ကောင်းပြီးရေးတဲ့ကဗျာ၊ကွဲပြီးရေးတဲ့ကဗျာ

ယခင်postအဆက် ....
ကိုဖြစ်စဉ်ကလည်းဗျာ.. ကျနော်တကယ်မှတ်မိတာ အဲဒီပုဒ်တည်းရှိတဲ့ဟာ..
ထားတော့ ထားတော့ ကဲ မင်းကဗျာရေးတတ်လား? ရေးဖူးလား?
“မရေးတတ်ဘူးဗျ”
မင်းနဲ့တော့ ခက်နေပြီ… ငါ့အစီအစဉ်က ဒီလိုကွ… မင်းတို့လူငယ်တွေရဲ့ ရင်ထဲမှာ မင်းတို့ဘဝအတွက် အမှတ်တရဖြစ်စေခဲ့တဲ့ ကဗျာကိုစုမယ်.. ၊ ပြီးတော့ အဲဒီကဗျာနဲ့ မင်းတို့ဘယ်လိုပတ်သက်ခဲ့လဲ..? ကဗျာကိုဘယ်လိုခံစားခဲ့လဲ? အဲဒီကဗျာက မင်းတို့ဘဝရဲ့ ဘယ်တစိတ် တဒေသမှာ အရေးပါ အရာရောက်ခဲ့လဲ..?
အဲဒါတွေအားလုံးကို ကဗျာတစ်ပုဒ် တစ်ပုဒ်ချင်းစီရဲ့အောက်မှာ noteအနေနဲ့ပြန်ဖြည့်ပေးမှာ
ကဗျာဖတ်တဲ့သူတွေကကွာ.. မင်းတို့ကြိုက်တဲ့ ကဗျာကိုဖတ်ရမယ့်အပြင်.. ကဗျာအပေါ် မင်းတို့ရဲ့ အမြင်လေးတွေကိုပါသိခွင့်ရမယ်လေကွာ ငါပြောတာရှင်းလား?
တော်တော်များများကတော့ သူတို့ရဲ့ favoritesကဗျာ ငါ့ကိုလာအပ်ကြကုန်ပြီ မင်းနဲ့ ဟိုဘက်ခန်းကအကောင်တွေပဲကျန်တော့တယ် အတွေးမမှားနဲ့ငါ့ညီ ကဗျာစာအုပ်မှာ မင်းနာမည်ပါမယ့်အရေးဟာ နည်းနည်းနောနော အခွင့်အရေးမဟုတ်ဘူးနော

