တစ်ညသ၌…
မင်းမင်းသည် အောက်ပါထူးဆန်းသည့်အိပ်မက်အားမြင်မက်လေသည်..
သူသည်ခမ်းနားကြီးကျယ်သည့် စားသောက်ဆိုင်ကြီးတစ်ခုတွင်းသို့ရောက်ရှိနေလေသည် ဆိုင်၏အခမ်းအနားအပြင်အဆင်သည် အလွန်လှပခေတ်မှီပြီး နေရာတိုင်း၌ ရောင်စုံမီးအလှများ ထွန်းညှိထားလေသည်
အလွန်လှပပြီမွှေးပျံ့သည့်နှင်းဆီပန်းပွင့်များကိုလည်း စားပွဲတိုင်း၌အစည်းလိုက်ချထားပြီး သာယာနာပျော်ဘွယ်ရာဂီတသံတစ်ခုသည်လည်း ဆိုင်၏တနေရာမှတိုးတိုးငြိမ်ငြိမ်လေးထွက်ပေါ်လျှက်ရှိ၏
ဆိုင်၏ ခမ်းနားကြီးကျယ်မှုကို မင်းမင်းသည် ရင်သပ်အံ့သြငေးမောနေစဉ်...
“လူကြီးမင်းရှင်... ဘာများသုံးဆောင်လိုပါသလဲရှင်”မိုးဆွေငှက်လေးလိုသာသည့် အသံရှင်ကြောင့် မော့ကြည့်လိုက်ရာ မင်းမင်းသည်လန့်ဖျတ်ပြီးထိုင်နေရာမှနောက်သို့လှန်ကျမသွားအောင်
သူ့ကိုယ်သူမနည်းထိန်းလိုက်ရလေသည်...
ရှုလော့မိတ်ဆွေ...
အသံသာပြီးစွဲမက်စဖွယ်ရုပ်ရည်ကလေးရှိသည့် မိုးဆွေငှက်ကလေး၌ မည့်သည့်အဝတ်အစားမျှကပ်မနေပါဘဲမိမွေးတိုင်းဖမွေးတိုင်းဖြစ်နေသည်
သူမ၏လျှို့ဝှက်အပ်သည့်ရတနာလေးများသည် ပြိုးပြိုးပြက်ပြက် ဖြစ်နေကာ menuစာအုပ်နှင့်ဘောပင်ကိုင်ပြီးသူ့ရှေ့၌ချိုလွင်သောမျက်နှာပေးဖြင့် ဘာမှမဖြစ်သလိုရပ်နေလေသည်
မင်းမင်း၏ရင်အစုံသည် ကုလားဘုရားလှည့်သကဲ့သို့ တဒိန်းဒိန်းမြည်လာသည် ဘေးဘီဝဲယာကိုအကဲခတ်ကြည့်လိုက်တော့
ကောင်တာတွင်ထိုင်နေသည့် မိန်းမချောလေးသည်၎င်း ဆိုင်သန့်ရှင်းရေးလုပ်နေသည့် မိန်းမချောတို့တွင်၎င်း အားလုံးအဝတ်ဗလာချည်း တစ်ဆိုင်လုံးမိန်းမပျိုတွေချည်းဖြစ်ပြီး ယောင်္ကျားသားဟူ၍ သူတစ်ယောက်သာ
…အခက်ကြီးခက်ချေပြီကွယ် … မင်းမင်းသည် ခေါင်းကိုတဗြင်းဗြင်းမည်အောင်ကုတ်ပြီး ရှက်ရှက်ဖြင့် အောက်သို့ငုံ့လိုက်မိရာ
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထခုန်မိမတတ် လန့်သွားပြန်လေသည်
ဘယ်ကဘယ်လိုဖြစ်တယ်မသိ သူ့ကိုယ်၌လည်း အဝတ်အစားဟူ၍ဘာတစ်ခုမှကပ်မနေပါချေ
နတ်ဝတ်ပုဆိုး တိမ်မီးခိုးနှင့်သူ့အနေအထားကိုသူ လူမြင်ကွင်းထဲလင်းလင်းချင်းချင်းပြန်မြင်နေရသည်မှာ ခြောက်ချားဖွယ်အတိ
“စောက်ကျိုးနည်းဟ... !!! ကံကောင်းလို့လန့်ပြီးထမခုန်မိတာ ထခုန်မိရင်ပိုဆိုးပြီ ”မင်းမင်းသည်ထိုဆိုင်မှ ငုတ်တုတ်ပင်ပျောက်သွားချင်နေတော့သည် မိုးဆွေငှက်လေးကိုလည်းစေ့စေ့မကြည့်ရဲတော့
ဇက်ကလးကိုကုပ် ကိုယ်ခန္ဓာကိုကျုံ့ပြီး အတွင်းအားဖြင့်ကို့ယ်ကိုကိုယ်သေးနိုင်သမျှသေးထားလိုက်တော့၏ “လူလစ်ရင်စားပွဲခင်းကိုပဲယူပြီးပတ်ရတော့မယ်...
