ထားခဲ့ဖူးသောရည်းစားများ(tag)


၁. လဲ့လဲ့ဝင်း
အဲဒီတုန်းကသူမရယ် ကျနော်ရယ် နောက်ပြီး နှလုံးသားအသစ်ကိုယ်စီရယ်ပေါ့
အမုန်းဆိုတာကိုမရဖူးကြသေးဘူး
ဒဏ်ရာအနာတရလည်းမဖြစ်ဖူးကြသေးဘူး
နေ့ရက်တိုင်းဟာ သိပ်သစ်လွင်နေခဲ့တယ်။
“လဲ့လဲ့ဝင်းကိုကျနော်ချစ်တယ်”
အဲဒီစာကိုရေးပြီး ပေးသင့်မပေးသင့်ကျနော့်စိတ်တွေက ချီတုံချတုံ… ဘာဆက်ရေးရမှန်းလည်းမသိ..
ကျနော့ရဲ့ဖြစ်အင်ကိုကြည့်ပြီးစိတ်မရှည်နိုင်တော့တဲ့သူငယ်ချင်းက..“ပေးစမ်းကွာ မင်းစာ…ဒီလောက်တောင်ဖြစ်နေတဲ့ဟာ.. ငါအခုချက်ခြင်းသွားပေးမယ်”
ကျနော်တားလည်းမမှီတော့ဘူး သူငယ်ချင်းကစာကိုယူပြီးလှစ်ကနဲပျောက်သွားပြီ
အဲလိုနဲ့ပဲကျနော့စာကောင်မလေးဆီရောက်
အဲလိုနဲ့ပဲကောင်မလေးမေတ္တာကျနော့ဆီရောက်..
….ငယ်ကချစ်အနှစ်တရာ မမေ့သာ…
….ငယ်ကပေါင်းအနှစ်တသောင်း မမေ့ကောင်း..
တဲ့
အဲဒီစကားသာမှန်ခဲ့ရင် သူမဟာ ကျနော့ရင်ထဲမှာ ခုထိရှိနေပါဦးမယ်
ကျနော်ကိုယ်တိုင်အမှုမဲ့ အမှတ်မဲ့ဖြစ်နေသည့်တိုင်ပေါ့
နောက်ဆုံး…နောက်ဆုံး... ဘဝတွေကခြားသွားပြီဆိုသည့်တိုင်ပေါ့...။
………………………

