အိပ်ယာထက်တွင်ဆက်လက်မှိန်းနေရင်းသီချင်းသံကိုသူအသာအယာနားစွင့်နေလိုက်သည်။
♬…..ပရိတ်သတ်လက်ခုပ်သံကြား....ယစ်မူးလွန်မှားမှဖြင့်.....ထိန်းမနိုင်..သိမ်းမနိုင်...
ယိမ်းယိုင်မလားကွယ်....မောင်တွေးမချိပါသည်...... ♫♪
တစ်ဖက်ခန်းကာရာအိုကေစပီကာဘောက်မှထွက်လာသောအသံသည်ကိုထူး၏အသံမှန်းသူတန်းသိပါသည် ကိုထူးသည် သီချင်းကိုအသံအကျအန၊ အဖြတ်အတောက်၊ အဆွဲအငင် သေသေချာချာဖြင့်သီဆိုနိုင်သူတော့မဟုတ်ပါ။ အသံကလည်းအသံဝါကြီးဖြစ်သည်(အသံနီရှိသလားမသိပါ)
သီချင်းလည်းဆိုလေ့ရှိသူတော့မဟုတ်ပါ ၊ ကိုထူးဘဝတစ်ခုလုံးတွင်အစမှအဆုံးထိမှတ်မိသည့်သီချင်းသည် အရေအတွက်အားဖြင့်လက်ဆယ်ချောင်းပင်ပြည့်လိမ့်မည်ဟုသူမထင်... ယခုရွှေသုန္ဒရီအပုဒ်အပါအဝင်ပေါ့
ရွှေသုန္ဒရီသီချင်းကိုလည်းခုရက်ပိုင်းလောက်မှဖွင့်ကြည့်လိုက် ပြန်ဆိုလိုက်လုပ်နေခြင်းဖြစ်သည်။
ဒီသီချင်းကိုမှကောက်ကာငင်ကာကြိုက်ရလွမ်းရသည့်အကြောင်းရင်းလည်းရှိခဲ့လေသည်။
မြားနတ်မောင်သည် အလွန်လက်သရမ်းသူသာဖြစ်ပေမည် အပူမရှာချင်သူ(အအေးကိုလည်းမရှာလောက်သူ)လူပျိုကြီးကိုထူး၏ရင်ဘတ်ကိုမှမျက်နှာလွှဲကာ ခဲဖြင့်မပစ်ပဲ မြားဖြင့်ပစ်ခဲ့လေသည်။
……………………
မိုးပေါ်ကနတ်သမီးလေးလိုရုတ်ခြည်းသူတို့ဆီရောက်ချလာသောထိုကောင်မလေးကို “ရွှေသုန္ဒရီ”ဟုသူတို့အမည်တပ်လိုက်ကြသည်၊ ကောင်မလေး၏လက်ထဲတွင်“ရွှေသုန္ဒရီ”
သီချင်းအခွေပါလာသည်ကိုအစွဲပြု၍ဖြစ်သည်။လက်ထဲတွင်သီချင်းပါလာခဲ့သော်လည်း ရင်ဘတ်ထဲတွင်သီချင်းပါမလာခဲ့သော သူမသည်သီချင်းဆိုခြင်းအမှုကိုတော့လုံးဝ ဝါသနာမပါပါလေ။ထိုအခွေကိုလည်းတစ်စုံတစ်ယောက်က လက်ဆောင်ပေးလိုက်ခြင်းသာဖြစ်ကြောင်းသိရသည် ဘာပဲပြောပြော ထိုသီချင်းကိုသူတို့ချစ်သလို ထိုကောင်မလေးကိုလည်းသူတို့အားလုံးချစ်ကြလေသည်။
“ကြိုက်တဲ့ကောင်Qချင်သလောက်Q၊ ရန်တော့မဖြစ်ကြေး နောက်ပြီးတစ်ယောက်ယောက်နဲ့ငြိသွားရင် ကျန်တဲ့လူတွေအကုန်နောက်ဆုတ်ပေး”
သူတို့အားလုံးကြားကတိုးတိုးတိတ်တိတ်ဥပဒေဖြစ်သည်။ထိုဥပဒေကိုထုတ်ပြန်သူမှာကိုထူးဖြစ်သည်။
ထိုဥပဒေကိုအားလုံးလိုက်နာကြလေသည် မလိုက်နာတာကသူတစ်ယောက်တည်းဖြစ်သည် ။
“ဒီဥပဒေထဲမှာကျနော့်ကိုထည့်မတွက်ပါနဲ့ ကျနော်လိုက်နာစရာအကြောင်းမရှိသလို ဖောက်ဖျက်ဖို့လည်းအကြောင်းမရှိဘူး ရှင်းရှင်းပြောမယ်ဗျာ... စိတ်ကိုမဝင်စားဘူး”
သူကပဲပြောရသေး ဆိုသည့်အကြည့်ဖြင့်တချို့ကသူ့ကိုကြည့်သွားကြသည် တချို့ကလည်းပြိုင်ဘက်တစ်ယောက်အလိုလိုလျှော့နေလေသဖြင့်ဝမ်းသာသွားကြသည်။
“မင်းကတော့အလာကြီးပဲ”ဟုကိုထူးကသူ့အားရယ်ကျဲကျဲဖြင့်ပြန်ပြောလေသည်။
“ကျနော်ကအလ္လာဟ်ကြီးမဟုတ်ဘူး ဗုဒ္ဓဘာသာဗျ”
သူကကိုထူးအားအရယ်မကျဲတကျဲဖြင့်ပြန်ပြောလေသည်။
သူသည်တခါတခါနေရင်းထိုင်ရင်းအသားလွတ်စိတ်ကြီးဝင်နေသူသာဖြစ်သည်
The antsသီချင်းထဲက“တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် အိမ်ပေါက်စေ့လျှောက်လို့လည် လူမလေးခွေးမခန့်တယ် အသံချဲ့စက်သိပ်ကြိုက်တယ်”ဟူသည့်စာသားသည် သူ့ကိုစောင်းပြီးဖွဲ့ဆိုထားခြင်းတော့မဟုတ်လောက်၊ ဒဲ့ပြီးဖွဲ့ဆိုထားခြင်းသာဖြစ်လောက်သည်။
သူသည်အလုပ်ဟုတ်တိပတ်တိမရှိ ဘဝက ပတ်ချာယမ်းနေသော်လည်း သူ့ကိုပေးထားသည့် အလွန်စုတ်ပြီး ခြင်လည်းအလွန်ပေါသော ၊ဂျပိုးလည်းအလွန်ကိုက်သော နေရာထိုင်ခင်းကျဉ်းကျဉ်းကလေးတစ်ခုတွင် ဘုရင်လိုနေပြီး ဘုရင်လိုအိပ်သူဖြစ်သည် သန်လျက်ရယ်၊ မောင်းမမိဿံရယ်မပါတာပဲကွာခြားသည်။
တနေ့တနေ့သူ့အတွေး သူ့စိတ်ကူးတို့သည် သူ့ထက်အရပ်မြင့်ကြလေသည်။
ငပိကြော်နှင့်ထမင်းဖြူချည်းစားရသည့်ရက်မျိုးရှိခဲ့သည့်တိုင် သူသည်ဟိတ်ကြီးဟန်ကြီးတခွဲသားနှင့်အခန်းထဲတွင်အကျအနတင်ပျဉ်ခွေထိုင်ကာ
မိန့်မိန့်ကြီးစားတတ်နေလေသည်။
……….