သူတို့ချည်း ဖင်ချွတ်နဲ့ဆို ကွိုင်မရှိ ရူးသလိုလို ပေါသလိုလိုနဲ့ထိုင်ကြည့်နေလိုက်လို့ရသေးတယ် … ခုတော့ငါ့မှာပါဖင်ချွတ်ကြီးနဲ့ အီးဟီးဟီး… ဆိုးလိုက်တဲ့ကံနှယ်....” မင်းမင်းငိုချင်နေပြီဖြစ်သည် ။
“လူကြီးမင်းအလိုရှိတာ ပြောပါရှင်”
မိုးဆွေငှက်လေးက ချိုလွင်သည့်အသံကလေးဖြင့်ထပ်ပြောရင်း menuစာအုပ်ကိုသူ့ရှေ့သို့ထိုးပေးလေသည်
စိတ်ပျက်လက်ပျက်ဖြင့်မင်းမင်းသည် menuစာအုပ်အားကြည့်လိုက်ရာ ဘာစားစရာနာမည်မှမတွေ့ဘဲ ဂဏန်း(နံပါတ်)တွေချည်းရေးသားထားသည်ကိုတွေ့ရလေသည်
ဘာတွေလဲဟ? ဘာတွေလဲ? ဘာတွေလဲ?
ရှက်စိတ် ဝေခွဲမရစိတ် အံ့သြစိတ် တို့ဖြင့်လုံးထွေးနေခိုက် မိမိနာမည်ကိုကျယ်လောင်စွာအော်ခေါ်လိုက်သည့်အသံတစ်ခုအားကြားရသည်
“မင်းမင်း”
“ဟေ့ရောင် မင်းမင်း သေနေပလားကွ”
ဒီအသံငါကြားဖူးတယ် ဒီအသံ..??
အသံကကျယ်သည်ထက်ကျယ်လာသည် နီးသည်ထက်နီးလာသည်
ထို့နောက်မင်းမင်းအိပ်ရာမှလန့်နိုးသွားတော့သည် ။ သြော်…လက်စသတ်တော့အိပ်မက်မက်နေတာကိုး... ဟူး ..တော်သေးတယ်.. ။
ကိုယ်တုံးလုံးတွေပျောက် မိုးဆွေငှက်ကလေးပျောက်
“ဟေ့ရောင်မင်းမင်း တံခါးဖွင့်လေကွာ!!!”အိပ်မက်ထဲထိရောက်လာသည့်အသံကားအခန်းအပြင်ဘက်က အော်ခေါ်နေသည့် ဖွတ်ကြီးအောင်သိန်း၏အသံ
မင်းမင်းလည်းအိပ်ယာမှလူးလဲထပြီး တံခါးဖွင့်ပေးလိုက်သည်
“..မင်းကလည်းကွာ အော်ခေါ်လိုက်ရတာ လျှာတောင်ထွက်တော့မယ်... မဟုတ်မှလွဲရောအိပ်မက်ထဲမှာ နတ်သမီးတွေနဲ့တွေ့နေတယ်ထင်တယ် ဟဲဟဲ… နှိုးရတာအားတော့နာတယ် ခုဟာကအရေးကြီးနေလို့ကွ … ဟိုစောက်ကုလားလေ … ငါတို့ကိုဖဲလိမ်ရိုက်တယ် ရှိသမျှပြောင်ရော ခုငါနဲ့ ဇော်ကြီးနဲ့ပေါင်းပြီး ဒီကောင့်ကိုပြန်ပညာပေးမလို့ …မင်းသိပါတယ် .. ငွေမျောတော့ငွေနဲ့လိုက်လေကွာ ဟဲဟဲ ပိုက်ဆံတစ်ရာ ခဏလှည့်ကွာ နက်ဖြန်ညဆက်ဆက်ပြန်ပေးမယ်... မင်းငါ့အကြောင်းသိပါတယ် ဖဲလောကမှာနာမည်တစ်လုံးနဲ့နေနေတာ ခုဟာက အလစ်မှာလိမ်သွားတာကွ... ခုတော့ဘယ်ရမလဲ ငါ့ပိုက်ဆံငါပြန်ယူမယ် ဒီကုလားလောက်တော့အပျော့ ဒင်း ထပ်လိမ်လို့မရတော့ဘူး.. ကဲလုပ်ကွာ တစ်ရာလောက်”
မင်းမင်းအလွန်ညစ်သွားသည် ညကြီးအချိန်မတော်အိပ်တာကိုလည်းနှောက်ယှက်သေး ပြီးတော့ပိုက်ဆံချေးပါတဲ့။
…တစ်ရာမရှိဘူးကွာ ငါးဆယ်တော့ယူထားလိုက် ငါ့မှာဒါပဲရှိတယ်...