“ကိုဖြစ်စဉ်က ဒီမှာထုတ်မှာလား? ဘယ်သူဝယ်ဖတ်မှာတုန်း? ကဗျာတွေကလည်းကော်ပီချည်းဆိုပြဿနာတက်မှာပေါ့”
ဟိုရောက်မှထုတ်မှာပေါ့ဟ... ခုအရင်းအနှီးရှာနေတယ်လေ.. ကော်ပီကိစ္စကတော့ရှင်းရမှာပေါ့
သြော်… တကယ့်စီမံကိန်းကြီးပဲကိုး..
ဘာပဲဖြစ်ဖြစ်ကွာ ရအောင်ရေးကြည့်ပါလား တပုဒ်လောက်
“ကျနော် ကာရံတွေ နဘေတွေ မစပ်တတ်ဘူးဗျာ”
မလိုဘူးငါ့ညီ ကိုယ်တို့က ကာရံလွတ်သမားတွေ free styleပဲကြိုက်တယ် လွတ်လပ်တဲ့အရေးအဖွဲ့ပဲလိုချင်တယ်
“ကျနော်နားလည်ထားတာကတော့ ကဗျာကိုတော်ရုံပါရမီနဲ့ရေးလို့မရဘူး ရေးတိုင်းလည်းကဗျာမဖြစ်ဘူး ရသမမြောက်ဘူး
ရေးလို့တော့ရတယ် လူအများလက်ခံတဲ့ ကဗျာဖြစ်ဖို့က ခက်တယ်
ဟေ့ညီ ငါလက်ခံမယ်ကွာ ငါထုတ်တဲ့ စာအုပ်ပဲ..
“ဘာအကြောင်းကို ကဗျာစပ်ရမယ်မှန်းတောင် မသိသေးဘူးဗျာ”
ရအောင်ကြိုးစားကြည့် ဟုတ်ပြီလား..? ငါပြောမယ်.. မင်းစိတ်ထဲဖြစ်နေတာတွေ ခံစားသိရှိနေတာတွေကို အကျစ်လစ် အသိပ်သည်းဆုံး ဘာသာစကားနဲ့ လွတ်လွတ်လပ်လပ်ပုံဖေါ်ကြည့်လိုက် အဲဒါ ငါတို့ကဗျာပဲ အဲဒါ free styleပဲ..
“ဖတ်တဲ့လူတွေနားမလည်အောင်ရေးရမှာလား ?
ဘာဆိုင်လို့လဲကွ..?
သိဘူးလေဗျာ.. ကိုဖြစ်စဉ်ကဗျာတွေကို တခါတခါကျနော်ယူယူဖတ်ပါတယ် နားမလည်တာတွေက ခပ်များများဗျ
အဲဒါမင်းမှားတာပဲ.. အဲဒါမော်ဒန်ကဗျာကိုမင်းနားမလည်တာပဲ၊ မော်ဒန်ကဗျာဆိုတာ ခံစားချက်တွေကို ကျစ်ကျစ်လစ်လစ် လှလှပပ လေး စုဖွဲ့ထားတာကွ အဲဒါကို မင်းဖြည်တတ်ရမယ် အဲဒါဟာ မော်ဒန်ကဗျာဖတ်ခြင်းရဲ့ အနှစ်သာရပဲ..
ကဲ…. talkingတွေများပြီ နက်ဖြန်မင်းရင်ဘတ်က ပွင့်မယ့်ကဗျာလေးလိုချင်တယ်.. ဘာဖြစ်ဖြစ် ရေးသာချလိုက် ခံစားချက်ကိုမလိမ်နဲ့ အဲဒါကဗျာရေးတာပဲ.. ကဲ.. ငါ့အခန်းငါပြန်ပြီဟေ့..၊
ဖြစ်စဉ်ကြီးကျနော့ကို ဒုက္ခကောင်းကောင်းပေးသွားပြီဖြစ်သည်
ကဗျာရေးရမည်တဲ့ free styleတဲ့ ဘယ်ကဘယ်လိုစရေးရမလဲ? ဘာအကြောင်းရေးရမလဲ?
ခံစားချက်ကလေးနဲ့မှ ကဗျာဆိုတာအသက်ဝင်တာ
ကျနော့ခံစားချက်တွေကလည်းအိုကုန်ပြီ မလတ်ဆတ်တော့ feelမလာတော့ ပြန်စဉ်းစားတိုင်းရေးရေးသာရှိတော့သည်
ခံစားချက်အဟောင်းကိုလည်း အသက်ပြန်သွင်းဖို့စိတ်မဝင်စား
ဆရာသမားကတော့ပြောပါရဲ့ …စိတ်ထဲမှာရှိနေ ဖြစ်နေ ပြောချင်နေတာကို လွတ်လွတ်လပ်လပ်ချရေးတဲ့.. ဒါပဲ..
ဟုတ်တယ်… အဲဒီအတိုင်းရေးရမယ်....
ဤသို့ဖြင့် အခန်းထဲ ဟိုပတ် ဒီပတ် ဟိုလှိမ့် ဒီလှိမ့်ဖြင့် ရှိသမျှ မဖျစ်ညစ်ကျယ်ဥာဏ်ကလေးဖြင့် ကဗျာတပုဒ်ကိုမရမက ကောက်စပ်လိုက်လေတော့သည်။ “အင်း..ဒီလိုတော့လည်းဖြစ်သားဟ
ဘဝမှာ ပထမဆုံးကဗျာတစ်ပုဒ်ကိုအပြီးသတ်ရေးဖူးခြင်းဖြစ်သည်
အရင် အချစ်ဆိုတာကိုစထိတွေ့ခါစက တစ်ယောက်သောသူအတွက် အချစ်ကဗျာရေးဖို့ကြိုးစားဖူးသည်
အရင် အမုန်းဆိုတာကိုစထိတွေ့ခါစက တစ်ယောက်သောသူအတွက် အမုန်းကဗျာရေးဖို့ကြိုးစားဖူးသည်

သို့သော်… အားလုံး တစ်ကြောင်းစ နှစ်ကြောင်းစဖြင့် တစ်ပုဒ်မှအပြီးမသတ်နိုင်ခဲ့
ခုမှကဗျာတပုဒ်ကို အရှင်လတ်လတ်အပြီးသတ်ရေးနိုင်ခြင်းဖြစ်သည်
ဟုတ်တယ်… လွတ်လွတ်လပ်လပ်ရေးတယ် စိတ်ထဲရှိတာရေးတယ်... အင်း… ဖြစ်စဉ်ကြီးကြိုက်မလားမသိ
ကြိုက်မှာပါ သူပြောသလိုfree styleလေးလုပ်ထားတာပဲ
နောက်တစ်နေ့လင်းသည်....
ဖြစ်စဉ်ကြီးလာသည်......
ကဗျာကိုပေးလိုက်သည် ..။
ကဗျာကို အစအဆုံးနှစ်ခေါက်မျှသူအသံထွက်ဖတ်နေသည်၊ သူ့မျက်လုံးသူမယုံနိုင်တော့သလို လူကကြောင်တက်သွားသည်
ပြီးလည်းပြီးရော ကျနော့ဘက်လှည့်ပြီး အောက်ပါအတိုင်း ပျစ်ပျစ်နှစ်နှစ်ဆဲလေတော့သည်
“နင့်အမေ့လင်ကဗျာလားဟ မအေဘေးကလေးရဲ့ ဘာကိုဘယ်လိုရေးထားတာလဲ မင်းခေါင်းမှကောင်းသေးရဲ့လား? အလုပ်ထဲပရက်ရှာတွေသိပ်များလို့ ဆိုက်ကိုဝင်သွားပြီလား ငါ့လခွီးထဲမှပဲ (လခွီးဟုမပြောပါ ပြောတဲ့အတိုင်းလည်းမရေးပြတော့ပါ)
ငါကိုယ်ကမှားပါတယ် ကဗျာမထွန်းတဲ့မြေမှာ လာပြီးထွန်ယက်နေတာ တော်ပြီ မင်းကိုငါလက်မြောက်ပြီ ..