ရွှေသုန္ဒရီဘွဲ့အမည်ခံကောင်မလေးသည် အပေါ်ကပဲကြည့်ကြည့် အောက်ကပဲကြည့်ကြည့် သေလိုက်လို့ရအောင်လှသူလေးဖြစ်သည်။(ရှေ့ကကြည့်လည်းယဉ်တယ် နောက်ကကြည့်လည်းယဉ်တယ်... အဲဒါကရှေးဟောင်းသီချင်းပါကွယ်)
စတွေ့ကတည်းက ကောင်မလေးသူ့ကိုကြည့်သည့်အကြည့်ကတစ်မျိုးကြီးဖြစ်နေမှန်းသူသိပါသည်။
စတွေ့ကတည်းက ကောင်မလေးကိုပြန်ကြည့်သည့်သူ့အကြည့်ကလည်း နှစ်မျိုးကြီးဖြစ်မနေမှန်းကောင်မလေးသိချင်သိပါမည်။
မြန်မာပြက္ခဒိန်တွင်သကြန်အကျနေ့ဟုတိတိကျကျရေးပြထားသော သောနေ့လည်ခင်းတစ်ခုတွင်ဖြစ်သည်။
လူငယ်တော်တော်များများ၏ပါးစပ်မှသင်္ကြန်ရနံ့နှင့်အတူ အယ်လကိုဟောရနံ့ပါပူးပေါင်းထွက်လာသည့်နေ့တနေ့တွင်ဖြစ်သည်။
ထို့ထက်ပို၍ တိတိပပဆိုရသော် သူသည် သူတစ်ယောက်တည်းမင်းမူနေသည့်အခန်းထဲက ကော်ဇောခင်း ခေါင်းအုံး စောင် အစရှိသည့်နေရာများတွင် ခြေကုပ်ယူကာ ပုန်ကန်ခြားနားလျှက်ရှိနေသည့်ဂျပိုးများအား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လက်သံပြောင်ပြောင်ဖြင့်လိုက်လံနှိမ်နင်းလျှက်ရှိသောနေ့တစ်နေ့တွင်ဖြစ်သည်။
ရွှေသုန္ဒရီအမည်ရှိကောင်မလေးသည် ဆိုင်းမဆင့် ဗုံမဆင့်ဘဲ စတီးချိုင့်တစ်လုံးသာဆင့်လျှက်သူ့အခန်းသို့ ရောက်ချလာသည်။ ပြီးနောက် အမှောင်ရောင်များများသူ့အခန်းထဲက သီချင်းလေး တအေးအေးဖြင့် ဂျပိုးတွေကိုလိုက်ပြီးသေဒဏ်စီရင်နေသောသူ့အားတွေ့လိုက်ရာအလွန်အံ့သြသွားလေသည်။
“သင်္ကြန်တွင်းကြီးရှင့် အသက်မသတ်ရဘူး”
“ဒါဆိုလည်း ဂျပိုးတွေကိုပြောပြလိုက် သင်္ကြန်တွင်းကြီး အသွေးမသောက်ရဘူးလို့”
လှည့်မကြည့်ဘဲပြန်ပြောလိုက်သည့်သူ့စကားကြောင့်ကောင်မလေးနည်းနည်းညစ်သွားပုံရသည်။
“သူတို့ကလူမှ မဟုတ်တာ ဘယ်လိုပြောလို့ရမှာလဲ”
“သူတို့လူမဟုတ်မှန်းသိလို့ပဲ လူဟုတ်နေတဲ့ငါကသဘောထားကြီးကြီးနဲ့စောင့်ပါသေးတယ် သူတို့စမကိုက်မချင်းငါက စမသတ်ဘူး”
“အယ်..ဒုက္ခပဲ”
အတော်ပြောရဆိုရခက်တဲ့ လူပဲ ဟုကောင်မလေးတွေးမိသည်
ရွှေသုန္ဒရီသည် ချောစုခင်လည်းမဟုတ်လေသဖြင့်“ဘယ်လိုလူကြီးလည်းဟေ့ တွေးရသိပ်ခက်တာပဲ”လို့တော့မညည်းပါ။
“ငါသေသော် ငါ့အနုပညာတွေကျန်အံ့”ဟုကြွေးကြော်သော ကဗျာဆရာလို “ငါရွေ့သော် ငါ့ဂျပိုးတွေကျန်အံ့”ဟုကြွေးကြော်ခဲ့ပုံရသော အရင်ဒီအခန်းကိုနေသွားသူသည် နောက်မှရောက်လာသူသူ့အတွက် ဂျပိုးများအား ဗုန်းဘောလအော ချန်ပစ်ခဲ့လေသည်။
ညတစ်ညမှာသူ့အတွက် ၅နာရီတိတိအိပ်ချိန်ရှိတယ်ဆိုပါစို့ ၊ ၅နာရီထဲက တစ်နာရီသည် စက္ကောမအတတ်ပညာဖြင့် မြေလျှိုးနေကြသည့်ဂျပိုးများအားလိုက်လံနှိမ်နင်းရသည့်နာရီဖြစ်သည် လက်ကျန်လေးနာရီထဲက တစ်နာရီသည် angel မဟုတ်သော်လည်း အတောင်ပံကိုယ်စီတော့ပါကြသည့် ခြင်များအားလိုက်လံသုတ်သင်ရသည့်နာရီဖြစ်သည် လက်ကျန်သုံးနာရီထဲကတစ်နာရီသည် သူ့ဘဝ၏အဆင်မပြေမှုများအား နဖူးပေါ်လက်တင်ရင်း သက်ပြင်းကြီးများအခါခါချလျှက် စဉ်းစားတွေးတောနေရသည့်နာရီဖြစ်သည် ထို့ကြောင့်လက်ကျန်နှစ်နာရီသာ သူ့အတွက်အိပ်ချိန်ရှိလေသည်။
ဒီကြားထဲဂယောက်ဂယက်အိပ်မက်တွေ ထပ်မက်ရသည့်ညမျိုးဆို သူသည်အလွန်အိပ်ရေးပျက်ရတော့၏။
ခြင်များကိုနှိမ်နင်းရာ၌သူသည် “မိုးပျံလက်ဝါး”သိုင်းဖြင့်နှိမ်နင်းခြင်းဖြစ်ပြီး ဂျပိုးများကိုတော့ “မြေလှန်တုတ်ထိုး”သိုင်းကွက်ဖြင့်ဖယ်ရှားရလေသည်။
“ကျမကအပြင်မှာချိုင့်တစ်လုံးနဲ့မိုးတိုးမတ်တတ်ကြီးရှင့် အထဲမခေါ်တော့ဘူးလား”
ကောင်မလေးစကားကြောင့်သူလည်းအခန်းဝသို့တဖြည်းဖြည်းချင်းလှမ်းလာပြီး ကောင်မလေးအားခြေဆုံးခေါင်းဆုံးကြည့်လေသည်။ ခြေဆုံးခေါင်းဆုံးဆိုရာ၌ ဖိုးကာသီချင်းထဲကလို နဖူးကစ ခြေဖျားထိကိုဆိုလိုခြင်းမဟုတ်ပါ ဆံပင်ကစ ဖိနပ်ထိကို အားမနာလျှာမကျိုး စူးစူးရဲရဲကြီးကြည့်ပစ်လိုက်ခြင်းဖြစ်သည် ပြီးနောက် သူ့နှုတ်မှစကားသံတချို့လေးလေးပင်ပင်ကြီးထွက်လာသည်...
“ဝင်ပါ ထိုင်ပါ ရပါတယ် တခုတော့ရှိတယ်နော် ငါ့အခန်းထဲဝင်ပြီးသွားလို့ကတော့ မင်းအခန်းမင်းပြန်ရောက်တာနဲ့ အတွင်းခံကအစ စင်စင်ကြယ်ကြယ်ဆေးဖို့သာပြင်”
“ရှန်”
ကြည့်ရတာ ရှင် ဟုအသံထွက်ချင်ပုံရသည် သို့သော်လည်းကောင်မလေးမပီပြင်တော့ပါ မျက်နှာမှာရဲခနဲဖြစ်သွားသည် ကျောကလည်းအလိုလိုစိမ့်လာသည် ကိုယ့်ရှေ့တည့်တည့်ကထွက်လာတဲ့စကားတစ်ခွန်းကိုဘေးတစ်ဖက်တစ်ချက်စီမှာရှိနေတဲ့နားတွေကကြားပြီး ပခုံးနှစ်ဖက်အလယ်မှာရှိတဲ့ဦးခေါင်းကအံ့သြထိတ်လန့်သွားတာကို ကိုယ့်နောက်တည့်တည့်က “ကျော”ဆိုတာကြီးက ဝင်စိမ့်ပေးရခြင်းမှာဆိုင်ကောဆိုင်ရဲ့လားတော့မသိပါ ။
စော်ကားလိုက်လေခြင်းဆိုပြီးတော့လည်း ကောင်မလေးအတွေးရောက်သွားရသည်။
တကယ်တော့လည်းကောင်မလေး သူ့စကားကိုဆုံးအောင်နားမထောင်ရသေး၍သာဖြစ်သည်။
(ဆက်ရန်….ခုလောလောဆည်တော့ အိပ်ရန် zzzzZZZZ )
ရင်နှင့်ရင်း၍ (တဂ်ပိုစ်)