သင်းသင်းဋ္ဌေး
မင်းတို့အဒေါ်ဆီမှာ မနေ့ကမှစက်ချုပ်လာသင်တဲ့ကောင်မလေးက ရေရေလည်လည်မိုက်တယ်ကွာ.. မင်းမတွေ့သေးဘူးဟုတ်.? အသားလေးကဥနေတာပဲ... ဟဲဟဲ..ညနေကျရင်မင်းတို့အဒေါ်ဆီသွားလည်ရအောင်ကွာ...မင်းမျက်နှာနဲ့လေ.. ငါ့ကိုပြောပေးနော်... ဟီးဟီး
မစားရဝခမန်းပြောနေတဲ့သူငယ်ချင်းကို ကျနော်သနားနေမိတယ်။
လိုက်ပါဘိသူငယ်ချင်းရယ်...ငါကဗြမ္မာပြည်ကလာတဲ့ကောင်မှမဟုတ်တာ ကိလေသာကုန်ခမ်းနေတဲ့ အရိယာသူတော်စင်မှမဟုတ်ဘဲ.... လှတာမြင်ရင်ငါလည်းချစ်ချင်တာပဲပေါ့ ညနေကျရင်ငါသွားကြည့်လိုက်မယ် ငါ့မျက်လုံးထဲမှာလှတယ်ထင်ရင်တော့ မင်းအသဲကွဲဖို့သာပြင်
ညနေကျတော့အဒေါ့်အိမ်ကိုကျနော်ရောက်သွားတယ် love at first sightဆိုတဲ့စကားဟာဒီနေရာမှာမှန်ကြောင်းကျနော်သိလိုက်တယ်။ ကောင်မလေးသိပ်လှနိုင်လွန်းတယ် မြင်မြင်ချင်းပဲ စွဲသွားတယ်
အဲဒီနေ့ကစပြီးအဒေါ်အိမ်ကိုအကြောင်းမရှိအကြောင်းရှာပြီး ကျနော်နေ့တိုင်းသွားနေတော့တယ် တဖြေးဖြေးနဲ့လူပြောစရာဖြစ်လာပေမယ့် ကျနော် .. ရှက်လဲမရှက်နိုင်တော့ပါဘူး ယောင်္ကျားတို့ဖွံသေခါမှလျှော့၏ထုံးနှလုံးမူထားတယ်လေ..။
တစ်လကျော်ကျော်အကြာမှာကောင်မလေးရဲ့ တုံ့ပြန်မေတ္တာကိုကျနော်ရခဲ့တယ်...
ပါးစပ်ကနေချစ်နေရုံနဲ့မပြီးဘူးကွ... ကောင်မလေးကို ချိန်းတွေ့ ဖက်နမ်းပစ်
အတွေ့အကြုံများတဲ့သူငယ်ချင်းကအဲလိုအားပေးအားမြှောက်လုပ်တော့ ကောင်မလေးကိုနှစ်ယောက်ချင်းတွေ့ချင်တယ်လို့ချိန်းမိတယ်။
ညကျတော့ကောင်မလေးဆင်းမလာခဲ့ပါဘူး ကြောက်လို့တဲ့လေ...:P
နောက်တစ်ရက်မိုးလင်းတော့ကျနော်စာတစ်စောင်ရေးပြီးပေးလိုက်တယ် “ညကတစ်ညလုံးမိုးလင်းပေါက်ထိုင်စောင့်ခဲ့ကြောင်း ခြင်တွေကလည်းကိုက်ကြောင်း မှောင်ကလည်းမှောင်၊ချမ်းကလည်းချမ်း၊ ခွေးကလည်းအူ(ဆိုင်သလားမသိ)နဲ့တစ်ယောက်တည်း အသည်းငယ်ရကြောင်း ၊ နောက်ဆုံးဆင်းမလာတော့ဘူးဆိုတာသေချာတော့မှဝမ်းနည်းပက်လက်လှည့်ပြန်ခဲ့ရကြောင်း လမ်းတွင်မှောင်နေသဖြင့်ခလုတ်လည်းတိုက်သေးကြောင်း” အကုန်လျှောက်ရေးတယ်။ အဲဒါနဲ့ကောင်မလေးကျနော့ကိုသနားသွားတယ် နောက်ညထပ်ချိန်းတော့ အိမ်သားတွေအအိပ်မှာကောင်မလေးတိတ်တဆိတ်ဆင်းလာခဲ့တယ်.....
အဲဒီည…… အဲဒီညလေ….
ခြင်မကိုက်တဲ့ည မမှောင်တဲ့ည မချမ်းတဲ့ည ခွေးတွေမအူတဲ့ည ခလုတ်လည်းမတိုက်တဲ့ညပေါ့ ။
