ရပ်ကွက်ထဲမှာဒီလိုရှိတယ်


အဲဒီည အေမီထမင်းစားမဝင်တော့ဘူး အိပ်လို့လည်းမပျော်တော့ဘူး ညနေကမြင်ကွင်းပြန်မြင်ပြီး ခမျာလေးလန့်နေရှာတယ်
ကျနော့်ကိုလည်း မပြေးရကောင်းလားဆိုပြီး အပြစ်တင်မဆုံးတော့ဘူး
နင်သတ္တိကောင်းတာလား? ရူးတာလား?
ဟိုက နင့်ကိုပါရောပြီးခုတ်ထည့်လိုက်ရင်ဘယ်လိုလုပ်မလဲ? ဆိုပြီးဂရုဏာဒေါသောနဲ့ မာန်မဲရှာတယ်
နောက်တစ်ရက်လင်းလို့ အလုပ်ဝင်တဲ့အထိသူ့ပါးစပ်ကနေ
“ငါကြောက်တယ်... ငါကြောက်တယ်”နဲ့ ခြောက်ခြောက်ချားချား ပြောနေတုန်းပဲ
အဲ…ငါကြောက်တယ် ငါကြောက်တယ်ပဲပြောပြီး ..ငါ့ကိုဖက်ထားပါ ငါ့ကိုဖက်ထားပါ.. လို့တော့မပြောဘူး (ဆိုင်လားမသိ:P)
ဖြစ်ပုံကဒီလို... တရုတ်စားသောက်ဆိုင်တစ်ခုမှာထိုင်နေတဲ့ ကုလားတစ်ယောက်ကို မျက်နှာကိုအဝတ်တွေနဲ့ဖုံးထားတဲ့ကားပေါ်က ကုလားလေးယောက်က ဆင်းပြီးဝိုင်းခုတ်တာ ဆိုင်ထဲကလူတွေအကုန်ထွက်ပြေးပဲ
မပြေးဘဲအနီးကပ်ရပ်ကြည့်နေတာဆိုလို့ ကျနော်ရယ်၊ မူးပြီးကောင်းနေတဲ့ ဘေးစားပွဲဝိုင်းက ဆာဗားလူမျိုးနှစ်ယောက်ရယ်ပဲရှိတယ်
ဟိုက မပြေးဘူးဆိုတာက ရူးကြောင်မူးကြောင်နဲ့ ဘာမှန်းမသိလို့မပြေးတာ
ကျနော်မပြေးဘူးဆိုတာကလည်း မျက်စေ့ရှေ့ကမြင်ကွင်းကိုသိပ်မသဲကွဲလို့ မျက်စိကမှုန်တယ်ဗျာ အမေနဲ့သမီးနဲ့လမ်းလျှောက်လာရင် သမီးပဲမြင်တော့တယ်ဆိုတဲ့မျက်လုံးမျိုး မျက်မှန်တပ်ရတော့မယ်
ဓါးနဲ့ တဗျောင်းဗျောင်းဝိုင်းခုတ်နေတာကို ဒုတ်နဲ့ဝိုင်းရိုက်တယ်ပဲထင်နေတာ
နောက်မှသွေးတွေက ထွက်လှချည်လားဆိုတော့မှလက်စသတ်တော့ဓါးကိုး...
ပြေးလည်းမပြေးရတော့ပါဘူး ဟိုကခုတ်ပြီးအဆင်သင့်ရပ်ထားတဲ့ကားပေါ်ကို ခုန်တက်ပြီးပျောက်သွားပြီ
ခုတ်ခံထိတဲ့ကုလားလည်းမခေဘူးဗျ ချက်ချင်းပြန်ထလာတယ် ဒါပေမယ့်မဟန်တော့ဘူး ယိုင်နေပြီ
မျက်နှာတစ်ခုလုံးအသားတွေလန်ကုန်တယ် လက်တစ်ဖက်ကလည်းပြတ်သွားတယ် အရေခွံတဲတဲလေးနဲ့ တွဲလောင်းကြီးဖြစ်နေတယ် သွေးတွေကအိုင်နေပြီး မြင်ကွင်းကအသဲယားစရာ
တရုတ်အဖိုးကြီးတစ်ယောက်က ဟေ့ကောင်လေး လာဝိုင်းထူဦးဟ ဆိုပြီးကျနော့်ကိုခေါ်တယ်
သွားဝိုင်းထူမလို့ပဲ သွေးအလူးလူးနဲ့ စုတ်ပြတ်နေအောင်ခုတ်ခံထိထားတဲ့မျက်နှာကိုမြင်ပြီး မထူရဲပြန်ဘူးဗျာ သတ္တိကအဲလိုကောင်းတာ နောက် အဲဒီကုလားရဲ့သူငယ်ချင်းတွေရောက်လာပြီး ကားနဲ့ဆေးရုံကိုမောင်းပို့သွားတယ်
ဆိုင်ရှင်သူဋ္ဌေးရဲကိုဖုန်းဆက်တော့ ရဲကလုံးဝ လုံးဝကိုမလာဘူးဆိုပဲဗျာ ကောင်းလိုက်တဲ့ရဲ
ကျနော်တို့ရပ်ကွက်ကဒီလိုပဲဗျ မင်းမနိုင်ရပ်ကွက် seven elevenဆိုင်ကိုတောင် ဓါးပြဝင်တိုက်တာလေးခါရှိပြီ လူကြားလို့မှမကောင်း
ဘိန်းစားတွေကလည်းဆိုးတယ် ယင်းထလာရင် ရေထည့်တဲ့စက်ကိုတောင်မချန်ဘူး ရိုက်ဖြိုပြီးအကြွေစေ့တွေယူတာ သုံးခါရှိပြီ မလေးလူငယ်လေးတွေကလည်း ညညဆိုရင်ဆိုင်ကယ်တွေပတ်ပြိုင်စီးပြီး လမ်းမှာရပ်ထားတဲ့ကားတွေကို မီးရှို့လိုရှို့ မှန်တွေရိုက်ခွဲလို ရိုက်ခွဲနဲ့ တစ်ကယ့်စရိုက်တောပဲ အေမီဆိုရင်သူ့ကားမှန်ကိုရိုက်ခွဲသွားလို့ နှစ်ရက်တိတိအလုပ်မဆင်းနိုင်ဘူး ဝမ်းနည်းလွန်းလို့တဲ့။
နောက်ပြီး စားသောက်ဆိုင်ထိုင်လို့ ငါ့ဖုန်းလေးကသိပ်လှတယ် လူမြင်အောင်ပြဦးမှ ဆိုတဲ့စိတ်ကူးနဲ့ခုံပေါ်တင်မယ် မကြံလေနဲ့
လုပြေးမယ့်လူတွေတပုံကြီး
နောက်မှသိရတာက အဲဒီခုတ်ခံထိတဲ့ကုလားက လူမိုက်ခေါင်းဆောင်ကြီးဆိုပဲ
စားသောက်ဆိုင်မှာထိုင်နေတုန်းကတော့သုံးယောက်ပါ ဟိုကလည်းလာခုတ်ရော ကျန်တဲ့နှစ်ယောက်ကပြေးတာ တန်းနေတာပဲ….
ပြောမယ့်သာပြောရတာ အဲဒီည ကျနော်လည်းအေမီ့လိုပဲ အိပ်လို့မပျော်ဘူး အဲဒါနဲ့ အိပ်မပျော်သေးမယ့်အတူတူ ငါ့အဝတ်တွေ ဖါထေးဦးမှပဲဆိုပြီး အင်္ကျီအစုတ် ဘောင်းဘီအစုတ်တွေကို ယူပြီး ထိုင်ချုပ်နေလိုက်တယ်
အဝတ်အစားသစ်တွေမဝယ်နိုင်ဘူးလေဗျာ ဘဝပေးကနည်းနည်းပဲ့တော့ဒီလိုပဲ အစုတ်တွေကို တတ်သလိုပြန်ဖါပြီးဝတ်နေရတာ
အဲလိုနဲ့ တစ်ချက်မှာ ကျနော့်လက်ကိုအပ်ကစူးတော့ “အား”ကနဲထအော်မိတယ် နာလိုက်တာလည်းတစစ်စစ်နဲ့
ပြီးမှကိုယ့်ဘာသာကိုယ်ပြန်စဉ်းစားတော့ ရှက်ပြီးရယ်နေမိတယ်
“ဟိုက ဓါးလေးလက်နဲ့ဝိုင်းခုတ်တာ အသံတစ်ချက်မထွက်ဘူး ငါ့ကျအပ်လေးစူးတာနဲ့ပဲ အော်လိုက်တာ အခြောက်မကြီးကျနေတာပဲ”
အင်း..? ဟိုကလူမိုက် သားကြီးကလူမိုက်မှမဟုတ်ဘဲ အဲလိုပဲတွေးယူရမယ်ထင်တယ်။
ဟုတ်တယ်ဟုတ်?
ဝုတ်ဒယ်ဝုတ်? :P

