ကဗျာမပွင့်တဲ့ရင်


“….ကဗျာဆိုတာ... ဘာသာစကားတစ်ခုရဲ့ အဖူးအညွန့်…
….ကဗျာဆိုတာ… နှလုံးသားနဲ့သာနားဆင်နိုင်တဲ့ ရင်ဘတ်ထဲက ဂီတ…
သမိုင်းတစ်လျှောက်မှာ လူတွေဟာ.. ကဗျာကိုရေးခဲ့ကြတယ်..
ကဗျာကို နှလုံးသားရေးရာအတွက် သုံးခဲ့ကြတယ် ၊ ကဗျာဟာ လူငယ်တွေရဲ့ စာရိတ္တအတွက်လည်းဖြစ်ခဲ့တယ်၊
နိုင်ငံနဲ့လူမျိုးအတွက် စိတ်ဓါတ်မြှင့်တင်တဲ့ စာပေတစ်ရပ်လည်းဖြစ်ခဲ့တယ် ကဗျာဟာ အနုနည်းနဲ့တိုက်ပွဲဝင်တဲ့ လက်နက်လည်းဖြစ်တယ် ၊
ကဗျာဟာ လူတွေရဲ့ သမိုင်းကိုဖေါ်ပြတယ် ကဗျာဆိုတာပေါ်ထွန်းလာပြီးမှ လူသားတွေဟာ ပိုမို ယဉ်ကျေးသိမ်မွေ့လာကြတယ်။ ဒီတော့….. ကဗျာရဲ့ အရေးပါအရာရောက်မှုကို ငါတို့လျစ်လျူရှုလို့မရတော့ဘူး....... "