ဘလော့စစလုပ်ချင်းရခဲ့တဲ့ကွန်မန့်တွေကတော့ ကျနော့်ကိုဘလော့လုပ်နည်းသင်ပေးခဲ့တဲ့ကိုသားငယ်ဆီကရယ် photo shopသင်ပေးတဲ့ကိုငြမ်းလို့သူ့ကိုသူအမည်ခံယူထားတဲ့ဆရာတစ်ယောက်ဆီကရယ်ပဲရှိပါတယ်။ အဲဒီကစလို့တစ်နှစ်ကျော်ကြာသွားပါတယ် ဘယ်သူမှယောင်ပြီး(လမ်းမှားပြီး)ရောက်မလာကြပါဘူး ဆိုတော့…ကွန်မန့်လည်းမရှိဘူးပေါ့။
နောက်ပြီးကျနော်ကစာရေးတာကိုဝါသနာမပါပါဘူး ကိုရေးတဲ့စာကိုကိုယ်တိုင်ဖတ်ရတာတောင်အဆင်မပြေရင် အခြားလူတွေအတွက်ပိုဆိုးပြီလို့ယူဆထားလို့ပါ အဲဒါကြောင့် ရေးတာထက် ဖတ်တာကိုပဲပိုကြိုက်တယ်
မမျှော်လင့်တဲ့တစ်ရက်မှာ c-boxမှာcommentတစ်ခုတိုးလာတာတွေ့ရတယ် ကြယ်ပြာဆိုတဲ့အစ်မဆီကပါ
ကျနော်ရေးတဲ့ခြောက်အိပ်မက်ဆိုတဲ့ပိုစ်နဲ့ပတ်သက်ပြီးဖတ်လို့ကောင်းတဲ့အကြောင်းဝင်ရေးထားတာပါ
တော်တော်ပျော်သွားပါတယ် ခက်တာကအစ်မက အဲ့တုန်းကလင့်မပေးခဲ့ဘူး ကြယ်ပြာဆိုတာပဲသိလိုက်တယ် ။
နောက်ဟိုဒီလျှောက်သွားရင်းအစ်မနိုင်းနိုင်းစနေဘလော့ကိုရောက်သွားတယ် ပထမဆုံးရောက်ဖူးခြင်းပါ forward mailတွေထဲကနေနိုင်းနိုင်းစနေဆိုတဲ့နာမည်ကိုတော့ရင်းနှီးနေတာတော်တော်ကြာပါပြီ အစကတော့ယောင်္ကျားတစ်ယောက်လို့ပဲထင်ခဲ့တယ် ဘလော့ရောက်မှမဟုတ်မှန်းသိတယ် အဲဒီမှာကျနော်ပထမဆုံးcommentပေးဖြစ်သွားတယ် အစ်မစာတွေအမြဲဖတ်ဖူးပေမယ့်ဘလော့ကိုတော့ခုမှရောက်ဖူးတဲ့အကြောင်းပေါ့ နောက်တစ်နေ့လည်းကျရော အစ်မဘလော့ကိုသွားထပ်လည်တော့ ကျနော့်ဘလော့လင့်ကို “ဖတ်စရာလေးတွေ”ဆိုတဲ့နေရာမှာချိတ်ထားတာတွေ့လိုက်ရတယ် တော်တော်ပျော်သွားပါတယ် ကိုယ့်ဘလော့ကို သူများဘလော့မှာလင့်ချိတ်ထားတာကို ပထမဆုံးတွေ့ဖူးခြင်းပါပဲ အဲဒီကစပြီးလာလည်တဲ့လူတွေသိသိသာသာတိုးလာပါတယ် အဲဒီကမှတဆင့်ဘလော့ကာညီအစ်ကိုမောင်နှမတွေလည်းတိုးလာခဲ့ပါတယ်
အစားအသောက်ဘလော့၊နည်းပညာဘလော့၊ ရသတွေပေးစွမ်းတဲ့ဘလော့၊ ဘာသာရေးဘလော့အစရှိသဖြင့်ပေါ့ အများကြီးရှိကြပါတယ် အဲဒီထဲကမှ ကျနော့်ဘလော့ဟာ ဘာဘလော့လို့ပြောရမှန်းတောင်မသိပါဘူး အဲဒါကြောင့်ပဲရေးချင်တာလျှောက်ရေးတယ်ဆိုပြီးခေါင်းစီးမှာ တင်ထားလိုက်တော့တယ် နောက်ပြီး ဘာကြောင့်မှန်းမသိ ကောင်းကောင်းရေးပါမယ်ဆိုမှ ကျနော့်စာတွေက နေရင်းထိုင်ရင်း ပေါ ပေါသွားတယ် ဖတ်ဖူးသူတွေသိပါတယ် ကျနော်လည်းမတတ်နိုင်ပါ။
ခုနောက်ပိုင်းစာတွေစိုက်လိုက်မတ်တတ်ပြန်ရေးဖြစ်နေတာလည်း အစ်မခင်ဦးမေရဲ့ “ရဲရဲသာရေး မင်းရေးတတ်တယ်ဆိုတာအစ်မသိတယ်”ဆိုတဲ့ကွန်မန့်တစ်ခုကြောင့်လို့ပြောရမယ် စာတွေဆက်ရေးနေဖို့အကောင်းဆုံးသောတွန်းအားတစ်ခုပေါ့ နောက်ပြီးအစ်မကောင်းကင်ပြာရဲ့ “မင်းဘာရေးရေး ဒို့တော့လာဖတ်တယ် ဗိုလ်အောင်ဒင်ရေ့”ဆိုတဲ့ကွန်မန့်တစ်ခုကြောင့်လည်းဖြစ်ပါတယ်
ကွန်မန့်မှာဝင်ဖဲ့တာတော့မကြုံဖူးသေးပါဘူး c-boxမှာတော့နှစ်ယောက်က ဝင်သမသွားဖူးတယ် ဘယ်သူမှန်းလည်းမသိတဲ့လူတွေကို ပြန်ပြောရမှာနည်းနည်းပျင်းတာနဲ့ ဘာမှတော့မတုံ့ပြန်ဖြစ်ဘူး
ကွန်မန့်ပေးတဲ့နေရာမှာဘယ်သူအကောင်းဆုံးလဲတော့ကျနော်လည်းမပြောတတ်ပါ ကိုတင်တဲ့ပိုစ်မှာကွန်မန့်တစ်ခုတိုးရင်ဘယ်သူမဆိုပျော်တာပါပဲ တခါတခါကျတော့ ကိုကိုယ်တိုင်တောင် အရမ်းဖတ်လို့ကောင်းတဲ့သူများပိုစ်တစ်ခုကိုဖတ်ပြီး နောက်ဆုံးဘာမှတ်ချက်ပေးရင်ကောင်းမလဲမစဉ်းစားနိုင်တာတွေကြုံဖူးပါတယ် အဲဒါကြောင့်တစ်ချို့တွေရဲ့ “လာဖတ်တယ်” “ကြိုက်တယ်”ဆိုတဲ့တိုတိုတုတ်တုတ်ကွန်မန့်တွေရရင်လည်း သူတို့ခမျာငါ့လိုပဲ ရုတ်တရက် ဘာမှတ်ချက်ပေးရင်ကောင်းမလဲ မစဉ်းစားနိုင်လို့နေမှာပါလေလို့ပဲတွေးတယ်။
ကိုနေဒေးသစ်ရေးတဲ့ကွန်မန့်တော်တော်များများကိုတော့ အတော်သဘောကျမိတယ် တွေ့ဖူးသလောက်ပေါ့
အကြောင်းရာအချက်အလက်တော်တော်များများကိုပြန်ကောက်ပြီး ပိုစ်တစ်ခုရဲ့ဆိုလိုရင်းအနှစ်ကိုသေသေချာချာသိပြီးတော့မှကွန်မန့်ပြန်တာမျိုးပါ ကျနော်အားကျပါတယ် ။
ညီတဂ်ထားတာနဲ့ဆိုင်ရဲ့လားတောင်မသိ ကျေနပ်နိုင်ပါစေညီလေး ရာတမေ(အစ်မကိကိခေါ်သလို)ရေးးး။
အဟမ်း…အဟမ်း….!!!!
တစ်ဆက်ထဲမှာပဲ … အောက်ပါပုဂ္ဂိုလ်များကို ကျွန်ုပ်သည် tag ရပေလတ္တံ :P
ရဖူးတဲ့အထဲကအကြိုက်ဆုံးကွန်မန့် ၊ဒါမှမဟုတ် ကွန်မန့်တွေကိုပိုစ်အနေနဲ့ပေါ့
ရေးတော်မူကြစမ်းကွယ် ငှဲ ငှဲ ငှဲ…
ငှက်ကလေး
မြူးသျှရီ
မေလေး
ချစ်ပါးလေး
တလနွန်
မေဇင်
ဖြူစင်ကြယ်
မီးမီးချစ်
ရေးပေးကြပါခင်ည ။
လူဇိုး လူဇိုး လူဇိုး

သူကြည့်ဖူးသောရုပ်ရှင်တစ်ခုတွင် ဇာတ်လိုက်မင်းသားသည် အသည်းလည်းကွဲရော အရက်တွေသောက်၊ ကားကိုတရကြမ်းမောင်းပြီး အက်ဆီးဒင့်ဖြစ်ကာ ရှောလေသည်။ သူဖတ်ဖူးသည့်သတင်းတစ်ခုတွင် လူတစ်ယောက်သည် အသည်းလည်းကွဲရော အမြင့်ဆုံးတိုက်ပေါ်ကနေခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတော့သည်။ သူ့အသိတစ်ယောက်သည် အသည်းလည်းကွဲရော သေနတ်မှန်လည်းမှန်ပလေ့စေတော့ မိုင်းနင်းမိလည်း နင်းပလေ့စေတော့ဟုသဘောပိုက်ကာ စစ်ထဲသို့ဝင်သွားလေသည်။
(ရာထူးကြီးလည်းကြီးပလေ့စေတော့ဟု သဘောပိုက် မပိုက်သူမသိပါချေ)
ဒီတစ်ခါသူ့အသည်းကွဲလှည့်ဖြစ်သည်။
……………………….