4 comments:

ကောင်းကင်ပြာ said...

မျက်မှန်လာပို့တာ၊ နောက်တခါကျ သေချာကြည့်ရအောင်လို့

sweetpeony said...

ဟုတ်ပ..
ဟိုကလူမိုက် သားကြီးက ကြွေမောက်..
အဟီးးးးးးး
စ တာ
ဒါနဲ့ အဲ့ဒီလောက်ဆိုးတာက ဘယ်နေရာမှာလဲ ဟင်...
တကယ်မသိလို့ပါ...

မယ့်ကိုး said...

အဲဒါဘယ်နေရာလဲ...ဟောင်ကောင်သိုင်းကားကြည့်ရသလိုပဲ...လူသေမှ ရောက်လာတဲ့ ရဲတွေနော်... ကိုယ့်နိုင်ငံနဲ့ တူုလိုက်တာလို့  ပြောပါဘူး :D

ဝက်ဝံလေး said...

ကိုသားကြီးရေ သွားသတိ စားသတိနော် နိုင်ငံရပ်ခြားမှာနေရတာလဲ မကောင်းပါဘူး ဗျာ မိန်းကလေးတွေအတွက်တော့ မလေးက မကောင်းဘူးဗျိုးးးးး ဘုရားလေးဘာလေး ရှိခိုးအိပ်ဗျ သိလားးး အရက်ချဉ်းး စွတ်ခွ သောက်မနေနဲ့ ဂျာ သိလား

ဟဟဟ ကိုသားကြီး မျက်စိမွဲတာ သဘောကျတယ် ဘာတဲ့ အမေနဲ့ သမီးနဲ့လာရင် သမီးပဲမြင်တယ် အမေမမြင်ဘူး ဟုတ်လား ခိခိ ဂျလိ ဂျလိ ကဲ အဲလိုရယ်ပြီနော် ဟားဟား

 
©2009 ♬သားကြီး♪ | by TNB