လောကကြီးဟာအတိုင်းထက်အလွန်ကိုသာယာနေခဲ့တာပေါ့...
ကောင်မလေးနဲ့ကျနော်သုံးနှစ်ကျော်ကျော်ချစ်ခဲ့ကြတယ် မမျှော်လင့်တဲ့ဘဝအချိုးအကွေ့လေးတစ်ခုမှာကျနော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေချုပ်ငြိမ်းခဲ့ရတယ်။
………………
သူဇာ
ကိုးကွယ်တဲ့ဆရာတော်ရဲ့ကျောင်းကထိန်အလှူတစ်ခုမှာကျနော်သွားဝိုင်းလုပ်တုန်းကပေါ့ အလှူဒါယကာတွေနဲ့ပါလာတဲ့ကောင်မလေးကိုကျနော်သတိထားမိတယ် အသားညိုညိုလေးနဲ့ ရယ်ရင်သွားတက်ကလေးနဲ့ စကားပြောရင်အသံစာစာလေးနဲ့ ချစ်ဖို့ကောင်းတဲ့အထဲမှာပါတယ် ဝိုင်းလုပ်စရာတွေပြီးတော့ကျနော်တို့လူငယ်တွေကျောင်းဝင်းအပြင်မှာထိုင်ပြီးစကားပြောကြတယ် … ကောင်မလေးလည်းပါတယ် ညနည်နည်းနက်လာတော့အားလုံးပင်ပန်းပြီးပြန်အိပ်သွားပြီ အစောကြီးလည်းထရဦးမှာကို
ကောင်မလေးရယ် ကျနော်ရယ်ပဲကျန်ခဲ့တယ် ကျနော်လည်းဒီနေ့ပင်ပန်းလို့အိပ်ချင်နေပြီဖြစ်တဲ့အကြောင်းပြောတော့ ကောင်မလေးက “နေပါဦးအစ်ကိုရယ်တဲ့ အစ်ကိုနဲ့စကားပြောနေရရင်ပျော်တယ် အိပ်ပါနဲ့ဦး”တဲ့ အဲဒါနဲ့ဆက်နေလိုက်ရတယ်
၁နာရီလောက်ကျတော့လူကမနိုင်တော့ဘူး အရမ်းအိပ်ချင်လာတယ် ပြန်အိပ်တော့မယ်ကွာဆိုတော့ကောင်မလေးကနေပါဦးလားပဲ အဲဒါနဲ့ကျနော်လည်းစိတ်အချဉ်ပေါက်ပေါက်နဲ့ ဒီလောက်တောင်ဖြစ်လှတာဆိုပြီးရည်းစားစကားပြောပစ်ပလိုက်တယ် ကျနော်စိတ်ကူးထားတာကတမျိုးပါ ကျနော်ရည်းစားစကားပြောရင်ကောင်မလေးစိတ်ဆိုးပြီးထွက်သွားမယ်ပေါ့ ဒါပေမယ့်ကျနော်မှားပါတယ် ကောင်မလေးကစိတ်မဆိုးတဲ့အပြင် ကျနော့်ကိုလည်းမြင်မြင်ချင်းချစ်နေပါတဲ့အကြောင်း တန်းပြောတယ်…
အဲ…အဲ…. ကျနော်လည်းအိပ်မှုံစုန်မွှားနဲ့ ကောင်မလေးကိုနမ်းလိုက်မိလား...?ဘာလုပ်လိုက်မိလဲ..?မမှတ်မိတော့ဘူး....
ရယ်စရာတော့ကောင်းတယ် အဲဒီညပြီးတော့နောက်တစ်ရက်လင်းတော့အလှူကိစ္စဝိုင်းလုပ်ပြီးကိုယ့်အိမ်ကိုယ်ပြန်ကြတယ် အဲဒီကတည်းကစပြီးကောင်မလေးကိုထပ်မတွေ့ရတော့ဘူး ရှာဖို့လည်းကျနော်မကြိုးစားမိဘူး
ကောင်မလေးကိုတစ်ကယ်ချစ်မိသွားလား ကျနော်ကိုယ်တိုင်လည်းခုထိမသေချာသေးပါဘူး..။
…………………………..
မိုးမိုး
ဒီတခါကျနော်လူကြမ်းမင်းသားလုပ်တဲ့အလှည့်ပါ ကျနော့်ရဲ့“မမိုး”က ကျနော့ထက်၂နှစ်ကြီးပါတယ်