“နောက်တစ်ခါကိုနဲ့ဒီလိုထပ်ချိန်းတွေ့ရင်လေ ကြိုးတစ်ချောင်းယူလာမယ် သိလား ကို့လက်တွေကိုနောက်ပြန်ကြိုးတုပ်ထားချင်လို့”
မျက်စောင်းလေးဝင့်ကာ ပြောလာသည့်ချစ်သူကောင်မလေး၏စကားကြောင့် သူရယ်ချင်သွားသည်။
သို့သော်…. ရယ်ချင်ရက်လည်းလက်တို့သူမရှိသဖြင့် ရယ်ချင်စိတ်ကို စိတ်မှာပဲဆက်သိမ်းထားလိုက်သည်။
“ကိုယ့်ကိုကိုယ် ဖင်ပြန် ခေါင်းပြန်ကြည့်ပြီးပါပြီပွင့်ရယ် ကိုလူစစ်စစ်ပါပဲ အဲ…လက်နှစ်ဖက်က မျောက်ဖြစ်နေတာတော့ကိုလည်းမတတ်နိုင်ဘူး ဆိတ်ပါးစပ်ထပ်မပါတာကိုပဲ ကြံဖန်ပြီးဝမ်းသာရတော့မယ် ကို့ကို မငြူစူပါနဲ့လားပွင့်ရယ် ဇော်ပိုင်တောင်မှသီချင်းထဲထည့်ဆိုထားသေးတယ်လေ..မင်းနဲ့မှမျောက်ဖြစ်ပြီကွယ်.. ဆိုပြီးတော့”
“ကိုကလည်း မင်းနဲ့မှချစ်တတ်ပြီပါ သူ့ကျမှပဲ”
အလှဆုံးမျက်စောင်းလေးတစ်ခု သူထပ်ရပြန်သည်၊ ထိုမျက်စောင်းလေးကိုသူအလွန်ချစ်လေသည်။
“ကိုစဉ်းစားမိတယ်ပွင့်ရဲ့ ဒါဟာစူးစမ်းတတ်တဲ့ လူတွေရဲ့သဘာဝကြောင့်ပဲဖြစ်မယ် ကိုတို့နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံခြင်း လုံးဝမတူတဲ့ မ ဆိုတာကိုစိတ်ဝင်စားကြတာလေ ဥပမာကွာ ကိုယ့်မှာမရှိတာတွေ ပွင့်မှာရှိတော့အံ့သြမိတယ် အံ့သြတဲ့အလျှောက်အဲဒါတွေကိုမြင်ချင်တယ် တွေ့ချင်တယ် နောက်ပြီး..အဟီး...ထိကြည့်ချင်တယ်”
သူ့စကားကြောင့်သူ့ချစ်သူကောင်မလေးသည် ပါးစပ်မှအော်လျှက်သူ့ကျောပြင်ကို တဘုန်းဘုန်းထုလေသည်။
“…လူဇိုး…လူဇိုး...လူဇိုး...”
“ကိုတို့အခေါ်အဝေါ်ပြောင်းကြရအောင်ပွင့်ရယ် ဘာဖြစ်တာလဲမသိဘူး ကို“ပွင့်”လို့ခေါ်တဲ့အသံကြားရင် ကိုယ့်သူငယ်ချင်းတွေက ဝိုင်းဝိုင်းပြီးရယ်ကြတယ် အရင်ကဒီလိုမဟုတ်ဘူး ခုမှဒီကောင်တွေဘာစိတ်ကူးနဲ့ရယ်နေကြလဲမသိဘူး”
သူ့ချစ်သူကောင်မလေးနာမည်အပြည့်အစုံမှာ“ပွင့်ဖြူသင်း”ဖြစ်သည် သူကချစ်စနိုးဖြင့် အဖျားဆွတ်ပြီး“ပွင့်”ဟုခေါ်သည်။ သူနဲ့ရင်းနှီးစကရော ချစ်သူဘဝရောက်သွားချိန်ထိ ပွင့် ဟုသူတစ်လုံးတည်းခေါ်တာ သူ့သူငယ်ချင်းတွေအသိပင် သူမှတ်မိသလောက် သူတို့ချိန်းတွေ့တဲ့ရက်တွေများလာပြီးသည့်နောက်ပိုင်း ထို“ပွင့်”ဆိုသောစကားကို သူ့သူငယ်ချင်းတွေကရယ်လာကြခြင်းဖြစ်သည်။ ထို့ကြောင့်သူကောင်မလေးနာမည်ကို အဖျားဆွတ်မခေါ်ချင်တော့ အရင်းဆွတ်ပြီးတော့ပဲခေါ်ရန်ဆုံးဖြတ်လိုက်သည်။
“ဖြူသင်း”လို့ခေါ်ပြန်ရင်လည်း မလှလောက်ဘူးဟုသူထင်သည် အခန့်မသင့်လို့ခေါ်တဲ့အချိန်လျှာခလုတ်တိုက်မိရင် ဘေးလူများနားကြားလွဲနိုင်သည်။
ဥပမာ ဖြူသင်းကို “ခရုသင်း”ဟုလွဲကြားသလိုမျိုးပေါ့။ ခရုသင်းပြီးရင် သမင်ဖြူပါမလာနိုင်ဘူးလို့တော့ဘယ်သူမှအာမ မခံနိုင်ပေ။
“ခုကစပြီး“ဖြူ”လို့တစ်လုံးတည်းခေါ်မယ်လေ ဟုတ်ပြီလား ဒီကောင်တွေကလည်း ဘာစိတ်ကူးနဲ့လည်းမသိပါဘူးကွာ ကိုယ့်ချစ်သူကို ကိုပွင့်လို့ခေါ်တာရယ်စရာလား”
ထို့နောက်ချစ်သူတို့နှစ်ယောက်သားတိတ်ဆိတ်သွားကြပြန်သည်။ ခဏကြာသော် ကောင်မလေးက စောစောကသူ့စကားကိုဘယ်လိုအဓိပ္ပါယ်ကောက်ပြီးတွေးလိုက်လေသည်မသိ ပါးစပ်မှအော်လျှက်သူ့ကျောပြင်ကို တဘုန်းဘုန်းထပ်ထုပြန်လေသည်။
“…လူဇိုး…လူဇိုး...လူဇိုး...”
“တစ်ကယ်လို့အိမ်ကသဘောမတူရင် “ဖြူ့”ကို ကိုခိုးပြေးမယ်နော် လိုက်ရဲတယ်မဟုတ်လား”
“လိုက်ရဲတာမှဟိုဖက်ကမ်းတောင်လွန်သေး ပွင့်... အဲလေ.. ဖြူလေ ကို့ကိုမခွဲနိုင်ဘူး အရမ်းချစ်တယ်”
သူ့အတွက်ချစ်သူက အရာရာကိုစွန့်လွှတ်ရဲသည်ဆိုသဖြင့်သူအလွန်ဝမ်းသာသွားမိသည် ကောင်မလေးကိုသူ့ရင်ခွင်ထဲတရကြမ်းဆွဲယူကာပွေ့ထားလိုက်သည် ။
ပါးဖောင်းဖောင်းလမင်းကြီးသည်ကမ္ဘာမြေပေါ်ကချစ်သူနှစ်ယောက်ကိုတွေ့လေသော် တရုတ်ကြီးတစ်ယောက်၏လေသံမျိုးဖြင့် “ဝမီကြည့်ရဲဘူး ရှက်လယ်”ဟုအော်ကာ တွေ့ကရာတိမ်မည်းမည်းတစ်ခုတည်းသို့ခြေစုံပစ်ဝင်ကာကိုယ်ယောင်ဖျောက်သွားတော့သည်။
ထို့ကြောင့်သူတို့ညသည် မှောင်သထက်မှောင်လာခဲ့သည်။ တစုံတစ်ယောက်၏လက်ဖြင့်ကြဲချထားသလို ဟိုမှသည်မှကြယ်စင်တို့သည်လည်း လက်သထက် လက်လာနေခဲ့သည်။
……………
နောက်ပိုင်းတွင်သူ့ကောင်မလေးသည် တစ်ကယ်ပဲခိုးရာလိုက်ပြေးခဲ့သည် သို့သော် သူ့နောက်ကိုလိုက်ပြေးခြင်းမဟုတ် အခြားတစ်ယောက်နောက်ကိုလိုက်ပြေးသွားခြင်းသာဖြစ်သည်
ဆိုရရင်…. သူသည် အသည်းဗြန်းဗြန်းကွဲလေသည်။
“သြော်..ငါဒီဘဝဖြူနဲ့မပေါင်းရတော့ပါလား သြော်..ငါဒီဘဝအခြားနောက်တစ်ယောက်နဲ့ ပေါင်းရတော့မှာပါလား...