ငါးဆယ်တန်တစ်ရွက်အားထုတ်ပေးပြီး အခန်းတံခါးပြန်ပိတ်ချလိုက်သည်
“ကျေးဇူးကွာ နက်ဖြန်ညကျရင်ဆက်ဆက်ပြန်ပေးမယ်ကွာ” ဖွတ်အောင်သိန်းကား ငါးဆယ်တန်တစ်ရွက်ဖြင့်ပျော်ရွင်မြူးထူးစွာထွက်သွားတော့၏ ။
သူ့ကိုယ်သူဖဲအောင်သိန်းဟု အမည်တပ်ထားသော်လည်း အများအခေါ်မှာ ဖွတ်အောင်သိန်းဖြစ်သည်..
နေ့မအိပ်ညမအိပ်ဘဲဖဲရိုက်နိုင်သည် ဖဲကို မယားကဲ့သို့တွယ်တာလှသူဖြစ်သည် ဖဲမင်းသားအဖြစ်သရုပ်ဆောင်ရာတွင်အလွန်နာမည်ကြီးသည့် မြန်မာပြည်တွင် ဟောင်ကောင်နေအောင်ဟုလူသိများသည့်chong yun fat ရိုက်ကူးသည့် ဖဲရုပ်ရှင်ဇာတ်လမ်းများကိုလည်း စွဲစွဲလမ်းလမ်းကြည့်သူဖြစ်သည် သို့သော်… သူ့ဆံပင်များသည် ဖဲမင်းသား chong yun fat၏ ဆံပင်ကဲ့သို့ အဲဗားတောက်ပြောင်မနေပါချေ ဘယ်အချိန်ကြည့်ကြည့် သူ့ဆံပင်သည် အမြဲ ဖာတန်းမီးလောင်ဆံပင်သာဖြစ်သည် မဖီး မသင် ဆီလည်းမထိ အမြဲကြို့တို့ကျဲတဲဖြင့်... ။
မင်းမင်းသည် အိပ်ယာထက်ဝယ်ငြိမ်သက်စွာပြန်လည်လဲလျှောင်းရင်း ရင်တုန်စရာကောင်းသည့်စောစောက အိပ်မက်အားပြန်စဉ်းစားမိလေသည်... စဉ်းစားယင်းခုမှပဲပြန်လွမ်းလာသလိုလို....
“ဆက်အိပ်မယ်… ဆက်အိပ်မယ်… ကံကောင်းရင် အဲဒီအိပ်မက်ထပ်မက်ဦးမှာ... ဒီတစ်ခါတော့ ခါးတောင်းကျိုက်ထားလိုက်မယ် ငါလာခဲ့ပြီမိုးဆွေငှက်ကလေးရေ!!!!” မင်းမင်းသည် တစ်ကိုတည်းရေရွတ်ရင်း စောစောကအိပ်မက်ဆက်မက်ရန် ဖြဲသဲပြီးကြိုးစားအိပ်တော့သည် သို့သော်…တော်ရုံနှင့်မပျော် အတန်ကြာမှအိပ်ပျော်သွားရာ အိပ်မက်ထဲတွင် မိုးဆွေငှက်ကလေးနှင့်မတွေ့ရဘဲ သွားခေါခေါကုလားမကြီးနှင့်ညားနေကြသည်ဟု မြင်မက်သဖြင့် အိပ်ယာကနိုးလျှင်နိုးချင်း စိတ်ဆိုးမာန်ဆိုးဖြင့် ရေချိုးခန်းထဲပစ်ဝင်ကာ ရေကိုတဝုန်းဝုန်းချိုးနေလိုက်သည်။
အလုပ်ထဲရောက်တော့အတူတူလုပ်သည့် ခင်စိုးဆိုသူအား သူ့အိပ်မက်ကိုပြောပြလေသည်
“တော်တော်တော့ထူးဆန်းတယ်မင်းအိပ်မက်က ဒါပေမယ့်အိပ်မက်ဆိုတာအမျိုးမျိုးရှိတယ်ကွ စွဲလမ်းပြီးမက်တဲ့အိပ်မက် သွေးလေချောက်ချားပြီးမက်တဲ့အိပ်မက် နတ်တွေကျီစားလို့မက်တာ အစရှိသဖြင့်ပေါ့ကွာ အစားစားရှိတယ် မဟုတ်မှလွဲရော မင်းအောကားကြည့်ပြီးအိပ်လို့မက်တာများလား?”