ချစ်မေတ္တာကိုအသနားခံတောင်းရတဲ့အလုပ်ကိုကျနော်ပျင်းသွားလို့ပဲလားမသိဘူး... “ချစ်ပါရစေ…ကြိုက်ပါရစေ”ဆိုပြီးကျနော်မပြောတော့ပါ...
ကျနော့ကိုအသာတစ်ကြည်ပြန်ချစ်ပါ ဒီလိုမှမဟုတ်ရင်တော့ မ တို့တစ်ရွာလုံးကိုမီးရှို့ပစ်ရပါလိမ့်မယ်”ဆိုတဲ့ ဓါးပြဗိုလ်ကြီးရဲ့အသံမျိုးနဲ့ပါ
အဲဒါကြောင့်ပဲ မ ကျနော့်ကိုချစ်တယ်လို့မပြောခဲ့ပါ ကျနော့်ရဲ့ ဂျစ်ကန်ကန် ပေစောင်းစောင်းစရိုက်တွေဟာ မ နဲ့မအပ်စပ်ခဲ့ဘူးလေ။ ကျနော့်ရဲ့ ပြောချင်တာဇွတ်ပြောပြီး လိုချင်တာဇွတ်ယူတတ်တဲ့ဥာည်ကြောင့်တခါတခါ မ ကိုသနားနေမိတယ်.......
ဒါပေမယ့် မ ကျနော့်ကိုချစ်နေပါတယ်ဆိုတာ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းကပြောပြတော့မှကျနော်သိခဲ့ရတယ်...
ကောင်လေးကဆိုးတယ် ဒါပေမယ့်ချစ်ဖို့ကောင်းတယ်တဲ့...
ဒါပေမယ့်… ဒါပေမယ့်ပေါ့လေ… အားလုံးပြီးသွားခဲ့ပြီလေ..။
……………………….
နော်အဲ
ထားဖူးသမျှရည်းစားထဲမှာအရှက်အကြောက်အကြီးဆုံး ဣနြေ္ဒအရှိဆုံး မိန်းကလေးပါ တခါတခါသူမရဲ့တည်ကြည်လွန်းတဲ့အနေအထိုင်ကြောင့် ချစ်ရတဲ့ကျနော့်မှာအောင့်သက်သက်..
ဖက်နမ်းမိရင်ငရဲပဲကြီးတော့မလိုလို...။ ဘုရားရှိခိုးရင်လည်းအရမ်းကြာတယ် ရှိသမျှဘုရားစာအကုန်ရွတ်ပြီး ရှိသမျှဆုကိုအကုန်တောင်းလားမသိ အပေါင်းအသင်းတွေကြားမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးလေးလိုဖြစ်နေတယ် “တောင်းတဲ့ဆုတွေထဲမှာ ကိုယ်နဲ့သေတပန်သက်တဆုံးပေါင်းရပါစေဆိုတဲ့ဆုမပါဘူးလား”လို့မေးကြည့်တော့ “ဟိဟိ အဲဒါတော့ဆုမတောင်းမိဘူး ဘုရားကြိုက်မှာမဟုတ်ဘူးထင်တယ်”တဲ့
ကိုယ့်ကိုဘယ်လောက်ချစ်လဲမေးရင်လည်း မသိဘူးတဲ့
ချစ်လားဆိုရင်တော့ ချစ်ပါတယ်တဲ့
ပတ်ဝန်းကျင်ကတော့ သူလိုမိန်းကလေးမျိုးကိုရအောင်လိုက်နိုင်လို့ကျနော့်ကိုသြချနေကြတယ်
ကျနော်လေ… ကိုယ့်ကိုကိုယ်လည်းကံကောင်းတယ်လို့ထင်ခဲ့တယ် ဒါနောက်ဆုံးအချစ်ပဲလို့လည်းထင်ခဲ့တယ်
အများကြီးလည်းမျှော်လင့်ခဲ့တယ်.... ဒါပေမယ့်…. ဒါပေမယ့်ပေါ့ဗျာ..... ကံကြမ္မာကိုကြိုမမြင်ခဲ့ဘူးလေ....။ ။
(နာမည်တူနေရင်ခွင့်လွတ်စေချင်တယ် အားလုံးနာမည်အမှန်တွေပဲဖြစ်တယ် သူတို့ပြန်ဖတ်မိမှာကိုကျနော်မစိုးရိမ်ပါ.... ပြီးခဲ့တာတွေလဲပြီးခဲ့ပြီလေ..)
broကြီး ree noe mannရေ..ကျေနပ်နိုင်ပါစေ... :)