အထက်ပါစကားကို အသံနေ အသံထားနှင့်ပြောဆိုနေသူမှာ ကျနော်တို့၏ဂုရုကြီး “ဖြစ်စဉ်”ပင်ဖြစ်သည်..
ရှင်းပါမည်… သူ့တွင်အမေပေးထားသည့် ကိုယ်ပိုင်နာမည် တစ်ခုတော့ရှိသည် သို့သော် မည်သူမျှထိုနာမည်ကိုမခေါ်ကြ
အားလုံးက “ဖြစ်စဉ်” ဟု တညီတညွတ်တည်းခေါ်ကြသည်
ခေါ်ရတဲ့အကြောင်းအရင်းလည်း ရှိလေသည် ကျနော်တို့အားလုံးထဲမှာ သူသည် အသက်အကြီးဆုံးဖြစ်သည် ထို့သို့အသက်ပိုကြီးတာကို အခွင့်ကောင်းယူ၍ ကျနော်တို့အားအမြဲတမ်းဆုံးမသွန်သင်တတ်သည် ခက်တာက သူမူးနေချိန်လောက်သာ တဖျစ်တောက်တောက်နှင့် ပြောဆိုနေတတ်ပြီး မမူးရင်တော့ ဘာမှမဆိုင်သလို တုံဏှိဘာဝေ..
အဲ..ကျနော်တို့ထဲက တစ်ယောက်ယောက်ရန်ဖြစ်ပြီဆိုရင်တော့ ရန်ဖြစ်တဲ့သူကိုတစ်ယောက်ချင်း သူခေါ်တွေ့လိမ့်မယ်
ပြီးရင် ဓါတ်ပြားဟောင်းကြီး တကျွီကျွီ ဖွင့်တဲ့အသံနဲ့... “ကဲ… ဖြစ်စဉ်ကိုပြော..” ဆိုပြီး ရန်ဖြစ်ရခြင်းအကြောင်းရင်းကို အသေးစိတ်မေးမြန်းလိမ့်မယ် … တဖက်သားပြောတဲ့စကားကိုနားထောင်ပြီးရင်.. “ဒါပေါ့…ဒါပဲပေါ့ .. ဒီလိုပဲဖြစ်ရမှာပေါ့.. မင်းမှန်တယ်..”
ပြီးရင်နောက်တစ်ယောက်အလှည့်ကျရင်လည်း ပြောပြန်ပါမည် ထိုစကားပဲ.. “ဒါပေါ့…ဒါပဲပေါ့ .. ဒီလိုပဲဖြစ်ရမှာပေါ့.. မင်းမှန်တယ်..”နှစ်ယောက်စလုံးကိုအမှန်ချည်းပေးလိမ့်မည်..၊ …ဖြစ်စဉ်ကိုပြော.. ဖြစ်စဉ်ကိုပြော ..ဟု ဆိုပြီး ပြဿနာကိုဖြေရှင်းပေးတာမျိုးမဟုတ်ဘဲ နားထောင်ပြီးရှော်သွားရုံသက်သက်သာ ဖြစ်၍ ကြာသော် သူ့အား “ဖြစ်စဉ်” ဟုနောက်ကွယ်တွင်စတင်ခေါ်ဝေါ်ကြလေသည်... ထို့ထက်ပို၍ကြာသော် သူ့ရှေ့မှာတင် ပြောင်ပြောင်တင်းတင်းခေါ်ကြလေသည် ဤသို့ဖြင့်အမေပေးသည့်နာမည်ရင်းလည်း ပျောက်သွားရတော့သည်
လူတိုင်းမကောင်းကွက်တစ်ခုတော့ရှိသည်ဆိုလျှင် “ဖြစ်စဉ်” ၏ မကောင်းကွက်မှာ အရက်အလွန်သောက်ခြင်းဖြစ်သည်