ဟာ… ခင်စိုးကလည်း ဘာဆိုင်လို့လဲ မကြည့်ပဲနေနေတာနှစ်ရက်တောင်ရှိသွားပြီ “ဒါဆိုရင်တော့ နိမိတ်များလားပဲ ဒါနဲ့မင်းပြောတော့ menuစာအုပ်မှာဂဏန်းတွေ နံပါတ်တွေချည်းဆို”
အင်း…ဟုတ်တယ် ဟုတ်တယ်
“အဲဒီဂဏန်းတွေမင်းမှတ်မိလား?”
အင်း…ရေးတေးတေးပဲ...
“ပြန်စဉ်းစား ရအောင်ပြန်စဉ်းစား အဲဒီဂဏန်းရရင် ချဲသာထိုးပေတော့ နိမိတ်ကောင်းတစ်ခုသေချာရင်တော့ မလွဲပါဘူး မင်းချဲပေါက်လိမ့်မယ် သေသေချာချာပြန်စဉ်းစား... ငါ့လည်းပြောဦးဟ”
ခင်စိုးဆိုသူကား မင်းမင်းကို ချဲထိုးရန်တိုက်တွန်းလေတော့သည် ခင်စိုးသည်ချဲအလွန်ဝါသနာပါသူဖြစ်သည်
သူငယ်ငယ်ကချဲတစ်ခါပေါက်ဖူးသည်ကိုအကြောင်းပြုပြီး နောက်ထပ်ပေါက်လိမ့်ဦးမည် မျှော်လင့်ချက်ဖြင့်ချဲကို တစ်ထိုးတည်းထိုးလာခဲ့ရာ ယခုအသက်၂၀ကျော်ပြီဖြစ်သည် တခါမှထပ်မပေါက်သေးချေ စကားကိုလည်းအမြဲရွဲ့ပြောတတ်သူဖြစ်သည် ၊ ဥပမာ… မြန်မာသံရုံးတွင်ပါမစ်ကြေးအခွန်သွားဆောင်မည့်အရေးကို ဘယ်သွားမလဲ?ဟုမေးလျှင် “ကျည်ဆန်ဖိုးသွားပေးမလို့ဟေ့” ဟုဖြေတတ်ခြင်းမျိုး ။
မင်းမင်းလည်းထိုနေ့ညအခန်းပြန်ရောက်တော့စောစောစီးစီးရေမိုးချိုး စားသောက်ပြီး အခန်းအောင်းနေလိုက်သည်
နောက်စာရွက်တစ်ရွက် ဘောပင်တစ်ချောင်းနှင့် အိပ်မက်ထဲက ဂဏန်းများကို တစ်လုံးချင်းပြန်စဉ်းစားပြီး စာရွက်ပေါ်ရေးချနေလေသည် “.. အင်း… သိပ်တော့လည်းမသေချာဘူး... မှတ်မိသလောက်ပေါ့... ဒါဟာငါ့အတွက် နိမိတ်ကောင်းမဟုတ်ဘူးလို့ဘယ်သူပြောနိုင်လဲ... ကံထမ်းတာ မြင်မှမမြင်ရဘဲ..”