15 comments:

khin oo may said...

in hand အကြောင်းသိချင်လို့

သားကြီး said...

ဘာလဲဗျ in hand???
ကျနော်မသိဘူးခင်ဗျ :(

Anonymous said...

အမလေးးးး
အသက်ဘယ်လောက်ရှိပြီလဲဟင်
ရီးစားတွေ 5ယောက်တောင်ပိုင်ပြီးပြီဆိုတော့
လင့်ခ်ထားတယ်နော်

Ree Noe Mann said...

လက်ရှိ အကြောင်းကိုပြောတာ။ ခုလက်ထဲမှာ ဘယ်သူရှိလဲ။

တော်လိုက်တဲ့ သားကြီး

ငါ့နဲ့များ တခြားစီ။

ကျေဇူး သားကြီးရေ

ကိုရီနို

တလနွန် said...

များလိုက်တာဗျာ....အားကျပါရဲ့ ...သို့ သော် မလွယ်
နောက်ဆုံးတစ်ယောက်ရော အခုထိတွဲနေတုန်းပဲလား
အသစ်ထပ်တွေ့ ရင် ပြောပြအုံး
စတာနော် စိတ်မဆိုးကြေး

ခင်မင်ခြင်းနှင့်
တလနွန်

:P said...

ခုကော.. ဘယ်သူနဲ့လဲ...။

မီးမီးချစ် said...

အလှူအိမ်က ကောင်မလေး ကို လိပ်စာလေး ဖုန်းနံပတ်လေးတောင် မတောင်းထားဘူးလား..ဒါတော့ လွန်တာပေါ့

မယ့်ကိုး said...

ဖတ်လို့ ကောင်းတယ်။ ကျွန်မလည်း လင့်ခ်ထားမယ်နော်...ထိုင်ရေးရေး ထ ရေးရေး ဘာပဲရေးရေး သိရအောင်လို့ ...

မလိခ said...

ဖတ်လို့ကောင်းပါ၏.. တို့လဲလင့်ပြီနော်... သူများတွေလို in hand ကရောဘယ်သူလဲဆိုတာ သိချင်ပါ၏

ကောင်းကင်ပြာ said...

ရေးမဲ့ရေးတော့လဲ ကို့ဆရာ မနည်းဘူးပဲ ကောင်းတယ်၊

mgnge said...

စွံလှချည်လား...................

Anonymous said...

သယ်ရင်း တော်တော် စွံတာဘဲကွာ မင်း လို အတုခိုးပြီးရေးရင်ကောင်းမလား မသိဘူး ငါလည်း ရေးရဦးမယ်
အဆင်ပြေပါစေကွာ

ဝက်ဝံလေး said...

ဗျိုးးးးးး မွေးစားဖေဖေ ရေ စွံလှချဉ်လား ဝေးးးးး မီးကျတော့ အဲလိုလဲ ရှာပေးဘူး အဟင့် နိုချင်တယ် ဗြဲဟဲဟဲ

မေလေး said...

နာ့အကို စွံမှန်း ခုမှသိတယ်။
သူများတွေလို in hand ကရောဘယ်သူလဲဆိုတာ သိချင်ပါ၏

အမြဲတမ်းခင်နေမဲ့
မေလေး

Witt Hmone said...

စွံလိုက်တာနော်.....ဟီဟိ.... :P

 
©2009 ♬သားကြီး♪ | by TNB