လူတစ်ယောက်တွင်အနည်းဆုံးကောင်းကွက်တစ်ခုတော့ရှိသည်ဆိုလျှင် “ဖြစ်စဉ်” ၏ကောင်းကွက်မှာ ကဗျာကိုချစ်မြတ်နိုးပြီး ကဗျာစာအုပ်ပေါင်းမြောက်များစွာကို ဝယ်ယူစုဆောင်းတတ်ခြင်းဖြစ်သည် အဲဒါဘာကောင်းလို့လဲဟု မမေးပါနှင့် အများကြီးကောင်းပါသည် onlineမှာ Qခြင်းအမှုကို စွဲစွဲမြဲမြဲဝါသနာပါသည့် တချို့ ဘော်ဘော်တွေအတွက် “ဖြစ်စဉ်”သည် မရှိမဖြစ် “ဖြစ်စဉ်” …
ယုံချင်ယုံ မယုံချင်နေ.. ဖြစ်စဉ်၏ရောသမမွေ ကဗျာကောင်းမှုဖြင့် စွံသွားကြသူတွေ ဒုနဲ့ ဒေး ဟူ၏.. ဟုတ်လည်းဟုတ်လောက်သည် ကျနော်ပင် ဖြစ်စဉ်နှင့်ပိုမိုရင်းနှီးလာပြီးသည့်နောက်ပိုင်း နည်းနည်းစွံချင်နေပြီဖြစ်သည်(မျက်လုံး)
…..မင်းဘဝထဲမှာ ခုထက်ထိအမှတ်ရနေတဲ့ ကဗျာတစ်ပုဒ် ငါ့ကိုရွတ်ပြစမ်း...
ဆိုင်းမဆင့်ဗုံမဆင့်သူ့စကားကြောင့် ကျနော်အနည်းငယ်ကြောင်သွားသည်...
ကဗျာမဖတ်ဘူး ကဗျာကိုစိတ်မဝင်စားဘူးလို့တော့လာမလိမ်နဲ့ အနည်းဆုံးကဗျာတစ်ပုဒ်လောက်တော့ မင်းအလွတ်ရနေရလိမ့်မယ် သေသေချာချာပြန်စဉ်းစား ဥပမာကွာ ပထမဆုံးရည်းစားကိုပေးဖူးတဲ့ကဗျာမျိုး
“ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ”တဲ့ ၊ လူတွေဟာ ငယ်ချစ်နဲ့ပတ်သက်ရင် အမှတ်သညာကြီးတတ်ကြတယ်
အဲဒီထဲမှာမင်းပါတယ်... ဟုတ်တယ်မဟုတ်လားပြော... ကဲ ငယ်ချစ်ကဗျာလေးရွတ်ပြပါဦး ငါက မင်းတို့လူငယ်တွေရဲ့ ရင်ဘတ်ကိုလိုက်နားစွင့်နေတာဟေ့... ငါ့မှာစီမံကိန်းရှိတယ်...
“ငယ်ချစ်ကို ကျနော်ကဗျာမပေးခဲ့ဖူးဘူးဗျ.. အတင်းရည်းစားစကားလိုက်ပြောပြီးအတင်းဖက်နမ်းပစ်လိုက်တာ...”
ဟေ..!!! အဲလိုနဲ့ရည်းစားဖြစ်သွားရောလား?
“မဖြစ်ဘူး… ရပ်ကွက်လူကြီးအိမ်ရောက်သွားတယ်”
သြော်… အဲလိုကိုး..?? ကဲထားပါတော့ ကဲ..နောက်ဒုတိယရည်းစားကရော.?
“ကျနော့မှာဒုတိယရည်းစားရှိမှန်းကိုဖြစ်စဉ်ဘယ်လိုသိလဲ?”
ဒါကတော့ကွာ အပွေးမြင်အပင်သိတဲ့ မင်းရဲ့ နဖူးရေဒူးရေကိုကြည့်ပြီးပြောတာပါ မင်းဒီလောက်ခေမယ့်ကောင်မဟုတ်ပါဘူး
အလဲ့… လူပင်နည်းနည်းမြောက်သွားသည် တယ်ဟုတ်တဲ့ငါပါလား?
နှာဘူးထတာလို့တော့ငါမယူဆဘူးကွ ဒါဟာချစ်တတ်တဲ့နှလုံးသားကြောင့်ပါ