ဤသို့ဖြင့်မှတ်မိသမျှရေးချထားသောဂဏန်းများအား မင်းမင်းသည် စိတ်ကြိုက်ပြန်လည်ပူးတွဲပြီး နေ့ရှိသရွေ့ချဲထိုးနေတော့သည်။
အထက်ပါအဖြစ်အပျက်များဖြစ်ပွါးပြီး တစ်ပတ်တိတိကြာသောအခါ တစ်မနက်တွင် မင်းမင်းချဲပေါက်ကြောင်းဝမ်းမြောက်ဖွယ်ရာကြားသိရလေသည် ။
“totoတွင်ဒုတိယဆုနှင့်ဖြစ်သည် ကံနည်း၍လားမသိ ပေါက်မည့်နေ့မှပိုက်ပိုက်ကနည်းနေရှာသည် ရှိသမျှလေးနှင့်ကပ်ပေါက်သွားခြင်းဖြစ်သည် ခင်စိုးဆိုသူကားအူမြူးလျှက်ရှိ၏ သူ့အကြံကိုယူပြီးပေါက်ခြင်းဖြစ်၍ သူနှင့်အနည်းနှင့်အများဆိုင်သည်လေ အမှန်မှာထိုနေ့မှမပေါက်ခဲ့ရင် ခင်စိုးအားအိမ်တိုင်ရာရောက်လာဆဲရန် မင်းမင်းစိတ်ကူးနှင့်ပြီးဖြစ်သည် ခုနှစ်ရက်အတွင်းကုန်လိုက်သည့်ပိုက်ဆံ ရှိသမျှဒိုင်ပတ်ထိုးတာကိုး
ချဲပေါက်လို့ပိုက်ဆံရှိလာလည်းအိမ်ကိုမပို့ပေ ရှိရင်းစွဲဝါသနာဖြစ်သည့် ဖွံကြောင်ခြင်းအမှုအား ငွေအား ၊လူအားအကုန်စိုက်ပြီး စိုက်လိုက်မတ်တတ်လုပ်ဆောင်လေတော့သည်။
မကြာပါချေ ယမင်းလေးလိုလှသည့် “အ”မ(အင်ဒိုနီးရှားမ)နှင့်မင်းမင်းငြိကြလေသည်
နော်ဟာလီဇာအသေးစားများလားမှတ်ရအောင်ကောင်မလေးကချောသည် “မင်းမင်း”မှာမုတ်ဆိတ်မရှိလည်းပျားတော့စွဲနေလေပြီ
အားကျဖွယ်ကောင်းလေစွ နိုင်ငံခြားလောကကချစ်သူတွေလေ အာဝါဟ ဝိဝါဟမလိုဘဲ လင်မယားအရာမြောက်ကြလေသည်
အားလုံးထဲမှာမင်းမင်းကအချစ်သူရဲကောင်းကြီးပေါ့
“မင်းစော်ရေရေလည်လည်လန်းတယ်ကွာ”
ချစ်သူကိုလှကြောင်းပြောနေသည့်ဖွတ်အောင်သိန်း၏စကားကြောင့်မင်းမင်းမှာအကျေနပ်ကြီးကျေနပ်လျှက် ပြုံးဖြီးဖြီးလုပ်နေသည်။
“လန်းတာကကောင်းပါတယ် လန်နေရင်တော့မကောင်းဘူး”ရွဲ့တဲ့တဲ့ခင်စိုး၏စကားကြောင့်မင်းမင်းအနည်းငယ်ဖုသွားသည်
“ဟေ့ရောင်… ငါကအမှန်လေးကိုဖန်လာတာကွ ကိုယ့်ကုသိုလ်နဲ့ကိုယ်ဖြစ်တာပါသူငယ်ချင်းရယ် မနာလိုမဖြစ်ပါနဲ့” “ဘာလဲ ဂျောက်ဂျက်သီချင်းထဲကအမှန်လေးလား?” ခင်စိုးကထရွဲ့တော့ အမင်းတင်းလာသည်
ဟေ့ရောင်..တော်တော့ကွာ
“ဟား ဟား ဟား”
“ဟား ဟား ဟား”
မင်းမင်းဒေါသထွက်သွားသည်ကိုကြည့်ပြီးအားလုံးဝိုင်းရယ်ကြသည် သြော်.. အချစ်ဆိပ်ကားငယ်ထိပ်တက်သည်လေ
ဤသို့ဖြင့်ပျားရည်ဆမ်းသည့်အချစ်နေ့ရက်များကို ပျော်ရွင်စွာဖြတ်သန်းကြ၏
ကောင်မလေးလည်းတဖြည်းဖြည်းနှင့်အရောင်တောက်တောက်လာ၏
နောက်ဆုံးပေါ်ဟမ်းဖုန်းနှင့် နောက်ဆုံးဖေါ်ရွေအဆင်နှင့် နောက်ဆုံးပေါ်အဝတ်အစားနှင့် နောက်ဆုံးတွင်ကျနော်တို့၏ အချစ်ဟီးရိုးကြီးလည်း လုံးပါးပါးတော့မည်
မင်းမင်းနှင့်ကောင်မလေးတို့ချစ်ခဲ့ကြသည့်ရက်မှ စတင်ရေတွက်သော် တစ်လတင်းတင်းပြည့်သည့်နေ့တနေ့၏တခုသောနေ့လည်ခင်းတွင် အမင်းနဖူးကွဲလေသည်
ဖြစ်ရပုံများ... အခန်းနံရံနှင့်နဖူးကိုပြေးတိုက်သည်တဲ့ မူးသွားတာလား? ရူးသွားတာလား?