ဖြစ်စဉ်ကြီးကဗျာစာရွက် ကျနော့အားပစ်ပေးပြီး စိတ်ဓါတ်ကျစွာဖြင့်လှည့်ထွက်သွားတော့သည်..၊။
ကဗျာမထွန်းတဲ့မြေ..ကဗျာမထွန်းတဲ့မြေ...ဟားဟား ဒီစာသားတော့ကျနော်သဘောကျသည်..
ကဲ… ဖြစ်စဉ်ကြီးညစ်သွားတဲ့ကျနော့ကဗျာလေးကို ရှုစားပေးကြပါဦး....
“…………………….”
ညောင်းလို့ထိုင်လိုက်တာပါ...
ထိုင်တာကြာတော့လည်း ညောင်းလာပြန်တယ်..
ဒီလိုနဲ့ပဲ.. ထိုင်ရတော့မလို ၊ ထရတော့မလိုနဲ့
လောကကြီးဟာ ကောင်းကိုမကောင်းပါဘူး....
လှဲအိပ်လိုက်လို့တော့မဖြစ်ချေဘူး..
ကံမကောင်းရင် ဆင်တက်နင်းလိမ့်မယ်
တောမဟုတ်မှန်း ကျုပ်ကသိတာပေါ့..
ဆင်မရှိဘူးလို့ကော ခင်ဗျားအာမခံလို့လား?.....။
……………………..

ကဗျာကဒါပဲဖြစ်သည်...နောက်မှပြန်စဉ်းစားတော့ ကဗျာကို ခေါင်းစဉ်ပင်မပေးရသေး...
ကဗျာဆိုတာ ခေါင်းစဉ်လေးတော့ရှိဦးမှပေါ့ ဘယ်ခေါင်းစဉ်ပေးရမည်မသိ၍ သူငယ်ချင်းတစ်ယောက်အား ကဗျာကိုပေးဖတ်ပြီး အကြံဥာဏ်တောင်းကြည့်ရာ … ဘာခေါင်းစဉ်မှရွေးမနေနဲ့ဟေ့ရောင်ရေ.. ကောင်းပြီးရေးတဲ့ကဗျာလို့သာ ပေးလိုက်..
ဟုတ်ပြီလား? ကောင်းပြီးရေးတဲ့ကဗျာ... ကွဲပြီးရေးတဲ့ကဗျာ ဒါပဲပေါ့။

ကောင်းပြီးရေးတဲ့ကဗျာ...?
ကွဲပြီးရေးတဲ့ကဗျာ....?
ကောင်းပြီးရေးတဲ့ကဗျာ...?
ကွဲပြီးရေးတဲ့ကဗျာ....? ကျနော်ထပ်ခါတလဲလဲရေရွတ်နေမိသည်..။ ။
မှတ်ချက်။ ။ထိုကဗျာသည်ကျနော့ဘဝ၏တစ်ပုဒ်တည်းသောကဗျာဖြစ်သည် ၊တချို့ကတော့ ကဗျာမဟုတ် စိတ်ရူးပေါက်ပြီးရေးသောစာသာဖြစ်သည်ဟုဆိုကြသည် ၊ ကဗျာနှင့်ပတ်သက်သည့်အထက်ပါအယူအဆများသည် ကျနော်၏အယူအဆများမဟုတ်ပါ “ဖြစ်စဉ်”၏အယူအဆများသာဖြစ်ပါသည် ကျနော်ကဗျာမရေးတတ်ပါ ။ ။

1 comments:

မယ့်ကိုး said...

ကဗျာတော့ မပြောတတ်ပါဘူး။ဆောင်းပါးလေးတွေ ရေးထားတာတော့ ဖတ်လို့  အတော်ကောင်းပါတယ်။

 
©2009 ♬သားကြီး♪ | by TNB