သြော်… ဖြူ့နှုတ်ခမ်းလှလှလေးတွေကိုငါမနမ်းရတော့ပါလား...သြော်...အခြားနှုတ်ခမ်းလှလှလေးတွေကို ငါနမ်းရတော့မှာပါလား ကောင်မလေးရေ ချစ်ခွင့်ရခဲ့တဲ့နေ့တွေညတွေအတွက်ကျေးဇူးပါကွယ် မင်းမရှိဘဲနဲ့တော့နေရတာ ကြောင်စီစီကြီးပါ သေတာပဲကောင်းပါတယ်”
သူသည် သတ်သေရန်ဆုံးဖြတ်လိုက်လေသည်။
ထို့နောက်သူ့တူလေးတစ်ယောက်၏သေနတ်ကိုအိမ်သားများမရှိခိုက်တိတ်တဆိတ်ယူလာခဲ့သည်။ ဆုံးဖြတ်ချက်တစ်ရပ်ကိုခိုင်ခိုင်မာမာချထားခဲ့ပြီဖြစ်သည် ဖြစ်လေရာဘဝတွင်ယခုကဲ့သို့ကျန်နေရစ်ရခြင်းအဖြစ်မှဝေးရပါရန်ဘုရားတွင်သူနောက်ဆုံးဆုတောင်းသည် အိမ်အတွက်နောက်ဆုံးနှုတ်ဆက်စာတစ်စောင်ရေးခဲ့ရန်လည်းသူစိတ်ကူးမိသည် ရုတ်တရက်ဘာရေးရမယ်မှန်းမသိ “သားမိုက်ကိုခွင့်လွတ်ပါ သားချစ်သူခေါ်ရာနောက်လိုက်ပြေးသွားပါပြီ”လို့တော့ရေးလို့မဖြစ်ချေ ထိုစာမျိုးကားလင်နောက်လိုက်ပြေးသူမိန်းကလေးတော်တော်များများရေးလေ့ရှိသည့်စာသာဖြစ်သည်။ နောက်ဆုံးဘာရေးရမယ်မှန်းမသိသဖြင့်ဘာမှလည်းမရေးဖြစ်ခဲ့တော့။
“အားလုံးကိုနှုတ်ဆက်ခဲ့တယ် ဘဝတစ်ခုမှာငါတို့တွေပြန်ဆုံတွေ့ကြမယ်” သူ့နှုတ်မှထိုသို့ရေရွတ်ပြီးနောက် ယူလာခဲ့သည့်သေနတ်ကိုသူ့နားထင်တွင်တေ့၊မျက်လုံးကိုမှိတ်၊ မောင်းကိုဆွဲပြီးပစ်ချလိုက်လေသည်။
ဖွားကနဲလွှင့်စင်ကုန်သည့်အရာများသည် ယမ်းလည်းမဟုတ် သွေးလည်းမဟုတ်ဘဲ ရေတွေသာဖြစ်နေသည်ကိုသူတွေ့လိုက်ရသည်
“သြော်…မေ့နေလိုက်တာ ငါ့တူလေးသေနတ်ကသင်္ကြန်မှာဆော့တဲ့ရေသေနတ်ကြီးကိုးဟ သေနတ်တိုင်းလည်းလူဘယ်သေပါ့မလဲလေ”
တူလေးသေနတ်ကလူမသေသဖြင့် တူကြီးသေနတ်ကိုလည်း သူယူမနေတော့ပေ တူကြီးရဲ့သေနတ်ကား တဖုန်းဖုန်းတဒိုင်းဒိုင်းနှင့်အသံအလွန်ကျယ်သည့် ကျိုက်ထီးရိုးသေနတ်ဖြစ်နေ၍ဖြစ်သည်။
“အပျိုကြီးတွေကိုပစ်မယ်”ဟူသည့်စာတန်းလည်းသေနတ်တွင်ပါရှိနေသည်ဖြစ်ရာ အပျိုကြီးမဟုတ်သည့်သူ့ကိုပစ်စရာအကြောင်းမရှိတော့ပေ။
ထို့နောက်သူ့အဖိုးအရွယ်ကောင်းစဉ်ကတောလိုက်ရာတွင်လက်စွဲတော်အဖြစ်သုံးခဲ့သည့် ပြောင်းရှည်အမဲလိုက် လုပ်သေနတ်ကိုမချလာသည် မြင်ဖူးနေကျအဖိုးလုပ်သလိုယမ်းတွေ ခဲတွေကိုသေသေချာချာထောင်းထည့်သည် အားလုံးပြီးသော် နားထင်ကိုချိန်ကြည့်ရာ ပြောင်းကမဟားတရားရှည်သဖြင့်အဆင်မပြေပေ နဖူးကိုလည်းချိန်မရပြန် သူ့လက်တိုလွန်း၍မဟုတ် သေနတ်ကပြောင်းဝကနေ ဖင်အထိကိုအလွန်ရှည်လွန်းနေ၍သာဖြစ်သည် သူ့အဖိုးသည် အရပ်ရှည်သလို လျှာလည်းရှည်သည် လက်စွဲတော်အမဲလိုက်သေနတ်ကိုတောင်သူ့လိုရှည်ရှည်ကြီးလုပ်ထားတာသာကြည့်တော့ သူ့အဖိုးတွင်မရှည်တာဆိုလို့တစ်ခုသာရှိသည် ထိုအရာကား“စိတ်”ပင်ဖြစ်တော့သည်။
ကိုယ့်ဘာသာကိုအဆင်မပြေသဖြင့် “ငါသတ်သေမလို့ပါဟ လက်နဲ့မမှီလို့ မောင်းတစ်ချက်လာဖြုတ်ပေး”ဆိုပြီးအခြားလူကိုအကူအညီတောင်း၍လည်းရမည်မဟုတ်၊ ထို့ကြောင့်သေနတ်ဖြင့်သတ်သေရန်ကိုသူလက်လျှော့လိုက်လေသည်။
ကြိုးဆွဲချသေရင်ရော ? ဒါလည်းမကောင်းနိုင်ပါပေ မျက်လုံးကြီးပြူး လျှာကြီးထွက်ပြီး မသာအလှပျက်မည့်ကိစ္စ၊ သူသည်သေတာတောင်အလှပျက်မှာကြောက်သူဖြစ်သည် မသေခင်ကလည်းမလှ၍ဖြစ်သည်။ ရေထဲခုန်ချရင်ရော? ဒါလည်းမကောင်းနိုင်ဟုသူယူဆသည်သူတို့ဆီက မြစ်တွေ ချောင်းတွေ အင်းအိုင်တွေကရေတွေသည် ကိုယ်မမြင်နိုင်သည့် ဘက်တီးရီးယားတွေ အမှိုက်တွေ စွန့်ပစ်ပစ္စည်းတွေ ဖိနပ်အစုတ်တွေအရည်ပျော်ရောသမမွှေထားသည့်ရေဖြစ်နိုင်သည် ထိုညစ်တီးညစ်ပတ်အရည်များကိုယ်ခန္ဓာထဲဝင်ပြီးမွှန်းကြပ်ကာသေဆုံးရမည့်အရေးသည် ရွှံစရာကြီးဖြစ်သည်။
တိုက်ပေါ်ကခုန်ချသတ်သေရင်ရော? ဒါလည်းမဖြစ်ပြန် သူသည်အမြင့်ကြောက်သူဖြစ်သည်၊ ခုန်မချရသေးခင်မူးလဲနေမှဖြင့်ဒုက္ခ သူသည်မတော်တဆsupermanလိုပျံသန်းနိုင်သည့်ပါဝါမျိုးရှိခဲ့ရင်တောင်အမြင့်ကိုတော့ပျံလိမ့်မည်မဟုတ်
နှစ်ထပ်တိုက်ခေါင်မိုးကျော်ရုံသာပျံမည့်သူဖြစ်သည် ထို့ထက်နိမ့်ချင်လည်းနိမ့်လိမ့်ဦးမည်ဖြစ်သည်။ဓါတ်တိုင်တွေ၊သစ်ပင်တွေငြိလည်းငြိပလေ့စေတော့ နောက်မှကြည့်ရှင်းမည်။ အမြင့်ကိုတော့သူအလွန်ကြောက်လေသည် ။ အမြင့်ကိုပဲကြောက်ပြီး“ဒေါ်မြင့်”ကိုတော့မကြောက်ဘူးလားဟုမေးလာရင် ဒေါ်မြင့်ကိုလည်းသူကြောက်ပါသည် ။ဒေါ်မြင့်ဆိုတာစိန်ဗေဒါ၏ညီမ မဟုတ်သော်လည်းလက်သံတော့အလွန်ပြောင်သည့်သူတို့ကျောင်းက ဆရာမ အပျိုကြီးဖြစ်သည်။
မတော်တဆsupermanများဖြစ်သွားရင် သူ့တွင်လုပ်ရန်စိတ်ကူးနှစ်ခုရှိသည် ။ပထမတစ်ခုမှာ မြန်မာပြည်ကိုဒုက္ခအပေးဆုံးလူတစ်ယောက်ကိုရှာပြီး လက်ပြန်ကြိုးတုပ်ကာ ငမန်းပေါသောပင်လယ်ထဲပစ်ချရန်ဖြစ်သည်။ ဒုတိယစိတ်ကူးမှာ အနောက်နိုင်ငံသို့ပျံ သန်းသွားပြီး
miley cyrusအားခိုးယူကာလူသူအရောက်အပေါက်မရှိသောကျွန်းတစ်ကျွန်းသို့ဆောင်ကျဉ်းသွားပြီးနှစ်ယောက်