သူငယ်ချင်းတွေကသို့လောသို့လောဖြစ်နေကြသည် နောက်ဆုံးခင်စိုးဆိုသူကအဖြစ်မှန်ကိုပြောပြတော့မှ
သေဟဲ့ နန္ဒိယ ဟုအားလုံးထအော်ကြလေတော့သည်
သူတို့ရပ်ကွက်တွင် အရှောင်းဟုအမည်ရသည့်တရုတ်ကြီးတစ်ယောက်ရှိသည် ထိုသူသည် သူ့ကိုယ်သူ အောမင်းသားများမှတ်လေရော့လားမသိ ဆောင်ကြာမြိုင်သွားတိုင်း သူ့ဖုန်းနှင့် ရီကော့လုပ်လာလေ့ရှိ၏
သူ၏စွန့်စားခန်းများ စစ်တိုက်ခန်းများကို memory cardဖြင့်အပြည့်သိမ်းထား၏ ဝါသနာတူလူ ၊စိတ်ချရသည့်လူများကိုလည်းပေးကြည့်လေ့ရှိ၏
ဘယ်ကဘယ်လိုဖြစ်သည်မသိ သူ့တိုက်ပွဲခန်းတွင် မင်းမင်း၏ကောင်မလေးပါလာလေသည်
ကောင်မလေးနေ့လည်နေ့လည်မြို့တက်အလုပ်လုပ်သည်ကိုတော့လူတိုင်းသိကြသည် ကုမ္ပဏီမှာလိုလို အလှပြင်ဆိုင်မှာလိုလို သတင်းသဲ့သဲ့ကြားရ၏။ သို့သော်.. လိုလိုသည် လိုလိုသာဖြစ်ပြီး တကယ်တွင်တော့ ကြည့်မကောင်းရှုမကောင်းအနေအထားရောက်နေချေပြီ
ထိုပြဿနာဖြစ်ပြီးနောက်ပိုင်း မင်းမင်းတို့၏အချစ်ဇာတ်လမ်းလည်းနိဋ္ဌိတံလေသည်
ရှိသမျှလည်းပြောင်ကုန်ပြီဖြစ်သည် …. ကောင်မလေးလည်းကိုယ်ယောင်ဖျောက်သွားတော့သည် သူငယ်ချင်းတွေကိုရှက်လှချည့်ဆိုပြီးမင်းမင်းလည်းအလုပ်ပြောင်းသွားတော့သည်
အကောင်းမှတ်လို့ချစ်မိပါရဲ့ လက်စသတ်တော့ တရုတ်တန်းက တီကားပလို့ကြီးကိုးဗျ...သေရော သေရော..။ ။
(ဤဇာတ်လမ်းမှအချို့နာမည်သည် အမှန်ဖြစ်ပြီး အချို့နာမည်သည်အမှားဖြစ်ပါသည် ကာယကံရှင်ကိုငဲ့သောကြောင့်ဖြစ်လေသည်
စီတီနော်ဟာလီဇာ(Siti Nurhaliza)အားမြင်ဖူးစေရန်အပုံပါထည့်ပေးလိုက်သည်)
အမှန်လေး
Subscribe to:
Post Comments (Atom)
2 comments:
ဟိဟိ ရေးမယ့်ရေးတော့လဲ၊ ကို့ဆရာ ကောင်း၏ အမှန်လေးတွေ အမှန်လေးတွေ
ဟားဟား ပြောတာတော့ အမှန်လေးပါဘဲ :P
သီချင်းဆိုသွားတယ်ကွာ
Post a Comment