“ဗျာ”
အော်.. မင်းရည်းစားများခဲ့ရင်လည်း ဒါဟာအပြစ်တစ်ခုလို့တော့ငါမမြင်ပါဘူးလို့ ဆိုရိုးစကားရှိတယ်လေကွာ “ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်” အဲ..ဟုတ်ပါဘူး ယောင်လို့.. “ယောကျာင်္းကောင်း မောင်းမတစ်ထောင်တဲ့”
အရည်အချင်းရှိတဲ့ ယောင်္ကျားကို မိန်းကလေးတွေကကြိုက်ကြမှာပဲ မင်းရည်းစားဘယ်လောက်များခဲ့များခဲ့ ဒါဟာဖြစ်ရိုးဖြစ်စဉ်တစ်ခုပါလို့ငါပြောချင်နေတာပါ.. ကဲ ဒုတိယရည်းစားကဗျာလေး ရွတ်ပြပါဦး မေ့ပြီလို့တော့မပြောနဲ့နော် ချစ်တတ်တဲ့နှလုံးသားတွေက မှတ်ညာဏ်ကြီးတယ်..

ဒုတိယရည်းစားကိုလည်းကျနော်ကဗျာမပေးဖူးဘူးဗျ...
ဟင်… ဘယ်လိုဖြစ်ပြန်တာတုန်း?အတင်းလိုက်ပြော အတင်းဖက်နမ်းပြန်ပဲလား? မင်းဆိုတဲ့ကောင်ကလည်းကွာ romanceမဆန်လိုက်တာ..
“မဟုတ်ဘူးဗျ… ကောင်မလေးကမြန်မာစာမဖတ်တတ်ဘူး ကျနော်လည်းအင်္ဂလိပ်လိုမရေးတတ်ပြန်ဘူးကဗျာကို အဲဒါကြောင့်ပါ..”
ဖြစ်စဉ်ကြီးညစ်လာလေပြီ.. ခေါင်းကြီးကို တဗျင်းဗျင်းကုတ်လျှက် “ကဲကွာ လိုရင်းတိုရှင်းပဲ မေးတော့မယ် … မင်းသိတတ်စအရွယ်ကနေ ဒီချိန်ထိ မှတ်မိနေတဲ့ကဗျာလေးတစ်ပုဒ်ရှိရင် ငါ့ကိုရွတ်ပြ ဒါပဲ…”
“ဒုက္ခပါပဲ…. ကဗျာကိုအတင်းလာညှစ်နေတယ်” ကျနော်သည် ကဗျာတွင် ပါရမီနည်းသူဖြစ်သည် စာဘက်တွင်လည်း ပါရမီက မရှိချေ ၊ ထို့ကြောင့် အကြောင်းသိဘော်ဒါအချို့က စေတနာဖြင့် အဆင်းဘီးလေးတပ်ပေးကြ၏ ။ “သားကြီးရေ… မင်းဘလော့က စာငါဖတ်ရတယ်ကွ မထင်ရဘူးနော်မင်းက.. စာရေးဆရာလုပ်စားပါလား?
မင်းလက်နဲ့ဆို ခွက်ဆွဲလားဖြစ်လောက်တယ်.."
ဘာလဲဟခွက်ဆွဲလား?
“သြော်.. မင်းကလည်းကွာ.. ဘက်ဆဲလား(best seller)နဲ့ အတူတူလောက်ပါပဲ အသံထွက်လေးပဲ ကွဲသွားတာပါ…"
သြော်… ဒီလိုလား..? …အလွန်ချစ်ဖို့ကောင်းသည့် ဘော်ဘော်တွေဖြစ်သည်....
....စဉ်းစား...စဉ်းစား ထွက်လာစမ်းကဗျာတွေ...ငါ့ခေါင်းထဲကနေ.!!!!
ဦးနှောက်တွေ ဗြောင်းဆန်အောင်စဉ်းစားလိုက်မှ မှတ်မှတ်ရရ ရှိနေသည့်ကဗျာတစ်ပုဒ်သည် အာရုံထဲ၌ကွက်ကွက်ကွင်းကွင်းပေါ်လာလေတော့သည်
“မှတ်မိပြီဗျို့” ကျနော်ကအားရဝမ်းသာအော်လိုက်ရာ ဖြစ်စဉ်လည်း “ဖျစ်ခနဲ“ လက်ခေါက်တီးပြီး... ဖြစ်ရမယ်လေ ငါပြောတယ်မဟုတ်လား မင်းတို့ရင်ထဲမှာ အနှစ်နှစ်အလလ အောင်းနေတဲ့ ကဗျာဆိုတာတွေရှိတယ် ငါအဲဒါကိုသိချင်နေတာ
မင်းကိုပွင့်ပွင့်လင်းလင်းပြောမယ် “လူငယ်နှင့် သူတို့ရင်ဘတ်များ”ဆိုပြီးတော့ ကဗျာစာအုပ်လေး ငါထုတ်ချင်လို့ကွ သိပြီလား?
ကဲနားဆင်ပါရစေဦး...

ကျနော်လည်း စိတ်ထဲမှတ်မှတ်ထင်ထင်ရှိနေသည့်ကဗျာတစ်ပုဒ်အား အသံနေအသံထားဖြင့် အောက်ပါအတိုင်းရွတ်ပြလိုက်လေတော့သည်........
“…. ထမင်းရယ်ဆာ… ဟာလှပေါ့လေး…
…. ရွာလယ်ကချီးပုံကြီး... ဆားခတ်လို့မြည်း...”
။ ။
“ဟေ”… ဖြစ်စဉ်ကြီးလည်းအာမေဋိတ်သံရှည်ကြီးဆွဲလျှက်နောက်သို့ နှစ်လံမျှလန်ထွက်သွားလေတော့သည် နင့်ကြီးတော်ထဲမှပဲ ငါက အကောင်းမှတ်နေတာ.. .. (ဆက်ရန်).....။

5 comments:

မယ့်ကိုး said...

ဆက်ရန်ဆိုတော့ ဇာတ်လမ်းရှည်ရေးနေတာလား။ နောက်လည်း လာဖတ်ပါဦးမယ်။

Unknown said...

အရေးအသားလေးညက်ညောတယ် ... ဖတ်လို့ကောင်းတယ် .. ဆက်ရေးဦးနော် ... အားပေးနေတယ် ...

ကြယ်ပြာ

Anonymous said...

ကိုသားကြီးက သိပ်ဆိုးတာဘဲ၊ဖတ်တဲ့လူကို မျှော်နေရအောင်လုပ်ထားတယ်၊:P အရေးသားတွေ ကောင်းတယ်ဗျာ
အဆင်ပြေပျော်ရွှင်ပါစေဗျာ

khin oo may said...

နောက်လည်းရေးတယ်။ေ ရှ့လည်းရေးမယ် စိတ်ချနေပါ မယ်ကိုး။ မဖတ်နိုင်မှာသာ ပူမိပါတယ။်

သားကြီး said...

kom ကတော်တော်နောက်တယ်ကွာ :P

 
©2009 ♬သားကြီး♪ | by TNB