သားအသက်ထက်ဆုံးအတူနေထိုင်သွားရန်ဖြစ်သည် ။ “သမီးမိုက်ကိုခွင့်လွှတ်ပါ”ဆိုပြီးMileyသည်အဖေဖြစ်သူ Billy ray cyrus ဆီနောက်ဆုံးနှုတ်ဆက်စာရေး မရေးတော့သူမသိနိုင်ပေ mileyရဲ့ရည်းစားJustin gastonကိုတော့ အဆိုတော်မျိုးကြော့မြိုင်၏အကူအညီဖြင့် ကမ္ဘာကြီးအပြင်ဘက်ထုတ်ထားရမည်ဖြစ်သည်။ စဉ်းစားရုံနှင့်ပင်အလွန်အရသာရှိသည့်ကိစ္စဖြစ်သည်။ သူပျင်းရင် miley cyrusကိုသီချင်းဆိုခိုင်းမည် mileyပျင်းရင် သူကတစ်ပြန်မျောက်အကဖြင့်ကပြဖျော်ဖြေမည်ဖြစ်သည်။ ကမ္ဘာဦးလူသားအာဒမ်နှင့်ဧဝသည် အင်္ကျီဝတ် မဝတ်သူ့အနေနဲ့မသေချာသော်လည်း သူနှင့်mileyကတော့ သေချာပေါက်ကို အင်္ကျီဝတ်ရဦးမည်ဖြစ်သည်။
အဆိပ်သောက်သတ်သေရင်ရော? ဒါလည်း….ဒါလည်း မဖြစ်သေးပါပေ သူသည်ငယ်ငယ်ကတည်းကပင်“ဖင်ကိုဆေးထိုးအပ်နဲ့ကြိုက်သလောက်ထိုး စားဆေးတော့လာမကျွေးနဲ့”ဟု ဒေါက်တာဖြစ်သူကိုစိတ်ဆိုးမာန်ဆိုးအော်ဟစ်ဖူးသူဖြစ်သည်။ သူ့အတွက်အဆင်ပြေနိုင်မယ့်နည်းလမ်းကိုဘယ်လိုမှရှာမရပါလေခဲ့ ၊ နောက်ဆုံးတော့လည်းဘယ်လိုမှကြံမရတော့သည့်အဆုံး သူ့ဘဝအတွက်အကောင်းဆုံးသောဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချကာ ပြတ်ပြတ်သားသားလည်းလုပ်ဆောင်ခဲ့လေတော့သည်။
“ရည်းစားအသစ်ထပ်ရှာပြီး ချစ်ပစ်လိုက်ခြင်းပင်ဖြစ်သည်။ သတ်သေရန်မလိုအပ်တော့ သူဆာလောင်မွတ်သိပ်ခဲ့ဖူးသည့်အနမ်းတစ်ချို့ကို အစားပြန်ရခဲ့သည်။
ခုကောင်မလေးကို သူကချစ်စနိုးဖြင့်“ပွင့်”ဟုမခေါ်ပါ ကောင်မလေးနာမည်မှာလည်းပွင့်ဆိုသောစာလုံးမပါပါ။
ကောင်မလေးကလည်းသူ့ကို“လူဇိုး”လို့မခေါ်ပါ သူ့ကျောပြင်ကိုလည်းလက်သီးဆုပ်လေးဖြင့်မထုပါ။
အရာရာသည်ပြောင်းလဲသွားပြီဖြစ်သည် ။ မပြောင်းလဲတာက သူ့လက်ပဲဖြစ်သည်။ ခုချိန်ထိမျောက်အဖြစ်ကနေတစ်ပြားသားမှမရွေ့သေးပေ။
တခါတခါ သူ့နှုတ်မှမြန်မာသံစဉ်သီချင်းတစ်ပိုင်းတစ်စညဉ်းနေလေ့ရှိသည်ကို သူ့ပတ်ဝန်းကျင်မှလူများကြားရလေ့ရှိသည်ဆို၏။
သီချင်းစာသားမှာအောက်ပါအတိုင်းဖြစ်သည်....။
♬♫♪….အချစ်စာရင်း....ရှုပ်သမျှရယ်.... ဒုက္ခတွေသာ…အသွယ်သွယ်ပါ..မေရယ်.... ♬♪
….ချစ်တဲ့ဝေဒနာကို......သားကြီးမှာ...ခံရလေတော့... ♫♪ဟော်..ဟော်...တယ်...
….မြန်မြန်သာ...သေချင်ပြီကွယ်....ရေထဲကိုခုန်ချရင်လည်း...မွှန်းနစ်မှာပဲ...တစ်ခုတည်းစိုးရိမ်တယ်..... ♬♫♪
♬….သေနတ်နဲ့နားထင်ကိုပစ်ရင်....အိမ်နီးချင်းတွေနိုးမှာ...စိုးလို့ရယ်......♪....ဖိုးသိကြားမင်းရယ်........
...............................................♪ . ♬ မိုးကြိုးသာပစ်လိုက်ပါတော့ကွယ်..♬♪♫
♬♫♪
အရူးမြို့တော်
သူတော်ကောင်း
သူ့နာမည်အရင်းကိုဘယ်သူမှမသိကြ လူတကာခေါ်ကြသလို “သူတော်ကောင်း”ဟုပဲခေါ်ကြသည်
သူတော်ကောင်းဆိုတာ သူ့ဘာသာသူပေးထားတဲ့နာမည် လူကပိန်ပိန်ပါးပါး မုတ်ဆိတ်ကျင်စွယ်ထူလပျစ်နဲ့
ဘယ်ကလာတာလဲဆိုတော့ “ထန်းပင်”ကတဲ့။ ထန်းပင်ဆိုတာဘာလဲ “ထန်းတပင်”ရွာကိုဆိုလိုတာလားဆိုတော့ မဟုတ်ဘူး ထန်းပင်ကပဲတဲ့ ။
နာမည်က“သူတော်ကောင်း”
လာတာက“ထန်းပင်ပေါ်က”
တစ်ရပ်ကွက်လုံးထိုသို့ပဲယူဆလိုက်ကြတော့သည်။ ဆွေမရှိ မျိုးမရှိ
ဘယ်ကဘယ်လိုသူတို့ရပ်ကွက်ထဲရောက်လာမှန်းပင်မသိ။
နေရာကအတည်တကျမရှိ အိပ်ချင်လာရင်တွေ့တဲ့နေရာထိုးအိပ်သည် ဗိုက်ဆာလာပြီဆိုရင်အကြော်ဆိုင်တွေရှေ့ အသုပ်ဆိုင်တွေရှေ့တွင် ထုံပေပေကြီးနှင့်ရပ်နေတတ်သည်
နှုတ်ကတော့ဘာမှထုတ်မပြော သူမပြောသော်လည်းသိတတ်သည့် အကြော်သည် အသုပ်သည်များက သူစားဖို့ တခုမဟုတ်တခု ပေးကျွေးမြဲဖြစ်သည် ။
ရပ်ကွက်ထဲကသူ့ကိုသနားသည့်အိမ်အချို့ကလည်း သူစားဖို့ ထမင်းဟင်းများယူလာတတ်သည်။ စားလို့သောက်လို့ဗိုက်တင်းပြီဆိုရင် တနေရာရာသို့သွားကာ စန့်စန့်ကြီးအိပ်တော့သည်။
ထိုတနေရာရာသည် ဘုရားစောင်းတန်းလည်းဖြစ်လိမ့်မည် ဇရပ်ထဲတွင်လည်းဖြစ်လိမ့်မည် ဒါမှမဟုတ် မြေကြီးပေါ်တွင်လည်းဖြစ်လိမ့်မည်
သူ့တွင်ဟိုနေရာမှာမှအိပ်ရမယ် ဒီနေရာကဖြင့်မသင့်တော်ဘူးဆိုသည့် သတ်မှတ်ချက်မျိုးမရှိပါချေ။
အိပ်တယ်ဆိုတာ ကျောကုန်းရယ် ကြမ်းပြင်ရယ် ရှိရင်ရပြီဟုယူဆထားပုံရသည် အဲဒီကြမ်းပြင်ဆိုတာ မြေကြီးလည်းဖြစ်ချင်ဖြစ်နိုင်သည်။
သူသည်မွေးကတည်းကရူးလာသလား၊ မွေးပြီးမှရူးသွားသလားကိုဘယ်သူမှမသိ၊ သိရန်ကြိုးစား၍လည်းဖြစ်နိုင်မည်မဟုတ်။
“ခင်ဗျားရူးနေတာကြာပလား စရူးတဲ့ရက်ကိုပြောပြပါလား”ဆိုပြီးအရူးကိုမေးရန်မဖြစ်နိုင်ကြောင်း
ရပ်ကွက်ကသိသည်။ ဒီလိုမှမဟုတ် “ခင်ဗျားအရူးလောကထဲစဝင်ခါစကအတွေ့အကြုံပြောပြပါလား အရူးလောက ကဝါရင့်အရူးကြီးတွေ ခင်ဗျားကိုလက်တွဲခေါ်ကြလား အရူးအချင်းချင်းပညာပြတာမျိုးကြုံဖူးလား”ဆိုပြီး နေ့စဉ်တွေ့နေကြ မြင်နေကြ မဂ္ဂဇင်းစာအုပ်တော်တော်များများက မင်းသား၊ မင်းသမီး အင်တာဗျူးလို မေးရန်လည်းမဖြစ်နိုင်ကြောင်းသိကြသည် သူကသူတော်ကောင်း အေးအေးဆေးဆေးရူးနေတာ ကိုကအနေအထိုင်မတတ်ရင် သူယုတ်မာဖြစ်သွားလိမ့်မယ် ။
....................
