ကောင်းကင်ကြီးရဲ့ဆုလာဒ်


သူ့နှုတ်ဖျားက “မေမေ”ဟူသည့်ဝေါဟာရတစ်ခုကိုခေါ်ဆိုခွင့်မရခဲ့တာကြာပြီဖြစ်သည်။
ကျောင်းစိမ်းဝတ်စုံလေးနှင့်လွယ်အိတ်ထဲစာအုပ်တွေတစ်ပြုံတစ်မလွယ်ပြီးကျောင်းသွားတက်သည့်သူအား မေမေသည် မျက်စိတစ်ဆုံးထိုင်ကြည့်နေလေ့ရှိသည် ဒီလောကမှာသူ့သားသာအချောဆုံးတဲ့လေ...
အတန်းထဲတွင်စာသင်ချိန်ကိုစိတ်မရှည်နိုင်လောက်အောင် မေမေ့ကိုသူလွမ်းလှသည် ကျောင်းဆင်းပြီဆို အိမ်ကိုရောက်တဲ့အထိမနားတမ်းသူပြေးတတ်သည် ထိုအခါမေမေက သူ့အားအပြုံးလေးဖြင့်ထွေးပွေ့ကြိုမြဲဖြစ်သည် သူ့အားရင်ခွင်ထဲထည့်ထားရင်းသူပြောပြသည့်စာသင်ခန်းကတစ်နေ့တာအတွေ့အကြုံကိုမေမေသည် သူရဲကောင်းလေးတစ်ယောက်၏စွန့်စားခန်းကိုနားထောင်သလိုမျက်လုံးကလေးဝိုင်းလျှက်နားထောင်နေလိမ့်မည် ပြီးလျှင်သူ့နဖူးအားညင်သာစွာနမ်းလျှက် “အမေ့သားလေးသိပ်တော်တယ်”ဟုပြောမြဲဖြစ်သည်
(၉)နှစ်ဆိုတဲ့ကာလ....
ဘယ်လိုကံကြမ္မာကများမေမေနဲ့(၉)နှစ်တိတိခွဲရက်နိုင်ခဲ့ပါလိမ့်.... မေမေနဲ့ခွဲဖို့ကို သူယောင်လို့တောင်စိတ်မကူးခဲ့ဖူးချေ၊
မေမေသည်သူ့အတွက်အမြဲသာနေရမည့်လမင်းသာဖြစ်သည်...ခုတော့............။
……………………..
ဖေဖေစိတ်ဆိုးရင် မေမေ့ရင်ခွင်ထဲသူပုန်းနေတတ်တာအမှတ်ရသည် ထိုအခါမေမေသည် “ရှင်ကလည်းလေ ကလေးပဲဥစ္စာပဲ”ဟုဆိုလိုက်လျှင်ဖေဖေ့ဒေါသတို့သည် ပျောက်ကွယ်မြဲဖြစ်သည်။
သားကြီးလာရင် ဘာလုပ်မလဲဟင်”? မေမေအမြဲမေးတတ်သည့်မေးခွန်း...
ကျနော်ကြီးလာရင် ဖေဖေနဲ့မေမေကို လုပ်ကျွေးမှာပေါ့ဗျ” သူအမြဲဖြေတတ်သည့်အဖြေ...
ထိုကာလများမှာ မေမေ့ရင်ထဲကပီတိသည် ဒီကမ္ဘာမြေပေါ်က အသာယာဆုံးနံနက်ခင်းတစ်ခုဖူးပွင့်လာသည်နှင့်ညီသည်
မေမေပြောတော့သူဟာ မိုးကောင်းကင်ကပေးတဲ့ဆုလာဒ်တဲ့ “ဒါဆိုသားက နတ်သားပေါ့နော်မေမေ”?
သူ့အမေးကြောင့်မေမေသဘောကျပြီးရယ်နေတတ်သည် မေမေသည်ဒီကမ္ဘာမြေပေါ်ကအကြင်နာတတ်ဆုံးသောမိန်းမသားသာလျှင်ဖြစ်မည် တခါတခါမေမေပြောပြသည့်ပုံပြင်တွေထဲက နတ်သမီးဆိုသည်မှာ မေမေကိုယ်တိုင်များလားဟု သူထင်ယောင်ထင်မှားဖြစ်တတ်သေးသည်။
…………………………
ဒေါ်လေးပြောတာတကယ်ပဲလား? သားမှာရည်းစားရှိနေပြီလား?
မေမေ့အမေးကိုသူခေါင်းညိတ်ပြတော့မေမေချာကနဲလှည့်ထွက်သွားခဲ့သည် … သူကြည့်လိုက်တော့ လှေခါးရင်းနားမှာမေမေထိုင်ပြီးငိုနေလေပြီ.... မေမေသည်ထိုရည်းစားဆိုသူကို သူ့သားအားသူ့ရင်ခွင်ထဲကဆွဲထုတ်သွားမယ့်ရန်သူကြီးတစ်ယောက်လိုမြင်နေလေသည်။ ထို့အတွက်မေမေ့ကိုသူပထမဆုံးငြိုငြင်မိလေသည် မေမေ့ကိုစကားမပြောပဲနေလိုက်မိသည် ဖေဖေအဝေးရောက်နေချိန်မေမေအားငယ်မည်ကိုသူမသိတတ်ခဲ့ အချိန်မှန်အိမ်ပြန်မအိပ်တာတွေသူလုပ်လာသည်