ဒေါ်ပွင့်
“ထိုင်နေတာအကောင်း ထသွားမှကျိုးရော”ဆိုစကားရှိသည်
ဒေါ်ပွင့်လည်း ဆင်းရဲနေတာအကောင်း ဆင်းရဲရာကချဲအချီကြီးပေါက်ပြီးနေ့ချင်းချမ်းသာသွားတာလည်းအကောင်း ချမ်းသာရာက ရုတ်တရက်ကြီးပြန်ဆင်းရဲသွားရော ဒေါ်ပွင့်ရူးတော့သည်။ အထပ်လိုက် အထပ်လိုက်ပိုက်ဆံတွေက လက်ပူအောင်တောင်မကိုင်ရသေး သူခိုးအကုန်ဝင်မသွားလေပြီ။
အရပ်တကာလျှောက်သွားပြီး တွေ့ကရပစ္စည်းများကို“ဒါငါပိုင်တဲ့ဟာလေး ဟိုဟာကတနေ့ကမှချဲပေါက်တဲ့ပိုက်ဆံနဲ့ဝယ်လာတဲ့ဟာလေး ငါ့ကိုပြန်ပေး ငါ့ကိုပြန်ပေး”ဆိုပြီးသောင်းကျန်းတော့သည်
တီဗီအရောင်းဆိုင်တစ်ဆိုင်သို့ဝင်ပြီးတီဗီတစ်လုံးကိုခပ်တည်တည်နှင့် “ဒါငါမနေ့ကပဲ ဝယ်သွားတဲ့တီဗီလေ ဘယ်လိုလုပ်ဒီရောက်နေတာလဲ ခုချက်ချင်း ငါ့အိမ်ပြန်ပို့ပေး”ဆိုပြီးသောင်းကျန်းရာ သူ့အိမ်ကလူများလိုက်လာပြီး ဆိုင်ရှင်ကို ကျေနပ်အောင်မနည်းတောင်းပန်လိုက်ရသည် ။
နောက်ပိုင်းသူတို့ရပ်ကွက်ကလူများဒေါ်ပွင့်ကိုမြင်ရင်အလိုလိုလန့်နေရသည် ဘယ်တော့များငါ့လက်ထဲကစတီးချိုင့်ကိုသူ့ဟာလို့အော်ပြီး ပြဿနာရှာမှာပါလိမ့် ?
ဘယ်တော့များ ငါ့စီးလာတဲ့စက်ဘီးကိုသူ့အိမ်ကဘီးပါဆိုပြီး ဆွဲလားရမ်းလားလုပ်မှာပါလိမ့်?
ဘယ်တော့များ…..?
ဘယ်တော့များ…..?
အရူးထဲတွင် ဥစ္စာရူးသည်အတော်ဆိုးဝါးလှကြောင်းရပ်ကွက်ကသိလိုက်ကြသည်။
.......................
ဦးခွေး
အမေဖြစ်သူသည်“ခွေး”ကိုအလွန်ချစ်တတ်ပုံရသည် ရင်နှင့်လွယ်ပြီးမွေးလာတဲ့သားကိုတောင်ခွေးနာမည်မှည့်ထည့်လိုက်သည် ။ ငယ်ငယ်ကတော့“မောင်ခွေး” ၊နည်းနည်းအရွယ်ရောက်တော့“ကိုခွေး”၊ အရွယ်ကလေးရလာတော့ဦးခွေးပေါ့။ အထက်အညာရွာတစ်ခုကနေဒီရပ်ကွက်ထဲပြောင်းလာခဲ့တာဖြစ်သည်။
“ကျနော်ဂီတကိုဘဝနဲ့ရင်းပြီးရူးသွပ်ပါတယ်”ဆိုသည့် အဆိုတော်များ၏အင်တာဗျူးများကိုမြင်ရ ဖတ်ရတိုင်း“ဦခွေး”ကိုကျနော်သတိရမိသည်။ သူသည်ပုံမှန်အချိန်ဆိုယဉ်ယဉ်လေးရူးနေသူဖြစ်သည် ရပ်ကွက်အလှူခံမဏ္ဍတခုကဖြင့်ဖြင့်၊ ဘေးအိမ်တအိမ်အိမ်ကဖြင့်ဖြင့် လက်ဖက်ရည်ဆိုင်တခုကဖြင့်ဖြင့် ကျယ်ကျယ်လောင်လောင်ဖြင့်သီချင်းဖွင့်ပြီဆိုပါက ဦးခွေးတို့ ရောက်ရာအရပ် ၊ ကြားရာအရပ်ကနေ ကွေးနေအောင်ကတော့သည်။
ဈေးထဲလည်းမရှောင် လက်ဘက်ရည်ဆိုင်ရှေ့လည်းမရှောင် အလှူအိမ်လည်းမရှောင် ကလည်းက ဆိုလည်းဆိုလုပ်သည် ပတ်ဝန်းကျင်ကလူတွေ သူ့အားတဝါးဝါးတဟားဟားဖြင့်ပွဲကျနေကြသော်လည်း ဂရုမစိုက် သူ့ကိုအားပေးသည့်ပရိတ်သတ်များသဖွယ်သဘောပိုက်ကာ ပျော်ပျော်ရွှင်ရွှင်ကြီး ဆိုဟယ် ကဟယ်လုပ်တော့သည် သီချင်းသံရပ်သွားပြီဆိုရင်ဖြင့် သံပတ်ကုန်သွားသည့်အရုပ်လို ဆိုနေတာတွေရော၊ ကနေတာတွေပါ တိကနဲရပ်သည် ။ ပြီးနောက် ခပ်တည်တည်ဖြင့်သွားစရာရှိသည်ကိုဆက်သွားသည် လုပ်ဆရာရှိသည်ကိုဆက်လုပ်သည် ။အလွန်ထူးဆန်းသည့်ကိစ္စပင်ဖြစ်တော့သည်။
သူ့အတွက်ကံကောင်းတာက သူတို့ရပ်ကွက်သည် ငြိမ်ငြိမ်ဆိတ်ဆိတ်ရပ်ကွက်မျိုးဖြစ်နေ၍ဖြစ်သည် အကယ်၍ နေ့နေ့ညည လက်ဘက်ရည်ဆိုင်တွေ သီချင်းသံတွေ အလှူခံတွေနှင့်စည်ကားနေသောရပ်ကွက်မျိုးဖြစ်ပါက သူ့ခဗျာ က ရင်းသေရမည်ဖြစ်သည်။
“ကျနော်ဂီတကိုဘဝနဲ့ရင်းပြီးရူးသွပ်ပါတယ်”ဆိုသူများ ဦးခွေးကိုမှီအံ့မထင် ဦးခွေးကမှအမှန်အကန်ရူးသွပ်ခြင်းဖြစ်သည်။
........................