ထမင်းစားပွဲဝိုင်းဘေးတွင်သူ့အပြန်စောင့်ရင်းအိပ်ပျော်နေရှာသည့်မေမေအားမိုးလင်းချိန်တရက်မှာတွေ့လိုက်တော့ သူအကြီးအကျယ်စိတ်ထိခိုက်သွားခဲ့သည် ထမင်းဟင်းအားလုံးအေးစက်ကုန်ပြီ မေမေတောင်ထမင်းမစားရသေး ။ “မေမေ”လို့သူတိုးတိုးလေးခေါ်နိုးလိုက်တော့...
ဟင်..သားလေးနောက်ကျလိုက်တာ ထမင်းဟင်းတွေအေးကုန်ပြီထင်တယ်
မိုးလင်းနေပြီကိုရုတ်တရက်မေမေသတိမထားမိ... မေမေ့ကိုဖက်ပြီးသူငိုမိသည်။ အဲဒီကတည်းကသူအပြင်သိပ်မထွက်ဖြစ်တော့
ထွက်ရင်လည်းစောပြန်ခဲ့သည်ချည်းသာ....။
ဒီကောင်လေးတော်တော်ရိုင်းတာပဲ!!! ….ပတ်ဝန်းကျင်၏သူ့အပေါ်ထင်မြင်ချက်ကိုမေမေဘယ်တုန်းကမှလက်မခံ.. “ငါ့သားကမဟုတ်မခံ အစကတည်းကနင်တို့ဘက်ကမဟုတ်တာမလုပ်နဲ့ပေါ့” သူ့အတွက်အားလုံးကိုမေမေဆန့်ကျင်ခဲ့သည်
တစ်လောကလုံးနဲ့လည်းမေမေဆန့်ကျင်ရဲခဲ့သည်သာ မေမေသည်သူ့အပေါ်နားအလည်တတ်ခဲ့ဆုံးသောမိခင်တစ်ဦးသာဖြစ်ခဲ့သည် မေမေဟာ ပုံပြင်ထဲကအကြင်နာတတ်ဆုံးနှလုံးသားကိုပိုင်ဆိုင်ထားတဲ့နတ်သမီးတစ်ပါးပဲပေါ့ ။
……………………..
ဖုန်းထဲကမေမေ့အသံသည် နည်းနည်းပြောင်းလဲသွားသယောင်ခံစားရသည် အင်းပေါ့လေ… ၉နှစ်တာဆိုတဲ့ကာလ...
မေမေအိုသွားပြီပဲ.... မဟုတ်ပါဘူးလေ ပုံပြင်ထဲကနတ်သမီးဆိုတာဘယ်တုန်းကအိုတတ်လို့လဲ...အမေထာဝရနုပျိုနေမှာပါ
ဟိုတနေ့ကလေ… ဟိုဘက်အိမ်ကသီချင်းဖွင့်တယ်သားရဲ့ အဆိုတော်ကိုမသိပါဘူးကွယ် အသံလေးကတော့ကြည်ပြီးအေးချမ်းလိုက်တာ .. သီချင်းက.. ဘာတဲ့?? မေမေချစ်တဲ့သားကြီးဆိုလား? အဝေးရောက်နေတာလေ.. အဲဒါနဲ့သားကိုလွမ်းပြီးဖုန်းဆက်လိုက်တာပါ သားကျန်းမာရေးဂရုစိုက်နော် အရင်လိုဂျစ်ကန်ကန်မလုပ်နဲ့တော့ သူများတိုင်းပြည်မှာလိမ္မာပါနော်သားလေး” အမေ့အသံတို့ကတုန်ရီနေကြသည်
စိတ်ချပါမေမေရယ် ကျနော်ဟာ မိုးကောင်းကင်က မေမေ့ရဲ့ဆုလာဒ်ပါ....။
………………..
မိခင်များအားလုံးကိုအစဉ်ဂါရဝပြုလျှက်..... သားကြီး
Happy mother’s day

3 comments:

khin oo may said...

အင်း.. အမေနေကောင်းပါစေ
ရွာမပြန်ဘူးလား။


မိုးကောင်းကင်က မေ့မေ့ရဲ့ဆုလဒ်.

မယ့်ကိုး said...

ကျနော်ဟာ မိုးကောင်းကင်က မေမေ့ရဲ့ဆုလာဒ်ပါ....။
လိမ္မာတဲ့  သားကြီးပဲနော်...

Unknown said...

သားကြီးရေ ... ဖတ်လို့ကောင်းလိုက်တာ ... အမေကိုနားလည်တတ်တဲ့ သားတစ်ယောက်ပါလား ....

ကြယ်ပြာ

 
©2009 ♬သားကြီး♪ | by TNB