Unknown(သို့) ဟို အရူးမ
ဒီတစ်ယောက်နာမည်ကိုတော့ဘယ်သူမှမသိကြ သူမနှင့်ပတ်သက်လာတိုင်း “ဟို အရူးမ.. ဟို အရူးမ”ဟုသာရပ်ကွက်ကလူများမနှစ်မြို့စွာနာမ်စားသုံးပြောဆိုကြကုန်သည်။ သူမသည်အရူးတွေထဲမှာဆိုးဆိုးဝါးဝါးအရူးဟုဆိုရမည် ။ဘယ်မှာနေသည်လည်းမသိရ တနေ့တနေ့ စုတ်စုတ်ပြတ်ပြတ်အဝတ်အစားနှင့်မိတ်ကပ်များကိုဖွေးနေအောင်လိမ်း နှုတ်ခမ်းနီကိုရဲပတောင်းခတ်နေအောင်ဆိုးလျှက် တလမ်းဝင် တလမ်းထွက်ကာတွေ့ကရ လူပျို၊ လူအိုယောင်္ကျားမှန်သမျှကို သူ့လင်သဖွယ် အော်ဟစ်ဆဲဆိုသည်။
သူအော်သည်များကညစ်ညစ်ပတ်ပတ်ပေပေရေရေတွေချည်းဖြစ်သည် အအော်ခံရသူများအထူးအရှက်ရကြလေသည် မသိရင် သူ့ကိုပဲစော်ကားခဲ့သလိုလို သူနဲ့ပဲအိပ်ခဲ့သလိုလို သူ့ကိုမြင်ရင် ငါးယောက်တစ်ယောက်ယှဉ်ထိုးရဲသည်ဆိုသည့်ရပ်ကွက်ထဲက လူမိုက်ကြီးတစ်ယောက်ပင် အိမ်ထဲအမြန်ပြေးဝင်ပုန်းရသည်ဆို၏ ။ သူ့ခမျာအသားအနာခံရဲသော်လည်း နားအပူမခံနိုင်၍ဖြစ်သည်။
သူမကိုတဏှာရူး ၊ လင်တရူးဟုတရပ်ကွက်လုံးက သတ်မှတ်လိုက်ကြသည်။
....................
ကျနော်သည်အရူးများအကြောင်းလျှောက်တွေးနေရင်းမှတခါတခါကိုယ်ကိုတိုင်လည်းရူးမှန်းမသိ ရူးနေသည်ကိုတွေ့လာရသည် ။ ကြိုးစားရင်း ရုန်းကန်ရင်းဖြင့် အခန့်မသင့်အော်တိုမက်တစ်“ငတ်”လေသောအခါ သူငယ်ချင်းတွေဆီ ရူးသလိုလို ပေါသလိုလိုဖြင့်ရောက်သွားတတ်သည်။ ဘာရယ်မဟုတ် အသံတိတ်အကူအညီတောင်းခြင်းဖြစ်သည်။
ထိုသို့သောအခါမျိုးတွင်ကျနော်သည် “သူတော်ကောင်း”ဟုကိုယ့်ကိုကိုယ်နာမည်ပေးထားသည့်အရူးတစ်ယောက်ဖြစ်မှန်းမသိဖြစ်၍နေလေသည်။
ဟိုကရူးနေလို့ ၊အလုပ် လုပ်ဖို့မဖြစ်နိုင်လို့ သူတပါးအကူအညီကိုလိုတာ ။
ဒီကဖြင့်အကောင်းကြီး အလုပ်လည်းလုပ်နေရက်ကြီး သူတပါးအကူအညီကိုလိုတာ၊ သာ၍ပင်ရှက်ဖွယ်ကောင်းတော့သည်။
တခါကမပြောပလောက်သည့်ကျနော့ပိုက်ဆံသည်ပျောက်ခြင်းမလှပျောက်သွားသည် ။ ဘယ်လိုရှာရှာ ပြန်မတွေ့ ထိုအခါတွင် တခန်းတည်းနေသူငယ်ချင်းများအားယုန်ထင်ကြောင်ထင်ဖြစ်မိတော့သည် ။
ပါးစပ်ကထုတ်မပြောသော်လည်းစိတ်ထဲတွင်တော့ သူတို့ပဲဖြစ်မှာဟုပစ်မှားမိသည် ပြန်စဉ်းစားရင် ထိုစဉ်က ကျနော်သည် “ဒေါ်ပွင့်”ဆိုသူ ဥစ္စာရူးမကြီးဖြစ်မှန်းမသိ ဖြစ်၍နေပေသည်။
မဖြစ်နိုင်တော့မှန်းသိသော်လည်း တားဆီးမရသည့်ဝါသနာကြောင့် ကျနော်သည်တခါခါညဥ့်နက်သန်းခေါင် လူတွေအိပ်နေမှန်းမသိ ဂစ်တာတစ်လက်နှင့်သီချင်းတွေတစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆိုနေတတ်သည် ကျနော့်ကြောင့်ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်မည်ကိုထည့်မစဉ်းစား ဆိုရရင် ကျနော်သည် “ဦးခွေး”ဆိုသူအကရူး အဆိုရူးနှင့်အတူတူပင်ဖြစ်တော့သည်။ ခြားနားတာက ဦးခွေးက ပရိတ်သတ်ရှိသေးသည် ကျနော့်မှာ ဘာမှမရှိ။
တခါက ကျနော်နှင့်လုံးဝမတည့်သည့်အကောင်တစ်ကောင်နှင့် ကျနော့်ချစ်သူကောင်မလေးတို့ စားသောက်ဆိုင်တစ်ခုတွင်အတူထိုင်နေကြသည်ကိုမြင်ရသောအခါ ဒေါသသည်ချုပ်တီးမနိုင်တော့ဘဲ လူတွေအများကြီးရှိသည့်ဆိုင်ထဲသို့တန်းတန်းမတ်မတ်ကြီးဝင်သွားကာ ထိုသူအားပြဿနာရှာလေသည် ကောင်မလေးကအမျိုးမျိုးပြောဆိုရှင်းပြသော်လည်းလုံးဝလက်မခံ ထိုကောင်အားမိုက်မိုက်ရိုင်းရိုင်းပြောဆိုမိသည် ပတ်ဝန်းကျင်တခုလုံး၏မျက်လုံးအစုံကိုပင်ရှက်မနေနိုင်တော့....
ထိုသို့သောအခါမျိုးတွင် ကျနော်သည် “ဟို အရူးမ”ဟုရပ်ကွက်ကခေါ်သည့် ညစ်တီးညစ်ပတ်အရူးမနှင့် ဘာမှခြားတော့မည်မဟုတ်။
ချစ်ဆိပ်သည် ငယ်ထိပ်တက်လေသည်။
.........................
ကိုယ့်ကိုကိုယ်ရူးမှန်းတဖြေးဖြေးနှင့်ရှာဖွေသိရှိလာရသောအခါ ကိုယ့်ထက်ပိုရူးသူကို၎င်း၊ ကိုယ့်အောက်လျှော့ရူးသူကို၎င်း တော်တော်များများတွေ့လာရသည်။ သူတို့သည် ဆရာဝန်လည်းဖြစ်ချင်ဖြစ်မည် ကျောင်းသား ကျောင်းသူလည်းဖြစ်ချင်ဖြစ်မည် သူဋ္ဌေးကြီးလည်းဖြစ်ချင်ဖြစ်မည် ခေါင်းရွက်ဗျတ်ထိုးဈေးသည်လည်းဖြစ်ချင်ဖြစ်လိမ့်မည် ။
ဘဝအခြေအနေတွေဘယ်လိုပဲခြားခြား တူညီတာကတော့ အားလုံးကိုယ့်နည်းကိုယ့်ဟန်နှင့်ရူးနေကြတာပဲဖြစ်သည်။
သူတို့ကံကောင်းတာက အရူးနာမည်အတပ်မခံကြရခြင်းဖြစ်သည်။နေရာတော်တော်များများရောက်ဖူးလေ အရူးတော်တော်များများကိုတွေ့ဖူးလာလေဖြစ်သည် ။ နောက်ဆုံး တွေ့ဖူးသမျှ မှတ်မိသမျှ အရူးနှင့်မရူးသူများအရေအတွက်ကိုနိုင်းယှဉ်လိုက်မိသောအခါ ကျနော့်မြို့ငယ်လေးသည် အရူးများသာ၍ပေါနေကြောင်းအံ့သြဘွယ်ရာတွေ့လိုက်ရလေသည်။
တခုတော့ကြံဖန်ပြီးဝမ်းသာလိုက်ပါဦးမည် ပတ်ဝန်းကျင်ကိုအလွန်ဒုက္ခပေးသော လူမျိုးကိုလည်းဒုက္ခပေးသော တိုင်းပြည်ကိုလည်းဒုက္ခပေးသော နောက်ဆုံး ကမ္ဘာကိုပင်ဒုက္ခပေးနိုင်သောနောက်အရူးတစ်မျိုး ကျနော်တို့မြို့ငယ်လေးတွင် မတွေ့ရသေး၍ဖြစ်သည်။
(ကျနော်မတွေ့သေးတာပဲဖြစ်မှာပါ)
ထိုအရူးကားအခြားမဟုတ် “အာဏာရူး”ရူးသည့်အရူးပင်ဖြစ်တော့သည်။ ။


